Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Thursday, October 18, 2012

ဖဦးထုပ် နှင့် ရွှေဖိနပ်များ


 ဖဦးထုပ် နှင့် ရွှေဖိနပ်များ    

         
                သူ့နာမည်ရင်းက နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ နာမည်။ ဒါပေမဲ့ အင်ဒိုနီးရှားက ဒီ အထည် ချုပ်စက်ရုံမှာ လုပ် သူတိုင်း အင်ဒိုတွေခေါ်ရလွယ်တဲ့ နာမည်တစ်ခုခုမပေးမဖြစ်မို့ သူက twilight ဇာတ်ကားကမင်းသားကို သဘောကျလို့ထင်ရဲ့။ သူ့ကိုယ်သူ ရောဘတ် တဲ့။ ဒါပေမဲ့် သူ့ကိုချိုတို့ အားလုံးက ထောပတ်လို့ပဲ ခေါ်ကြတယ်။ ချို့နဲ့ဘိုဘိုထွန်းဆို နာမည်ပေးဖို့ကို သူ့လို ထွေလီကာလီ မစဉ်းစားပဲ အင်ဒိုတွေ ခေါ်လို့လွယ်မယ့်ဟာပဲပေးလိုက်တာ။ ချိုချိုနဲ့ဘိုဘိုလို့ပဲလေ။ နောက်ထပ် ချို့သူငယ်ချင်း ရွှေစင်ကတော့ ရောဘတ် လို အင်္ဂလိပ်နာမည်နဲ့..  ကက်သရင်းဆိုတော့ သူ့ကိုလည်း ကြက်သဟင်း လို့ပဲ စနောက်ပြီး ခေါ်ကြတယ်။ ကြက်သဟင်းဆိုတာ တချို့ နယ်ဘက်တွေမှာ “ဒန့်သလွန်ရွက်”ကို ခေါ်တာပါ။ ချို့တို့အချင်းချင်း စနောက်ခေါ်တဲ့ အဲ့ဒီနာမည်ပြောင်တွေကို တခြားသူတွေပါ လိုက်ခေါ် ကြ ပေမယ့် သူတို့က စိတ်ဆိုးပုံမရပါဘူး။ ချိုတို့တွေက ဒီရောက်မှ  စသိကြပေမယ့် ငယ်ပေါင်း ကြီးဖော် မောင်နှမတွေလို ခင်ကြတာပါ။
                 ချိုနဲ့ ကြက်သဟင်းက မိန်းမဖော်ချင်းမို့ တစ်တွဲတွဲ ပေမယ့် ထောပတ်နဲ့ဘိုဘိုကတော့ type သိပ်မတူကြတဲ့ မတည့် အတူ နေတွေပါ။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ ချစ်စရာတစ်ကွက်က လူတိုင်းကို လှိုက်လှိုက်လှဲလှဲ ကူညီတတ်တာ ပါပဲ။ စက်ရုံ ကို ချိုကအရင်ဆုံးရောက်ပြီး ဖစ်လပင်း(ဖ်ီလစ်ပိုင်သူ) တစ်ယောက်နဲ့အတူ တစ်ခန်းထဲ နေရတယ်။ အတူနေတယ်ဆို တာ အိပ်ခန်း တစ်ခန်းစီနဲ့  မီးဖိုခန်း၊ ဧည့်ခန်းနဲ့ ရေချိုးအိမ်သာတို့ကိုသာ အတူတူတွဲသုံးကြရတာပါ။ ဒီလိုပဲ နောက်ရောက် လာတဲ့ ကြက်သဟင်းလည်း ဘိုဘို တို့ ဌာနးက ဖစ်လပင်းမတစ်ယောက်နဲ့ တစ်ခန်းတည်း အတူနေရတယ်။   ကျန်တဲ့ ရာထူး ကြီး မြန်မာနဲ့ ဖစ်လပင်းတွေအပြင် ယောကျာ်းလေးတွေ အားလုံးကတော့ တစ်ယောက်တစ်ခန်းစီ သီးသန့်နေခွင့်ရကြပါတယ်။
ထောပတ်နဲ့ဘိုဘိုက တစ်ခန်းစီဆိုပေမယ့်  အဖော်မရှိရင်မနေတတ်တဲ့ ဘိုဘိုတစ်ယောက်  ရုံးဆင်းတာနဲ့တန်းပြီး ထောပတ် အခန်း ကို ရောက်သွားတော့ တာပဲ။              
                     “ဘာကောင်လည်းမသိဘူးကွာ၊ ပြန်လည်းမပြန်။ အတူတူအိပ်ဆိုလည်း မအိပ်ပဲ  ဘေးနား ငုတ်တုတ်ကြီး ထိုင်ပြီး  ငါ စာဖတ်နေ တာကို စကားတွေ လာလာများနေတာ ။ ကြာရင် ဒီကောင်ကို ငါ ဆွဲထိုးမိ တော့မှာပဲ။“
            “နင်ကလည်းဟယ်၊ သည်းခံလိုက်ပါ။ နင်မရောက်ခင်ကဆို သူ့မှာပေါင်းစရာ ရွယ်တုယောက်ျားလေး ရှိတာမှမဟုတ်တာ´
                 “ငါကလည်း ခင်ပါတယ်။ ဒါပေမဲ့ ဒီကောင့်အကျင့်က အလုပ်ကပြန်လာတာနဲ့ ငါ့အခန်းထဲလာပြီး သူ့ဝန်ထမ်းတွေ  အကြောင်း လာလာပြောတာ။ တစ်ပတ် ခြောက် ရက် မကဘူး။ တစ်ရက်တစ်လေဆို တော်သေးတယ်။ ခုတော့ တစ်နေ့တစ်နေ့  ဒီ ဓာတ်ပြား ဟောင်းကြီးပဲလာလာဖွင့်နေ ရင်  ကြာရင် ငါ တော့မလွယ်ဘူး။ တစ်ခုခု ဆုံးဖြတ်မှ ဖြစ်တော့မယ် ”
          ဒီလိုပြောပြီး မကြာခင် တနင်္ဂနွေတစ်မနက်မှာ ချို့အခန်းရှေ့လာအော်နေတဲ့အသံကြောင့် ရုတ်တရက် လန့်နိုးသွားခဲ့ပါတယ်။
               “ဒေါက်..ဒေါက်၊ ဟဲ့..အခန်းတစ်က အကျဉ်းသား။ မထသေးဘူးလား။ ဒီမှာထောင်ဝင်စာ လာတွေ့တယ်။ ထတော့ “
               ချိုတို့ အဆောင်က စက်ရုံဝန်းကြီးထဲမှာမို့ ရှားရှားပါးပါးရတဲ့ တနင်္ဂနွေပိတ်ရက်ကလေးတောင် အပြင်မသွားဖြစ်ကြပဲ အနီးနား ဈေး လောက်ပဲ သွားပြီး ချက်ပြုတ်ကြ၊ တစ်ပတ်စာရုံးဝတ်စုံတွေ လျှော်ဖွတ်မီးပူတိုက်ပြီး အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ အချိန်ကုန် တတ်တာမို့ ထောပတ်က ထောင်ကျနေသလိုပဲလို့ ခဏခဏ ပြောတတ်တာပါ။ အခုလည်း တံခါးဖွင့်ကြည့်တော့ ငပိကြော်တစ်ပန်းကန်နဲ့ ထောပတ်..။
              “ဘာအော်နေတာလဲ။ သူများအိပ်ကောင်းတုန်း။ နင့်အသံပြဲကြီးနဲ့ ငါ့အခန်းဖော်ပါ နိုးတော့မှာပဲ။ နင်အားမနာတတ်တဲ့ကောင်´
          “အောင်မလေး သူ့တို့အလှည့်ကျ သိပ်ကြီးကျယ်တာဘဲ၊ ဒီမှာ.. ငါမနေ့ညက  ဟိုကောင့် အခန်း ပြောင်းနေပြီ။ သိလား။ အဲ့ဒါ ငါ့ငပိကြော်ထုပ်တွေ ဖောက်လို့လာပေးတာ။“
             သူ့စကားကြားတော့ အမှားအမှန်မဆုံးဖြတ်ဖြစ်ပဲ ရုတ်တရက် ချို အံ့သြမင်သက်မိတာအမှန်ပါပဲ။ တစ်ခန်းစီရှိလျက်နဲ့၊ အခန်း ပေါင်းနေတာက အမြဲတန်းမကောင်းနိုင်ဘူးဆိုတာ သူ့သိအောင် ဘယ်လို ပြောရပါ့မလဲ။ ပြီးတော့ အခန့်မသင့်လို့ တစ်ခုခု ပြဿနာ ဖြစ်ရင် ဖစ်လပင်းတွေကြားမှာ မြန်မာတွေ အချင်းချင်းမတည့်ဘူးလို့ ချို တို့အားလုံး အရှက်ကွဲမယ်ဆိုတဲ့ စိုးရိမ်စိတ်လည်း ချက်ချင်ဲး ဖြစ် သွားပါ တယ်။ ဒါပေမဲ့ တကယ်တန်းက ချိုထင်သလို မဖြစ်ပါဘူး။ ဖစ်လပင်းတွေမှာသာ  ခရစ်ဆိုတဲ့မိန်းမက အွန်လိုင်းကနေ နောက် ရည်းစား ထားလို့ သူ့ အချစ်တော်ယောက်ျားလျာ ဖစ်လပင်းမ နဲ့ပြဿနာဖြစ်ပြီး အော်ကြီးဟစ်ကျယ် ရန်ဖြစ်သတ်ပုတ်ကြတာတွေ ရှိဖူးပေမယ့် ချိုတို့တွေကြားမှာတော့ စကားရည်လု နောက်ပြောင်၊ ခဏတဖြုတ် စိတ်ကောက်တာ ကလွဲလို့ တခြားပြဿနာ အကြီးအမား မရှိပါဘူး။
                                                                    +++
တနင်္ဂနွေရုံးပိတ်ရက် ဆိုရင်တော့ ရုံးကကားနဲ့ ဒရိုင်ဘာ ခေါ်ပြီး တစ်ပတ်စာအတွက် ၀ယ်ခြမ်းဖို့ အဆောင်နဲ့ မနီးမဝေး ဈေးကို ချို တို့ သွားလေ့ရှိကြတယ်။  အဲ့ဒီဈေးကအဆောင်ကနေ လမ်းလျှောက်သွားဖို့ အဆင်မပြေတော့ ရုံးကားနဲ့ ဒရိုင်ဘာကို အကူအညီ တောင်း ရတာပါ။ ဈေးအသွားအပြန်နဲ့ ဈေးဝယ်တုန်း စောင့်ရချိန်တွေအတွက် ဒရိုင်ဘာကို မြန်မာငွေ ၃၅၀၀၊ ၄၀၀၀ လောက် ပေးလေ့ရှိ ပါတယ်။ အင်ဒိုနီးရှားရူပီနဲ့ဆို သုံးသောင်းခွဲလောက်ပေါ့ ။ ချိုတို့ သူငယ်ချင်း လေးယောက် တည်း ဈေးသွားတဲ့အခါ တစ်ယောက်ကို တစ်သောင်း ပေး၊ ငါးထောင်ပေး စုပေးလို့ရပေမယ့် ချိုတို့က `ဖဦးထုပ်´လို့ ခေါ်တဲ့ ဖစ်လပင်းတွေပါ အတူလိုက်တဲ့ အခါမျိုးဆိုရင်တော့ ချိုတို့ စိတ် အနှောင့်အယှက် ဖြစ်ကြရတယ်။ ဒရိုင်ဘာကို ဖုန်းနဲ့လှမ်းခေါ်တာက ချိုတို့ဖြစ်ပြီး ဈေးမှာအချိန်ဆွဲပြီး ၀ယ်တာက သူတို့ ဖဦးထုပ် အုပ်စု ဖြစ်နေလို့ပါ။ ဈေးကို ကားကြုံလိုက်ချင်တာအပြစ် မပြောပေမယ့် အများနဲ့သွားရာမှာတောင် ကိုယ့်ကားနဲ့ စိတ်ကြိုက်သွား သလို အရမ်း အချိန်ယူ တတ်တဲ့ သူတို့တွေကို အားနာ စိတ်နဲ့ အမြဲနား လည်ပေးခဲ့ ပေမယ့် သူတို့ပါရင် အိမ်က ထွက်ကတည်းက အဲ့ဒီနေ့ နောက်ကျ နေတတ်ပြီ ။ မနက် ရှစ်နာရီလောက် ဈေးသွား ဖို့ချိန်းပေမယ့် သူတို့ကို စောင့်နေရတာနဲ့ပဲ  ရှစ်နာရီခွဲ ကိုးနာရီ် ဈေးသိမ်း ချိန်လောက်မှ  ထွက်ဖြစ် ကြရတာပါ။ ကပ်စီးနဲတဲ့နေရာမှာ ပြိုင်စံရှားတဲ့သူတို့တွေက ဈေးသိမ်းချိန်မှာ အသီးအရွက် အကျန်တွေကို ဈေးပေါပေါနဲ့ သိမ်း ကျုံးဝယ်ရတာကို သဘောကျ လို့ထင်ပါရဲ့။ နီးနီးနားနားခရီးတိုလေးမို့ မြို့ထဲလောက်လည်း ပိုက်ဆံမပေးနိုင်တာမို့ ဒရိုင်ဘာကိုမျက်နှာပူပူနဲ့ ကားခပေးကြစို့ ဆိုရင် ထောပတ်နဲ့ဘိုဘိုတို့ကသာ လက်လွယ်ကြစမြဲပါ။ သူတို့ကတော့မဆိုင်သလိုနဲ့ တကယ် မသိကျိုးကျွံ နေမြဲပေါ့။
                      တစ်ပတ်စာလောက် ဈေးဝယ် ကြတာခြင်းအတူတူ၊ လိုအပ်တာဝယ်ပြီး မနက်စာ (breakfast) ပါ ဈေးထဲက ဆိုင်မှာ စားပြီးတောင် သူတို့ ဖဦးထုပ်တွေကို ကားထဲမှာ ထပ်စောင့်ရတာလည်း  ချိုတို့အုပ်စုပဲ ။ အဆောင်ရောက်လို့ ဒရိုင်ဘာကို ကားခ ပေးတိုင်း တစ်ယောက်နည်းနည်းစီ လိုက်ကောက် ရလောက်အောင်လည်း မများလှတာမို့ အလိုက်သတိ နားလည်စွာ ထည့်ဝင်မှု မရှိတတ် တဲ့ သူတို့လူမျိုးတွေအပါ် ချိုတို့ကလည်းသိပ် တွက်ကပ်မနေချင်ပါဘူး။ ဒါပေမယ့် သူတို့တွေဟာ ချိုတို့ထက် ပိုပြီး အတွေ့အကြုံ ရှိသူတွေမို့၊ ဒီစက်ရုံ မှာ ဖစ်လပင်းတွေက မြန်မာတွေနဲ့ ရာထူးချင်းမကွာရင်တောင် ရတဲ့ လခတော့ ကွာခြားလွန်း လှပါတယ်။ ချိုတို့မြန်မာနိုင်ငံမှာ  အထည်ချုပ်စက်ရုံ တွေက တခြားအာရှနိုင်ငံတွေထက် များစွာနောက်ကျနေတာကို ဒီကို ရောက်တော့မှ ချိုပိုမို သိနားလည်ခဲ့ရတာပါ။ ချို တို့ လူမျိုးတွေ အားလုံးက ဘယ်လောက်ပဲ စက်ချုပ်တတ်တတ်၊ ဘယ်လောက်ပဲ အထည်ချုပ်လုပ်ငန်း အတွေ့အကြုံရှိရှိ  Maidenform , Marks & spencer, Warnaco တို့လို နာမည်ကြီး တံဆိပ်တွေနဲ့ ပတ်သတ်ဖုူးတဲ့ အတွေ့အကြုံကျ တကယ့်သုည လောက်သာ ရှိတာမို့ ဖစ်လပင်းတွေရဲ့ လခနဲ့ယှဉ်ရင် ကွာခြားနေ တာဖြစ်ပါတယ်။ ဒါပေမဲ့ ချိုတို့မြန်မာလူမျိုးတွေရဲ့ အင်ဒိုအလုပ်သမားတွေနဲ့ စက်ရုံပေါ်မှာ ထားရှိတဲ့ စိတ်ထား နဲ့ စေတနာ ကတော့ဖဦးထုပ်တွေ့ရဲ့ ၀တ္တရားကျေ သဘောထားနဲ့ တကယ့် ဆီနဲ့ရေလို ကွာခြားလှပါတယ်။
                      တစ်ရက်တော့ ချိုတို့လေးယောက် စက်ရုံအပြင်ဘက်မှာ ရောင်းတဲ့ ‘’ဂါတိုဂါတို”လို့ အင်ဒိုလို ခေါ်တဲ့ ကန်စွန်းရွက်ကို မြေပဲ၊ ဂေါ်ဖီ ငရုတ်သီးအနှစ်တို့နဲ့ ရောမွေသုတ်ထားတဲ့ အသုတ်စုံစားပြီး အပြန် ဘိုဘို့အလုပ်ရုံက ကောင်လေးနဲ့ လမ်းမှာတွေ့ပါတယ်။ ဘိုဘိုကို လည်း ရိုရိုသေသေ နှူတ်ဆက်စကားပြောသွားတဲ့ ကောင်လေးကိုကြည့်ပြီး ကြက်သဟင်းက..
                      “သူအခု နေ့စားကနေ ပုံမှန်ပါမစ်နန့်ဝန်ထမ်း ဖြစ်သွားပြီဆို။ ငါတို့ဘက်မှာ အဲဒီလို ၀န်ထမ်းကို နေ့စားကနေ လစားအဖြစ် ပြောင်းရင် အထက်ကို ပြောရတာအတော် လက်ဝင်တာ ။ နင်ရော တော်တော် ဖိုက်လိုက်ရလား။ “
                      “ အင်းဆိုပါတော့။ မစ္စလူစီက အမုန်းမခံချင်တော့ ငါတစ်ယောက်တည်းပဲ တာဝန်ယူပြီး သူ့ကိုတင်ပေးလိုက်တယ်။ သူက အလုပ်လည်း တော်ပါတယ်။ နောက်ပြီး သူ့မိန်းမက မနေ့တစ်နေ့ကမှ ကလေးမွေးတာဆိုတော့၊ ငွေ လိုမှာပဲ ။ သူလည်း အလုပ်ထဲ  ပိုပြီး စိတ် ၀င်စား အောင် သူဌေးဆီ ငါဝင်ပြီး သူ့အတွက် ပြောပေးလိုက်တာ။ ဘာဖြစ်လို့လဲ။ “
        “သူတော်တာကို ငါသိပါတယ်။ သူ့အလုပ်က ငါ့ဆီလည်း လာနေရတာပဲလေ။ ဒါပေမယ့် မစ္စလူစီနဲ့ ငါကတစ်ခန်းတည်း နေတာဆိုတော့ မနေ့တုန်းက သူအဲ့ဒီ ဖဦးထုတ်မကို လက်ဆောင်ပေးတယ် ဆိုတာ ငါကို ပြောပြလို့ သိရတာ။ အခန်းထဲမှာမစ္စလူစီက အဲ့ဒီ အင်ဒိုပါတိတ် ဖဲပုဝါလေး ဖြန့်ဖြန့်ကြည့်နေတာ မြင်တော့ ငါလည်း လှလို့ သွားစပ်စုကြည့်လို့ သိရတာ။ နင့်ကလေးက နင်လုပ်ပေးတာ တောင် သိရဲ့လားမသိဘူး။ နင်ကိုလည်း ဘာမှမပေးဘူးလား။”
                      ဘိုဘိုကပြုံးလျှက် ..
                      “သိတော့ သိမှာပါဟာ။ ဟိုလကတည်းက ခိုသံပါအောင်ငြီးလွန်းလို့ ၊ မင်းအလုပ်သာ ကောင်းအောင်လုပ်၊ ပို့စ်(ရာထူး) အတွက် ငါ့တာဝန်ထားလို့ ပြောပြီးသားပါ။”
                      “ဟယ် ဒါဆို နင့်ကလေးက ကျေးဇူးမသိတတ်တာပဲ။ ကြည့်ပါဦး၊ မစ္စလူစီက ဘာတွေလုပ်ပေးလို့ လက်ဆောင်ပေးပြီး မျက်နှာလုပ်ရတာလဲ။ တကယ်ကို နားမလည်တော့ဘူး ”
                      ကြက်သဟင်းရဲ့မကျေမနပ်ပြောသံမှာ ချိုကတော့ ဘာမှတ်ချက်မှထပ်မပေးဖြစ်သေးခင် ထောပတ်က ၀င်ပြီး ..
                  “လူ ဆိုတာဒီလိုပဲပေါ့ဟ။ တကယ်လို့ နင့်လက်ထဲမှာ ပစ္စည်းတစ်ခုပဲရှိပြီး နင့်မှာ သဘောကောင်းတဲ့ အရာရှိနဲ့ သဘော မကောင်းတဲ့ အရာရှိ နှစ်ယောက်ရှိရင် နင်ဘယ်သူ့ကိုပေးမလဲ”                 
                  ချိုရော ကြက်သဟင်းပါ သံပြိုင်ထွက်မိတာက..
                  “ သဘောကောင်းတဲ့သူကိုပဲ ပေါ့။ ဘာလို့ ငါကသဘောမကောင်းသူကို ပေးရမှာလဲ”
                 “ ဒါက နင်တို့ခေါင်းထဲက ပေါ်လာတဲ့အတွေးနဲ့ ရုတ်တရက် ဆုံးဖြတ်တာကိုး။ တကယ့်လက်တွေ့မှာတော့ ဘယ်သူမဆို ကိုယ့် အတွက် တစ်ခုခုပေးရင် တစ်ခုခု ပြန်ရချင်တဲ့ သူတွေကြီးပဲ၊ မရချင်ဘူးလို့ ပြောရင် အဲ့ဒါညာတာပဲ။ သဘောကောင်းတဲ့ သူက လက်ဆောင် ပေးပေး၊ မပေးပေး သူ့သဘောထားကတော့ နင်တို့အပေါ် ပြောင်းလဲမှာမဟုတ်ဘူး။ အေး၊ သဘောမကောင်းတဲ့သူကတော့ လက်ဆောင် ရတာနဲ့ နင့်တို့အပေါ် ဆက်ဆံရေးက အကောင်း ဘက်ပြောင်းလဲ သွား နိုင်တယ်လေ ကွာ။ ဒါကြောင့် ဒီကောင်လေး ဆုံးဖြတ်တာ မှန်တယ်လို့ ငါကတော့ထင်တယ်။ နောက်ဆို အလုပ်ထဲ မှာ မစ္စလူစီက သူ့အပေါ် အရင်ကထက် ပိုအကောင်းမြင်လာတာ နင်တို့ တွေ့ရလိမ့်မယ်“
                  ထောပတ်စကားကို မကျေနပ်လှပေမယ့် ချိုတို့အားလုံး အထွန့်မတက်ဖြစ်ကြပါ။ သူလည်း ဘိုဘိုလိုဟာမျိုးဘဲလေ။ ဆိုးတာ လေးတွေ ရှိပေမယ့် သူများအတွက်ဆို အနစ်နာခံကူညီရာမှာတော့ ဘယ်ဘ၀က ပါရမီ ထူးတွေ ပါလာလည်း မပြော တတ်တော့ဘူး။ မနေ့တစ်နေ့ကပဲ မြန်မာတွေအားလုံးမုန့်ဟင်းခါး ချက်စာရင်းဆုံကြတော့ ရာထူးကြီးတဲ့ အစ်မတွေက သူ့ကို ပိုက်ဆံစုဖို့နဲ့ မလိုအပ်ပဲ ရုံး ကိစ္စ တွေမှာ ကိုယ့်ပိုက်ဆံကို သုံးဖို့မသင့်ကြောင်း ပြောဖူးတာကို ချို ပြန်အမှတ်ရ မိပါတယ်။ သူက အလုပ်သမားတွေ ပူတယ်ဆို မတ်တပ် ပန်ကာဝယ်ပေးရတာနဲ့ ၊ water dispenser (အပူရော အအေးရော ပြုလုပ်နိုင် သည့် သောက်ရေသန့်စက်) ၀ယ်ပေးရတာနဲ့ ၊ အလုပ်မပြီးလို့ သူ့ဖာသာ ညဉ့်နက်ထိ အလုပ်လုပ်ရသူကို အိုဗာတိုင်ကြေး မရလို့ သနားပြီး လမ်းစရိတ်ပေးလိုက်ရတာနဲ့.. ရတဲ့လခ နည်းနည်းလေး မှာ စားစရိတ်၊သုံးစရိတ် နုတ်လိုက်တိုင်း လစဉ်ငွေစုဖို့ ဘယ်တော့မှ မကျန်တဲ့သူပါ။ ဘိုဘိုနဲ့ထောပတ်ကို တခါတလေ ချိုတို့ ကိုယ်တိုင် လည်း  ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောဖြစ် ကြပါသေးတယ်။
                  “ ငါတို့လည်း လူတွေကို ကူညီကြတာပါပဲ၊ ဒါပေမယ့်လူတွေက အားနာရင်ခါးပါတတ်တယ်၊ သဘောကောင်း တဲ့သူ ဆိုရင် ဘယ် နေရာမှာပဲ ဖြစ်ဖြစ် အခွင့်အရေးယူချင်သူပေါတယ်။ ဒီလိုနိုင်ငံမှာဆို ပိုတောင်ဆိုးသေးတယ်။ ဒါကြောင့် ငါတို့ကတော့ ကူညီစရာ ရှိရင် ကူညီ လိုက်မယ်။ မလိမ့်တပတ် အခွင့်အရေးယူတာမျိုးတော့ လာမလုပ်နဲ့။ တာ့တာပဲ ။ သည်းညည်း ခံမှာမဟုတ် ဘူး။ “
                   အဲဒီတော့လည်း သူတို့နှစ်ယောက်က ချို့စကားကို လှောင်သလို ရယ်မောနေခဲ့သေးတယ်။ ချိုတို့ တတွေ အားလုံးကို စက်ရုံက နေစရာ စားစရာအပြင်၊ လိုအပ်တဲ့ ပရိဘောဂ ပစ္စည်းတချို့နဲ့ အသုံးအဆောင် တွေပါ ၀ယ်ပေးထားတာမို့ အဆောင်နေ ၀န်ထမ်းအားလုံးတွက် အဆင်ပြေလှပါတယ်။ တခြား ကိုယ်လိုချင်တဲ့ ဖိနပ်စင်၊ ပန်းကန်စင်၊အပြင် မီးပူ နှင့် မှန်တင်ခုံတွေကျ ကိုယ်ပိုင်ငွေနဲ့ ဖြည့်စွက်ဝယ်ရတာမျိုးမို့ တချို့ဝန်ထမ်းတွေကတော့ ကိုယ့်နိုင်ငံကိုယ် ပြန်တဲ့အခါ ဘာမှမသယ်နိုင်ပဲ ထားခဲ့ရတာမို့ ဘာပစ္စည်းမှ ထပ်မ၀ယ်တော့ပဲ စက်ရုံကပေးတဲ့ ခုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ ဗီရုံတစ်လုံး ၊ဂက်စ်မီးဖို တစ်ခု ၊ ပန်းကန် သုံးလေးချပ်နဲ့သာ နေထိုင်အသက်ရှင်ကြတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒီလူတွေထဲမှာ ချိုနဲ့အတူနေ မစ္စနီနာလည်း တစ်ယောက် အပါအ၀င်ပဲပေါ့။ သူရဲ့ နှုတ်ခမ်းမှာ အပြုံးတစ်ပွင့်ကို  အမြဲဆောင်ထားပြီး ညီအစ်မ ၀မ်းကွဲ၊ ရာထူးကြီးမန်နေဂျာ မစ္စတီနာ ရဲ့ထောက်ခံမုနဲ့ စက်ရုံကို ရောက်လာ တာမို့ ၊ အချိန်တိုလေးမှာ အစ်မရာထူးအရှိန်နဲ့ရော သူရဲ့ကြိုးစားမူ နဲ့ပါ အလုပ်တော်သူ တစ်ဦးအဖြစ် အသိအမှတ်ပြုခံရသူပါ။ သူကဟင်းချက်တော်ပြီး အသန့်အပြန့်လည်း ကြိုက်သူမို့ ချိုတို့ နှစ်ဦးပိုင် ဖြစ်တဲ့ ဧည့်ခန်း၊ အလယ်စင်္ကြံနဲ့ နောက်ဖေးအ၀တ်လှမ်းတဲ့ ခြံဝန်း တွေပါ ပိတ်ရက်ရောက်တိုင်း အငယ်ဖြစ်တဲ့ ချိုနဲ့ အလုအယက် ရှင်းစမြဲမို့ အခန်းဖော်ကောင်း အဖြစ် အသိမှတ်ပြုထားမိပါတယ်။ ဒါပေမယ့်လည်း သူရဲ့အားနည်းချက်ကတော့ ကပ်စေးနှဲ တာလား၊ နေနိုင်လွန်းတာလား ၊ တကယ်ပဲ အလိုက်ကန်းဆိုးမသိတာလား ဆိုတာ နားလည်ခက်လောက်အောင် ဆီ၊ဆား၊ ငရုတ်ကြက်သွန် တွေဝယ် လေ့မရှိပဲ ချို့ဆီက အလွယ်တကူ သုံးတာမျိုး၊ ရေချိုးခန်းနဲ့အိပ်သာဆေး ဆပ်ပြာရည် ၀ယ်ဖို့ လခနည်းတဲ့ ချိုတစ်ယောက် တည်း တာဝန်လို့ ထင်မြင်တတ်ပုံ၊ နောက်ပြီး  သူ့အိပ်ခန်းကလွဲလို့ အိမ်ရှေ့ခန်း၊ အလယ်စင်္ကြနဲ့ မီးဖိုချောင်မှ မီးလုံးများကျွမ်းတိုင်း သူ့မှာ တာဝန်မရှိသူလို တစ်ခန်းလုံး အမှောင်ချ ပြီး ခပ်တည်တည်နေတတ်ပုံကို မြင်တိုင်း ချိုတကယ်ကို ရင်ဘတ်ဖိ အံ့သြရတော့တယ်။
            ကြက်သဟင်းနဲ့ နှစ်ယောက်ဆုံလို့ ဟိုအကြောင်း၊ ဒီအကြာင်း ပြောရင်း သူ့အကြောင်း စကားစပ်မိတော့..
            “ ဟယ် နင်အဖြစ်ကလည်း မလွယ်ပါလား ချိုရာ။ နင်ပါးစပ်ပိတ်ပြီး အားနာမနေနဲ့ ပြောလိုက်ပါလား။ သူက ရရင်ရသလောက် ကပ် နေမှာပေါ့။ ငါ့အခန်းကဘွားတော်ကတော့ အဲ့လို ပြသာနာမရှိဘူး။ ဘာဝယ်ဝယ် သူကအမြဲတစ်ယောက် တစ်ဝက်ပဲဆိုတာ ပြောစရာ တောင်မလိုဘူး။ အင်း…သူက အသံနဲ့တော့နှိပ်စက်တယ်။  ဘေးခန်းက ဖဦးထုပ်တွေနဲ့ ကာရာအိုကေ ဟဲတာတော့ ဘာ ခံရသလဲ မမေးနဲ့“
           ကြက်သဟင်းက ရှံ့မဲ့လို့ဆိုတော့ တစ်ယောက်တစ်မျိုး မရိုးတဲ့ဒုက္ခလို့ စဉ်းစားမိရင်းမှ သူပြောတဲ့ အသံနဲ့ နှိပ်စက် တယ်ဆိုတဲ့ အဖြစ် ကို သိပ်နားမလည်တဲ့ ချို့အတွက် ကြက်သဟင်းကို ကိုယ်ချင်းစာစေတဲ့ နေ့တစ်နေ့ကို အမှန် တကယ် ရောက်လာခဲ့ပါတယ်။ အဲ့ဒီနေ့က ချိုတို့ သူငယ်ချင်းလေးယောက် အမွေရတဲ့နေ့။ အစ်မလိုချစ်ရတဲ့ စီနီယာမြန်မာ အစ်မက အိမ်ထောင်ပြုဖို့ အလုပ်ထွက်ရမှာမို့ သူရဲ့ ပစ္စည်းတွေကို ချိုတို့လေးယောက်ကို မရောင်းပဲ အမှတ်တရ ခွဲဝေပေးခဲ့တာပါ။ ချိုက ၁၄လက်မ ရောင်စုံတီဗီလေးယူပြီး  ကြက်သဟင်းကတော့ တံခါးပေါက် တစ်ပေါက်တည်း (၀မ်းဒိုး) ရေခဲ သတ္တာ ပုပုလေး ကိုယူပါ တယ်။ ဟိုနှစ်ယောက်ကတော့ နဂိုတည်းက ဘာပစ္စည်းမှမမက်တဲ့အပြင် တီဗီနဲ့ ရေခဲသတ္တာ ၀ယ်ပြီးသား ဘိုဘိုဆီမှာ ပဲ နှစ်ယောက် ပေါင်းနေတာမို့ ချိုတို့မလိုချင်တဲ့လက်ကျန် တိုလီမိုလီ ပစ္စည်းအားလုံးကိုပဲ ယူသွားပါတယ်။ တီဗီစင်လေး ကိုတော့ ပိုင်ရှင် အစ်မရဲ့ အလုပ်က တပည့်မလေးက လာသယ်သွားလေရဲ့။
             “ဟဲ့ ဖြေးဖြေး ၊ ဖြေးဖြေး။ အောင်မလေး နင်တို့ကလည်း ယောက်ျားလေးတွေ ဖြစ်ပြီး ဒါလေးတောင် မနိုင်ဘူးလား။“
              ချို့အခန်းထဲကို သူတို့နှစ်ယောက် အကုအညီနဲ့ တီဗီသွင်းစဉ်မှာ ဧည့်ခန်းမှာထိုင်ပြီးစာဖတ်နေတဲ့ မစ္စနီနာကိုမြင်တော့ သူတို့ ခြေလှမ်း တွေ တုံ့သွားကြတယ်။
             “ တီဗီဝယ်လာတာလား ”
              အပြုံးနဲ့ နှုတ်ဆက်ရင်းမေးတဲ့ သူ့စကားကို ထောပတ်ကပြုံးပြီး ခပ်လွယ်လွယ် ခေါင်းညိတ်ပြရင်း ချိုကို..
               “ တီဗီကို နင် ဘယ်မှာထားမှာလဲ။ နင့်အိပ်ခန်းထဲမှာလား။ အပြင်မှာလား။ အိပ်ခန်းထဲ ဆိုရင်တော့ တီဗီစင်လည်း မရှိသေးတော့ နင့် စာရေးစားပွဲပေါ် တင်ထားရမှာ။ နင်ပြန်လာလို့ အလုပ်ပါလာရင် စားပွဲသုံးဖို့ အဆင်ပြေမှာ မဟုတ်ဘူး။”
               အပြင်မှာပဲ ထားလိုက်ပါဟာ။ နင့်အခန်းဘက်မှာပဲ ဆက်တီစားပွဲယူပြီး တင်ထားလိုက်။ ဟိုတစ်ယောက်လည်း ဧည့်ခန်းမှာ ထိုင် ရင်းနဲ့ ကြည့်လို့ရတာပေါ့။ မဟုတ်ဘူးလား။”
              ချိုရဲ့တွေဝေမှုကို ဘိုဘိုက အဆုံးအဖြတ်ပေးလာတော့ အားလုံးကလည်း ထောက်ခံကြတာမို့ မစ္စနီနာကို ကြည့်ချင်တဲ့ အချိန် တီဗီ ဖွင့်ကြည့်ပါလို့ ချိုအပါအ၀င် သူငယ်ချင်းအားလုံးက ဖိတ်ခေါ်လိုက်ကြတယ်။ ချို့စိတ်ထဲမှာလည်း “ငါပိုင်ပစ္စည်းမှ မဟုတ်တာ၊ အစ်မပေး လို့ ရတာပဲ၊ သူလည်း ကြည့်ပါစေ ”လို့ မျှမျှတတပဲ တွေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရုံးပြန်ရောက်တိုင်း မစ္စနီနာနဲ့ စကားထိုင် ပြောရင်း တီဗီကြည့်တဲ့ ညတွေ ရှိခဲ့ဖူးပါပေမဲ့ တကယ်တမ်း အိပ်ချိန်ရောက်တဲ့ အထိ မအိပ်ပဲ ဇွဲကြီးလွန်းတဲ့ သူ့ရဲ့တီဗီ ၀ါသနာကြီး မှုကြောင့် ချို့မှာ အိပ်ပျက်ညတွေ မထင်မှတ်ပဲ များလာခဲ့တယ်။ တီဗီပိုင်ရှင်အဖြစ်နဲ့ သူငယ်ချင်းတွေက ကိုယ့်အခန်းကပ်လျက် ဧည့်ခန်းနံရံမှာ နေရာချခဲ့ တာကြောင့်လည်း တီဗီထဲကအသံတွေနဲ့ရောထွေးပြီး သူရဲ့ သဘောကျရယ်မော သံတွေရဲ့ အနှောင့်အယှက် ပေးမှုကနေ ဘယ်လိုမှ ပြေး မလွတ်တော့တာ အမှန်ပါပဲ။ စနေနေ့ညတိုင်း လာနေကျ ဘောလုံးပွဲကို မိန်းကလေးဖြစ်ပြီး အားရပါးရ အားပေးတတ်တဲ့ သူ့လက်ခုပ်သံနှင့် အော်ဟစ်သံတွေကို ခေါင်းအုံးနဲ့ နားနှစ်ဖက် ကို ပိတ်ထားတောင် ၊ နားစည်ထဲထိုးဖောက် ၀င်ရောက်တာမို့ ဒီတစ်ခါလည်း ချိုစေတနာတွက် `ဘယ်သူမပြု မိမိမှု´လို့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်ရပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေကို ဒီအကြောင်း ပြောပြတော့လည်း  ချို့အဖြစ်ကို ကိုယ်ချင်းစာကြပေမယ့် တီဗီကို ချို့အခန်းထဲသွင်းဖို့ကို ဘယ်သူမှ သဘောမတူကြပါဘူး။ တကယ်တော့ အမှန်တိုင်းဝန်ခံရရင် သူတို့သဘောတူလို့ တီဗီကို ချို့အခန်းထဲ သွင်းလိုက်ပါပြီတဲ့ ။ အလုပ်ကပြန်လာတိုင်း ရေချိုးအ၀တ်လဲပြီးတာနဲ့ တီဗီရှေ့ မှာ ထမင်းစားရင်း ဖြစ်စေ၊ မုန့်စား ရင်းဖြစ်စေ အချိန်ကုန်တတ်တဲ့ မစ္စနီနာမျက်နှာကို ကြည့်ဖို့ ချို့မှာတကယ်သတ္တိမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်လို့မရလို့ တီဗီ အသံနည်းနည်း တိုးပေးပါ ဆိုတာမျိုး ပိုင်ရှင်ဖြစ်တဲ့ချိုကပဲ ပြန်တောင်းပန်ပြီး  အိပ်ပျက်ညတချို့ ကိုခဲယဉ်း စွာ ကျော်ဖြတ်ခဲ့ရ ပါတော့တယ်။
                                                               +++
                ကြက်သဟင်းနဲ့ အတူသွားခဲ့တဲ့ ဘောရောဘူရူ ဘုရားဖူးသုံးညအိပ်ခရီးက ပင်ပန်းပေမယ့် ပျော်စရာ ကောင်းလှပါတယ်။ တစ်ခါမှမရောက်ဖူးတဲ့ နေရာ ဖြစ်တာရော၊ တချိန်က ဗုဒ္ဒဘာသာ ထွန်းကားတဲ့ အထောက်အထားအဖြစ် ဘောရောဘူရူ စေတီကြီးကို ဖူးခွင့် ရတော့ ဘာကို လွမ်းမှန်းမသိ လွမ်းလိုက်မိသေးတယ်။ တစ်ခေါက်ဖူး တာနဲ့ အားမရပဲ နောက် အခွင့်ရရင်ထပ် ဖူး ဖို့ နှစ်ယောက်သား တိုင်ပင်လာကြရုံတင်မကပဲ ၊ စိတ်ကူးနဲ့တောင် ခရီးတွေ ထပ်ထွက် လိုက်သေး တယ်။  
                “ပျော်စရာကြီးနော် သူငယ်ချင်း၊ ပိုက်ဆံစုထား။ နောက်တစ်ခါ ရုံးပိတ်ရက်ရှိရင် ငါတို့ ပါဒန်ဘက် လစ်ကြမယ်။ အဲ့ဒီမှာ တောင်တွေ သိပ်လှတာပဲတဲ့။ ရေပူစမ်းတွေလည်း ရှိတယ်။”
              “အေး သွားကြမယ်။ ငါတို့ ဒီမှာ အကြာကြီးအလုပ်လုပ်ပြီးမှ ဘယ်မှမရောက်ပဲ မြန်မာပြည် ပြန်ရရင်တော့  မဟုတ်သေးပါဘူး”
               စကားပြောရင်းနှင့် စက်ရုံဝန်းထဲသို့ ကားဝင်လာပြီး အဆောင်ဘက်သို့ ကွေ့လိုက်မှန်းတောင် မသိလိုက်ကြပါဘူးး။ အဆောင် ရှေ့ရောက်မှ အပြင်ထွက်ဖို့ဟန် ပြင်နေတဲ့  ဟိုနှစ်ယောက်ကို တွေ့လို့ လှမ်းခေါ်လိုက်ရပါတယ်။
               “ ဟဲ့ နင်တို့ ဘယ်သွားမလို့လဲ”
               “ ထမင်းသွားစားမလို့ ”
               “ ငါတို့ အိတ်ကလေးတွေ အထဲကို သယ်ပေးပါလား သူငယ်ချင်းရယ်။ လိမ္မာပါတယ်”
                သူတို့နှစ်ယောက်ကို လေပြေလေးနဲ့ ချော့ခိုင်းနေကျမို့ ကားပေါ်မှာ ပါလာတဲ့ အထုပ်တွေအားလုံးကို သူတို့သယ်ပြီး  ချို့အခန်း ထဲကို အားလုံး စုံပြုံ ထည့်လိုက်ကြပါတယ်။
                “ကြက်သဟင်း၊ နင့်အိတ်တွေကို ငါတို့ ထမင်းစားပြန်လာမှ နင့်အခန်းကိုတင်ပေးမယ်။ ခု ချိုချို အခန်း ထဲမှာပဲ ခဏထားလိုက်ဦး“
                သူတို့ အထုပ်တွေချပြီး ကြက်သဟင်းနဲ့ စကားပြောနေတာကို အာရုံမစိုက်နိုင်ပဲ အခန်းတစ်ခုလုံး မှောင်မည်းနေတာမို့ ၊ ဧည့်ခန်း နှင့် စကြံလမ်းမီးတွေကို ဖွင့်ပေမယ့် မလင်းလာပဲ အခန်းတစ်ခုလုံး မှောင်မည်းနေတာကို အံ့သြနေမိပါတယ်။

Monday, September 10, 2012

သူတို့ချစ်ခြင်း ကိုယ့်အလင်းနဲ့ ကူပါရစေ



                              ကျွန်တော်နာမည်က “love chat”။ လမ်းမကြီးတစ်ခုကို ချိုးထွက်နိုင်မယ့် လမ်းသွယ်လေး ရဲ့ ဒေါင့်ကျကျနေရာမှာ တည်ရှိတဲု့ အင်တာနက်ဆိုင်လေးပါ။ ။ ဒါပေမယ့် ဆိုင်ရှင်က ကျွန်တော်နာမည် ကို ကဗျာ ဆန်ဆန်လေးနဲ့ စွဲဆောင်မူရှိအောင် ဆိုင်းဘုတ်အောက်နားလေးမှာ “ချစ်တင်းနှော” ဆိုပြီး မြန်မာလို ခပ်သေးသေးလေး အဓိပ္မါယ်ဖွင့် ဆို ပေးထား တယ်။
                             ချစ်တင်းနှောဆိုတဲ့ နာမည်လေးနဲ့ လိုက်အောင် ချစ်တင်းနှောချင်တဲ့ သူတွေပဲ ကျွန်တော့် ဆီကို လာတယ်လို့ မထင်လိုက်ပါနဲ့။ ကျောင်းကိစ္စ၊ အလုပ်ကိစ္စနဲ့ လာတဲ့သူတွေရှိသလို၊ တခြား လူမူရေး၊ ကမ္ဘာ့အရေး မြန်မာအရေး ကိစ္စတွေနဲ့ စကားပြောဖို့ လာကြတဲ့လူတွေ အမျိုးမျိုးကို ကျွန်တော်ဆီမှာ နေ့စဉ်၊ နေ့တိုင်း တွေ့မြင်ရတတ်တယ်။ သူတို့ထဲက တချို့က အပျင်းဖြေရုံ ၊ အပျော်သက်သက် အချိန်ဖြုန်းဖို့ ကျွန်တော် ဆီ လာတဲ့သူတွေ ရှိသလို၊ တချို့ကလည်း ကိုယ်ရဲ့ပြသာနာ တချို့နဲ့ လူမူရေးကိစ္စလေးတွေကို အဝေးမှာရှိတဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တိုင်ပင်ဆွေးနွေး ဖြေရှင်းနိုင်ဖို့ ကျွန်တော့်ဆီလာ တတ်ကြတယ်။ ပျော်ရွင်လန်းဆန်း တဲ့ ခြေလှမ်း တွေနဲ့ လာတဲ့ သူတွေရှိသလို၊ တချို့ကလည်း စိတ်မပါ၊ တက်ကြွမှူ မရှိတဲ့ လေးလံ ခြေလှမ်းတွေ နဲ့ ကျွန်တော့်ဆီ ရောက်လာတတ်ကြတယ်။
                               တချို့ လူငယ်လေးတွေကတော့ သူတို့ အချိန်တွေကို ကျွန်တော့်ဆီမှာပဲ သူငယ်ချင်း တချို့နဲ့ အချိန်းအဆက်ပြုရင်းအချိန်ဖြုန်းတတ်သေးတယ်။ သူတို့တွေက ဆယ်ကျော်သက် လူငယ်တွေများပြီး၊ ကမ္ဘာပေါ်မှာ လက်ရှိဖြစ်နေ တဲ့ စစ်ဘေး ၊ မတရားမူနဲ့ ညည်းပန်းနှိပ်စက် လူသတ် တာတွေကို မကြားဖူး၊ မခံစား ရဖူးတဲ့သူတွေလို အချင်းချင်း အပြန် အလှန် သေနတ်နဲ့ပစ်ခတ်ရတဲ့ (counter strike) ဂိမ်းနဲ့ သူ့ထက်ငါ လက်ဦး အောင်ဓါးနဲ့ခုတ်ရတဲ့ အ နီရောင်  သွေးတွေ ဖြာဖြာထွက်သွားသော လူသတ်ဂိမ်း တွေကို စွဲစွဲလမ်းလမ်းနဲ့ ဆော့ တတ်တာ ကျွန်တော် အမြဲ လိုလို တွေ့နေ ရတယ်။ သူတို့ပါးစပ်မှ လည်း
                     “ သေစမ်းကွာ၊မသေသေးဘူးလား။ ဟေ့ကောင် ငါပစ်လိုက်တာ. မင်းဆီမှာ ၃ယောက်ကျ သွား ပြီလေ၊ ဘာလို့နောက်ထပ် လူတွေ အများကြီးတွေ ဖြစ်နေတာလဲကွ ။“
                          “မင်း လူသတ်နိုင်တိုင်း နိုင်တယ်မထင်ပါနဲ့ကွာ၊ ငါ့ဆီမှာ နောက်ထပ် လူတွေ အများကြီး ကျန်သေးတယ်၊ မင်းကိုသာ ငါကသေအောင် ဖြိုပစ်မှာ”
                     ဆိုတဲ့ အသံတွေကို သူတို့အုပ်စု အလည်လာတိုင်းအမြဲလို ကြားရတတ်တယ်။ တခါတလေ  ဆိုင်ပိတ်တဲ့အထိ သူတို့တွေရဲ့ စစ်တိုက်တဲ့ ကစားပွဲက မပြီးပြတ်နိုင်သေးတော့ ကျွန်တော့်ဆိုင်ရှင်တောင် လည် ဂုတ်ကနေ ဆွဲမထုတ်ရုံ တမယ်၊လေသံခပ်မာမာနဲ့ အတင်း ပြန်လွတ်တတ်ရတယ်။ ဒါကိုလည်း သူတို့က မမူပါဘူး။ အဲ့ဒီလို ဆိုင်ရှင်က မကြည်သာသလို ဆက်ဆံလို့ ကျွန်တော့်ကိုခွဲသွားလိမ့်မယ်၊ စိတ်နာသွားမယ်လို့ မထင် လိုက်ပါနဲ့ ။  သူတို့လာနေကြ အချိန်မှန် ကျွန်တော်ဆီ အုပ်စုနဲ့ ရောက်လာပြီး တစ်ခါတလေလည်း သူတို့ရဲ့ အားပါးတရ လူသတ်ကစားပွဲမှာတောင် ထပ်ဆင့်ပြီး ဘယ်သူနိုင်မလဲ၊ ဘယ်သူရှံးမလဲ ဆိုတာကို ပိုက်ဆံနဲ့ လောင်းကြေးထပ်တာမိျုးလည်း ကျွန်တော် မြင်ဖူးတွေ့ဖူးလိုက်သေးတယ်။ ဒါကကျွန်တော်ဆီ လာနေကြ အငယ် တန်း ဖောက်သည် ဂိမ်းသရဲတွေပါ။
                       ကောင်မလေး ခပ်ငယ်ငယ် တွေကတော့ ကျွန်တော့်ဆီမှာ ငြိမ်ငြိမ်လေးနဲ့ အင်တာနက် ကြည့်တတ်ကြတယ်။ တဖက်ခုံ ဂိမ်းသရဲတွေဆီက တစ်ချက်တစ်ချက် ထဖောက်လာတဲ့ အသံတွေကို  သူတို့ ခေါင်းလေးတစ်ချက် စောင်းငဲ့ကြည့် ရုံကလွဲလို့ သူတို့ရဲ့ အရေးကိစ္စတွေကိုပဲ ဦးစားပေးဆောင်ရွက်လ့ ရှိတာ ကျွန်တော်သတိထားမိတယ်။သူတို့တွေထဲကမှ ဆံပင်တိုတို၊ ဂါဝန်တိုတို၊ နဲ့ကောင်မလေးတစ်ယောက်ကို တော့ အားလုံးထဲမှ်သူ့ကို ကျွန်တော် ပိုပြီး  သတိထားနေမိတယ်။ သူက သောကြာနေ့ညနေဆို ပုံမှန်လာတတ်ပြီး အဝေးမှာရှိတဲ့ သူ့ချစ်သူဖြစ်သူနဲ့ အွန်လိုင်းမှာပုံမှန် စကားပြောတက်တယ်။ ကျွန်တော့်နာမည်လေးနဲ့ ပြောရရင် တော့ ချစ်တင်းနှောတာ ပေါ့ဗျာ။ သူလိုမျိုး ကိုယ့်ချစ်သူနဲ့ အွန်လိုင်းမှာဆုံပြီးစကားပြောကြ လွမ်းတဲ့သူတွေ ရှိသလိုပဲ  တခ်ခါမှ မမြင်ဖူးပဲ အွန်လိုင်းမှာ ဆုံဆည်းကြ ၊ ခင်မင်တွယ်တာကြပြီး နောက် ချစ်ခင်သွားတဲ့ သူတွေလည်း ကျွန်တော့်ဆီမှ ဒုနဲ့ဒေးပါပဲ။ ဒါကြောင့် ဒီခေတ်ကြီးထဲမှာ ကိုယ့်ချစ်သူ တစ်ယောက်တည်းကို ပဲ
“ ချစ်တင်းနှော” ခွင့်ရှိတာမဟုတ်ပဲ မမြင်ဖူးတဲ့ သူတွေကိုလည်း လွတ်လပ်စွာ ချစ်တင်းနှောခွင့် ရှိတဲ့ အိုင်တီ ခေတ်ကြီးပါ။
                     အဲ့ဒီ ဆံပင်တိုတိုနဲ့ ကောင်မလေးက  စကပ်ပဲ ၀တ်ဝတ် ၊ဘောင်းဘီပဲ ၀တ်ဝတ် ဂါဝန်ပဲ ၀တ်ဝတ် အတိုလေးတွေ အမြဲဝတ်တတ်တော့ ကျွန်တော့ ပိုင်ရှင်ဆရာတောင် သူ ဆိုင်ထဲဝင်လာပြီဆိုရင် မျက်လုံးကြီးနှစ် လုံးအပြင် ကို ပြူးပြုတ် ထွက်ကျချင်စရာ ကောင်းအောင် ငေးမောရတတ်သူပါ။ သူက ချစ်စရာ ကောင်းတဲ့ မျက်နှာ ပေးလေးနဲ ချစ်သူနဲ့ အွန်လိုင်းမှာ အားရပါးရ စကားတွေ ပြောပြီးတာတောင်မှ ပြန်ခါနီးမှာ တစ်ရက်တလေ ပီဖင်းဂိုးနဲ့ ဖုန်းခေါ် တတ်တာမို့ သူ့ကို ကျွန်တော် ပိုပြီး ရင်းနှီးနေမိတာ။ သူ့အတွက်တော့ ကျွန်တော်ဟာ သူ့ချစ်သူနဲ့ ဆက်သွယ် ခွင့် ရတဲ့ တစ်ခုတည်းသော သီးသန့် ကမ္ဘာလေးလို့ ထင်နေပုံပါပဲ။  ကျွန်တော့်ဆီ လာတိုင်းသူက အမြဲ ရွင်မြူး တက်ကြွနေတတ်တယ်။ သူ့တွက်တော့ တစ်ပတ်တစ်ခါ သူ့ချစ်သူနဲ့ တွေ့နိုင်မယ့် ဒီနေ့ကို ကျွန်တော် ဆီလာဖို့ အမြဲ မျှော်လင့်စောင့်စားနေသူလို့ ထင်တယ်။
                  သူက သူငယ်ချင်းတွေနဲ့ သုံးတဲ့ ဂျီမေလ်အကောင့်အပြင် နောက်ထပ် သီးသန့်အကောင့်တစ်ခု ထပ်ဖွင့်ပြီး သူ့ချစ်သူကို အဲ့ဒီအကောင့်နဲ့သာဆက်သွယ်တယ်။ ကျွန်တော်ကစိတ်ဝင်စားစွာနဲ့ သူ့ကောင်လေး ဘက်ကို လှမ်းစပ်စုမိတော့ သူ့ကောင်လေးကလည်း သူလို့ပါပဲ။ သူ့ရဲ့အကောင့်ထဲမှာ ကောင်မလေးနာမည် တစ်ခုထဲကိုပဲ မြင်လိုက်မိတယ်။ သူတို့နှစ်ယောက် ရဲ့ စကားဝိုင်းထဲကို တခြားတစ်ဦးတစ်ယောက်က ၀င်ပြောမှာ ၊ နှောင့်ယှက်မှာ စိုးပုံနဲ့ အကောင့်တစ်ခုဆီမှာ ကိုယ့်ချစ်သူ နာမည်လေး တစ်ခုသာ စကားပြောလက်ခံတဲ့ အစိမ်း ရောင် သင်္ကေတလေးနဲ့ ယှဉ်တွဲ မြင်နေရတယ်။ ဟို ကျွန်တော်ကြားဖူးတဲ့ သီချင်းထဲလို “’ချစ်တဲ့ တို့နှစ်ယောက် သီးခြား ချစ်ကမ္ဘာငယ်..” ဆိုတာ ဒါမျိုးနဲ့ တူတယ်။
                       ကောင်မလေးက သူ့ကောင်လေးကို စကားပြော၊ စာပို့လို့ ရတဲ့ ဂျီမေလ်း၊ ဂျီတော့နဲ့ တင် မကဘူး။ ရုပ်ပါမြင်ပြီး စကားပြောလို့ရတဲ့ ဗီဇက်အိုတို့ စကိုက်ပ်တို့ကိုလည်းဖွင့်ပြီး စကားပြောသေးတာ။ လိုင်း ကျရင်တော့ စကားပြောရတာ အ-ထစ် အ-ထစ် ၊ ပြတ်တောက် ပြတ်တောက်ပေါ့။ ပြီးတော့ ကောင်မလေးက ဒီနေ့ လူ တွေ ပါးစပ်ဖျား မှာ ရေပန်း စားနေ တဲ့ ဖေ့ဘွတ်ဆိုတာကိုသုံးပြီး သူ့ကောင်လေးနဲ့ ဆက်သွယ်ဖို့ သူငယ်ချင်းဖြစ်သူက သင်ပေး ထားကြောင်း ကောင်လေး ကို ပျော်ရွှင်စွာ ပြောပြတယ်။ ဖေ့ဘွတ်ကလည်း မသုံးဖူးရင် မသိတာကြောင့် တချို့လူတွေဆို facebook guideline book (ဖေ့ဘွတ်သုံးနည်းလမ်းညွှန်စာအုပ်) တောင် နံဘေးချပြီးမှ အင်တာနက် သုံးကြတာလေ။ အဲ့ဒီစာအုပ်ထဲမှာ ကိုယ်စိတ်ကြိုက် ဓါတ်ပုံတွေကို အင်တာနက်မှာ ဘယ်လိုတင်ရသလဲဆိုတာရယ်  ၊ ကိုယ်သဘောကျတဲ့ ပုံအောက်မှာလည်း မှတ်ချက် ဘယ်လိုရေးရသလိုဆိုတာအပြင်  ဖေ့ဘွတ်ကနေတဆင့် ဝေးကွာနေတဲ့သူအချင်းချင်း ပိုမို ရင်းနှီးကျွမ်းဝင်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။
                             ဒါပေမယ့် ဒီတစ်ခါ ကောင်လေးက ကောင်မလေးဖေ့ဘွတ်သုံးမှာကိုသဘောမတူ ရုံမက ကောင်မလေး ဖေ့ဘွတ်အကောင့်ဖွင့်လိုက်တာ ကို လည်း သိပ်ဝမ်းမသာသလိုပါပဲ။ ပြီးတော့ ကောင်မလေး ကိုလည်း တချိန်လုံးဖေ့ဘွတ်သုံးပြီး အချိန်မကုန်နေဖို့နဲ့ ကောင်မလေးရဲ့ဓါတ်ပုံတင်မက သူတို့နှစ်ယောက်ဓါတ်ပုံ ဘယ်ပုံမှ အွန်လိုင်းမှာ မတင်ရဘူးလို့ တခါတည်း တားမြစ်လိုက်ပါတယ်။ အကြောင်းရင်းကို ကောင်မလေးက မေးတော့ ဘာမှမဟုတ်သလိုနဲ့ ဝေးနေတဲ့ အချိန်မှာသူတို့ ဓါတ်ပုံတွေ ဟိုရောက်ဒီရောက်ဖြစ်မှာ စိုးလို့၊ သူလည်းမတင်ဘူး ကောင်မလေးလည်း မတင်ရဘူးလို့ မယုတ်မလွန်ဖြေတယ်။   ဒ်ီတော့ ကောင်မလေးက သူ့ရဲ့ အကောင့်မှာ ချစ်စရာကောင်းတဲ့ ခွေးနဲ့ ကြောင်ပုံလေး တွေ အပြင်၊ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို တမျိုးအဓိပ္မါယ် ဖော်ထားပုံ ရတဲ့ inspiration ပုံလေး တွေကို ရှာပြီး သူ့အကောင့်ထဲမှာ  အားပါးတရ တင်လိုက်တယ်။ သူ့ချစ်သူ အလွမ်း ပြေအောင်လို့  ပြောတဲ့ စကားသံလေးတွေကိုလည်း ကျွန်တော်ကြား လိုက်ပါ သေးတယ်။ ကောင်မလေးက အတော်ကို စိတ်ကူးယဉ်သလို၊ ကောင်လေးကို လည်းတွယ်တာပုံရတယ်။
                    ဒီနေ့လည်း ထုံးစံအတိုင်း ကျွန်တော့် ပိုင်ရှင်နံဘေးမှာပဲ ချိုအီတဲ့အသံ လွင်လွင်လေးနဲ့ သူ့ကောင်လေး ရှိရာ နိုင်ငံခြားကို ဖုန်းခေါ်သွားတယ်။ သူ့ အိတ်ထဲက အနီရောင် ဆင်ဖြူတစ်ရွက် ခုန်ထွက် သွားတာကိုလည်း ကျွန်တော်မြင်လိုက်ရ တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆီမှာ သူ့လိုမိန်းကလေး တွေ များစွာရဲ့ ရီသံလွင်လွင်လေးတွေ ၊ ကြည်နူးပျော်ရွင်ဖွယ် စကားလေး တွေကို ကြားရတော့ ကျွန်တော်ပါ ပီတီဖြစ်မိတာ အမှန်ပဲ။ မိန်းကလေး ဆိုတာမျိုးက တကယ် ချစ်ပြီဆို ကိုယ်ချစ်ရသူနဲ့ ဘယ်လောက်ဝေးဝေး လေလိုင်း ထဲမှာတောင် ချစ်သူကို  စွဲစွဲလန်းလန်းရူးသွပ် တတ်တာမျိုးကို။
                      ကျွန်တော့်ဘ၀ထဲမှာ အချစ်ဇာတ်လမ်းတွေ၊ ဘ၀ သရုပ်ဖော်ဇာတ်လမ်းတွေကို ကိုယ်တိုင် ကိုယ်ကျ ဖန်တီးသွားကြတဲ့ လူတွေကို ငေးမောကြည့်ရင်း ကျွန်တော့် ဘ၀နေ့ရက်တွေဟာ လူသားတွေ ရဲ့ဘ၀ တစ်ခုထပ်ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်နေမိတယ်။ အခုပဲ ကြည့်လေး.။ကျွန်တော့်ရှေ့မှာ ခပ်ဖြောင့်ဖြောင့် ဘဲတစ်ကောင် ၊ နေ့စဉ် အွန်လိုင်းတက်ပြီး ကောင်မလေးတွေကို ကြောင်စီစီလုပ်နေတာ။ ကြောင်စီစီ လုပ်တယ်ဆိုတာ အီစီကလီလုပ်ပြီးဖွန်ကြောင်တာ ကို ပြောတာပါ။ သူက ကောင်မလေးတွေကို အွန်လိုင်းကနေ အရင်ဆုံးသူငယ်ချင်းလုပ်၊ ခင်အောင်ပေါင်းပြီးမှ ၊ချစ်သူဖြစ်အောင် ကြိုးစားတဲ့နေရာမှာ အတော် အတွေ့အကြုံ ရင့်ကျက်နေပုံပါပဲ။ သူ့ရဲ့ ဂျီမေးလ်ဘောက်စ်ထဲမှာ ရင်ဖွင့်ထားတဲ့ မျက်ရည် စပေါင်းများစွာကို မေးလ် အဖြစ်တွေ့ရတတ်သလို သူ့ရဲ့ ဖေ့ဘွတ်အကောင့်ထဲမှာလည်း ဆွေမျိုးတော်သူ စာရင်းထဲ တန်းစီပြီး အွန်လိုင်းကနေ ညီအစ်မ အဖြစ်တော်ထားတဲ့ ချစ်စရာမိန်းကလေး မျက်နှာလေးတွေကို တွေ့မြင်နေရတတ် တယ်။ ဒီဆိုင်ထဲကို လာတဲ့သူတွေထဲမှာဆို သူဟာ ကျွန်တော်ကြည့်မရဆုံး လူသားပါ။ သူ့ဆိုင်ထဲကို ၀င်လာပြီ ဆိုရင် အခန်းထောင့် တစ်နေရာ ကခုံမှာ လျော့တိလျော့ရဲ နဲ့ ပျင်းရိပျင်းချောက်ထိုင်ပြီး တစ်နေ့တာ မြန်းဂလစ်ခ်ျလို့ ခေါ်ခေါ် နေကြတဲ့ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးတွေနဲ့ ရေးသားပြီး ချက်တင်ဝင် အချိန်ဖြုန်းလေ့ရှိသူပါ။
                        အခုသူ အွန်လိုင်းပေါ်မှာ ရှိနေတဲ့ အချိန်မှာလည်း သူငယ်ချင်းလိုပတ်သတ်မူမျိုးမဟုတ်တဲ့ မိန်းကလေး သုံးယောက်ကို တပြိုင်နက်တည်း စကားပြောနေတာတွေ့ရတယ်။ တစ်ယောက်ကတော့ သူ့နဲ့ မပြတ်သေးတဲ့ (ရန်ဖြစ်လိုက် ပြန်ချစ်လိုက်) ရည်စားဟောင်း၊ နောက်တစ်ယောက်ကတာ့မကြာသေးခင်က အဖြေရထားတဲ့ သူ့ချစ်သူဖြစ်ပြီး ၊ တစ်ယောက်ကတော့ သူတောင်းတဲ့ ဖုန်းနံပါတ်ကို ချက်ချင်းပေးလိုက်ပြီး ညနေ ကျရင်သူ့နဲ့ဖုန်း ဆက်ဖို့ အချိန်းအချက်ပြုနေတဲ့ အသစ်ဆက်ဆက်ရည်းစားလောင်းလေး။ မမြင်ရတဲ့ မိန်းကလေး တွေကို အွန်လိုင်းကနေ လိမ်ညာပြောဆိုနေတတ် တဲ့ သူ့စကား လုံးတွေဟာကျွန်တော့်ကို အော်ဂလီဆန်စေတာအမှန်ပဲ။ ဒီလိုဆိုတော့ ကျွန်တော့်ဘ၀ဟာအချစ်စစ် တွေရဲ့ကြားခံ နယ် မြေတစ်ခု လို့ ခံယူခဲ့မိတာ ဟုတ်မယ် မထင်ဘူး။ သစ္စာဆိုတာ တန်ဖိုးထား ရကောင်းမှန်း မသိ တဲ့ ယောကျာ်းတွေကို  လွယ်လွယ် နဲ့ ဖောက်ပြန်ဖို့ အခွင့်အရေး တွေပေးတဲ့ထဲမှာ ကျွန်တော်လည်း ထိပ်ဆုံးက ပါနေတာပါပဲ။ သူကို ကျွန်တော် စိတ်ပျက်စွာ နဲ့ မျက်နှာ လွှဲ   လိုက်ပြီး ဆိုင်အတွင်းကို တဒင်္ဂဂဝေ့၀ဲကြည့်လိုက်ပါတယ်။
                             ကျွန်တော့်ဆီမှာ နိုင်ငံခြားပညာတော်သင်အတွက် ကျောင်းပညာသင်ဆုကြေး ရနိုင်ဖို့  လိုအပ်တာတွေ တချို့ကိုအင်တာနက်မှာပြေးပြေးလွှားလွှား ရှာဖွေနေသူတွေရှိတယ်။ အလုပ်ကိစ္စ အင်တာဗျူး အတွက် လေ့လာ နေတဲ့ လူငယ်တွေရှိတယ်။ အဝေးရောက် သားသမီးတွေ အတွက် နားကြပ် (ear phone) တပ်ထားတဲ့ အဖေအို၊မအေအိုကြီး တွေရဲ့ ကျယ်ကျယ်လောင်လောင် ဆုံးမသံတွေရှိတယ်။ မဟုတ်မခံတတ်တဲ့ လူတချို့ရဲ့ အမှန်တရားနဲ့တရားမျှတမူကို လူသားအားလုံး အပြည့်အ၀ထောက်ခံတတ်စေဖို့ ဂျီမေးလ်နဲ့ ဖေ့ဘွတ်ကနေ တဆင့် သတင်းလာလာ ဖြန့်တတ်တဲ့ သူတွေရှိတယ်။ မိုင်ပေါင်း များစွာ ဝေးနေတဲ့ အရပ်ကနေ တစ်ဦးကို တစ်ဦင်္း မမြင်ဖူးပဲ၊ သံယောဇဉ်တစ်ခုတည်းနဲ့ ခိုင်မြဲတဲ့ မေတ္တာကို တန်ဖိုးထားမြတ်နိုးတတ် တဲံ့သူတွေရှိတယ်။ ကင်မရာမဖွင့် ရင် မမြင်ဖူးတဲ့ သူစိမ်းတွေမို့  တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင်စကားပြောခွင့် မရှိတဲ့အခွင့်အရေး ကို အသုံးချပြီး အင်တာနက်ကနေ ရည်းစားလာရှာတဲ့ လူရှုပ်လူပွေတွေ ရှိတယ်။  ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆီကို လာ တဲ့ လူတွေ က ရည်ရွယ်ချက်မျိုးစုံ ၊ခံစားချက်မျိုးစုံနဲ့ သူတို့ရဲ့လက်ရှိ အချိန် တွေကို အသုံးချနေတာ မြင်ရလို့ လူ တစ်ဦး ချင်းရဲ့ဘ၀နဲ့ အသက်ရှင်ရပ်တည်တာတွေကို ကျွန်တော်ရဲ့နေ့ရက်တွေမှာ အမြဲလိုလို  မြင်တွေ့နေ ရတာပါ်။
                           ဒီနေ့တော့ ကျွန်တော့်ဆီမှာ လူအတော်စုံနေတယ်။ ဆိုင်ရှင်က နေရာအခက်အခဲရှိမှာစိုးလို့ တောင် အနည်းငယ်စိတ်ပူနေသယောင်ပါပဲ။ အချိန်ကလည်း ညနေ သုံးနာရီခွဲလေးနာရီဆိုတော့ အင်တာနက် ဆိုင်တိုင်း လူကျချိန်မို့ ကွန်ပြူတာ ကီးဘုတ်ကနေ ထွက်ပေါ်လာတဲ့ တဖျောက်ဖျောက် စာရိုက်သံ၊ အင်တာနက် သုံးရင်း အဆာပြေစားဖို့ ယံယံ ခေါက်ဆွဲပြုတ်မှာသံ ၊ ကော်ဖီနဲ့ အအေးမှာသံတွေနဲ့ ဆူညံပွက်လော ရိုက် နေတယ်။ ဒီထပ် ပိုဆိုးတာက တက်တလှည့်၊ ကျ တလှည့် ကွန်နက်ရှင်မှာ အမိအရ ဖမ်းပြီးပြောနေတဲ့ စကားပြောသံတွေ။ 
                     “ဟယ်လို ဟယ်လို ကြားရလား ၊ သမီးလေးလား အေး  မေမေ လေ။ နေကောင်းရဲ့လား သမီးရေ၊ မေမေလည်း ကောင်းပါတယ်။ အလုပ်မှာရော အစစ အဆင်ပြေရဲ့လား၊ ပြောပါအုန်း။ မေမေနဲ့ ဖေဖေ လည်း အမြဲဆုတောင်းပေးထားပါတယ်။“
                      “ဟဲ့ ငါပြောတာနင်ကြားရလားလို့ မေးနေတာ။ ဒီမှာလိုင်းက ခဏခဏကျနေတယ်။ စိတ်ညစ် လိုက်တာဟယ်။ ငါ့စီဗီဖောင်ကို နင့် သူဌေးဆီကို တင်ပြီးပြီလားလို့ မေးနေတာ ၊ အေး မကြားရလဲ ဇွတ် အော်မနေနဲ့ ၊ စာရိုက်လိုက်လေ။ တကယ်ပဲ စိတ်ညစ်ပါတယ်။”
                      “အဲ့ဒီမှာ အခုရာသီဥတု ဘယ်လိုနေလဲ သူငယ်ချင်း။ ကျန်းမာရေးတော့ ဂရုစိုက်နော်။ အရင်လိုပဲ ဒီမှာက ဘာမှ သိပ်မထူးဘူး။ မီးပျက်တယ်၊ ဘတ်စ်ကားကြပ်တယ်၊ မိုးရွာရင် လမ်းတွေပိတ်တယ်။ အင်း….အင်း .။ ခု တော့ ကောင်းကောင်းကြား ရပြီ ။ ဘာဖြစ်တယ်…ဆက်ပြောပါအုန်း။”
                       “ကိုကြီး စိတ်ချနော်။ ကိုကြီ့းပြန်လာရင် သက်ကိုယ်တိုင် လေဆိပ်မှာ လာကြိုမှာ။ ဒါပဲနော် ယီးတီးယားတားတော့ မလုပ်နဲ့ ။ ဒီကဖြင့် သူ့ကို အမြဲစိတ်ပူစိုးရိမ်နေရတာ။ တစ်ခုခု ပေါက်ကရကြား လို့က တော့ ချက်ချင်းလိုက်လာမှတ် ၊ လူကို သူကမသွားတတ် မလာတတ်ဘူး ထင်နေတယ်မလား။ “

Monday, August 20, 2012

လျောကျခရုလေးရဲ့ သောကအမှောင်


လျောကျခရုလေးရဲ့ သောကအမှောင်
                  
                     ဒီတစ်ခေါက် အိမ်ပြန်လမ်းဟာ ကျွန်မတွက် ရင်ခုန်ဖွယ်ကောင်းသလို၊ စိတ်လှုပ်ရှား ကြည်နူးဖွယ်လည်း ကောင်းတယ်။ ဒါပေမဲ့ ငါးနှစ်လောက် အလုပ်လုပ်ခဲ့ဖူးတဲ့ အင်ဒိုနီးရှားနိုင်ငံကို အပြီးအပိုင်စွန့် လွတ်ဖို့ ကျွန်မရဲ့ ဆုံးဖြတ်ချက် အတွက် အတူတူလက်ဖော်ကိုင်ဖက်တွေဆီကတော့ မတူညီတဲ့ မှတ်ချက်ပေးသံတွေ ကြားခဲ့ရပါတယ်။
                             “ဒီလောက် အကြာကြီးလုပ်ခဲ့ ပြီး ရာထူးတစ် နေရလည်း ရနေပြီးမှ ဘာလို့ ပြန်မှာလဲ ချိုရယ် နှမျောဖို့ ကောင်းလိုက်တာ။”
                            “ နောက် အလုပ်သစ် တစ်ခုမှာအခုလို အသားကျဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။  နင် ဒီရောက်စက အသက် နှစ်ဆယ်ဝန်းကျင် ၊ အခုဆိုအသက်အစိတ်မှာ ရာထူးတစ်ခုနဲ့ စက်ရုံကလည်း နင့်ကိုအားကိုးနေပြီ။ နောက်ထပ် ငါးနှစ်လောက် ကြိုးစားလိုက်ရင် အသက် သုံးဆယ်လောက်ဆို ဘ၀မှာ အခြေကျနေပြီ။ ဘာလို့ပြန်မှာလဲ။”
                             “ အစ်မကတော့ ချို့ပြတ်သားမူကို အားကျတယ်။ အစ်မဆို ဒီမှာ်လုပ် နေတာ ဆယ်နှစ်လောက် ရှိနေပြီ။ တစ်ခါတစ်လေလည်း စဉ်းစားမိတယ်။ သြော်…..လာတုန်းကတော့ တစ်နှစ် နှစ်နှစ်ဆိုပြီး အလုပ်လုပ်ဖို့ လာလိုက်တာ ။ ဘယ်လို လုပ်ပြီးများ ဆယ်နှစ်အထိနေသွားမိပါလိမ့်ပေါ့။ နောက်ထပ် တစ်နှစ်လောက် တစ်နှစ်လောက်နဲ့ စိတ်က မပြတ်ဖြစ်နေတော့ ခုထိ တာဝန်တွေနဲ့ ပိတုန်း။”
                           ဘယ်လိုပဲ သူတို့ဆီက ကွဲပြားတဲ့ မှတ်ချက်တွေရပါစေ။ တကယ်တမ်း သူတို့သိချင်နေကြတာက မြန်မာပြည်ပြန်ရောက်ရင် ကျွန်မဘာဆက်လုပ်မလဲ ဆိုတဲ့ ကိစ္စပါပဲ။ ကျွန်မညီမလေး  စကော်လား ရှစ်ရတာနဲ့ လေးနှစ်လောက် မိသားစုနဲ့ ခွဲပြီး ကျောင်းတက်ဖို့ ထွက်သွားရာက မကြာခင် အမေက ရက်ဆက်နေမကောင်းဖြစ်ပြီး အိပ်ရာထဲလှဲသွားပါတယ်။ သမီးနှစ်ယောက်စလုံးကို လွမ်းတဲ့ စိတ်နဲ့ ဖြစ်မှာလို့ စသလိုနောက် သလို ပြောသူက လည်း ပြောကြ တာပေါ့။ မိသားစုနဲ့ခွဲပြီး အင်ဒိုနီးရှားရောက်နေတဲ့ ငါးနှစ်ကာလအတွင်း တနှစ်ကို ခွင့်ဆယ်ရက်ပဲ ရပြီး အဲ့ဒီရက်ကလေးပဲ မိဘနဲ့ အတူနေရတာမို့ မေမေက ညီမလေးမရှိတဲ့အချိန် ကျွန်မ ပြန်လာပြီး သူတို့နဲ့အတူနေစေချင်ပါတယ်။ စာပေနယ်မှာ ကျင်လည်နေ တဲ့ ဖေဖေကတော့  ကျွန်မ မွေးမြူလက်စ ကလောင်နာမည်လေးကို ဆက်လက်ရှင်သန်သွားအောင် ကြိုးစားစေချင်တယ်။ ကျွန်မနဲ့ အွန်လိုင်းမှာ စကားပြောဖြစ်တိုင်း
          “ သမီးစာမူတွေ အရင်က မပါဘူးဆို တစ်နှစ်ကို အနည်းဆုံး သုံး၊လေးပုဒ်တော့ ပါတယ်။ ဒီနှစ်ဆို တစ်ပုဒ်မှမပါဘူး။ သမီးကလည်း စာရေးဖို့ အချိန်သိပ်မပေးနိုင်ဘူး။  ရေးသမျှ စာတွေလည်း မကြိုက်လို့ မပေးချင်ဘူးဆိုရင်တော့ တဖြည်းဖြည်း သမီး ကလောင်နာမည်လေး ပျောက် သွားလိမ့်မယ်။ “
                           လို့ ခဏခဏ ပြောလေ့ရှိတယ်။
                           ကျွန်မ ကိုယ်တိုင်ကလည်း ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့ နာမည်လေး ပျောက်မှာ စိုးတာရော သမီ်းနဲ့ အတူနေချင်တယ်တဲ့ မေမေ့ဆန္ဒနဲ့ စာရေးနေတာကို အမြဲ မြင်ချင်တဲ့ ဖေဖေ့ ဆန္ဒကြောင့်ပါ  အိမ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ မိဘနဲ့အတူနေဖြစ်တဲ့ အချိန်လေးမှာ မှေးမှိန်စပြုနေတဲ့ ကျွန်မရဲ့ကလောင်နာမည်လေးအတွက်   စာရေးးတဲ့အလုပ် ကို အလုပ် တစ်ခုလို အချိန်ပေးပြီး လေးလေးစားစားလုပ်ဖို့ ကျွန်မရည်ရွယ်ထားတယ်။ ဒါ့အပြင် ကျွန်မည ငါးနှစ်တာလုပ်ခဲ့တဲ့ ဒီဇိုင်နာ အလုပ်ကို ပိုမိုတောက်ပြောင်အောင် မွမ်းမံဖို့  လိုအပ်မယ့် သင်တန်း တစ်ခုခု တက်တာမျိုး လုပ်ရမလား၊ ဒါမှမဟုတ်ကျွန်မ စိတ်တိုင်းကျ ပျော်ရွှင်နိုင်မယ့် စာပေနဲ့ ပတ်သတ်တဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုခု လုပ်ရင်ကောင်းမလား  ၊ ဒါမှမဟုတ်လည်း သူငယ်ချင်းတစ်ယောက်နဲ့ အသေးစား ကိုယ်ပိုင်စီးပွားရေးလေးတစ်ခု လုပ်ရင် ကောင်းမလားလို့ မရေမရာ စဉ်းစားနေ မိတယ်။ နောက်ဆုံးတော့ ကျန်တာတွေကို နောက်မှာထားပြီး စာရေးတဲ့ အလုပ်ကိုပဲ ဦးစားပေးလုပ်ဖို့ ဆုံးဖြတ်လိုက် ပါတယ်။
                   ဒါပေမယ့် အင်ဒိုနီးရှားက လုပ်ဖောက်ကိုင်ဖက်များအပါအ၀င် ကျွန်မပတ်ဝန်းကျင်က ကျွန်မစာရေး တယ်ဆိုတာ ကို မသိကြတဲ့ လူတချို့နဲ့  စာရေးတဲ့ အကြောင်းကို ပြောပြဖြစ်တောင် ကျွန်မလိုမထင်မရှား ကလောင်နာမည် ကို လုံးဝသိမှာ မဟုတ်တဲ့ ဒေါ်လာချစ် သူငယ်ချင်းတွေ အတွက်ကတော့ အသင့်တင့် လခကောင်းပြီး ရာထူးလည်းရှိတဲ့ ဒီလိုအလုပ်မျိုးကို စွန့်ပြီး မြန်မာပြည်ကို စာရေးဖို့ ပြန်လာတယ်ဆိုတဲ့ ဆင်ခြေ ကို ပေးရရင် ရင်ဘတ်စည်တီးနဲ့ အတော်ရယ်စရာ ကောင်းတဲ့ ပျက်လုံး တစ်ခု ဖြစ်သွားလိမ့်မယ်နဲ့ တူတယ်။
                        ဒါကြောင့် အင်ဒိုနီးရှားမှာကတည်းက အလုပ်ထွက်စာတင်တဲ့နေ့ကနေ အိမ်ပြန်ဖြစ်တဲ့နေ့အထိ သူတို့အရမ်း သိချင်နေတဲ့ ဘာလို့ အလုပ်ထွက်တာလဲဆိုတဲ့ မေးခွန်းနဲ့ ရန်ကုန်ရောက်ရင် ဘာဆက်လုပ်မှာလဲ ဆိုတဲ့ မေးခွန်းတွေအတွက် ကျွန်မ အသင့်တော်ဆုံးအဖြေအဖြစ် မုသားလည်း မဟုတ်တဲ့
                      “မေမေ ကျန်းမာရေး မကောင်းလို့ ”လို့ ပြောပြီး ဟိုရောက်မှ ကျွန်မဘ၀တွက် သင့်တော်တဲ့ အလုပ် ရှာမယ်လို့ ပြောဖြစ်ခဲ့ပါတယ်။
                     “ ကျွန်မက စာရေးဆရာမလေ တစ်နှစ်မှာ အနည်းဆုံး ၀တ္ထုတို သုံးလေးပုဒ်တော့ မဂ္ဂဇင်းမှာ ပါနေကျ၊ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ၀တ္ထုတိုပေါင်းချုပ် တစ်အုပ်တောင် ထုတ်ဖြစ်ခဲ့သေးတာ၊ အခု ဒီရောက်မှ စာမရေးဖြစ်လို့ အစ်မရယ်၊ မနှစ်က တစ်နှစ်လုံး တစ်ပုဒ်မှမရေးဖြစ်ဘူးလေ။ အဲ့ဒါနဲ့ မဖြစ်ချေဘူးဆြို့ပီး အိမ်ကို အပြီးပြန်ပြီး စာပဲရေးတော့မယ်လို့ ဆုံးဖြတ်လိုက်တာ”
                      အဲ့ဒီလို ပြောလိုက်ရင်တော့ အကောင်းသား၊ ဒါပေမဲ့  ကျွန်မ မပြောရဲခဲ့တာ အမှန်ပါပဲ (ပြောများ ပြောခဲ့ရင် လည်း မြန်မာပြည် ပြန်မရောက်ဘဲ အင်ဒိုနီးရှားက စိတ်ရောဂါကု ဆေးရုံတောင် ရောက်ချင်ရောက်နေမှာ……)
                      ဒါနဲ့ပဲကျွန်မရန်ကုန်ရောက်ပြီး တစ်လ နှစ်လ စာရေးဖို့ အားယူတဲ့အချိန်မှာ ကျွန်မလေးစားအားကျရတဲ့ စာရေးဆရာတွေရဲ့စာတွေနဲ့  စာရေးအားကောင်းပြီး အတွေး လေးတွေနဲ့ အဆုံးသတ်တတ်တဲ့ ကလောင်နု လက်ရာရှင်တွေ ရဲ့စာတွေကို  ပိုဖတ်ဖြစ်ခဲ့တယ်။ အရင်တုန်းက ၀တ္ထုတိုတစ်ပုဒ်ကို နှစ်ရက်လောက်နဲ့ အချောသတ် ရေးနိုင်တဲ့ ကျွန်မ အခု စာတစ်ကြောင်းနှစ်ကြောင်းနဲ့ တင်နေ့ဝက်ကုန်ပြီး ရှေ့မဆက်နိုင်တော့ ကိုယ့်ကိုကိုယ် အားမလို အားမရဖြစ်ရတာအမှန်ပါ။ အဲ့ဒီအကြောင်းကို ကျွန်မနဲ့ ပြန်တွေ့တဲ့ စာရေးဆရာတချို့ကိုပြောပြတော့
       “ ဒါတောင် စာရေးပြတ်သွားတာ တစ်နှစ်၊နှစ်နှစ်လောက်ပဲ ရှိသေးတယ်မလား။ ဒီထက် စာရေးပြတ်ရင် သမီးစာရေးရတာ ပိုခက်သွားမှာ။ ခုမှ အစက ပြန်စနေရတော့ အရင်လောက်တော့ မလွယ်သေးဘူးပေါ့။ နောက်တော့ အရှိန်ရသွားပါလိမ့်မယ်။”
                    ကျွန်မနဲ့ ခင်မင်ရင်းနှီးနေတဲ့ စာပေမိတ်ဆွေဆရာတွေရဲ့ အားပေးစကားကို ကြားရတဲ့အခါ စာရေးဖို့ခွန်အားတွေ ပြန် ရခဲ့ပါတယ်။ ဒါပေမဲ့ စာရေးဖို့ ကြိုးစားနေတဲ့ အတောအတွင်း ကျွန်မကို စာနဲ့လူနဲ့ တွဲပြီးသိတတ်တဲ့ ပရိသတ်ကလည်း စာပေနယ်ဝန်းကျင်ကလူတွေပဲ ဖြစ်နေပြီး သူတို့ကကျွန်မစာတွေ မဂ္ဂဇင်းစာမျက်နှာမှာမတွေ့ရတော့တဲ့အခါ ကျွန်မဘာတွေ လုပ်နေလဲဆိုတာကို သိချင်ကြပါတယ်။ ကျွန်မကလောင်ဖူသစ်စတုန်းက အဖေက အိမ်မှာ မရှိချိန် ကိုယ့်စာလေးတွေကို တစ်ယောက်တည်း မရဲတရဲ လိုက်ပေးရချိန် ကျွန်မရေးတဲ့စာလေးတွေကို ဂရုတစိုက်ဖတ်ပြီး မဂ္ဂဇင်း စာမျက်နှာပေါ်တင်ပေးတဲ့ ဆရာ အယ်ဒီတာ တချို့ကလည်း အခု ကျွန်မ ဘာလုပ်နေလဲဆိုတာ ကျွန်မနဲ့ တွေ့တိုင်း အမေးချင် ဆုံး မေးခွန်းတစ်ခုဖြစ်မှာပါပဲ။
                       ဒါက သဘာဝကျပါတယ်။ ဒါပေမဲ့ သူတို့နဲ့ ကျွန်မတွေ့တဲ့အခါ “အခု ဘာလုပ်နေလဲ” ဆိုတာကို ပြန်အဖြေရ အခက်ဆုံး မေးခွန်းဖြစ်နေပါတယ်။
                       “ကျွန်မ ၀တ္ထုတွေပြန်ရေးနေတယ်၊ ဒါပေမဲ့ စိတ်တိုင်းမကျလို့ ဘယ်မှမပေးဖြစ်သေးဘူး”
                        လို့ ခပ်တည်တည်နဲ့ အဲ့ဒီလိုပြောလိုက်ရမလား။
                        “စာ ကြိုးစားရေးရင်း အလုပ်တစ်ခုရှာလုပ်ရမလား စိတ်ကူးနေတာ ဆရာရယ်၊ ကိုယ်က အရင်တုန်းက မိဘ ကို ပိုက်ဆံမှန်မှန်ပေးနိုင်ခဲ့ရာကနေ အခု လက်ပြန်ဖြန့်နေရရင် သိပ်မဟုတ်သေးဘူးလေ”
                            လို့ ကျွန်မစိတ်ထဲ မကြာခဏပေါ်လာတဲ့ အတွေးအတိုင်း ပြောလိုက်ရမလား။ဒါပေမဲ့ ကျွန်မတကယ် ပြောလိုက် ဖြစ်တာကတော့
                             “ဘာမှတော့ မလုပ်ဖြစ်သေးပါဘူး၊ စာပြန်ရေးမလို့ ကြိုးစားနေတုန်းပါပဲ…ဆရာ” ရယ်လို့ အထစ်ထစ် အငေါ့ငေါ့ မပြေမပြစ် အဖြေပေးဖြစ်တာပါပဲ။
                             ကျွန်မကိုယ်တိုင်လည်း ကိုယ့်ကို စင်တင်ပေးခဲ့တဲ့ မဂ္ဂဇင်း နဲ့ တခြား ရေးနေကျနေရာတွေမှာ အရင်ကထက် ကောင်းတဲ့ စာတွေ ဖော်ပြခွင့်ရအောင် ကြိုးစားချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ စာတွေပြန်ကြိုးစားရေးရင်း စိတ်တိုင်းမကျတဲ့အခါ ကျွန်မဟာ စာပေဥယျာဉ်မှူးတွေ   ပြုစုပျိုးထောင်သလောက် အောင်မြင်တဲ့ ပန်းတစ်ပွင့် ဖြစ်လာရဲ့လား ဆိုတာ ကျွန်မကိုယ်ကျွန်မ သံသယရှိနေမိတယ်။ ဒါကြောင့် အများက အထူးသဖြင့် ကျွန်မကို ၀ိုင်းဝန်းပြုစု ပျိုးထောင် ပေးခဲ့သူများက ကျွန်မကို အခုဘာလုပ်နေလဲလို့ မေးလာတဲ့အခါတိုင်းမှာ  ကျွန်မရဲ့ အချိန်တွေကို စာပြန်ရေး ဖို့ ကြိုးစားခြင်းနဲ့ အသုံးချနေတယ်လို့ ပြန်ဖြေရမှာ ၀န်လေးနေမိတာပါ။  ဒါကြောင့် ကျွန်မကို “ အခု ဘာတွေလုပ်နေလဲ “ လို့ အမေးခံရမှာ ကို အကြောက်ဆုံးဖြစ်တဲ့ အကြောင်းကို ကျွန်မကလွဲပြီး ဘယ်သူက သိနိုင်မှာလဲ။
                     ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်ပြီး သုံးလေးလသာ ကုန်သွားတယ်။ ကျွန်မ ဘယ်မဂ္ဂဇငိးကိုမှလည်း စာမူမပို့ဖြစ်ပဲ ရေးလိုက် ၊ ခြစ်လိုက်နဲ့ တကိုယ်တည်း ၀တ္ထုရေးပွဲကိုသာ တိတ်တဆိတ် ဆင်နွဲနေမိပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မရဲ့ သူငယ်ချင်း က အင်္ဂလပ်စကားပြောသင်တန်းတစ်ခုကို လိုက်တက်ဖို့ ခေါ်ပါတယ်။ အင်ဒိုနီးရှား ဘာသာစကားကို အရေးရော၊ အပြောရော ငါးနှစ်လောက် ဌာနေတိုင်းရင်းသားတွေ ကြားမှာအချိန်တိုင်းသုံးလာခဲ့တာမို့ အင်္ဂလိပ်စာမှာ ပြန်အားနည်းသွားတာ ကိုယ့်ဖာသာ သိနေတဲ့ ကျွန်မတွက်တော့ လေ့လာသင်ယူသင့် တဲ့ သင်တန်းတစ်ခုပါ။ 
                         ဒါပေမယ့် ကြိုးစားပြီး ၀တ္ထုရေးမယ့် အချိန်တွေကိုဖဲ့ ပေးလိုက်ရမှာ စိုးပြီး သူ့သင်တန်းကို စိတ်မ၀င်စားဟန်နဲ့ ငြင်းလိုက်ပါတယ်။ ကျွန်မအကြောင်းသိတဲ့ သူ ၊တနည်းအားဖြင့် ကျွန်မစာဖတ်ပရိသတ်လည်းဖြစ်တဲ့ သူငယ် ချင်းက   
                     “အပိုတွေလုပ်မနေနဲ့။ နင်သင်တန်းမတက်ဖြစ်လည်း စိတ်မပါပဲရေးနေရင် ဘာဝတ္ထုမှ ဖြစ်လာမှာမဟုတ်ဘူး။ ပြီးတော့ အခု သင်တန်းက နင်တို့လို စာရေးတဲ့ သူတွေတွက်အရမ်းသင့်တော်တယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကမ္ဘာ့ပြဿနာတွေအကြောင်းကို အင်္ဂလိပ်လို ပရဲဇင့်တေးရှင်း လုပ်တဲ့သင်တန်း ၊ အဲ့ဒါ တစ်ခါတည်း နင်စကားပြော လည်းတတ်တယ်။ ကိုယ့်ကို ကိုယ်လည်း ယုံကြည်မူ ရှိလာမယ်။ ပြီးတော့ အပတ်စဉ် ဆရာမပေးတဲ့ ခေါင်းစဉ်အောက်မှာ  ၊ သတင်းတွေ အချက်အလက်တွေကို  အင်တာနက်ကနေ ကိုယ့်ဖာသာ ရှာပြီး မှတ်စုထုတ်ရလို့ ဗဟုသုတလည်း ရလာမယ်။ ဒီသင်တန်းမှမတက်ရင် ဘယ်သင်တန်းတက်အုန်းမှာလဲ။ ”
                       သူပြောနေတာလည်း ဟုတ်နေတာပဲ။ ဒါ့အပြင် တကယ်နိုင်ငံခြားသားအစစ်(native speaker) နဲ့သင်ပြီး အသိအမှတ်ပြုလက်မှတ်(certificate) လည်းရအုန်းမယ့် ဒီအခွင့်အရေး ကို ကျွန်မလက်မလွတ်ချင်တာကြောင့် သူပြောသလိုပဲ သူနဲ့အတူ သင်တန်းလိုက်တက်ဖြစ်ပါတယ်။ တကယ်တမ်း သင်တန်းမှာ လူတွေအားလုံးက အသက်ကန့်သတ်မ ထားလို့ ကျောင်းသားတွေရော၊ အလုပ်ခွင်ထဲက လူကြီးတွေရော အရွယ်စုံပါကြပေမယ့် အင်္ဂလိပ်စာ အခြေခံကတော့ အတော်လေး ကောင်းကြတာမို့ အရည်အချင်းတွေအားလုံးက သူမသာ ကိုယ်မသာ။ အားလုံးထဲမှာ ကျွန်မကသာ အင်္ဂလိပ်စာ သဒ္ဒါ(ဂရမ္မာ) တွေမေ့ပြီး စာကြောင်းတွေလည်းမဆက်တတ်တာမို့ လူတွေရှေ့မှာ စကားထွက်ပြောတိုင်း အရှက်မကွဲရအောင် အိမ်မှာ ကတည်းက မှန်ရှေ့မှာအခါတစ်ရာလောက်ကြိုပြီးလေ့ကျင့်ရသူပါ။ သူများတွေ ပရိုနမ်ဇေးရှင်းက အမေရိကန်လို အနောက်နိုင်ငံကြီး တစ်ခုခုကိုများ ရောက်နေသလားလို့ ထင်မှတ်မှားရလောက်အောင် ရွှတ်ရှက်ဒွက်ဒင်ကြတာကို အံ့သြငေးမောရတိုင်း ကျွန်မအလှည့်မှာတော့ ပုဇွန်တောင်ဈေးရှင်းအဆင့်နဲ့ လူတန်းစေ့အောင် မနည်းကြိုးစားရတယ်။ တစ်ပတ်မှာသုံးရက်တက်ရတဲ့ အဲ့ဒီသင်တန်းမှာ တစ်ယောက်တည်း ရွေးချယ်ပြီးပြောရတဲ့ ခေါင်းစဉ်အတွက် အိမ်ကနေ ကြိုတင်ပြင်ဆင်သွားခွင့်လည်းရသလို အချိန်ကလည်း  နှစ်မိနစ်မှ ငါးမိနစ်အတွင်းမှာပဲ ပြောရတာမို့  ကျွန်မကြိုတင်စိုးရိမ်ခဲ့တဲ့ အခက်အခဲတော့ မရှိပါဘူး။   ဒါပေမယ့်  debate (ခေါ်)စကားရေလုပြိုင်ပွဲမှာတော့ အုပ်စုနှစ်စုခွဲ ထားတာမို့ ကိုယ့်တစ်ယောက်တည်းကြောင့် ကိုယ့်တစ်ဖွဲ့လုံးရှုံးမှာ ၊အမှတ်နည်းမှာ မလိုလားတဲ့ အတွက် ကြိုးစားအချိန်ပေး လေ့လာရပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါလုပ်တဲ့ အဲ့ဒီစကားရေ လုပြိုင်ပွဲမှာ ပြိုင်ဖက်အဖွဲ့ကိုအနိုင်ရဖို့ အင်တာနက်ကနေတဆင့် သက်ဆိုင်ရာ ဆွေးနွေးလိုတဲ့ ခေါင်းစဉ်နဲ့ပတ်သတ်သမျှ အချက်အလက်တွေ ရှာဖွေလေ့လာကျက်မှတ်ရင်းနဲ့ သင်တန်းတက်တဲ့ သုံးလတာ ကာလအတွင်း စာပြန်ရေးမယ်ဆိုတဲ့ ကျွန်မရဲ့အိပ်မက်ကလေးက ရေစုန်မျောသွားပါလေရော။ အဲ့ဒီကာလမှာလည်း လူတွေနဲ့ တွေ့ရင်  ကျွန်မအကြောက်ဆုံး မေးခွန်းက ပိုပြီးတော့တောင် အရှိန်မြင့် ခြောက်လှန့်လာနေပါရောလား။
                                 “စာတွေလည်း မတွေ့ဘူးနော်၊ အပြီးပြန်လာတာဆို အခု ဘာလုပ်နေတာလဲ”
                                    ဆိုတဲ့ မေးခွန်းမျိုးပေါ့ ၊ ဒီလိုနဲ့ ကျွန်မအိမ်ပြန်ရောက်တာ ငါးလသာကြာသွားတယ်။ ဟိုတစ်စ ၊ ဒီတစ်စ မပြီးမပြတ်တဲ့ ၀တ္ထုတွေကို အဆုံးမသတ်ရသေးသလို၊ သင်တန်းတက်လိုက်တော့လည်း ထင်တဲ့အတိုင်း စာရေးဖို့ ကြိုးစားအားယူနေတဲ့ ကျွန်မ ရဲ့ အချိန်လေးတွေကို မဖြစ်မနေဖဲ့ပေးလိုက်ရတာပါပဲ။ စာရေးခြင်း အတတ်ပညာက သင်တန်း ဖွင့်ပြီး ကျွမ်းကျင်တတ်မြောက်ပါကြောင်း  certificate (သင်တန်းဆင်း လက်မှတ်) နဲ့ သင်ကြားပို့ချပေးလို့ ရတာမျိုးမဟုတ်သလို၊ စာပေနဲ့ ပတ်သတ်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လည်း “ရော.အင့် “ ဆိုပြီး လက်ထဲ အတင်းထည့် ရာထူးလွဲလို့ ရတာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် စာပေကို မချစ်တတ်သူတွေ၊ စာဖတ်ခြင်းကို မနှစ်သက်သူတွေနဲ့ တွေ့တိုင်း ကျွန်မဘ၀ ရဲ့လက်ရှိအနေအထား အတွက် သူတို့မေးတဲ့မေးခွန်းတစ်ချို့မှာ နှုတ်ဆွံအနေရဆဲပါ။
                                  “သင်တန်းမှာ ယူက အင်ဒိုမှာ အလုပ်လုပ်ဖူးတယ်လို့ မိတ်ဆက်သွားတယ်နော်။ ဘာအလုပ်ခဲ့ တာလဲ။ ” သင်တန်းတက်ဖက် သူငယ်ချင်းအသစ်လေးက ကျွန်မကို စိတ်ဝင်စားစွာ အင်တာဗျူးပါတယ်။
                                   “ဒီဇိုင်နာပါ”
                                     “ ဟယ် မိုက်တယ်”
                                    “ဒါပေမယ့် တို့က underwear ဒီဇိုင်နာ။ outwear ဆို မကျွမ်းလှတော့ ပြန်လုပ်စားဖို့ မလွယ်ပါ ဘူး“
                                    “ဟုတ်လား။ ဒါဆို ယူအခု ဘာလုပ်နေလဲ”
                                    “ အခု လောလောဆယ်တော့ စာရေးဖို့ စိတ်ကူးထားတယ် ”
                                    “ စာရေးတယ်ဟုတ်လား။ နာမည်အရင်းနဲ့ပဲ ရေးတာလား။ ဘာတွေရေးတာလဲ“
                                     ကျွန်မက ကလောင်နာမည်ကို ပြောပြပြီး၊ ဘ၀ထဲက ဖြစ်ပျက်လေ့ရှိတဲ့အကြောင်းတွေကို စိတ်ကူးနဲ့ ပုံဖော်ပြီးရေတဲ့ အကြောင်းပြောတော့ သူက နှုတ်ခမ်းလေးဆူရင်း။
                                      “ယူ့ကလောင်နာမည်ကလည်း ရိုးလိုက်တာ။ တို့တော့တစ်ခါမှ မကြားဖူးဘူး။ ဟီဟီ ။တကယ်ဆို နာမည်ရင်းလေးကမှ ပိုလှသေးတယ်။ ပြီးတော့ ဘ၀သရုပ်ဖော်ဆိုတာ ဘာကို ပြောတာလဲ။ တို့ကို ရှင်းပြပါအုန်း။ နားမလည်လို့“
                                      သူနားလည်အောင် ဘယ်လိုထပ်ရှင်းရမှန်းမသိတာနဲ့ နာမည်ကြီး ဘ၀သရုပ်ဖော်စားရေးဆရာ သုံးလေးယောက်နာမည်ကို ရွတ်ပြရင်း ၊သူတို့ရေးတဲ့ ၀တ္ထုဇာတ်လမ်းတွေကို အကျဉ်းချုန်းပြီးပြောပြလိုက်တော့ သူထပ်ပြောလာတဲ့ စကားကြောင့် ကျွန်မကိုယ့်နဖူးကိုသာ ရိုက်ချလိုက်ချင်ပါတော့တယ်။
                                       “ သူတို့ကိုလည်း တစ်ခါမှ မကြားဖူးလို့၊ သူတို့ ဘာတွေရေးမှန်း မသိဘူး။ ဖတ်လည်း မဖတ်ဖူးဘူး”တဲ့လေ
                                      ကျွန်မသင်တန်းတက်တဲ့ ကာလမှာ တွေ့တဲ့လူတွေက တော်ကြပါတယ်။ ထက်မြက်တဲ့ အရည်အချင်းနဲ့ ခေါင်းဆောင်နိုင်ကြပါတယ်။ နူကလီးယားအကြောင်း ၊ နူကလီးယား ဘယ်လိုဖြစ်လာတယ်။ နူးကလီးယားကို သုံးခြင်းဖြင့် ဘယ်လို အကျိုးဆက်ကောင်းနဲ့ ဆိုးတွေဖြစ်လာနိုင်သလဲဆိုတာ ချက်နဲ့လက်နဲ့ ပြောပြနိုင်တဲ့ သူတွေဖြစ်ပါတယ်။ (နူကလီးယားကို ဘယ်လို ဖန်တီးထုတ်လုပ်တယ်ဆိုတာတောင် သိချင်သိမယ့်သူတွေ) ဒါ့အပြင် ဓါတ်မြေသြဇာသုံးခြင်းဖြင့် အပင်တွေ ကြီးထွားမူနှုန်းမြန်ဆန်ပြီး ၊သီးနှံတွေ အထွက်နှုန်းတိုးပေမယ့် လူတွေအတွက် ဘေးဥပါဒ်အန္တရာယ် နဲ့ မမြင်ရတဲ့ ရောပါကပ်ဆိုးတွေကို အပင်တွေကတဆင့် ရလာနိုင်ကြောင်းပြောတဲ့ အစီရင်ခံ တင်ပြချက်တွေ က တကယ့် အံ့မခန်းပါပဲ ။       ဒါပေမယ့် အမျိုးသာစာပေဆုရ နာမည်ကြီးစာရေးဆရာမရဲ့နာမည်အပြင်၊လက်ရှိ ဘ၀သရုပ်ဖော် လိုင်း မှာအောင်မြင်နေဆဲ ဖြစ်တဲ့ စာရေးဆရာ၊ ဆရာမတွေရဲ့ စာတွေနာမည်တွေ ကို မကြားဖူးဘူးဆိုတာကတော့ ကျွန်မသူတို့ကို အလွန် စိတ်ပျက်သွားမိ ပါတယ်။ ဒီလိုဆိုတော့လည်း  ကျွန်မကို သူတို့မသိလည်းအရေးမကြီးတော့ပါဘူး။ ကျွန်မစာတွေ မဖတ်ဖူးလည်း အထူးအဆန်း ဖြစ်မနေတော့ပါဘူး။ ကျွန်မလေးစားအားကျ ရတဲ့ စာရေးဆရာတွေရဲ့နာမည်တွေကိုတောင် ရိုးရိုးမကြားဖူး တာတောင်မဟုတ်၊ တခါမှကို မကြားဖူးတာတဲ့။ သူတိွု့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ကြားဖူးသည် ဖြစ်စေ၊ မကြားဖူး သည်ဖြစ်စေ။ စာရေးဆရာ ဆိုတာ ကတော့ ကိုယ်မွေးမြူခဲ့တဲ့ ကလောင်နာမည်လေး ဆက်လက်ရှင်သန်ဖို့အတွက် ကိုယ့်မှာ တာဝန်အရှိဆုံး။ ဒီလိုပဲခံ ယူခဲ့လို့ ရှေ့ကဆရာ၊ဆရာမတွေက လည်း ကျွန်မတို့လေ့လာနိုင်မယ့် အတုယူနိုင်မယ့် စာတွေ အများကြီး  ချန်ထား ပေးခဲ့တာ ပါ။ စာရေးဆရာ ချပြတဲ့ စေတနာကို မြင်နိုင်ဖို့ဆိုတာ ရေးသူမှာ အစွမ်းအစရှိဖို့ လိုသလို၊ ဖတ်သူမှာလည်း စိတ်ဝင်စား မူလိုပါတယ်။ ကရားအိုးထဲ ဘယ်လောက်ပြည့်ပြည့် ခံတဲ့ခွက်က သေးလွန်းနေရင်လည်း ဘယ်လို ဖြည့်ပေးလို့ ရမလဲနော်။
                         “ ဘာကြောင့် စာရေးဆရာလုပ်တာလဲ လို့မေးရင် ငါတို့ကအများနဲ့ မတူပဲစိတ်ထားနူးညံ့လို့ကွ ၊ ပြီးတော့ ငါတို့မှာ စိတ်ကူးတွေကို ပုံဖော်နိုင်တဲံ့ အစွမ်းသတ္တိရှိလို့ ပေါ့လို့ ခပ်ရဲရဲကြီးဖြေလိုက်စမ်းပါ။ ငါတို့တွေ က အောင်မြင်အောင် ရေးနေတာမဟုတ်ဘူး။ ပိုက်ဆံရအောင်လည်း ရေးနေတာမဟုတ်ဘူး။ မရေးပဲ မနေနိုင် လို့ ရေးနေရ တာလို့ ပြောလိုက်စမ်းပါကွာ”
                           တက္ကသိုလ်မှာကျောင်းတက်တုန်းက ကျွန်မ ၀တ္ထုလေးတွေ တစ်ပုဒ်စ ၊နှစ်ပုဒ်စ မဂ္ဂဇင်းမှာ ဖော်ပြခံရစဉ် ၊ စာရေးတဲ့ နေရာမှာရော၊ အတန်းမှာပါ စီနီယာကျသူ အစ်ကို တစ်ယောက် သူ့ကောင်မလေးနဲ့ စကားများစဉ်မှာ အားပေးခဲ့တဲ့ သူငယ်ချင်းအစ်ကို ကြီးရဲ့ စကားက ခုထိ ကျွန်မနားထဲမှာ ကြားမိနေဆဲပါ။ သူပြောတဲ့ စကားတိုင်းက မှန်လွန်းလှပါတယ် ။ ဒါကြောင့်လည်း ကျွန်မနားထဲ စွဲနေခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သူတို့ကို စာပေနယ်မှာ မတွေ့ရတော့လို့ တခြား ကလောင်နာမည် သစ် တွေနဲ့များ စာတွေဆက်ရေးနေသေလားလို့ တွေးမိပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စာရေးဆရာ ဆိုတာ သူပြောသလိုပဲ စာမရေးပဲ မနေနိုင်လို့၊ စာရေးချင်လွန်းလို့ ရေးနေကြတဲ့လူတွေမဟုတ်လား။ ဒါဆို စာရေးဆရာလို့ ခံယူထားတဲ့ ကျွန်မကရော “ ဘာလုပ်နေလဲ” လို့မေးခံရရင် “ စာရေးနေတယ်” လို့ ပြန်ဖြေရမှာ ဘာကိုမှ အားငယ်စရာ။ သိမ်ငယ်စရာ၊ ရှက်ရွံစရာမလိုဘူး လို့ ထင်ပါတယ်လေ။
                           တစ်ရက်တော့  အသိတစ်ယောက်ရဲ့အလှူကိုသွားရင် တစ်ခါမှ မမြင်ဖူး ၊မဆုံဖူးတဲ့ လူတွေနဲ့ အတူတူ တစ်ဝိုင်းတည်း ထိုင်ဖြစ်တယ်။ သူတို့က ထိုင်ဝမ် (တရုတ်-တိုင်ပေ)ကို သွားလိုက်၊လာလိုက် အလုပ်လုပ်နေသူမို့ အလှူရှင်က နိုင်ငံခြား အတွေ့အကြုံရှိတဲ့ ကျွန်မနဲ့ မိတ်ဆက်ပေးပါတယ်။ ထိုသူက
                            “ အဲ့ဒီလို ပြန်လာတဲ့သူတွေက လခစားလည်းမလုပ်နိုင်ဘူး။ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့လည်းအဆင်မပြေ တော့ နောက်ဆုံး အရင်အလုပ်ရှိရာ ကို ပဲ ပြန်ထွက်ကြရတာပါပဲ။  ကျုပ်တို့ အသိတွေထဲမှာလည်း အဲ့လိုကြီးပဲ ။ မဟုတ်ရင် ဒီမှာ ဘာလုပ်ရမှန်းမသိပဲ ယောင်တောင်တောင် ဖြစ်နေမှာလေ.။ ဟုတ်တယ် မဟုတ်လားဗျာ။ ”
                              တစ်ခါမှမတွေ့ဖူးတဲ့ သူရဲ့ မိတ်ဖြစ်ဆွေဖြစ်  စကားက ကျွန်မကို ရေလိုက်ငါးလိုက် ပြောစေချင်တာကို မသိကျိုးကျွံပြုရင်း
                           “ ပြန်ထွက်ဖြစ်တယ်၊မထွက်ဖြစ်ဘူး ဆိုတာတော့ ကျိန်းသေပြောလို့ မရသေးပါဘူး။ ဒါပေမယ့် သွားဖြစ်ရင်တော့ အရင်အလုပ်ရှိရာကိုတော့ ပြန်သွားဖြစ်မယ်မထင်တော့ပါဘူး။ ခုလောလောဆယ်တော့ စာတွေရေးနေလို့ ကျွန်မ ယောင်တောင်တောင် ဖြစ်ဖို့ အချိန်တောင်မရှိပါဘူးရှင်။ ’
                               ကျွန်မစကားကို ကြားတော့ သူတို့လည်းအနည်းငယ်အံ့အားသင့်သယောင်၊ အိမ်ရှင်ကလည်း အားနာပါးနာနဲ့ ကျွန်မရဲ့မှုန်ဝါးဝါးကလောင်နဲ့ မိတ်ဆက်ပေးတာကို တ၀ိုင်းလုံးက လူတွေရဲ့ မျက်လုံးက အကဲခတ်သလို ကျွန်မဆီ စုပြုံရောက်လာတယ်။ ကျွန်မ မသိကျိုးကျွံပြုလိုက်တယ်။ ဒီတစ်ခါတော့ ကျွန်မစာရေးဆရာမတကယ်ပီသသွားပြီနဲ့ တူတယ်။ နောက်ဆုံးတော့ အိမ်ပြန်ရောက်တဲ့အခါ  ကျွန်မရဲ့အပြီးမသတ်နိုင်တဲ့ ၀တ္ထုတွေကို ခဏဘေးချထားပြီး ရင်ထဲမှာ ရှိတဲ့ အတိုင်း ခုဝတ္ထုကို ရေးချပစ်လိုက်ပါတယ်။
             တကယ်လို့ ဒီဝတ္ထုလေး မဂ္ဂဇင်းစာမျက်နှာပေါ်မှာ ပါလာခဲ့ရင် ပထမဆုံး အယ်ဒီတာကို ကျွန်မကျေးဇူးတင်ရမှာပါ။ ပြီးတော့ ကျွန်မကို စာရေးဖို့ အမြဲ အားပေးနေတဲ့ ဖေဖေနဲ့ ကျွန်မလေးစားရတဲ့ စာရေးဆရာတွေအပြင်၊ စာတွေဆက်ရေးဖို့ အမြဲ သတိပေးနေတဲ့ စာရေးဖော် မိတ်ဆွေမောင်နှမတွေကို ကျေးဇူးတင်ရမှာပါ။ သြော် ..ပြီးတော့ အရေးကြီးဆုံးလူကတော့ ကျွန်မနဲ့ တွေတိုင်း ဘာတွေလုပ်နေလဲ လို့ မေး နေတဲ့သူတွေအတွက် ဒီဝတ္ထုလေးတစ်ပုဒ် ဖြစ်အောင် ကူညီသူ များ အဖြစ် ကျေးဇူးတင် ကြောင်း ကြုံတိုင်း ပြောလိုက်ပါရစေရှင်။          
                      
                                                                                                                  (ကလျာ မဂ္ဂဇင်း သြဂုတ်လ ၂၀၁၂)

Tuesday, June 26, 2012

ကျွန်မတို့က ခပ်ညံ့ညံ့မှကြိုက်

                                                        ကျွန်မတို့က ခပ်ညံ့ညံ့မှကြိုက်
 ဒီလူအကြောင်းကို ပြောရရင် အတော့်ကို ခွကျတာပဲ။ လူပုံက တုတ်တုတ်ခိုင်ခိုင် ထောင် ထောင်မောင်းမောင်း၊ နှုတ်ခမ်းမွှေးစစနဲ့..။ လေသံကျတော့ လူနဲ့ မလိုက်ဖက်လောက်အောင် တိုးလျညင်သာပြီး စကားပြောတဲ့အခါတိုင်းမှာ လက်ကလေးနောက်ပစ်လို့ ကိုယ်ကိုကိုင်းညွတ် ပြောဆိုဆက်ဆံတတ်ပုံက ရိုသေလွန်း ခယလွန်း တော့ ဘယ်သူမဆို သူ့ကိုတွေ့ရင် အနိုင်ကျင့် ချင်စရာ အာဏာပြချင်စရာ ကောင်းနေတာပေါ့။
    ဒါပေမဲ့ သူ့ထက်ရာထူးကြီးတဲ့ အရာရှိ ကြီးတွေ၊ ဖော်ရိန်းနာတွေက သူ့အပေါ် အာဏာ သုံးပြီး မာရေကျောရေ ဆက်ဆံတာ၊ ဆီဖိုးတို့ ထမင်းဖိုး တို့ကို ပေးသင့်တာထက် လျှော့ပေး တာ၊ သူ့အိုဗာတိုင်ချိန်မှာ ကိုယ်ရေးကိုယ်တာ ခိုင်းပြီး ပေးဖို့ကမ်းဖို့ကျ မသိချင်ယောင်ဆောင် နေတာ.. စတာမျိုးတွေကို ကြားဖူးတာများလို့ မအံ့ဩပေမယ့် သူနဲ့အဆင့်တူ ဒရိုင်ဘာချင်းက တော့ သူ့ကို အနိုင်ကျင့်လိမ့်မယ် မထင်ခဲ့တာ။ အခုတော့ သူ့ကိုသူတို့ အမျိုးမျိုးဒုက္ခပေးကြ တာကို သီတာ ခဏခဏကြုံရဖူးပြီလေ။
    သီတာက အင်ဒိုနီးရှားက အထည်ချုပ် စက်ရုံတစ်ရုံမှာ လုပ်သက် ဆယ်နှစ်ကျော် လောက် ကြာခဲ့ပြီးလို့ အထည်ချုပ်စက်ရုံရဲ့ ထုတ် လုပ်မှုအပိုင်းနဲ့ ဆမ်ပယ်လ်လို့ခေါ်တဲ့ နမူနာ ထုတ်လုပ်မှုအပိုင်းတွေကို ကြီးကြပ်အုပ်ချုပ်ရသူ့ မန်နေဂျာရာထူးကြီးနဲ့ မစ္စသီသီ ဖြစ်နေခဲ့ပါပြီ။
     စက်ရုံမှာ သစ္စာရှိရှိ ရေရှည်လုပ်လာခဲ့ ရင်း သီတာဆိုတဲ့ နာမည်ပျောက်ပြီး သီသီခေါ် မစ္စသီသီဖြစ်လာတဲ့ သူဟာ အတွေ့အကြုံနဲ့ လုပ် သက်အရ အင်ဒိုနီးရှားဝန်ထမ်းများနဲ့ အဆင် ပြေရင်းနှီးစွာ ဆက်ဆံနိုင်ခဲ့သလို သူဌေးရဲ့ ယုံ ကြည်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ ရ ထားသူပါ။
    တစ်နေတော့ အိမ်ပြန်လမ်းမှာ အဲဒီနေ့မှ အသစ်ခန့်လိုက်တဲ့ ဒရိုင်ဘာကို အမှတ်မထင် အင်တာဗျူးမိပါတယ်။
 ''ရှင် အရင်က ကားမောင်းဖူးရဲ့လား"
  "ဟုတ်ကဲ့၊ မောင်းဖူးပါတယ် မစ်စ်"
    "ရှင့်နာမည်က.."
    " ဝါကီသိုပါ "
    ဝါကီသိုဆိုတဲ့နာမည်ကို သီတာ့နှုတ်က ထပ်မံရေရွှတ်ရင်း
    "ရှင့်နာမည်က ဂျပန်နာမည်ကျနေတာပဲ၊ ရှင့်ကို ဂျကာတာဘက်ကို ပို့ခိုင်းရင် ရှင်ပို့တတ် ပါ့မလား"
    " ပို့တတ်ပါတယ် ခင်ဗျာ၊ ကျွန်တော် ဂျကာတာသားပါ ခင်ဗျ "
    " ကျွန်မတို့ တရုတ်ဘုရားကျောင်းဘက် တွေ ဘာတွေ သွားချင်ရင်ရော၊ ရှင်လမ်းသိရဲ့ လား "
    " ဟုတ်ကဲ့၊ လမ်းကြောတွေ ကျွန်တော် ကျွမ်းကျင်ပါတယ် ခင်ဗျာ" တဲ့။
    သူက ရိုသေသင့်တာထက် လွန်ကျွံစွာ ကားမောင်းပြီး စကားပြောရင်း သီသီမေးသမျှ ဖြေလိုက်တိုင်းလည်ကုတ်ကလေးများပင် တစ်ချက်တစ်ချက် ပုဝင်သွားလို့..။
    "ကောင်းပြီလေ၊ ဒါဆိုဒီတပတ် တနင်္ဂနွေ ကျွန်မတို့ သူငယ်ချင်းတွေ အပြင်ထွက်ရင် ရှင့်ကို ကျွန်မဖုန်းခေါ်လိုက်မယ်၊သူများတွေပေးသလိုပဲ ကျွန်မတို့ပေးမယ်၊ ဟုတ်ပြီလား၊ အချိန်တော့ တိကျ ပလေ့စေနော်" လို့ဆိုတော့     ..            သူကပြာပြာသလဲ ခေါင်းညိတ်ရှာရဲ့။
    သီတာတို့ မိန်းကလေးလေးယောက် အပြင် စက်ရုံမှာအတူလုပ်ဖက် အင်ဒို တရုတ်မ ကြီးကလည်း အမြဲလို အတူလိုက်တတ်တော့ ငါးယောက်ဖြစ်သွားပြီး ရုံးပိတ်ရက် တနင်္ဂနွေ မို့ အပြင်ထွက်ပြီဆိုရင် နေမဝင်ရင် အိမ်မပြန်ဘူး ဆိုတဲ့ သူမျိုးတွေ..။ အဲဒီထဲမှာ အဘွားကြီးက အဆိုးဆုံး။ သူလိုချင်တဲ့ ပစ္စည်းမရမချင်း အိမ် ပြန်တတ်သူမဟုတ်တဲ့ပြင် ဈေးဝယ်ထွက်နေရမှ စားဝင်အိပ်ပျော်တဲ့ အရွယ်လွန် အပျိုဟိုင်းကြီး ပေါ့။ သူ့ဆို ဒရိုင်ဘာတိုင်းက နှစ်ခါခေါ်စရာ မလိုပဲ အလွယ်လိုက်တတ်တဲ့ အကြောင်းက တော့ ငွေပေးရက်ရောလွန်းလို့ပါ။ တစ်နာရီကို အင်ဒို ရူပီးယားငွေတစ်သောင်းနှုန်းနဲ့ ဆယ်နာရီ ကားသုံးရင် ဒရိုင်ဘာကို တစ်သိန်း ပေးရတဲ့ပြင် ဓါတ်ဆီပါဖြည့်ပေးရတာမို့ ဖော်ရိန်းနာတိုင်းအဖို့ ကားသုံးစရိတ်က မသေးလှပေမယ့် အဘွားကြီး ကတော့ ဒါတွေ မှုပုံမပေါ်။ သူ့ခရီးဆုံးလို့ အိမ် ပြန်ရောက်တာနဲ့..         "ရော့..အင့်" ဆိုပြီး ဒရိုင်ဘာ လက်ထဲ နှစ်သိန်းလောက်ထည့်နေကျမို့ ဒရိုင်ဘာတွေ အတွက်ကတော့ သူပါရင် ငွေသံ တစ်ချွင်ချွင် ကြားရပြီလို့ မှတ်။
    သီသီတို့ချည်းပဲဆိုရင်တော့ ဒါမျိုးဘယ်ရ မလဲ။ မတရားတော့မလုပ်ပါဘူး။ ပုံမှန်ပေါ့။ ခရီးကြာလွန်းလို့ ဒရိုင်ဘာထမင်းလွတ်သွားရင် တော့ စားစရိတ်လေးထည့်ဖြည့်ပေးရတာပါပဲ။ ရူးပီးယားတစ်သိန်းကလည်း မြန်မာငွေ တစ် သောင်းကျော်လောက် ရှိတာကိုး။
    စက်ရုံမှာက ကားလေးစီးနဲ့ ဒရိုင်ဘာက လည်း ဝါကီသို အပါအဝင် လေးယောက်ရှိပါ တယ်။ ကက်မန်းဆိုတဲ့ ပိန်ညောင်ညောင်လူ ရယ်၊ ဗိုက်ရွှဲရွှဲနဲ့ ဘီယာ သိပ်ကြိုက်တဲ့ဂိုနာဆို တဲ့ လူကြီးရယ်၊ နောက်တစ်ယောက်ကတော့ ဂျက်မီကိုဆိုတာရယ်..။ သူတို့ သုံးယောက်စလုံး ကားမောင်းကျွမ်းကြရုံမက ဘယ်လမ်းကြောက လမ်းကြောကြပ်ပြီး ဘယ်လမ်းရွေးရင်တော့ ပို အဆင်ပြေမယ်၊ အချိန်ကုန် ဆီကုန်သက်သာမယ် ဆိုတာသိကြတယ်။ ဒါက ဒရိုင်ဘာတစ်ယောက် မှာ ရှိသင့်တဲ့ အရည်အချင်းတွေထဲက အရေး ပါတဲ့ အချက်တစ်ရပ်မဟုတ်လား။ "ဒါမှ သီတာ တို့ ဖြည့်ထားတဲ့ ဆီနဲ့လောက်မှာလေ"။ သီတာ တို့ကတော့ ပါးတယ်ပြောပြော၊ ကပ်တယ်ပဲဆိုဆို သွားမယ့်နေရာနဲ့မှန်းပြီး ဆီကိုလောက်ရုံလေးပဲ ဖြည့်တာ။ အင်း.. အများစုကတော့ ကိုယ်လို သူလို လူမျိုးချည်းပါပဲလေ။
    ကိုယ် ကားသုံးတော့မယ်ဆို ဆီမရှိတတ် သလိုပဲ ကိုယ်သုံးပြီးလို့ ကားကိုထားရစ်တဲ့ အခါမှာလည်း ဆီအများကြီး မကျန်စေရဘူး။ ဒီလိုမှမဟုတ်ရင် ဒရိုင်ဘာတွေ ဆီရောင်းစားပြီး အကျင့်ပျက်တာမျိုး ဖြစ်နိုင်သလို နောက်သုံးသူ က ကိုယ်ဖြည့်ထားတဲ့ဆီကို အခန့်သားသုံးပြီး ပြန်မဖြည့်ခဲ့တာမျိုးလည်း ကြုံရတတ်လို့လေ။         ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ရင် သီတာတို့ အမှတ်လည်းလျှော့၊ စိတ်လည်းလျှော့ထားရသူ တစ်ယောက် ရှိတယ်။ သူက ဂျက်လို့သီတာတို့ အတိုကောက် ခေါ်လေ့ရှိတဲ့"ဂျက်မီကို"ပါ။ အင်ဒိုလို "မာကြပ်"လို့ခေါ်တဲ့ ကားလမ်းကြပ် တာကို ရှောင်နိုင်စွမ်းတဲ့ သူ့အရည်အချင်းကို သဘောကျပေမယ့် ဆီဖြည့်ခါနီးကျ အတော် ကပ်တီးကပ်ဖဲ့နဲ့ ဦးနှောက်စားရအောင် လုပ် တတ်သူပါ။ သူ့ပုံစံက ဒရိုင်ဘာနဲ့လုံးဝမတူပဲ နေကာမျက်မှန်ရယ်၊ ရေမွှေးနံ့တသင်းသင်းရယ် နဲ့ မော်ဒယ်လ်ဘွိုင်းလို ဆိုက်မျိုးဂိုက်မျိုးနဲ့ဖြစ်ပြီး ဆီဖြည့်မယ်ဆို ဘယ်တော့မှ ရူပီးယားငွေ ငါးသောင်းအောက် မဖြည့်ချင်တဲ့သူပါ။
    သူ့ကို နှစ်သောင်းတန်လေးတစ်ရွက်ပေး လိုက်ရင် ဘယ်တော့မှ ဆီဖြည့်ခိုင်းတယ်လို့ မထင်။ ဂိတ်ဝင်ကြေး၊ တံတားဖြတ်ကြေးပေး တယ်ထင်ပြီး ဒက်စ်ဘုတ်ထဲထိုးထည့်တတ်လို့ ငွေထုတ်ပေးသူမှာ ယောင်နနနဲ့ အခက်ကြုံရ တတ်တယ်။ သူကတော့ သူ့ကားက ဆီအရမ်း စားပြီး ဖော်ရိန်နာတွေက အဲယားကွန်း ဖွင့်သုံး နေကျမို့ ဆီကို အနည်းဆုံးငါးသောင်းဖိုးလောက် ဖြည့်သင့်ကြောင်း ပြောနေကျဖြစ်ပြီး နှစ်သောင်း ဖိုး သုံးသောင်းဖိုးလောက်ပဲ ဖြည့်ခိုင်းမယ်ဆိုရင် သူ သိပ်အရှက်အကြောက်ကြီးတတ်ပုံကို မြင်ကြ ရတော့တာပါပဲ။

နှလုံးသားကို ဖုန်ခါတဲ့နေ့

                                  နှလုံးသားကို ဖုန်ခါတဲ့နေ့

 

ထမင်းစားဖို့ စားပွဲထိုင်၊ ခူးခပ်ပြင်ဆင်ရင်း အမျိုးစုံလှတဲ့ဟင်းတွေ ကြည့်ပြီး ထုံးစံအတိုင်း အိမ်ကိုလွမ်းသွားမိပါတယ်။ ဘေးအခန်းတွေကို
ဟင်းမျှဖြစ်တော့ သူတို့ကလည်း ဟင်းတွေပြန် ထည့်ပေးလိုက်ပုံက ဟင်းမဟုတ်ပဲ စေတနာ ပေး၊ စေတနာယူနဲ့ပဲ တူနေပါတော့တယ်။
 ဒီထဲမှာ ကိုယ်ပေးလိုက်တဲ့ဟင်းက စိမ်းစိုစို အရွက်ကြော်တွေထဲ အသားခပ်ပါးပါးနဲ့ဖြစ်ပြီး ပြန်ရတဲ့ဟင်းတွေက အသားတုံးကြီးကြီး၊ ဆီ
ရွှဲရွှဲ ဖြစ်နေပြန်သေးတယ်။ ကိုယ်ဘာလေးချက် ချက် တစ်ယောက်တည်း စားမဝင်ပဲ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ဝေမျှစားတတ်တဲ့ အကျင့်ကအဖေ့ဆီကလား..အမေ့ဆီကလား..စဉ်းစားတော့ အင်း၊ နှစ်ယောက်စလုံးဆီက ထင်ပါရဲ့။
ကျွန်မခပ်ငယ်ငယ် အမေ့ကိုမကူနိုင်သေးခင် အိုးပုတ်ခွက်ပုတ်နဲ့ ချက်ပြုတ်တမ်းကစားနေရင်း မီးဖိုချောင်က ဟင်းနံ့တလှိုင်လှိုင်မွှေးလာ
ပြီဆိုရင် အမေ့ဆီအပြေးသွား..။ "'မေမေ၊ သမီးဘာလုပ်ပေးရမလဲ"' ဆိုရင် မေမေက မေမေချက် ထားတာကောင်းလားဆိုပြီး မြည်းခိုင်းလို့ အရသာခံမြည်းပြီး ကောင်းတယ်ဖြေရင် ကျွန်မတာဝန်ကျေလို့ ဒုတိယတစ်ခု ထပ်ခိုင်းပြန်တယ်။အဲဒါက ဟိုဘက်အိမ်နဲ့ ခြေရင်းက အန်တီမိတို့ဆီဟင်းပို့ပေးဦးလို့ဆိုရင် ကျွန်မလည်း ပျော်ရွှင်စွာနဲ့ "'ဘဘရေ၊ ကြီးကြီးရေ "' လို့ အော်ဟစ်ခေါ်ရင်း ဟင်းသွားပို့တတ်သလို တစ်ဖက်အိမ်ကကျွန်မဖို့မုန့်ဖြစ်ဖြစ် အိမ်ဖို့ဟင်းဖြစ်ဖြစ် ပြန်ရတတ်တာကလည်း ချစ်စရာဓလေ့လေးမို့ ကျွန်မအခုထိ ထိမ်းသိမ်းနေမိတာလေ။
အဲဒီအရွယ်မှာပဲ ဆွေမျိုးတွေအိမ်သွားလည်ပြီး ထမင်းစားဖြစ်တဲ့အခါ စားနေကျမေမေ့လက်ရာနဲ့မတူပဲ တစ်မျိုးထူးတဲ့အရသာမျိုးကိုလည်း မေမေ့ဟင်းလိုပဲ ကျွန်မစွဲတတ်သေးတာ။မှတ်မိတဲ့အဖြစ်တစ်ခုမှာ ဖေဖေ့အဒေါ် ဖွားလေး
အိမ်မှာ အသားဟင်းခွက်တွေ မနှိုက်ဖြစ်ပဲ ငပိချက်နဲ့ဘူးသီးဟင်းခါးကို ခံတွင်းတွေ့တဲ့ ကျွန်မတို့မိသားစု ခေါင်းမဖော်နိုင်အောင်စားနေခိုက်ကျွန်မက "'ဖွားဖွားလေး၊ နောက်ကို အခုလိုရှုးရှဲငပိချက်နဲ့ မျက်ရည်တောက်တောက်ကျတဲ့
ဟင်းခါးချက်ရင် သမီးကို ဖုန်းဆက်ခေါ်နော် "'လို့ပြောလို့ အားလုံးသဘောကျကြတာ။ကျွန်မအသက်ရလာတော့ မေမေနဲ့အတူ
မီးဖိုချောင်ဝင်ရင်း အချက်အပြုတ်ကိစ္စကိုလည်းအရမ်းစိတ်ဝင်စားလာမိပါတယ်။ ဆွေမျိုးတွေဆီသွားလည်ရင်း ခုနကလိုစားရတဲ့ဟင်းတွေထ်ဲကြိုက်တာဆိုရင် ဘယ်လိုချက်တယ်ဆိုတာမေး၊ပြန်ချက်ပြဖို့ပူဆာ၊ လေ့လာမှတ်သားပြီး အိမ်မှာ ဖေဖေနဲ့မေမေကို လက်စွမ်းပြချက်ကျွေးတတ်တဲ့အကျင့်လည်း ကျွန်မမှာ ရှိလာတယ်။အဲဒီအခါ ဖေဖေကတော့
"'ငါ့သမီးလက်ရာ ကောင်းတယ်ဟေ့ "'လို့ အားပါးတရစားပြီးချီးကျူးတတ်ပေမယ့် မေမေကတော့  "'သမီးဟင်းက စားလို့တော့ကောင်းပါရဲ့... ..."'အစချီပြီး
ကျွန်မ မီးဖိုချောင် သန့်ရှင်းသပ်ယပ်အောင် မထားတတ်ပုံကို ထမင်းဝိုင်းမှာပဲ အပြစ်တင်သလို ဆုံးမတတ်ပါတယ်။
  "'သမီးက ငရုပ်သီးထောင်းထားပြီး တန်းလန်း၊ ကြက်သွန်လှီးရင်း အရွက်တွေကလည်းဘေဇင်ထဲမှာ မဆေးရသေး၊မစစ်ရသေး၊  ဆား
ဘူး၊ အချို့မှုန့်ဘူးတွေက အကုန်ဖွင့်ရက်၊ ကြမ်းပြင်ပေါ်မှာလည်း အကုန်တန်းလန်း၊ လက်စကိုမသိမ်းတတ်ဘူး၊ တစ်ခုလုပ်ပြီးရင်တစ်ခု လက်စသိမ်းမှပေါ့၊ ငံပြာရည်ပုလင်း၊ ဆားပုလင်းတွေဆီပေနေတာ မေမေအမုန်းဆုံးပဲ "'
ဆိုတာမျိုးတွေ ကျွန်မဟင်းချက်တဲ့နေ့မှာ အမြဲကြားရပေမယ့် ကျွန်မဟင်းခွက်မှာချည်းလက်အဆုံဆုံးဖြစ်တဲ့ ဖေဖေနဲ့မေမေကိုကြည့်ပြီးကျွန်မ ကျေနပ်စွာ အမြဲပြုံးတတ်တယ်။
ဒါပေမဲ့ ကျွန်မက မေမေပြောသလို အိမ်သန့်ရှင်းအောင်ထားတတ်တဲ့နေရာမှာတော့ အင်မတန်ညံ့လှသူပါ။

ကိန္နရီ ချောင်းခြားပုံပြင်သစ်

                                                            ကိန္နရီ ချောင်းခြားပုံပြင်သစ်
    ဒီကနေ့.. အဝေးရောက်သမီးနှင့် ဖုန်း ပြောရတဲ့အခါ-
"'ဒီစက်ရုံက သမီးကို အလုပ်သင်ပေးခဲ့ တော့ အနည်းဆုံး ငါးနှစ်လောက်တော့ အ လုပ်အကျွေးပြုတဲ့သဘောနဲ့ အလုပ်လုပ်ပေး ချင်သေးတယ်"
ဟု ဆိုသည်။   ဒီစကားမျိုး သမီးဆီက ကြားရတော့ သူမစိတ်ထဲမှာ သမီးလေးတွက် ဝမ်းသာကျေနပ် ဂုဏ်ယူနေမိသလိုလို ခံစားလိုက်ရသည်။သည်သမီးကို လွန်ခဲ့သော ရှစ်နှစ်ကိုးနှစ်ခန့် က..
   "ဖေဖေက မေမေနဲ့သမီးတို့ကိုခွဲပြီး ခုနှစ် နှစ် နေရလိမ့်မယ်သမီး"လို့ ပြောတော့ သမီး က မယုံသလို ဇဝေဇဝါမျက်နှာလေးဖြင့်..။         "ဟုတ်တယ်သမီး၊ ခုနှစ်နှစ်"လို့ သူမ  အသေအချာထပ်ပြောတော့မှ သမီးက-   "ခု သမီး ရှစ်တန်း ဆိုတော့ သမီး တက္ကသိုလ်ဘွဲ့ရပြီး လူကြီးဖြစ်မှ ဖေဖေပြန် လာမှာပေါ့"ဆိုပြီး ဝမ်းနည်းပက်လက် ချုံးပွဲ ချငိုပါတော့သည်။ သူမလည်း ရုတ်တရက် ဘာပြန်ပြောရမှန်း မသိ။                   
နောက်သမီးကို ဖက် ကာ နှစ်သိမ့်ရင်း တွေးကြည့်တော့
"အင်း..၊ သမီး အခု၁၃နှစ်၊ နောက် ၇နှစ် ဆိုရင် အသက် ၂၀မို့ လူကြီးဖြစ်ပြီဆို တာ ဟုတ်တာပေါ့.."။    ဒါပေမဲ့ သမီးအဖေ သူတာဝန်သူထမ်းဖို့ သွားခဲ့တဲ့ ခရီးမှ တကယ်ပြန်လာချိန် မှာတော့ သမီးလူကြီးဖြစ်စ ဘဝဆိုတာကို တကယ် သိနားလည်တဲ့အချိန်၊ တက္ကသိုလ်  ဒုတိယနှစ် မှာဖြစ်သည်။ အဖေပြန်ရောက်လာတော့မှ အဖေမရှိခဲ့ချိန်မှာ သမီးကြီးနဲ့ သမီးငယ်လေး ကို ဘယ်လိုထိန်းကျောင်းပျိုးထောင်ခဲ့ရပုံကို ပြန်ပြောပြရင်းနဲ့ပဲ မူလအမိန့်အော်ဒါထက် စောပြီး မိသားစုရှိရာ မြို့တော်ကြီးဆီကို ပြန် ရောက်လာခဲ့သော ခင်ပွန်းသည်၏ အိပ်မက် ခရီးရှည်ကို ပါရမီဖြည့်ခဲ့ရသမျှကို ပြန်တွေးမိ တိုင်း သူမ ခုချိန်ထိ ရင်မောနေမိသေးသည်။    စဉ်းစားကြည့်လေ..။ ထိုစဉ်တုန်းက သူမဆီလာတွေ့ခွင့်မသာသော ခင်ပွန်းသည် ဆီ သူမ သွားတွေ့တဲ့အခါတိုင်း ပြုံးရ ပျော်ရ ဖို့ထက် ဘာပြောရမည်..၊ ဘာပေးရမည်.. ဆို တာတွေကိုသာ ခေါင်းထဲထည့် ထားပြီး တစ်ခုမှလစ်ဟင်းမကျန်ရစ်ရအောင် ရသမျှ အချိန်တိုလေးအတွင်း စက်ရုပ်တစ်ရုပ်လို စူးစူးစိုက်စိုက် သွက်သွက်လက်လက်ဖြင့် ခင်ပွန်းသည်ရှေ့မှောက်မှာ လှုပ်ရှား ပြောဆို နားထောင်ခဲ့ရတဲ့အဖြစ်..။ 
ဒါတောင်မှ တွေ့ပြီးပြန်လာသည့် အိမ် ပြန်လမ်း အဝေးပြေးကားပေါ်တွင် ဪသာ်၊ ဒါလေးတော့ကျန်သွားပြီ၊ ဒါက ဟိုမိတ်ဆွေ က မှာတာ၊ ဒါက ဟိုအသိက ပြောလိုက်တာ၊ ပြီးတော့ လူမှုရေးနဲ့ သာရေးနာရေး သတင်း တွေ..။ အင်း၊ ဒါတွေထဲကကျန်သွားသမျှ ဟာ နောက်တစ်ကြိမ် သွားဖြစ်တော့မှပြောဖို့ ထားလိုက်ရပေဦး မည်ပေါ့။    ခင်ပွန်းသည်ကတော့ အပြုံးမပျက်ပါ။ နဂိုကတည်းက ခပ်ပြုံးပြုံးနေခဲ့သူမို့လားမသိ။မိသားစုနဲ့ခွဲနေရပြီး ပြန်တွေ့ခွင့်ရတဲ့အချိန် ခဏကလေးမှာပင် သူ့အပြုံးက မပျောက် ပြယ်။ ဒါပေမဲ့ အရောင်တော့ဖျော့သွားသည်။ ခပ်ဖျော့ဖျော့ အပြုံးပေါ့။
သည်တုန်းက သမီးငယ်လေးက မူလ တန်းကျောင်းသူဘဝမှာပင်။
အဖေနဲ့ဝေးနေရ တယ်ဆိုပေမယ့် သူမကတော့ သမီးငယ်ကို လိုအပ်တာထက် ပိုအလိုမလိုက်ဖြစ်ခဲ့။
သမီး က အဖေ့အကြောင်းမေးလျှင် ခပ်အေးအေး ပင် မုသားသကြားခပ်ပါးပါးအုပ်ပြီး ကလေး လက်ခံနိုင်အောင် ရှင်းပြရသည်။ အဖေ့ကို လွမ်းစိတ်နဲ့ ကလေး စိတ်မထိခိုက်စေရသလို  အဖေ့ကိုလည်း မိသားစုကို ခွဲခွာ ထားရစ်ပြီး သူ့အလုပ်တာဝန်ကို ပိုချစ်သူရယ်လို့ အပြစ် မမြင်စေရ။ အဖေနဲ့ ခွဲနေရသော အဖြစ်ကို သမီးလက်ခံသာအောင် ချော့ရ၊ အားပေးရ ရင်း အလားတူ လောကဓံလှိုင်းမျိုးထဲမှာ နို့စို့ ရွယ်ဖြင့် ဖခင်နဲ့ကွဲ ကျန်ရစ်သည့်  အချို့သော လူမမယ်တို့ဖြင့် နှိုင်းကာ ကိုယ့် ဘဝကိုယ် ဖြေသိမ့်ရသည်။

နှလုံးသားချင်းကြားတဲ့တံခါးခေါက်သံ

                   နှလုံးသားချင်းကြားတဲ့တံခါးခေါက်သံ

 

ရည်လေးစိတ်တွေ ကယောက်က ယက်နဲ့။ သော်သော်ကိုသိပ်တွေ့ချင်စိတ်နဲ့ လွမ်း လိုက်တာ။ သော်သော်နဲ့ မတွေ့ဖြစ်တာလည်း တစ်ပတ်နှစ်ပတ်လောက်ရှိသွားပြီ ထင်တယ်။  သော်သော်နဲ့ စတွေ့တဲ့နေ့က စက်ရုံကနေ အစောကြီးပြန်ရောက်ပြီး တစ်ယောက်တည်း ပျင်းပျင်းရှိခိုက် အဆောင်နဲ့ကပ်ရက်ကဲန်တီးန်မှာ ထမင်းဗူးသွားယူရင်း စင်္ကြန်လမ်းလေးမှာ တွေ့ တာလေ။
ပထမတော့သူ့အခန်းရှေ့က နှင်းဆီနဲ့ ရွက်လှပင်တွေ ရေလောင်းနေတဲ့သူ့ကို  ဒီနိုင်ငံ ကတရုပ်ကပြားထင်ပြီး မခေါ်ရဲခဲ့ဘူး။ မဝံ့မရဲ အပြုံးတစ်စနဲ့ လှမ်းမိတ်ဆက်မိပြီးမှ သူ့ဆီက ပြန်ရတဲ့ အပြုံးတစ်ပွင့်နဲ့အတူ မြန်မာ စကားသံ သွက်သွက် နွေးနွေးထွေးထွေး နှုတ်ဆက်သံ ကြောင့် ရည်လေးခြေလှမ်းတွေ ရပ်သွားခဲ့ရတာ။   "ဪ.. အစ်မက မြန်မာလား"
"အေးပေါ့၊ ဘာလဲ၊ အင်ဒိုနီးရှားထင်လို့ လား"
သူကရယ်မောသံစွက်ပြောပေမယ့် ရည်လေးကတော့ ခြေဆုံးခေါင်းဆုံး အကဲခတ် အကြည့်ကို မရုပ်သိမ်းနိုင်ခဲ့ပဲ..
 "အဲဒီလိုတော့ မထင်ပါဘူး၊ အစ်မက အသားဒီလောက်ဖြူတဲ့ဟာကို၊  ရည်လေးက တရုတ် ဒါမှမဟုတ် တခြား ဖောရိန်းနာ ထင်လို့"
သူကပိုကျယ်ကျယ်လောင်လောင်ရယ် ရင်း -
 "မြန်မာပါ၊ လိုအပ်တာရှိရင်လည်းပြော၊ အားမနာနဲ့၊ အစ်မက ဒီကလူခံလိုဖြစ်နေပြီ"   "
"ဒါနဲ့ နာမည်က.."
 "ရည်လေးတဲ့၊ အစစ်တော့မဟုတ်ဘူးနော်၊ ဒီမှာ ခေါ်ရလွယ်အောင်လို့"
  "ဒါပေါ့၊ အရေးကြီးတာက ခေါ်ရလွယ်၊ မှတ်မိလွယ်ဖို့ပဲလေ၊ အစ်မနာမည်လည်း မှတ် ထားပေါ့၊ သော်သော်တဲ့"သူကိုယ်သူ မိတ်ဆက်လိုက်လို့ သူနာမည် ကြားလိုက်ရချိန်မှာပဲ ရည်လေးဖျတ်ကနဲ ဝမ်း သာရင်း မသိစိတ်ထဲမှာလည်း လှစ်ကနဲ စိုးရိမ် သွားတယ်။ မြန်မာပြည်ကနေ အင်ဒိုနီးရှားမှာ အလုပ်လုပ်ဖို့စထွက်လာပြီးရည်လေး အလုပ်ထဲ ရောက်တဲ့အခါ ရောက်နှင့်သူ မြန်မာတချို့က ဒီမှာလုပ်နေတဲ့ မြန်မာအချင်းချင်းတွေအကြောင်း ရည်လေးကိုပြောပြကြရာမှာ သော်သော့် နာမည် လည်းပါပါလာတတ်ပါတယ်။ သော်သော်က ရည်လေးနဲ့ အလုပ်တူ ဌာန တူမဟုတ်လို့ ပတ်သက်စရာအကြောင်းမရှိပေ မယ့် ရည်လေးတို့ အထည်ချုပ်စက်ရုံမှာ ချုပ် ဖို့အထည်တွေ ဆေးဆိုးဆေးရိုက်တဲ့ အခြား စက်ရုံခွဲတစ်ခုမှာ အသက်ခပ်ငယ်ငယ်နဲ့ ရာထူး
ကြီးကြီးတစ်ခုကို ပိုင်ဆိုင်ထားတဲ့သူမို့ ရည်လေး သူ့ကိုစိတ်ဝင်စားတယ်။ သူ့မှာ နောက်ထပ် စိတ်ဝင်စားစရာ အကြောင်း တစ်ချက်က သူက ဒီကမြန်မာအားလုံးနဲ့ ရောနှောမနေသလို လူ တွေက သူ့မှာထူးခြားတဲ့စိတ်သဘာဝရှိသလိုလို၊ အလုပ်အခက်အခဲ ပြဿနာတွေကို ဖြေရှင်းရ လွန်းလို့ တစ်ယောက်တည်း အနေများပြီး ခပ် ကြောင်ကြောင်ဖြစ်နေသလိုလို ပြောတတ်ကြ သေးလို့ပါပဲ။
    ဒါကို သူ့ဖက်က သိမသိ ရည်လေးမပြော တတ်ပေမယ့် ရည်လေးတို့က ပိုင်ရှင်တစ်ဦး တည်း ဖြစ်တဲ့ စက်ရုံခွဲနှစ်ခုမှာ အလုပ်လုပ်ကြ တဲ့ မြန်မာချင်းမို့ သူနဲ့ အဆောင်တစ်ခုမှာ အတူ တူနေရင်းဆုံခဲ့ရတာကို ရည်လေးတော့ ဝမ်းသာ တယ်။ နောက်တော့ ရည်လေးတို့က အကြိုက် ချင်းလည်း တူသလို စိတ်ချင်းလည်းနီးစပ်လို့ သူနဲ့ရည်လေး ပေါင်းလို့ရမှန်း သိလာရတယ်။
    ဘဝကိုပုံစံချပြီး ကိုယ်ပိုင်လှေ၊ ကိုယ်ပိုင် တက်နဲ့ လှော်ခတ်တာချင်းအတူတူ ငြိမ်သက်နေ တဲ့ ကန်ရေပြင်နဲ့ မြစ်ကြိုမြစ်ကြားအစား  ကမ်း မမြင် လမ်းမမြင်တဲ့ ပင်လယ်ပြင်ကိုမှ ရည်လေး တို့က ကူးဖြတ် ကြည့်ချင်ကြတယ်။ ဒါပေမဲ့ ရည်လေးကပျော့တယ်။ မျက်ရည်လည်းလွယ် တယ်။  ပြဿနာကိုရင်ဆိုင်ဖို့အတွက် စိတ်ရှိ လက်ရှိ အားရအောင်ငိုပြီးမှ အားသစ်မွေးပြီး တဖန်ပြန်လည်ရင်ဆိုင်နိုင်တာမျိုး၊ သော် သော်ကတော့ ဒီလိုမဟုတ်။ ဘယ်ဖက်က စမ်း စမ်း၊ ညာဖက်ကစမ်းစမ်း၊ ထက်မှထက် ဆိုတဲ့ အသွားနှစ်ဘက် ဓါးလိုမျိုး။ ဘဝကို ရေတိမ်မှာ နစ်ပြီဆိုတာမျိုးတော့ အဖြစ်မခံ၊ နစ်ချင်းနစ် ရေနက်မှာသာ စုံးစုံးမြုပ်ထိ နစ်လိုက် ပါဆိုတာ မျိုး။ မျက်ရည်ကျဖို့ထက် သရော်ပြုံးပြုံးပြီး အော်ဟစ်ရယ်လိုက်မယ်ဆိုတဲ့ မိန်းမမျိုး။

ရှိုတ်စပီးယားမဖြစ်နိုင်တဲ့ ကျွန်မ


                                                           ရှိုတ်စပီးယားမဖြစ်နိုင်တဲ့ ကျွန်မ
ကျွန်မငယ်ငယ်ကတည်းကစာရေး၊စာဖတ်ာဝါသနာပါတော့ ကျွန်မ၀ါသနာအတိုင်းစာရေးဆရာတစ်ယောက်ဖြစ်အောင်ကြိဲးစားခဲ့ပါတယ်။ကျွန်မနှလုံးသားထဲကခံစားချက်နဲ့ ကျွန်မရဲ့ စိတ်ကူးဥာဏ်ထဲကစကားလုံးလေးတွေပေါင်းစပ်ပြီး စာကြောင်းလေးတွေဖြစ်အောင်ဖန်တီးရာမှာကျွန်မရဲ့မိဘတွေကလွဲလို့ဘယ်သူ့ကိုမှ ဖွင့်မပြောပြခဲ့ပါဘူးကျွန်မလိုမတောက်မခေါက်အရွယ်လေးက တန်ရာတန်ရာမလုပ်ဘူးလို့ ပြောကြဆိုကြမှာ ''အလကား စိတ်ကူးယဉ်ပြီး လျှောက်လုပ်နေတာလို့ "ဟားတိုက်ရယ်မောလှောင်ပြောင်ကြမှာစိုးလို့ပါ။ကျွန်မအဲ့ဒီလိုစားရေးချစ်စိတ်ဖြစ်အောင်ဖန်တီးပေးတာကတော့ အိမ်ရွှေဗီရိုကြီးထဲကစာအုပ်တွေပါပဲ။ရုပ်ပုံလှလှလေးတွေပါတဲ့စာအုပ်ပါးပါးလေးတွေဆိုရင် ချက်ချင်းကောက်ဖတ်ဖို့ ၀န်မလေးပေမယ့်ကတ်ထူအဖုံးကြီးတွေနဲ့ စာအုပ်အထုကြီးဆိုရင်တော့ ကျွန်မဖတ်ကြည့်ဖို့ပျင်းရိနေခဲ့မိတယ်။ဒါကိုသိတဲ့ ဖေဖေက ကျွန်မအိပ်ရာထဲမှာလှဲအိပ်ရင်း စာထပ်အရုပ်မက်တဲ့ အရွယ်မှာအဲ့ဒီစာအုပ်ကြီးထဲကစာတွေကိုသူကိုယ်တိုင်ဖတ်ပြပြီး ကျွန်မနားလည်အောင်ရှင်းပြခဲ့တာ။အဲ့ဒီတုန်းက ကျွန်မအသဲစွဲ ခဲ့ ရတဲ့ဝတ္ထူတွေဆိုမေတ္တာရှင်မလေးပေါ်လီယာနာ၊ မောဂ္ဂလိနဲ့ ဂရင်းညီနောင်ပုံပြင်တွေပေါ့။ပေါ်လီယာနာဝတ္ထူဆို ပုံပြောကောင်းတဲ့ ဖေဖေ့ကြောင့်ကျွန်မကိုယ်တိုင်ပေါ်လီယာနာလို့ထင်ယောင်မြင်ယောင်မျက်ရည်ကျရတဲ့အထိ။ တစ်ခါတစ်လေဖတ်ပြတဲ့ ရွေဥဒေါင်းရဲ့ ဦးစံရှား၊ဇော်ဝိတ်နဲ့သူတော်စိန်တို့ကလည်းကျွန်မအသည်းကို ကိုင်ဆွဲလှုပ်ခတ်နိုင်စွံမ်းရှိတယ်လေ။
အဲ့ဒီတုန်းက ကျွန်မကကျောင်းကသူငယ်ချင်းတွေကြားမှာပုံပြောကောင်းတဲ့ ဆရာမကြီးတစ်ယောက်ပေါ့။ဖေဖေပြောတဲ့ပုံပြင်တွေကို တစ်ဖန်ဖောက်သည်ပြန်ချရတာလေ။ကျွန်မပြောပြတဲ့ ပုံပြင်တွေကိုသူတို့ကစိတ်ဝင်တစားနားထောင်ကြပါတယ်။ကျွန်မရှဲုထိုင်ခုံနားမှာဆိုရင်ကျွန်မနဲ့ ရွယ်တူကလေးတွေဝိုင်းအုံလို့ပေါ့။ဒါပေမယ့်သူတို့က စုန်းမကြီးနှင့်မနှင်းဖြူလေး ၊ နတ်သမီးလေးခုနှစ်ပါးအကြောင်း၊ငလက်မလေးအကြောင်းဆိုစိတ်ဝင်တစားနားထောင်ပေမယ့်ဦးစံရှားရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့လူသတ်တရားခံရှာဖွေမူ့၊တရားခံတစ်ချို့ ရဲ့သနားစရာ ကြေကွဲစရာဇာတ်လမ်းတွေအကြောင်း ၊မထင်မှတ်ထားတဲ့သဲလွန်စသေးသေးလေးကနေ အမူ့မှန်ပေါ်သွားသည်အထိဦးစံရှားကစုံစမ်းထောက်လှမ်းပုံတို့ကျသူတို့ကစိတ်မ၀င်စားနားမလည်သလိုကျွန်မကိုယ်၌ကလည်းသူတို့နားလည်သဘောက်ပေါက်အောင်
ရှင်းပြနိုင်စွမ်း မရှိခဲ့ပါဘူး။အဲ့ဒါက ကျွန်မကပဲ ညဲံလို့လား။သူတို့ကပဲ မိုးသောက်ပန်းနဲ့တေဇလောက်ကိုသာအသဲစွဲတဲ့ပရိသတ်တွေပဲဖြစ်နေလို့လားဆိုတာတော့ ကျွန်မသေချာမသိခဲ့ပါဘူး။
သေချာတာတစ်ခုကတော့ ကျွန်မရဲ့ နုနယ်တဲ့ နှလုံးသားထဲစွဲမြဲ နေတဲ့ အဲ့ဒီဇာတ်လမ်းတွေကြောင့် ကိုယ်ခံစားရတဲ့ ခံစားချက်ကိုသူတပါးကိုပြောပြချင်တဲ့ အကျင့်ကငယ်ငယ်ကတည်က အမြစ်တွယ်နေပုံရတယ်။အဲ့ဒီအကျင့်ကြောင့် သည်စာရေးသူဘ၀ကိုခံယူခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ကျွန်မရဲ့ ၀တ္ထူလေးမဂ္ဂဇင်းမှာစပါတော့ ဘယ်လိုမှမျှော်လင့်မထားခဲ့သလိုကျွန်မစာရေးနေကြောင်းမသိတဲ့သူတွေလည်းအံသြကုန်ကြတယ်။