ဆုံးစမဲ့ သံယောဇဉ်မြစ်ကလေး
ခင်ယွန်းပြုံးနေမိသည်။ ကြားရဖန်များသော်လည်း ဒီစကားတွေကြားတိုင်း ကြည်နူးသည့်စိတ်ကို ဖုံးကွယ် မထားနိုင်ခဲ့။ အပြုံးတစ်ပွင့်က နှုတ်ခမ်းထပ်မှာခိုတွဲလျက်ရှိသည်။ လေအ၀ှ့တွင် ခြံထဲကဆိတ်ဖလူးပန်းရနံ့ သင်းသင်းလေး လွှင့်ပျံ့လာသည်။ မေမြတ်က ရေနွေးတစ်ခွက်သောက်ရင်း သူ့စကားကိုဆက်သည်။
“အဲ့ဒါ နင် သိတယ်မဟုတ်လား ခင်ယွန်း”
“ငါက ဘာကိုသိရမှာလဲ”
ခင်ယွန်း မေမြတ်ကို တမင် ဘုတောတောလိုက်သည်။
“အံမယ်၊ မသိချင်ယောင်ဆောင်နေပြန်ပြီ။ ကျော်မောင် နင့်ကိုစိတ်ဝင်စားနေတဲ့ အကြောင်းလေ”
“ဟုတ်ပ၊ နင့်ကို ကြည့်တဲ့ သူ့မျက်လုံးတွေမရိုးဘူးဆိုတာ လူတိုင်းသိပါတယ်နော်။ ဘာလဲ နင်က တော့ မသိပါဘူးလို့ ပြောချင်တာလား”
ငုဝါကပါ ခင်ယွန်းမျက်နှာကို စေ့စေ့ကြည့်ရင်းဆိုပြန်သည်။
“ငါတို့ကလေ ဘယ်သူကစလှုပ်မလဲလို့ စောင့်ကြည့်နေတာ၊ အခု မြင်းကလည်းမလှူပ်၊ ခုံကလည်းမလှူပ် တော့ ငါတို့တွေပဲ လှူပ်အောင်ဝိုင်းလုပ်ရမလားလို့”
လဲ့လဲ့ကပါ အရွှန်းဖောက်ရင်း ခင်ယွန်းကို အကဲခတ်လာတော့၊ခင်ယွန်း မနေတတ်တော့ပြီ။
“ကဲ မိန်းမတွေ၊ ညည်းတို့ စိတ်ထင်တိုင်းလျှောက်ပြောနေတော့မှာလား ၊ ညဉ့်နက်လှပြီနော်။ ပြန်ကြ တော့”
“ပြန်မှာပါ။ မပြန်ခင် သိချင်တာလေးရှိသေးတယ်။ ဟိုတလောက သာဒိန် နင့်ကိုရည်းစား စကားပြော တော့ နင်က ငါ့မှာချစ်ရမဲ့သူရှိတယ်လို့ ပြောလိုက်တယ်ဆို၊ အဲ့ဒါ ဘယ်သူလဲ ဆိုတာငါတို့ကို ခုပြောပြပါလား”
မေမြတ်က ပြုံးစစနှင့် အမေးအမြန်းထူနေနေစဉ် လဲ့လဲ့က ၀င်ပြီး
“ဟဲ့ အဲ့ဒီတုန်းကလေ ကျော်မောင်ကဘာမဆိုင်ညာမဆိုင် သာဒိန်ကို သွားချဲတာနော်။ ငါတို့ကြားလိုက်ပါ သေးတယ်။ ခင်ယွန်းကို မနှောင့်ယှက်ဖို့ သွားပြောတာတဲ့။ နင် အဲ့ဒီတုန်းက ဘယ်လိုခံစားရလဲခင်ယွန်း၊ ကျော်မောင့်ကို ဒေါသထွက်လား၊ ဒါမှမဟုတ် ကျေးဇူးတင်လား”
ခင်ယွန်း သူ့တို့ကိုအဖြေမပေးပဲ ကွပ်ပျစ်ပေါ်မှ အတင်းမောင်းထုတ်ပစ်သည်။
“ကဲ မိုးချုပ်နေပြီ၊ ပြန်ပါတော့ ဆိုနေမှပဲ။ နင်တို့တွေ နောက်တစ်ခါ အဲ့ဒီအကြောင်းကိုပဲ လာလာပြောဦး မယ်ဆိုရင် ငါ့ အိမ်လာမလည်နဲ့တော့။ ငါဧည့်ခံမှာ မဟုတ်ဘူး”
တမင်ဟန်လုပ်ပြီးပြောသည့် စကားကိုသူငယ်ချင်းများက သဘောပေါက်ဟန် ရယ်မောနောက်ပြောင်ရင်း နှုတ်ဆက်ထွက်သွားသည်။ သူတို့ပြန်သွားမှ လက်ဖက်ပန်းကန်၊ ရေနွေးပန်ကန်များသိမ်းပြီး အိပ်ရာဝင်ရသည်။ အိပ်ရာထဲအရောက်ခြေထောင်အမိုးကိုလှမ်းမော့ကြည့်တော့ ဗြုန်းကနဲ ကျော်မောင့် မျက်နှာကြီးပေါ်လာသည်။ မျက်လုံးအတင်းဇွတ်မှိတ်လိုက်သော်လည်း တလက်လက်တောက်ပနေသော ညို့ရီနွဲ့ အနက်ရောင်မျက်ဝန်းတစ်စုံ ကို မျက်စိထဲ ဖျောက်လို့မရ။ မျက်လုံးများသည် နှလုံးသား၏ ပြတင်းပေါက် ၊ စိတ်၏ ထွက်ပေါက်ဟု ဆိုကြသည်။ ကျော်မောင်ဖွင့်မပြောရသေးသော်လည်း မျက်ဝန်းမှတဆင့် သူ့ရင်ထဲ မေတ္တာအစိုင်အခဲကို ခင်ယွန်း လှမ်းတွေ့ နေ နေရပြီပဲ။ ဒါဆို ကျော်မောင်သည်လည်း ခင်ယွန်းမျက်ဝန်းတွေမှတဆင့် ချစ်စကားသံ တိုးလျလျ ကိုကြားသိနေ ရပြီလား။ အို... ။ ရှက်စိတ်ကြောင့် ခင်ယွန်းအိပ်မပျော်နိုင်ပဲ အိပ်ရာထဲ ဟိုလှိမ့်၊ ဒီလှိမ့် လှိမ့် နေမိသည်”
ကျော်မောင်ဆိုသည်မှာ ခင်ယွန်းနှင့် လုံးလုံးမနီးစပ်သော သူစိမ်းမဟုတ်။ ငယ်သူငယ်ချင်း၊ ကျောင်းနေ ဖက်၊့ ကစားဖော် ၊ ရန်ဖြစ်ဖော်။ ကျော်မောင့်အဖေဆုံးတော့ ကျော်မောင်ရှစ်တန်း ကျောင်းသားအရွယ် ။ ဒါပေမဲ့ အမေမုဆိုးမကြီးက ကျောင်မောင့်ကို ပင်ပင်ပန်းပန်း ရှာဖွေပြီး ကျောင်းဆက်ထားရှာသည်။ ပညာတတ်ကြီးဖြစ်စေ ချင် သည့် အမေ့ဆန္ဒကို ဖြည့်ဆည်းချင်သော်လည်း ကျောင်းစာထဲ ကျော်မောင် စိတ်ဝင်စားမူလျော့ပါးခဲ့လေပြီ။ ဆယ်တန်းရောက်သောနှစ်တွင် အမေ့ကိုတောင်းပန်ပြီး ကျောင်းထွက်ကာ သူလယ်ထဲဆင်းသည်။ ကျော်မောင်တို့ အိမ်၏အနောက်ဘက် ခြံကျယ်ကြီးထဲ ရာသီသီးနှံမျိုးစုံစိုက်ပျိုး၍ ဆောင်းဦးကျချိန်တွင် မြို့ပေါ်ဈေးသို့ တက်ရောင်း လေ့ရှိသည်။ ရိုးရိုးသားသား သူရှာရသမျှပိုက်ဆံတွေအားလုံးကို အမေကိုအပ်ပြီး အိမ်မှာအတူလာနေသော အဒေါ် အပျိုကြီး နှစ်ယောက်ကို လုပ်ကျွှေးနေသော ကျော်မောင်သည် ခင်ယွန်းသိပ်ချစ်ရသောသူပင် ဖြစ်သည်။ ခင်ယွန်း ကတော့ ငယ်ငယ်တည်းက ကျော်မောင့်လောက် စာမတော်သူမို့ခင်ယွန်းအောက် အငယ်နှစ်ယောက်ကို ငဲ့ပြီး အလယ်တန်းအဆင့်နှင့်ပင်ကျောင်းထွက်ခဲ့ရသည်။ ထို့နောက် အိမ်ဆိုင်လေးဖွင့်ပြီး အမေနှင့်အတူ ကုန်ခြောက် ကလေးများရောင်းကာ မိသားစုထမင်းအိုးအတွက် တထောင့်တစ်နေရာက စီးပွားရှာနေသော ခင်ယွန်းအပေါ် မျက်စိကျသော ရွာကာလသားများ များလှသည်။ ထိုထဲတွင် ကျော်မောင် တစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။ ဒါကိုခင်ယွန်းရိပ်မိသော်လည်း မသိကျိုးကျွံပြုကာ သူငယ်ချင်းတစ်ယောက်လို သူ့အပေါ် ရင်းရင်းနှီးနှီးဆက်ဆံမိ သည်။ သူ့အပေါ် ရိုးသားပွင့်လင်းစွာ ဆက်ဆံသော်လည်း သူနှင့်တွေ့တိုင်း တထိတ်ထိတ်ခုန်နေသော ရင်ခုန်သံ ကိုတော့ ခင်ယွန်း မညာနိုင်ခဲ့။ အထူးသဖြင့် အမေနှင့်အတူ မနက်ပိုင်းဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့တိုင်း ကျောင်မောင်တို့ အိမ်ရှေ့ဖြတ်ချိန်တွင် ဆူညံနေတတ်သော ရင်ခုန်သံကို ခင်ယွန်းအတိုင်းသား ကြားရလေ့ရှိသည်။
“ဒေါ်လေး ဆွမ်းချိုင့်ပို့ပြီလား။ ဒီမှာကောက်ညှင်းပေါင်းလေး ဆရာတော့်အတွက် လူကြုံပေးဦး မယ်”
“ဟဲ့ မလေးရင်က ဆွမ်းမပို့ဘူးလား”
“အမေက ဒီနေ့ နေ့ဆွမ်းမှပဲပို့တော့မယ်တဲ့။ အိပ်ယာထနောက်ကျသွားလို့”
“သြော် အေး၊ ညနေကျ တို့အိမ်ဘက်ရောက်ရင် ၀င်ခဲ့ပါဦးလို့”
“ဟုတ်ကဲ့။ အမေလည်း ဒေါ်လေးနဲ့ မတွေ့တာ ကြာလို့ ပြောနေတယ်”
ကျော်မောင်က အမေ့ကိုစကားပြောရင်း မျက်ဝန်းတွေကတော့ ခင်ယွန်းရှိရာသို့ တရစ်ဝဲ၀ဲ ရောက်လာသည်။ ခင်ယွန်းပါးမှ သစ်ရွက်ပုံသနပ်ခါး ပါးကွက်လေးကို လှမ်းကြည့်ရင်း
“ခင်ယွန်း နင့် ဒီနေ့ မြစ်ဆိပ်မှာရေသွားမခပ်နဲ့ဦးနော်။ ညတုန်းကမိုးရွာထားလို့ ရေတက်နေတယ်တဲ့”
“ရေက အဲ့လောက်လည်း မတက်ပါဘူး ငါသိပါတယ်။ မေမြတ်တို့လည်း ပါတာပဲဟာ”
“မေမြတ်တို့ ပါ ပါ မပါပါဟာ၊ ဟိုမှာသောင်ပြင်တစ်ခုလုံးရွံ့လုံးလုံးဖြစ်နေတာ နင်မတွေ့ဘူး လား။ နင်ချော်လဲဦးမှာစိုးလို့ပြောနေတာ။ ပြီးတော့ ရေတွေကလည်းတစက် ကြည်တာမဟုတ်ဘူး။ ငါခြံထဲက တွင်းကနေပဲ ရေဆွဲလာပေးမယ်။ ငါလည်း ဒီနေ့တော့လယ်ထဲဆင်းဖြစ်မှာ မဟုတ်ပါဘူး။ နေ့လည်ပိုင်း လောက် နင့်အိမ်ကို လာခဲ့မယ်”
ခင်ယွန်းရေချိုးရန်အတွက် သူရန်ဆွဲပေးမည်ကို မသိကျိုးကျွံပြုရင်း စကားမပြန်ပဲ မျက်စောင်းထိုး လိုက်သည်။
“ ငမောင်ရေဆွဲပေးမယ်ဆိုလည်း ဒီနေ့တစ်ရက်တော့ မြစ်ဆိပ် မဆင်းပါနဲ့တော့ သမီးရယ်”
အမေ့စကားကို ခင်ယွန်းဘာမှစောဒက မတတ်တော့သည့်ဟန် နှုတ်ဆိတ်နေမိသည်။ တစ်ပတ် တစ်ခါလောက် ခင်ယွန်းတို့အိမ်မှာ သူရေဆွဲရင်း၊ ထင်းခွဲရင်း လူပျိုလှည့်နေသည့် အကြောင်းကို အမေတို့၊ အဖေတို့များ မသိနိုင်လျော့သလား ခင်ယွန်းစဉ်းစားမိသည်။ အဖေဆိုရင်လည်း ဘာထူးလဲ။ သူရောက်လာသော နေ့ဆိုလျှင် ခြံထဲရှိသမျှ အပင်များရှင်းလင်းသုတ်သင်ခိုင်းတော့သည်။ တခါတရံလည်း ခြံစည်ရိုးပြင်သည်။ ခြံထောင့်က လွတ်နေသော နေရာတွင် သရက်ပင်ပေါက်၊ သင်္ဘောပင်ပေါက်လေး များစိုက်မည်။ တစ်ဖက်ခြံ ထဲသို့ ကိုင်းညွှတ်ကျနေသာ အပင်များကို ခုတ်ထွင် ရှင်းလင်းခိုင်းမည်။ ခင်ယွန်း ညီမလေးကလည်း သူရောက်လာလျှင် သရက်သီးခူးဖို့၊ အုန်းသီးခွဲဖို့ အလုပ်ရှုပ်ဦးမည်။ မူလတန်းကျောင်းသား အငယ်ဆုံးလေးက ကျော်မောင်ရောက် လာလျှင် သူ့သူငယ်ချင်းကစားဖော်များကို အိမ်သို့ခေါ်ပြီး ရွံ့ရုပ်၊ချိုးရုပ်လေးများ အတင်းပူဆာ လုပ်ခိုင်းတတ် သည်။ ခင်ယွန်းတို့ တစ်မိသားစုလုံးနှင့် ရင်းနှီးလွန်းလို့များ ကျော်မောင်က ခင်ယွန်းကို အပိုင် တွက်ပြီး ချစ်စကား၊ ကြိုက်စကား မပြောတာလားဟု တခါတရံ တွေးတောမိသည်။ သူ့ ရင်ထဲက ခံစားချက်ကို လျစ်လျူရူပြီး မိဘများကနေတဆင့် နားဖောက် လိုက်ရင် မခက်ပါလား။ သည်လိုသာဆိုရင် အနှစ်နှစ် အလလ မျှော်လင့်မိသော ငယ်ချစ်ဦး၏ ချစ်စကားသည် ခင်ယွန်း၏စိတ်ကူးယဉ် အိပ်မက်တွေထဲ၌ သာ တဖြည်းဖြည်း ပျောက်ကွယ်သွားပေတော့မည်။
+++
Saturday, September 14, 2013
Tuesday, August 27, 2013
နေ၀င်ချိန်တိမ်တောက်ပါရစေ
ဒီနေ့ ဒီဇင်ဘာနှစ်ဆယ့်ငါး၊
ခရစ္စမတ်နေ့ဟာ ကျွန်မ မေမေရဲ့ မွေးနေ့ပါ။ ဒါကြောင့် မွေးနေ့ကုသိုလ်အဖြစ် ဘိုးဘွားရိပ်သာမှာ
ဆွမ်းပဒေသာပင်အတွက် ပိုက်ဆံလှူရင်း ဘဏ်မန်နေဂျာအမေက ကျွန်မလက်ထဲကို နှစ်ရာတန် ပိုက်ဆံ
အသစ်ကလေးတွေ လာထည့်ပေးတယ်။ အဘိုးအဘွားတွေကို လည့်ပတ်ကြည့်ရင်း၊ ကိုယ်တိုင်ကိုယ်ကျ တနိုင်လေး
လက်ထဲ ထည့် လှူဖို့ တဲ့။ သူ့လက်ထဲမှာလည်း ထွန်းရွှေဝါ ပုလင်းတွေ အများကြီး ကိုင်ထားရင်း
တခန်းဝင် တစ်ခန်းထွက် အဘိုးအဘွား တွေ ကို လိုက်ကြည့်တဲ့ အခါတိုင်း အမေက ဆေးတစ်ပုလင်းစီ
သူတို့လက်ထဲ ထည့်ပေးသလို၊ ကျွန်မကလည်း ပိုက်ဆံနှစ်ရာ တန် လေးတစ်ရွက်စီကို ရိုရိုသေသေနဲ့
ကမ်းပေးဖြစ်တယ်။ အဘိုးတွေနေတဲ့ အဆောင်ကို အရင်ရောက်သွားတော့ ကျွန်မတို့ကို ပြုံးပြ
နှုတ်ဆက်ပြီး မေးသမျှပြန် ဖြေတဲ့ အဘိုးတွေရှိသလို ကျွန်မတို့ကို မြင်တာနဲ့ လမ်းလျှောက်တုတ်ကိုင်၊
လျှောက်လာပြီး အလှူရှင် တွေ ကို လာနှုတ်ဆက်တဲ့ အဘိုးတွေလည်း ရှိတယ်။
တချို့နေသိပ်မကောင်းတဲ့သူတွေကတော့ ကုတင်ပေါ်မှာပဲလှဲရင်း ငေးကြည့်နေသလို၊ တချို့ကတော့ မျက်မှန်ထူထူကြီး နဲ့ စာဖတ်နေရာက မျက်ဝန်းတချက်လှန်ကြည့်ပြီး ဂရုမစိုက်သလို မသိကျိုးကျွံပြုလို့ စာပြန်ဖတ်နေတဲ့ အဘိုးတွေကိုလည်း တွေ့ခဲ့ရ တယ်။ အဲ့ဒီထဲကတစ်ယောက်ကတော့ ထူးထူးခြားခြား ကျွန်မသူ့အနားရောက်သွားတာနဲ့ “ရွှေဘိုကလာတာ လား၊ ရထားစီး လာ တာလား ကားစီးလာတာလား ”လို့ မေးပါတော့တယ်။ ဒီတော့ ကျွန်မက လည်း ရွှေဘိုကလာတာ မဟုတ်တဲ့အကြောင်း၊ ရန်ကုန်မှာပဲ နေတဲ့အကြောင်းကို ပြောပြဖြစ်ပေမယ့် သူကတော့ အဲ့ဒီ မေးခွန်းကိုပဲ သိချင်စိတ်လွှမ်းနေတဲ့ မျက်ဝန်းလေးနဲ့ ထပ်ခါထပ်ခါပြန်မေးနေတော့တယ်။ အဲ့ဒီအဘိုးဟာ ရွှေဘိုမှာ နေတဲ့ သူ့မိသားစု လာတွေ့မယ့်အချိန်ကို မျှော်နေတာလား။ ဒါမှမဟုတ် သူကရွှေဘိုဇာတိမို့သူ့မြို့ကလေးကို စိတ်စွဲပြီး ကျွန်မ တို့ကို ရွှေဘိုကနေ အလည်လာတဲ့သူတွေလို့ ထင်မြင်နေတာလား။ ဝေခွဲမရနိုင်တဲ့ အတွေးတွေနဲ့ပဲ သူ့မေးခွန်းအတွက် ဆီလျော်တဲ့ အဖြေတစ်ခုကို သူကျေနပ်သွားအောင် ကျွန်မဘက်က ဖန်တီးပြီးမပေးနိုင်ခဲ့ပါဘူး။ သူ့လက်ထဲ တန်ဖိုးသိပ်မရှိလှတော့တဲ့ နှစ်ရာ တန်လေးတစ်ရွက်ရယ်၊ ဒဏ်ကြေလိမ်းဆေးဗူးလေးရယ်ကို ထည့်ပေးလိုက်တော့ “ ကျေးဇူးတင်ပါတယ် သမီးလေး”ဆိုပြီး ဆုတွေ တသီကြီး မဆုံးနိုင်အောင် ပေးပါသေးတယ်။
နောက်တော့ အဘွားတွေရဲ့အဆောင်ဘက်ကို ကျွန်မတို့ကူးလာတဲ့အခါ အသက်အပိုင်းအခြားအရ အခန်း တွေခွဲပြီး ထား ထားတာကိုတွေ့ရတယ်။ ပလက်တီနမ်ရောင်ဆံပင်တွေကို ဘီးစပတ်ပတ်ထားပြီး မျက်စိမှုန်ခါးကိုင်းကာ အရိုးပေါ် အရေတင် နေပေမယ့် သနပ်ခါးဘဲကြားနဲ့ အပြတ်စားပဲများမယ် ဆိုတဲ့ စိုင်းစိုင်း သီချင်းထဲကလိုပဲ အဘွားတွေ အားလုံး သနပ်ခါး အဖွေးသားနဲ့ကိုယ်စီကိုယ်ငှ အလှချင်း ပြိုင်လျှက် ရှိတယ်။ ကျွန်မတို့ကို မြင်တော့ ပြုံးရွှင်စွာ ကြိုဆိုနေ သူတွေရှိသလို တချို့အဘွားတွေကတော့ အိပ်ယာထဲလှဲနေရင်းမှ ကျွန်မလက်ထဲ သိပ်မကျန်တော့တဲ့ နှစ်ရာတန်လေးတွေကို အတင်း လက်ဖြန့် တောင်း နေပါတော့တယ်။ တချို့ကတော့ စကားပြောဖော်မရှိသူတွေမို့ ဧည့်သည်ဖြစ်တဲ့ ကျွန်မလက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ပြီး တစ်နေ့တာ သူရဲ့လုပ်ဆောင်ချက်တွေကို အချိန်ဇယားအလိုက် စီကာရီကာပြောပြကြတယ်။ သူတို့ထဲမှာလည်း သတိမေ့ပြီး သူငယ်ပြန်ချင်ချင် ဖြစ်နေတဲ့ အဘွားတွေ၊ သတိကောင်းပေမဲ့ ခြေထောက်နဲ့ခါးရိုးတွေ မသန်မာတော့ လို့ အိပ်ယာထဲကနေ ကျွန်မတို့ကို နုတ်ဆက်ပြုံး ရုံ လောက်သာ ပြုံးပြနိုင်တော့တဲ့ အဘွားတွေကို လည်းတွေ့ရတယ်။ သူတို့ထဲမှာ ဘွားရင်စိုး ဆိုတဲ့ အဘွားကတော့ ကျွန်မတို့တွေ သူ့အနား ကပ်လိုက်တာနဲ့ “ငါးမုန့်ကြော်စားချင်တယ် ငါးမုန့်ကြော်စားချင်တယ်” ဆိုပြီး ပူဆာပါတော့တယ်။ ကျွန်မတို့မှာလည်း ငါးမုန့်ကြော်က ပါမလာတော့ “နောက်တစ်ခေါက်လာရင် ဝယ်ခဲ့မယ်နော် အဘွား”ဆိုပြီး ချော့မော့နှစ်သိမ့်ရတယ်။ ကလေးတစ်ယောက်လို ငါးမုန့်ကြော်စားချင်လို့ ဂျီကျပူဆာနေတဲ့ အသက် ခုနှစ်ဆယ် ကျော် ဘွားရင်စိုးအဖြစ်ကို မြင်တော့ နာမည်တပ်ရခက်တဲ့ ဝေဒနာ တစ်ရပ် ကွှန်မရင်ကို ပူလောင်ဆွေးမြေ့စေတယ်။ ၀န်ထမ်းအစ်မ တစ်ယောက်က ကျွန်မတို့မျက်နှာ တွေကိုကြည့်ပြီး ပူဆာနေတဲ့ ဘွားရင်စိုး အနားလာပြီး
“အဘွားစားချင်တဲ့ ငါးမုန့်ကြော် ခု ကြော်နေပြီအဘွားရဲ့။ ဧည့်သည်တွေလာရင် မပူဆာရဘူးလို့ ကျွန်မပြောထား တယ် မဟုတ်လား ”လို့ ချိုသာစွာပြောတဲ့အခါ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အမျိုးသမီးကို ငေးကြည့်ကာ ခေါင်း တဆတ်ဆတ် ညိတ်ပြတယ်။ ဝန်ထမ်းအမျိုးသမီးကလည်း ကျွန်မတို့ဘက်ကို လှည့်ကြည့်ပြီး..
“ဒီအဘွားက ငါးမုန့်ကြော် သိပ်ကြိုက်တာ၊ နေ့တိုင်းလိုလို သူ့ကိုထမင်းကျွေးတဲ့အခါတိုင်း ငါးမုန့်ကြော်နဲ့ ထမင်း ကျွေးရတယ်၊ တခါတလေလည်း စားပြီးလို့ စားပြီးမှန်းလည်း မသိဘူး၊ မျက်နှာစိမ်းတွေ မြင်ရင်လည်း ပူဆာလို့ ရတယ်ထင်ပြီး ကလေး တစ်ယောက်လို့ ဂျီကျနေတတ်တာ” လို့ပြောပြရင်း၊ တခြားအဘိုးအဘွားတွေအကြောင်းလည်း စကားဆက်လာတယ်။
“ ဒီမှာကတော့ အစ်မရယ်။ အဘိုးအဘွားတွေ အားလုံးကို ကျွန်မတို့ ဝန်ထမ်းတွေက ကိုယ့်အဘိုးရင်း၊ အဘွားရင်း တွေလို စောင့်ရှောက် ပေးပါတယ်။ အလုပ်လုပ်တာလည်း ကြာပြီဆိုတော့ သံယောဇဉ်က ဖြစ်နေပြီလေ။ တခါတလေတော့လည်း သူတို့ ဖြစ်ချင်တာ၊ လိုချင်တာမှန်သမျှ ကိုယ့်ဘက်က စိတ်တိုင်းကျဖြည့်ဆည်း ပေးဖို့ မလွယ်ပါဘူး။ အဘိုးအဘွားတွေက အများ ကြီးဆိုတော့ ဒီလိုပဲ တာဝန်ကျရာ ဝန်ထမ်းအချင်းချင်း ညှိညှိနှိုင်းနှိုင်း လုပ်ကြရတာပဲ။ ” သူနဲ့အတူ စကားတပြောပြော လျှောက်လာရင်း ကလေးတစ်ယောက်လို ကွေးကွေးလေး အိပ်နေတဲ့ အသက်ရှစ်ဆယ်ကျော် အဘွားတစ်ယောက်ရဲ့ ကုတင်နား ရောက်လာတယ်။ ဝန်ထမ်းအစ်မက အဘွားကိုငေးကြည့်ရင်း..
“ တကယ်တမ်းသူတို့လို သက်ကြီးပိုင်းတွေဆို သားသမီး၊ ဆွေမျိုး တစ်ယောက်ယောက်နဲ့ အတူနေသင့်တာ။ သူတို့ အသည်းအသန်နေမကောင်းလို့ ဆေးရုံတက်ရတာမျိုး၊ ခွဲစိတ်ခန်းဝင်ရတာမျိုး ဆိုရင်တောင် လာကြည့်တဲ့သူ၊ သတင်းမေးတဲ့သူ မရှိကြတာ အရမ်းသနားဖို့ကောင်းတာပဲ။ ကျွန်မတို့အားလုံးကတော့ ကုသိုလ်ဖြစ် ဝန်ထမ်းတွေဆိုတော့ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် အဘိုးအဘွားတွေ အားလုံးကို ကိုယ့်အဘိုး၊အဘွားတွေလို စေတနာအပြည့်နဲ့ ပြု စု စောင့်ရှောက်ပေးပါတယ်။ ကိုယ့်မှာဆို လည်း ဒီလို သက်ကြီး ပိုင်း အဖေအို၊ အမေအိုတွေ ရှိတာပဲလေ”
ကျွန်မတို့နားလည်အောင် ရှင်းပြနေတဲ့ ဝန်ထမ်းအစ်မရဲ့စကားကို နားထောင်ရင်း ကျွန်မ အတွေးတွေ အားလုံးကလည်း ကျွန်မကိုချစ်တဲ့ နှစ်ဖက် အဘိုး၊အဘွားတွေဆီ ရောက်သွားပါတော့တယ်။ အဘိုးတွေ နှစ်ယောက်စလုံးကတော့ ကျွန်မငယ်ငယ် ကလေးတည်းက ဆုံးပါးသွားခဲ့တာမို့ကျွန်မမှာ အဘိုးတွေနဲ့ ပတ်သတ်ပြီး ဘာမှ အမှတ်တရ ထွေထွေ ထူးထူးမရှိပါဘူး။ သူတို့နဲ့ပတ်သတ်တဲ့ အတိတ်ပုံရိပ် အားလုံးကလည်း ကျွန်မရဲ့ အာရုံထဲမှာ ဝေဝါးမှုန်မှိုင်းလို့နေပါတယ်။ ကျွန်မတို့မြေးတွေက မေမေကြီး လို့ ခေါ်တဲ့ အဖေရဲ့အမေနဲ့ ဘွားမေလို့ခေါ်တဲ့အမေ့အမေ ကျွန်မအဘွားနှစ်ယောက်စလုံးနဲ့ ပတ်သတ်ရင်တော့ မမေ့နိုင်တဲ့ အမှတ်တရတွေ အများကြီးရှိတယ်။ မေမေကြီး ရဲ့ ညီမ အဖေ့အဒေါ်တော်သူ အဘွားကလည်း အိမ်ထောင်မကျတဲ့ အပျိုကြီး ဆိုတော့ ကျွန်မတို့ မြေးတွေကို အရမ်းချစ်၊ အရမ်းအလိုလိုက်ပြီး ပြောမကုန်နိုင်တဲ့ ကျွန်မတို့ရဲ့ အတိတ်ရဲ့နေ့ရက်တွေကို တိုက်ဆိုင်မူ တစ်ခုခုရှိတိုင်း ပြန်ပြောင်း သတိရ အောက်မေ့စေသူပါပဲ။
ဒါကြောင့် ဘိုးဘွားရိပ်သာဆီရောက်ပြီး အဘိုးတွေ၊ အဘွားတွေကို မြင်တော့ မရည်ရွယ်ပဲ ကျွန်မရဲ့အဘွားတွေ အကြောင်းကို စဉ်းစားမိသွားတယ်။ ကျွန်မတို့ ဘွားမေလို့ ခေါ်တဲ့ အဘွားဖြစ်သူက အသက်သုံးဆယ့်ငါးနှစ်အရွယ်မှာ မုဆိုးမဖြစ်ပြီး ကျွန်မအမေအပါအဝင်သား သမီးငါးယောက်စလုံး ကို ကျွှေးမွေးပြုစုခဲ့သူမို့၊ အရာရာကို ချွေချွေတာတာနဲ့သုံးစွဲတတ်တဲ့ အကျင့်က အမေ၊အဖေနဲ့ အိမ်ထောင်ကျပြီး ကျွန်မတို့ မိသားစုနဲ့အတူ သူလိုက်နေစဉ်အချိန်အထိ အရိုးစွဲသလို ဖျောက်ဖျက် မရခဲ့ဘူး။ အသက်အရွယ် ရလာပေမယ့်လည်း သူ့ပိုက်ဆံလေးတွေကို အလှူဒါနပြုရုံကလွဲပြီး ကျန်တဲ့အချိန်တွေမှာ ထုတ်မသုံးတတ်သူမို့ ကျွန်မတို့ မြေးတွေအားလုံးကလည်း သူ့ကိုဆို ဘွားဘွား ကပ်စေးနှဲကြီးလို့ နာမည်ပြောင်လေး တိတ်တဆိတ် ကင်ပွန်းတပ်ခဲ့မိ တယ်။ ဒါကို အမေက သိတော့ ကွယ်ရာမှာ အဘွားကို အဲ့ဒီလိုပြောရကောင်းလားဆိုပြီး ကျွန်မတို့ကို ကြိတ်ဆူပါတယ်။
“သမီးတို့နော်။ ကိုယ့်အဘွားကို ကပ်စေးနှဲတယ်၊ ကပ်စေးနှဲတယ်ဆိုပြီး လျှောက်ပြောမနေကြနဲ့၊ သူ ချွေတာသုံးတတ်လို့၊ မေမေတို့ မောင်နှမတွေ လူဖြစ်လာကြတာ၊ မဟုတ်ရင်တော့ ဘယ်လွယ်လိမ့်မလဲ။ သမီးတို့အဖိုးဆုံးတော့ ဘွားမေ အသက်က သုံးဆယ့်ငါးနှစ်စွန်းစ၊ ဘာမှလည်း ဟုတ်တိပတ်တိလုပ်စား တတ်တာမ မဟုတ်ဘူး။ မေမေတို့အားလုံးကလည်း ငယ်ငယ်လေးတွေ ဆိုတော့ သူ့ခမျာ မျက်စိသူငယ်၊ နားသူငယ်နဲ့ အဘိုးချန်ခဲ့တဲ့ ပိုက်ဆံလေးတွေကိုပဲ ခြစ်ကုတ်ပြီး ကလေးငါးယောက်စလုံး ကို ကျောင်း ထားပေးခဲ့ရတာ။ အဖွားသာ အသုံးအစွဲကြီး ပြီး ဖြုန်းတီးတတ်တဲ့ မိန်းမဆိုရင် အခုလောက်ဆို မေမေတို့အား လုံး လမ်းဘေး ရောက်နေပြီ။ ဒီလိုမျိုး ကောင်းကောင်းမွန်မွန်နဲ့ လူလားမြောက်လာမှာတောင်မဟုတ်ဘူး။ ဒါကြောင့် သမီးတို့ အဘွား ကပ်စေးနှဲတယ်လို့ မမြင်ကြနဲ့တဲ့”
မေမေပြောပြတာကို ကျွန်မတို့အားလုံး နာလည်ကြပေမယ့်၊ ဘယ်သူဘယ်လိုပြောပြော ကျွန်မတို့မြေးတွေကတော့ ဘွားမေကပ်စေးနှဲ တာကို ဟာသတစ်ခုလိုလုပ်ပြီး ကြုံ ရင်ကြုံ သလို ပြောတတ်ကြစမြဲပါပဲ။ ကျွန်မ အလယ်တန်း ကျောင်းသူဘဝ တုန်းက အိမ်နဲ့ တစ်လမ်းကျော် သာ ဝေးတဲ့ဆေးခန်းကို ဘွားမေသွားတိုင်း ကျွန်မကအဖော်အဖြစ် လိုက်သွားပေးရတယ်။ ဆေးခန်း မရောက်မချင်း တစ်လမ်းလုံးမှာရှိတဲ့ အိမ်တွေကို အိမ်ပေါက်စေ့ သူလိုက်နှုတ်ဆက်တတ်တဲ့ အခါတိုင်း ကျွန်မကတော့ ကစားချိန် ဖဲ့ ပြီး အဖော်ပြပေးရသူမို့၊ အဘွားကို စိတ်ထဲက မကျေမနပ်ဖြစ်နေခဲ့ဖူး တယ်။ ဆေးခန်းရောက်တော့လည်း ထူးထူးခြားခြား နေမကောင်းဖြစ် တာမျိုးမဟုတ်ပဲ သွေးအတက်အကျ၊ တိုင်းတာမျိုး နဲ့ အားဆေထိုးတာလောက်ပါပဲ။ အဲ့ဒီအခါမျိုး လည်း ဆေးခန်းက ဆရာဝန်မလေးကို ဘွားမေက သူကပိုသိသယောင် သူ့ရောဂါအခြေအနေတွေ အားလုံး ကရားရေရွတ်ပြောပြပြီး ဆရာမနဲ့ စကား ဖောင်ဖွဲ့ချိန်ဆိုကျွန်မက အိမ်ပြန်ပြေးပြီး ကစားချင်သူမို့ စိတ်မကြည်မသာနဲ့ မျက်နှာကြီး ပုပ်ထားမိ တာပါ ပဲ။
အဲ့ဒီအချိန်က သက်ကြီးပိုင်းတွေသဘာဝ စကားပြောဖော်ရှာစမြဲမို့ သဘောကောင်းတဲ့ ဆရာဝန်မလေးနဲ့ တွေ့တဲ့အချိန်တိုင်း အဘွားက သူရောဂါအခြေအနေနဲ့ သူ့အကြောင်းတွေ ပြောပြချင်ပါတယ်။ တစ်ခါတစ်လေ လူနာကျချိန် ဆရာဝန်မလေးမအားမှသာ သူ ပြောချင်တာတွေ မျိုသိပ်ပြီး အိမ်လှည့်ပြန်ခဲ့ရတာ၊ သူသိပ်ခင်တွယ်တဲ့ ဆရာဝန်မလေး နဲ့တစ်ပတ်တစ်ခါတွေ့တိုင်း စကား ပြောရင် အနည်းဆုံး မိနစ်နှစ်ဆယ်၊ နာရီဝက်လောက်တော့ ကြာစမြဲပဲ။ ဒီထပ် ပိုဆိုးတာတစ်ခုက အနိမ့်ဆုံးဆေးဖိုး တစ်ရာ ကျော်နှစ်ရာ ရှိတဲ့ခေတ်မှာ အဖွားက ဆေးဖိုးကိုမမေးပဲ ဘဏ်မန်နေဂျာ သူ့သမီးဆီမှာလဲထားတဲ့ သူ့ပိုက်ဆံအသစ်လေးတွေထဲက နှစ်ဆယ်တန်လေး သုံးရွက်ကိုသာ ဆေးဖိုးအဖြစ် အမြဲထုတ်ပေး တတ်သူပါ။ သူဆေးခန်းသွားတိုင်း အမေပေးလိုက်တဲ့ ပိုက်ဆံ တွေကို အိမ်မှာထားခဲ့ပြီး သူ့ပိုက်ဆံအသစ်လေး ခြောက်ဆယ်နဲ့ တစ်ပတ်တစ်ခါ ဆေးခန်းသွားခဲ့ဖူးတာတွေကို ခုထိ မှတ်မိ နေ သေးတယ်။ ဆရာဝန်မက အားဆေးဘယ်လောက်ထိုးထိုး၊ သောက်ဆေးဘယ်လောက် ပေးပေး သူကဆေးဖိုးမမေးပဲ ပိုက်ဆံ ခြောက်ဆယ်လေးပဲ ဆရာဝန်မလက်ထဲ ထည့်ပေးတဲ့အခါ ဆရာဝန်မလေးကလည်း “ရတယ်ဘွားဘွား”ဆိုပြီး လက်လေးနှစ်ဖက်နဲ့ ရိုရိုသေသေယူတတ်သူပါ။ ဒါပေမဲ့ ကျွန်မကတော့ ကလေးပီပီ ကုသိုလ်ရေးထက် ဈေးကွက်စီးပွားရေးကိုသာ တွေးမိပြီး ဆရာဝန် မလေးကို အားနာစိတ်နဲ့ ဘွားမေကိုလည်း စိတ်ဆိုးမိသလို၊ တခြားလူနာတွေ ရှေ့မှာလည်း ရှက်ရွံ့စိတ်ဝင်ခဲ့မိပါတယ်။ ဒီ အကြောင်းတွေ မေမေ့ကို ပြန်ပြောပြတော့ ဘွားမေ ကိုနားလည်တဲ့ အမေက စိတ်မကောင်းဖြစ်ပြီး နောက်ရက်ဆရာမလေးဆီ ဘွားမေမသိအောင်သွားပြီးတော့ ကုန်ကျ စရိတ်ဆေးဖိုး အားလုံးကိုရှင်းပေးခဲ့ပါတယ်။ ဆရာဝန်မလေးကို ကျေးဇူးတင်ကြောင်းနဲ့ ဘွားမေ အပတ်စဉ်လာတိုင်း လိုနေတဲ့ ဆေးဖိုးကို ရုံးပိတ်ရက်ညနေတိုင်းမှာ စုပေါင်း ရှင်းပေးမယ့်အကြောင်း မေမေပြောထား တာကို ကျွန်မ သိသွား တော့လည်းပဲ လူနာအများရှေ့မှာ ဘွားမေ နှစ်ဆယ်တန်လေး သုံးရွက်ထုတ်ပေးတိုင်း ရှက်ရွံ့စိတ်နဲ့ မြေလျိုး မိုးပျံ ကိုယ် ယောင် ဖျောက်ချင်ခဲ့ မိပါတယ်။
တစ်နေ့တော့ ဧည့်ဆိုးတွေ ညကြီးတံခါးလာခေါက်ပြီး၊ ခဏလိုက်ခဲ့ပါ လို့ခေါ်သွားရာ က ဖေဖေ့ပြန်မလာတော့တဲ့အခါ၊ ကျွန်မတို့တစ်အိမ်လုံး ဆောက်တည်ရာမရ ဖြစ်ကြရတဲ့အထဲမှာ ဘွားမေကတော့ အိပ်ရာပေါ် အရိုးကျိုးပြတ်လဲသွားခဲ့တာပါ။ အဲ့ဒီ နောက်ပိုင်းသူငယ်ပြန်သလိုဖြစ်ကာ အရာရာတိုင်းကို သတိလက်လွတ် စဖြစ်လာပါတော့တယ်။ ဖေဖေမရှိတော့လို့ အရာရှိရိပ်သာက ဖယ်ပေးရပြီး ရုံးကစီစဉ်ပေးတဲ့ အခန်းလေးမှာ နေရတဲ့အခါ၊ ဒါဘယ်သူအိမ်လဲ၊သူများအိမ်ကြီးအားနာစရာကွယ်၊ ငါတို့အိမ်ပဲ ပြန် ကြရအောင်လို့ ဘွားမေက ခဏခဏပြောတယ်။ အဲ့ဒီအချိန်မှာ ကျွန်မက အထက်တန်းကျောင်းသူအရွယ်မို့၊ ဘွားမေကို အနီး ကပ်ပြုစုပေးတဲ့ အစ်မဝမ်းကွဲတွေနဲ့အတူကိုယ်တတ်နိုင်သလောက် ကူညီပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဘွားမေကတော့ ဘယ်သူကိုမှ သိပ်မမှတ်မိတော့ပဲ၊ အထက်တန်းကျောင်းသူအရွယ် ကျွန်မကိုလည်း သုံးလေးနှစ်အရွယ် စကားတွေ တတွတ်တွတ်ပြောနေတဲ့ မြေလေးအဖြစ် ထင်မှတ်နေသလို ကျွန်မတို့နဲ့ အတူနေတဲ့အစ်မ ဝမ်းကွဲတွေ အားလုံးကိုလည်း မဖြူဆိုတဲ့ အစ်မတစ်ယောက်ရဲ့ နာမည်ကိုသာစွဲပြီး ခေါ်တတ်လေ့ရှိတယ်။ ဒါကြောင့် သူတစ်ခုခု လိုတိုင်း အမေကအစ၊ ကျွန်မရဲ့ မူလတန်းအရွယ် ညီမလေး အဆုံး အားလုံးကို မဖြူလို့ပဲ ခေါ်တတ်ပါတယ်။ သတိလည်း မကောင်းတော့တာမို့ ထမင်းစားပြီးတာကိုလည်း မစားရဘူးဆိုလိုဆို၊ စားနေရင်းနဲ့ လည်း ထမင်းမကျွေးကြဘူးလို့ ပြောလိုပြောနဲ့ တစ်ခါတလေလည်း အိပ်ရာထဲ အပေါ့စွန့် တာမျိုးတွေ အထိ နေ့စဉ်ရက်ဆက်လုပ်လာတတ်တော့ သက်ကြီးရွယ်အိုတွေရဲ့ ဘဝနေဝင်ချိန်ဟာ ကလေးငယ်တစ်ဦးရဲ့ ဘဝနိဒါန်းပိုင်းလိုပဲ အတော်လေး ကမောက်ကမ နိုင်ပါလားလို့ ကျွန်မ တွေးမိခဲ့ပါတယ်။
ကျွန်မငယ်ငယ် ထမင်းစစားတတ်စအချိန်မှာ ဘွားမေက ပြေးလွှားဆော့ကစားနေတဲ့ ကျွန်မနောက် တစ်ကောက် ကောက်လိုက်ရင်း စိတ်ရှည်လက်ရှည် ထမင်းခွံခဲ့တာများ၊ သူ့လက်က ထမင်းတွေတောင်ခြောက်ကုန်တယ်လို့ ပြောစမှတ်ဖြစ်ခဲ့ တယ်။ ဘွားမေအလှည့်ကျ ကျွန်မအပါအဝင် မြေးတွေအကုန်လုံး စိတ်ရှည်လက်ရှည် စောင့်ပြီး ထမင်းခွံဖို့ အချိန်မပေးချင်မိဘူး။ ကျွန်မတို့ ဘွားမေကိုချစ်ပေမယ့် ကျောင်းကိစ္စ၊ အလုပ်ကိစ္စတွေကိုသာ ဦးစားပေးချင်ကြသူတွေမို့ ဘွားမေအတွက် ဝတ်ကျေတန်း ကျေရုံပဲ ပြုစုစောင့်ရှောက်ခဲ့သလို ဖြစ်ခဲ့လားလို့ တစ်ခါတစ်လေ ကိုယ့်ဖာသာတောင် ယုံမှား သံသယဖြစ်မိတယ်။ အဲ့ဒီအချိန်တုန်း ကလည်း ကလေးတစ်ဦးလိုဖြစ်သွားတဲ့ ဘွားမေက သူလိုအပ်ချိန်တိုင်း “မဖြူရေ လာပေးပါ ကွယ်” ဆိုပြီး မမောတမ်းရေရွတ် ခေါ်လေ့ ရှိတဲ့အချိန်ပေါ့။ အဲ့ဒီလိုအခါမျိုးဆို မဖြူဆိုတဲ့ မြေးမတင်မက ကျန်တဲ့ရွယ်တူမတိမ်းမယိမ်း မြေးတွေအားလုံး အလုပ် မရှိတိုင်း အမြဲခေါ်နေတဲ့ သူ့အနား သွားပြီး သူ့ကိုကလေးငယ် တစ်ဦးလို စနောက်ကျီစယ်မိကြ တယ်။ အဘွားကို သနပ်ခါး လိမ်းပေးပြီး ကြက်တောင်စီးစီး ပေးကာ အိမ်ရှေ့ဧည့်ခန်းအထိ တွဲခေါ်လို့ ကျွန်မတို့နဲ့အတူတီဗီကြည့်ခိုင်း တာမျိုးပေါ့။ အဲ့ဒီအခါ ဘွားမေက တီဗီထဲက အသံဖြစ်ဖြစ်၊ ရေဒီယို ထဲက အသံဖြစ်ဖြစ် သူ့ကို စကားပြောတယ်ထင်ပြီး ဟုတ်ကဲ့၊ဟုတ်ကဲ့ ဆိုပြီး ထောက်ခံတော့ အဲ့ဒီအသံကိုသဘောကျကြတာက တစ်ကြောင်း၊ကျွန်မတို့ကြည့်နေဆဲ အစီအစဉ်တွေကိုမလွတ်ချင်ကြ တာက တစ်ကြောင်း ကြောင့် သူနိုးပြီးမဖြုရေလာပေးပါကွယ်လို့ ခေါ်တာနဲ့အိမ်ရှေ့ကိုတွဲခေါ်ပြီး အတူတီဗီကြည့်ခိုင်းကြတာပဲ။
တစ်ခါတစ်လေ ဘွားမေ အိပ်ရေးမဝသေးလို့ အိပ်ချင်နေမှန်းလည်း ကျွန်မတို့မသိခဲ့ကြပါဘူး။ အိပ်ရာထဲ အမြဲလှဲ နေရင် အိပ်ယာပူမိတတ်တယ်ဆိုတဲ့ ဆရာဝန်ပြောတဲ့ စကားကို နာခံပြီး နေ့လည်တရေးနိုးလို့ မဖြူရေလို့ အသံကြားတိုင်း ကျွန်မ တို့ကလည်း သူ့ကိုအိမ်ရှေ့ကို မလိုက်ချင်လိုက်ချင် အတင်းတွဲခေါ်မိကြတယ်။ သူ့ခမျာ တစ်ခါတလေလည်း အိပ်ရေးမဝလို့ တီဗိရှေ့ကစက်တီခုံပေါ်မှာ ခေါင်းလေးတင်ပြီး အိပ်ပျော်သွားတာမျိုးလည်း ရှိတယ်။ ခုနေပြန်တွေးမိတော့ အဘွားရဲ့ ပုံရိပ်လေး တွေက ကျွန်မအာရုံထဲ လွမ်းစဖွယ် ပြန်လည်ထင် ဟပ်လာတယ်။ ကျွန်မတို့တတွေ ဧည်ခန်းထဲ ငြင်းကျခုံကျ၊ ဆူညံ တာမျိုးရှိရင် သူက မျက်လုံးလေးမှိတ်လျက်၊ခေါင်းထောင်ထရင်း “မဆူကြပါနဲ့ သမီးတို့ရေ၊ ကလေးလေးလန့်ပြီး အိပ်ရာနိုး သွားဦးမယ်”တဲ့။ ဒီတော့ ကျွန်မတို့ကလည်း “ဘယ်က ကလေးရှိရမှာလဲ၊ဘွားမေကလည်း ” ဆိုတော့ ၊ “အေးအေး သမီးအကြီးလေး အိပ်နေ တယ်လေ၊ သူနိုးသွားမှာစိုးလို့ ”ဆိုပြီး မေမေ့နာမည်ကိုတပ်ပြီးကျွန်မကို ရည်ညွှန်း ပြောဆိုပါတယ်။ ကျွန်မကို ပြောမှန်းသိတော့ အစ်မတွေအားလုံးက ရယ်မောရင်း “ သူက အခုဘယ်နှစ်နှစ်လဲဆိုတာ ဖွားမေ သိလား ”ဆိုတော့ “သုံးနှစ်”လို့ တုံးတိတိဖြေ ပါတယ်။ သူ့အပြောကို သဘောကျမိပြီး ရုံးကပြန်ရောက်လာတဲ့အမေ့ကိုပြန်ပြောပြတော့ အမေ့ကပြုံးပြီးသမီးကို ထိန်းခဲ့ဖူး တဲ့အကြောင်းတွေ အဘွားကခုထိစိတ်စွဲနေလို့နေမှာပေါ့လို့ဆိုတယ်။ ဒါကိုကျွန်မ ရုတ်တရက်နားမလည်ပဲ အမေ့ကို မေးတော့
“မေမေ ၊ဖေဖေနဲ့အိမ်ထောင်ကျပြီး နှစ်နှစ်လောက်ကြာတော့၊ ရန်ကုန်ပြောင်းရလာတော့ အဘွားက သူ့ဇာတိကသာမြို့ ကလေးကို မခွဲနိုင်ဘူး ဆိုပြီး ကျန်နေရစ်ခဲ့တာ။ မေမေတို့ ဘယ်လိုခေါ်ခေါ် လုံးဝခေါ်လို့မရဘူး ။မေမေတို့က သမီးကိုထိန်းဖို့ ကလေးထိန်းကလေးမတစ်ယောက်ခေါ်ထားတာကို၊ ဖေဖေနဲ့မေမေရုံးသွားတော့ အိမ်နီးချင်းတွေက ကလေးချင်းထိန်းတာကို ဝိုင်း ကြည့်ပေးကြရတယ်။ဒါပေမဲ့ ဖေဖေ နိုင်ငံခြားပညာသင်သွားဖို့ဖြစ်လာတော့၊ သူစိတ်မချနိုင်ပဲ လိုက်လာပြီး သမီးလေးကို ကြည့် ပေးတာ အဲ့ဒီကတည်းက တောက်လျှောက်မေမေတို့နဲ့နေဖြစ်ခဲ့တာ။ ဒါကြောင့် အခုထိသမီးကို သူထိန်းခဲ့ဖူးတဲ့ သုံးနှစ် အရွယ် သမီးလေးလို့ ထင်နေတာပေါ့”
ဒီအကြောင်းတွေကို အမေပြန်ပြောပြတော့ ကျွန်မလမ်းတတောက်တောက်လျှောက်ချိန်၊ထမင်းပန်းကန်ကိုင်ပြီး စိတ် ရှည် လက်ရှည်ထမင်းခွံကျွေးခဲ့တဲ့ အဘွားပုံရိပ်တွေ အာရုံထဲဝိုးတဝါးထင်ဟပ်မိတယ်။ အခုဆိုရင် ဘွားမေက သတိလည်း မကောင်းတော့သလို၊ သွားလည်းမရှိတော့တာမို့ ကျွန်မတို့က တဖန်စိတ်ရှည်လက်ရှည်နဲ့ ထမင်းခွံကျွေးသင့်တဲ့ အရွယ်လို့ မေမေက တဖက်လှည့်နဲ့ပြောချင်တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့က ဘွားမေကို ကြင်ကြင်နာနာ နဲ့လိုအပ်သမျှ လုပ်ကိုင်ပေးခဲ့တာမှန်ပေမယ့် တဖက်မှာ အဘွားရဲ့ အပြုအမူ၊ အပြောအဆိုတွေကို စနောက်ကျီစယ်ရင်း ဟာသလုပ်ပျော်ပါး ခဲ့မိ တယ်။ တခါတလေလည်း ကျွန်မညီမလေးက ဘွားမေရဲ့ပေါင်ပေါ်မှာ သူ့ကစားစရာ အရုပ်လေး တင်ထားပြီး နံဘေးမှာ ကလေးငိုသံလိုမျိုး ဟန်ဆောင်လုပ်ပြီး ဘွားမေကို ချော့ခိုင်းတယ်။ အဲ့ဒီတုန်းက ကျွန်မတို့တွေကလည်း ညီမလေးကို မာန်မဲရ မယ့်အစား သဘောကျစွာ ရယ်မောမိခဲ့တဲ့အဖြစ်တွေ တွေးကြည့်ရင်တော့ တကယ့်ကို ကျွန်မတတွေ အတော်ဆိုးခဲ့တာပဲလို့ ခုနေ ပြန်တွေးမိပါတယ်။
နောက်တော့ဖေဖေမရှိတဲ့အချိန်၊ အားငယ်နေတဲ့ ဘွားမေအပါအဝင်ကျွန်မတို့မိသားစုကို အားပေးဖို့ ကသာမှာနေတဲ့ ဖေဖေ့အမေ 'မေမေကြီး'နဲ့ အဒေါ် 'ဖွားဖွားလေး' တို့မိသားစုတွေ ရန်ကုန်အလည်လာကြတယ်။ သူတို့နဲ့အတူ တခြားဆွေမျိုးတွေ လည်း ပါလာတော့ အိမ်မှာ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာလည်း ကောင်းသလို ဘွားမေအတွက်လည်း ရွယ်တူ စကားပြောဖော် ကောင်းတွေ ရလာပါ တယ်။ ၊ အဖေ့အဒေါ်အပျိုကြီး ဘွားဘွားလေးနဲ့အတူ သူ့ညီမဝမ်ကွဲ ဘွားလေးမြင့်လည်းပါလာတော့ ရွယ်တူ မတိမ်းမယိမ်း အဘွားကြီးလေးယောက် ကျွန်မတို့အိမ်မှာ ထမင်မှတ်ပဲ တပြိုက်နက်ထည်း ဆုံဆည်း မိကြတယ်။ အပျိုကြီးဘွားလေးနှစ်ယောက်လုံးက ကိုယ့်အိမ်၊ သူ့အိမ်မှာ အိုးသူကြီး တွေဖြစ်ပြီး၊ အလှူအိမ်တွေအထိ ဦးဆောင်ချက်ပြုတ် ပေးခဲ့သူ တွေမို့ကျွန်မတို့အိမ်ရောက်တာနဲ့ မြေးတွေစားချင်သမျှ အစွမ်းကုန်လက်စွမ်းပြ တော့တာပါပဲ။
အပျိုကြီးတွေပီပီ မြေးတွေကိုလည်း အရမ်းချစ်ပြီး၊ဆုံတုန်း ကြုံကြိုက်တုန်းခဏ သူ့လက်ရာ၊ကိုယ့်လက်ရာ အပြိုင် အဆိုင် ကျွေးမွေးရတာမမောနိုင်အောင် ပါပဲ၊ မြေးတွေက ချေးမများတတ်ပေမဲ့ ဘွားဘွားလေးကကြက်သား၊ ဝက်သားတွေကို အတုံး အကြီးကြီးတွေတုန်းပြီး ဟင်းပွဲတွေကိုပြင်ဆင်ချိန်၊ ဘွားလေးမြင့်က အနားရောက်လာပြီး “ အသားဟင်း ဆို အာလူးရော မှ အရသာရှိတာ အကြည်ရဲ့၊ ကလေးတွေကလည်း အာလူးနဲ့မှစားတတ်တာ''ဆိုပြီး အာလူးတွေ ဟင်းအိုးတွေပစ် ထည်ဖို့ ကြံချိန်၊ ဘွားဘွားလေးကလည်း သူ့ဟင်းအိုးကိုအထိမခံပဲ ခါးခါးသီးသီးငြင်းဆန်တယ်။ နောက်ဆုံးတော့ ဘွားလေးမြင့်ခမျာ ကျွန်မတို့ကို ကျွေးစေချင်စိတ်နဲ့ သူ့လက်ရာ မဆလာနံ့ မွှေးမွှေးအာလူးဆီပြန်ဟင်းလေးတစ်ခွက်ကို သီးသန့် ချက်ပေးရတဲ့ အဖြစ်ရောက်ပါတယ်။ မေမေ့ ရုံပိတ်ရက်မှာလည်း ဘွားလေးတို့နှစ်ယောက်က သူ့လက်ရာ ကိုယ့်လက်ရာ စပယ်ရှယ်ဟင်းတွေကို အပြိုင်အဆိုင် ချက်ပြုတ်ကျွေးမွေးဖို့ အဆင်သင့်ပြင်ဆင်လေ့ရှိတယ်။ ဘွားဘွားလေးက ကသာဆန်ခေါက်ဆွဲ၊ ရေစိမ်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ မြီးရှည်တို့ ချက်ရာမှာ လက်ဖျားခါလောက်သလို၊ ဘွားလေးကြည်က ပဲခေါက်ဆွဲ၊ အုန်းထမင်း၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော် တွေမှာလည်း နာမည်ကြီး စားသောက်ဆိုင်က စာဖိုမူး တွေအရှုံးပေးရလောက် အရသာရှိရှိ ချက်ကျွေး တတ်ပါတယ်။

Friday, July 12, 2013
အမြစ်အကိုင်းနှင့် အပွင့်တို့ အကြောင်း
ညနေစာ ထမင်းကို ပြင်ဆင်ရင်းနှင့်ပင်
စိတ်တို့က ရန်ကုန်မြို့သို့ တ၀ဲလည်လည် ရောက် လိုက်၊ ကသာမြို့ တစ်ဖက်ကမ်း ဒုံးအော့ ရွာလေးဆီ
ရောက်လိုက်နှင့် အိမ်ရှေ့မှာ တီဗီကြည့် ရင်း ထမင်းဝိုင်း စောင့်နေသည့် မောင်က
စိတ်မရှည်နိုင်တော့ပဲ မီးဖိုချောင်ထဲ အထိဝင်ကာ ဟင်းခွက်များ ကိုယ်တိုင်ခူးခပ် သယ်ဆောင်
သွား တော့သည်။
“ဗူးသီးကြာဇံဟင်းခါး၊
ငါးဖယ်ချဉ်သုတ်နဲ့ ဘဲဥကြော်လဲယူသွားပြီ၊ နောက်ဘာကျန်သေးလဲ။ ”
“ ပြီးပြီမောင်ရဲ့၊ ဒီမှာ
အမေလူကြုံနဲ့ ပါးပေးလိုက်တဲ့ စတော်ပဲစိမ်းလေးတွေကို ခရမ်းချဉ်သီးနဲ့ ကြော်ထားသေးတယ်၊
”
“ပဲစိမ်းလေးတွေက
စိမ်းပြီးချိုအိနေတာပဲ သမီးတွေကို သတိရလိုက်တာကွာ”
မောင့်စကားသံကြားတော့ အဖွားဆီက ရှားရှားပါးပါး
လူကြုံနှင့် စတော်ပဲစိမ်းပို့တိုင်း အဲ့ဒီ ဟင်းခွက်မှာပဲ တူညီစွာ လက်ဆုံ တတ် သည့်
ညီအစ်မသုံးယောက်ကိုသတိရမိသည်။
“မေမေရေ၊ မကြီးကတစ်ခါခပ်ရင် အများကြီးခပ်တယ်။”
‘’ ကြည့် ကြည့်
ဇွန်းကိုမချတော့ဘူး ။ နောက်ဆို ဇွန်း၃ချောင်းတပ်ထားရတော့မယ်။”
“ အငယ်မ အဖေ့ကို ဦးချအုန်းလေ။
အကျင့်ကိုက ”
အဖွားက ပဲစိမ်းပေါ်တိုင်း
မြေးတွေတွက် သတိတရပို့ပေးတတ်သလို၊ ဒညင်းသီး လို ကြာရှည်ထားနိုင်တဲ့
ရာသီစာ သီးနှံတွေပေါ်တိုင်းလည်း လူကြုံရှိလျှင် ထည့်ပေးတတ်သေးသည်။ အခု သူတို့လေးတွေမရှိတော့
ထမင်းဝိုင်းက တိတ် ဆိတ် ခြင်း အတိ။ သူတို့အကြိုက်ဆုံးဟင်းလေးတွေကို ခံတွင်းတွေ့
စားဖြစ်တိုင်း သမီးတွေကို အနားသို့ ခေါ်ကာ အားရပါး ရ ကျွေးချင် သည်။
“မေမေရယ်၊ သမီးအလုပ်က
ထမင်းကျွေးပေမယ့် တနေ့တနေ့ ကြက်သားတောထဲကကို မထွက်တော့ဘူး။ ကြက်သားကြော်နဲ့ ချဉ်ရည်ဟင်းကျဲကျဲ။
ကြက်သားဟင်း အလှည့်ကျတော့ ဘူးသီးမှန်ရည် ကြည်ဟင်းချို။ တစ်နေ့ တစ်နေ့ ဒါပဲ သိလား။
သမီးက ငါးနီတူးကြော်လေးနဲ့ မေမေ့လက်ရာ ချဉ်ပေါင်းဟင်း ပျစ်ပျစ်လေး အရမ်းစားချင်
တာ။ ”
သမီးကြီးက သူ့ထုံးစံအတိုင်း
စာထဲမှာပဲ ဖြစ်ဖြစ် ၊ ဖုန်းထဲမှာပဲ ဖြစ်ဖြစ် တယောသံလေးလို ချွဲနွဲ့ ပြောဆိုတတ်သည်။
“ ရန်ကုန်မြို့ကြီးမှာ မေမေရာ၊
အားလုံးလိုလိုက အမြတ်ထုတ်ဖို့ပဲ ချောင်းနေကြတာလေ။ လမ်းဘေးဆိုင်တောင်မှ ထမင်းလေး
ကြောင်စာလောက်နဲ့ ဟင်းတစ်မျိုးကို တစ်ထောင်တဲ့၊ လိုက်ပွဲယူ ရင် နောက် ထပ် နှစ်ရာထပ်ပေး ရသေး တယ်၊
ထောင့်နှစ်ရာနဲ့ တစ်နပ်သာ ကုန်သွားတယ်။ ဘယ်နံကြား ကပ်သွား မှန်းတောင်မ သိဘူး၊
ဒါကြောင့် ထမင်းစားတဲ့ အချိန်ဆို အိမ်အလွမ်းဆုံးပဲ။”
သမီးလတ်ကတော့ သူ့ဝသီအတိုင်း
ဘွင်းဘွင်းညည်းတတ်သည်။သမီးလေးကတော့
“မီးတို့ဘော်ဒါဆောင်ကလေ
သိလားမေမေ ။ ကိုယ် ကြိုက်တဲ့ ဆီပြန်အသားဟင်း တမျိုးနဲ့ အရွက်ကြော် တစ်မျိုးကို
ချိုင့်ဆွဲစားရတာမို့ ကိုယ့် စိတ်ကြိုက်မှာစားလို့ရတယ်။ မေမေသိတယ်မလား ၊
ဂျာနယ်ထဲမှာ မင်းသားမင်းသမီးနဲ့ ကြော်ငြာတဲ့ နာမည်ကြီး မြန်မာထမင်းဆိုင်ကပေါ့ ။
ပထမတော့ စားလို့ ကောင်း သလိုလိုနဲ့ နောက်တော့လည်း စားရတာ အရသာမရှိပါ ဘူး မေမေရယ်။ မေမေချက်တဲ့ ဟင်းကိုပဲ အားရပါးရစားချင်တယ်။ “
သမီးလေးကို ကိုးတန်းနှင့်
ရန်ကုန်မြို့ကြီှးတွင် ဘော်ဒါထားလိုက်ရသည်မို့ ကျောင်းပိတ်ရက် တွေ ရောက်တိုင်း သူ့အစ်မတွေနှင့်
ဆုံနိုင်သော်လည်း သူအိမ်ကို သတိရချိန်တွေတွင်တော့ အတမ်းတဆုံး က အဝေးမှာ ရှိနေသည့်အမေနှင့်အဖေကို
သာဖြစ်မည်။ သမီးလေး သုံးယောက် လူလားမြောက် လာသည့် အခါ ၊ လပွတ္တာ မြို့ကလေးမှာ
အိမ်ထောင်ကျ အခြေချဖြစ်သည့် ကျွန်မနှင့် သူ့အဖေ ကတော့ သူတို့ကလေး တွေကို မိဘထက် ခြေတစ်လှမ်းတင်မက ခြေလှမ်းပေါင်း များစွာသာ သူလေးတွေ
ဖြစ်စေချင်ခဲ့ သည်။ ဒါကြောင့် သမီးကြီး အမှတ်မီရာ စီးပွားရေးတက္ကသိုလ်၊ သမီးလတ်
စိတ်ဝင်စား သည့် ဆေးဝါးကျွမ်း ကျင် တက္ကသိုလ်တွေ တက်ရောက်နိုင်ဖို့ ကြိုးစားပံ့ပိုး ပေးဖြစ်ခဲ့သည်။
ယခု ဘွဲ့တွေ ကိုယ်စီ ရတော့ သမီးကြီးကလည်း တီဗီမှာ အမြဲလို ကြေငြာနေသည့် ဆပ်ပြာကုမ္ပဏီ
တစ်ခုမှာ လက်ထောက် မန်နေဂျာ အဆင့်နှင့် အလုပ်လုပ်ကိုင်နေသလို၊ သမီးငယ်ကတော့
ဘန်ကောက်ဆေးရုံကြီးတစ်ရုံ၏ ကိုယ်စားလှယ် ရုံးခန်းတွင် လုပ်ကိုင်လျက် ရှိသည်။
သူတို့နှစ်ယောက် အခြေကျသွားမှပင် သမီးကြီး၏ အစီအစဉ်ဖြင့် အငယ်ဆုံးလေးကိုပါ ရန်ကုန်တွင်
ဘော်ဒါဆောင် ထားရင်း ပညာသင်ကြားနိုင်ဖို့ စီစဉ်ဖြစ်ခဲ့ သည်။
“ သမီးတို့ တုန်းက
ကိုယ်ကြိုးစား သလောက် ပြန်မရဘူးလို့ ထင်မိတယ်။ ဒါကြောင့် သူ့အလှည့်ကျ ရင် တော့
ရန်ကုန်မှာပဲ ကျူရှင် ကောင်းကောင်း ၊ ဆရာ ကောင်းကောင်းနဲ့ သင်စေချင်တယ်။ “ဟု
ဆိုသည်။
အငယ်ဆုံးသမီးလေးမို့ ကိုယ်တိုင်က
အလယ်တန်းပြဆရာမဖြစ်သော မိမိ ရင်ခွင်အောက်၌ အထက်တန်းကျောင်းအဆင့်အထိ သင်စေချင်သော်လည်း
ရန်ကုန်မြို့သူကြီးဖြစ်နေပြီ ဖြစ်သည့် သမီးကြီး ၏ဆန္ဒကို လျစ်လျူမ ရူနိုင်ကြ။ ဒါကြောင့်လည်း သမီးငယ်လေး ရှစ်တန်းအောင်စာရင်း
ထွက်သည် နှင့် အစ်မတွေရှိရာ ရန်ကုန်မြို့ကြီး သို့ ကျောင်းအိပ်ကျောင်းစားအဖြစ်
ပို့ပေးဖြစ် သည်။
သမီးလေးကည်း
မိဘနဲ့ခွဲပြီး ရန်ကုန်မှာကျောင်းမတက်ချင်၍
နယ်ကနေပဲ သူ ဂုဏ်ထူး ထွက်အောင်
ကြိုးစားပါမည် ဆိုသည်ကို ချော့မော့ပြီး တွန်းပို့ခဲ့သော်လည်း တကယ်တမ်း ခွဲရချိန်တွင်တော့
သမီးထက် မျက်ရည်မဆည်နိုင်သူမှာ အမေဖြစ်သည့် ကျွန်မပင်ဖြစ်သည်။ သမီးတွေမရှိသည့်နောက်
မိသားစု အတူစားသည့် ညနေစာ ထမင်းဝိုင်းကိုထား ၊ ကျောင်းမှာစားသည့်် မနက်စာ ထမင်းချိုင့်သည်ပင်
အရသာ မရှိလှ။ ကျောင်းပိတ်ရက် စနေတနင်္ဂနွေလို နေ့ရက်တွေကတော့ သာရေး ၊ နာရေး ၊လူမူရေး
ကိစ္စ အတွက် အပြင်ထွက်တတ်သည့် မောင့်အတွက် သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ပေမယ့်
ကျွန်မအတွက်တော့ လွန်စွာခြောက်ကပ်နိုင်လှသည်။ ယခုလည်း လွန်ခဲ့သည့် တစ်ပတ်လောက်က
သမီးလတ် ပို့ပေးလိုက်သော ပိုက်ဆံကို ရွာမှာနေသည့် အမေ့ အတွက်ပို့လိုက်သောကြောင့်
အမေက လူကြုံနှင့် အတူကျွန်မတို့ မိသားစု ကြိုက်တတ်သည့် စားတော်ပဲစိမ်း၊ ဆီတို့ဟူးနှင့်
မြေပဲလှော်တွေ ပို့လိုက်ပါသည်။ ထို့ကြောင့် လည်း ဒီလိုအချိန်မျိုးဆို သူတို့လေး
တွေကို ပို၍အလွမ်းပိုနေရသည်။
အမေက သူ့ဇာတိ ဒုံးအော့ရွာလေးကို အလွန်တွယ်တာ
ရှာသည်။ ညီမဖြစ်သူ ဒေါ်လေးနှင့် အတူရွာလေးမှာပဲ အခြေချနေထိုင်ပြီး ကျွန်မတို့က
လာနေဖို့ ဘယ်လိုခေါ်ခေါ် ရွာနှင့် အိမ်ကလေးကို ပစ်ထားခဲ့ဖို့ ညီအစ်မနှစ်ယောက်စလုံး
သံယောဇဉ် မပြတ်ကြ ။ ကျွန်မ ဆီလာမည့် ရပ်ဆွေရပ်မျိုး လူကြုံ ရှိလျှင်တော့
ဒေသထွက်ပစ္စည်းလေးတွေ တကူးတက ပါးတတ်ပြီး အတူနေဖို့ ခေါ်လျှင် မသိကျိုးကျွံပြုကာ မလိုက်ချင်ပဲ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ ငြင်းကာ စကားလမ်းကြောင်း
လွဲတတ်သည်။ အမေက အကြားအားရုံ တစ်ခုသာချို့ယွင်းပြီး ဒေါ်လေးထက်ပင် ကျန်းကျန်းမာမာ
သွားလာ နိုင်သူ့။ အမေဆီ ကျွန်မပို့ပေးသည့် ပစ္စည်းတွေထဲက နာကြပ်လေးတစ်ဖက်ကိုသာ
နေ့စဉ် အသုံးပြုပြီး ကျန်သည့် အားဆေး၊ နို့မုန့် နှင့်မုန့်ပုံး စသည်များကို “ဟဲ့
ရွှေမြ ။ နင့်တူမက ဒီမှာ နင့်တွက်ပေးတာတဲ့ ” ဟုဆိုကာ သူ့ညီမ လက်ထဲ ထည့် တတ်သည့်
အကြောင်းပြန်ကြားရသည်။ သူ့မြေးတွေအကြောင်း သိချင် တာမျိုး၊ ကျွန်မဆီ သတိတရ စကားပြောချင်တာမျိုးဆိုလျှင်၊
သူ့တို့ လမ်းထိပ်မှာ ရှိသည့် ကုန်စုံဆိုင်ကလေးမှ၊ ဖုန်းလှမ်းဆက် တတ်သည်။ ထိုအခါမျိုးဆိုလျှင်
ကျွန်မတို့၏ ခေါင်းရင်းအိမ်က ဖုန်းပိုင်ရှင် မမလှတို့က ဖုန်းလာကြောင်း လှမ်း အော် တတ်ပြီး
ကျွန်မမှာ လုပ်လက်စအလုပ်တွေ အသာပစ်ထားပြီး အပြေးအလွား သွားကိုင် ရတတ်သည်။ အလား တူ
ရန်ကုန်မှ သမီးတွေဆီမှ ဖုန်းလာလျှင်လည်း “လဲ့ရေ…..ဖုန်း “ဟု ကျွန်မ ကြားနိုင်လောက်အောင် ခပ်ကျယ်ကျယ် လေး
လှမ်းအော်ပေးသည့်အခါ လောကကြီး တစ်ခုလုံးတွင်
အပျော်ဆုံးလူမှာ ကျွန်မ ဖြစ်နေကျ ဖြစ်သည်။
“ဟယ်လို”
“ဟယ်လို မေမေ “
“အေးအေး
သမီးပြော ၊ သမီးငယ်လား “’
သမီးငယ်ဟု ကျွန်မခေါ်နေကျ၊ သမီးလတ်ဆီမှ ဖြစ်သည်။
‘’ ဟုတ် မေမေ့တွက်ပို့လိုက်တဲ့
ပိုက်ဆံ နှစ်သောင်းရလား ”
“ အေး ၊ရတယ် သမီး
ဖွားဖွားလိုနေမှာစိုးလို့ မေမေ မနေ့ကပဲပို့ပေးလိုက်တယ်။ ”
“ဟာ.
..မေမေကလဲ၊ သမီးက မေမေ့သုံးဖို့်
ပို့ပေးတဲ့ ဟာကို ‘’
“ သြော် သမီးရယ်၊
မေမေက ဒီမှာ ၀င်ငွေရှိနေတာပဲ။ လိုရင်လည်း ဖေဖေ့ဆီက တောင်း သုံး လို့ရနေတာပဲ။
ဖွားဖွားကခုဆို အရမ်းအသက် ကြီးနေပြီ၊ ပြီးတော့နယ်မှာ..ဘယ်သူမှလဲ ရှိတာ မဟုတ်ဘူး။ မေမေတို့
သမီးတို့ဆိုတာ သူ့အနားမှာ ဘယ်သူမှ မနေနိုင်ကြဘူး။ ပြီးတော့ သူ့ကို လုပ်ကိုင် ပေးနေတဲ့
သမီးဖွားလေး ကလည်း ပုံမှန်ဝင်ငွေရှိ လို့လား ။ သူ့အခင်းက ရတာလေး တွေနဲ့ ပဲ စားနေကြ
ရတာ။ ဒါကြောင့် သူတို့သုံးဖို့
မေမေတို့ကမှ မပေးရင် ဘယ်သူက ပို့ပေးမှာလဲ သမီးရယ်။ သမီးကုသိုလ် ရတာပေါ့ ။
မဟုတ်ဘူးလား ။ ”
သမီးဆီမှ
တဒင်္ဂအသံတိတ်ဆိတ်သွားပြီး ။
“ ဟုတ် မေမေ
အဲ့ဒါဆိုလည်း ပြီးရောလေ ။ မေကြီး စိတ်ချမ်းသာသလို လုပ်နော် ။ ဖွားဖွား နဲ့ တွေ့
ရင်လည်း သမီးက မေးတယ်လို့ ပြောပေးအုန်း ’’
တခါတလေ လည်း သမီးတွေ၏
စေတနာတွက် ဖုန်းထဲကနေ ရှင်းပြပြောပြပေးရတာ တွေ ရှိသလို ၊သမီးငယ်၏ ပိုက်ဆံအမေ့ဆီ
ပို့ပေးပြီး ၊ နောက်ရက် သမီးကြီး နာမည်နဲ့ ကျွန်မဆီကို ငွေထပ် ရောက်လာသောအခါ အမေ့အပေါ် ကျေးဇူးသိတတ်မူတွက် သမီးတွေဆီကပါ
တုံ့ပြန်လာသည့် တန်ပြန် ချစ်ခြင်း မေတ္တာသက်ရောက်မှူကို ကျွန်မကြည်နူးစွာ ခံစားမိသည်။ ဒီလိုဖြင့်
မောင်တို့ရုံးမှ ဆုကြေးငွေ ရတော့ သမီးတွေလိုသမျှ ဖြည့်ဆည်းပေချင်သည့် သူတို့အဖေက
ကျွန်မကို ကျောင်းမှခွင့်သုံးရက် ယူစေပြီး သမီးတွေ ရှိရာသို့ အလွမ်းပြေသွားစေသည်။
အလွမ်းပြေ ဆိုသည်မှာ ကျွန်မဘက်မှ
ခံစားချက်ကိုသာ နာမည်တပ် ခြင်း ဖြစ်ပြီး ၊ တကယ်တော့ ရုံးကနေ ခွင့်ယူဖို့ အခက်အခဲရှိတဲ့ မောင်က “
ခုဆို ရန်ကုန်မှာ ဖုန်းတွေ နှစ်သိန်း ဆိုဝယ်လို့ ရပြီတဲ့၊ ကလေးတွေ နှစ်ယောက်စလုံးကို
ဖုန်းတစ်ယောက် တစ်လုံးစီ ၀ယ်ပေးခဲ့ ပါကွာ။ ဟိုမှာ ဖုန်းမရှိ၊ ဘာမရှိနဲ့ ကလေးတွေ
မျက်နှာငယ်ပ်ါတယ်။ ဖုန်းရှိတော့ သူတို့ကြိုက်တဲ့အချိန် နေ့နေ့ ညည ဆက်လို့ ရတာပေါ့
။ မဟုတ်ဘူးလား၊ ပြီးတော့ မောင့်ရုံး ဖုန်းနံပါတ်
လည်း ပေးထားလိုက် ဦး ”ဟု တိုက်တွန်းခဲ့သည်။
+++
ကလေးတွေ အသံကြားချင်တဲ့
မောင့်ဆန္ဒလည်းဖြည့်ပြီးသားဖြစ်ဖို့၊ အလွမ်းဖျား၊ ဖျားချင်ချင် ဖြစ်နေသည့် ကျွန်မနှလုံးသားကိုလည်း
အနည်းငယ်သက်သာရရဖို့ ရန်ကုန်မြို့သို့ ရောက်လာခဲ့ ပါသည်။ အလုပ်မတူသည့် သူငယ်ချင်း
မိန်းကလေးလေးယောက်စုပြီး တိုက်ခန်းလေးငှားနေသည့် သမီး လတ် ဆီမှာပဲ တည်းဖြစ်ပြီး၊
သမီးကြီးကပါ ညဘက် အတူလာအိပ်သည်။ သမီးကြီးတို့ ရုံးမှာ အင်းယားလမ်း အတွင်းဘက်ရှိ
နှစ်ထပ်တိုက်ဖြစ်သောကြောင့် ညီမလေးနှင့် အတူမနေဖြစ်ပဲ အလုပ်နှင့် နီးသည့် ကန်လမ်း
ထိပ် ၊အပြင်အဆောင်မှာပင် ငှားနေသည်။ သမီးကြီး ၏အဆောင်ထက်စာလျှင် ၊ သမီးငယ်၏
နေရာလေးကို ပိုသဘောကျမြိပီး အဖေတူသမီးလေးအဖြစ် အပေါင်းအသင်းဆံ့ကာ တစ်လကိုတစ်ယောက်
တစ်သောင်းခွဲ နှင့် သီးသီးသန့်သန့်် ငှားနေနိုင်သည့် သူ့ကို ကြိတ်ချီးကျူးမိသည်။
တိုက်ခန်းလေးမှာ အခန်းဖွဲ့စည်းမထားပဲ၊ ကိုယ့် အိပ်ယာ သူ့အိပ်ယာ ၊ ခြင်ထောင် ခေါင်းအုံး
တို့ဖြင့် နေသားတကျ ရှိလှသည်။ မီးဖိုချောင်ထဲ ၀င်ကြည့် မိတော့ ညီအစ်မနှစ်ယောက် ထံမှ တူညီ သည့် အသံ တစ်သံထွက်လာသည်။
“မေမေ ရောက်တုန်းရောက်ခိုက်
၊သမီးတို့ကို ငါးပိကြော် ၊ချဉ်ပေါင်ကြော် တွေများများ ကြော်ပေးခဲ့နော်။ အငယ်လေးဆီ
သွားတွေ့ရင်လည်း ပေးထားခဲ့ရအောင်။”
ရောက်ပြီးနောက်တစ်နေ့တွင်တော့
ဖုန်းနှင့် လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ပေးပြီး သားအမိ တွေ ရွှေပုဇွန်မှာ အအေးသောက်ကြ ၊
ညဘက် အင်းယားမှာ အမောဖြေကြ ၊ ၀ိုင်ကေကေအို မှာ ကြေးအိုး သောက်ကြနှင့် ရန်ကုန်သူတွေ
လုံးလုံးဖြစ်နေသည့်သမီးတွေဦးဆောင်မှူဖြင့် ကျေနပ်ဖွယ် ကျွန်မရဲ့ အချိန် နာရီ လေးတွေကို
ကြည်နူးပြုံးပျော်ရသည်။ ထိုနောက် သမီးအလိမ္မာလေးများအတွက် သူတို့စားချင်သည့် ငပိကြော်၊
ချဉ်ပေါင်ကြော်တွေ ကြော်ဖို့က တစ်ရက်သီးသန့် အချိန်ပေးရ သည့််အပြင်၊
အလှူကြီးပေးသလို၊ ချဉ်ပေါင်အစီး ငါးဆယ်၊ ကန်ပွန်းချဉ်ရွက် အစီးငါးဆယ်တို့ကို လိမ်ကျစ်နေအောင်
ကြော်ပြီး အရွယ်တုပုလင်း လေးတွေနှင့် ထည့်ကာ ညီအစ်မ သုံးယောက်စာ ခွဲဝေပေးခဲ့ရသည်။
သမီးငယ်လေး မှာ ဘော်ဒါဆောင်မှ ထွက်မရသော ကြောင့် အမေနှင့်အတူ အပြင်ထွက်မလည်နိုင်ပဲ
မျက်ရည်အ၀ဲသား ကျန်ရစ် ခဲ့ရှာသည်။ အမေ့ကို နှုတ်ဆက်ရင်း “စာမေးပွဲနောက်ဆုံးနေ့ကျ
ဆက်ဆက်လာ ကြို ဖြစ်အောင်လာကြို နော် မေမေ။”ဟုဆိုသည်။
အမေ့ကိုမြင်သည်နှင့် အိမ်ပြန်ချင်ပုံရသော သမီးငယ်လေးတွက် မျက်ရည်ကျမိပေမယ့်၊ အဆောင်မူးထံမှ
“စာမေးပွဲတိုင်း အမှတ်ကောင်းပြီး စာလိုက်နိုင်ပါတယ်
” ဆိုသည်ကို ကြားရပြန်တော့ စိတ် အေးရပြန်သည်။ အိမ်ပြန်မယ့်နေ့ ကားဂိတ်ကို
လိုက်ပို့သည့် အကြီးနှစ်ယောက်ကို စိတ်မချစွာပင် မှာတမ်း တွေကို ထပ်တလဲလဲ ချွေနေမိပြန်သည်။
“သမီးလေးက ဘာလုပ်လုပ် အစ်မကိုတိုင်ပင်၊
သမီးကြီးကလည်းတခုခုဆို ညီမလေးကို အသိပေး၊ ရုံးပိတ်ရက် အားရင်အားသလို အငယ်လေးကိုလည်း
သွားကြည့်လိုက် ကြအုန်း။ ကျန်းမာရေး လည်း ဂရုစိုက်၊ ဖေဖေနှင့် မေမေကိုတော့
ဘာမှစိတ်မပူနဲ့။ အဆင်ပြေတဲ့အချိန် ဖေဖေနဲ့ မေမေဆီလည်း ဖုန်း ဆက်ကြဖို့နဲ့
မမေ့ကြနဲ့ အုန်း။ ”
ကားအတော်အဝေးရောက်သည်အထိ၊
ပြတင်းပေါက်မှလက်ပြရင်း မျက်ရည်ဝဲမိသည်။ မြို့ ကို ပြန်ရောက်တော့ သမီးတို့
မျက်နှာလေးတွေ မြင်ယောင်ရင်း နှင့်ပင် တိတ်ဆိတ် မူတွေလွှမ်းနေသည့် အိမ်ငယ်လေးဆီသို့
ကျွန်မရဲ့ခြေလှမ်းတွေ ဦးတည်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေ ရှေ့ရေး တွက်တော့ ကျွန်မရော၊ မောင်ရော အလွမ်းတွေ
တစ်ပွေ့ တစ်ပိုက်ဖြင့် အားတင်းထားရပေအုန်းမည်။
+++
ဇွန်လကုန်ရက်ပင်ရှိသေးသည်။
မိုးစက်တွေက ဘယ်တော့မှ မစဲတော့မည့်ဟန် ခပ် သည်းသည်း ရွာနေသည်။ အိမ်ခေါင်မိုးပေါ်သို့
တ၀ုန်းဝုန်း၊ အညှိုးနှင့် ရွာချနေသော မိုးစက်ပေါက် များသည် ရေတံလျှောက်မှတဆင့် အိမ်ရှေ့အုတ်ကန်ထဲသို့
အပြေးအလွားဆင်းသက်ကြသည်မှာ ကန်တစ်ခုလုံး လျှံကျ နေလေပြီ။ အပြိုင်အဆိုင်အော်ဟစ်နေသော ဖားအော်သံများနှင့်အတူ
ညို့ဆိုင်းအုံ့မှိုင်းနေသော ပတ်ဝန်း ကျင် ရူခင်းကြောင့်
အဓိပ္ပာယ် ဖော်ရခက်သော ခံစားမူတစ်ခုက ကျွန်မရင်ကိုဖြတ်သန်း စီးဆင်းနေသည်။ ခြံထဲမှ ဇီဇ၀ါပင်လေး
ဟိုဒီယိမ်းထိုးနေသလို ၊မနေ့က ရေလောင်းရ လွယ်အောင် မောင်နေရာရွေ့ ခဲ့သော နှင်းဆီပန်း
အိုးထဲမှ မြေသား တွေလည်း မိုးနဲ့အတူအရည်ပျော်လျှက်..။
ရှားရှားပါးပါးပွင့်တော့မည်ဖြစ်သော မိတ်ကပ်ရောင် နှင်းဆီပန်း ဖူးလေးတွေပင်
ဦးကျိုးလျက် ရှိသည်ကို နှမြောတသစွာ လှမ်းမြင်ရရင်း စိတ်က မကြည်သာ။ ယနေ့ စနေနေ့ ရုံးပိတ်ရမှာပေမယ့် နောက်တစ်ပတ် စာရင်းစစ်ရှိနေ၍
ရုံးမှာ မောင်က လိုအပ် သည်များကို ပြင်ဆင်နေရသည်မို့၊
ညည်းငွေ့ဖွယ် နေ့ရက်တစ်ရက် ကို တစ်ယောက်တည်း အထီးကျန်စွာပင် ကုန်ဆုံးနေရသည်။
အရင်တုန်းကဆို ဒီလိုမိုးသည်းနေ့တွေတိုင်း ကော်ဖီခွက်ကိုယ်စီကိုင်လျှက်
မိသားစု စုံလျင်စွာ
စကားလက်ဆုံကျချင်ကြမည်။ ထိုသို့မဟုတ်လျှင် မြန်မာကားကြည့်ချင်သူနှင့်
သရဲကားဝါသနာအိုး တို့၏ ငြင်းခုံသံ၊ ကာတွန်းကား ကြည့်ချင်သူ၏ အဖေ့ထံ တိုင်တောသံများကို
ကြားရမည်။ တခါတလေလည်း “မေမေ အတူ ဇိမ်ကျရအောင် ” ဆိုပြီး ခေါင်းအုံး ပိုက်လျှက်ကျွန်မထံ
ပြေးကပ်လာမည့် သမီးတစ်ယောက် ယောက်၏ ပုံရိပ်ကို လှမ်းမြင်ရသည်။ ဖျတ်ခနဲလက်သွားသော
လျှပ်စီးနှင့်အတူ ကျယ်လောင်စွာသော မိုးချိမ်းသံကြီးကြောင့် အတွေးတွေအားလုံး ပျောက်ပြီး ၊ ရုတ်တရက် လန့်ဖြန့်သွားမိသည်။
ခုတော့လည်း ဒီအိမ်ကြီးထဲမှာ တစ်ယောက်တည်းကျန်ရစ်သည့် ကျွန်မအဖြစ်ကို ပြန်တွေးမိရင်း
သမီးတို့နှင့်လည်း ဖုန်းအဆက်သွယ်ပြတ်နေသည်မှာ အတော်ကြာနေပြီဖြစ်ကြောင်း သတိရမိသွားသည်။
ကြည့်စမ်းပါဦး၊ ဒီကလေးတွေ။ အဖေနဲ့ အမေကတော့ ရှိတာလေးစုပြီးဝယ်ပေးထားပေမယ့် အားတဲ့အချိန်လေး၊ ရုံးပိတ်ရက် လေး မှာတောင် ဖုန်းဆက်ဖို့
သတိမရကြ။ ဖုန်းအသစ်ရပြီးစမှာတောင် ကျွန်မဘက်က စဆက်မှ “မေမေနေကောင်းရဲ့လား သမီးကသတိရနေတာ
။ ရန်ကုန်မှာ မိုးတွေရွာနေပြီ မေမေရဲ့ ။ မေမေတို့ ဆီမှာရော ရွာနေပြီ လား။ သမီးက
အခု ရုံးပိတ် ရက်မှာ အင်္ဂလိပ်စကားပြော သင်တန်းတက်နေလို့ မေမေ့ဆီ မဆက်ဖြစ်တာပါ
မေမေရယ်” စသဖြင့် ရွှန်းရွှန်းဝေ
အောင်ပြောတတ်သည်။
ဒီလိုမိုးတွင်းမျိုးမှာ
အမြဲလို ရေကြီးရေလျှံတတ်သည့် အရပ်မို့၊ သူ့တို့ အဖေတွက် စိတ်မပူ တောင်၊ နေ့စဉ်
ကျောင်းသွားကျောင်းပြန် ဒီမိုးသည်းသည်းနှင့် နှစ်ပါးသွားနေကျ ကျွန်မဆီတော့ ဖုန်းဆက်
သင့်ပါ သည်။ နေပါစေဦ်း ။ ဒီတစ်ခေါက်သူတို့ဆီက ဖုန်းလာမှ အားရပါးရ ဆူပစ်လိုက်အုန်းမည်။
ခလုတ်ထိ လျှင်တော့ အမိတချင်ကြသည့် ဒင်းတို့ကို ဒီတစ်ခေါက်ဖုန်းလာလျှင်တော့
အလွမ်းမသည်ပဲ တကယ် စိတ်ဆိုးပြလိုက်မည်။ ဒါမှ ကျွန်မရင်ထဲမှ ခံစားရသမျှကို သူတို့နားလည်သဘောပေါက်ပြီး
နောက်ထပ် ကျွန်မကို အကြာကြီး အဆက်သွယ်မဖြတ်ရဲမှာ။
ဒေါသအတွေးတို့ပင်
မဆုံးသေး၊ ခေါင်းရင်းအိမ်မှာ တံခါးတစ်ဖက်ဖွင့်သံနှင့်အတူ မမလှ အသံကို
ကြားလိုက်ရသည်။
“လဲ့ရေ..လဲ့လဲ့ရှိလား ။”
“ သြော်၊ ဟုတ် ရှိတယ်မမလှရေ။”
“ အေးအေး၊ ညီမရေ
ဖုန်းလာနေတယ်။”
“ အော်လာပြီ မမလှ ။ လာပြီ၊
ကျေးဇူးပဲ ။”
စိတ်ချင်းဆက်နေသည်လား
ပင်မသိ၊ သမီးကြီးပဲ ဖြစ်ဖြစ်၊ သမီးငယ်ပဲ ဖြစ်ဖြစ် အချိန်ကိုက် စိတ်ဆိုးခွင့် ရပြီမို့
ထီးလေးယူပြီး အပြေးလေး ထွက်လာခဲ့သည်။ နှစ်ယောက်စလုံးကို အတူတူ ဖုန်းဝယ်ပေး ထားပြီး
အဆက်သွယ်ပြတ်နေကြ သည်မှာလည်း ကြာနေပြီမို့ ဒေါသစိတ်နှင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။
“ ဟယ်လို’’
တစ်ဖက်မှ မည်သည့်
ခွန်းတုံ့ပြန် စကားကိုမှ မကြားရ။ သူတို့ အပြစ် သူတို့ သိသည်မို့ နှုတ် ဆိတ်
နေတာလည်း ဖြစ်ချင်ဖြစ်မည်။
“ ဟယ်လို “
“ ဟယ်လို.ပြောလေ ။
သမီးကြီးလား ၊ သမီးငယ်လား ။ ဘယ်သူလဲ အကြီးမကြီးလား”
တဖက်မှ ဖုန်းခွက်ကို
ပါးစပ်နှင့်နီးကပ်စွာထားပြီး ကျယ်ကျယ်လောင်လောင် ပြောနေကျ ဖြစ်သော ၊ ကျွန်မနှင့် လွန်စွာ
ရင်းနှီး ကျွမ်းဝင်လှသည့် အသံတစ်သံကို
မမျှော်လင့်ပဲ ကြားလိုက်ရသည်။
“ သမီးလဲ့လဲ့လား ၊ အမေပါ။ ”
ရုတ်တရက် ကြက်သေသေသွားမိသည်။
ဖုန်းကိုင်ထားလျက် ၊ ကျွန်မနှုတ်ခမ်းအစုံကို အံ့သြမင်သက်စွာပင်
ကျန်လက်တစ်ဖက်နှင့် ထိကပ်ထားမိသည်။
“ အမေ “
ကျွန်မအသံ မထွက်ပဲ အမေ့ကို ခေါ်မိသည်။
အမေတဲ့။ သမီးဇောတွေ နှင့် ဖုန်းကိုင် ကိုင်ခြင်း၊ အမေမှန်းမသိပဲ ဒေါသစိတ်ထွေထွေဖြင့်
သမီးကြီးနှင့် သမီးငယ်ဆိုပြီး ရမ်းသမ်းခေါ်ဝေါ်ခဲ့မိသည့် ကျွန်မအမှားက အမေ ကို စိတ်မကောင်းများ ဖြစ်သွားစေနိုင်သလား
ကျွန်မ မသိပါ။
“ ဟုတ်ကဲ့ …. အမေ သမီးပါ ။မေမေနေကောင်းရဲ့လား ။“
“ နည်းနည်း ကျယ်ကျယ်ပြောပါ သမီးရဲ့၊ ဒီမှာ
နားကြပ် ပါမလာလို့ ဘာမှမကြားရဘူး ။”
“ လုပ်ပြီ အမေကတော့ ၊ အမေ့ကို
နေကောင်းရဲ့လားလို့ မေးနေတာ။ နားကြပ်ကို အမြဲတပ် ထားပါ ဆို ပြောလို့ ကိုမရဘူး
၊ဘာလို့အခု မတပ်ထားတာလဲ ။”
ဂရုဏာဒေါသောနှင့် အော်ပြောလိုက်သော်လည်း
နားကြပ်ပါမလာ၍ ခုနက အမေ့ကို သမီး တွေ အထင် ဒေါသနှင့် မှားခေါ်ခဲ့သည်ကိုလည်း သူကြား
နိုင်မည်မဟုတ်၍ အမှန်တကယ်ပင် စိတ်သက်သာရာ ရသွားသည်။
“ညကမိုးတွေ မတရားရွာပြီး လေတွေကလည်း
ပြင်းတော့ သမီးကို စိတ်ပူပြီး ဖုန်းဆက် ချင်ဇောနဲ့ လောလော ထွက်လာလိုက်တာ၊
နားကြပ်ပါမလာဘူး။”
ဒီလိုဆိုတော့လည်း အမေ့ကို
အပြစ်မတင်ရက်တော့သည့်အပြင်၊ ၀မ်းနည်းစိတ်ဖြင့် တုန်ရီ လှိုက်မောမိသည်။ အမေကတော့
သူ့ဝသီအတိုင်း စကားတွေ ကရားရေလွတ် ပြောနေရှာသည်။
“ အမေတို့ဆီမှာတော့ မိုးတွင်းဆို
ရေကြီးတာက တစ်သက်လုံး ဖြစ်နေကျမို့ ရိုးနေပြီ သမီးရဲ့ ၊ စိတ်မပူပါနဲ့ ။ သမီးတို့ဆီမှာသာ
ဟိုတစ်ခါ နာဂစ်ဖြစ်ပြီးသွားကတည်းက မိုးရွာလို့ လေပြင်းတိုက်ပြီဆိုရင် အမေ ကတော့
အပင်တွေကျိုး မလား၊ ရေတွေပဲ မတရားကြီးမလား၊ ကျောင်းတစ်ဖက်နဲ့ ငါ့သမီးလေး အဆင်မှ
ပြေပါ့မလား၊ ဖျားနာနေမလားနဲ့ တွေးပြီး
ပူနေရတာ။ “ဲ
ကျွန်မဘက်မှပြန်ပြောစရာ
စကားရှာမတွေ့ပဲ နှုတ်ဆိတ်နေမိသည်။အရင်လဆန်း လောက်မှ အမေ့ပါးလိုက်သည့် လူကြုံပစ္စည်း
သမီးများရှိရာ ရန်ကုန်မှတဆင့် ရောက်လာပြီး အဲဒီလူနှင့်ပင် အမေ့ထံ ပြန်စာပါးပြီးကတည်း
ကျွန်မအဆက်သွယ် မလုပ်ဖြစ်သည်မှာ နှစ်လကျော် လောက်ပင် ရှိနေပြီဖြစ်သည်။
အမေကျန်းမာရေးတွက် စိတ်ပူစိုးရိမ်တာမျိုး ရှိတတ်သော်လည်း ၊ကျောင်းနှင့်အိမ် လုံးချာလိုက်နေသည့်
နိစ္စ ဓူဝ ကိစ္စတွေထဲ ၊ အားရင်အားသလို စိတ်ရောက်ဖြစ်တာက အဝေးက သမီးတွေဆီသာ။ ခုလို
မိုးတွေ သည်းနေသည့် အချိန် အဝေးကရွာလေးထဲ အထီးကျန်နေရှာမည့် အမေ့ဆီ
ဖုန်းဆက်သတင်းမေးဖို့ ကျွန်မ ဘာကြောင့်များ သတိမရမိပါလိမ့်။ ကျွန်မကို အဆက်အသွယ်မလုပ်သည့် သမီးတွေကို စိတ်ဆိုးဒေါသ ထွက်ဖို့ အားယူထားသည့်
ကျွန်မ ၊ အမေ့ရဲ့ တဖွဖွမှာနေသည့် စကားသံတွေ အောက်မှာ စုန်ရေသာရှိပြီး ဆန်ရေရှားပါးသည့်
မိခင်မေတ္တာကို လှမ်းမြင်လိုက်ရသည်။
“ အမေ မှာချင်တာတော့ အဲ့ဒါပါပဲသမီးရေ။
အမေ ဖုန်းချလိုက်တော့မယ်။ ခြံထဲအပင်တွေ ရှင်းရင်လည်း သတိထား အုန်း ခြံက
ကျယ်ပါသဘိနဲ့ မျော့တွေ ၊မြွေတွေ အောင်းနေတတ်တယ်။”
‘’ ဟုတ်ကဲ့ပါ မေမေရယ် ။အမေလည်း
သွားတာလာတာ ဂရုစိုက်ပါ်။ သမီးပြောတာရော ကြားရဲ့လား ။ကျန်းမာရေးက အရေးကြီးတယ်နော်
မေမေ ။ လိုတာရှိရင်လည်း သမီးကို
ပြောအုန်း။”
အမေဖုန်းချသွားသည့်အခါ ၊ အမည်မဖော်နိုင်သော
စိတ်လှုပ်ရှားမူတစ်ခုက ကျွန်မ ရင်ကို လှုပ်ခတ်လာသည်။ ယောဂီတစ်ဘက်လေး
ပခုံးမှာတင်ပြီး ဆံဖြူသွားကျိုးသော်လည်း ကျွန်မအတွက်ဆို အမြဲ အပြုံးမပျက်သည့် အမေ့
မျက်နှာလေးကို မြင်ယောင်မိသည်။ ကျွန်မ အမေ့လောက်မှ မိခင်မေတ္တာ စွမ်းအား ကြီးမားရဲ့လားဟု
ကိုယ့်ကိုကိုယ် သံသယရှိ လာမိသည်။ တဖက်က ကြည့်လျှင်တော့ ဒီသံသယ တွေဖြင့်ပင် အမေတစ်ယောက် အနေနှင့်
သမီးတို့အပေါ် ပိုမိုနားလည် စေနိုင်ခဲ့သည်။ ခုတော့ ကျွန်မ သမီးတို့ကို စိတ်မဆိုးတော့ပါ။
စိတ်မဆိုးသည့် အပြင်၊ အမေ့ဆီင်္မှ ကူးစက်လာပုံရသော နားလည်နိုင်စွမ်း ကြီးမားလွန်းသည့်
မိခင်မေတ္တာစွမ်းအားဖြင့် သမီးတို့ နေမှကောင်းရဲ့လား ၊အဆင်မှ ပြေရဲ့လားဟု စိုးရိမ်
ပူပန်လာမိသည်။ ဤစိုးရိမ်မူနဲ့အတူ ကျွန်မကိုယ်ကျွန်မ မသိလိုက်ခင်မှာပဲ ကျွန်မ၏ လက်ချောင်းလေး များက ဖုန်းနံပါတ် ကလေးများ
ပေါ်တွင် ချက်ချင်း လှုပ်ရှားသွားကြသည်။
“ ဟယ်လို ..သမီးလေးလား။
မေမေပါ………”
(ရွှေအမြုတေမဂ္ဂဇင်း ၊ဇွန်လ၊ ၂၀၁၃)
Subscribe to:
Posts (Atom)