ဆုံးစမဲ့ သံယောဇဉ်မြစ်ကလေး
ခင်ယွန်းပြုံးနေမိသည်။ ကြားရဖန်များသော်လည်း ဒီစကားတွေကြားတိုင်း ကြည်နူးသည့်စိတ်ကို ဖုံးကွယ် မထားနိုင်ခဲ့။ အပြုံးတစ်ပွင့်က နှုတ်ခမ်းထပ်မှာခိုတွဲလျက်ရှိသည်။ လေအ၀ှ့တွင် ခြံထဲကဆိတ်ဖလူးပန်းရနံ့ သင်းသင်းလေး လွှင့်ပျံ့လာသည်။ မေမြတ်က ရေနွေးတစ်ခွက်သောက်ရင်း သူ့စကားကိုဆက်သည်။
“အဲ့ဒါ နင် သိတယ်မဟုတ်လား ခင်ယွန်း”
“ငါက ဘာကိုသိရမှာလဲ”
ခင်ယွန်း မေမြတ်ကို တမင် ဘုတောတောလိုက်သည်။
“အံမယ်၊ မသိချင်ယောင်ဆောင်နေပြန်ပြီ။ ကျော်မောင် နင့်ကိုစိတ်ဝင်စားနေတဲ့ အကြောင်းလေ”
“ဟုတ်ပ၊ နင့်ကို ကြည့်တဲ့ သူ့မျက်လုံးတွေမရိုးဘူးဆိုတာ လူတိုင်းသိပါတယ်နော်။ ဘာလဲ နင်က တော့ မသိပါဘူးလို့ ပြောချင်တာလား”
ငုဝါကပါ ခင်ယွန်းမျက်နှာကို စေ့စေ့ကြည့်ရင်းဆိုပြန်သည်။
“ငါတို့ကလေ ဘယ်သူကစလှုပ်မလဲလို့ စောင့်ကြည့်နေတာ၊ အခု မြင်းကလည်းမလှူပ်၊ ခုံကလည်းမလှူပ် တော့ ငါတို့တွေပဲ လှူပ်အောင်ဝိုင်းလုပ်ရမလားလို့”
လဲ့လဲ့ကပါ အရွှန်းဖောက်ရင်း ခင်ယွန်းကို အကဲခတ်လာတော့၊ခင်ယွန်း မနေတတ်တော့ပြီ။
“ကဲ မိန်းမတွေ၊ ညည်းတို့ စိတ်ထင်တိုင်းလျှောက်ပြောနေတော့မှာလား ၊ ညဉ့်နက်လှပြီနော်။ ပြန်ကြ တော့”
“ပြန်မှာပါ။ မပြန်ခင် သိချင်တာလေးရှိသေးတယ်။ ဟိုတလောက သာဒိန် နင့်ကိုရည်းစား စကားပြော တော့ နင်က ငါ့မှာချစ်ရမဲ့သူရှိတယ်လို့ ပြောလိုက်တယ်ဆို၊ အဲ့ဒါ ဘယ်သူလဲ ဆိုတာငါတို့ကို ခုပြောပြပါလား”
မေမြတ်က ပြုံးစစနှင့် အမေးအမြန်းထူနေနေစဉ် လဲ့လဲ့က ၀င်ပြီး
“ဟဲ့ အဲ့ဒီတုန်းကလေ ကျော်မောင်ကဘာမဆိုင်ညာမဆိုင် သာဒိန်ကို သွားချဲတာနော်။ ငါတို့ကြားလိုက်ပါ သေးတယ်။ ခင်ယွန်းကို မနှောင့်ယှက်ဖို့ သွားပြောတာတဲ့။ နင် အဲ့ဒီတုန်းက ဘယ်လိုခံစားရလဲခင်ယွန်း၊ ကျော်မောင့်ကို ဒေါသထွက်လား၊ ဒါမှမဟုတ် ကျေးဇူးတင်လား”
ခင်ယွန်း သူ့တို့ကိုအဖြေမပေးပဲ ကွပ်ပျစ်ပေါ်မှ အတင်းမောင်းထုတ်ပစ်သည်။
“ကဲ မိုးချုပ်နေပြီ၊ ပြန်ပါတော့ ဆိုနေမှပဲ။ နင်တို့တွေ နောက်တစ်ခါ အဲ့ဒီအကြောင်းကိုပဲ လာလာပြောဦး မယ်ဆိုရင် ငါ့ အိမ်လာမလည်နဲ့တော့။ ငါဧည့်ခံမှာ မဟုတ်ဘူး”
တမင်ဟန်လုပ်ပြီးပြောသည့် စကားကိုသူငယ်ချင်းများက သဘောပေါက်ဟန် ရယ်မောနောက်ပြောင်ရင်း နှုတ်ဆက်ထွက်သွားသည်။ သူတို့ပြန်သွားမှ လက်ဖက်ပန်းကန်၊ ရေနွေးပန်ကန်များသိမ်းပြီး အိပ်ရာဝင်ရသည်။ အိပ်ရာထဲအရောက်ခြေထောင်အမိုးကိုလှမ်းမော့ကြည့်တော့ ဗြုန်းကနဲ ကျော်မောင့် မျက်နှာကြီးပေါ်လာသည်။ မျက်လုံးအတင်းဇွတ်မှိတ်လိုက်သော်လည်း တလက်လက်တောက်ပနေသော ညို့ရီနွဲ့ အနက်ရောင်မျက်ဝန်းတစ်စုံ ကို မျက်စိထဲ ဖျောက်လို့မရ။ မျက်လုံးများသည် နှလုံးသား၏ ပြတင်းပေါက် ၊ စိတ်၏ ထွက်ပေါက်ဟု ဆိုကြသည်။ ကျော်မောင်ဖွင့်မပြောရသေးသော်လည်း မျက်ဝန်းမှတဆင့် သူ့ရင်ထဲ မေတ္တာအစိုင်အခဲကို ခင်ယွန်း လှမ်းတွေ့ နေ နေရပြီပဲ။ ဒါဆို ကျော်မောင်သည်လည်း ခင်ယွန်းမျက်ဝန်းတွေမှတဆင့် ချစ်စကားသံ တိုးလျလျ ကိုကြားသိနေ ရပြီလား။ အို... ။ ရှက်စိတ်ကြောင့် ခင်ယွန်းအိပ်မပျော်နိုင်ပဲ အိပ်ရာထဲ ဟိုလှိမ့်၊ ဒီလှိမ့် လှိမ့် နေမိသည်”
ကျော်မောင်ဆိုသည်မှာ ခင်ယွန်းနှင့် လုံးလုံးမနီးစပ်သော သူစိမ်းမဟုတ်။ ငယ်သူငယ်ချင်း၊ ကျောင်းနေ ဖက်၊့ ကစားဖော် ၊ ရန်ဖြစ်ဖော်။ ကျော်မောင့်အဖေဆုံးတော့ ကျော်မောင်ရှစ်တန်း ကျောင်းသားအရွယ် ။ ဒါပေမဲ့ အမေမုဆိုးမကြီးက ကျောင်မောင့်ကို ပင်ပင်ပန်းပန်း ရှာဖွေပြီး ကျောင်းဆက်ထားရှာသည်။ ပညာတတ်ကြီးဖြစ်စေ ချင် သည့် အမေ့ဆန္ဒကို ဖြည့်ဆည်းချင်သော်လည်း ကျောင်းစာထဲ ကျော်မောင် စိတ်ဝင်စားမူလျော့ပါးခဲ့လေပြီ။ ဆယ်တန်းရောက်သောနှစ်တွင် အမေ့ကိုတောင်းပန်ပြီး ကျောင်းထွက်ကာ သူလယ်ထဲဆင်းသည်။ ကျော်မောင်တို့ အိမ်၏အနောက်ဘက် ခြံကျယ်ကြီးထဲ ရာသီသီးနှံမျိုးစုံစိုက်ပျိုး၍ ဆောင်းဦးကျချိန်တွင် မြို့ပေါ်ဈေးသို့ တက်ရောင်း လေ့ရှိသည်။ ရိုးရိုးသားသား သူရှာရသမျှပိုက်ဆံတွေအားလုံးကို အမေကိုအပ်ပြီး အိမ်မှာအတူလာနေသော အဒေါ် အပျိုကြီး နှစ်ယောက်ကို လုပ်ကျွှေးနေသော ကျော်မောင်သည် ခင်ယွန်းသိပ်ချစ်ရသောသူပင် ဖြစ်သည်။ ခင်ယွန်း ကတော့ ငယ်ငယ်တည်းက ကျော်မောင့်လောက် စာမတော်သူမို့ခင်ယွန်းအောက် အငယ်နှစ်ယောက်ကို ငဲ့ပြီး အလယ်တန်းအဆင့်နှင့်ပင်ကျောင်းထွက်ခဲ့ရသည်။ ထို့နောက် အိမ်ဆိုင်လေးဖွင့်ပြီး အမေနှင့်အတူ ကုန်ခြောက် ကလေးများရောင်းကာ မိသားစုထမင်းအိုးအတွက် တထောင့်တစ်နေရာက စီးပွားရှာနေသော ခင်ယွန်းအပေါ် မျက်စိကျသော ရွာကာလသားများ များလှသည်။ ထိုထဲတွင် ကျော်မောင် တစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။ ဒါကိုခင်ယွန်းရိပ်မိသော်လည်း မသိကျိုးကျွံပြုကာ သူငယ်ချင်းတစ်ယောက်လို သူ့အပေါ် ရင်းရင်းနှီးနှီးဆက်ဆံမိ သည်။ သူ့အပေါ် ရိုးသားပွင့်လင်းစွာ ဆက်ဆံသော်လည်း သူနှင့်တွေ့တိုင်း တထိတ်ထိတ်ခုန်နေသော ရင်ခုန်သံ ကိုတော့ ခင်ယွန်း မညာနိုင်ခဲ့။ အထူးသဖြင့် အမေနှင့်အတူ မနက်ပိုင်းဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့တိုင်း ကျောင်မောင်တို့ အိမ်ရှေ့ဖြတ်ချိန်တွင် ဆူညံနေတတ်သော ရင်ခုန်သံကို ခင်ယွန်းအတိုင်းသား ကြားရလေ့ရှိသည်။
“ဒေါ်လေး ဆွမ်းချိုင့်ပို့ပြီလား။ ဒီမှာကောက်ညှင်းပေါင်းလေး ဆရာတော့်အတွက် လူကြုံပေးဦး မယ်”
“ဟဲ့ မလေးရင်က ဆွမ်းမပို့ဘူးလား”
“အမေက ဒီနေ့ နေ့ဆွမ်းမှပဲပို့တော့မယ်တဲ့။ အိပ်ယာထနောက်ကျသွားလို့”
“သြော် အေး၊ ညနေကျ တို့အိမ်ဘက်ရောက်ရင် ၀င်ခဲ့ပါဦးလို့”
“ဟုတ်ကဲ့။ အမေလည်း ဒေါ်လေးနဲ့ မတွေ့တာ ကြာလို့ ပြောနေတယ်”
ကျော်မောင်က အမေ့ကိုစကားပြောရင်း မျက်ဝန်းတွေကတော့ ခင်ယွန်းရှိရာသို့ တရစ်ဝဲ၀ဲ ရောက်လာသည်။ ခင်ယွန်းပါးမှ သစ်ရွက်ပုံသနပ်ခါး ပါးကွက်လေးကို လှမ်းကြည့်ရင်း
“ခင်ယွန်း နင့် ဒီနေ့ မြစ်ဆိပ်မှာရေသွားမခပ်နဲ့ဦးနော်။ ညတုန်းကမိုးရွာထားလို့ ရေတက်နေတယ်တဲ့”
“ရေက အဲ့လောက်လည်း မတက်ပါဘူး ငါသိပါတယ်။ မေမြတ်တို့လည်း ပါတာပဲဟာ”
“မေမြတ်တို့ ပါ ပါ မပါပါဟာ၊ ဟိုမှာသောင်ပြင်တစ်ခုလုံးရွံ့လုံးလုံးဖြစ်နေတာ နင်မတွေ့ဘူး လား။ နင်ချော်လဲဦးမှာစိုးလို့ပြောနေတာ။ ပြီးတော့ ရေတွေကလည်းတစက် ကြည်တာမဟုတ်ဘူး။ ငါခြံထဲက တွင်းကနေပဲ ရေဆွဲလာပေးမယ်။ ငါလည်း ဒီနေ့တော့လယ်ထဲဆင်းဖြစ်မှာ မဟုတ်ပါဘူး။ နေ့လည်ပိုင်း လောက် နင့်အိမ်ကို လာခဲ့မယ်”
ခင်ယွန်းရေချိုးရန်အတွက် သူရန်ဆွဲပေးမည်ကို မသိကျိုးကျွံပြုရင်း စကားမပြန်ပဲ မျက်စောင်းထိုး လိုက်သည်။
“ ငမောင်ရေဆွဲပေးမယ်ဆိုလည်း ဒီနေ့တစ်ရက်တော့ မြစ်ဆိပ် မဆင်းပါနဲ့တော့ သမီးရယ်”
အမေ့စကားကို ခင်ယွန်းဘာမှစောဒက မတတ်တော့သည့်ဟန် နှုတ်ဆိတ်နေမိသည်။ တစ်ပတ် တစ်ခါလောက် ခင်ယွန်းတို့အိမ်မှာ သူရေဆွဲရင်း၊ ထင်းခွဲရင်း လူပျိုလှည့်နေသည့် အကြောင်းကို အမေတို့၊ အဖေတို့များ မသိနိုင်လျော့သလား ခင်ယွန်းစဉ်းစားမိသည်။ အဖေဆိုရင်လည်း ဘာထူးလဲ။ သူရောက်လာသော နေ့ဆိုလျှင် ခြံထဲရှိသမျှ အပင်များရှင်းလင်းသုတ်သင်ခိုင်းတော့သည်။ တခါတရံလည်း ခြံစည်ရိုးပြင်သည်။ ခြံထောင့်က လွတ်နေသော နေရာတွင် သရက်ပင်ပေါက်၊ သင်္ဘောပင်ပေါက်လေး များစိုက်မည်။ တစ်ဖက်ခြံ ထဲသို့ ကိုင်းညွှတ်ကျနေသာ အပင်များကို ခုတ်ထွင် ရှင်းလင်းခိုင်းမည်။ ခင်ယွန်း ညီမလေးကလည်း သူရောက်လာလျှင် သရက်သီးခူးဖို့၊ အုန်းသီးခွဲဖို့ အလုပ်ရှုပ်ဦးမည်။ မူလတန်းကျောင်းသား အငယ်ဆုံးလေးက ကျော်မောင်ရောက် လာလျှင် သူ့သူငယ်ချင်းကစားဖော်များကို အိမ်သို့ခေါ်ပြီး ရွံ့ရုပ်၊ချိုးရုပ်လေးများ အတင်းပူဆာ လုပ်ခိုင်းတတ် သည်။ ခင်ယွန်းတို့ တစ်မိသားစုလုံးနှင့် ရင်းနှီးလွန်းလို့များ ကျော်မောင်က ခင်ယွန်းကို အပိုင် တွက်ပြီး ချစ်စကား၊ ကြိုက်စကား မပြောတာလားဟု တခါတရံ တွေးတောမိသည်။ သူ့ ရင်ထဲက ခံစားချက်ကို လျစ်လျူရူပြီး မိဘများကနေတဆင့် နားဖောက် လိုက်ရင် မခက်ပါလား။ သည်လိုသာဆိုရင် အနှစ်နှစ် အလလ မျှော်လင့်မိသော ငယ်ချစ်ဦး၏ ချစ်စကားသည် ခင်ယွန်း၏စိတ်ကူးယဉ် အိပ်မက်တွေထဲ၌ သာ တဖြည်းဖြည်း ပျောက်ကွယ်သွားပေတော့မည်။
+++
Showing posts with label ၀တ္ထုရှည်စ၊ဆုံး. Show all posts

Saturday, September 14, 2013
Tuesday, August 27, 2013
နေ၀င်ချိန်တိမ်တောက်ပါရစေ
ဒီနေ့ ဒီဇင်ဘာနှစ်ဆယ့်ငါး၊
ခရစ္စမတ်နေ့ဟာ ကျွန်မ မေမေရဲ့ မွေးနေ့ပါ။ ဒါကြောင့် မွေးနေ့ကုသိုလ်အဖြစ် ဘိုးဘွားရိပ်သာမှာ
ဆွမ်းပဒေသာပင်အတွက် ပိုက်ဆံလှူရင်း ဘဏ်မန်နေဂျာအမေက ကျွန်မလက်ထဲကို နှစ်ရာတန် ပိုက်ဆံ
အသစ်ကလေးတွေ လာထည့်ပေးတယ်။ အဘိုးအဘွားတွေကို လည့်ပတ်ကြည့်ရင်း၊ ကိုယ်တိုင်ကိုယ်ကျ တနိုင်လေး
လက်ထဲ ထည့် လှူဖို့ တဲ့။ သူ့လက်ထဲမှာလည်း ထွန်းရွှေဝါ ပုလင်းတွေ အများကြီး ကိုင်ထားရင်း
တခန်းဝင် တစ်ခန်းထွက် အဘိုးအဘွား တွေ ကို လိုက်ကြည့်တဲ့ အခါတိုင်း အမေက ဆေးတစ်ပုလင်းစီ
သူတို့လက်ထဲ ထည့်ပေးသလို၊ ကျွန်မကလည်း ပိုက်ဆံနှစ်ရာ တန် လေးတစ်ရွက်စီကို ရိုရိုသေသေနဲ့
ကမ်းပေးဖြစ်တယ်။ အဘိုးတွေနေတဲ့ အဆောင်ကို အရင်ရောက်သွားတော့ ကျွန်မတို့ကို ပြုံးပြ
နှုတ်ဆက်ပြီး မေးသမျှပြန် ဖြေတဲ့ အဘိုးတွေရှိသလို ကျွန်မတို့ကို မြင်တာနဲ့ လမ်းလျှောက်တုတ်ကိုင်၊
လျှောက်လာပြီး အလှူရှင် တွေ ကို လာနှုတ်ဆက်တဲ့ အဘိုးတွေလည်း ရှိတယ်။
တချို့နေသိပ်မကောင်းတဲ့သူတွေကတော့ ကုတင်ပေါ်မှာပဲလှဲရင်း ငေးကြည့်နေသလို၊ တချို့ကတော့ မျက်မှန်ထူထူကြီး နဲ့ စာဖတ်နေရာက မျက်ဝန်းတချက်လှန်ကြည့်ပြီး ဂရုမစိုက်သလို မသိကျိုးကျွံပြုလို့ စာပြန်ဖတ်နေတဲ့ အဘိုးတွေကိုလည်း တွေ့ခဲ့ရ တယ်။ အဲ့ဒီထဲကတစ်ယောက်ကတော့ ထူးထူးခြားခြား ကျွန်မသူ့အနားရောက်သွားတာနဲ့ “ရွှေဘိုကလာတာ လား၊ ရထားစီး လာ တာလား ကားစီးလာတာလား ”လို့ မေးပါတော့တယ်။ ဒီတော့ ကျွန်မက လည်း ရွှေဘိုကလာတာ မဟုတ်တဲ့အကြောင်း၊ ရန်ကုန်မှာပဲ နေတဲ့အကြောင်းကို ပြောပြဖြစ်ပေမယ့် သူကတော့ အဲ့ဒီ မေးခွန်းကိုပဲ သိချင်စိတ်လွှမ်းနေတဲ့ မျက်ဝန်းလေးနဲ့ ထပ်ခါထပ်ခါပြန်မေးနေတော့တယ်။ အဲ့ဒီအဘိုးဟာ ရွှေဘိုမှာ နေတဲ့ သူ့မိသားစု လာတွေ့မယ့်အချိန်ကို မျှော်နေတာလား။ ဒါမှမဟုတ် သူကရွှေဘိုဇာတိမို့သူ့မြို့ကလေးကို စိတ်စွဲပြီး ကျွန်မ တို့ကို ရွှေဘိုကနေ အလည်လာတဲ့သူတွေလို့ ထင်မြင်နေတာလား။ ဝေခွဲမရနိုင်တဲ့ အတွေးတွေနဲ့ပဲ သူ့မေးခွန်းအတွက် ဆီလျော်တဲ့ အဖြေတစ်ခုကို သူကျေနပ်သွားအောင် ကျွန်မဘက်က ဖန်တီးပြီးမပေးနိုင်ခဲ့ပါဘူး။ သူ့လက်ထဲ တန်ဖိုးသိပ်မရှိလှတော့တဲ့ နှစ်ရာ တန်လေးတစ်ရွက်ရယ်၊ ဒဏ်ကြေလိမ်းဆေးဗူးလေးရယ်ကို ထည့်ပေးလိုက်တော့ “ ကျေးဇူးတင်ပါတယ် သမီးလေး”ဆိုပြီး ဆုတွေ တသီကြီး မဆုံးနိုင်အောင် ပေးပါသေးတယ်။
နောက်တော့ အဘွားတွေရဲ့အဆောင်ဘက်ကို ကျွန်မတို့ကူးလာတဲ့အခါ အသက်အပိုင်းအခြားအရ အခန်း တွေခွဲပြီး ထား ထားတာကိုတွေ့ရတယ်။ ပလက်တီနမ်ရောင်ဆံပင်တွေကို ဘီးစပတ်ပတ်ထားပြီး မျက်စိမှုန်ခါးကိုင်းကာ အရိုးပေါ် အရေတင် နေပေမယ့် သနပ်ခါးဘဲကြားနဲ့ အပြတ်စားပဲများမယ် ဆိုတဲ့ စိုင်းစိုင်း သီချင်းထဲကလိုပဲ အဘွားတွေ အားလုံး သနပ်ခါး အဖွေးသားနဲ့ကိုယ်စီကိုယ်ငှ အလှချင်း ပြိုင်လျှက် ရှိတယ်။ ကျွန်မတို့ကို မြင်တော့ ပြုံးရွှင်စွာ ကြိုဆိုနေ သူတွေရှိသလို တချို့အဘွားတွေကတော့ အိပ်ယာထဲလှဲနေရင်းမှ ကျွန်မလက်ထဲ သိပ်မကျန်တော့တဲ့ နှစ်ရာတန်လေးတွေကို အတင်း လက်ဖြန့် တောင်း နေပါတော့တယ်။ တချို့ကတော့ စကားပြောဖော်မရှိသူတွေမို့ ဧည့်သည်ဖြစ်တဲ့ ကျွန်မလက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ပြီး တစ်နေ့တာ သူရဲ့လုပ်ဆောင်ချက်တွေကို အချိန်ဇယားအလိုက် စီကာရီကာပြောပြကြတယ်။ သူတို့ထဲမှာလည်း သတိမေ့ပြီး သူငယ်ပြန်ချင်ချင် ဖြစ်နေတဲ့ အဘွားတွေ၊ သတိကောင်းပေမဲ့ ခြေထောက်နဲ့ခါးရိုးတွေ မသန်မာတော့ လို့ အိပ်ယာထဲကနေ ကျွန်မတို့ကို နုတ်ဆက်ပြုံး ရုံ လောက်သာ ပြုံးပြနိုင်တော့တဲ့ အဘွားတွေကို လည်းတွေ့ရတယ်။ သူတို့ထဲမှာ ဘွားရင်စိုး ဆိုတဲ့ အဘွားကတော့ ကျွန်မတို့တွေ သူ့အနား ကပ်လိုက်တာနဲ့ “ငါးမုန့်ကြော်စားချင်တယ် ငါးမုန့်ကြော်စားချင်တယ်” ဆိုပြီး ပူဆာပါတော့တယ်။ ကျွန်မတို့မှာလည်း ငါးမုန့်ကြော်က ပါမလာတော့ “နောက်တစ်ခေါက်လာရင် ဝယ်ခဲ့မယ်နော် အဘွား”ဆိုပြီး ချော့မော့နှစ်သိမ့်ရတယ်။ ကလေးတစ်ယောက်လို ငါးမုန့်ကြော်စားချင်လို့ ဂျီကျပူဆာနေတဲ့ အသက် ခုနှစ်ဆယ် ကျော် ဘွားရင်စိုးအဖြစ်ကို မြင်တော့ နာမည်တပ်ရခက်တဲ့ ဝေဒနာ တစ်ရပ် ကွှန်မရင်ကို ပူလောင်ဆွေးမြေ့စေတယ်။ ၀န်ထမ်းအစ်မ တစ်ယောက်က ကျွန်မတို့မျက်နှာ တွေကိုကြည့်ပြီး ပူဆာနေတဲ့ ဘွားရင်စိုး အနားလာပြီး
“အဘွားစားချင်တဲ့ ငါးမုန့်ကြော် ခု ကြော်နေပြီအဘွားရဲ့။ ဧည့်သည်တွေလာရင် မပူဆာရဘူးလို့ ကျွန်မပြောထား တယ် မဟုတ်လား ”လို့ ချိုသာစွာပြောတဲ့အခါ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အမျိုးသမီးကို ငေးကြည့်ကာ ခေါင်း တဆတ်ဆတ် ညိတ်ပြတယ်။ ဝန်ထမ်းအမျိုးသမီးကလည်း ကျွန်မတို့ဘက်ကို လှည့်ကြည့်ပြီး..
“ဒီအဘွားက ငါးမုန့်ကြော် သိပ်ကြိုက်တာ၊ နေ့တိုင်းလိုလို သူ့ကိုထမင်းကျွေးတဲ့အခါတိုင်း ငါးမုန့်ကြော်နဲ့ ထမင်း ကျွေးရတယ်၊ တခါတလေလည်း စားပြီးလို့ စားပြီးမှန်းလည်း မသိဘူး၊ မျက်နှာစိမ်းတွေ မြင်ရင်လည်း ပူဆာလို့ ရတယ်ထင်ပြီး ကလေး တစ်ယောက်လို့ ဂျီကျနေတတ်တာ” လို့ပြောပြရင်း၊ တခြားအဘိုးအဘွားတွေအကြောင်းလည်း စကားဆက်လာတယ်။
“ ဒီမှာကတော့ အစ်မရယ်။ အဘိုးအဘွားတွေ အားလုံးကို ကျွန်မတို့ ဝန်ထမ်းတွေက ကိုယ့်အဘိုးရင်း၊ အဘွားရင်း တွေလို စောင့်ရှောက် ပေးပါတယ်။ အလုပ်လုပ်တာလည်း ကြာပြီဆိုတော့ သံယောဇဉ်က ဖြစ်နေပြီလေ။ တခါတလေတော့လည်း သူတို့ ဖြစ်ချင်တာ၊ လိုချင်တာမှန်သမျှ ကိုယ့်ဘက်က စိတ်တိုင်းကျဖြည့်ဆည်း ပေးဖို့ မလွယ်ပါဘူး။ အဘိုးအဘွားတွေက အများ ကြီးဆိုတော့ ဒီလိုပဲ တာဝန်ကျရာ ဝန်ထမ်းအချင်းချင်း ညှိညှိနှိုင်းနှိုင်း လုပ်ကြရတာပဲ။ ” သူနဲ့အတူ စကားတပြောပြော လျှောက်လာရင်း ကလေးတစ်ယောက်လို ကွေးကွေးလေး အိပ်နေတဲ့ အသက်ရှစ်ဆယ်ကျော် အဘွားတစ်ယောက်ရဲ့ ကုတင်နား ရောက်လာတယ်။ ဝန်ထမ်းအစ်မက အဘွားကိုငေးကြည့်ရင်း..
“ တကယ်တမ်းသူတို့လို သက်ကြီးပိုင်းတွေဆို သားသမီး၊ ဆွေမျိုး တစ်ယောက်ယောက်နဲ့ အတူနေသင့်တာ။ သူတို့ အသည်းအသန်နေမကောင်းလို့ ဆေးရုံတက်ရတာမျိုး၊ ခွဲစိတ်ခန်းဝင်ရတာမျိုး ဆိုရင်တောင် လာကြည့်တဲ့သူ၊ သတင်းမေးတဲ့သူ မရှိကြတာ အရမ်းသနားဖို့ကောင်းတာပဲ။ ကျွန်မတို့အားလုံးကတော့ ကုသိုလ်ဖြစ် ဝန်ထမ်းတွေဆိုတော့ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် အဘိုးအဘွားတွေ အားလုံးကို ကိုယ့်အဘိုး၊အဘွားတွေလို စေတနာအပြည့်နဲ့ ပြု စု စောင့်ရှောက်ပေးပါတယ်။ ကိုယ့်မှာဆို လည်း ဒီလို သက်ကြီး ပိုင်း အဖေအို၊ အမေအိုတွေ ရှိတာပဲလေ”
ကျွန်မတို့နားလည်အောင် ရှင်းပြနေတဲ့ ဝန်ထမ်းအစ်မရဲ့စကားကို နားထောင်ရင်း ကျွန်မ အတွေးတွေ အားလုံးကလည်း ကျွန်မကိုချစ်တဲ့ နှစ်ဖက် အဘိုး၊အဘွားတွေဆီ ရောက်သွားပါတော့တယ်။ အဘိုးတွေ နှစ်ယောက်စလုံးကတော့ ကျွန်မငယ်ငယ် ကလေးတည်းက ဆုံးပါးသွားခဲ့တာမို့ကျွန်မမှာ အဘိုးတွေနဲ့ ပတ်သတ်ပြီး ဘာမှ အမှတ်တရ ထွေထွေ ထူးထူးမရှိပါဘူး။ သူတို့နဲ့ပတ်သတ်တဲ့ အတိတ်ပုံရိပ် အားလုံးကလည်း ကျွန်မရဲ့ အာရုံထဲမှာ ဝေဝါးမှုန်မှိုင်းလို့နေပါတယ်။ ကျွန်မတို့မြေးတွေက မေမေကြီး လို့ ခေါ်တဲ့ အဖေရဲ့အမေနဲ့ ဘွားမေလို့ခေါ်တဲ့အမေ့အမေ ကျွန်မအဘွားနှစ်ယောက်စလုံးနဲ့ ပတ်သတ်ရင်တော့ မမေ့နိုင်တဲ့ အမှတ်တရတွေ အများကြီးရှိတယ်။ မေမေကြီး ရဲ့ ညီမ အဖေ့အဒေါ်တော်သူ အဘွားကလည်း အိမ်ထောင်မကျတဲ့ အပျိုကြီး ဆိုတော့ ကျွန်မတို့ မြေးတွေကို အရမ်းချစ်၊ အရမ်းအလိုလိုက်ပြီး ပြောမကုန်နိုင်တဲ့ ကျွန်မတို့ရဲ့ အတိတ်ရဲ့နေ့ရက်တွေကို တိုက်ဆိုင်မူ တစ်ခုခုရှိတိုင်း ပြန်ပြောင်း သတိရ အောက်မေ့စေသူပါပဲ။
ဒါကြောင့် ဘိုးဘွားရိပ်သာဆီရောက်ပြီး အဘိုးတွေ၊ အဘွားတွေကို မြင်တော့ မရည်ရွယ်ပဲ ကျွန်မရဲ့အဘွားတွေ အကြောင်းကို စဉ်းစားမိသွားတယ်။ ကျွန်မတို့ ဘွားမေလို့ ခေါ်တဲ့ အဘွားဖြစ်သူက အသက်သုံးဆယ့်ငါးနှစ်အရွယ်မှာ မုဆိုးမဖြစ်ပြီး ကျွန်မအမေအပါအဝင်သား သမီးငါးယောက်စလုံး ကို ကျွှေးမွေးပြုစုခဲ့သူမို့၊ အရာရာကို ချွေချွေတာတာနဲ့သုံးစွဲတတ်တဲ့ အကျင့်က အမေ၊အဖေနဲ့ အိမ်ထောင်ကျပြီး ကျွန်မတို့ မိသားစုနဲ့အတူ သူလိုက်နေစဉ်အချိန်အထိ အရိုးစွဲသလို ဖျောက်ဖျက် မရခဲ့ဘူး။ အသက်အရွယ် ရလာပေမယ့်လည်း သူ့ပိုက်ဆံလေးတွေကို အလှူဒါနပြုရုံကလွဲပြီး ကျန်တဲ့အချိန်တွေမှာ ထုတ်မသုံးတတ်သူမို့ ကျွန်မတို့ မြေးတွေအားလုံးကလည်း သူ့ကိုဆို ဘွားဘွား ကပ်စေးနှဲကြီးလို့ နာမည်ပြောင်လေး တိတ်တဆိတ် ကင်ပွန်းတပ်ခဲ့မိ တယ်။ ဒါကို အမေက သိတော့ ကွယ်ရာမှာ အဘွားကို အဲ့ဒီလိုပြောရကောင်းလားဆိုပြီး ကျွန်မတို့ကို ကြိတ်ဆူပါတယ်။
“သမီးတို့နော်။ ကိုယ့်အဘွားကို ကပ်စေးနှဲတယ်၊ ကပ်စေးနှဲတယ်ဆိုပြီး လျှောက်ပြောမနေကြနဲ့၊ သူ ချွေတာသုံးတတ်လို့၊ မေမေတို့ မောင်နှမတွေ လူဖြစ်လာကြတာ၊ မဟုတ်ရင်တော့ ဘယ်လွယ်လိမ့်မလဲ။ သမီးတို့အဖိုးဆုံးတော့ ဘွားမေ အသက်က သုံးဆယ့်ငါးနှစ်စွန်းစ၊ ဘာမှလည်း ဟုတ်တိပတ်တိလုပ်စား တတ်တာမ မဟုတ်ဘူး။ မေမေတို့အားလုံးကလည်း ငယ်ငယ်လေးတွေ ဆိုတော့ သူ့ခမျာ မျက်စိသူငယ်၊ နားသူငယ်နဲ့ အဘိုးချန်ခဲ့တဲ့ ပိုက်ဆံလေးတွေကိုပဲ ခြစ်ကုတ်ပြီး ကလေးငါးယောက်စလုံး ကို ကျောင်း ထားပေးခဲ့ရတာ။ အဖွားသာ အသုံးအစွဲကြီး ပြီး ဖြုန်းတီးတတ်တဲ့ မိန်းမဆိုရင် အခုလောက်ဆို မေမေတို့အား လုံး လမ်းဘေး ရောက်နေပြီ။ ဒီလိုမျိုး ကောင်းကောင်းမွန်မွန်နဲ့ လူလားမြောက်လာမှာတောင်မဟုတ်ဘူး။ ဒါကြောင့် သမီးတို့ အဘွား ကပ်စေးနှဲတယ်လို့ မမြင်ကြနဲ့တဲ့”
မေမေပြောပြတာကို ကျွန်မတို့အားလုံး နာလည်ကြပေမယ့်၊ ဘယ်သူဘယ်လိုပြောပြော ကျွန်မတို့မြေးတွေကတော့ ဘွားမေကပ်စေးနှဲ တာကို ဟာသတစ်ခုလိုလုပ်ပြီး ကြုံ ရင်ကြုံ သလို ပြောတတ်ကြစမြဲပါပဲ။ ကျွန်မ အလယ်တန်း ကျောင်းသူဘဝ တုန်းက အိမ်နဲ့ တစ်လမ်းကျော် သာ ဝေးတဲ့ဆေးခန်းကို ဘွားမေသွားတိုင်း ကျွန်မကအဖော်အဖြစ် လိုက်သွားပေးရတယ်။ ဆေးခန်း မရောက်မချင်း တစ်လမ်းလုံးမှာရှိတဲ့ အိမ်တွေကို အိမ်ပေါက်စေ့ သူလိုက်နှုတ်ဆက်တတ်တဲ့ အခါတိုင်း ကျွန်မကတော့ ကစားချိန် ဖဲ့ ပြီး အဖော်ပြပေးရသူမို့၊ အဘွားကို စိတ်ထဲက မကျေမနပ်ဖြစ်နေခဲ့ဖူး တယ်။ ဆေးခန်းရောက်တော့လည်း ထူးထူးခြားခြား နေမကောင်းဖြစ် တာမျိုးမဟုတ်ပဲ သွေးအတက်အကျ၊ တိုင်းတာမျိုး နဲ့ အားဆေထိုးတာလောက်ပါပဲ။ အဲ့ဒီအခါမျိုး လည်း ဆေးခန်းက ဆရာဝန်မလေးကို ဘွားမေက သူကပိုသိသယောင် သူ့ရောဂါအခြေအနေတွေ အားလုံး ကရားရေရွတ်ပြောပြပြီး ဆရာမနဲ့ စကား ဖောင်ဖွဲ့ချိန်ဆိုကျွန်မက အိမ်ပြန်ပြေးပြီး ကစားချင်သူမို့ စိတ်မကြည်မသာနဲ့ မျက်နှာကြီး ပုပ်ထားမိ တာပါ ပဲ။
အဲ့ဒီအချိန်က သက်ကြီးပိုင်းတွေသဘာဝ စကားပြောဖော်ရှာစမြဲမို့ သဘောကောင်းတဲ့ ဆရာဝန်မလေးနဲ့ တွေ့တဲ့အချိန်တိုင်း အဘွားက သူရောဂါအခြေအနေနဲ့ သူ့အကြောင်းတွေ ပြောပြချင်ပါတယ်။ တစ်ခါတစ်လေ လူနာကျချိန် ဆရာဝန်မလေးမအားမှသာ သူ ပြောချင်တာတွေ မျိုသိပ်ပြီး အိမ်လှည့်ပြန်ခဲ့ရတာ၊ သူသိပ်ခင်တွယ်တဲ့ ဆရာဝန်မလေး နဲ့တစ်ပတ်တစ်ခါတွေ့တိုင်း စကား ပြောရင် အနည်းဆုံး မိနစ်နှစ်ဆယ်၊ နာရီဝက်လောက်တော့ ကြာစမြဲပဲ။ ဒီထပ် ပိုဆိုးတာတစ်ခုက အနိမ့်ဆုံးဆေးဖိုး တစ်ရာ ကျော်နှစ်ရာ ရှိတဲ့ခေတ်မှာ အဖွားက ဆေးဖိုးကိုမမေးပဲ ဘဏ်မန်နေဂျာ သူ့သမီးဆီမှာလဲထားတဲ့ သူ့ပိုက်ဆံအသစ်လေးတွေထဲက နှစ်ဆယ်တန်လေး သုံးရွက်ကိုသာ ဆေးဖိုးအဖြစ် အမြဲထုတ်ပေး တတ်သူပါ။ သူဆေးခန်းသွားတိုင်း အမေပေးလိုက်တဲ့ ပိုက်ဆံ တွေကို အိမ်မှာထားခဲ့ပြီး သူ့ပိုက်ဆံအသစ်လေး ခြောက်ဆယ်နဲ့ တစ်ပတ်တစ်ခါ ဆေးခန်းသွားခဲ့ဖူးတာတွေကို ခုထိ မှတ်မိ နေ သေးတယ်။ ဆရာဝန်မက အားဆေးဘယ်လောက်ထိုးထိုး၊ သောက်ဆေးဘယ်လောက် ပေးပေး သူကဆေးဖိုးမမေးပဲ ပိုက်ဆံ ခြောက်ဆယ်လေးပဲ ဆရာဝန်မလက်ထဲ ထည့်ပေးတဲ့အခါ ဆရာဝန်မလေးကလည်း “ရတယ်ဘွားဘွား”ဆိုပြီး လက်လေးနှစ်ဖက်နဲ့ ရိုရိုသေသေယူတတ်သူပါ။ ဒါပေမဲ့ ကျွန်မကတော့ ကလေးပီပီ ကုသိုလ်ရေးထက် ဈေးကွက်စီးပွားရေးကိုသာ တွေးမိပြီး ဆရာဝန် မလေးကို အားနာစိတ်နဲ့ ဘွားမေကိုလည်း စိတ်ဆိုးမိသလို၊ တခြားလူနာတွေ ရှေ့မှာလည်း ရှက်ရွံ့စိတ်ဝင်ခဲ့မိပါတယ်။ ဒီ အကြောင်းတွေ မေမေ့ကို ပြန်ပြောပြတော့ ဘွားမေ ကိုနားလည်တဲ့ အမေက စိတ်မကောင်းဖြစ်ပြီး နောက်ရက်ဆရာမလေးဆီ ဘွားမေမသိအောင်သွားပြီးတော့ ကုန်ကျ စရိတ်ဆေးဖိုး အားလုံးကိုရှင်းပေးခဲ့ပါတယ်။ ဆရာဝန်မလေးကို ကျေးဇူးတင်ကြောင်းနဲ့ ဘွားမေ အပတ်စဉ်လာတိုင်း လိုနေတဲ့ ဆေးဖိုးကို ရုံးပိတ်ရက်ညနေတိုင်းမှာ စုပေါင်း ရှင်းပေးမယ့်အကြောင်း မေမေပြောထား တာကို ကျွန်မ သိသွား တော့လည်းပဲ လူနာအများရှေ့မှာ ဘွားမေ နှစ်ဆယ်တန်လေး သုံးရွက်ထုတ်ပေးတိုင်း ရှက်ရွံ့စိတ်နဲ့ မြေလျိုး မိုးပျံ ကိုယ် ယောင် ဖျောက်ချင်ခဲ့ မိပါတယ်။
တစ်နေ့တော့ ဧည့်ဆိုးတွေ ညကြီးတံခါးလာခေါက်ပြီး၊ ခဏလိုက်ခဲ့ပါ လို့ခေါ်သွားရာ က ဖေဖေ့ပြန်မလာတော့တဲ့အခါ၊ ကျွန်မတို့တစ်အိမ်လုံး ဆောက်တည်ရာမရ ဖြစ်ကြရတဲ့အထဲမှာ ဘွားမေကတော့ အိပ်ရာပေါ် အရိုးကျိုးပြတ်လဲသွားခဲ့တာပါ။ အဲ့ဒီ နောက်ပိုင်းသူငယ်ပြန်သလိုဖြစ်ကာ အရာရာတိုင်းကို သတိလက်လွတ် စဖြစ်လာပါတော့တယ်။ ဖေဖေမရှိတော့လို့ အရာရှိရိပ်သာက ဖယ်ပေးရပြီး ရုံးကစီစဉ်ပေးတဲ့ အခန်းလေးမှာ နေရတဲ့အခါ၊ ဒါဘယ်သူအိမ်လဲ၊သူများအိမ်ကြီးအားနာစရာကွယ်၊ ငါတို့အိမ်ပဲ ပြန် ကြရအောင်လို့ ဘွားမေက ခဏခဏပြောတယ်။ အဲ့ဒီအချိန်မှာ ကျွန်မက အထက်တန်းကျောင်းသူအရွယ်မို့၊ ဘွားမေကို အနီး ကပ်ပြုစုပေးတဲ့ အစ်မဝမ်းကွဲတွေနဲ့အတူကိုယ်တတ်နိုင်သလောက် ကူညီပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဘွားမေကတော့ ဘယ်သူကိုမှ သိပ်မမှတ်မိတော့ပဲ၊ အထက်တန်းကျောင်းသူအရွယ် ကျွန်မကိုလည်း သုံးလေးနှစ်အရွယ် စကားတွေ တတွတ်တွတ်ပြောနေတဲ့ မြေလေးအဖြစ် ထင်မှတ်နေသလို ကျွန်မတို့နဲ့ အတူနေတဲ့အစ်မ ဝမ်းကွဲတွေ အားလုံးကိုလည်း မဖြူဆိုတဲ့ အစ်မတစ်ယောက်ရဲ့ နာမည်ကိုသာစွဲပြီး ခေါ်တတ်လေ့ရှိတယ်။ ဒါကြောင့် သူတစ်ခုခု လိုတိုင်း အမေကအစ၊ ကျွန်မရဲ့ မူလတန်းအရွယ် ညီမလေး အဆုံး အားလုံးကို မဖြူလို့ပဲ ခေါ်တတ်ပါတယ်။ သတိလည်း မကောင်းတော့တာမို့ ထမင်းစားပြီးတာကိုလည်း မစားရဘူးဆိုလိုဆို၊ စားနေရင်းနဲ့ လည်း ထမင်းမကျွေးကြဘူးလို့ ပြောလိုပြောနဲ့ တစ်ခါတလေလည်း အိပ်ရာထဲ အပေါ့စွန့် တာမျိုးတွေ အထိ နေ့စဉ်ရက်ဆက်လုပ်လာတတ်တော့ သက်ကြီးရွယ်အိုတွေရဲ့ ဘဝနေဝင်ချိန်ဟာ ကလေးငယ်တစ်ဦးရဲ့ ဘဝနိဒါန်းပိုင်းလိုပဲ အတော်လေး ကမောက်ကမ နိုင်ပါလားလို့ ကျွန်မ တွေးမိခဲ့ပါတယ်။
ကျွန်မငယ်ငယ် ထမင်းစစားတတ်စအချိန်မှာ ဘွားမေက ပြေးလွှားဆော့ကစားနေတဲ့ ကျွန်မနောက် တစ်ကောက် ကောက်လိုက်ရင်း စိတ်ရှည်လက်ရှည် ထမင်းခွံခဲ့တာများ၊ သူ့လက်က ထမင်းတွေတောင်ခြောက်ကုန်တယ်လို့ ပြောစမှတ်ဖြစ်ခဲ့ တယ်။ ဘွားမေအလှည့်ကျ ကျွန်မအပါအဝင် မြေးတွေအကုန်လုံး စိတ်ရှည်လက်ရှည် စောင့်ပြီး ထမင်းခွံဖို့ အချိန်မပေးချင်မိဘူး။ ကျွန်မတို့ ဘွားမေကိုချစ်ပေမယ့် ကျောင်းကိစ္စ၊ အလုပ်ကိစ္စတွေကိုသာ ဦးစားပေးချင်ကြသူတွေမို့ ဘွားမေအတွက် ဝတ်ကျေတန်း ကျေရုံပဲ ပြုစုစောင့်ရှောက်ခဲ့သလို ဖြစ်ခဲ့လားလို့ တစ်ခါတစ်လေ ကိုယ့်ဖာသာတောင် ယုံမှား သံသယဖြစ်မိတယ်။ အဲ့ဒီအချိန်တုန်း ကလည်း ကလေးတစ်ဦးလိုဖြစ်သွားတဲ့ ဘွားမေက သူလိုအပ်ချိန်တိုင်း “မဖြူရေ လာပေးပါ ကွယ်” ဆိုပြီး မမောတမ်းရေရွတ် ခေါ်လေ့ ရှိတဲ့အချိန်ပေါ့။ အဲ့ဒီလိုအခါမျိုးဆို မဖြူဆိုတဲ့ မြေးမတင်မက ကျန်တဲ့ရွယ်တူမတိမ်းမယိမ်း မြေးတွေအားလုံး အလုပ် မရှိတိုင်း အမြဲခေါ်နေတဲ့ သူ့အနား သွားပြီး သူ့ကိုကလေးငယ် တစ်ဦးလို စနောက်ကျီစယ်မိကြ တယ်။ အဘွားကို သနပ်ခါး လိမ်းပေးပြီး ကြက်တောင်စီးစီး ပေးကာ အိမ်ရှေ့ဧည့်ခန်းအထိ တွဲခေါ်လို့ ကျွန်မတို့နဲ့အတူတီဗီကြည့်ခိုင်း တာမျိုးပေါ့။ အဲ့ဒီအခါ ဘွားမေက တီဗီထဲက အသံဖြစ်ဖြစ်၊ ရေဒီယို ထဲက အသံဖြစ်ဖြစ် သူ့ကို စကားပြောတယ်ထင်ပြီး ဟုတ်ကဲ့၊ဟုတ်ကဲ့ ဆိုပြီး ထောက်ခံတော့ အဲ့ဒီအသံကိုသဘောကျကြတာက တစ်ကြောင်း၊ကျွန်မတို့ကြည့်နေဆဲ အစီအစဉ်တွေကိုမလွတ်ချင်ကြ တာက တစ်ကြောင်း ကြောင့် သူနိုးပြီးမဖြုရေလာပေးပါကွယ်လို့ ခေါ်တာနဲ့အိမ်ရှေ့ကိုတွဲခေါ်ပြီး အတူတီဗီကြည့်ခိုင်းကြတာပဲ။
တစ်ခါတစ်လေ ဘွားမေ အိပ်ရေးမဝသေးလို့ အိပ်ချင်နေမှန်းလည်း ကျွန်မတို့မသိခဲ့ကြပါဘူး။ အိပ်ရာထဲ အမြဲလှဲ နေရင် အိပ်ယာပူမိတတ်တယ်ဆိုတဲ့ ဆရာဝန်ပြောတဲ့ စကားကို နာခံပြီး နေ့လည်တရေးနိုးလို့ မဖြူရေလို့ အသံကြားတိုင်း ကျွန်မ တို့ကလည်း သူ့ကိုအိမ်ရှေ့ကို မလိုက်ချင်လိုက်ချင် အတင်းတွဲခေါ်မိကြတယ်။ သူ့ခမျာ တစ်ခါတလေလည်း အိပ်ရေးမဝလို့ တီဗိရှေ့ကစက်တီခုံပေါ်မှာ ခေါင်းလေးတင်ပြီး အိပ်ပျော်သွားတာမျိုးလည်း ရှိတယ်။ ခုနေပြန်တွေးမိတော့ အဘွားရဲ့ ပုံရိပ်လေး တွေက ကျွန်မအာရုံထဲ လွမ်းစဖွယ် ပြန်လည်ထင် ဟပ်လာတယ်။ ကျွန်မတို့တတွေ ဧည်ခန်းထဲ ငြင်းကျခုံကျ၊ ဆူညံ တာမျိုးရှိရင် သူက မျက်လုံးလေးမှိတ်လျက်၊ခေါင်းထောင်ထရင်း “မဆူကြပါနဲ့ သမီးတို့ရေ၊ ကလေးလေးလန့်ပြီး အိပ်ရာနိုး သွားဦးမယ်”တဲ့။ ဒီတော့ ကျွန်မတို့ကလည်း “ဘယ်က ကလေးရှိရမှာလဲ၊ဘွားမေကလည်း ” ဆိုတော့ ၊ “အေးအေး သမီးအကြီးလေး အိပ်နေ တယ်လေ၊ သူနိုးသွားမှာစိုးလို့ ”ဆိုပြီး မေမေ့နာမည်ကိုတပ်ပြီးကျွန်မကို ရည်ညွှန်း ပြောဆိုပါတယ်။ ကျွန်မကို ပြောမှန်းသိတော့ အစ်မတွေအားလုံးက ရယ်မောရင်း “ သူက အခုဘယ်နှစ်နှစ်လဲဆိုတာ ဖွားမေ သိလား ”ဆိုတော့ “သုံးနှစ်”လို့ တုံးတိတိဖြေ ပါတယ်။ သူ့အပြောကို သဘောကျမိပြီး ရုံးကပြန်ရောက်လာတဲ့အမေ့ကိုပြန်ပြောပြတော့ အမေ့ကပြုံးပြီးသမီးကို ထိန်းခဲ့ဖူး တဲ့အကြောင်းတွေ အဘွားကခုထိစိတ်စွဲနေလို့နေမှာပေါ့လို့ဆိုတယ်။ ဒါကိုကျွန်မ ရုတ်တရက်နားမလည်ပဲ အမေ့ကို မေးတော့
“မေမေ ၊ဖေဖေနဲ့အိမ်ထောင်ကျပြီး နှစ်နှစ်လောက်ကြာတော့၊ ရန်ကုန်ပြောင်းရလာတော့ အဘွားက သူ့ဇာတိကသာမြို့ ကလေးကို မခွဲနိုင်ဘူး ဆိုပြီး ကျန်နေရစ်ခဲ့တာ။ မေမေတို့ ဘယ်လိုခေါ်ခေါ် လုံးဝခေါ်လို့မရဘူး ။မေမေတို့က သမီးကိုထိန်းဖို့ ကလေးထိန်းကလေးမတစ်ယောက်ခေါ်ထားတာကို၊ ဖေဖေနဲ့မေမေရုံးသွားတော့ အိမ်နီးချင်းတွေက ကလေးချင်းထိန်းတာကို ဝိုင်း ကြည့်ပေးကြရတယ်။ဒါပေမဲ့ ဖေဖေ နိုင်ငံခြားပညာသင်သွားဖို့ဖြစ်လာတော့၊ သူစိတ်မချနိုင်ပဲ လိုက်လာပြီး သမီးလေးကို ကြည့် ပေးတာ အဲ့ဒီကတည်းက တောက်လျှောက်မေမေတို့နဲ့နေဖြစ်ခဲ့တာ။ ဒါကြောင့် အခုထိသမီးကို သူထိန်းခဲ့ဖူးတဲ့ သုံးနှစ် အရွယ် သမီးလေးလို့ ထင်နေတာပေါ့”
ဒီအကြောင်းတွေကို အမေပြန်ပြောပြတော့ ကျွန်မလမ်းတတောက်တောက်လျှောက်ချိန်၊ထမင်းပန်းကန်ကိုင်ပြီး စိတ် ရှည် လက်ရှည်ထမင်းခွံကျွေးခဲ့တဲ့ အဘွားပုံရိပ်တွေ အာရုံထဲဝိုးတဝါးထင်ဟပ်မိတယ်။ အခုဆိုရင် ဘွားမေက သတိလည်း မကောင်းတော့သလို၊ သွားလည်းမရှိတော့တာမို့ ကျွန်မတို့က တဖန်စိတ်ရှည်လက်ရှည်နဲ့ ထမင်းခွံကျွေးသင့်တဲ့ အရွယ်လို့ မေမေက တဖက်လှည့်နဲ့ပြောချင်တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့က ဘွားမေကို ကြင်ကြင်နာနာ နဲ့လိုအပ်သမျှ လုပ်ကိုင်ပေးခဲ့တာမှန်ပေမယ့် တဖက်မှာ အဘွားရဲ့ အပြုအမူ၊ အပြောအဆိုတွေကို စနောက်ကျီစယ်ရင်း ဟာသလုပ်ပျော်ပါး ခဲ့မိ တယ်။ တခါတလေလည်း ကျွန်မညီမလေးက ဘွားမေရဲ့ပေါင်ပေါ်မှာ သူ့ကစားစရာ အရုပ်လေး တင်ထားပြီး နံဘေးမှာ ကလေးငိုသံလိုမျိုး ဟန်ဆောင်လုပ်ပြီး ဘွားမေကို ချော့ခိုင်းတယ်။ အဲ့ဒီတုန်းက ကျွန်မတို့တွေကလည်း ညီမလေးကို မာန်မဲရ မယ့်အစား သဘောကျစွာ ရယ်မောမိခဲ့တဲ့အဖြစ်တွေ တွေးကြည့်ရင်တော့ တကယ့်ကို ကျွန်မတတွေ အတော်ဆိုးခဲ့တာပဲလို့ ခုနေ ပြန်တွေးမိပါတယ်။
နောက်တော့ဖေဖေမရှိတဲ့အချိန်၊ အားငယ်နေတဲ့ ဘွားမေအပါအဝင်ကျွန်မတို့မိသားစုကို အားပေးဖို့ ကသာမှာနေတဲ့ ဖေဖေ့အမေ 'မေမေကြီး'နဲ့ အဒေါ် 'ဖွားဖွားလေး' တို့မိသားစုတွေ ရန်ကုန်အလည်လာကြတယ်။ သူတို့နဲ့အတူ တခြားဆွေမျိုးတွေ လည်း ပါလာတော့ အိမ်မှာ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာလည်း ကောင်းသလို ဘွားမေအတွက်လည်း ရွယ်တူ စကားပြောဖော် ကောင်းတွေ ရလာပါ တယ်။ ၊ အဖေ့အဒေါ်အပျိုကြီး ဘွားဘွားလေးနဲ့အတူ သူ့ညီမဝမ်ကွဲ ဘွားလေးမြင့်လည်းပါလာတော့ ရွယ်တူ မတိမ်းမယိမ်း အဘွားကြီးလေးယောက် ကျွန်မတို့အိမ်မှာ ထမင်မှတ်ပဲ တပြိုက်နက်ထည်း ဆုံဆည်း မိကြတယ်။ အပျိုကြီးဘွားလေးနှစ်ယောက်လုံးက ကိုယ့်အိမ်၊ သူ့အိမ်မှာ အိုးသူကြီး တွေဖြစ်ပြီး၊ အလှူအိမ်တွေအထိ ဦးဆောင်ချက်ပြုတ် ပေးခဲ့သူ တွေမို့ကျွန်မတို့အိမ်ရောက်တာနဲ့ မြေးတွေစားချင်သမျှ အစွမ်းကုန်လက်စွမ်းပြ တော့တာပါပဲ။
အပျိုကြီးတွေပီပီ မြေးတွေကိုလည်း အရမ်းချစ်ပြီး၊ဆုံတုန်း ကြုံကြိုက်တုန်းခဏ သူ့လက်ရာ၊ကိုယ့်လက်ရာ အပြိုင် အဆိုင် ကျွေးမွေးရတာမမောနိုင်အောင် ပါပဲ၊ မြေးတွေက ချေးမများတတ်ပေမဲ့ ဘွားဘွားလေးကကြက်သား၊ ဝက်သားတွေကို အတုံး အကြီးကြီးတွေတုန်းပြီး ဟင်းပွဲတွေကိုပြင်ဆင်ချိန်၊ ဘွားလေးမြင့်က အနားရောက်လာပြီး “ အသားဟင်း ဆို အာလူးရော မှ အရသာရှိတာ အကြည်ရဲ့၊ ကလေးတွေကလည်း အာလူးနဲ့မှစားတတ်တာ''ဆိုပြီး အာလူးတွေ ဟင်းအိုးတွေပစ် ထည်ဖို့ ကြံချိန်၊ ဘွားဘွားလေးကလည်း သူ့ဟင်းအိုးကိုအထိမခံပဲ ခါးခါးသီးသီးငြင်းဆန်တယ်။ နောက်ဆုံးတော့ ဘွားလေးမြင့်ခမျာ ကျွန်မတို့ကို ကျွေးစေချင်စိတ်နဲ့ သူ့လက်ရာ မဆလာနံ့ မွှေးမွှေးအာလူးဆီပြန်ဟင်းလေးတစ်ခွက်ကို သီးသန့် ချက်ပေးရတဲ့ အဖြစ်ရောက်ပါတယ်။ မေမေ့ ရုံပိတ်ရက်မှာလည်း ဘွားလေးတို့နှစ်ယောက်က သူ့လက်ရာ ကိုယ့်လက်ရာ စပယ်ရှယ်ဟင်းတွေကို အပြိုင်အဆိုင် ချက်ပြုတ်ကျွေးမွေးဖို့ အဆင်သင့်ပြင်ဆင်လေ့ရှိတယ်။ ဘွားဘွားလေးက ကသာဆန်ခေါက်ဆွဲ၊ ရေစိမ်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ မြီးရှည်တို့ ချက်ရာမှာ လက်ဖျားခါလောက်သလို၊ ဘွားလေးကြည်က ပဲခေါက်ဆွဲ၊ အုန်းထမင်း၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော် တွေမှာလည်း နာမည်ကြီး စားသောက်ဆိုင်က စာဖိုမူး တွေအရှုံးပေးရလောက် အရသာရှိရှိ ချက်ကျွေး တတ်ပါတယ်။

Wednesday, May 15, 2013
နေရောင်မဲ့ ကမ္ဘာခြမ်းကို ညဟုခေါ်သည်
ဂိုဒေါင်ထဲသို့ စနစ်တကျ အစီအရီ သွင်းနေသော
ပိတ်စလိပ် များကို ညွှန်ကြား နေရာချရင်း ဘေးမှာ လာရပ်သော လူရိပ်ကြောင့်
ဘေးတစ်ချက် စောင်းငဲ့ ကြည့်လိုက်တော့ စက်ရုံစောင့် လုံခြုံရေးပင်။
“မစ္စတာ ဧည့်သည် တစ်ယောက်က တွေ့ခွင့် တောင်းနေပါတယ်”
“ဘယ်သူလဲ”“ဂျူဒင်းတဲ့”
“သြော်...အေး အေး၊ ကောင်းပြီ၊ အဲဒီမှာပဲ စောင့်ခိုင်းထားလိုက်ပါ။ အခုပဲ လာခဲ့မယ်”
ဂျူဒင်းဆိုသည့် နာမည် ကြားတော့မှ လက်ထဲမှာ တစ်လခွဲလောက် သောင်တင်နေသော
အလုပ် လျှောက်လွှာ တစ်စောင်ကို ပြေးသတိရမိသည်။ ပုဂ္ဂိုလ်ရေးကြောင့်ထက် ဂျူဒင်း၏ အကျင့်စာရိတ္တကို
သဘော ကျမိ၍ သူ့ညီခြေတစ်ဖက်ပြတ် ဒုက္ခိတကို သင့်တော်ရာ အလုပ်ကလေး တစ်ခုခန့်ပေးဖို့
အရဲစွန့် တောင်းဆိုဖူးသော်လည်း စက်ရုံ လူကြီးမင်းတို့က စိတ်မ၀င်စားကြ။
“ဒုက္ခိတကို ငါတို့က ဘယ်နေရာမှာ အလုပ်ပေးခန့် ရမလဲကွ။ နေရာ မရွှေ့ရဘဲ ထိုင်ခုံနဲ့ ထိုင်ပြီး ပိတ်ဖြတ်တဲ့ Band Knife လို့ နေရာမျိုးမှာပဲ ရမယ်။ အဲဒီမှာကလည်း လူမလိုဘူးလေကွာ။ ကျန်တဲ့ အလုပ်တွေက စက်နဲ့အတူ လိုက်လျှောက်ပြီး ပိတ်ခင်းရ မှာတို့၊ ခြေထောက်နဲ့ နင်းပြီး စက်ချုပ် ရတာမျိုး၊ Packing ဌာနလို အင်နဲ့အားနဲ့ ထုပ်ရ ပိုးရတာမျိုး ဘယ်လို လုပ်မလဲ”
လူကြီးစကားကို ပြန် ကြားပြီး သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသလို၊ ဆိုင်ကယ် ဦးထုပ်ကို ရင်ဘတ်ပိုက်ပြီး ခပ်ယို့ယို့ကလေး ရပ်နေသော သူ့ကို မြင်လိုက်တော့လည်း အားနာစိတ်၊ သနားစိတ်တို့နှင့် တစ်ဖန် စိတ်မောမိသည်။
“ဟိုင်း ဂျူဒင်း အပါ ကာဘာ” နေကောင်းလားဟု အင်ဒိုလို နှုတ်ဆက် စကားကို ပြောရင်း အနီးအနားမှ ထိုင်ခုံ ကိုဆွဲ အတူ ထိုင်စေကာ၊ သူ့ ညီ၏ အလုပ်လျှောက်လွှာ လုံးဝ အဆင်မပြေနိုင်ကြောင်း မျက်နှာပူပူနှင့် ပြောရတော့ သည်။
“ကျွန်တော်လည်း ထင်တော့ ထင်ပါတယ်။ စက်ရုံက နာမည်ကြီးပြီး အလုပ် သမားတွေက အများကြီး ဆိုတော့ သူ့လို ဒုက္ခိတမျိုး ဘယ်တိုးနိုင်ပါ့မလဲ။ အခုလို ကူညီ ပေးတာပဲ ကျေးဇူး တင်ပါတယ်ဗျာ။ ခုလည်း သူ့သူငယ် ချင်းရဲ့ ဦးလေး ခေါက်ဆွဲဆိုင်မှာ ကူလုပ်ပေးနေတယ်။ အေးဗျာ အားနာနာနဲ့ပဲ နောက်ထပ် အကူအညီ တောင်းရဦးမယ်”
သူက ပြောပြောဆိုဆို သူ့အင်္ကျီဂျာကင်ဇစ်ကို ဖြည်း ညင်းစွာဖွင့်ရင်း၊ အထဲမှ စာရွက်လိပ်ကလေးကို လက် နှစ်ဖက်နှင့် ကျွန်တော့်ရှေ့ ကမ်းလိုက်သည်။
“ဘာလဲဗျ။ အဲ့ဒါက”
“ကျွန်တော့်မိန်းမ အလုပ် လျှောက်လွှာပါ”
“ခင်ဗျာ”
ကျွန်တော် ရုတ်တရက် အံ့သြသွားပုံကို ခပ်ရွံ့ရွံ့မျက် လုံးလှန်ကြည့်ရင်း
“ဒုက္ခပေးတယ်လို့ မအောက်မေ့ပါနဲ့ ဆရာရယ်၊ ကျွန်တော် ဆိုင်ကယ်ကယ်ရီ ဆွဲလို့ရတဲ့ ပိုက်ဆံက မလောက် ငလို့၊ မိန်းမက အချိန်ပိုင်း အလုပ်ကလေး ဖြစ်ဖြစ်၊ အပြင် အလုပ်ကလေး ဖြစ်ဖြစ် လုပ် ပါရစေလို့ ပူဆာလွန်းလို့ ထပ် အကူအညီ တောင်းရတာပါ။ သူက စက်လည်းနင်းတတ်၊ ချုပ်တတ်ပါတယ်”
နောက်ဆုံးတော့ ဆိုင်ကယ် စက်နှိုးရင်း၊ သူတို့ လူမျိုးတွေ အရိုအသေ ပေးဟန် အလေးပြု ဆလံပေးသွားသည့် ဂျူဒင်း ကျောပြင်ကို ငေးရင်း လျှောက်လွှာကိုင်ကာ ကျွန်တော် ဂိတ်ဝမှာပင်၊ ယာယီ သက်ရှိကျောက်ရုပ်လေး တစ်ရုပ် ဖြစ်သွားခဲ့ရ သည်။
စနေနေ့ည ဘောလုံးပွဲ ကောင်းနေ၍ တနင်္ဂနွေနေ့ မွန်းတည့်ချိန်အထိပင် အပျင်း ကြောဆန့်ရင်း၊ ခုတင်ပေါ်မှာပင် ဟိုလိမ့်ဒီလိမ့် လှိမ့်နေ ဖြစ်သည်။ တနင်္ဂနွေ ပိတ်ရက်ကလေးကတော့ အင်ဒိုနီးရှား မှာ အလုပ် လုပ်နေသည့် ကျွန်တော်တို့လို မြန်မာတွေ အားလုံးအတွက်၊ အနား ယူစရာ ချစ်စရာ အကောင်းဆုံးနေ့ လေးတစ်နေ့ပင်။ စနေနေ့ နေ့တစ်ဝက် ရုံးဆင်းပြီးလျှင် အပြင်ထွက် စားသောက်တတ်သော ကျွန်တော်တို့ သူငယ်ချင်းတွေ ညက အိမ်ပြန်သည်နှင့် ဘောလုံးပွဲနှင့် ကြုံနေ၍ ဒီနေ့ မနက် မထနိုင်ခြင်းမှာ၊ အထူးအဆန်းတော့ မဟုတ်ပေ။ တနင်္ဂနွေ Braeakfast နှင့် Lunch မစားဘဲ အိပ်ရာထဲ သိုးနေအောင်အိပ်ပြီးမှ ညစာကို သူငယ်ချင်းတွေနဲ့ အတူ တစ်နေ့တာ ပေါင်းစားတတ်ခြင်းမှာ မရိုးနိုင်သော အားလပ်ရက် အပတ်စဉ် အချိန်ဇယားပင် ဖြစ်သည်။
“ဒေါက်...ဒေါက်”
တံခါးခေါက်သံကြောင့် ကုန်း ရုန်းထရင်း တစ်ခန်းခန်းက “မုန့်” ဝေသန္တရာလုပ်တာဖြစ် လျှင် ကိုယ်က မာတင်္ဂလုပ်ဖို့ မျှော်လင့်ချက်ကလေးဖြင့် တံခါးဆွဲအဖွင့်၊ အန်တီရှယ်လီ နှင့် မေရီတို့၏ မျက်နှာမသာ မယာတို့ကို ရုတ်တရက် တွေ့ လိုက်ရသည်။
“ဟဲ့အောင်မလေး ကယ်ဗင်၊ခုထိအိပ်တုန်းလား။ သွားသွား မျက်နှာသစ်ပြီး၊ မေရီကို လိုက်ကူလိုက်ဦး။ သူ့ပိုက်ဆံအိတ် ကျပျောက် ခဲ့လို့တဲ့၊ ဘတ်စ်ကားပေါ်မှာ”
“ခင်ဗျာ”
ဒီနေရာမှာ ကြားဖြတ် တစ်ခုပြောရလျှင် ကျွန်တော့် နာမည် ကယ်ဗင်၊ အန်တီ နာမည် ရှယ်လီနှင့် ပြီးတော့ မေရီတို့မှာ နာမည်ရင်းများ မဟုတ်ကြဘဲ၊ ကျွန်တော်တို့ မြန်မာနာမည်များကို အင်ဒို နီးရှားတွေ မခေါ်တတ်သဖြင့် ဒီရောက်မှ ဘိုမရူးချင်ဘဲ ရူးထားသည့် နာမည်တွေဖြစ် ကြောင်းပါ။ အခုအန်တီရှယ် လီဆိုသည့် ကြီးတော်ကြီးက ကျွန်တော့်ကို ဟောက်နေပြန်ပြီ။
“သူ့ပိုက်ဆံအိတ် ကားပေါ် ကျခဲ့လို့၊ အဲဒါ နင်လိုက်ကူပြီး ရှာပေးလိုက်။ မြန်မြန် လုပ်။ ကြာရင် ပြန်မရဘဲ ဖြစ် နေဦးမယ်”
“အာ အဓိပ္ပာယ်မရှိတာ။ ဘတ်စ်ကားပေါ် ကျပျောက်တာ ဘယ်လို ပြန်ရှာလို့ရမှာလဲ။ အန်တီကလည်း ခုလောက်ဆို သူများ ယူသွားပြီးပေါ့။ နင်ကလည်း ဘယ်လိုများ ကျပျောက်ရတာလဲ။ ကလေး လည်း မဟုတ်ဘဲနဲ့ ဆုံးပြီပဲ ထားလိုက်တော့ဟာ”
အိပ်ချင်မူးတူးနှင့် ကျွန်တော့်စကားကို ကြား တော့ အန်တီရှယ်လီက မျက်လုံးပြူးကြည့်ရင်း
“ဟဲ့ လျှာရှည်ပြန်ပြီ၊ ရလိုရငှား သွားကြည့်ပေါ့။ အေတီအမ်ကတ်ရော၊ ဖုန်းရော ပါသွားတာ။ ပိုက်ဆံပြန် မရတောင် ဖုန်းနဲ့ကတ် ပြန်ရ ရင် မဆိုးဘူးပေါ့။ မြန်မြန် လုပ်၊ ငါတို့ အောက်ကနေ စောင့်နေမယ်”
အန်တီရှယ်လီက မြန်မာတွေ အားလုံးထဲမှာ ရာထူးရော၊ အသက်ရောပါ အကြီး ဆုံးဖြစ်သလို စိတ်ရင်းကောင်းပြီး လူတိုင်းကို ကူညီတတ် သူမို့၊ အားလုံးက ချစ်ခင် လေးစားရသူဖြစ်သည်။ သူ့ စကားကို မလွန်ဆန် ရဲ၍သာ မေရီအိတ်ကို ရှာပုံတော် ဖွင့်ရမည် ဖြစ်သော်လည်း ကောက်ရိုး ပုံထဲကျသော အပ်ကို ရှာရသည် ကမှ အချိန်ပေး ကြိုးစားရှာလျှင် တွေ့နိုင်မည်။ လူမျိုးစုံ၊ ဘ၀မျိုးစုံ ကျင်လည်ရာ ဘတ်စ် ကားပေါ်မှာ ပိုက်ဆံရော၊ ဖုန်း ရောပါသည့် အိတ်တစ်အိတ် ကိုဖြင့် ဘယ်လိုပုံစံမျိုးနှင့် ရှာဖွေ ရမှာပါလိမ့်။
ကောက်ရသူ က သူလိုကိုယ်လို လောဘ သမားဆိုလျှင် ရေငတ်သူ လက်ထဲ ရေခဲစိမ် ကိုကာကိုလာ တစ်ဘူး ရောက်လာတာ မျိုးဖြစ်ပေလိမ့်မည်။ မျက်နှာ သစ်၊ အင်္ကျီလဲရင်းအတွေး များစွာနှင့် လှေကားထစ်များကို ၀ုန်းဒိုင်းကြဲ ဆင်းလာပြီး စိတ်ထဲမှလည်း နေရာတကာ နမော်နမဲ့နိုင် လွန်းသော လျှပ်ပလာ မမေရီကိုသာ အား ရပါးရ နားရင်းတီးချင်လာ တော့သည်။ အန်တီရှယ်လီ ပေးလိုက်သည့် လမ်းစရိတ် ငါးသောင်းတန် (မြန်မာငွေ ငါးထောင်ခန့်)လေးကို ကိုင်ပြီး၊ နှစ်ယောက်သား ဖုန်းရှာပုံတော် ခရီးမစခင်၊ ဦးစံရှား ရာထူး လက်ခံစမှာ ပြောမနာဆိုမနာ သူငယ်ချင်း မကို အခွင့်အရေးရခိုက် ကောင်းကောင်း နှိပ်ကွပ်လိုက်ဦးမှ ဟုတွေးကာ-
“ပြောစမ်းပါဦး၊ ငါ့ကို ဘယ်ကနေ ဘယ်လိုဖြစ်ရ တာလဲဆိုတာ”
“အင်တာနက်ဆိုင်မှာ ငါ့အိမ်နဲ့ငါ ခါတိုင်းလိုပဲ စကားပြောပြီးအပြန် ကြီကို ကိုးလ် (Cikokol) ဘက်သွား တဲ့ ကားစီးပြီးပြန်လာတာ။ ဒီရောက်တော့ ကားပေါ်က ပြေးဆင်းရင်း၊ ကားသမားကို ပိုက်ဆံပေးတုန်း၊ သူက လည်း နောက်ကားက ပါလာ တော့ ငါ့လက်ထဲက ပိုက်ဆံကို အလောတကြီး အယူ၊ လက်ကောက်ဝတ်မှာ ချိတ် ထားတဲ့အိတ်ကလေးလည်း ကားရှေ့ခန်းထဲ ကျသွားရော။ ငါကလည်း ပြေးဆင်းရင်း အောက်အရောက်၊ ကားက လည်း ရုတ်တရက်ကြီးကို မောင်းပြေးသွားတာပဲ။ ငါက ကားကို အော်ခေါ်ပါသေးတယ်။ သူက မသိတာလား၊ သိသိကြီးနဲ့ မောင်းပြေးသွား တာလား မသိတော့ပါဘူး ဟာ”
“ဒါဆို ကားသမား တော့ ဖုန်းကံစမ်းမဲကို ပိုက်ဆံ ထုပ်နဲ့တွဲပြီး ပေါက်သွားတာ ပေါ့”
“နင်နော်“
သူ့ကို စချင်၍ ပြော လိုက်သော်လည်း၊ ဖုန်းတစ် လုံးသာ ဆံ့သည့်အိတ်ထဲ ရှိ သမျှပိုက်ဆံလေးတွေ အမြဲ ခေါက်ထည့်ကာ၊ လက်ကောက်ဝတ်မှာအမြဲလိုလို ချိတ်ထားသည့် အိတ်သေး သေးလေး တစ်လုံးကို မျက်စိ ထဲ ပြန်မြင်မိသည်။ ဆမ်ဆောင်း စလိုက်ဖုန်းလေးကလည်း Touch Screen မဟုတ်သော်လည်း၊ အတော် ကောင်းသည့် အမျိုးအစား ကလေးပင်။ ကတ်ကိုတော့ ဘဏ်ကနေ ငွေမထုတ်နိုင် အောင် အကြောင်းကြား ပိတ်ပင် ထားနိုင်သော်လည်း ပါသွားသည့် ငွေပမာဏကလည်း မနည်းလှသဖြင့်၊ အိတ်ပြန်ရဖို့ မျှော်လင့်ချက် ရောင်ခြည်မှာ မှေးမှိန်နေခဲ့ သည်။
“နင်က အဲဒီအချိန် နောက်ကပါလာတဲ့ ကားပေါ် တက်ပြီး ရှေ့မှတ်တိုင်ထိ လိုက်ရမှာ။ အဲဒါမျိုးဆို ဦးနှောက် မရှိဘူး“
“ဟဲ့ ငါ့လက်ထဲ ဘတ်စ်ကားခတောင် မရှိဘဲ ဘယ်လို လိုက်စီးရမလဲ၊ ပြီး တော့ သူများနိုင်ငံကြီးမှာ ကြောက်တာပေါ့ဟဲ့”
သူပြောသည်မှာလည်း ဟုတ်ပေသည်။ ဒီအင်ဒိုနိုင်ငံ မှာ ဘတ်စ်ကားသေးသေး လေးတွေက စပယ်ယာမထား ဘဲ ကားသမားတစ်ဦးတည်း ဖြင့် လိုရာခရီးရောက်တော့မှ ခရီးသည်ကိုယ်တိုင်၊ ကား ခေါင်းမှ ယာဉ်မောင်းကို၊ ကိုယ်တက်လာခဲ့သည့် မှတ် တိုင်ကို ပြောပြီး ပိုက်ဆံပေးရ ခြင်းဖြစ်သည်။
“ကဲ လာ ငါတို့ ကြီကို ကိုးလ် ကားနဲ့ ဂိတ်ဆုံးအထိ စီးကြည့်ကြတာပေါ့”
ပြောပြောဆိုဆိုနှင့် ကားပေါ် အရောက်ကျမှ-
“ကြည့်ပါဦး၊ ဒါနဲ့ နင် မနက်က စီးလာတာ ဒီကား ဖြစ်နေဦးမယ်”
မဖြစ်နိုင်မှန်း သိလျက် နှင့်ယာဉ်မောင်းကြီး၏ ကျော ကို လက်ညှိုးထိုးပြီး မေး တော့မေရီက တစ်ချက်စောင်း ငဲ့ကြည့်ကာ-
“မဟုတ်ဘူး၊ မနက်က လူက အင်္ကျီနီညိုနဲ့”
“အခုတစ်ခေါက် အင်္ကျီ လဲလာတာဆို ဘယ်လို လုပ်မလဲ၊ ဖုန်းကိုရောင်းပြီးတော့ ပေါ့ဟာ။ ဟဲ ဟဲ”
ကျွန်တော် လျှောက် နောက်နေမှန်းသိ၍ ဖြေမလာ တော့ဘဲ ရှုံ့မဲ့နေသည့် သူ့ မျက်နှာကိုကြည့်ရင်း၊ စိတ်ကူးထဲတွေ့ရာတွေကို ဟာသလုပ် ဆက်ပြောနေ သော ကျွန်တော့်အသံကြောင့်၊ ကားသမားကြီးက လည်ပြန် လှည့်ကြည့်သည်။ သူတစ်ခါ မှ မကြားဖူးသော မြန်မာ စကားမို့ အထူးအဆန်း ဖြစ်နေဟန်တူသည်။
“ဘယ်သွားမှာလဲ၊ မင်းတို့က”
“ကျွန်တော်တို့ ဂိတ်ဆုံး အထိသွားမှာပါ။ ဒါနဲ့ ဒီကား တွေရဲ့ ယာဉ်မောင်းတွေက ၁၂ နာရီရှေ့ပိုင်းနှင့် နောက် ပိုင်း တစ်ယောက်တည်းပဲလား။ လူလဲသေးလား”
“ဘာဖြစ်လို့လဲကွ”
“ကျွန်တော်တို့ မနက်က စီးတဲ့ လိုင်းကားပေါ်မှာ ပိုက်ဆံအိတ် ကျကျန်ခဲ့လို့ ပြန် ရှာနေကြတာ။ ကားဂိတ်ဆုံး အထိ ပြန်လိုက်ရှာမလို့ပါ”
“တို့ကားတွေ အားလုံးက အဝေးပြေးဂိတ်မှာပဲ ဆုံကြတာ။ ပိုက်ဆံအိတ်က ဘယ်နေရာမှာ ကျန်ခဲ့လို့လဲ”
“ရှေ့ခန်းမှာ ကားသမားကို ပိုက်ဆံပေးရင်းနှင့် ကျ ကျန်ခဲ့တာပါ”
မေရီက ကျွန်တော့် စကားကို အလုအယက်ဝင် ပြောရင်း၊ လူကြီးဆီမှာ မျှော် လင့်ချက် စကားလေးတစ် ခွန်း၊ နှစ်ခွန်း ထွက်လာနိုးငံ့ လင့်နေရှာသည်။
“ကားသမားကို မှတ်မိလား”
“မြင်ရင်တော့ မှတ်မိတယ် ထင်တာပဲ”
“ဒါဆို ကားနံပါတ် ရော”
သူတစ်ချက် တွေဝေ သွားသည်။
“ကားက အရှိန်နဲ့ ရုတ်တရက် ထွက်သွားတော့ နံပါတ်သေချာ မမှတ်ထား လိုက်မိဘူး”
ကားသမားကြီးက စတီယာတိုင်ကို လှည့်ရင်း “ဒီနေ့ နေအရမ်းပူတယ်ကွ ကလေးတို့ရ၊ ဒီလိုပုံနဲ့ဆို အိမ်ပြန်နားတာက ပိုကောင်းမယ် ထင်တယ်” ဟု ပြောကာ ရယ်မောနေတော့သည်။
“ကောင်းတယ် အပြော ခံရတာတောင် နည်းသေးတယ်။ သေလိုက်ပါလား၊ ဘာမှလည်း မသိဘဲနဲ့ ရှာချင် သေးတယ်“
အားရပါးရ သူ့ခေါင်းကို လက်သီးဆုပ်နဲ့ ရွယ်ရင်း၊ စိတ်ပျက်လက်ပျက် သက် ပြင်းရှိုက်လိုက်မိသည်။
“နင့်ဟာက ဒီလိုပုံမျိုးနဲ့ဆို သူပြောသလိုပဲ၊ ကားတစ်ဝန်းလုံး ပတ်ရှာတောင် အိတ် မပြောနဲ့၊ နင်စီးခဲ့တဲ့ ကားတောင် တွေ့ဖို့ မလွယ်ဘူး”
ကျွန်တော့် အပြောကို ငြိမ်ခံရင်း၊ မေရီ ရင်ထဲ လှိုင်းခတ်သံကို ကြားနေမိသလို၊ မျက်ရည်စပင် မျက်ဝန်းအိမ်မှာ လျှံတက်စပြုနေပြီ။ ဘာပဲ ဖြစ်ဖြစ် ဖုန်းအသစ် ၀ယ်ဖို့က တစ်လလောက် စောင့်ရဦး မည့်အပြင်၊ သူ့အိတ်ကလေး ဆုံးဖို့က သေချာသလောက်မို့ သူတော်တော် စိတ်မကောင်း ဖြစ်ပေလိမ့်မည်။ အဝေးပြေး ကားဂိတ်တွင် ဂိတ်ဆုံးသွားတော့ ခရီးသည်အားလုံး၊ ကားပြောင်းသူပြောင်း လက် မှတ်ရောင်းသည့်နေရာသို့ ပြေးသူပြေးနှင့် ယောက်ယက် ခတ်နေသည်တွင် ကျွန်တော် တို့လည်း ဘဲဥအစ ဘယ်လို ရှာရမှန်းမသိဘဲ အကြံအိုက် နေကြသည်။
“ငါတို့ ဖုန်းခေါ်ကြည့် ကြမလား”
မေရီ့အပြောကို ကျွန်တော် လက်မခံချင်ပါ။ ဘယ်သူမှ မတွေ့သေးသည့် ဖုန်း ကျွန်တော်တို့ ခေါ်လိုက် မှ တစ်ယောက်ယောက် တွေ့သွားမှဖြင့်။
“နေပါဦး၊ ငါတို့ရှာ ကြည့်ကြတာပေါ့”
တကယ်တမ်း ဘယ်လိုစ ရှာရမှန်းမသိဘဲ၊ ကြီကို ကိုးလ် ကားတွေ့လျှင် ဒီကားလား။ အင်္ကျီ အနီညိုရောင်၊ အညိုရောင် လူတွေ အားလုံး ကို ဒီလူလားမေးမိတိုင်း သူ က စိတ်ပျက်လက်ပျက် ခေါင်းခါနေစဉ်မှာ၊ ဟုတ် တယ် မှန်တယ်လို့ သူပြော လာလျှင်ပင်၊ ဘယ်ကနေစပြီး မေးရမည်မသိ၊ အတော့်ကို ရူးကြောင်ကြောင်နိုင်သည့် အလုပ်ပင်။ နေပူပူအောက်မှာ ကားဝန်းကို သုံးပတ်နီး ပါးပတ်ပြီး ချိန်မှာတော့ နှစ် ယောက်စလုံး ချွေးတရွှဲရွှဲနဲ့ ဂျုံးဂျုံးကျနေပြီ။
“ကဲ သူငယ်ချင်း ငါတို့ နောက်ဆုံး အနေနဲ့ ဖုန်းခေါ်ရုံမှ လွဲပြီး၊ တခြားနည်းလမ်း မရှိ တော့ဘူး။ နင့်ဖုန်းနံပါတ် Active ဖြစ်နေပါစေ၊ နင့်ဖုန်းကို ကောက်ရတဲ့သူက စေတနာကောင်းနဲ့ ပြန်ပေး ချင်တဲ့သူ ဖြစ်ပါစေလို့ ဆု တောင်းပေတော့”
ဖုန်းနံပါတ်ထဲမှ မေရီ့ ဖုန်းနံပါတ်ကိုရှာပြီး ခေါ်လိုက်ကာ ဖုန်းကိုင်ပါစေဟု တိတ်တိတ်လေးဆုတောင်းမိ သည်။ ဖုန်းခေါ်သံ အင်ဒို သီချင်းလေး ထွက်လာသည်။
“ဟာ Active ဖြစ်သေးတယ်ဟ။ သူငယ်ချင်း အား မငယ်နဲ့။ မျှော်လင့်ချက်ရှိ သေးတယ်”
ဖုန်းသူခိုးများမှာ ဖုန်းရ ပြီးတာနှင့်၊ ကတ်ကိုထုတ် ဖုန်းကို ပိတ်ချလိုက်ခြင်းဖြင့် အဆက်သွယ်ဖြတ်လိုက်တတ် ခြင်းကြောင့် ဖုန်းခေါ်၍ရခြင်း ကို ၀မ်းသာအားရဖြစ်ခြင်း ဖြစ်သည်။ သို့သော် နှစ်ခါ၊ သုံးခါ ခေါ်သည်အထိ တစ်ဖက်က ဖုန်းကို မကိုင်သော ကြောင့် ပိုပြီးရင်ခုန်စရာဖြစ် ရသည်။
“သူ ဇဝေဇ၀ါဖြစ်နေ တယ်နဲ့တူတယ်၊ ပြန်ပေးရ ကောင်းနိုး၊ မကောင်းနိုး”
စတုတ္ထအကြိမ် ခေါ်ချိန် တွင် ဖုန်းကိုင်၍ “ဟယ်လို” ဟု ထူးသော ယောက်ျားသံ တစ်သံကို ကြားရပါသည်။
“ဟယ်လို အခုပြောနေ တာ ဘယ်သူလဲ။ ဒီဘက်က ပြောနေတာ ဖုန်းပျောက်သွား တဲ့လူပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ ခဏလောက် တွေ့ခွင့်ပေးပါခင်ဗျာ” စကား တောင်မဆုံးသေး၊ သူ့ဘက် က ဖုန်းချသွားခဲ့လေပြီ။
“ကျသွားပြီဟ”
“ပြန်ခေါ်ကြည့်ပါဦး ဟယ်”
နောက်တစ်ကြိမ်မက နှစ်ကြိမ်၊ သုံးကြိမ် ခေါ်တိုင်းမှာ ဖုန်းက အင်ဂေ့ခ်ျဖြစ်နေ ပြန်သည်။
“ဖုန်းက အင်ဂေ့ခ်ျ ဖြစ် နေတယ်။ သူ သုံးနေတာလား မသိဘူး”
“အရေးထဲ သုံးတာက အရေးမကြီးဘူး။ ဟော ဖုန်း မြည်နေပြီ။ “Mary is Calling” တဲ့။ ငါ့ဖုန်းက နင့် ဆီကိုခေါ်နေတာ။ ကိုင်လိုက်။ မြန်မြန်ကိုင်လိုက်”
မျောက်မီးခဲ နင်းမိသ ကဲ့သို့၊ ခုန်ဆွခုန်ဆွဖြစ်နေ သည့်သူ့ကို ကျွန်တော် စိတ်မ သက်မသာကြည့်ရင်း၊ တကယ်တမ်း ဖုန်းကိုင်လိုက် ပြန်တော့လည်း ဖုန်းကပြန် ကျသွားပြန်သည်။ အဝေး ပြေး ကားဂိတ်မှာ ကားများ ကွေ့ဝိုက်မောင်းရာ အလယ် အ၀ိုင်းကြီးတွင်ရပ်ပြီး ဖုန် တလုံးလုံးနှင့် နေရောင်ကျဲ ကျဲထဲမှာ နှစ်ယောက်သား ဗျာများရင်း ဆူညံနေသော ပတ်ဝန်းကျင်ကိုပင် ခေတ္တ ခဏမေ့လျော နေမိကြသည်။ ထိုစဉ်တခြားဖုန်းတစ်လုံး ၀င်လိုက်သည့်အတွက် မေရီ ကလည်း စိတ်မကြည်မသာ၊ ကျွန်တော် ကိုယ်တိုင်က လည်း စိတ်မပါတပါနှင့် ကောက်ကိုင်လိုက်စဉ်မှာ တော့...
“ကျွန်တော်က ဖုန်း ကောက်ရတဲ့သူပါ။ ခင်ဗျားတို့ ဖုန်းကို မကိုင်တတ်လို့ ပြုတ်ပြုတ်ကျသွားတာနဲ့ ကျွန်တော့်ဖုန်းနဲ့ ခေါ်လိုက်ရတာပါ” ကျွန်တော်လည်း အံ့ သြ၀မ်းသာစွာနှင့် “ဟဲ့ မေရီ” ဆိုပြီး အကျိုးအကြောင်း ပြော ပြလိုက်တော့မှ သူလည်း ချက်ချင်း ပြုံးနိုင်သွားတော့သည်။ ဟွန်း နမော်နမဲ့ ကောင်မ၊ ကန်ပစ်လိုက်လို့ မကောင်းဘဲနေတော့မယ်။ ဖုန်းကို ပြန်ပေးနိုင်ဖို့အတွက် သူ့ဖုန်းခ အကုန်ခံပြီးဆက် သော ထိုသူ့ကို အံ့သြရင်း မလေးစားဘဲ မနေနိုင်ပါ။ ထပ်မံ အကျိုးအကြောင်းသိရ သည်မှာ သူက နယ်မှ မိသား စုနှင့်အတူ၊ ဂျာကာတာသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ယခု လည်း ဂျာကာတာ တစ်မြို့ လုံးကို အပေါ်စီးမှ မြင်ရသော (အင်ဒိုနီးရှား အခေါ် မောနပ်စ် ဆိုသော) လွတ်လပ်ရေး ကျောက်တိုင်ပေါ်ရောက် နေ၍ ထိုနေရာသို့ ဖုန်းနှင့်အိတ် ကို လာယူပါရန် ကျွန်တော်တို့ ကို ဖုန်းထဲမှာ ပြောပြလေသည်။
“မောနပ်စ်အထိ သွားယူရမယ်။ အဲ့ဒီကို ဘာကားစီး ရလဲ နင်သိလား”
“မောနပ်စ်အထိဆို အဝေးကြီးပဲဟယ်။ ငါလည်း မသွားတတ်ဘူး။ သူတို့ကိုပဲ ဒီကို လာခိုင်းလိုက်ပါလား။ မြို့ထဲက ဒီကိုကားစီးရမှာ ပိုလွယ်မှာလေ။ ငါတို့ ဒီကနေပဲ ထိုင်စောင့်နေကြ တာပေါ့”
အ သလိုလိုနှင့် တင်စီး နေပြန်သည့် မယ်မင်းကြီးမ ကိုကြည့်ပြီး၊ တစ်ချက်လောက် စိတ်ရှိလက်ရှိ ထုလိုက်ချင် သော်လည်း သူပြောသည်က မှန်နေသည်မို့ ကျွန်တော်တို့ရှိ သော အဝေးပြေးဂိတ်ကိုသာ အိတ်ပြန်လာပေးဖို့ အားနာ ပါးနာနှင့် အနူးအညွတ် တောင်းပန်ရတော့သည်။ ထပ်ပြီး အံ့သြစရာကောင်း လောက်အောင်ပဲ ထိုသူက အလွယ်တကူပင် လက်ခံ လိုက်ပါသည်။ တစ်နာရီ ကျော်ကျော်လောက် အဝေး ပြေးဂိတ်မှာ စောင့်ပြီးမှ သူတို့ စီးလာသည့်ကားရောက်ပြီ ဖြစ်ကြောင်း ဖုန်းဆက် အကြောင်း ကြားလာသည်။ သူတို့က မိသားစု လေးယောက် ဖြစ်ပြီး သူက အစိမ်းရောင်ရှပ် အင်္ကျီနှင့် သူ့အမျိုးသမီးမှာ အနီရောင် ၀တ်ထားကြောင်း မေးစရာမလိုဘဲ အလိုက် တသိ ပြောပြချိန်၊ ကျွန်တော် ၀တ်ဆင်ထားသည့် ကွန်မန်ဒို ပြောက်ကျားဘောင်းဘီတို နှင့် အသားရောင် တီရှပ်ဆို သည်ကို ပြန်ပြောပြရင်း မြောက်မြားစွာသော လူအုပ် ထဲတွင် လွယ်ကူစွာ ရှာနိုင် မည်ဟု မျှော်လင့်ရလေသည်။
“ဒီ အင်ဒိုနီးရှားမှာ လည်း ရိုးသားတဲ့ လူတွေရှိ တယ်နော်။ ငါတို့မြန်မာတွေပဲ ရိုးသားတာ မဟုတ်ဘူး”
“ရှိတာပေါ့။ ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ ရိုးသားတဲ့ သူရော၊ ကလိမ်ကကျစ်ကျ တဲ့ သူရောရှိမှာပဲပေါ့။ ဒါနဲ့ နင်သူတို့နဲ့ တွေ့ရင် အခြေ အနေကြည့်ပြီးမှ ပိုက်ဆံတွေ ဘာတွေပေးနော်။ တချို့ကျ တော့ ကျေးဇူးတင်လွန်းလို့ လက်ထဲ ပိုက်ဆံအတင်းထည့် ပေးတာက သူ့ကို စော်ကားသလို ဖြစ်နေဦးမယ်။ သူ ပိုက်ဆံမယူရင် ဆိုင်ကောင်း ကောင်းမှာ တစ်ခုခု ကျွေး လိုက်ပေါ့”
သူတို့ရှိရာကို လိုက်ရှာ ရင်းပင် စေတနာ ဝေဒနာ မဖြစ်စေဖို့ မှာရင်း နောက်ဆုံး Dankin Donut ဆိုသည့်ကား ၀န်းထဲက လက်ဖက်ရည်ဆိုင် ကလေးမှာ ဆုံစည်းကြရ တော့သည်။ ကောက်ရသူမှာ အသက် သုံးဆယ်ကျော် လူရွယ်တစ်ဦးဖြစ်ပြီး နှစ်နှစ် သုံးနှစ် အရွယ်ကလေးလေး ကိုလည်း ပွေ့ချီထားလျက်၊ အမျိုးသမီးဖြစ်သူကတော့ ငါးနှစ်အရွယ် သမီးလေးကို လက်တွဲထားကာ နေလောင် အသားအရေ ခပ်နွမ်းနွမ်း အ၀တ်အစားတို့နှင့် မလိုက်ဖက်စွာ ကြည်လင်နှစ်လိုဖွယ် ကောင်းသော အပြုံးပိုင်ရှင်။ သူတို့က နယ်မှဖြစ်ပြီး ဂျာကာတာသို့ ရောက်လာ သည်မှာ တစ်လတောင် မပြည့်သေးကြောင်း၊ မေရီ၏ ခံစားချက်ကို ကိုယ်ချင်းစာ၍ အိတ်ကို ပြန်ပေးရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း ပြောရင်း အိတ်ထဲမှငွေများကို လျော့ မလျော့ကိုပင် အတင်းစစ် ဆေးခိုင်းနေပြန်သည်။ မိမိ ဖုန်းနှင့်သာ ဆက်သွယ်ပြီး တကူးတက လာပို့ပေးသည့် ဒီလိုလူမျိုး၏ ကိုယ်ကျင့် စာရိတ္တကို သံသယ ရှိသလိုမျိုး အိတ်ထဲမှပိုက်ဆံကို ကျွန်တော်တို့ မရေတွက်ခဲ့ ကြပါ။
ဒါတင်မကသေး။ လမ်းစရိတ်ဟု နာမည် တပ်ထားသည့် ငွေစက္ကူ တချို့ကိုလည်း လက်မခံသလို၊ မိတ်ဖြစ်ဆွေဖြစ် အတူ ထမင်း စားဖို့ကိုလည်း ငြင်းဆန်လေသည်။ နောက်ဆုံး ကလေးတွေ အကြိုက် ဒိုးနတ်ဆိုင်မှ မုန့်လှလှလေးများကို မေရီ သွားဝယ် နေချိန်တွင်၊ ကျွန်တော်နှင့် သူတို့ စကားစ မြည်ပြောရင်း ခင်မင်ခွင့်ရခဲ့ လေသည်။ သူတို့ မိသားစုမှာ နယ်မြို့လေး တစ်မြို့မှ ဂျာကာတာသို့ ပြောင်းရွှေ့ရင်း အခြေ မကျသေးသည့်ဘ၀မှာ ယောက်ျား ဖြစ်သူ၏ ဆိုင်ကယ် ကယ်ရီဆွဲသော ၀င်ငွေ လေးဖြင့် အသက်ရှင်ရပ် တည်နေရခြင်းပင်။ ထိုသူ၏ နာမည်မှာ ဂျူဒင်းဖြစ်သည်။ ဂျူဒင်း၏ မျက်လုံးများမှာ ကြည်လင်ပြီး ပျော်ပျော်နေ တတ်ပုံရသလို အမျိုးသမီး ဖြစ်သူမှာလည်း နှစ်လိုဖွယ် အပြုံးနှင့် ယဉ်ကျေးစွာ ပြော ဆိုတတ်သည်။ နိုင်ငံခြားသား များဖြစ်သည့် ကျွန်တော်တို့ အပေါ် ရိုးရိုးသားသား ကူညီ ရခြင်းအပေါ် ပီတိဖြစ်နေ သည့် သူတို့ အပြုံးများကို မြင်တွေ့ခွင့်ရသော အခါ ကျွန်တော်တို့ကလည်း မြန်မာ လူမျိုးများပီပီ ရိုးသားစွာပင် ပြန်လည် ကူညီနိုင်သည်မျိုးရှိ လျှင်ပြောဖို့ ကမ်းလှမ်းခဲ့ကြ သည်။
ကျွန်တော်တို့ ဖုန်းနံပါတ် အပြန်အလှန် လဲပြီး ကျွန်တော့် စက်ရုံလိပ်စာနှင့် ရာထူးကို ပြောပြပြီးချိန်မှာ တော့ အမျိုးသမီး ဖြစ်သူ၏ မောင်ဖြစ်သူ အတွက် အလုပ် လျှောက်လိုကြောင်း ပြောလာ ခြင်းဖြစ်သည်။ တကယ်တော့ ကျွန်တော့်ရာထူးမှာ အလုပ်သမား တစ်ယောက်ကို အလုပ်ခန့်ခွင့် မရှိသော်လည်း၊ အန်တီရှယ်လီမှာ ကျွန်တော်တို့နှင့် မိဘအုပ်ထိန်းသူကဲ့သို့ ရင်းနှီးပြီး စက်ရုံမှာလည်း ရာထူးကြီး မန်နေဂျာတစ် ယောက်ဖြစ်နေသည့် အပြင် ကျွန်တော် ကိုယ်တိုင်မှာလည်း အင်ဒိုနီးရှား အလုပ်လျှောက် လွှာများ ကူညီ စိစစ်ပေးသော နေရာတွင် လပိုင်းမျှ တာဝန် ထမ်းဆောင်ဖူးခဲ့သည်။
ထို့ ကြောင့် မေရီ ကျေးဇူး ပြန်ဆပ်ဖို့ ကျွန်တော့်ဘက်မှ ကူညီနိုင်မည် ထင်သော်လည်း၊ သူ့ယောက်ဖက ဒုက္ခိတ ဆိုတော့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်သာ။ ထို ကိစ္စအတွက် အားနာလို့မှ မပြီးသေး၊ ယခု ဒုတိယအကြိမ် သူ့ဇနီးလျှောက်လွှာ အတွက် စိတ်မော ရပြန်သည်။ သူတို့ကို ပျော်စေချင်သည့် စေတနာ ကြောင့် မေရီနှင့်တိုင်ပင်ပြီး အန်တီရှယ်လီ၏ ရုံးခန်းသို့ နှစ်ယောက်သား ချီတက်ကြရ သည်။ ရုပ်ရည်သန့်သန့်ပြန့် ပြန့်ရှိသော အသက်နှစ်ဆယ့် ငါးနှစ်အရွယ် အမျိုးသမီး ဓာတ်ပုံကပ် အလုပ်လျှောက် လွှာလေးကို အန်တီ ရှယ်လီက သေချာဖတ်ကြည့် ပြီးနောက်-
“ဒီအမျိုးသမီးက စက်နင်းတတ်၊ ချုပ်တတ်ပေမဲ့ အထည်ချုပ်စက်ရုံ အတွေ့ အကြုံမရှိတော့ စက်ချုပ်တဲ့ နေရာမှာ ထားလို့ ဖြစ်မဖြစ် သေချာမပြောနိုင်ဘူး။ ပြီး တော့ ပညာအရည်အချင်းက လည်း မူလတန်းတောင် မအောင်ဘူး ဆိုတော့ အရမ်း နိမ့်လွန်းတယ်။ မေးကြည့်ရမှာပဲ။ လိုလိုမည်မည်ပေါ့ ဟယ်၊ “သန့်ရှင်းရေး” ဆိုရင်ရော လုပ်မလားလို့”
အန်တီရှယ်လီ့စကား က နောက်တာမဟုတ်မှန်း သိသော်လည်း၊ မေရီ၏ စောဒက တက်သံထွက်လာ သည်။
“ဟာ အန်တီကလည်း”
“သြော် သဘောပြော တာပါ။ သူ့ပညာအရည် အချင်းကြောင့် သန့်ရှင်းရေး ဆိုရင်ရော တကယ်လုပ်ဖြစ် မလုပ်ဖြစ် သိရအောင် မေး ကြည့်ပါဦး”
ရုံးခန်းအပြင်မှ သူ့ဖုန်း နံပါတ်ကိုနှိပ်ပြီး မျက်နှာပူပူ နှင့်မေးလိုက်တော့ ရိုကျိုး သည့် ဟန်ပန်လေသံဖြင့်
“ဘယ်အလုပ်ဖြစ်ဖြစ် ရပါတယ်ဗျာ။ သန့်ရှင်းရေး ဆိုတော့ မပင်ပန်းတော့ဘူးပေါ့ဗျာ”
“ခင်ဗျားကတော့ လုပ်တော့မယ်၊ သန့်ရှင်းရေးက ပိုပင်ပန်းမှာပေါ့၊ မဟုတ်ဘူးလား”
“ကျွန်တော့်မိန်းမက ဘာအလုပ်မှ မလုပ်ဖူးတော့၊ အစပိုင်းမှာ အခက်တွေ့နိုင်တာပဲ။ အခု သန့်ရှင်းရေး အလုပ်နဲ့ တံမြက်စည်း လှည်းတာကတော့ သူ့အိမ်မှာ လုပ်နေကျ၊ အလုပ်ဖြစ်နေလို့ မပင်ပန်းတော့ဘူးလို့ ပြော တာပါဗျာ”
သူ့အပြောကို သဘောကျရင်း-
အင်း ဒီနိုင်ငံမှာ သန့် ရှင်းရေး အလုပ်သမလောင်းရဲ့ ခင်ပွန်းကလည်း ဒီလိုစကား ပြောစက်ကလေး ပိုင်ထားလို့သာ ခုလို အရေးပေါ် ဆွေးနွေး လို့ရတာဟု တွေးရင်း အန်တီ ရှယ်လီဆီသွားပြီး အကျိုးအကြောင်း ပြောရတော့သည်။
“အန်တီရေ သမီး အကြွေးဆပ်နိုင်အောင် ဒီ တစ်ခါလေးတော့ ကူညီပါ နော်”
မေရီ၏ ချွဲနွဲ့အပူကပ်သံ အပေါ် ကျွန်တော်ကပါ ထပ်ဆင့်ပြီး-
“ဟုတ်တယ် အန်တီ၊ ကျွန်တော်လည်း ဒါမှမျက်နှာ ထပ်မပူရမှာ။ ဘယ်အလုပ် ဖြစ်ဖြစ်တဲ့ အန်တီရယ်၊ ဖြစ် အောင်သာ လုပ်ပေးလိုက်ပါ နော်”
ဂျူဒင်း၏ ရိုးသားမှုက ကျွန်တော့်ရင်ကို လှုပ်ခတ်ပြီး အမှတ်ထင်ထင်ဖြစ်စေသည်။ သို့သော် အမည်းရှိမှ အဖြူက ပိုပေါ်လွင်သလို ဂျူဒင်းကို အသိအမှတ်ပြုရမည့် ဖြစ်ရပ် တစ်ခုကို ရက်ပိုင်းအတွင်းမှာ ပင် ကျွန်တော် ထပ်ကြုံခဲ့ရ သည်။ ထိုနေ့က တစ်ခုသော တနင်္ဂနွေဖြစ်ပြီး ကားမောင်း ကျွမ်းကျင်သည့် ကိုပီတာနှင့် ကျွန်တော့်အစ်ကိုလိုချစ်ရသော ကိုဇိုး။ သူတို့၏မြန်မာနာမည် တွေတော့ ထားလိုက်ပါစို့။ ဒီ နေရာမှာကိုဇိုးဆိုသူက ပုလင်း အမြဲထောင်တတ်သည့် ဇိုးသမားမဟုတ်ဘဲ သူ့ကိုယ် သူ (Zodiac) ဆိုပြီး နာမည် အဆန်းလေးပေးထားသော ကြောင့် ကျွန်တော်တို့က ကိုဇိုးဟု ခေါ်သူဖြစ်သည်။ သူတို့နှင့်အတူ၊ ငွေကို လေလို သုံးသူတို့ ကျက်စားရာ၊ ကုန် တိုက်တစ်ခုဖြစ်သော (SMS) အက်စ်အမ်အက်စ်မော်လ်သို့ ခြေဆန့်လာခဲ့ကြရာ ပတ်ဝန်း ကျင်မှာ ဖြူနီပြာဝါလေးတွေ ဖြတ်လျှောက်နေကြသည်ကို ငေးရင်း၊ အာရုံတွေအပီအပြင် လန်းဆန်းလို့နေသည်။
“မိုက်တယ်ကွာ၊ မျက်စိ မှိတ်ပြီး လှမ်းဆွဲရင်တောင် အချောအလှ တစ်ယောက်တော့ ဆွဲမိမှာ သေချာတယ်ကွာ”
“တော်ကြာ အချော အလှမဆွဲမိဘဲ၊ အဖော်ပါလာ တဲ့ အဘွားကြီးဆွဲမိမှ ခက်နေမယ်”
စင်ကာပူလို မြန်မာ မပေါတာကြောင့် မောလ်ထဲမှာပင် မြန်မာ စကားကို အော် ကြီးဟစ်ကျယ် ပြောဆို ရယ်မောနေသော ကျွန်တော်တို့ အုပ်စုကို လူတချို့က “ဘယ် ကဟာတွေလဲ” ဟူသော အကြည့်တို့ဖြင့် လည်ပြန် လှည့်ကြည့် သွားခဲ့ကြသည်။ စားစရာနှင့် အသီးအနှံသာ သီးသန့်ရောင်းသည့်နေရာ ရောက်တော့ တိုင်ပင်စရာ မလိုဘဲ၊ ခြေလှမ်းသွက်သွက် ဖြင့် ၀င်မိကြသည်။ သစ်သီး တွေ တောင်ပုံရာပုံနှင့် တချို့ ကိုလည်း ခွဲစိတ်၍ အမြည်း သဘောချထားသည် လည်း ရှိသည်။ ဒီမောလ်ထဲမှ ဓာတ် မြေသြဇာ မသုံးဘဲ စိုက်သော အော်ဂဲနစ်ဟူသော ခေါင်းစဉ် လေးအောက်မှာအသီးအရွက် များမှာ ပျံကျဈေးမှာထက် သုံးဆလောက်ဈေးကြီးသည်။ ပလက်တီနမ်ဝတ်၊ စိန်ဝတ် လူတန်းစားများအတွက်နေရာ မျိုးမို့ ဈေးအပေါဆုံးနေ့စဉ်စား သီးနှံ အတွက်ပင်၊ ကျွန်တော် တို့ ၃ ယောက်မှာ ဈေးကြည့် လိုက် ပြန်ချလိုက်ဖြင့် ဘာမျှ မည်မည်ရရ မ၀ယ်ဖြစ်သေးဘဲ အလှ မိဖုရားလေးများကိုသာ မျက်စိအစာ ကျွေးနေကြသည်။
ကိုပီတာနှင့် ကိုဇိုးက တော့ ၀ယ်ပြီးစ ဘလက် ဘယ်ရီဖုန်းအသစ်ကလေးတွေ ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြ သည်။
“ကျွန်တော်တောင် အစ်ကိုတို့ကို အားကျလာပြီ။ ဘလက်ဘယ်ရီကတော့ ထီ ပေါက်မှပဲ ၀ယ်နိုင်မှာပါ”
“မ၀ယ်နဲ့ကွ၊ ၀ယ်မိရင် သူ့ကိုသုံးဖို့ပဲ အချိန် ပေးနေရတယ်။ ပြီးတော့ကွာ၊ ဒီ ဘလက်ဘယ်ရီကြီးက အင်္ကျီ အိတ်ထဲလည်း ထည့်မရ။ ဘောင်းဘီအိတ်ထဲ ကျတော့လည်း ထိုင်ရထရတာ ခိုးလိုး ခုလုနဲ့ ငါတောင် ဒါကြီး ဘယ်မှာ ပစ်ထားရမလဲလို့ ဟဲ ဟဲ”
“ဒါဆိုလည်း ဒီအမှိုက် ပုံးထဲပဲ ပစ်လိုက်ပါဗျာ၊ ဟုတ်တယ်”
ကျွန်တော်က ကျွန်တော့် အင်္ကျီအိတ်ကို ပုတ်၍ ပြရင်း ပြောလိုက်သည်။
“ဟေ့ ဟေ့ ဘော်ဘော် တို့ ဟိုမှာ တွေ့လား၊ အမိုက် စားလေးတွေ။ ဒူးရင်းသြဇာ တွေ ဘာတွေ မကြိုက်ပေမဲ့ သူတို့အနားသွားပြီး ဇီး ပန်းသီးလေး ဘာလေးတွေ ရွေးဖို့ လစ်လိုက်ဦးမယ်ကွာ”
“လုပ်ပြီ၊ မစားရ အညှော်ခံ”
ပခုံးပုတ်ပြီး ထွက်သွား သည့် ကိုဇိုးကို လှမ်းအပြော။
“ငါလည်း အညှော်ခံ လိုက်ဦးမယ်ကွာ” ဆိုပြီး ကိုပီတာကပါ အားကျမခံအမီ လိုက်သွားချိန် ဇီးပန်းသီး ရော၊ ဒူးရင်းသြဇာရော ၀ယ် စားရလောက်အောင်မကြိုက်ဘဲ ဟိုဟာကိုင်ကြည့်၊ ဒီဟာကိုင် ကြည့်နှင့် ယောင်တောင် တောင် ဖွန်ကြောင်နေသော သူတို့ နှစ်ယောက်ကို ကြည့်ကာ ကျွန်တော် ဟားချင်မိသည်။ ကျွန်တော်ကတော့ အဲဒီ အရောင်စုံ ကောင်မလေးတွေထက် ကျွန်တော့်ဟန်နီကယ် လေးကို ပိုစိတ်ဝင်စားသူမို့၊ ဟန်နီကယ်နှင့် တိုက်ဂါး ရောင်စုံဘူးလေးတွေ ရှိရာ တန်းဘက် လျှောက်ခဲ့မိသည်။ ဘီယာလေး တစ်ငုံသောက် လိုက်၊ အာလူးချောင်းကြော်နှင့် ဆိတ်သား ခပတ်လေးဝါးကာ ဘောလုံးပွဲ ကြည့်ရသူသည့် ညတွေလောက် ဇိမ်ကျရ သည့်ညမျိုးဆီ ပြန်လည်စိတ် ကူးတမ်းတခြင်း မြစ်ထဲသို့ ခဏတာ မျောသွား မိစဉ်မှာ ပင် အနားသို့ ကပျာကယာ ရောက်လာသော ကိုဇိုးခေါ်သံ ကြောင့် အတွေးများအားလုံး လွင့်စင် ပျောက်ကွယ်သွားရ သည်။
“ဟေ့ကောင် ကယ်ဗင်၊ မင်းဆီငါ့ဖုန်းများ ပါသွား သလားကွာ”
“ဟာဗျာ၊ ဘယ်လိုလုပ် ပြီး ပါမှာလဲ၊ ခုနတုန်းက အစ်ကို ကိုင်ထားတာပဲလေ”
“အေးကွာ ငါကိုင်ထားရင်း ဘယ်မှာ ချထားခဲ့မိမှန်း မသိဘူး။ လုပ်ပါဦးကွာ၊ ငါ က မင်းတို့နောက်ပြီး ယူထား သလားလို့”
“အာ မနောက်ပါဘူး၊ အစ်ကိုကလည်း ခုနက ဟို အသီးတွေ ရွေးတော့၊ ဖုန်းကို ဘယ်မှာ ချထားတာလဲ။ ပြန် စဉ်းစားကြည့်ပါဦး”
“အင်း ငါလည်း စဉ်း စားနေတာ” သူကပြောပြော ဆိုဆို၊ သစ်သီးများ ချထားရာ သို့ ခပ်သွက်သွက်ပြန် လျှောက်ကာ သူ့မှတ်ဉာဏ်ကို အတင်း ပြန်ခေါ်နေပုံရသည်။
“ငါတို့ ကောင်မလေး တွေနားကပ်ပြီး သစ်သီးတွေ လည်းမ၀ယ်ဖြစ်ဘဲ သူတို့ အတွက်ပဲ ရွေးပေးနေတာ။ ကောင်မလေးတွေက ကျေးဇူးစကားဆိုပြီး ထွက် သွားတော့ Coach အိတ် အကြီးကြီးနဲ့ အန်တီ၀၀ကြီး တစ်ယောက်ရယ်၊ နောက်ထပ် ခပ်သန့်သန့် ဘဲတစ် ဘွေရယ်ပဲ ရှိတယ်။ ငါ လည်း အသီးတွေပေါ်တင် ထားတဲ့ ဖုန်းလေးကို တစ်ချက် သတိလွတ် သွားမိတယ်ကွာ။ သတိရတော့ အဲဒီမှာ တရုတ်အဘိုးကြီးနဲ့၊ သူ့မြေး လေးနှစ်ယောက်ပဲရှိတော့တယ်။ လူတော်တော် ရှင်းနေ ပြီ။ ဒါနဲ့ ငါလည်း မင်းကို လိုက်ရှာနေတာ။ မင်းများ နောက်ပြီး ယူထားသလားလို့”
သူ့စကားကိုကြားတော့ ကျွန်တော် စိတ်အိုက် သွားမိသည်။ ဒီလိုနေရာကတော့ မေရီဖုန်းပျောက်တုန်း ကလို၊ လူပေါင်းစုံ၊ အဆင့်ပေါင်းစုံစုဝေးရာတော့မဟုတ်။ သန်းချီသည့် အကောင်း စားတံဆိပ်နှင့် အ၀တ်အထည် တွေ၊ နှစ်လက်မလောက် ဒေါက်ဖိနပ်တွေဝတ်ကာ၊ Gucci, Elle, Couch တွေ အပြိုင်အဆိုင်ကိုင်လို့၊ တ ဖျတ်ဖျတ်လက်နေသည့် ပလက်တီနမ်လူသားတွေ ခြေ ချင်းလိမ်နေသော ခေတ်မီ Shopping Mall ကြီးပင်။
“ကျွန်တော် ဖုန်းခေါ် ကြည့်လိုက်မယ်လေ”
“မခေါ်နဲ့ကွ၊ ဖုန်းကတ် ထုတ်ပြီး ဖုန်းများပိတ်ထား ရင် ဆုံးဖို့ သေချာနေပြီပေါ့။ ငါရင်မဆိုင်ရဲဘူးကွာ။ မင်း သိတဲ့အတိုင်းပဲ ဒီဖုန်းကိုငါ Credit ကြွေးတောင် မကျေ သေးဘူး။ နောက် ခြောက်လ လောက်အထိ ထပ်ဆပ်ရဦး မှာ။ ငါတို့ ပီတာ့ကို လိုက်ရှာ ပြီး သူ့ဖုန်းနဲ့ ဘလက်ဘယ်ရီ မတ်ဆေ့ခ်ျဂျာကနေ Chatting ၀င်ရင် ကောင်းမယ်နဲ့တူ တယ်။ ငါကလည်း ခုန ကလေးတင်မှ အွန်လိုင်း တက်ထားတော့ အဲဒီကနေ ငါ့ဖုန်း ကိုရှာရင် ကောင်းမယ်ထင် တယ်”
“ကဲ ဒါဆို ကိုပီတာကို မြန်မြန်ရှာလိုက်ရအောင်”
ကိုပီတာက နွားနို့နဲ့ ဒိန်ချဉ်တန်းဘက်မှာ နံနက်စာ အတွက် ပေါင်မုန့်နှင့် ထောပတ်တချို့ကို ၀ယ်ယူနေ စဉ် သူ့ကို အကျိုးအကြောင်း ပြောပြတော့ သူ့ဖုန်းထဲမှာ အမြဲလိုလို အွန်လိုင်းစိမ်းနေ တတ်သည့် ကိုဇိုးဖုန်းဆီမှ Chating လက်ခံသည့် အစိမ်း ရောင် သင်္ကေတလေးကို သူ့ ဖုန်းထဲမှာ မတွေ့ရ၍ အားလုံး အခြေအနေ မကောင်းမှန်း သဘောပေါက်လိုက်ကြ သည်။
“ဒါဆို မထူးဘူး ဖုန်း မက်ဆေ့ခ်ျပဲ လှမ်းပို့ကွာ။ အခု ချက်ချင်း ပျောက်တာမို့ ရထားတဲ့သူက ဒီအနီးအနား မှာပဲ ရှိနေဦးမှာပဲ။ ဘယ်မှာ တွေ့နိုင်မလဲ၊ ပြန်ပြီး ကျေးဇူး ဆပ်ပါ့မယ်လို့ ပြောလိုက် ကွာ”
ထို့နောက် အင်္ဂလိပ်လို ရော၊ အင်ဒိုလိုပါ ရေးထား သည့် မက်ဆေ့ခ်ျနှစ်စောင်ကို ပို့သော်လည်း ပြန်စာမလာဘဲ ဘလက်ဘယ်ရီ တစ်ခုလုံး ဆက်သွယ်နိုင်မည့် အဆက်သွယ် အားလုံးကို ချက်ချင်း ပိတ်လိုက်ပုံကို စဉ်းစားပြီး၊ ဖုန်းကို ရရှိထားသူမှာ ဘလက်ဘယ်ရီကို ကျွမ်းကျင်စွာ ကိုင်နိုင်သူ အထက် တန်းလွှာထဲကဖြစ်နိုင်ကြောင်း အားလုံးသဘောပေါက်သွား ကြသည်။
“မထူးဘူး၊ မက်ဆေ့ခ်ျ တောင် ပို့လို့မရတော့၊ နောက်ဆုံး ဖုန်းခေါ်ဖို့ပဲ ရှိတော့တယ်”
“အေးကွာ ချ”
သို့သော် ကိုဇိုး ရင်ကွဲ ချင်စရာ “လူကြီးမင်း ခေါ်ဆိုနေသော ဖုန်းမှာ ဖုန်းပိတ် ထားပါသဖြင့် ခေါ်ဆို၍ မရ နိုင်ပါရှင်”ဟု အဓိပ္ပာယ်ရသော ချစ်စရာ အင်ဒိုမိန်းကလေး အသံကိုသာ ထပ်တလဲလဲ ကြားရတော့သည်။
ကိုဇိုး ခေါင်းငိုက်စိုက် ကျလေပြီ။ သူ့ Credit ကတ် နှင့်လွန်ခဲ့သည့် နှစ်လလောက်က ၀ယ်ထားခြင်းမို့၊ ဘဏ် ကြွေးကိုလည်း တစ်နှစ် လောက်ဆပ်ရမည်ဖြစ်ပြီး၊ ဖုန်းမှာတော့ အစအနပင် မမြင်ရတော့။ ကျွန်တော်တို့ ၃ ယောက်သားလည်း ရွေး ချယ်ဝယ်ယူထားသော တစ် ပတ်စာစားစရာတို့ကို ၀ယ်ဖို့ စိတ်မ၀င်စားတော့ဘဲ၊ Information Center သို့ အပြေးအလွှား သွားရောက် စုံစမ်းသော်လည်း အကြောင်း မထူးသလို၊ မောလ်အတွင်း ဆိုင်ခန်းတချို့ကိုသာ ဟိုဟို ဒီဒီ လိုက်ကြည့်ရင်း ဘလက်ဘယ်ရီကိုင် လူတချို့ တွေ့လျှင် သာ စိတ်မောစွာဖြင့် သဲလွန်စ တစ်ခုခု တွေ့လိုတွေ့ငြား စူး စမ်းမိကြသည်။ ကျွန်တော့် ဖုန်းနှင့်ပါ ကိုဇိုးနံပါတ်ကို ခေါ် ကြည့်သော်လည်း ဘာမှ မထူးခြားပါ။ ဒီဇာတ်လမ်းက အလွမ်းနှင့် အဆုံးသတ်သွားခဲ့ ပြီ ဖြစ်သည်။
သစ်သီးရွေး သော လူတွေထဲက တစ်ယောက်က သူ့ဖုန်းအမှတ် တမဲ့ ချထားသည်ကို တမင်ယူ သွားခြင်းဖြစ်ပြီး၊ ဒီမောလ်မှာ ဈေးဝယ်သူ ဆိုလျှင် သာမန် လူတန်းစားထဲက မဟုတ်ဖို့ များသည်။ နောက်ဆုံးပေါ် လက်ကိုင်ဖုန်းများ တစ်လုံး ထပ်ပိုပြီး ပိုင်ဆိုင်နိုင်သူများ၊ ကိုဇိုးပျောက်သည့် ဖုန်းမျိုးကို လည်း လက်ငင်းငွေချေ စနစ် ဖြင့် ၀ယ်ယူနိုင်သူများထဲက တစ်ယောက် ဖြစ်ဖို့ များသည်။
ကိုဇိုးကို ကိုယ်ချင်းစာမိရင်း မေရီဖုန်းပျောက်တုန်းက အဖြစ်ကို သတိရကာ ဂျူဒင်း မျက်နှာကို ပြေးမြင်မိသည်။ ရိုးသားစွာ ၀န်ခံရလျှင် ဂျူဒင်းနေရာမှာ ကျွန်တော်သာဆိုလျှင်၊ လေးဆယ့်ငါး မိနစ်၊ တစ်နာရီကားစီးပြီး နမော်နမဲ့ ဖုန်းပျောက်သူထံ ပြန်လာ ပေးဖြစ်မှာ မဟုတ်၊ သူလာယူနိုင်ရန် ကိုယ့်ဖုန်းနံပါတ်နှင့် လိပ်စာ ကိုသာ လှမ်းပေးမည်ဖြစ်သည်။
“တီ တီ တီ”
ဖုန်းမြည်သံကြောင့် ဒေါသအတွေးတွေ တဒင်္ဂရပ် တန့်ပြီး၊ ဒုတိယမြောက် ဂျူဒင်းများ ဆက်လာ သလားဟု မျှော်လင့်ချက် ကလေးနှင့် ဖုန်းကိုင်လိုက်စဉ် တွင် အန်တီရှယ်လီဖြစ်နေ၍ ရုတ်တရက်အံ့အားသင့်ရင်း ဖုန်းကို ပြန်ထူးမိရာမှာတော့-
“အေး ငါနင့်ကို သောကြာနေ့ကတည်းက ရှာနေတာ။ မေရီ လူကိစ္စက အဆင်မပြေပြန်ပါဘူးကွယ်။
“သူ့မိန်းမက မူလတန်း မှမအောင်ဘဲကိုး။ မူလတန်း အဆင့်ပဲရှိတာ၊ တို့စက်ရုံမှာက တံမြက်စည်းလှည်း သမဟာ မူလတန်းတော့ အောင်မှဖြစ် မယ်။ မနက်ဖြန် အလုပ် လျှောက်လွှာပြန်လာယူပြီး အကြောင်း ကြားလိုက်တော့။ ဟုတ်ပြီလား။ ဒါပဲနော်”
“ခင်ဗျာ”
အန်တီရှယ်လီ ဖုန်းချ သွားသည့်တိုင် မူလတန်းတော့ အောင်မှဖြစ်မယ်။ မနက်ဖြန် အလုပ် လျှောက်လွှာ လာယူဖို့ အကြောင်း ကြား လိုက်တော့ဆိုသည့် စကားသံ ပဲ့တင်ထပ်နေခဲ့သည်။ ဒုတိယ အကြိမ် အငြင်း ခံရသော လျှောက်လွှာအတွက် ဂျူဒင်းနှင့် ဆုံတွေ့ရဦးမည်။ အင်း ဂျူဒင်းကို ဘယ်လို ပြောရမှာပါလိမ့်။
အမြန်ကားပေါ်မှာ ကျွန်တော့်ဘေးတွင် သောက တနင့်တပိုးနှင့် ငြိမ်သက် လိုက်ပါလာသော ကိုဇိုးနည်း တူ ကျွန်တော့်အတွေးတွေက လည်း ယောက်ယက်ခတ်နေ သည်။ ကိုဇိုး၏ ဖုန်းမျိုးတစ် လုံး မက၀ယ်နိုင်သော၊ ကိုဇိုး ဖုန်းမျိုးကို ကျွမ်းကျင်စွာ သုံး တတ်သူမျိုးက သူခိုးတစ် ယောက်လိုယူသွားသည့်အဖြစ်။ မေရီဖုန်းကို ကောင်းစွာမကိုင် တတ်ဘဲ သူ့ဖုန်းကို အကုန်ခံ ဆက်သွယ်ပြီး ဖုန်းပျောက်သူ ထံ စရိတ်အကုန်ခံလာပေး သော ဂျူဒင်း။ ဖုန်းသူခိုးကို မိအောင်ဖမ်းပြီး အပြစ်မပေး နိုင်သလို ဂျူဒင်းလို လူကို ချီးမြှောက်အသိအမှတ်ပြုခွင့် မရနိုင်သော ကျွန်တော်။ ဒေါသရော၊ သောကပါ ယှက်ပြီး ကျွန်တော့်ခေါင်းတွေ နောက်လာသည်။
ငယ်စဉ်က ကြားခဲ့ဖူး သော လွှမ်းမိုး၏ သီချင်း တစ်ပုဒ်မှာ “စကားမပြော တတ်တဲ့ လောကကြီးကို တိုင်ကာ မငိုတော့ပါ” ဟု ဆို ထားသည်။ ကျွန်တော်က တော့ စကားမပြောတတ် သည့် လောကကြီးကိုပဲ တိုင် တည်ချင်နေသည်။ အူမ မတောင့်ရင် သီလမစောင့်နိုင် ဘူးဆိုသော၊ လူ့လောကထဲ တွင် တစ်ခါတစ်ရံ “ချမ်း သာခြင်း နှင့်ရိုးသားခြင်း” က ပြောင်းပြန်အချိုးကျတတ်ပါ သလား။ အထက်တန်းစား အတ္တသမားများအတွက် စာနာစိတ်၊ နှလုံးသားနှင့် ဂျူဒင်းလို ရိုးသားသူ အတွက် ဘ၀တက်လှမ်းမှု အခွင့်အလမ်းများ အသီးသီး ဖန်တီးပေးခွင့်ကို လောက ကြီးက ဘာမှ မတတ်နိုင်၊ လက်ပိုက်ကြည့်နေရက် သည်လား။
ကျွန်တော့်အတွေးတွေ လွင့်မျောနေခိုက်၊ ကား ပြတင်းမှ ဂျာကာတာ၏ နေ၀င်ဆည်းဆာကို လှမ်းမြင် လိုက်ရသည်။ ၀င်လုဆဲနေရောင်က ဂျာကာတာ၏ မိုးပျံတိုက်ကြီး များကို ပိုတောက်ပအောင် ရွှေရောင်ပက်ဖျန်းပြီး၊ ပျပ်ဝပ် သိမ်ငယ်သော အိမ်ငယ်လေး များမှာတော့ အမှောင်လွှမ်း လျက်ရှိနေသည်ကို မကြည်သာသော နှလုံးသားဖြင့် အားအင်မဲ့စွာ ကျွန်တော် ငေးမော နေမိပါတော့သည်။

စုသဲမွန်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
Monday, April 8, 2013
ချဉ်သွားတဲ့စပျစ်တစ်ခင်း
“ဇာတ်လမ်းကတော့ အဲ့ဒါပဲ”
နန္ဒာက သူ့စကားကို ခဏရပ်လိုက်ပြီး
မလှမ်းမကမ်းမှာရှိသည့် အန်တီစိုးကို
ကြည့်ကာ
“နောက်ဆုံးတော့ သူက သူ့အလှကို
အချစ်နဲ့အတူ မြေမြုပ် သဂြိ
င်္ုဟ် ပစ်လိုက်တယ်။ ဒီတော့
နင်တို့ မြင်တဲ့ အတိုင်း ခုလို
ပုံကြီး ဖြစ်သွားတာပဲ”
“ ဒါဆို အဓိက တရားခံက မိဘတွေပေါ့နော်”
ဆရာကြီးလုပ်ပြီး ပြောနေသည့်
နန္ဒာစကားကို စိတ်ဝင်တစားဦးဦးဖျားဖျားမေးလာ သူက
သန္တာပင်။ ကျွန်မကတော့ ရှပ်အကျီ
င်္ဖားဖား၊ ယောလုံချည်တိုတိုဝတ်ပြီး
အခန်းထောင့်တွင် မျက်မှန်အထူကြီးနှင့်
စာထိုင်ဖတ်နေသော နန္ဒာအဒေါ်
အန်တီစိုး ကို လှမ်းအကဲခတ်မိသည်။
မဟာဆန်ဆန်လှပပါသည်ဟုဆိုသော
အန်တီစိုးနဖူးပေါ်တွင် ခွေကျနေသည့်
ဆံနွယ်ကလေး များနှင့် ကိုယ်ခန္ဓာ
ကိုယ်အချိုးအစားပြေပြစ်သလောက်
ယင်းနှင့် လိုက်ဖက်ညီစွာ
မြန်မာဝတ်စုံတွေကိုသာ မြတ်နိုးစွာဝတ်ဆင်တတ်သူ
ဒေါ်နွယ်နီစိုးဟူ သော ထိုအမျိုးသမီးတစ်ယောက်၏
ငယ်ဘ၀ကို မျက်စိထဲ မြင်ယောင်ကြည့်မိသည်။
“အဲ့ဒီတုန်းကဆို သူ့ကိုယောက်ျားတိုင်းက
လည်ပြန်ငေးရတယ်တဲ့”
သူ့အပြောမှာ အားလုံး စိတ်ဝင်စားနေကြချိန်မှာ
နန္ဒာတစ်ယောက် သူ အဒေါ်ကို ထပ်ဆင့်
အမွှန်းတင်နေပြန်သည်။
“နင့် အဒေါ်ကလည်း ဒီလောက်ကြိုက်တဲ့သူတွေအများကြီး မှာမှ
ဘာလို့ အလုပ်အကိုင်မရှိ၊
ပိုက်ဆံမရှိတဲ့သူကို ရွေး
ကြိုက်ရတာလဲ”
“ဒါတော့ ငါလည်း ဘယ်သိမလဲဟ..။
အချစ်မှာ မျက်စိမရှိဘူးဆိုတဲ့စကားက
ငါတို့အဒေါ်လို လူတွေကို ဆိုလိုတာဖြစ်
မှာ ပေါ့ ။ အဲ့ဒီတုန်းက ငါ့အဖွားကလည်း
လက်ကြောမတင်းတဲ့ လူနဲ့ရမှာစိုးတော့
သူတို့ကိုအတင်းခွဲပြီး ပိုက်ဆံချမ်းသာတဲ့
လူတစ် ယောက်နဲ့ ပေးစားမလို့
လုပ်သေး တယ်တဲ့။ ဒါပေမဲ့ ငါ့
အဒေါ်က သူမချစ်တဲ့သူနဲ့သာယူရရင်
အဆိပ်သောက်ပြီး သေမယ်လို့
ချိန်းခြောက်ထားတာ။ ဒါကြောင့်
ခုထိသူအပျိုကြီး လုပ်နေတာပေါ့။
အပျိုကြီးတောင်မှ ရိုးရိုးအပျိုကြီးမဟုတ်ဘူးနော်။
ချစ်သူကို နောက်ဆုံးအချိန်အထိ
သစ္စာရှိသွားတဲ့ ယောက်ျားလျာ
အပျိုကြီး”
“ ဟား ဟား”
သူ့အပြောကို သဘောကျပြီး ရယ်မိကြတော့
စာဖတ်နေရာမှ အန်တီစိုးက မျက်လုံးစွေကြည့်သည်။
“ ရူး တိုးတိုး။ တော်ကြာ
ငါတို့ သူ့အကြောင်းပြောနေတာ
သိသွားဦးမယ်”
“ ဒါဆို သူ့ရည်းစားကရော လူပျိုကြီးပဲလား။
နင့်အဖွားလည်း ခုမရှိတော့ဘူးဆိုတော့
အသက်ကြီးမှ သူတို့ပြန်ပေါင်း
ဖို့ စိတ်ကူး မရှိကြဘူးလား”
“အဲ့ဒီတုန်းက သူ့ရည်းစားက
အရမ်း စိတ်ထိခိုက်ပြီး တေပေလေလွင့်သွားရာကနေ
တပ်ထဲဝင်သွားတာလေ။ နောက်တော့
တိုက်ပွဲကျပြီး ဆုံးသွား
တယ်လို့ ပြောတာပဲ”
“ ဟယ် သနားပါတယ်”
“ ဟုတ်တယ်။ ဒါကြောင့် အန်တီစိုးကလည်း
သူ့ဘ၀ကို အခုလိုမျိုး ရေစုန်မျောပစ်လိုက်တာပေါ့”
နန္ဒာ ပြောပြသည့် အန်တီစိုးဇာတ်ကြောင်းကို
နားထောင်ရင်း အချစ်ကို တန်ဖိုးထားမြတ်နိုးသော
မိန်းမတစ်ယောက် ၏ အချစ်မရှိပဲ
နေထိုင်နေရသော နေ့ရက်များ၏
ပျော်ရွှင်ခြင်း ကင်းမဲ့ပုံကို
ကျွန်မလက်တွေ့ခံစားသိမြင်
မိသည်။
“တစ်ယောက်နှင့် တစ်ယောက်သိပ်ချစ်ရက်သားနဲ့
တကယ်နှမျောဖို့ ကောင်းတယ်နော်”
ဒီတစ်ခေါက် ကျွန်မနှုတ်မှထွက်ပေါ်လာသည့်
စကားကို နားထောင်မိတော့ သန္တာက
ပြုံးစစဖြင့်မေးသည်။
“ ဘာလဲ အပျိုကြီးဖြစ်လို့
နှမျောနေတာလား”
“ အဲ့ဒီလိုပဲပြောရမလား။ လူတစ်ယောက်ကို
ချစ်ဖို့ဆိုတာက လွယ်လွယ်နဲ့
မဖြစ်နိုင်ဘူးလေဟာ။ ကိုယ်ချစ်သလို
ကိုယ့်ကို ပြန်ချစ်ဖို့ ဆိုတာ
ပိုတောင်ခက်သေးမယ်။ ဒါပေမဲ့
အဲ့ဒီ အခက်အခဲံတွေထဲကနေ အချစ်ဆိုတာကြီးဖြစ်လာပြီးမှ
ဘာ ကြောင့် ကြေကွဲဝမ်းနည်းရမှာလဲ။
တစ်ယောက်နဲ့ တစ်ယောက်ချစ်ပြီးမှ
ဘာလို့ခွဲခွာရမှာလဲ။ ဘယ်လို
အကြောင်းနဲ့မှ မခွဲခွာသင့်ဘူး။
ငါနှမျောတယ် ဆိုတာ သူတို့နှစ်ယောက်
ဖန်တီး တည်ဆောက် ထားတဲ့ အဲ့ဒီအချစ်ဆိုတဲ့
အရာကို ပြောတာပါ”
ကျွန်မပြောသည့် စကားတွေကို
နားမလည်ဟန် သူတို့နှစ်ယောက်က
ပြူးကြောင်ကြောင်နှင့် ကြည့်နေရင်းနန္ဒာ
တစ်ယောက် ခေါင်းကို လက်ညှိးနဲ့ထောက်ပြပြီး
လက်ခါပြသည်။ ဦးနှောက် မကောင်းတော့ဘူးဆိုသည့်သဘော။
သူတို့ပြောသလို ပင် အချစ်ဆိုသည့်အရာနှင့်
ပတ်သတ်လျှင် ကျွန်မလည်း ဦးနှောက်အနည်းငယ်ပျက်ချင်ချင်
ဖြစ်နေသည်မှာ ဇာတ်သိမ်း မလှသော
အချစ်ပုံပြင်များ အကြောင်း
နားထောင်တတ်ခါစ အရွယ်မှ စတင်ပြီး
ခံစားတတ်ခဲ့သည် ထင်သည်။
ကျွန်မက
အချစ်ဝတ္ထုတွေ ဖတ်လျှင်အဆုံးသတ်ကို
အရင်ကြည့်ချင်သည်။ ပျော်ရွှင်စရာကောင်းသည့်
ဇာတ်သိမ်ခန်း မျိုးမှ ဆက်ဖတ်ဖို့
စိတ်အား ထက်သန်သည်။ ဒါမှလည်း
ကျွန်မ ဖတ်မည့် စာအုပ်က တစုံတရာ
ပျော်ရွှင်ကျေနပ်မှုကို ပေးနိုင်မည်ဟု
ယုံကြည်သည်။ တနုံ့နုံ့ခံစားပြီး
တခုခုလစ်ဟာ ပျောက်ဆုံးသွားသလို
ရင်ထဲကျန်ခဲ့ရမည့် အလွမ်းဇာတ်လမ်းများကိုမကြိုက်။
ရုပ်ရှင် ဇာတ်ကားများဆိုလျှင်လည်း
ကျေနပ်ပျော်ရွှင်ဖွယ် လက်တွဲကြလေသတည်း
ဆိုသော ဇာတ်ပေါင်းခန်းမျိုးနှင့်
အဆုံးသတ်မည့် ဇာတ်မျိုးကိုသာ
ရွေးချယ်ကြည့်လိုသည်။
“ချစ်၊ကွဲ၊ညားဆိုတဲ့ အဖန်တရာတေ
မဲပြာပုဆိုး ဇာတ်လမ်းတွေပဲ
နင်က ကြည့်ချင်တယ်”
ဒီလို သူငယ်ချင်းတွေ ဘယ်လိုပဲ
ဝေဖန်ကြပါစေ။ ကျွန်မကလည်း
Tragedy ဟုဆိုသည့် ရုပ်ရှင်ရုံထဲ
မထိမ်းနိုင် မသိမ်းနိုင်
မျက်ရည်ကျရပြီး အဆွေးဇာတ်လမ်းနဲ့
အဆုံးသတ်မည့် ဇာတ်ကားမျိုးဆို
ဝေးဝေးက ရှောင်ချင်သည်။ ၀တ္ထုတွေ၊
ဇာတ်လမ်းတွေမှ မဟုတ် တကယ့်လက်တွေ့ဘ၀တွင်လည်း
ချစ်သူတိုင်းကို ကျွန်မပျော်ရွှင်စေချင်သည်။
ရခဲလှသည့် လူ့ဘ၀ တိုတို လေးထဲ
ကိုယ် တကယ် ချစ်သူနှင့် ဆုံဆည်းခဲ့ပြီးလျှင်လက်တွဲခွင့် 
ရအောင်သာ ကြိုးစားစေချင်ပါသည်။
ဘာမဟုတ်သည့် အကြောင်းပြချက်
ကလေးနှင့် လမ်းခွဲခဲ့ရသော
ချစ်သူတွေကို မြင်လျှင် ထပ်တူပြန်ပြီးအစားမရနိုင်သော
ချစ်ခြင်းမေတ္တာ အတွက် သူတို့
ကိုယ်စား ကျွန်မ ကြေကွဲ ၀မ်းနည်းမိသည်။
“ဒီလိုပါပဲ အဆင်မပြေစရာတွေများလာလို့၊
ဆက်ပြီးတွဲချင်စိတ်မရှိတော့ဘူး”
“ ဒီလိုပါပဲ သဘောထားချင်းမတိုက်ဆိုင်ဘူးလေ”
“ ဒီလိုပါပဲ သူ့အကြောင်းတွေကို
ကိုယ်က ခုမှကောင်းကောင်းသိလာတာ”
“ဒီလိုပါပဲ...” ဆိုသည့် စကားသည်
လမ်းခွဲသွားသော ချစ်သူတိုင်း၏
နှုတ်မှလွယ်ကူစွာထွက်ကျလာတတ်သော
အဓိပ္ပာယ် အမျိုးမျိုး ပါဝင်နေနိုင်သည့်
ဆင်ခြေတစ်ခုဖြစ်သည်။ ကျွန်မအလှည့်ကျရင်
ဒီလိုပါပဲဟူသည့် စကားနှင့်
ကျွန်မ၏ အချစ်ဇာတ်လမ်း ကို
အဆုံးမသတ်မိဖို့ ကြိုတင်စိတ်ကူးယဉ်မိသည်။
ကိုယ်တကယ်ချစ်သူနှင့် ဘ၀မှာဆုံနိုင်ခဲ့လျှင်
အတူပျော်ရွှင်နိုင်ဖို့ မျှော်လင့်ချက်
တွေ ရှိနေလျက် အခွင့်အရေးကို
လက်လွတ်မခံပဲ လက်တွဲခွင့်ရအောင်သာ
ကြိုးစားစေချင်သည်။ ချစ်သူနှင့်
ဘ၀တစ်ခု တည် ဆောက် ခွင့် ရခြင်း
သည် ဘုရားက သီးသန့် ပေးသော
ကံကောင်းခြင်းလက်ဆောင်တစ်ခုဖြစ် သည်။
ထိုလက်ဆောင်ကို ပိုင်ဆိုင်ခွင့်
ရဖို့ ကျွန်မတို့ ကိုယ်တိုင်ကလည်းဖန်တီးယူတတ်ရမည် ဟု
စိတ်ကူးဆုံးဖြတ်ခဲ့သည်။
ကျွန်မဘ၀တွင် အချစ် အကြောင်း
ကိုယ်ပိုင် ဒဿန ကလေး များစတင်
တွေးတောတတ်စ အချိန်၌ အချစ်နှင့်ကျွန်မဆုံဆည်း
ခဲ့ရလေသည်။
ထိုနေ့က အင်္ဂလိပ်စာ သင်တန်းအဆင်း
မိုးတွေသည်းသည်းမည်းမည်း
ရွာနေသည်။ သင်တန်းမမီမှာစိုး၍
ထီး မေ့ခဲ့သော ကျွန်မက လှည်းတန်းလမ်းဆုံအနီးရှိ
သင်တန်းအောက် လှေခါးရင်းတွင်
ထိုင်ပြီး မိုးအစဲကို စောင့်ရင်းလက်မှနာရီကို
ကြည့် လိုက်မိ သည်။ ညနေငါးနာရီခွဲမို့
မှောင်စပြု လာချိန်တွင် ဖုန်းကလည်းဘတ်ထရီ
ကုန်နေပြီမို့ အိမ်ပြန်နောက်ကျမည့်အကြောင်း
အမေ့ဆီဖုန်းဆက် မပြောနိုင်သေးပဲ
စိတ်မော စွာပင် မိုးတိတ်ချိန်ကိုသာထိုင်စောင့်ေ နရသည်။
“ ဘယ်ပြန်ရမှာလဲ”
လက်တစ်ဖက်က ခဲရောင်မိုးကာအင်္ကျ
ီကိုပိုက်လျက် ၊ ကျန်လက်တစ်ဖက်က
ဘောင်းဘီအိပ်ထဲလက်နှိုက်ပြီး
သံပန်းတံခါး ကို မီရပ်နေသော
သူက ကျွန်မအခြေအနေကို လှမ်းစပ်စုသည်။
သူ့ကို ဖျတ်ခနဲမော့ကြည်လိုက်တော့
ရင်းနှီးဖူးသည့် တောက်ပ မျက်ဝန်းတစ်စုံနှင့်အတူ
နှုတ်ဆက်အပြုံးကို မြင်ရသည်။
တစ်နေ့က သင်တန်းတွင် သူနှင့်ကျွန်မကို
အင်္ဂလိပ်စာ အပြန်အလှန် စကားပြောလေ့ကျင့်သည့်
အတွဲလေးအဖြစ်ဆရာမကရွေးချယ်ပေးခဲ့ သည်။
အဲ့ဒီနေ့ခေါင်းစဉ်က Childhood memory
ဆိုသော `ကလေးဘ၀ အမှတ်တရများ´
ဖြစ်ပြီး သူက သူ့နာမည် အာကာစိုးနိုင်နှင့်
ငယ်ဘ၀ မှတ်မှတ်ရရ အဖြစ်အပျက်တွေအကြောင်းကို
မိတ်ဆက်ပြောပြဖူးသည်။ ကျွန်မလည်း
သူ့ကိုပြုံးပြနှုတ်ဆက်မိရင်း
“ မြေနီကုန်း ကိုပြန်ရမှာ။
ထီးကလည်းမပါလာတော့ မိုးစဲအောင်
ခဏစောင့်နေတာ”
“ သြော် ကျွန်တော်လည်း တာမွေကိုပြန်ရမှာ
မိုးကလည်း မတိတ်နိုင်ဘူးနော်”
သူက မိုးစက်ကလေးများကိုလက်ဖြင့်
ခံကြည့်ရင်း ကျွန်မဘက်သို့
စောင်းငဲ့ကြည့်ရင်းဆိုသည်။
ခဏကြာတော့ သူ့ဆီမှ ဖုန်းမြည်သံကြားရပြီး
အဖေဖြစ်သူကဖုန်းလှမ်းဆက်ခြင်း
ဖြစ်သည်။
“ အဖေက ဒီဘက်ရောက်လို့
ကျွန်တော့်ကိုဝင်ခေါ်မလို့တဲ့။လိုက်ခဲ့ပါလား။
လမ်းတိုက်နေတာပဲ”
“မလိုက်တော့ပါဘူး။
ခုလည်း မိုးက နည်းနည်းစဲသွားပြီဆိုတော့
တက္ကစီ ငှားပြီးပဲ ပြန်လိုက်တော့မယ်”
ကျွန်မ ငြင်းဆန်လိုက်တော့
သူက မျက်နှာတစ်ချက်ပျက်သွားပြီး
ကောင်ကင်ကို မော့ကြည့်လိုက်သည်။
ညှိ့မှိုင်းနေသည့် ကောင်းကင်မှာ
လျှပ်စီးတို့က တဖျတ်ဖျတ်လက်ပြီး
မိုးချိမ်းသံကိုပါ ဆက်တိုက်ကြားရသည်။
“ မိုးက ရွာဦးမှာပဲ။ ပြီးတော့ဒီကနေကားငှားရင်
ရမှာမဟုတ်ဘူး ။ လမ်းထိပ်ကိုထွက်ငှားရမှာ”
“ရပါတယ် ကိစ္စမရှိပါဘူး ။ သွားတော့မယ်နော်”
ကျွန်မ ဇွတ်နှုတ်ဆက်ပြီး ထွက်လာဖို့
ပြင်တော့ သူက ရုတ်တရက်လှမ်းခေါ်ပြန်သည်။
“ ခဏလေးနေပါဦး။ ပြန်မယ်ဆိုလည်း
ထီးမပါမယ့် အတူတူ ကျွန်တော့
မိုးကာလေး ၀တ်သွားပါလား”
“ရပါတယ် ကျေးဇူးပါပဲ
”
“၀တ်သွားပါဗျာ။ တော်ကြာလမ်းထိပ်ထိ
လျှောက်ရင်း မိုးမိနေရင်
စနိုးဖျားနေဦးမယ်”
ကျွန်မနာမည်တပ်ပြီးပြောလာသော
သူ့စကားကြောင့် ကမ်းပေးလာသော
ခဲရောင်မိုးကာလေးကို မငြင်းဝံ့တော့ပဲ
လှမ်းယူ လိုက်သည်။ ရှည်ရှည်ပွပွ
သူ့အင်္ကျီ မှာ ကျွန်မပေါင်လယ်လောက်ထိရှည်ပြီး
လူတစ်ကိုယ်စာ နွေးထွေးလုံခြုံသွားသည်။
မိုးကာ ဦးထုပ် လေးကို ဆောင်းလိုက်ပြီးချိန်
သူ့ကို ကျေးဇူးတင်ကြောင်း
ခေါင်းညိတ်အသိအမှတ်ပြုရင်း
လက်ပြနှုတ်ဆက်ဖြစ်သည်။ သူ့
ဆီမှ အကြည့် နက်နက် တစ်စုံနှင့်အတူ
တိုမီ ရေမွေးနံ့သင်းသင်းလေး
ကကျွန်မတကိုယ်လုံးကို ထွေးပွေ့လွှမ်းခြုံ
သွားသည်။
+ + +
ကျွန်မလက်ထဲတွင် ဖဲကြိုးပန်းရောင်လေးနှင့်ချည်ထားသော
စပျစ်သီးခြင်းပုံပါသော ပို့စကတ်လေးတစ်ခုရှိနေသည်။ ထို ပို့စကတ်လေးထဲ
ရေးထားသောစာကြောင်းတွေကို
ဘယ်နှစ်ကြိမ်မှန်းမသိ ကျွန်မ
ပြန်ဖတ်နေမိသည်။ ကာရံမကိုက်သော
ထိုစာသား တွေက ကျွန်မနှလုံးသားကို
ကြည်နူးသလို၊ ပျော်ရွှင်သလို၊
ရင်ခုန်သလို နှင့် ခံစားချက်
မျိုးစုံ ပေးစွမ်းနေသည်။
“မိန်းမ အချစ်စိတ် တွေတက်မ
နေနဲ့ဦး ရော့”ဆိုပြီး ကျွန်မလက်ထဲ
သန္တာတို့ ဆောင့်ဆောင့်အောက်အောက်
လာထည့်သောကတ်လေးကို နောက်
တစ်ကြိမ် ပြန်ဖွင့်ကြည့်ရင်း
အပြာရောင်မင်ဖြင့် ရေးထားသော
စာကြောင်းတွေကို ဖတ်မိပြန်သည်။
“ တကယ်လို့ ငါဟာဖန်ဆင်းရှင်တစ်ယောက်ဖြစ်မယ် ဆိုရင်
မင်း သိပ်ကြိုက်တဲ့ စပျစ်သီးခိုင်လေး
ဖြစ်ချင်တယ်။
မင်းနှစ်သက်မယ့် ရှတတ၀ိုင်လေးတစ်ခွက်
ဖြစ်ချင်တယ်။
မင်း ကြိုက်သလို ခူးဆွတ် အမောဖြေနိုင်မယ့်
ချိုမြိန်တဲ့စပျစ်ခင်းတစ်ခင်း
ဖြစ်ချင်တယ်။”
ချိုမြိန်တဲ့
စပျစ်တစ်ခင်းဖြစ်ချင်တယ်တဲ့။
ပြောတတ်လိုက်တာ။
ကတ်လေးကို
တဒိတ်ဒိတ်ခုန်နေသော ကျွန်မ နှလုံးသားနှင့်
အနီးဆုံးနေရာတွင် တင်ထားလိုက်သည်။
နားထဲတွင်
နန္ဒာတို့ စကားသံတွေ ကြားနေမိသည်။
“သူ့မိုးကာပြန်ပေးရင်း နင်လည်း
နေမကောင်းဘူးဆိုရော ပြာသွားတာပဲ
သိလား။ ပြီးတော့ နင့်ဆီသွားရင်
သူလည်း သတင်းလိုက် မေး ချင်တယ်လို့
ပြောသေးတယ်။ ငါတို့ကလည်း
နင့်အမေသိမှာစိုးတော့ ခေါ်မလာရဲဘူးပေါ့။
ဒါနဲ့နင့်အတွက် လူမမာ စာ တစ်ခုခု
ဝယ်ပေး လိုက်မယ် ။နင်ဘာကြိုက်လဲဆိုတော့
ငါတို့ကလည်း နင်စပျစ်သီး
အရမ်းကြိုက်တဲ့ အကြောင်း
ပြောပြ လိုက်တယ်။ မြင်တဲ့အတိုင်းပဲ
စပျစ်သီး တွေ ၀ယ်ပေးလိုက်တာ
နည်းတာမဟုတ်ဘူး။ အောင်မလေး
ပြီးတော့ ...
“သင်တန်းလာရင် ထီးယူလာဖို့
မမေ့နဲ့ဦး။ နေကောင်းအောင်
နေ”ဆိုတဲ့ စာကိုတောင် စပျစ်သီးပုံပါတဲ့
ကတ်နဲ့ ရေးတာနော်။တကယ်ရူးပါပေတယ်”
ထိုစဉ် နန္ဒာက ၀င်ပြီး-
“ချစ်ခြင်းအစ ရူးခြင်ကဆိုတာနင်မကြားဖူးဘူးလား ။
ငါတို့က ကိုယ့်လူကိုယ်သာ
ဂရုစိုက်ရမှာ”
နန္ဒာတို့ စကားများကို ပြန်ကြားယောင်ရင်း
ကျွန်မတစ်ယောက်တည်း ပြုံးနေမိသည်။
ကျွန်မ စာအုပ်ကြား တွင် စပျစ်သီးပုံပါသော
ကတ်ကလေးတွေတော်တော်များနေပြီ ဖစ်သည်။
နန္ဒာတို့ ပြောသလိုပင် ကျွန်မလည်း
အချစ်ကြောင့် တဖြည်းဖြည်း
ရူးရတော့မည်ထင်သည်။ ဒီလိုနှင့်ပင်
သူပျိုးခဲ့သောအချစ်ဆိုသည့်
စပျစ်ခင်းထဲသို့ ကျွန်မခြေလှမ်းချလှမ်းကြည့်
သည်။ သူကမ်းပေးသည့် လက်ကို
ဆုပ်ကိုင်ရင်း သင်တန်းမစမီ
အချိန်တွေမှာ ဘုရားအတူတူ
ဖူးဖြစ်သလို နေ၀င်ချိန်တိုင်း
ဆည်းဆာ အလှကိုလည်း အင်းယားက
ခုံတန်းလေးတွေမှာ အတူတူထိုင်
ကြည့်ဖြစ်ကြသည်။ သင်တန်းဆင်းပြီး
ညနေတိုင်း လိုလို လှည်းတန်းတွင်မာလာဟင်း
နှင့် ငါးကင် စားတော့ သူက ကျွန်မနှစ်ခြိုက်သည့်
စပျစ်သီးတွေရှိရာ သစ်သီးဆိုင်သို့
ဝင်ပြီး အိမ်ပြန် လက်ဆောင်ပေးတတ်သည်။
သူ့အဖေ ကုမ္ပဏီတွင် ၀င်လုပ်နေသော
သူက ရုံးစောစောဆင်းသည့် နေ့တိုင်း
ကျွန်မ ဂိုက်လိုက်ပြ သော အိမ်သို့
လာကြိုပေး တတ်သည်။ သရေစာကြိုက်တတ်သည့်
ကျွန်မအတွက် အာလူးကြော်နှင့်
pop corn တွေ သူ့ကားထဲ အဆင့်သင့်
ဝယ်ပေးထားပြီး ကားမောင်း
နေသည့် သူ့ပခုံးကိုမီလျက်
မုန့်စားရင်း စကားတွေ ချွဲနွဲ့ပြောခွင့်ရသော
အချိန်သည် ကျွန်မဘ၀၏ မမေ့နိုင်
သော ပျော်စရာ အချိန်လေးတွေ
ဖြစ်သည်။
ဒီလိုနှင့်
ကျွန်မတို့ ချစ်သူသက်တမ်း
ခြောက်လကျော်ချိန်တွင်တော့
မမျှော်လင့်ပဲ သူ့အကျင့်ဆိုးတစ်ခုကို
ကျွန်မ သိခဲ့ရသည်။ အဲ့ဒါကတော့
သူက ပြဿနာ အခက်အခဲတွေနှင့်ကြုံတိုင်း
ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစား ပဲ
အလွယ်တကူ လိမ်ညာ ပြောဆိုခြင်းတတ်ခြင်း
နှင့် ဖုံးကွယ် ရှောင်တိမ်းတတ်ခြင်းပင်။
အရင်ကသိပ်သတိမထားမိသော်လည်း
နောက်ပိုင်း နန္ဒာဆီမှ သူ့ဘဝ
အမှန်ကို မထင်မှတ်ပဲ ကြားလိုက်ရသောအခါ
ကျွန်မပိုမိုအံ့သြခဲ့ရသည်။
ရုတ်တရက် နန္ဒာထံမှ သိလိုက်ရသော
ဒီအကြောင်းက တကယ့်ကို မယုံနိုင်စရာ။
“ တကယ်တော့ စနိုးရေ။ သူက မိသားစုပိုင်
ကုမ္ပဏီမှာ လုပ်တယ်ဆိုတာ မဟုတ်ဘူး။
သူ့အဖေက ကုမ္ပဏီပိုင်ရှင်
ဆိုတာလည်း မဟုတ်ဘူး ငါတို့
သူငယ်ချင်းတွေ နင့်အတွက်
သူ့အကြောင်းတွေကို ၀ိုင်းပြီးစပ်စုကြတဲ့အချိန်မှာ
သူ့ပါးစပ် ထဲတွေ့ရာ အဆင်ပြေအောင်
ဖြေလိုက်တာနေမှာ ။ တကယ်တမ်းကျတော့
သူ့အဖေက တာမွေက နာမည်ကြီး
ဝပ်ရှော့ တစ်ခုရဲ့ ၀ပ်ရှော့ဆရာပဲ။
သူကလည်း အားရင် အဲ့ဒီမှာ ကူပုံရတယ်။
ဒါကြောင့် နင့်ဆီလာရင် သူကားထည်လဲစီး
လာနိုင်တာပေါ့”
သူငယ်ချင်း သုံးယောက်ဆုံချိန်တွင်
ထွက်ပေါ်လာသည့် နန္ဒာ၏ စွာကျယ်ကျယ်
အသံတွင်ကိုသန္တာကပါ ဒေါသရောင်
တောက်နေသည့် မျက်လုံးများနှင့်
ထပ်မံဖြည့်စွက်ပြောသည်။
“ အေးလေ။ ဘာပဲဖြစ်ဖြစ်
ဝပ်ရှော့မှာ လုပ်တယ်ဆိုတာ
ရှက်စရာကိစ္စမှမဟုတ်တာ။ ပြီးတော့
သူပုံစံက လည်း သန့်သန့်ပြန့်ပြန့်ပဲဆိုတော့
ငါတို့က သူစကားကိုယုံကြည်မိတာပေါ့။
ငါတို့သူငယ်ချင်းကို သူဌေးသားနဲ့
အဆင်ပြေစေချင်ပေမယ့် ကျောင်းတစ်ဖက်နဲ့
အလုပ်လုပ်ရင်း ပိုက်ဆံရှာနေတဲ့သူကိုလည်း
ငါတို့က အထင်မသေးတတ်ပါဘူး။
သူသာတကယ် အရည်အချင်း ရှိတယ်ဆိုရင်
ပိုပြီးဂုဏ်ယူသင့်တဲ့ ကိစ္စပဲမဟုတ်လား။
ဒါကိုဘာလို့ ငါတို့ကိုလိမ်ပြောမှန်းစဉ်းစား လို့
မရဘူး။ မသိရင် စနိုးရော၊
ငါတို့ ရော ငွေမက်တာကျနေတာပဲ”
ကျွန်မနားထဲတွင် သူတို့စကားသံတွေတိုးလိုက်
ကျယ်လိုက်ဖြစ်နေသည်။ ကျွန်မမျက်လုံးထဲတွင်လည်း
ကျွန်မ မကြိုက် သော ဆေးလိပ်
ကို လျော့သောက်ဖို့ ပြောမိရာမှ
စနိုးအတွက် ဆေးလိပ်ဖြတ်လိုက်ပြီလို့
သူပြောပြီးနောက်ပိုင်း သူ့
သူငယ်ချင်း များ
မွေးနေ့ပွဲတို့
ဆွမ်းကပ်တို့လို ပွဲတွေ၏
မှတ်တမ်းဓာတ်ပုံများမှာ သူ
ဆေးလိပ်သောက်နေသည့်ဓါတ်ပုံများ
တွေ့ရတတ်တာကို ပြန်သတိရမိသည်။
ဆေးလိပ်ပြတ်ပြီဆိုပြီး ကျွန်မရှေ့တွင်
ဆေးလိပ် လက်ကြားမညှပ်ပဲ ကွယ်ရာကျမှ
မီးခိုးတလူလူထွက်အောင် ဆေးလိပ်ခိုးသောက်တတ်သော
သူကို ဓါတ်ပုံပြပြီး ပြဿနာရှာဖို့
ကျွန်မစိတ်မကူးဖြစ်ခဲ့ပါ။
အချစ်ကို ကျွန်မက ယုံကြည်သူမို့
သူ့ကို အထင်မြင်သေးစေနိုင်မည့်
ကိစ္စတချို့အတွက် သူ့ဆီမှ
ရှင်းပြချက်ကို တောင်းဆိုဖို့ဝန်လေး
မိခြင်းသာဖြစ်သည်။ သူ့ကြောင့်
ပြဿနာတစ်ခုခု ဖြစ်ပြီး ကျွန်မတို့အချစ်ဇာတ်လမ်းလေး
ပြိုကွဲ ပျက်စီးသွားမှာလည်း
အကြောက်ကြီး ကြောက်နေမိသေ၏
။
“ ဘာပဲ ဖြစ်ဖြစ် နင်သိတဲ့ အကြောင်းကိုတော့
သူ့ကိုပြောလိုက် သိလား။
တော်ကြာ သူ့ကို ကုမ္ပဏီပိုင်ရှင်ရဲ့
သားမို့ နင်ကြိုက်ပြီး တွဲတယ်လို့ထင်နေဦးမယ်”
“ ငါပြောလိုက်ရင် သူရှက်များရှက်သွားမလား”
သူငယ်ချင်းတွေ ပေးသည့် အကြံဥာဏ်ကို
နားထောင်ရင်း ကျွန်မ ရင်ထဲက
ပူပန်မိသည့်အတိုင်း သူတို့ကို
ဖွင့်ပြောတိုင်ပင် ဖြစ်
သည်။
“ဒါက နင်ပူရမယ့် ကိစ္စမဟုတ်ပါဘူး။
သူ့ဖာသာ ရှက်ရုံမကလို့
လဲသေသေ။ နင်ဘက်ကသာ ဘာလို့စနိုးကို
လိမ်ရ တာလဲ။ စနိုးအချစ်ကို
အထင်သေးတာလား။ ဘာလား ညာလားဆိုပြီး
ချွဲပြလိုက်ပေါ့။ လိုအပ်ရင်
ငိုပြလိုက်ပေါ့ဟာ။ သူ့ကိုလည်း
နင့်ဘက်က အချစ်မပျယ်တဲ့ အကြောင်း
သိအောင်ပြောရင်း သူ့ အပြစ်ကို
ပို ကြီးသွားအောင် နင်ကလုပ်ရမှာ
သိလား”
“ ဟုတ်တယ်။ ဒါမှ သူနောက်ထပ်မလိမ်ရဲတော့မှာလေ”
သန္တာတို့ပြောသည့်
စကားတွေကို နားထောင်ရင်း
သူနှင့် တွေ့လျှင် ပြောရမည့်
စကားတွေအတွက် ကျွန်မစိတ်ထဲ
နမူနာ စာစီကြည့်မိသည်။ နန္ဒာက
ကျွန်မ မျက်နှာကို ကြည့်ရင်း
တည်ငြိမ်စွာ ဆိုလာပြန်သည်။
“အဓိက ကတော့ လိမ်တဲ့သူအတွက်လိမ်တယ်ဆိုတာဘာမှ မဟုတ်ပေမယ့်
အလိမ်ခံရတဲ့သူအတွက်တော့ အစော်
ကားခံရတာပဲ။ ဒါကိုသူ နားလည်ဖို့လိုတယ်။
နင်က သူ့ကိုခွင့်လွှတ်တယ်ဆိုပေမယ့်
နောက်ထပ် သူမလိမ်အောင် နင်ကတားမြစ်
နိုင်ရမယ်။ ကတိလည်း တောင်း
ရမယ် သိရဲ့လား”
ကျွန်မကို စိတ်ပူစွာ မှာနေသည့်
နန္ဒာစကားတွေကို ခေါင်းညိတ်နားထောင်ရင်း
ကျွန်မရင်ထဲ မီးတောင် တစ်လုံး
ပေါက်နေသလို တမြည့်မြည့်
လောင်ကျွမ်းနေသည်။ သူ့အကြောင်းတွေ
ကျွန်မသိကြောင်း ပြောမိကာမှ
ရှက်ရွံ့အားငယ်စိတ်နှင့်
ကျွန်မအနားမှ ထွက်ပြေးသွားလျှင်
မခက်ပါလား။ ကျွန်မဘ၀ထဲ သူသာပျောက်ဆုံးသွားလျှင်တော့
ကျွန်မအတွက် အရာအားလုံး အဓိပ္ပာယ်တွေ
ပျောက်ဆုံးသွားပြီထင်သည်။
ဒါကြောင့် သူနှင့်တွေ့လျှင်
ပြောသင့်သော စကားလုံးများ၊
ဖြေရှင်းသင့်သော ကိစ္စများ
အားလုံးကို ပြင်ဆင်ခဲ့ မိပေမယ့်
တကယ်တမ်း သူနှင့်ဆုံသည့်နေ့တွင်တော့
ယင်းကိစ္စကို မပြောဖြစ်တော့ပဲ
ကျွန်မ မျှော်လင့် မထားသော
ပြဿနာသစ် တစ်ခုက ထပ်မံစောင့်ကြိုနေပြန်သည်။
သူ့ဖုန်းကို အမှတ်မထင် ယူကြည့်မိရာမှ
ဂျူးဂျူးဆိုသော နာမည်နှင့်
ဖုန်းcall များကို တွေ့ရ သည့်အပြင်
မတ်ဆေ့ခ်ျဘောက်စ်ထဲတွင်လည်း
သူနှင့်အပြန်အလှန်စာပို့ထားသည် များကို
တွေ့ရ၍ သူ့ကိုခွင့်မတောင်းပဲ
မတ်ဆေ့ခ်ျတွေ အားလုံးကို
ကျွန်မ စစ်ဆေးလိုက်သည်။ မိန်းကလေးကိစ္စဆိုလျှင်
ဟန်ဆောင်၍ပင် ကျွန်မက သည်းမခံတတ်သူမို့
ဒီတစ်ခါတော့ ရင်ထဲမရှင်းသမျှ
သူ့ကိုဖွင့်ပြောရင်း အမှန်အတိုင်း
ရိုးသားစွာ ရင်ဆိုင်ဖြေရှင်းဖို့လည်း
သူ့ကို တောင်းဆိုခဲ့သည်။
“ ကို့ကို သက်သေနဲ့မေးနေတာနော်
ဂျူးဂျူးဆိုတာ ဘယ်သူလဲ ပြောလေ။
ဘာဖြစ်လို့ သူနဲ့ ဒီလောက်
ဖုန်းအဆက် သွယ်ရှိနေရတာလဲ
ဒီမှာကြည့်ပါဦး”
ကျွန်မက ဖုန်းထဲမှာ တန်းစီပေါ်နေသော
ကောင်မလေးနာမည်နှင့်မတ်ဆေ့ခ်ျေ တွကို သူမြင်သာအောင်
ပြလိုက်ရင်း
“ ဘာမှ မဟုတ်တဲ့ မတ်ဆေ့ခ်ျတွေကို
ဘာလို့ တစ်နေ့ကို သုံးခါလောက်ပို့နေကြတာလဲ။
ဒီမတ်ဆေ့ခ်ျဆို သူက ကို့ကို
I miss you လို့တောင် ရေးထားသေးတယ်
မဟုတ်လား။ ကိုကလည်း ကြည့်ပါဦး
အခုဘာလုပ်နေလဲ အိပ်နေပြီလား၊
တဲ့။ နောက် အိပ်မက်လှလှ မက်ပါစေ
ဆိုပြီး သူ့ကို ဆုတောင်းပေးထား
လိုက်သေးတယ်။ အဲ့ဒါ ဘာတွေလဲ၊
မလိမ်နဲ့နော်၊ စနိုးအမှန်အတိုင်းပဲ
သိချင်တယ်”
သူက စိတ်ရှုပ်သလိုခေါင်းကို
ကုတ်လိုက်ပြီး -
“ ဘာမှမဟုတ်ပါဘူး စနိုးရယ်
သူငယ်ချင်းပါ ။ အလကားနေရင်း
ပြဿနာရှာနေတယ်ကွာ။ ဘာလဲ သူငယ်ချင်းနဲံ့
ဖုန်းတောင် မပြောရတော့ဘူးလား။
စာလည်း မပို့ရတော့ ဘူးလား။
ကို သူ့ကိုအဝေးသင်ကျူရှင်တက်ရင်းခင် လာတာ။
ကို က အလုပ်တစ်ဖက်နဲ့ ဆိုတော့
ကျောင်းပျက်ရက်တွေများလာရင်
စာတွေပြန်ကူးရလွယ်အောင် အဆက်သွယ်လုပ်ထားတာပါ။
ဘာလဲ ကို့ကို မယုံလို့ လား”
“မယုံတာတော့ မဟုတ်ပေမယ့်
ကိုက လိမ်တတ်တယ်လေ၊ ဟုတ်တယ်
မဟုတ်လား”
ဒီတစ်ခါတော့ အခွင့်အရေးရတုန်းမို့
ကျွန်မလည်း နန္ဒာတို့ ပြောပြသမျှ
သိခဲ့သည့် သူ့အကြောင်းအားလုံးကို
ဇာတ်စုံ ခင်းပြလိုက်သည်။
“ တကယ်တော့ ကိုက သူဌေးသားမဟုတ်ဘူးဆိုတာ
စနိုးသိပြီးသား။ ကို ရှက်သွားမှာစိုးလို့မပြောတာ။
ကိုက ၀ပ်ရှော့ဆရာ တစ်ယောက်
ရဲ့သားဆိုတာလည်း စနိုးသိတယ်။သူငယ်ချင်းတွေ
အားလုံးလည်း သိကြတယ်။ တစ်နေ့ကျရင်
အခုလို သိမယ့်ဟာမျိုးကို
ဘာလို့ လိမ်ချင်ရတာလဲ”
သူ တော်တော်အံ့သြသွားပုံရပြီး
ရုတ်တရက်ဘာပြောရမှန်းသိပုံမပေါ်။
နောက်တော့ မျက်နှာပျက်သွားသည်ကို
ကြိုးစားပမ်းစား ပြန်ပြင်လိုက်ပြီး
အမှားလုပ်ထားသူတို့ ထုံးစံအတိုင်း
ကျွန်မကို မျက်နှာချိုသွေးပြီး
တောင်းပန် စကားပြောသည်။
“အဲ့ဒီတုန်းက ကို့ကြိုတင်စဉ်းစားထားတာမျိုး မဟုတ်ပဲ
ရုတ်တရက်အထင်သေးခံရမှာ ကြောက်တဲ့စိတ်နဲ့
အမှတ်မထင် လေးလိမ်လိုက်မိတာပါ
စနိုးရယ်။ ကိုလည်း တစ်နေ့ကျရင်
တော့ စနိုးကို အမှန်အတိုင်းဖွင့်ပြောဖို့
စိတ်ကူးပြီးသားပါ ။စနိုး
ကို့ကို စိတ်ဆိုး သွားမှာ
စိုးလို့ မြိုသိပ်ထားရတာ။
ပြီးတော့လည်းလေ ဘာလို့ အခုလို
လိမ်လိုက်ရလဲ ဆိုတော့”
သူက စကားခဏရပ်လိုက်ပြီး ကျွန်မမျက်နှာကို
စိုက်ကြည့်ကာ
“စနိုးကို အရမ်းချစ်မိလို့ပေါ့
။ စနိုးကို ကိုယ်လိုက်နေတဲ့အချိန်မှာ
ကျွန်တော့်က ကားဝပ်ရှော့မှာ
အလုပ်လုပ်တာ။ အဖေ့ကို ကူဖို့
ကျောင်းတက်ရင်း ပိုက်ဆံ ရှာရတယ်လို့
ပြောရမှာလားကွာ။ အဲ့ဒီလို
ပြောမိလို့ သူငယ်ချင်းတွေကလည်း
သဘော မတူဘူး။ စနိုးကလည်း
အထင်သေးပြီး လက်မခံဘူးဆိုရင်
ကိုယ် တကယ်ရူးရမှာ”
သူကကျွန်မကိုအညှာကိုင်ပြီး
အချစ်ဆိုသော စကားလုံးနှင့်
ကိုင်ပေါက်ပြီးပြောလာတာမို့
ကျွန်မဘက်မှပြောစရာ စကားမရှိသလို
ရုတ်တရက် နှုတ်ဆွံ့အ သွားသည်။
နောက်တော့ ၀ပ်ရှော့ဆိုသည့်
နေရာက ကုမ္ပဏီနှင့် မတူပဲ ပင်ပင်ပန်းပန်း
လုပ်ရမည့် သူ့အဖြစ်ကိုတွေးမိပြီး
ကျွန်မချစ်သူကို သနားမိသွားသည်။
“ကို့ဘ၀အမှန်ကို
သိသွားရင် စနိုးကို့ကိုထားခဲ့မှာကို
အမြဲကြောက်နေခဲ့ရတာပါ်။ ကို့ကို
ဘယ်တော့မှ မထားခဲ့ ပါနဲ့ နော်”
သူက ကျွန်မကို ရီဝေစွာကြည့်ပြီးပြောချိန်၊
ကျွန်မလည်း သူ့လက်တစ်ဖက်ကို
ဆုပ်ကိုင်အားပေးလိုက်မိသည်။
သူ့လက် များ က ကျွန်မကို လွှတ်ထွက်သွားမှာစိုသည့်အလား
တင်းကြပ်စွာ ဆုပ်ကိုင်ထားစဉ်တွင်
သူ့မျက်ဝန်းထဲမှ ရိုးသားမူကို
ကျွန်မ ရှာဖွေ ကြည့်မိသည်။
လူတစ်ယောက်၏ မျက်ဝန်းများက
စိတ်၏ တံခါးပေါက်ဖြစ်မည်ဆိုလျှင်
သူ့ရင်ထဲမှ ခံစားချက်များ
ကို လည်း မျက်ဝန်း မှတဆင့်
ထွင်းဖောက်သိမြင်နိုင်မလား။
ကျွန်မကိုယ်တိုင်က အတွေးထဲမှာ
တကယ့်ကို ဇဝေဇ၀ါ။ ကျွန်မတို့ကိစ္စကို
သူငယ်ချင်းတွေကို ပြန်ပြောပြတော့
အချစ်ဆို သည့် ဆင်ခြေ နှင့်
အလွယ်ကူဆုံး ဖြေရှင်းသွားသည့်
သူလိုလူအပေါ် ထားရှိသောကျွန်မ၏
နားလည်နိုင်မူ တွေအတွက် သူတို့
ထပ်မံသတိပေး စကား ပြောကြပြန်သည်။
“ နင်လည်း သိပြီးသားပဲ စနိုးရယ်၊
ပထမအကြိမ် နဲ့ ဒုတိယအကြိမ်အလိမ်ခံရရင်
လိမ်တဲ့သူရဲ့ အပြစ်ပဲ။ နောက်
တတိယတစ်ကြိမ် ထပ်အလိမ်ခံရရင်တော့
အပြစ်ရှိတဲ့သူက ခံရတဲ့သူပဲ
ဆိုတာကို နင်မမေ့နဲ့”
တတိယအကြိမ်အလိမ်ခံရမည့်အဖြစ်ကို
ကျွန်မဘယ်တုန်းကမှ မရောက်ချင်ခဲ့ပါ။ ဒါပေမဲ့လည်း ကံတရားကကျွန်မကို
တတိယအကြိမ် အလိမ်ခံခြင်းဖြင့်
အပြစ်ရှိသူတစ်ယောက် ဘ၀မရောက်အောင်
တမင် အကွက်ဆင်ဖန်ဆင်းသည်ဟု
ကျွန်မ ယူဆယုံကြည်စရာဖြစ်လာခဲ့ပါသည်။
“သူခြေလှမ်းတွေ ပျက်နေလား”
လို့ သန္တာက မေးတော့ ကျွန်မက
အနည်းငယ်အံ့အားသင့်မိသည်။
တစ်ပတ်သုံးလေး ရက်လောက်
ကျွန်မတို့ ပုံမှန် တွေ့ဖြစ်သည့်အပြင်
၊ တွေ့တိုင်းလည်း စားစရာမုန့်ဖြစ်ဖြစ်၊
စပျစ်သီးချိုချိုလေးတွေဖြစ်ဖြစ်
ယူလာ တတ်သည့် သူ့အကျင့် ကလည်း
မပြောင်းလဲသေးပေ။ ဒါ့အပြင်
တစ်ရက်ခြား ပုံမှန်ဖုန်းပြောစဉ်တွင်လည်း
နွေးထွေကြင်နာ နေကျ သူ့အသံကြောင့်
ရုတ်တရက် မေးလာသော သန္တာမေးခွန်းအတွက်
ကျွန်မအံ့သြမိခြင်းဖြစ်သည်။
တကယ်တော့ သန္တာက သူကို ဆံပင်ဂုတ်ဝဲ
ကောင်မလေး တစ်ယောက်နှင့်
တွဲလျက် တစ်နေ့တည်း နှစ်ကြိမ်
လှမ်းတွေ့လိုက်ရသည်မို့ ကျွန်မကို
စိတ်ပူပြီး မေးလာခြင်းဖြစ်သည်။
“ သူမှ သူအစစ်ပဲ စနိုးရဲ့။
စကော့ဈေးထဲက နင့်ဖောက်သည်ဆိုင်မှာ
ငါအင်္ကျင်္ီအပ်ပြီးအပြန် ။သူတို့နှစ်ယောက်က
နှစ်ဆယ့်ရှစ်လမ်းထဲက ထွက်လာပြီး
စူပါဝမ်းထဲကို ၀င်သွားတော့တာပဲ။
ငါလည်း လိုက်ကြည့်ဦးမလို့
။ဒါပေမဲ့ သူငယ်ချင်းပဲ ဖြစ်မယ်
ထင်လို့ လိုက်မကြည့်တော့တာ။
ညနေကျတော့ ငါတို့လမ်းထိပ်က
လမ်းငါးဆယ်မှတ်တိုင်ရှေ့မှာ
ကားစောင့်နေတဲ့ သူတို့နှစ်
ယောက်ကို ထပ်တွေ့သေးတယ်”
“လက်တွေဘာတွေများ ကိုင်ထားသေးလား”
“ လက်တော့ မကိုင်ထားဘူးထင်တာပဲ။
သူငယ်ချင်းလား ဘာလား”
ပခုံးတစ်ချက်တွန့်ပြီးပြောလာသည့် သန္တာစကားကို
ကြားပြီးသည့်နောက်ပိုင်း
ကျွန်မမှာ သူ့နှင့်ပတ်သတ်ပြီး
အလုပ်နှစ်ခု ပို လာသည်။ အဲ့ဒါကတော့ကျွန်မနှင့်
မတွေ့ဖြစ်သောနေ့တွင် သူ ဘယ်သူနှင့်
ဘယ်ကိုသွားလဲ ဆိုတာစစ်ဆေး
မေးမြန်းဖို့နှင့် ကျန်တစ်ခုမှာအခွင့်အရေး
ရရင်ရသလို သူ့ဖုန်းကို စစ်ဆေးမိခြင်းဖြစ်သည်။
ဒီလိုနှင့်တစ်ရက်တော့ သူမောင်း
နေသည့်ကားပေါ်တွင် သီချင်းနားထောင်ဖို့
သီချင်းခွေရှာရှင်း သူကိုင်နေကျ
ဒိုင်ယာရီစာအုပ်လိုလို လိပ်စာစာအုပ်လိုလို
စာအုပ် ကို လှမ်းဆွဲမိလိုက်ရာမှ
ဓါတ်ပုံတစ်ပုံ ထွက်ကျလာသည်။
ဆံပင်ကုတ်ဝဲလေးနှင့် မေးထောက်လျက်
အိုက်တင်ထုတ်နေသော မိန်းကလေး
တစ်ယောက်၏ အလှဓါတ်ပုံဖြစ်သည်။
ဓါတ်ပုံကိုကြည့်ပြီး သန္တာစကားတွေ
ပြန်ကြားလာကာ ရင်ထဲဗလောင်ဆူသွား
သည်မို့ သူ့ကိုပင်မမြင်တော့ပဲ
ဓါတ်ပုံနောက်ကျောကို ကြည့်လိုက်တော့
ကြွေဟူသော လက်မှတ်နှင့် နေ့စွဲကိုသာ
တွေ့လိုက်ရ သည်။ တခြားဘာမှ
ထူးထူးခြားခြား ရေးမထားသည်မို့
ဓါတ်ပုံကို ကျွန်မဟိုဘက်ဒီဘက်အကြိမ်ကြိမ်လှ န်ကြည့်နေ
သည်ကို သူက ကြည့်ရင်း “အဲ့ဒါ
ကို့ညီမ၀မ်းကွဲလေး ပုံပါ
စနိုးရယ်” ဟု အေးဆေးစွာဆိုသည်။
ကျွန်မက သူတို့နှစ်ယောက်ကို
သန္တာ တွေ့ခဲ့သည့် အကြောင်း
ပြောမည်ဟု ရည်ရွယ်ပြီးကာမှ၊
ကျွန်မ မျက်ဝန်းတွေကို ရင်မဆိုင်ရဲသည့်သူ့ကို
ဓါတ်ပုံနှင့် ပတ်သတ်ပြီး
ကျွန်မ မယုံကြည့် အကြောင်းကိုသိစေရန်
မေးခွန်းတစ်ချို့ကို သာ မေးလိုက်သည်။
“ညီမ ဟုတ်လား။ ဘယ်လိုလုပ်ပြီးများ
သူ့ ဓာတ်ပုံက ကို့စာအုပ်ထဲကို
ရောက်နေတာလဲ”
“ သြော် ကိုနဲ့တွေ့တုန်းက
သူကျန်ခဲ့တာလေ။ အဲ့ဒါ ပြန်ပေးရမှာမို့
သိမ်းထားတာပါကွာ”
ကျွန်မက ဓါတ်ပုံကို အားရပါးရ ဆုတ်ဖြဲပြီး
“မယုံဘူး လုံးဝမယုံဘူး” လို့
အော်ဟစ်ပေါက်ကွဲ ပြဿနာရှာ
လိုက်ချင်သော် လည်း တကယ် လက်တွေ့တွင်တော့
ကျွန်မ တေမိဖြစ်ရပြန်ပါပြီ။
ပျော့ညံလွန်းသော မိန်းမတွေ၏
သဘာဝအတိုင်း အချစ် ရှေ့တွင်
ဒူးထောက် အညံ့ခံလိုက်ရသည့်
ကျွန်မ သူနှင့် ပတ်သတ်ပြီး
အကြိမ်ကြိမ် ရှုံးပြီးရင်းရှုံးနေရတော့သည်။
ကျွန်မ မျှော်လင့်တကြီး တည်ဆောက်ချင်သော
အိပ်မက်ကလေးပြိုကွဲ ပျက်စီးမှာ
စိုးရိမ်မိသောကြောင့် သူ့ကို
ဒီထက် စိတ်ရှုပ်စရာ မေးခွန်း
တွေ ထပ်မမေး ဖြစ်တော့။ အဓိပါယ်မရှိသော
မုသားဆင်ခြေတွေက ကျွန်မ အတွက်စိတ်သက်သာရာရမူ
ကို မပေးစွမ်းနိုင်သလို သူ့
ဘက်က ဟုတ်ပါသည် မှန်ပါသည်ဟု
ဝန်ခံလိုက်လျှင်လည်း ရင်ကွဲရမှာ
ကျွန်မသာဖြစ်သည် ။ ဒါကြောင့်
စိတ်ရှုပ်ထွေး ခြင်းများ
စွာ နှင့် ကျွန်မသူ့နံဘေးနားတွင်
တိတ်ဆိတ်စွာ ထိုင်နေစဉ် မရဲတရဲနှင့်
သူ ကျွန်မကို စကားလှမ်း ပြောသည်။
“ ဒါနဲ့ ပြောရဦးမယ် စနိုးရယ်။
ကိုတို့ အဝေးသင် စာမေးပွဲတွေ
ဖြေရတော့မယ်။ ဒါကြောင့် ကိုလည်း
ကျူရှင်တက်ရမှာမို့ ဒီလတော့
စနိုးနဲ့ကို သိပ်တွေ့ဖြစ်မှာ
မဟုတ်ဘူး။ စနိုး လည်း စာသင်နေတဲ့
ကလေးတွေ စာမေးပွဲလည်း ရှိသေးတယ်ဆို။ဒီတော့
နောက်လ လောက်မှပဲ ကိုယ်တို့
တွေ့ကြတာပေါ့”
“ စာမေးပွဲရှိတာ ဟုတ်လို့လား”
“လုပ်ပြီကွာ စနိုးကတော့
ကို့ပြောသမျှဆို မယုံသလိုဖြစ်နေတော့တာပဲ
“
သူက သက်ပြင်းရှည်ကြီးကို စိတ်မောသွားဟန်မုတ်ထုတ်လိုက်ရင်း
ကျွန်မကိုတချက်စောင်းငဲ့ကြည့် ရင်း
မျက်နှာ ထားခပ် ညိုညိုဖြင့်ဆိုသည်။
အဲ့ဒီအချိန်မှာပဲ တိုက်တိုက်
ဆိုင်ဆိုင်သူ့ဖုန်းက အသံမြည်လာသည်။
“ ဟယ်လို”
“ အင်း....အခုကားမောင်းနေတာ
။ နောက်မှပြန်ဆက်လိုက်မယ်
နော်”
ကျွန်မက သူ့ကို စိုက်ကြည့်ရင်း
သူ့အသံကို နားစွန့်နေတာမို့
အခြေအနေကို သူသဘောပေါက်ပုံရသည်။
“ သြော် ဒါဆို ကိုညကျရင် ပြန်ခေါ်လိုက်မယ်”
သူ့အိတ်ထဲထည့်လိုက်သည့် ဖုန်းကို
ဆွဲယူကြည့်လိုပေမယ့် သူ့ကိုထပ်မယုံကြည်ဘူးဆိုပြီး စကားများမည်ကို
စိုးသောကြောင့် မသိချင်
ယောင် ဆောင်ရင်းလေသံမာမာဖြင့်
ကျွန်မမေးခွန်းထုတ်လိုက်သည်။
“ ဒါက ဘယ်သူဆက်ပြန်တာလဲ”
“ကိုနဲ့ မေဂျာတူအဝေးသင်က သူငယ်ချင်းပါ
စနိုးရယ်။ အနီးကပ်တွေစတော့မှာမို့
ကျူရှင်ကြိုတက်ဖို့ လှမ်း
သတိပေး တာလေ”
“ သူငယ်ချင်း ကိုလည်း ကိုလို့ပြေတာပဲလား”
ဘုကြည့်ကြည့်ပြီး
မေးလာသော ကျွန်မကို သူက ပြုံးလျှက်
“ သူက ကိုယ့်ထက်ငယ်တယ်လေကွာ၊
စနိုးလိုပဲပေါ့”
“ ဘာ..။စနိုးလိုပဲ ဟုတ်လား
”
ကျွန်မလည်း နဂိုတည်းကဒေါသအရှိန်နှင့်မို့
လေသံမာမာနှင့်သူ့ကိုကြည့်ပြီး
အော် ပြောလိုက်သည်။
“ အာမဟုတ်ပါဘူး။ ရှုပ်ကုန်ပြီ၊
စနိုးနဲ့ အတူတူပဲ အသက်ငယ်တယ်လို့
ပြောတာ”
ကျွန်မစိတ်ရှုပ်စွာ ထိုင်ခုံပေါ်သို့
ကျောမီချရင်း မျက်စိနှစ်ဖက်ကိုမှိတ်ထားလိုက် သည်။
“ စိတ်မဆိုးပါနဲ့ကွာ ။ စနိုးခုနက
သီချင်းခွေရှာနေတာမလား။ ဒီမှာ
ရှိပါတယ်ဗျာ။ စနိုးအရမ်းကြိုက်တဲ့
စင်ဒီ့ သီချင်း လေး ကို ဖွင့်ပေးမယ်နော်”
သူ့အသံခပ်တိုးတိုးနှင့်
ကျွန်မကို ချော့မြူပြီး ကျွန်မနှစ်သက်သည့်
သီချင်းလေးကို ဖွင့်လိုက်သည်။
`ပျော်နေမယ်ပြန်တွေးတိုင်းxxxကိုယ်မကြိုက်တာအမြဲရှောင်ကာ
ငြိငြင်စရာမရှိ မင်းကိုယ့်ဘက်ကို
အလေးပေး တာxxx ကြင်နာတဲ့စကား
မင်းနှုတ်ခမ်းပါးကအမြဲကြားခဲ့ xxx
တို့အတိုင်းထက်အလွန်ချစ်သည်
အားလုံးနားလည်ထား xxx ပျော်နေမယ်
ပြန်တွေးတိုင်း xxx အချစ်ရေးကံကောင်းသူပါxxx
သံသရာအရှည်အထိ မင်းအနီးနားနေရင်းနဲ့သာxxx
သံသရာရှည်အထိ အလှမ်းဝေးလည်းရင်ထဲ
မင်းပါxxx ကိုယ်ယုံမယ်အချိန်တိုင်းလည်း
အချစ်ဆုံးနားလည်ပါ´
ကားထဲလွင့်ပျံလာသည့် စင်ဒီ့သီချင်းသံလေးကို
နားစွန့်ရင်း သူနှင့်ပတ်သတ်ပြီး
ကျွန်မကတကယ်ပဲ အချစ်ရေး ကံကောင်းသူလား။
အချစ်ကြောင့်တကယ်ပဲ ပျော်ရွှင်နိုင်သူလား
ဆိုတာကို ပြန်သုံးသပ်နေမိသည်။
ကျွန်မနှင့်သူ သုံးပတ်လောက်မတွေ့ရတော့
ဖုန်းအဆက်သွယ် မပြတ်သည့်ကြားက
လူချင်းမဆုံနိုင်သေးသည်မို့
အရင်ကထက်ပင် တိုးလို အကြင်နာ
ပိုမိသည်။ သူကလည်း စာမေးပွဲ့ကိုဦးစားပေးနေရ၍
မတွေ့ဖြစ်ပေမယ့် ကျွန်မကိုလွမ်းသည့်
အကြောင်း တဖွဖွပြောတတ်သည်။
ဒီလိုဖြင့် မတွေ့ရတာကြာလေ၊
တွေ့ချင်လေ တွေ့ခွင့်မရသည့်အချိန်မှာ
သူနှင့် ဆုံဆည်း နိုင် မည့်
နေ့ရက် တွေသာ ကျွန်မလက်ချိုးရေတွက်မိသည်။
တစ်ရက်တော့ ကျွန်မအပ်ထား
သည့်အင်္ကျီ တွေရပြီမို့ အထည်တွေပြန်
ရွေးဖို့ အဖော်မခေါ်ပဲ ကျွန်မတစ်ယောက်တည်းပဲ
ဗိုလ်ချုပ်ဈေးသို့ ထွက်လာခဲ့
သည်။ ဆိုင်မှအင်္ကျီထည် တွေရွေးပြီး
အထုတ်တွေ တပွေ့ တစ်ပိုက်နှင့်
လျောက်လာရင်း မလှမ်းမကမ်းမှ
အတွဲတစ်တွဲကို မရည်ရွယ်ပဲ
ကျွန်မ ကြည့်လိုက် မိသည်။
လမ်းလျှောက်ရင်း စကား တွေ
တတွတ်တွတ် ပြောနေသော လိုက်ဖက်လွန်းသည့်
အတွဲလေးတစ်တွဲကို လှမ်းတွေ့ရသည်။
လျှာထိုးဦးထုပ် စောင်း ထား
သည့် ကောင်လေးက သူ့ချစ်သူဖြစ်သူကောင်မလေး၏
ပခုံးပေါ်လက်တင်ထားပြီး ကောင်မလေးက
ကောင်လေးခါးကို သိမ်း ကျုံးဖက်
ထားသည်။
မိုးမမြင်လေမမြင်၊ ကမ်းမမြင်
လမ်းမမြင် ဆိုတာ ဒါမျိုးနေမှာလို့
တွေးလိုက်မိရင်း လူအုပ်ကြီးကြားထဲမှာ
သူတို့ အတွဲကို ပိုလို့ သတိထားမိသွားသည်။
သူတို့နောက်နား မလှမ်းမကမ်းမှ
အကဲခတ်မိနေစဉ် ရင်းရင်းနှီးနှီးတွေ့ဖူးသည့်
ကောင်လေး ၏ လမ်းလျှောက် ပုံတွေကို
မြင်ရသည်။ ဒါ့အပြင် ကောင်လေး
လက်တစ်ဖက်မှ ကိုင်လာသော မီးခိုးရောင်
မိုးကာ လေးကို တွေ့လိုက်ရချိန်
သေချာမှုတစ်ခုကသူတို့နားသို့
ရောက်အောင် ကျွန်မခြေလှမ်းများကို
အလိုလို အရှိန်တင်ပြီးသား
ဖြစ်သွားသည်။ ကောင်မလေးကို
စကားပြောနေသော ကောင်လေး၏
ဘေးတိုက်မျက်နှာအနေအထားကို
မြင်လိုက်ရ ချိန် တွင် ကျွန်မ
ခြေလှမ်းများ ရပ်တန့်သွားရပြီးကျွန်မလက်ထဲက
အကျီ င်္ထုတ်လေး ရုတ်တရက်
ပြုတ်ကျသွား လေသည်။ မိုးမမြင်လေမမြင်နှစ်ယောက်က
တော့ ကျွန်မကို မမြင်နိုင်ကြရှာလေ။
သြော် ကျွန်မက မတွေ့ရသည့်နေ့
တွေတိုင်း အလွမ်းသည်သမျှ
သူ့ကတော့ ခုလိုအတိုးချပျော်နိုင်နေနိုင် သည်ကိုး။
ယောင်တိယောင်ကန်းဖြင့် သူ့တို့နှစ်ယောက်ကို
ရုတ်ချည်း တိတ်တဆိတ်ကျောခိုင်းပြီး
ထွက်လာခဲ့သော် လည်း ကျွန်မ
မျက်လုံး ထဲတွင်တော့ သူတို့နှစ်ဦးပုံရိပ်တွေ
စွဲကပ်လိုက်ပါလိုက်တော့သည်။
ဒီလိုနှင့်ကျွန်မ၏ ကိုယ်ပိုင်အချိန်တွေကို
သူတို့နှစ်ဦးက အပိုင်သိမ်းထားပြီး
ကျွန်မကို အရုးလုပ်နေကြသည်ဟု
တွေးမိလိုက်တိုင်း ထိုပုံရိပ်တွေက
ကျွန်မကိုရင်ကွဲ မတတ် နာကျင်ခံစား
ရစေသည်။ ထိုရက်ပိုင်းမှာ
သူနှင့် မတွေ့ပဲနေကြဖို့
သဘောတူထားသည့် ကာလကလည်း တစ်ပတ်လောက်လိုသေးပြီး
သူ့စာမေးပွဲ ရက်လည်း ဖြစ်နေသဖြင့်
ကျွန်မတစ်ယောက်တည်း သောကပင်လယ်ထဲမှာ
ခြေကုန်လက်ပန်းကျ ကူးခတ်ရင်းတစ်ဖက်မှာတော့
ဘာဆက် လုပ်ရ မည်ကို တွေးတောချင့်ချိန်စဉ်းစားစရာ
အချိန်ရသွားခဲ့သည်။ ရက်စေ့သွားသည့်နေ့မှာတော့
ကျွန်မကစပြီး ဖုန်းဆက်ကာ
တွေ့ဖို့ချိန်း ဆိုလိုက်
သည်။ တကယ်တမ်း ဆုံတွေ့ချိန်တွင်တော့
ကျွန်မကို လှလှပပ ပညာပြတတ်လွန်းသူ
ကျွန်မချစ်သူက ကျွန်မနှစ်သက်
သည့် စပျစ်သီးတွေ တပွေ့တပိုက်နှင့်
ကျွန်မရှေ့ရောက်လာသည်။
“ပြီးခဲ့တဲ့ အပတ်တနင်္ဂနွေနေ့လည်က
ကိုဘယ်မှာရှိနေလဲ”
“ ဘယ်မှာရှိရမှာလဲ နောက်နေ့စာမေးပွဲဆိုတော့
အိမ်မှာ ကိုစာကျက်နေတာပေါ့”
“အဲ့ဒီနေ့က ကို့ကိုစနိုးကတွေ့လိုက်တယ်ဆို ရင်ရော၊
တစ်ယောက်တည်းမဟုတ်ပဲ ၊ ကောင်မလေး
တစ်ယောက် နဲ့ တွေ့လိုက်တယ်ဆိုရင်ရော
ကိုဘာပြောမလဲ”
ကျွန်မ စကားသံတွေကို ကြားတော့
သူဟန်မဆောင်နိုင်အောင် မျက်နှာပျက်သွားပြီး
“ သြော်- စနိုးက ကိုတို့ကိုတွေ့သွားတာကို။
ကဲပါလေ ကို စနိုးကို အမှန်တိုင်းပဲ
ပြောပါမယ်
တကယ်က ဘာမှမဟုတ်ပါဘူး ။ သူက
စနိုးထက်အရင်တွေ့ခဲ့ဖူးတဲ့
ကိုယ့်ရည်းစားဟောင်း။ ကိုယ်က
သူ့ကို စနိုးအကြောင်း ပြောပြီး
ဖြတ်နေတာ ကြာလှပြီ။ သူကလေ
ဘယ်လိုမှ ပြောလို့မရလို့
အဲ့ဒီနေ့က တကယ်နောက်ဆုံး
တွေ့ဖို့ ဆုံးဖြတ်ထား ပြီးသွား
တွေ့လိုက်တာကို စနိုးက တွေ့သွားတာ။
နောက်ထပ်လည်း သူနဲ့တွေ့စရာ
အကြောင်းမရှိတော့ဘူး။ ဘယ်တော့မှ
မတွေ့တော့ဘူး။ ကိုက စနိုးတစ်ယောက်
တည်းကိုပဲ ချစ်တာ။ စနိုးနဲ့ပဲ
လက်တွဲချင်တဲ့သူပါ။ ကို့ကို
ခွင့်လွတ်တယ် မဟုတ်လားဟင်”
ကျွန်မမှာ သူပြောသမျှစကားကို
နားထောင်ရင်း ကျွန်မအပေါ်
သစ္စာမဲ့တတ်သော်လည်း တကယ်ချစ်
ကြောင်း တဖွဖွပြောပြီးတောင်းပန်နေသော
ထိုသူကို ရှားပါးသတ္တ၀ါလို
ငေးမောကြည့်မိသည်။
“ဒါဆို ကိုက
ရည်းစားရှိရဲ့်သားနဲ့ စနိုးအချစ်ကိုလိမ်ပြီး
ယူခဲ့တာပေါ့”
“ဟာ အဲ့ဒီလိုမဟုတ်ပါဘူး။
ပြောရက်လိုက်တာစနိုးရယ်။
ကိုကစနိုးတစ်ယောက်တည်းကိုပဲ
မြတ်နိုးခဲ့ရတာ။ သူတို့က
ကိုနဲ့ပတ်သတ်ခဲ့ဖူးတယ်ဆိုပေမယ့်
ကို့်ဘ၀တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင်
ဘာဆိုဘာမှမဟုတ်ပါဘူး စနိုးရယ်”
ပြာပြာသလဲ ရှင်းပြပြောဆိုနေသည့်
သူ့စကားသံများကို ကြားရချိန်
ကျွန်မသူ့အပေါ်တွင် ထားရှိခဲ့သော
အထင်ကြီးလေးစားမူများအားလုံးလည်း
အရည်ပျော်ပျောက်ဆုံးသွားတော့သည် ။
“သူတို့ဆိုတော့ နေပါဦး စနိုးမေးလိုက်ပါဦးမယ်။
အခုစနိုးတွေ့ရတဲ့ကောင်မလေးက
ဖုန်းထဲက ဂျူးဂျူးလား၊ ဓါတ်ပုံထဲက
ကြွေလား။ ဒါမှမဟုတ် စနိုးမသိသေးတဲ့
နောက်ထပ် ကို့ရဲ့ နံပါတ်အသစ်လေးလား”
ကျွန်မစကားက သူ့အရှိုက်ကိုရည်ရွယ်ပြီးထိုးသွ င်းလိုက်သည့်
လက်သီးတစ်လုံးလို သူ့ကိုထိပ်လန့်အံ့သြ
သွားစေသည်။ သူက မျက်နှာ ပျက်ပျက်၊
လေသံတိုးတိုးနှင့်
“စနိုးရယ် ဘာဖြစ်နေတာလဲကွာ”
ထွက်ပေါက်မဲ့နေသော ကြောင်လေးတစ်ကောင်လို
သူ့အသံမှာ တစ်စထက်တစ်စ တိုးလျညင်သာပျောက်
ဆုံးနေ သည်။ နောက်ဆုံးတော့
အမှန်တရားကို သိချင်နေသည့်ကျွန်မ၏
မျက်ဝန်းများကို ကြိုးစားရင်ဆိုင်လိုက်ရင်း
“ဟုတ်ပါတယ် သူကစနိုး မသိသေးတဲ့
နောက်တစ်ယောက်ပေါ့။ ဒါပေမဲ့
ဒီထက်ရှင်းအောင် ပြောရရင်စနိုးနဲ့
ကို မဆုံခင်ကတည်းက သူ့ကို
ကိုလမ်းခွဲပြီးသား။ အခု နောက်ပိုင်းမှ
သူ့ဘက်ကပြန်ပတ်သတ်လာတာကို
သနားပြီး ကိုလက်ခံမိ သွားရာက
ခုလို ဇာတ်လမ်းတွေ ရှုပ်သွားတာ။
ကို သိပ်မှားသွားပါတယ် စနိုးရယ်။
နောက်ဆုံးအနနဲ့ ကို့ကိုခွင့်လွှတ်ပေးပါနော်”
သူ၏ တိုးလျလျ စကားသံတွေက
ကျွန်မဒေါသမီးကို ငြိမ်းနိုင်သည့်
ရေစင်များမဟုတ်ပဲ လောင်စာ
သစ်များဖြစ်နေသည်ကို သူနားမလည်လေလျော့သလား။
“ဒါဆို ဟိုနှစ်ယောက်ကရော
ရှင့်ညီမလား၊ ရည်းစားလားပြောပါဦး၊ အမှန်အတိုင်းပြောနော်”
သူ သက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း
“သူတို့တွေ အားလုံးက
ကိုနဲ့ အပျော်ပတ်သတ် ခဲ့တာပါ။
ကိုယ်အမှန်အတိုင်း ၀န်ခံတာနော်
ကိုတစ်ဘ၀တာ အတွက် စနိုးတစ်ယောက်တည်းကိုပဲ
အလေးအနက်ထားတာပါ”
ကျွန်မ ရင်ထဲ ဖျတ်ခနဲဝင်လာသည့် အတွေးက
သူ ကျွန်မကိုလည်း အပျော်တွဲတာပါလို့
ကောင်မလေးတွေကို မပြောဖူးလို့
ပြောနိုင် ပါ့မလား။ အဲ့ဒီ
သံသယအတွေးနဲ့တင် ကျွန်မ မျှော်လင့်တကြီးတည်ဆောက်ထားသော
အချစ်အိပ်မက်ကလေး ပြိုကွဲပျက်စီးခဲ့ပြီ
ဆိုတာ သေချာစွာသိလိုက်ရသည်။
‘’ ကိုယ့်ဘ၀မှာ စနိုးတစ်ယောက်တည်းကိုပဲ
ချစ်ခဲ့ရတာပါ။ စနိုးနဲ့ပဲ
ဘ၀တစ်ခုကို တည်ဆောက်ချင်ခဲ့
တယ်ဆို တာကိုတော့ ယုံကြည်ပေးပါ”
သူက သူ့၏ နောက်ဆုံးလက်နှက်ဖြင့်
ကျွန်မအသည်းနှလုံးကို သိမ်းပိုက်ဖို့
ကြိုးစားစဉ်တွင် ကျွန်မ၏
အမြင်အာရုံများအားလုံး မှုံဝါးသွားကြသည်။
ကျွန်မ ငိုနေမိပြီလား။ ဟင့်အင်း..
ဒီအချိန်သူ့ရှေ့မှာ မျက်ရည်ကျဖို့
ကျွန်မ မာနက ခွင့်မပြုပါ။
“ကိုတို့ချင်း တစ်ယောက်ကို
တစ်ယောက် သိပ်ချစ်ကြတာပဲ။
ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ချစ်သူချင်း
ပြဿနာ ဖြစ်ရအောင် မလုပ်ပါနဲ့နော်။
စနိုးသာ ကို့ကို ခွင့်လွှတ်မယ်ဆိုရင်
စနိုးစိတ်ညစ်အောင် ဘယ်တော့မှမလုပ်တော့ဘူးလို့
ကတိ ပေးပါတယ်”
သူကတောင်းပန်သည့် စကားတွေ
ထပ်ခါထပ်ခါရေရွတ်ရင်း ကျွန်မ
စိတ်ညစ်လာသည့်အချိန်တိုင်း
အကြိမ်ကြိမ်ပျော်ရွှင်ကြည်နူးသွားအောင်
ပြုစားနိုင်သည့် ကျွန်မအနှစ်သက်ဆုံး
လက်ဆောင် တစ်ခုကို လှမ်းပေး
သည်။ နီနီစွင့်စွင့် စပျစ်သီးတွေ
အပြည့်နှင့် အိတ်လေးဖြစ်သည်။
ဒီတစ်ခါတော့ သူ့လက်ဆောင်ကို
ပထမဦးဆုံး နှင့် နောက်ဆုံးအကြိမ်အဖြစ်
ငြင်းဆန်လိုက်သည်။
“ ကို စနိုးပြောမဲ့ စကားကိုသေချာနားထောင်နော်။
စနိုးကလေ စပျစ်သီးဆို ချိုမှကြိုက်တာ။
သေချာ ပေါက် ချဉ်နေမှန်း သိတဲ့
စပျစ်သီးဆိုမလိုချင်ဘူး။
စားလည်းမစားချင်ဘူး။ ငယ်ငယ်တုန်းက
စနိုးတို့ စာထဲမှာသင်ခဲ့ရဖူးတယ်။
ကိုမှတ်မိ သေးလား။ မြေခွေးက
သစ်ပင် ပေါ်က စပျစ်သီးကိုစားချင်လွန်းလို့
နေ့တိုင်း စပျစ်သီးကြွေကျချိန်ကို
လာစောင့်တယ်။ တခါတလေ လည်း
စပျစ်သီးကိုမီ မယ်ထင်လို့
ခုန် ခုန်ပြီးခူးတယ်။ ဒါပေမဲ့
စပျစ်သီးစားခွင့်မကြုံတဲ့အခါ
သစ်ပင်ပေါ်က စပျစ်သီးက ချဉ်တယ်
ဆိုပြီး မစားရတဲ့ သူ့ကိုသူ
နှစ်သိမ့်လိုက် တယ်။ စနိုးအဖြစ်ကတော့
ဒီလိုမဟုတ်ဘူး။ သေချာပေါက်
စပျစ်သီးစားဖို့ကြုံပေမယ့်
ချဉ်လွန်းလို့ မစားချင်တော့တာ။
ဒီလိုပဲ ကို့ဆီကလည်း အရင်လို
မချိုနိုင်တော့တဲ့ စပျစ်သီး
တွေကို ဘယ်တော့မှ လက်ဆောင်
အဖြစ် စနိုးမယူချင်တော့ဘူး။
ဒီလောက်ဆိုရင် စနိုးရဲ့ဆုံးဖြတ်ချက်တွေကို
ကိုနားလည်သဘောပေါက် ပြီပေါ့။
ကဲ စနိုးသွားတော့ မယ်”
ကျွန်မ သူ့ကိုပြောပြီးလှည့်အထွက်
သူက ကျွန်မလက်ကိုဖမ်းဆွဲကာ
“စနိုးက ကို့အချစ်ကို မယုံတော့ဘုးလား”
“ ကိုရော စနိုးနေရာမှာဆို
အဲ့ဒီအချစ်ကို ယုံဦးမှာလား
စဉ်းစားကြည့်။ ဒါပေမဲ့ ဒါက
အရေးမကြီးတော့ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ စနိုးကတော့
ကို့ကိုတကယ်ချစ်ခဲ့တာပါ။
အဲ့ဒီအချစ်ကို အဆုံးခံပြီး
ခုလို ဆုံးဖြတ်တာမို့လည်း
မှန်တယ်လို့ စနိုးယုံကြည်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ချစ်သူဆီက
စပျစ်သီးဆိုပေမဲ့ ချိုမှစားမှာပေါ့။ချဉ်တဲ့
ခါးတဲ့ဟာဆို ဘယ်သူက စားမှာလဲ”
သူ့လက်ထဲမှ ရုန်းထွက်ပြီး
ကျွန်မကျောခိုင်းထွက်လာသည်။
ကျွန်မရင်ထဲ အချစ်နှင့်ပတ်သတ်ပြီး
ဘ၀တစ်ခုလုံး လစ်ဟာ ပျောက်ဆုံသွားသလို
ခံစားရသော်လည်း ကျွန်မ ဆုံးဖြတ်ချက်အတွက်ကျေနပ်ပါသည်။
အနာဂတ်မှာ ပိုမိုရင့်ကျက်ဖို့
အတွက် ကျွန်မ၏ နှလုံးသား အတွေ့အကြုံက
ခွန်အားအဖြစ်ပံ့ပိုးပေးလိမ့်မည် ။
ကျွန်မ ကြုံတွေ့ခဲ့ဖူးသော
အထီးကျန် လူတချို့ ကိုခုတော့
အထိုက် အလျောက်ကျွန်မ နားလည်နိုင်ခဲ့ပြီ။
ဘ၀မှာ သူတို့တကယ်ချစ်ရသူရှိလျက်၊
အတူတူ ပျော်ရွှင်နိုင်မည့်
အခွင့် အရေး တွေ ရှိလျက် အချစ်ဇာတ်လမ်းကို
မျက်ရည်နှင့်အဆုံးသတ်ရသည့်
အဖြေကို ကျွန်မတွေ့ရှိနိုင်ခဲ့ပြီ။
အဲ့ဒီအဖြေကတော့ ကျွန်မချစ်သူ
ဖန်ဆင်းထားသော စပျစ်တစ်ခင်းသည်
သစ္စာမဲ့မိုးရေစက်တို့ဖြင့်
ချိုမြိန်မှုအရသာ ပျောက်ဆုံးနေပြီဖြစ်ကြောင်း
ကျွန်မ လက်တွေ့ ကျကျသိလိုက်ရချိန်
တွင် ထပ်တူကျ နိုင်သော အဖြေတစ်ခုကို
နှလုံးသားနှင့် ရင်းပြီး
ခံစားနား လည်ရခြင်း ဖြစ်ပါသည်။
တစ်ခုတော့ ရှိသည်။ ဒီကရှေ့မှာ
ဘယ်သူချိုတယ်ပြောပြော ကျွန်မစပျစ်သီး
စားဖြစ်တော့မည် မဟုတ်ပါ။
။
Subscribe to:
Posts (Atom)