အမေနှစ်ယောက်၏ သမီး
ကျွန်မ၏ ဘ၀တွင်
အမေနှစ်ယောက်ရှိခဲ့ဖူးပါသည်။ တစ်ဦးကိုတော့ဖြင့် အသနားပိုမိပြီး
နောက်တစ်ဦးကိုတော့ ကျေးဇူးတင်မိပါသည်။ သို့သော် နှစ်ယောက်စလုံးကို ထပ်တူညီစွာ
ချစ်ရပါသည်။
+ + +
“နင်တို့တွေ ပေါ့မနေကြနဲ့နော်၊
အသည်းရောင်အသားဝါနဲ့ ဖျားနေတာ သုံးလေးရက်ရှိနေပြီ၊ တကယ်ဆို ဆေးတွေ လည်း
ပုံမှန်သောက်ရက်နဲ့ အခုအထိ အဖျားမကျသေးတာ၊ ငါတောင် စိတ်ပူလာပြီ....”
အမေ့ကွယ်ရာမှာ တိုးတိုးတိတ်တိတ်
လာသတိပေးပြီးနောက် သူနာပြုဆရာမလည်း ဖြစ်သည့် အဒေါ်ဖြစ်သူက အိပ်ရာပေါ်တွင်
ပက်လက်ဖြစ်နေသည့် အမေ့နံဘေး ၀င်ထိုင်ပြီး နဖူးပေါ်မှ ချွေးလေးများကို
မျက်နှာသုတ်ပုဝါနှင့် ညင်သာ စွာ သုတ်ပေးနေသည်။ တကယ်တော့ အဒေါ့်စကားက မဆုံးသေး။
ထိုစဉ်က ဆက်ပြောခဲ့သော
“...နင်တို့အမေက သူများတွေနဲ့မတူဘူး၊
ဘ၀မှာ ရုန်းကန်ရတဲ့အချိန်တွေက အရမ်းများခဲ့တာ၊ သူသာ တစ်ခုခု ဖြစ်သွားရင်ဖြင့်...”
ရှေ့မဆက်နိုင်တော့သော အဒေါ့်စကားကို
ကျွန်မက ဖြည့်စွက်တွေးရင်း ထိပ်လန့်တကြား မေမေ့ကို ပြန်ကြည့် လိုက်မိသည်။
မျက်လုံးကလေးမှိတ်ရင်း အိပ်ရာပေါ်တွင်လှဲကာ ဝေဒနာခံစားနေရသည့် မေမေ့ကို ကြည့်ပြီး
အဲဒီ “တစ်ခုခု ဖြစ်သွားရင်” ဆိုသည့်စကားအတွက် ကျွန်မ အမှန်တကယ်ပင် သွေးပျက်သွားမိခဲ့သည်။
“သမီးတို့ကို ခွဲပြီး ထွက်မသွားပါနဲ့
မေမေရယ်”
မျက်ရည်ဝဲလျက်က မေမေ့ကိုကြည့်ရင်း
ကျွန်မစိတ်ထဲမှ တိုးလျှိုးတောင်းပန်မိသည်။ ဧရာဝတီမြစ်ကြီးကို မေးတင် ထားသော
ကသာမြို့ကလေးမှာ လူဖြစ်ခွင့်ရခဲ့သည့် ကျွန်မအား နွေးထွေးစွာ
ကမ်းလင့်ကြိုဆိုခဲ့သည့် မေမေ့ကို မျက်လုံး လေးနှစ်လုံး စဖွင့်တတ်ခါစကတည်းက
အားကိုးစွာ တွယ်တာချစ်ခင်တတ်ခဲ့ပြီ ဖြစ်သည်။ တကယ်တော့ ကျွန်မကို ကိုယ်ဝန်
ရှိစဉ်မှာပင် ဘဏ်မှာ ငွေကိုင်ရာထူးကို လက်ခံရန် မေမေက ဗန်းမောက်မြို့သို့
ပြောင်းရွှေ့ခဲ့ရသည့် အတွက် မေမေ့ဗိုက်ထဲမှာ ကတည်းက ကသာမှအင်းတော်သို့သွား၊ ယင်းမှ
နှစ်ဆယ့်ကိုးမိုင်ခရီးကို တနေကုန်အောင်ကားစီးရသည့် ခရီးကြမ်းကို မေမေ နှင့်အတူ
ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ကျွန်မကို ကသာမှာ ပြန်မွေးပြီးနောက် တစ်လသမီးလေးဘ၀ကတည်းက
ဗန်းမောက်ကို ပြန်ရသည်။ ကသာမှာ ကျန်ခဲ့သည့် ဖေဖေက ဧည့်သည်သွား ဧည့်သည်လာလို
ရုံးပိတ်ရက်သုံးရက်ဆက်မှာမှ အပြေးအလွှား လာပြီး ကျွန်မတို့ကို တွေ့ရသည်။ နောက်တော့
ကျွန်မတစ်နှစ်သမီးမှာ ဖေဖေက ဘဏ်မန်နေဂျာရာထူး အသစ် ကို လက်ခံရန် ရန်ကုန်ကို
ပြောင်းရွှေ့သွားတော့ ဗန်းမောက်မြို့ကလေး မှာ မေမေနှင့် ကျွန်မနှစ်ယောက် တည်း
တစ်ကမ္ဘာတည်ခဲ့ရသည်။ ယင်း အကြောင်းတွေ ကို မေမေ ပြန် ပြောပြသည့် အခါ မရိုးနိုင်သော
အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို ကျွန်မပါးစပ် အဟောင်းသားဖြင့် နားထောင် မိစမြဲပင်။
“မေမေမရောက်ခင် လေးငါးဆယ်နှစ်က
ဗန်းမောက်ဆိုတာ သူပုန်တွေဘာတွေဝင်ဖူးတယ်၊ ဘဏ်က ငွေတွေ ဘာ တွေလည်း ယူသွားဖူးတယ်တဲ့၊
အဲဒီအပြင် ရာသီဥတုကလည်း အရမ်းကြမ်းတမ်းတယ်၊ ဒါကြောင့် သမီးကို လသမီးကလေး အရွယ်မှာ
အရိပ်တကြည့်ကြည့်နဲ့ ပိုးမွေးသလို မွေးခဲ့ရတာ၊ သမီးအခု ဘတ်စ်ကားကြပ်လို့ မေမေ့ကို
တက်္ကစီငှားခိုင်းရင် သမီးငယ်ငယ်က ကုန်ကားကြီး ခေါင်မိုးပေါ် လိုက်စီးရတဲ့ အဖြစ်ကို
ပြန်ပြန်သတိရမိတယ်” ဟုပြောရင်း မေမေကပြုံးနေတတ်သည်။
“အဲဒီလမ်းက တအားဆိုးပြီး ခရီးသည်သီးသန့်
တင်တဲ့ကားမရှိဘူး၊ နေ့စဉ်သွားတဲ့ကားလည်း မရှိဘူး၊ တစ်ရက်ခြား နှစ်ရက်ခြား
ရှိတဲ့ကားကို စောင့်စီးကြရတာ၊ ကားရှိတဲ့နေ့ကျတော့ ကုန်တွေကို
အမိုးကိုင်းကျော်အောင် အမြင့်ကြီး အပြည့် အမောက်တင်တာ၊ ပြီးတော့မှ အဲဒီကုန်သေတ္တာာတွေ
ဆန်အိတ်တွေပေါ်က လူတွေကထိုင်ကြရတာ၊ ဘုန်းကြီးရော၊ ဗိုက်ကြီးသည် ရော၊ ကလေးရော
အကုန်အတူတူပဲ၊ အဲဒီကားကြီးက ချိုင့်တွေထဲကျပြီး ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နဲ့
အရက်မူးသမား တစ်လှမ်းချင်း လျှောက်သလို ဖြည်းဖြည်းမောင်းသွားတာကို ဘုရားတပြီး
လိုက်ကြရတာ၊ ကားသမားတွေက တအားကျွမ်းကျင် တော့ ကားမှောက်တာတို့ ဘာတို့တော့
ဖြစ်ခဲပါတယ်၊ တစ်ခါတလေ လမ်းဆိုးလွန်းလို့ ဆင်းလျှောက်ရတာလည်း ရှိတယ်၊
လမ်းကောင်းတဲ့ နေရာရောက်မှ မေမေတို့က ကားနောက်အပြေး လိုက်ပြီး
ကားပေါ်ပြန်တက်ရတာမျိုးပေါ့၊ မိုးတအားရွာတဲ့ နေ့ဆိုရင် သမီးလေးကို
ရင်ခွင်ထဲလွယ်ပိုးထားရင်း မိုးကာခြုံထားရတာ၊ ကားပေါ်မှာက ထီးဆောင်းလို့လည်း
မဖြစ်ဘူးလေ၊ နေသိပ်ပူတဲ့နေ့ကျတော့လည်း သမီးလေးကို ဖေဖေ့ပုဆိုးဟောင်းကလေးနဲ့
အုပ်မိုးပေးထားတာပေါ့၊ တစ်ခါတလေ တောင်ကျရေ ကြောင့် ကားလမ်းတစ်ခုလုံး
ရေပြင်ကြီးလိုဖြစ်နေတာလည်း ရှိတယ်၊ ကားသမားတွေက ဘယ်နေရာမှာချိုင့်၊
ဘယ်နေရာမှာကျောက်တုံးဆိုတာကို အလွတ်ရနေတော့ အန္တရာယ်ကင်းအောင် မောင်းနိုင်ပေ မယ့်
မေမေကတော့ သမီးလေးကို တင်းတင်း ဖက်ထားခဲ့တာပဲ”ဟု မေမေက ပြန်ပြောပြခဲ့သည်။
ဖေဖေကလည်း မိသားစုကို ခေါ်နိုင်ဖို့
ရန်ကုန်မြို့ကြီးမှာ ကြိုးစားရုန်းကန်နေကြ ချိန် ဆွေမျိုးတွေအားလုံးနဲ့ဝေးတဲ့
သူစိမ်းနယ်ထဲမှာ အဖော်မပါ မေမေတစ်ယောက်တည်း ဘယ်လိုများ ရပ်တည်ခဲ့ပါသလဲ။ ကျွန်မက
ဝိုးတ၀ါးအတိတ်ကို ပြန်စူးစမ်းမိတော့ မေမေက..
“အိမ်နီးချင်းမြို့ခံတွေက မေမေ့ကို
ဂရုစိုက်ကြသလို သမီးကိုလည်း အရမ်းချစ်ကြတယ်၊ မနက်မိုးလင်းတာနဲ့ သမီးကို
ချီချင်တဲ့သူတွေ အလုအယက်ပဲ၊ မေမေရုံးသွားရင်လည်း သမီးကိုတစ်ယောက် တည်း ထားခဲ့ဖို့
မဖြစ်တော့ ရုံးကို ခေါ်သွားပြီး ရုံးမှာပဲ
ပုခက်ကလေးနဲ့ သိပ်ထားရတာ၊ နယ်မြို့ကလေး ဆိုတော့ မေမေ့ဘဏ် ကလည်း အလုပ်သိပ်မများဘူး၊
တစ်နေ့လုံးနေမှ ချက်တစ်စောင်နှစ်စောင် ၊ ငွေလွှဲငွေပို့နည်းနည်း ဒီလောက်ပဲရှိတာ၊
ဝန်ထမ်းတွေကလည်း သဘောကောင်းပြီး သမီးကိုချစ်ကြတယ်၊ ဟိုလူက လာပွေ့သွားလိုက် ဒီလူက
လာချီသွားလိုက်နဲ့ သမီးက ငယ်ငယ်ကတည်းက လူမကြောက် တတ်ဘူး ဖြစ်တာပေါ့၊ မှတ်မှတ်ရရ
သမီးလေးဖက်တွားတဲ့အရွယ်မှာ မေမေက ရေနွေးပွက်ပွက်ဆူကို မတ်ခွက်ထဲလောင်း ထည့်ပြီး
ဟိုဖက်လှည့်ရုံရှိသေး၊ သမီးက လေးဖက်တွားပြီး ဖျတ်ကနဲရောက်လာ ပြီး ရေနွေးခွက်ထဲ
စွပ်ကနဲနှိုက်လိုက်တာ၊ အပူလောင်ပြီး အာခေါင်ခြစ်ပြီး အော်ငိုတော့ တာပဲ၊ မေမေ လည်း
ခြေမကိုင် မိ လက်မကိုင်မိနဲ့ သမီးအာပြဲနဲ့ငိုသံကြောင့် အိမ်နီးချင်းတွေ ရောက်လာမှ
သူတို့အကူအညီ နဲ့ဆေးပြာလိမ်း၊ ပြီးတော့ ဆရာဝန်ဆီပြေးရတာပေါ့၊ ဆရာဝန်အိမ်ကလည်း
ဝေးတယ်၊ ဒါပေမဲ့ ကံကောင်းလို့ သမီးမှာ အဲဒီအပူလောင်တဲ့အမာရွတ်မကျန်ဘူးတာ၊ ဆေးခန်းက
ပြန်တော့ စိတ်မကြည်ပဲ ဘယ်သူပွေ့လို့မှမရတော့လို့ မေမေပဲတစ်လမ်းလုံးပွေ့ပြီး
ပြန်ခဲ့ရတာပေါ့”
ကျွန်မ မမှတ်မိနိုင်တဲ့အရွယ်က
အဖြစ်အပျက်ကလေးများကို မေမေက ကြုံလျှင်ကြုံသလို ပြောပြပြီး ဖေဖေရှိရာ ရန်ကုန်မြို့ကြီးသို့
မေမေနှင့်လိုက်သွားခွင့်ရ သည့် နှစ်နှစ်အရွယ်မှစပြီး ဘ၀ပုံရိပ်များကိုတော့ ကျွန်မ
မှုန်တီးမှုန်ဝါး အမှတ်ရ လျက် ရှိသည်။ ဖေဖေနှင့် နှစ်နှစ်လောက် ခွဲနေရပေ မယ့်
ဗန်းမောက်ကိုဖေဖေလာဖူးသည့် အခါ ဆော့ကစားပေးနေကျမို့ ဖေဖေ့ကို လည်း တွယ်တာပါသည်။
ထိုစဉ်က ဖေဖေကသာပြန်မှာမို့ ကားဂိတ်သို့ လိုက်ပို့စဉ် မေမေငိုသည့်အခါ ကျွန်မလည်း
လိုက်ငို သည်ဟု လူကြီးတွေ ပြန်ပြောပြမှသာ ကျွန်မသိသည်။ နှစ်နှစ်သမီးမှာ
အဖေနှင်ပြန်နေခွင့်ရတော့ အဖေက အားလပ်ချိန်များမှာ ပုံပြင်ပြောပြ၊
စာအုပ်ထူကြီးများကို ကလေးနားလည်နိုင်သည့် စကားတို့ဖြင့် အစားထိုးပြီးဖတ်ပြသည့်အပြင်
တစ်ခါတရံ ကျွန်မနှင့် စိတ်ရှည်လက်ရှည် ဆော့ကစားတတ်သဖြင့် ကျွန်မပျော်ပါသည်။
သို့သော် တခြားအချိန်များတွင် ဖေဖေ့ကို မေမေနှင့် ထပ်တူ လက်ခံနေရာပေးလိုပြီး
ကျွန်မအိပ်ချင်ပြီဆိုလျှင်တော့ ညပဲဖြစ်ဖြစ် ရှားရှားပါးပါး ရုံးပိတ်ရက်များမှာ
နေ့ပဲဖြစ်ဖြစ် မေမေသိပ်မှသာ အိပ်လိုသည်။
ပုခက်လွှဲလည်း မေမေမှ၊ တေးဆိုသိပ်လည်း မေမေမှ ဆိုသည့်သမီးကြောင့် မေမေ့မှာ တာဝန်တွေ
ပိုပိနေတတ်သည့်အတွက် ဖေဖေက ကျွန်မအတွက် အိပ်ရာဝင်ကဗျာကလေးတစ်ပုဒ် လက်တန်း
ရေးစပ်ပေးသည်။
“အိမ်ရှေ့ခန်းက တန်းလေးထိပ်
သမီးပုခက်ချိတ်
ဖေဖေသိပ်သိပ် မေမေသိပ်သိပ်
သမီးလေးက အိပ်”
ဒီကဗျာကလေးရွတ်သံကြားသည့်အခါ
မေမေတစ်ယောက်တည်း သိပ်မှ အိပ်ချင်သော ကျွန်မအနေဖြင့် အဲဒီကဗျာ လေးဖြင့်
ချော့သိပ်တတ်သော ဖေဖေ့တေးသံအောက်မှာ မျက်လုံးကလေးမှိတ်ပြီး အိပ်စက်ရသည်သာ။
ဒီကဗျာကလေးကြောင့် ဖေဖေသိပ်သိပ် မေမေသိပ်သိပ် အိပ်တဲ့သမီးလေး ဖြစ်လာခဲ့သည်။
မူကြိုတက်သည်မှ ကျောင်းနေစကာလအထိ
ကျောင်းသွားကာနီးတိုင်း ငိုတတ်သည့်ကျွန်မ အကျင့်က တော်တော်နှင့် မပျောက်။ အဓိကက
တခြားသူငယ်ချင်းများ၏ အမေတွေလို အမေ့ကို နေ့စဉ်ကျောင်းပို့ကျောင်းကြို
လုပ်ပေးစေချင်တာ ဖြစ်သည်။ ရုံးသမားဖြစ်သော အမေက ကျွန်မဆန်္ဒကို မဖြည့်ဆည်းနိုင်။
သို့သော် ရုံးကပြန်လာသည့်အခါ ပိန်လှီတွန့်ကောက်နေ သော ကျွန်မ၏ ၀လုံးများ
ဝိုင်းစက်လာအောင် ဖြည်းဖြည်းချင်း ဆင့်တက်ပြုပြင်ရာမှာ စိတ်ရှည်ခဲ့သလို ကျွန်မ
လွယ်ကူစွာ မှတ်မိနိုင်မည့် အင်္ဂလိပ်ကဗျာလေးများကိုလည်း ဆရာမ မသင်ခင် မေမေက
ကြိုတင်သင်ပေးခဲ့ပြီး ဖြစ် သည်။ မေမေ့၏ ၀ိုင်းစက်သောဝလုံးလေးများက
ကျွန်မစာအုပ်များ ထဲမှာသာမက ကျောင်းမသွားမီ ကျွန်မ၏ မို့မို့မောက်မောက်
ပါးလေးနှစ်ဖက် တွင်လည်း ၀င့်ကြွားစွာ နေရာယူတတ်စမြဲ ဖြစ်သည်။ ဒါတင်မက
အလှမက်တတ်သူမို့ မေမေသနပ်ခါးလိမ်းပေးပြီးတိုင်း ပါးကွက်ဘယ်ဖက်နှင့် ညာဖက်မညီ လျှင်
ကျောင်းမသွား ချင်ဟု ငိုကြွေးဂျီကျတတ်ပြီး ကျွန်မစိတ်တိုင်းကျသည်အထိ သုံးလေး ကြိမ်
ပြန်ပြင်လိမ်းပြီးမှ ကျောင်းသွားတတ်ခြင်းကိုလည်း ကျွန်မအရွယ်အတော်ရသည်အထိ
မိသားစုထဲ တွင် ပြောစမတ်တွင်ခဲ့သည်။
ငယ်ငယ်တုန်းက ကျွန်မအလှအတော်မက်ပုံများ
ကိုယ့်ဖါသာပြန်တွေးကြည့်၍ပင် မယုံချင်စရာ။ ကျောင်းသွားကာ နီး လက်ကိုင်ပုဝါချိတ်ပေးသည့်အခါ
ကျွန်မက ရိုးရိုးတွယ်ချိတ်ဖြင့် မတွယ်ချင်ပဲ ချစ်သူဘ၀မှာ ဖေဖေက မေမေ့ကို အမှတ် တရ ချစ်လက်ဆောင်အဖြစ်
ဝယ်ပေး ခဲ့သော ကျောက်စီ ရင်ထိုးလှလှလေးများကို တစ်နေ့တစ်မျိုး မရိုးအောင် တွယ်ချင်သည်။
သည်လိုဖြင့် အမေမသုံးရက်ပဲ အမြတ်တနိုးသိမ်းထားသော ထိုရင်ထိုးလေးများမှာ ကျွန်မလက်ထက်ကျမှ
ပျက်စီးပျောက်ပျက် ကုန်တော့သည်။ သူတို့၏ အမှတ်တရပစ်္စည်းကလေးများ ကျွန်မက နားမလည်စွာ
ဖျက်ဆီးဖျောက်ဖျက်ပစ်ခြင်းကို ဖေဖေရော မေမေကပါ အပြစ်မပြောကြပါ။ သို့သော် နေ့စဉ်သုံးနေကျ
ကျောင်းသုံးပစ်္စည်းများဖြစ်သည့် ခဲတံ၊ ပေတံ၊ ခဲဖျက်များ ပျောက်ပြီး ကွန်ပါဘူးအဖုံးများလည်း
တစ်စစီဖြစ်လျှင်တော့ မေမေက လွန်စွာ စိတ်ဆိုးလေသည်။ အခုပြန်တွေးကြည့်တော့ အမြတ်တနိုးပစ္စည်းများကို
မတော်တဆ ပျောက်ပျက်ခြင်းကို ခွင့်လွှတ်ပေးနိုင်သော်လည်း ကျောင်းသူတစ်ယောက်အနေဖြင့် ကျွန်မ
စည်းမဲ့ကမ်းမဲ့ ဖြစ်သွားမည်ကို လက်မခံနိုင်ခြင်းဖြစ်မည်ဟု နားလည်လာရသည်။
““ပေတံပျောက်ရင် လက်ဆစ်ကို ပေတံနဲ့ခေါက်မယ်၊
ခဲဖျက်ပျောက်ရင် ခဲဖျက်အသစ်ကို လည်ပင်းမှာ ဆွဲပေးမယ်၊ ခဲတံပျောက်ရင်တော့ ထိုင်ထအခါ
ငါးဆယ်လုပ်ရမယ်””
ကျောင်းသွားကာနီးတိုင်းလို အမေမှာနေကျစကားဖြစ်ပြီး
အမြဲနားစွဲသွားကာ ရင်ထိုးတွေပျောက်တုန်းကလို ဒီအတိုင်း လက်ပိုက်ကြည့်နေမှာမဟုတ်ဟု သိနားလည်လာ ကာ
နေ့စဉ်သုံးပစ်္စည်းများကို ကျောင်းသူငယ်ဘ၀ကတည်းက ထိန်းသိမ်း တတ်သော အလေ့အကျင့်ကောင်း
ရလာခဲ့သည်။
တစ်နေ့တော့ အတူနေ ၀မ်းကွဲအစ်မကို စိတ်ဆိုးမိရာက
ကလေးဖော် အိမ်နီးချင်းများဆီက ကြားနေကျစကားတစ်ခွန်း ကို အဓိပ်္ပာယ်မသိပဲ အော်ဟစ်ပြောလိုက်မိရာ
အမေရုံးက ပြန်လာလာချင်း အစ်မက ဆီးတိုင်ပါတော့သည်။ မေမေကြားတော့ ရင်ဘတ်ဖိပြီး ရုံးဝတ်စုံပင်မလဲနိုင်သေးပဲ
ကျွန်မကို လက်ပိုက်စေကာ ကျွန်မနှုတ်ကထွက်ခဲ့သည့် ရုန့်ရင်းကြမ်းတမ်းသော ဆဲရေးစကားမှာ
မည်သို့သော အဆင့်အတန်းရှိသူတွေသာ သုံးစွဲပြောဆိုတတ်ကြောင်း ရှင်းလင်းပြောပြရင်း ဒေါသတွေ
ထွက် လာခဲ့သည်။ ကျွန်မလက်ပိုက်ထားရင်း မျက်လုံးလေးနှစ်ဖက်ကို ကြောက်ရွံ့စွာ မှိတ်ထားခဲ့မိသည်။
ချည်တန်းလန်းနှင့် အင်္ကျီ ချုပ်အပ်ကလေးတစ်ချောင်း၏ ထိပ်သည် ကျွန်မ၏ အောက်နှုတ်ခမ်းကို
လာထိသည်။
“မေမေ သမီးပါးစပ်ကို မဆဲနိုင်အောင် စကားလည်း
မပြောနိုင်အောင် လုပ်ပစ်လိုက်ရမလား”
“ဟင့်အင်း၊ ဟင့်အင်း”
ကျွန်မ မျက်လုံးမဖွင့်ရဲပဲ ခေါင်းကိုသာ တစ်သွင်သွင်ရမ်းနေမိသည်။
“ဒါဆို နောက်ကိုဆဲဦးမလား၊ ဒီတစ်ခါဆို တကယ်အပ်နဲ့
ချုပ်မှာနော်”
ကျွန်မ မေမေ့ပခုံးကို ကြောက်လန့်တကြား ဖက်ထားမိသည်။
“နောက်မဆဲတော့ပါဘူး မေမေ”
အပ်ချည်တွဲလောင်းနှင့် အ၀တ်ချုပ်သည့် အပ်ကလေးသည်
နှုတ်ခမ်းကို စကားမပြောနိုင်လောက်အောင် ချုပ်ပစ်နိုင်သည် ဆိုသည်မှာ ဟုတ်မဟုတ် မသိရသော် လည်း
နောက်နောင် ရိုင်းစိုင်းသည့်စကားများပြောလျှင် မေမေက ကျွန်မနှုတ်ခမ်းကို တကယ်အပ်ဖြင့်ချုပ်ပစ်တော့မည်ဟု
တထစ်ချ ယုံကြည်မိခဲ့ဖူးသည်။
စာမေးပွဲတိုင်းတွင်လည်း အဆင့်တစ်ရလျှင် ကျွန်မကြိုက်သည့်ပစ်္စည်း
ဝယ်ပေးမည်ဖြစ်ပြီး အဆင့်နှစ်နှင့်သုံးဆိုလျှင် တော့ အဖေနှင့်အမေကြိုက်တာသာ ၀ယ်ပေးမည်ဆိုသည့်
မက်လုံးကလေး ကလည်း ကိုယ်အလိုချင်ဆုံး ပစ်္စည်းတစ်ခုအတွက် ကြိုးစားရမည့် “ပထမ”ဆိုသည့်နေရာကို တန်ဖိုးထားတတ်လာသည်။
ကျွန်မကိုးနှစ်သမီးအရွယ်တွင်တော့ ချစ်စရာကောင်းပြီး ကျွန်မအတွက် အဖော်ရမည့် ဖြူဖြူဖွေးဖွေး
ညီမလေးတစ်ယောက်ကို မေမေက လက်ဆောင်ပေးသည်။ ညီမလေးနှင့်အတူ ကစားဖော်ရပြီဟု ၀မ်းသာခဲ့သော်လည်း
ကိုးနှစ်သမီးအထိ ဖေဖေမေမေတို့နှင့် တစ်ခါမှ ခွဲမအိပ်ဖူးသော ကျွန်မအဖို့ ညီမလေး ရောက်လာမှ
ရုတ်တရက် အိပ်ရာဖယ်ပေးလိုက်ရပြီး အစ်မ၀မ်းကွဲများနှင့်အတူ ညအိပ်ခဲ့ရသော ညများမှာ ကလေးဘဝ
တစ်လျှောက်လုံးမှာ အမေ့ကို အလွမ်းရဆုံးညများအဖြစ် ခဲယဉ်းစွာ ဖြတ်ကျော်ခဲ့ရသည်ကို မေ့မရနိုင်ဖြစ်ရသည်။
ညီမလေး လေးနှစ်အရွယ်၊ ကျွန်မရှစ်တန်းကျောင်းသူဘ၀တွင်တော့
ဘယ်လိုမှထင်မှတ်မထားသော ဘယ်လိုနည်းနဲ့ မှ မဖြစ်နိုင်လောက်သော ဘ၀အချိုးအကွေ့ အလှည့်အပြောင်းတို့နှင့်
ကြုံတွေ့လိုက်ရသည်။ အပြစ်မရှိသောဖေဖေ့ကို ကံကြမ္မာဆိုသော မျက်လှည့်ဆရာကြီးက ကျွန်မတို့နှင့်
ဝေးရာသို့ အချိန်အတိုင်းအတာတစ်ခုအထိ တိတ်တိတ်ကလေး ခေါ်ဆောင်သွား ခဲ့သည်။ ဖေဖေနှင့်တွေ့ရာမှ
ပြန်လာသည့်တစ်ရက် အရုပ်ကြိုးပြတ်နှင့် ထိုင်ခုံပေါ်တွင် ထိုင်လျက် မေမေက..
“သမီးကို မပြောပဲနေမလို့ပါပဲ၊ ဒါပေမဲ့ ကွယ်ဝှက်ထားရမယ့်
ကိစ္စလည်းမဟုတ်သလို ရှက်စရာကောင်းလှတဲ့
အဖြစ်လည်းမဟုတ်လို့..
နောက်ပြီး ဖေဖေကလည်း သမီးနဲ့တွေ့ချင်တယ်၊ ခေါ်လာပါဦးဆိုလို့ သမီးကို အသိပေးရတာ”
မျက်ရည်ဝဲရင်းပြောသည့် မေမေ့၏ အသိပေးစကားက
ကျွန်မဘယ်လိုမှ မမျှော်လင့်ထားသည့်စကားမို့ ကျွန်မ၏ ဦးခေါင်းတစ်ခုလုံး ချာချာလည်ပြီး
မေမေ့ရင်ခွင်ထဲ ပြိုဆင်းငိုကြွေးခဲ့ပါသည်။ အမှန်တရားကို ဖုံးကွယ်လိမ်ညာရန် ကြိုးစားပီး
တစ်ခါတရံလိမ်ညာမှုများနှင့် မျက်နှာပြောင်ပြောင်ခရီးဆက်တတ်သည့် လောကကြီးထဲက ငိုချင်စရာတွေကြားကပင်
မအောင့် နိုင်အောင် ရယ်စရာတွေလုပ်လုပ်ပြတတ်သည့် လူတွေကြားထဲ ကျွန်မနှင့်မေမေလက်တွဲရင်း
ခဏတာတွေ့ရတတ်သည့် ဖေဖေ့ ရှေ့မှာ ဖေဖေ့အတွက် အလှဆုံး အပြုံးတစ်ပွင့်ကို ပြုံးတတ်ခဲ့ပြီ။
ခင်ပွန်းသည်ကို မိသားစုအတွက် တာဝန်မကျေသူ၊ အဆင်ခြင်မဲ့ မိုက်ရူးရဲဆန်သူဟု အပြစ်တင်တတ်သည့်
တချို့သောဇနီးသည်တွေကြားမှာ မေမေကတော့ ဖေဖေ့ရှေ့တင်ရောကွယ်ရာပါ အပြစ် မဆိုတတ်ခဲ့။
ဖေဖေ့အကြောင်း မေးလာသူတွေကို မတောက်ပသော်လည်း မနွမ်းလျသည့် အပြုံးတစ်ပွင့်နှင့် တည်တည်ငြိမ်ငြိမ်
လက်ခံစကားပြောတတ်သူ ဖြစ်သည်။ ဖေဖေ့ဝင်ငွေ လစ်ဟာသွားသောအခါ မေမေ့ရဲ့ ပုံမှန်ဝန်ထမ်းလစာနှင့် အပိုဝင်ငွေလည်း
မရှာတတ်သမို့ အခက်အခဲ တချို့ ရှိသော်ငြားလည်း ကျွန်မဆယ်တန်းအောင်သောအခါ အဝေးသင်တက်
ပြီး အလုပ်လုပ်မည်ဆိုသော ကျွန်မ၏ဆုံးဖြတ်ချက်ကို မေမေကဇွတ်ငြင်းဆန်ပြီး အမှတ်မီရာ စီးပွားရေးတက္ကသိုလ်ကို
တက်စေခဲ့သည်။
ဖေဖေနှင့် ပတ်သက်ပြီး မေမေနှင့်ကျွန်မတို့၏
အသိုင်းအ၀ိုင်းက ပိုကျယ်ပြန့်လာခဲ့သည်။ ယုံကြည်ချက်ကိုယ်စီဖြင့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်
အနစ်နာခံတတ်သည့် ပတ်ဝန်းကျင်နှင့် ရင်းနှီးခဲ့ရသလို စာပေအနုပညာအသိုင်းအ၀ိုင်း နှင့်လည်း ပတ်သက်ခဲ့ရသည်။ ထိုအထဲတွင် အများအတွက်လုပ်ရင်း မိသားစုအကျိုးစီးပွား
တိမ်းပါးချွတ်ချော်သွားရမှု အတွက် ခင်ပွန်းသည်ကို အမြင်မကြည်လင်သည်မှ အိမ်ထောင်ရေးပျက်ပြားသည်အထိ
အမြင်ကွာဟသွားသည်မျိုး စိတ်မကောင်း စရာဖြစ်ရပ်တွေလည်း ကြုံတွေ့သိမြင်ခဲ့ရသည်။ ကျွန်မနှင့်မေမေကတော့
ဖေဖေရှိရာသို့ တစ်လတစ်ကြိမ်နှစ်ကြိမ်သွားရောက် ပြီး နှစ်နှစ်ခန့်အကြာတွင် ပြည်မြို့နှင့်
မနီးမဝေးမြို့ကလေးတစ်မြို့သို့ ဖေဖေပြောင်းရွှေ့သွားရသည်။ ရုံးတစ်ဖက်နှင့် ပင်ပင် ပန်းပန်းလာတွေ့ရသော
မေမေ့ကို ဖေဖေက နှစ်လခြား သုံးလခြားမှသာ လာတွေ့ရန် ပြောသော်လည်း မေမေရော ကျွန်မပါ လက်မခံဖြစ်ကြ။
မတွေ့ဖြစ်နိုင်သောရက်လများမှာ ဖေဖေ့ကျန်းမာရေး မည်သို့ရှိမည်ကို စိုးရိမ်ပူပန်ရင်း
တကယ်တန်းက အလုပ်ပင်ပန်း၊ ခရီးပန်းဖြင့် အစားအသောက်ကိုလည်း ပုံမှန်မစားဖြစ်ရာ မိုးမိပြီး
တိုက်ဖွိုက်လိုလို အသည်းရောင်အသားဝါ လိုလိုဖြင့် ဖျားရာက လုံးဝအိပ်ရာထဲလဲသွားခဲ့သည်က
မေမေ ဖြစ်သည်။
အခုတော့ အိပ်ရာထဲတွင် အဖျားတက်လိုက်ကျလိုက်ဖြင့်
မေမေ ဖျော့တော့အားနည်းစွာ လဲလျောင်းနေသည်မှာ နှစ်ပတ်ကျော် သုံးပတ်မှ တစ်လအတွင်းသို့
ရောက်လာသည့်နှင့် အားလုံးက စိုးရိမ်ပူပန်လာကြသည်။ မူလတန်းကျောင်းသူ ဖြစ်လာပြီဖြစ်တဲ့
ညီမလေးကလည်း မေမေနှင့် အိပ်နေကျမို့ မေမေနှင့်ခွဲအိပ်နေရသော ယခုကာလမှာ ကျွန်မငယ်စဉ်ကလိုပင်
အိပ်မက်ဆိုးတွေမက်သည့်ကာလ ဖြစ်နေမှာ သေချာသည်။
ကျွန်မအတွက်ကမူ ဖေဖေလည်း အနားမှာ မရှိခိုက်
မေမေအိပ်ရာပေါ်မှာ လှဲရင်း ပြန်နိုးထမလာတော့မှာကို မတွေးရဲ တွေးရဲဖြင့် တွေးကာ ကြောက်ရွံ့နေရခြင်းကို
ညီမလေးမသိအောင် ဖုံးကွယ်ထားရခြင်းက အခက်ခဲဆုံးပင် ဖြစ်သည်။ တိတ် ဆိတ်နေသည့်ညမှာ မေမေ့နံဘေးတွင်ထိုင်ရင်း
မေမေ့အကြောင်းကိုတွေးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် မေမေ့ဆီမှ ညင်သာစွာလာသည့်
အသက်ရှူသံလေးကိုသာ တိတ်တဆိတ် နားစွင့်နေမိသည်။ ပြီးမှ မေမေ့အနားမှ ထွက်ခွာလာကာ ၀ရန်တာတွင်
ကျွန်မတစ်ယောက်တည်း လက်နှစ်ဖက်ပေါ် မျက်နှာအပ်ပြီး ၀မ်းနည်းပက်လက် ငိုကြွေးလိုက်မိသည်။
ငိုလို့အားရတော့မှ အသံမထွက်နိုင်သော တောင်းပန်ခြင်းဖြင့်
မေမေ့ကို လှမ်းတောင်းပန်မိသည်။
“မေမေရယ်၊ ဖေဖေနဲ့ ဝေးနေရတဲ့ သမီးတို့ကို
နှစ်ယောက်တည်း ပစ်မထားခဲ့ပါနဲ့နော်...”
+ + +
မန္တလေးမှ ထုတ်ဝေသူဆရာက မိဘမေတ္တာဘွဲ့ စာမူတစ်ပုဒ်ရေးပေးဖို့ တောင်းသည့်အခါ လွန်ခဲ့သော
ကိုးနှစ်ကျော်က ကျွန်မစာရေးဆရာမဖြစ်စ မှာ မေမေနေမကောင်းဖြစ်နေ စဉ်အတွင်း မေမေ့အကြောင်း
ခံစားရေးသားထား ခဲ့သည့် စာမူတစ်ပုဒ် ကို ပြန်လည်ရှာဖွေကြည့်တော့ အဆုံးမသတ်ရသေးသော အထက်ပါဝတ္တုကို
တွေ့ပါသည်။ ယင်းဝတ်္ထုကို ကျွန်မ ဇာတ်သိမ်း မရေးနိုင်ခဲ့သလို တကယ့်ဘ၀တွင်လည်း မေမေနှင့်ပတ်သက်ပြီး
ထိုစဉ်က အလွမ်းဇာတ်သိမ်းနှင့် မကြုံကြိုက်ခဲ့ပါ။ ထိုသို့ အလွမ်းဇာတ်သိမ်းနှင့် မကြုံခဲ့ခြင်းမှာ
ကျွန်မနှင့် ညီမလေးတို့အပေါ် ထားရှိသော မေမေ့၏ မိဘမေတ်္တာကြောင့်ဟု ရှင်းရှင်း လင်းလင်း
ကျွန်မနားလည် သိရှိခွင့် ကြုံခဲ့ရပါသည်။ ထိုစဉ်က အပြင်းဖျားနေရာမှ ပြန်လည်သက်သာလာသည့်အခါ
ထိုအကြောင်း ကို မေမေ က ပြောပြသောကြောင့် ဖြစ်ပါသည်။
“လူသူကင်းမဲ့တဲ့ တောနက်ကြီးထဲမှာ မေမေတစ်ယောက်တည်း
ခြေဦးတည့်ရာ လျှောက်သွားရင်း မကြာခင်မှာပဲ လူကြီးတစ်ယောက်ရဲ့ နောက်ကျောမှာ ခြေစုံရပ်လိုက်မိတယ်၊
အဲဒီလူကြီးဘာလုပ်နေတယ်ဆိုတာကို မေမေသိချင်တာလည်း ပါတာပေါ့၊ ဒီမှာ-ဒီမှာ- ရှင်ဘာလုပ်နေတာလဲ..
လို့ ဆိုတော့ လူကြီးက မေမေ့ဖက်လှည့်လာပြီး ကြောက်မက်ဖွယ်အသံ ကြီးနဲ့ ရယ်မောလိုက်ပုံက
ခြောက်ခြားစရာကောင်းပေမယ့် သူပုံပန်းသဏ္ဌာန်က ၀တ်ရုံအမည်းကြီးဝတ်ထားတာ ကလွဲရင် မေမေဘာကိုမှ မမြင်ရဘူး။ တောနက်နက် ကြီးထဲက လရောင်အောက်မှာ ၀တ်ရုံအနက်ဝတ်ထားတဲ့ လူကြီးလက်ထဲမှာ ပေါက်တူးတစ်လက်ကို
မြင်လိုက်ရတယ် ဆိုရင်ပဲ မေမေလန့်ပြီးအော်လိုက်တာ၊ ဒါပေမဲ့ အသံကမထွက်ဘူး၊ အဲဒီလူကြီးက
“ငါက သေမင်းပဲ၊ ဒီမှာနင့်အတွက် ကျင်းတူးနေတာ၊ လာ” ဆိုပြီး မေမေ့လက်ကို လှမ်းဆွဲတော့
မေမေကလည်း ရှိသမျှအားတွေ သုံးပြီး သူ့လက်ထဲက လွတ်အောင် ကြိုးစားခဲ့တယ်၊ ဒါပေမယ့် မလွတ်နိုင်တဲ့အပြင်
သူတူးထားတဲ့ကျင်းထဲတောင် ပုံရက် သားလဲကျသွားပြီး သူကလည်း တွင်းထဲကို မြေကြီးတွေ တစ်ထပ်ပြီးတစ်ထပ်
မေမေ့အပေါ်ကို ဖုံးပစ်တော့တာပါပဲ၊ မေမေ့ စိတ်ထဲမှာ အဲဒီအချိန် သမီးတို့မျက်နှာလေးတွေပဲ
မြင်ယောင်ပြီး သူ့လက်ထဲက မဖြစ်မနေ လွတ်မြောက်ရမယ်ဆိုတဲ့ အသိ တစ်ခုပဲ ရှိခဲ့တယ်၊ ဖေဖေကလည်း
အဝေးရောက်နေချိန် သမီးတို့ချည်းထားခဲ့လို့ မဖြစ်ဘူးဆိုပြီး တွင်းနက်ကြီးထဲက အတင်း ရုန်းထွက်၊
သေမင်းကြီးကလည်း မြေတွေဖို့နဲ့ လုံးဝအလျှော့မပေး ပဲ မေမေကလည်း အတင်းရုန်းပြီး ပြန်တက်နဲ့၊
နောက်ဆုံး မောကြီးပန်းကြီးနဲ့ သူ့လက်ကလည်း လွတ်ရော၊ ရုတ်တရက် လန့်နိုးလာတာပဲ”
အဖျားအရမ်းကြီးပြီး အိပ်ပျော်သွားရာကနေ သတိလစ်သလိုလို
အိပ်မက်ဆိုးမက်သလိုလိုနဲ့ ကြိုးစား နိုးထခဲ့ရတဲ့ မေမေ့အိပ်မက်ဆိုးအကြောင်းကို ကြားလိုက်ရစဉ်မှာ
ကျွန်မ၀မ်းနည်းစိတ်ဖြင့် စိတ်ထိခိုက်ပြီး
မေမေ့ရှေ့မှာပင် ဟန်မဆောင် နိုင်ပဲ မျက်ရည်ကျမိသည်။ သတင်းလာမေးသည့် အိမ်နီးချင်းတစ်ဦးက
မေမေ့အိပ်မက်ကို သိလိုက်ရတဲ့အခါ..
“အမယ်လေး၊ တော်ပါသေးရဲ့အစ်မရယ်၊ သမီးတွေဇောနဲ့
ပြန်သတိရလာလို့ပေါ့၊ အခုလို အားနည်းပြီး အဖျားဖိစီး လို့ ကယောင်ကတန်းဖြစ်နေချိန် အစ်မသာ
စိတ်လျှော့လိုက်ရင် ပြန်သတိ လည်လာဖို့ မလွယ်ဘူးအစ်မရဲ့”ဟု ပြောပါသည်။
ကျွန်မတို့ကို ချစ်တဲ့ချစ်ခြင်းမေတ္တာ တစ်ခုတည်းဖြင့်ပင် မေမေလူလောကကြီးထဲမှာ ပြန်လည်ရှင်သန်နိုင်စေဖို့
အားအင်တွေ ပြန်လည်ဖြည့်ဆည်းရရှိနိုင်ခဲ့သည်ဆိုခြင်းက သားသမီးအပေါ်ထားရှိသည့် မိခင်မေတ္တာကို
ကျွန်မ အရှင်းလင်း ဆုံး မြင်ခွင့်ရရှိလိုက်သည့် သက်သေပင် ဖြစ်သည်။
သည့်နောက်တော့ ဖေဖေနှင့်ခွဲနေရသည်မှာ ငါးနှစ်ခန့်ကြာသွားချိန်တွင်
ဖေဖေအိမ်ကို ပြန်ရောက်လာသည်။ သည်အခါ မှာတော့ ဖေဖေ့ကို မေမေက မိသားစု ဦးဆောင်နေရာမှာ
ပြန်ထားပြီး ဖေဖေအပါအ၀င် ကျွန်မတို့တတွေ၏ လိုအင်မှန်သမျှကို တတ်အားသရွေ့ ဖြည့်ဆည်းပေးသူအဖြစ်
မေမေက တာဝန်ပြန်ယူသည်။ ဒီတော့လည်း မူလကတည်းက ခြောက်သွေ့ရုံသာ ရှိပြီး ခြောက်ခန်းသည့်အဖြစ်ကို
မရောက်သော မိသားစုဘ၀ကလေးမှာ ပြန်လည်စိုပြေလာသည်။
ဖေဖေအိမ်ပြန်ရောက်ချိန်မှာတော့ ယခင်က ပိုင်ဆိုင်ခဲ့ဖူးသော
လုပ်ပိုင်ခွင့်တွေ ရာထူးတွေ ကျောခိုင်းစွန့်လွှတ်ခဲ့သူမို့ အများကိစ္စနှင့် လူမှုရေးကိစ္စများတွင်သာ အချိန်ကုန်နေတတ်ခြင်းကို
မေမေက အပြစ်ပြောဖို့ဝေး၊ သူယုံကြည်သမျှကို ဆောင်ရွက် လုပ်ကိုင်ဖို့ ဘ၀ကို နှစ်မြုပ်ထားသော
ဖေဖေ့အတွက် ပါရမီဖြည့်ဖို့ အမြဲအဆင်သင့်ရှိနေတတ်သူ ဖြစ်သည်။ ဖေဖေတစ်ယောက် တည်းတင်မက
ကျွန်မနှင့် ညီမလေးတို့၏ နားပူနားဆာလုပ်သမျှကိုလည်း အတတ်နိုင်ဆုံး ဖြည့်စွမ်းပေးသူ
ဖြစ်သည်။
မေမေ့မေတ္တာနှင့် ပတ်သက်ပြီး တွေးရင်းရေးရင်းဖြင့်
ကျွန်မငယ်စဉ် နို့စို့အရွယ်ကတည်းက မေမေချော့မြူတတ်သော တေးသံတစ်စကို ရုတ်တရက်သတိရမိလာသည်။ မေမေက ကျွန်မကို
“မေမေ့သမီးလေး” “မေမေ့သမီးလေး”ဟု ချော့မြူရင်း ကြည်နူးပျော်မြူးလာကာ.. “မေမေ့သမီးငါး”
“မေမေ့သမီးခြောက်” “မေမေ့သမီးခုနှစ်” မေမေ့သမီးရှစ်” စသည်ဖြင့် ချော့မြူ သည့်အခါ တစ်နှစ်သုံးလေးငါး
ရေတွက်မှုကို နားလည်သည့်အရွယ်မဟုတ်ပါပဲ ကျွန်မက ပြုံးပျော်ရယ်မောတတ်သည်ဟု ဆိုသည်။ ယခုလည်း
ကျွန်မက “သမီးမေမေတစ်” “သမီးမေမေနှစ်”ဟု ပြန်လည်ဂုဏ်ပြု ရည်ညွှန်းချင်ပါသည်။ တနည်းအားဖြင့်
ပထမမေမေ၊ ဒုတိယမေမေဟုလည်း ဆိုနိုင်ပါလိမ့်မည်။
“ပထမမေမေ”က ကျွန်မကို ကိုယ်ဝန်ရှိစမှသည်
ကျွန်မနှစ်နှစ်သမီး အထိ ကျွန်မနှင့်နှစ်ယောက်တည်း တစ်ကမ်္ဘာတည်ကာ ရုန်းကန်ခဲ့ပြီးနောက်
ကျွန်မဆယ်ကျော်သက်အရွယ်တွင် ဖေဖေမရှိတော့ချိန် ညီမလေးနှင့်ကျွန်မအတွက် အိမ်ထောင်ဦးစီးအဖေအဖြစ်ကော
ကျွေးမွေးပြုစုရသည့်အမေအဖြစ်ပါ ရုန်းကန်စောင့်ရှောက်ခဲ့သည့် အမေဖြစ်ပါသည်။ “ဒုတိယ
မေမေ”ကတော့ ဖေဖေ ကျွန်မတို့ဘ၀ထဲ ပြန်ရောက်လာသည့် အခါတိုင်း ဖေဖေနှင့်လက်တွဲပြီး ပျော်ရွှင်စရာမိသားစုဘ၀ကို
တည်ဆောက်ရင်း ကျွန်မတို့တတွေ လိုအပ်သမျှကို ဖြည့်ဆည်း ပေးနေကျ အဖြည့်ခံမေမေ ဖြစ်ပါသည်။
ဒီတော့ ကျွန်မဘ၀မှာ အမေနှစ်ယောက်ရှိသော သမီးအဖြစ် ထူးခြားသောဘ၀ကို ပိုင်ဆိုင်ခဲ့သည်ဟု
ဂုဏ်ယူဝင့်ကြွားချင်ပါသည်။
+ + +
ကျွန်မ၏ဘ၀တွင် အမေနှစ်ယောက်ရှိခဲ့ဖူးပါသည်။
ပထမမေမေကိုတော့ဖြင့် အသနားပိုမိပြီး ဒုတိယမေမေကိုတော့ ကျေးဇူးတင်မိပါသည်။ သို့သော်
နှစ်ယောက်စလုံးကိုတော့ဖြင့် ကျွန်မ တူညီစွာ မြတ်နိုးချစ်ရပါသည်။ ။
(မြစ်နှစ်မြွာ မိဘမေတ္တာဖွဲ့ ကလောင်စုံဝတ္ထုစာအုပ်မှ)
အစ်မရေ..........ရွှေချစ်သူမှာ ပရိသတ်တစ်ယောက်က ဒီဝတ်ထုလေးအကြောင်းပြောကတည်းက ကျွန်တော်ဖတ်ဖူးချင်နေခဲ့တာ။ ခုဖတ်လိုက်ရတော့ စိတ်ကျေနပ်မိရတယ်။
ReplyDeleteကျေးဇူးပါ မောင်လေးရေ။ အစ်မလည်း ကွန်နက်ရှင်မကောင်းလို့ စာသာတင်ထားရတယ်။ ပြန်မစစ်ရသေးဘူး။ အခု ပြန်စစ်တော့ အမှားတော့ တွေ့တယ်။ နည်းနည်းပြန်ပြင်ထားရတယ်။ မောင်လေး ဘလော့ကိုလည်း ချိတ်ထားလိုက်တယ်နော်။
ReplyDeleteI have going to read your block!
ReplyDeleteThank you so much aunty
ReplyDelete“အိမ်ရှေ့ခန်းက တန်းလေးထိပ်
ReplyDeleteသမီးပုခက်ချိတ်
ဖေဖေသိပ်သိပ် မေမေသိပ်သိပ်
သမီးလေးက အိပ်”
ကဗျာလေးကိုလဲ အရမ်းသဘောကျတယ်ညီမရေ မိဘမေတ္တာဘွဲ့လေးကိုလဲ အားပေးသွားပါတယ်...
အစ်မကူးကူးရေ..စာအသစ်တင်တိုင်း တကူးတက လာဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ကြောင်းပြောပါရစေနော်။
ReplyDeleteအရမ်းနှစ်သက်ပါတယ် အမေချစ်တဲ့သူမို့ နောက်ဆုံးအပုဒ်လေးမှာ မျက်ရည်ဝဲရပါတယ်
ReplyDeleteရုန်းကန်ခဲ့ရတဲ့ အမေတစ်ယောက်ရဲ့သမီးမလို့ နောက်ဆုံးအပိုဒ်လေးကို မျက်ရည်ဝဲတဲ့အထိ ခံစားရပါတယ်
ReplyDelete