Thursday, October 18, 2012

ဖဦးထုပ် နှင့် ရွှေဖိနပ်များ


 ဖဦးထုပ် နှင့် ရွှေဖိနပ်များ    

         
                သူ့နာမည်ရင်းက နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ နာမည်။ ဒါပေမဲ့ အင်ဒိုနီးရှားက ဒီ အထည် ချုပ်စက်ရုံမှာ လုပ် သူတိုင်း အင်ဒိုတွေခေါ်ရလွယ်တဲ့ နာမည်တစ်ခုခုမပေးမဖြစ်မို့ သူက twilight ဇာတ်ကားကမင်းသားကို သဘောကျလို့ထင်ရဲ့။ သူ့ကိုယ်သူ ရောဘတ် တဲ့။ ဒါပေမဲ့် သူ့ကိုချိုတို့ အားလုံးက ထောပတ်လို့ပဲ ခေါ်ကြတယ်။ ချို့နဲ့ဘိုဘိုထွန်းဆို နာမည်ပေးဖို့ကို သူ့လို ထွေလီကာလီ မစဉ်းစားပဲ အင်ဒိုတွေ ခေါ်လို့လွယ်မယ့်ဟာပဲပေးလိုက်တာ။ ချိုချိုနဲ့ဘိုဘိုလို့ပဲလေ။ နောက်ထပ် ချို့သူငယ်ချင်း ရွှေစင်ကတော့ ရောဘတ် လို အင်္ဂလိပ်နာမည်နဲ့..  ကက်သရင်းဆိုတော့ သူ့ကိုလည်း ကြက်သဟင်း လို့ပဲ စနောက်ပြီး ခေါ်ကြတယ်။ ကြက်သဟင်းဆိုတာ တချို့ နယ်ဘက်တွေမှာ “ဒန့်သလွန်ရွက်”ကို ခေါ်တာပါ။ ချို့တို့အချင်းချင်း စနောက်ခေါ်တဲ့ အဲ့ဒီနာမည်ပြောင်တွေကို တခြားသူတွေပါ လိုက်ခေါ် ကြ ပေမယ့် သူတို့က စိတ်ဆိုးပုံမရပါဘူး။ ချိုတို့တွေက ဒီရောက်မှ  စသိကြပေမယ့် ငယ်ပေါင်း ကြီးဖော် မောင်နှမတွေလို ခင်ကြတာပါ။
                 ချိုနဲ့ ကြက်သဟင်းက မိန်းမဖော်ချင်းမို့ တစ်တွဲတွဲ ပေမယ့် ထောပတ်နဲ့ဘိုဘိုကတော့ type သိပ်မတူကြတဲ့ မတည့် အတူ နေတွေပါ။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ ချစ်စရာတစ်ကွက်က လူတိုင်းကို လှိုက်လှိုက်လှဲလှဲ ကူညီတတ်တာ ပါပဲ။ စက်ရုံ ကို ချိုကအရင်ဆုံးရောက်ပြီး ဖစ်လပင်း(ဖ်ီလစ်ပိုင်သူ) တစ်ယောက်နဲ့အတူ တစ်ခန်းထဲ နေရတယ်။ အတူနေတယ်ဆို တာ အိပ်ခန်း တစ်ခန်းစီနဲ့  မီးဖိုခန်း၊ ဧည့်ခန်းနဲ့ ရေချိုးအိမ်သာတို့ကိုသာ အတူတူတွဲသုံးကြရတာပါ။ ဒီလိုပဲ နောက်ရောက် လာတဲ့ ကြက်သဟင်းလည်း ဘိုဘို တို့ ဌာနးက ဖစ်လပင်းမတစ်ယောက်နဲ့ တစ်ခန်းတည်း အတူနေရတယ်။   ကျန်တဲ့ ရာထူး ကြီး မြန်မာနဲ့ ဖစ်လပင်းတွေအပြင် ယောကျာ်းလေးတွေ အားလုံးကတော့ တစ်ယောက်တစ်ခန်းစီ သီးသန့်နေခွင့်ရကြပါတယ်။
ထောပတ်နဲ့ဘိုဘိုက တစ်ခန်းစီဆိုပေမယ့်  အဖော်မရှိရင်မနေတတ်တဲ့ ဘိုဘိုတစ်ယောက်  ရုံးဆင်းတာနဲ့တန်းပြီး ထောပတ် အခန်း ကို ရောက်သွားတော့ တာပဲ။              
                     “ဘာကောင်လည်းမသိဘူးကွာ၊ ပြန်လည်းမပြန်။ အတူတူအိပ်ဆိုလည်း မအိပ်ပဲ  ဘေးနား ငုတ်တုတ်ကြီး ထိုင်ပြီး  ငါ စာဖတ်နေ တာကို စကားတွေ လာလာများနေတာ ။ ကြာရင် ဒီကောင်ကို ငါ ဆွဲထိုးမိ တော့မှာပဲ။“
            “နင်ကလည်းဟယ်၊ သည်းခံလိုက်ပါ။ နင်မရောက်ခင်ကဆို သူ့မှာပေါင်းစရာ ရွယ်တုယောက်ျားလေး ရှိတာမှမဟုတ်တာ´
                 “ငါကလည်း ခင်ပါတယ်။ ဒါပေမဲ့ ဒီကောင့်အကျင့်က အလုပ်ကပြန်လာတာနဲ့ ငါ့အခန်းထဲလာပြီး သူ့ဝန်ထမ်းတွေ  အကြောင်း လာလာပြောတာ။ တစ်ပတ် ခြောက် ရက် မကဘူး။ တစ်ရက်တစ်လေဆို တော်သေးတယ်။ ခုတော့ တစ်နေ့တစ်နေ့  ဒီ ဓာတ်ပြား ဟောင်းကြီးပဲလာလာဖွင့်နေ ရင်  ကြာရင် ငါ တော့မလွယ်ဘူး။ တစ်ခုခု ဆုံးဖြတ်မှ ဖြစ်တော့မယ် ”
          ဒီလိုပြောပြီး မကြာခင် တနင်္ဂနွေတစ်မနက်မှာ ချို့အခန်းရှေ့လာအော်နေတဲ့အသံကြောင့် ရုတ်တရက် လန့်နိုးသွားခဲ့ပါတယ်။
               “ဒေါက်..ဒေါက်၊ ဟဲ့..အခန်းတစ်က အကျဉ်းသား။ မထသေးဘူးလား။ ဒီမှာထောင်ဝင်စာ လာတွေ့တယ်။ ထတော့ “
               ချိုတို့ အဆောင်က စက်ရုံဝန်းကြီးထဲမှာမို့ ရှားရှားပါးပါးရတဲ့ တနင်္ဂနွေပိတ်ရက်ကလေးတောင် အပြင်မသွားဖြစ်ကြပဲ အနီးနား ဈေး လောက်ပဲ သွားပြီး ချက်ပြုတ်ကြ၊ တစ်ပတ်စာရုံးဝတ်စုံတွေ လျှော်ဖွတ်မီးပူတိုက်ပြီး အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ အချိန်ကုန် တတ်တာမို့ ထောပတ်က ထောင်ကျနေသလိုပဲလို့ ခဏခဏ ပြောတတ်တာပါ။ အခုလည်း တံခါးဖွင့်ကြည့်တော့ ငပိကြော်တစ်ပန်းကန်နဲ့ ထောပတ်..။
              “ဘာအော်နေတာလဲ။ သူများအိပ်ကောင်းတုန်း။ နင့်အသံပြဲကြီးနဲ့ ငါ့အခန်းဖော်ပါ နိုးတော့မှာပဲ။ နင်အားမနာတတ်တဲ့ကောင်´
          “အောင်မလေး သူ့တို့အလှည့်ကျ သိပ်ကြီးကျယ်တာဘဲ၊ ဒီမှာ.. ငါမနေ့ညက  ဟိုကောင့် အခန်း ပြောင်းနေပြီ။ သိလား။ အဲ့ဒါ ငါ့ငပိကြော်ထုပ်တွေ ဖောက်လို့လာပေးတာ။“
             သူ့စကားကြားတော့ အမှားအမှန်မဆုံးဖြတ်ဖြစ်ပဲ ရုတ်တရက် ချို အံ့သြမင်သက်မိတာအမှန်ပါပဲ။ တစ်ခန်းစီရှိလျက်နဲ့၊ အခန်း ပေါင်းနေတာက အမြဲတန်းမကောင်းနိုင်ဘူးဆိုတာ သူ့သိအောင် ဘယ်လို ပြောရပါ့မလဲ။ ပြီးတော့ အခန့်မသင့်လို့ တစ်ခုခု ပြဿနာ ဖြစ်ရင် ဖစ်လပင်းတွေကြားမှာ မြန်မာတွေ အချင်းချင်းမတည့်ဘူးလို့ ချို တို့အားလုံး အရှက်ကွဲမယ်ဆိုတဲ့ စိုးရိမ်စိတ်လည်း ချက်ချင်ဲး ဖြစ် သွားပါ တယ်။ ဒါပေမဲ့ တကယ်တန်းက ချိုထင်သလို မဖြစ်ပါဘူး။ ဖစ်လပင်းတွေမှာသာ  ခရစ်ဆိုတဲ့မိန်းမက အွန်လိုင်းကနေ နောက် ရည်းစား ထားလို့ သူ့ အချစ်တော်ယောက်ျားလျာ ဖစ်လပင်းမ နဲ့ပြဿနာဖြစ်ပြီး အော်ကြီးဟစ်ကျယ် ရန်ဖြစ်သတ်ပုတ်ကြတာတွေ ရှိဖူးပေမယ့် ချိုတို့တွေကြားမှာတော့ စကားရည်လု နောက်ပြောင်၊ ခဏတဖြုတ် စိတ်ကောက်တာ ကလွဲလို့ တခြားပြဿနာ အကြီးအမား မရှိပါဘူး။
                                                                    +++
တနင်္ဂနွေရုံးပိတ်ရက် ဆိုရင်တော့ ရုံးကကားနဲ့ ဒရိုင်ဘာ ခေါ်ပြီး တစ်ပတ်စာအတွက် ၀ယ်ခြမ်းဖို့ အဆောင်နဲ့ မနီးမဝေး ဈေးကို ချို တို့ သွားလေ့ရှိကြတယ်။  အဲ့ဒီဈေးကအဆောင်ကနေ လမ်းလျှောက်သွားဖို့ အဆင်မပြေတော့ ရုံးကားနဲ့ ဒရိုင်ဘာကို အကူအညီ တောင်း ရတာပါ။ ဈေးအသွားအပြန်နဲ့ ဈေးဝယ်တုန်း စောင့်ရချိန်တွေအတွက် ဒရိုင်ဘာကို မြန်မာငွေ ၃၅၀၀၊ ၄၀၀၀ လောက် ပေးလေ့ရှိ ပါတယ်။ အင်ဒိုနီးရှားရူပီနဲ့ဆို သုံးသောင်းခွဲလောက်ပေါ့ ။ ချိုတို့ သူငယ်ချင်း လေးယောက် တည်း ဈေးသွားတဲ့အခါ တစ်ယောက်ကို တစ်သောင်း ပေး၊ ငါးထောင်ပေး စုပေးလို့ရပေမယ့် ချိုတို့က `ဖဦးထုပ်´လို့ ခေါ်တဲ့ ဖစ်လပင်းတွေပါ အတူလိုက်တဲ့ အခါမျိုးဆိုရင်တော့ ချိုတို့ စိတ် အနှောင့်အယှက် ဖြစ်ကြရတယ်။ ဒရိုင်ဘာကို ဖုန်းနဲ့လှမ်းခေါ်တာက ချိုတို့ဖြစ်ပြီး ဈေးမှာအချိန်ဆွဲပြီး ၀ယ်တာက သူတို့ ဖဦးထုပ် အုပ်စု ဖြစ်နေလို့ပါ။ ဈေးကို ကားကြုံလိုက်ချင်တာအပြစ် မပြောပေမယ့် အများနဲ့သွားရာမှာတောင် ကိုယ့်ကားနဲ့ စိတ်ကြိုက်သွား သလို အရမ်း အချိန်ယူ တတ်တဲ့ သူတို့တွေကို အားနာ စိတ်နဲ့ အမြဲနား လည်ပေးခဲ့ ပေမယ့် သူတို့ပါရင် အိမ်က ထွက်ကတည်းက အဲ့ဒီနေ့ နောက်ကျ နေတတ်ပြီ ။ မနက် ရှစ်နာရီလောက် ဈေးသွား ဖို့ချိန်းပေမယ့် သူတို့ကို စောင့်နေရတာနဲ့ပဲ  ရှစ်နာရီခွဲ ကိုးနာရီ် ဈေးသိမ်း ချိန်လောက်မှ  ထွက်ဖြစ် ကြရတာပါ။ ကပ်စီးနဲတဲ့နေရာမှာ ပြိုင်စံရှားတဲ့သူတို့တွေက ဈေးသိမ်းချိန်မှာ အသီးအရွက် အကျန်တွေကို ဈေးပေါပေါနဲ့ သိမ်း ကျုံးဝယ်ရတာကို သဘောကျ လို့ထင်ပါရဲ့။ နီးနီးနားနားခရီးတိုလေးမို့ မြို့ထဲလောက်လည်း ပိုက်ဆံမပေးနိုင်တာမို့ ဒရိုင်ဘာကိုမျက်နှာပူပူနဲ့ ကားခပေးကြစို့ ဆိုရင် ထောပတ်နဲ့ဘိုဘိုတို့ကသာ လက်လွယ်ကြစမြဲပါ။ သူတို့ကတော့မဆိုင်သလိုနဲ့ တကယ် မသိကျိုးကျွံ နေမြဲပေါ့။
                      တစ်ပတ်စာလောက် ဈေးဝယ် ကြတာခြင်းအတူတူ၊ လိုအပ်တာဝယ်ပြီး မနက်စာ (breakfast) ပါ ဈေးထဲက ဆိုင်မှာ စားပြီးတောင် သူတို့ ဖဦးထုပ်တွေကို ကားထဲမှာ ထပ်စောင့်ရတာလည်း  ချိုတို့အုပ်စုပဲ ။ အဆောင်ရောက်လို့ ဒရိုင်ဘာကို ကားခ ပေးတိုင်း တစ်ယောက်နည်းနည်းစီ လိုက်ကောက် ရလောက်အောင်လည်း မများလှတာမို့ အလိုက်သတိ နားလည်စွာ ထည့်ဝင်မှု မရှိတတ် တဲ့ သူတို့လူမျိုးတွေအပါ် ချိုတို့ကလည်းသိပ် တွက်ကပ်မနေချင်ပါဘူး။ ဒါပေမယ့် သူတို့တွေဟာ ချိုတို့ထက် ပိုပြီး အတွေ့အကြုံ ရှိသူတွေမို့၊ ဒီစက်ရုံ မှာ ဖစ်လပင်းတွေက မြန်မာတွေနဲ့ ရာထူးချင်းမကွာရင်တောင် ရတဲ့ လခတော့ ကွာခြားလွန်း လှပါတယ်။ ချိုတို့မြန်မာနိုင်ငံမှာ  အထည်ချုပ်စက်ရုံ တွေက တခြားအာရှနိုင်ငံတွေထက် များစွာနောက်ကျနေတာကို ဒီကို ရောက်တော့မှ ချိုပိုမို သိနားလည်ခဲ့ရတာပါ။ ချို တို့ လူမျိုးတွေ အားလုံးက ဘယ်လောက်ပဲ စက်ချုပ်တတ်တတ်၊ ဘယ်လောက်ပဲ အထည်ချုပ်လုပ်ငန်း အတွေ့အကြုံရှိရှိ  Maidenform , Marks & spencer, Warnaco တို့လို နာမည်ကြီး တံဆိပ်တွေနဲ့ ပတ်သတ်ဖုူးတဲ့ အတွေ့အကြုံကျ တကယ့်သုည လောက်သာ ရှိတာမို့ ဖစ်လပင်းတွေရဲ့ လခနဲ့ယှဉ်ရင် ကွာခြားနေ တာဖြစ်ပါတယ်။ ဒါပေမဲ့ ချိုတို့မြန်မာလူမျိုးတွေရဲ့ အင်ဒိုအလုပ်သမားတွေနဲ့ စက်ရုံပေါ်မှာ ထားရှိတဲ့ စိတ်ထား နဲ့ စေတနာ ကတော့ဖဦးထုပ်တွေ့ရဲ့ ၀တ္တရားကျေ သဘောထားနဲ့ တကယ့် ဆီနဲ့ရေလို ကွာခြားလှပါတယ်။
                      တစ်ရက်တော့ ချိုတို့လေးယောက် စက်ရုံအပြင်ဘက်မှာ ရောင်းတဲ့ ‘’ဂါတိုဂါတို”လို့ အင်ဒိုလို ခေါ်တဲ့ ကန်စွန်းရွက်ကို မြေပဲ၊ ဂေါ်ဖီ ငရုတ်သီးအနှစ်တို့နဲ့ ရောမွေသုတ်ထားတဲ့ အသုတ်စုံစားပြီး အပြန် ဘိုဘို့အလုပ်ရုံက ကောင်လေးနဲ့ လမ်းမှာတွေ့ပါတယ်။ ဘိုဘိုကို လည်း ရိုရိုသေသေ နှူတ်ဆက်စကားပြောသွားတဲ့ ကောင်လေးကိုကြည့်ပြီး ကြက်သဟင်းက..
                      “သူအခု နေ့စားကနေ ပုံမှန်ပါမစ်နန့်ဝန်ထမ်း ဖြစ်သွားပြီဆို။ ငါတို့ဘက်မှာ အဲဒီလို ၀န်ထမ်းကို နေ့စားကနေ လစားအဖြစ် ပြောင်းရင် အထက်ကို ပြောရတာအတော် လက်ဝင်တာ ။ နင်ရော တော်တော် ဖိုက်လိုက်ရလား။ “
                      “ အင်းဆိုပါတော့။ မစ္စလူစီက အမုန်းမခံချင်တော့ ငါတစ်ယောက်တည်းပဲ တာဝန်ယူပြီး သူ့ကိုတင်ပေးလိုက်တယ်။ သူက အလုပ်လည်း တော်ပါတယ်။ နောက်ပြီး သူ့မိန်းမက မနေ့တစ်နေ့ကမှ ကလေးမွေးတာဆိုတော့၊ ငွေ လိုမှာပဲ ။ သူလည်း အလုပ်ထဲ  ပိုပြီး စိတ် ၀င်စား အောင် သူဌေးဆီ ငါဝင်ပြီး သူ့အတွက် ပြောပေးလိုက်တာ။ ဘာဖြစ်လို့လဲ။ “
        “သူတော်တာကို ငါသိပါတယ်။ သူ့အလုပ်က ငါ့ဆီလည်း လာနေရတာပဲလေ။ ဒါပေမယ့် မစ္စလူစီနဲ့ ငါကတစ်ခန်းတည်း နေတာဆိုတော့ မနေ့တုန်းက သူအဲ့ဒီ ဖဦးထုတ်မကို လက်ဆောင်ပေးတယ် ဆိုတာ ငါကို ပြောပြလို့ သိရတာ။ အခန်းထဲမှာမစ္စလူစီက အဲ့ဒီ အင်ဒိုပါတိတ် ဖဲပုဝါလေး ဖြန့်ဖြန့်ကြည့်နေတာ မြင်တော့ ငါလည်း လှလို့ သွားစပ်စုကြည့်လို့ သိရတာ။ နင့်ကလေးက နင်လုပ်ပေးတာ တောင် သိရဲ့လားမသိဘူး။ နင်ကိုလည်း ဘာမှမပေးဘူးလား။”
                      ဘိုဘိုကပြုံးလျှက် ..
                      “သိတော့ သိမှာပါဟာ။ ဟိုလကတည်းက ခိုသံပါအောင်ငြီးလွန်းလို့ ၊ မင်းအလုပ်သာ ကောင်းအောင်လုပ်၊ ပို့စ်(ရာထူး) အတွက် ငါ့တာဝန်ထားလို့ ပြောပြီးသားပါ။”
                      “ဟယ် ဒါဆို နင့်ကလေးက ကျေးဇူးမသိတတ်တာပဲ။ ကြည့်ပါဦး၊ မစ္စလူစီက ဘာတွေလုပ်ပေးလို့ လက်ဆောင်ပေးပြီး မျက်နှာလုပ်ရတာလဲ။ တကယ်ကို နားမလည်တော့ဘူး ”
                      ကြက်သဟင်းရဲ့မကျေမနပ်ပြောသံမှာ ချိုကတော့ ဘာမှတ်ချက်မှထပ်မပေးဖြစ်သေးခင် ထောပတ်က ၀င်ပြီး ..
                  “လူ ဆိုတာဒီလိုပဲပေါ့ဟ။ တကယ်လို့ နင့်လက်ထဲမှာ ပစ္စည်းတစ်ခုပဲရှိပြီး နင့်မှာ သဘောကောင်းတဲ့ အရာရှိနဲ့ သဘော မကောင်းတဲ့ အရာရှိ နှစ်ယောက်ရှိရင် နင်ဘယ်သူ့ကိုပေးမလဲ”                 
                  ချိုရော ကြက်သဟင်းပါ သံပြိုင်ထွက်မိတာက..
                  “ သဘောကောင်းတဲ့သူကိုပဲ ပေါ့။ ဘာလို့ ငါကသဘောမကောင်းသူကို ပေးရမှာလဲ”
                 “ ဒါက နင်တို့ခေါင်းထဲက ပေါ်လာတဲ့အတွေးနဲ့ ရုတ်တရက် ဆုံးဖြတ်တာကိုး။ တကယ့်လက်တွေ့မှာတော့ ဘယ်သူမဆို ကိုယ့် အတွက် တစ်ခုခုပေးရင် တစ်ခုခု ပြန်ရချင်တဲ့ သူတွေကြီးပဲ၊ မရချင်ဘူးလို့ ပြောရင် အဲ့ဒါညာတာပဲ။ သဘောကောင်းတဲ့ သူက လက်ဆောင် ပေးပေး၊ မပေးပေး သူ့သဘောထားကတော့ နင်တို့အပေါ် ပြောင်းလဲမှာမဟုတ်ဘူး။ အေး၊ သဘောမကောင်းတဲ့သူကတော့ လက်ဆောင် ရတာနဲ့ နင့်တို့အပေါ် ဆက်ဆံရေးက အကောင်း ဘက်ပြောင်းလဲ သွား နိုင်တယ်လေ ကွာ။ ဒါကြောင့် ဒီကောင်လေး ဆုံးဖြတ်တာ မှန်တယ်လို့ ငါကတော့ထင်တယ်။ နောက်ဆို အလုပ်ထဲ မှာ မစ္စလူစီက သူ့အပေါ် အရင်ကထက် ပိုအကောင်းမြင်လာတာ နင်တို့ တွေ့ရလိမ့်မယ်“
                  ထောပတ်စကားကို မကျေနပ်လှပေမယ့် ချိုတို့အားလုံး အထွန့်မတက်ဖြစ်ကြပါ။ သူလည်း ဘိုဘိုလိုဟာမျိုးဘဲလေ။ ဆိုးတာ လေးတွေ ရှိပေမယ့် သူများအတွက်ဆို အနစ်နာခံကူညီရာမှာတော့ ဘယ်ဘ၀က ပါရမီ ထူးတွေ ပါလာလည်း မပြော တတ်တော့ဘူး။ မနေ့တစ်နေ့ကပဲ မြန်မာတွေအားလုံးမုန့်ဟင်းခါး ချက်စာရင်းဆုံကြတော့ ရာထူးကြီးတဲ့ အစ်မတွေက သူ့ကို ပိုက်ဆံစုဖို့နဲ့ မလိုအပ်ပဲ ရုံး ကိစ္စ တွေမှာ ကိုယ့်ပိုက်ဆံကို သုံးဖို့မသင့်ကြောင်း ပြောဖူးတာကို ချို ပြန်အမှတ်ရ မိပါတယ်။ သူက အလုပ်သမားတွေ ပူတယ်ဆို မတ်တပ် ပန်ကာဝယ်ပေးရတာနဲ့ ၊ water dispenser (အပူရော အအေးရော ပြုလုပ်နိုင် သည့် သောက်ရေသန့်စက်) ၀ယ်ပေးရတာနဲ့ ၊ အလုပ်မပြီးလို့ သူ့ဖာသာ ညဉ့်နက်ထိ အလုပ်လုပ်ရသူကို အိုဗာတိုင်ကြေး မရလို့ သနားပြီး လမ်းစရိတ်ပေးလိုက်ရတာနဲ့.. ရတဲ့လခ နည်းနည်းလေး မှာ စားစရိတ်၊သုံးစရိတ် နုတ်လိုက်တိုင်း လစဉ်ငွေစုဖို့ ဘယ်တော့မှ မကျန်တဲ့သူပါ။ ဘိုဘိုနဲ့ထောပတ်ကို တခါတလေ ချိုတို့ ကိုယ်တိုင် လည်း  ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောဖြစ် ကြပါသေးတယ်။
                  “ ငါတို့လည်း လူတွေကို ကူညီကြတာပါပဲ၊ ဒါပေမယ့်လူတွေက အားနာရင်ခါးပါတတ်တယ်၊ သဘောကောင်း တဲ့သူ ဆိုရင် ဘယ် နေရာမှာပဲ ဖြစ်ဖြစ် အခွင့်အရေးယူချင်သူပေါတယ်။ ဒီလိုနိုင်ငံမှာဆို ပိုတောင်ဆိုးသေးတယ်။ ဒါကြောင့် ငါတို့ကတော့ ကူညီစရာ ရှိရင် ကူညီ လိုက်မယ်။ မလိမ့်တပတ် အခွင့်အရေးယူတာမျိုးတော့ လာမလုပ်နဲ့။ တာ့တာပဲ ။ သည်းညည်း ခံမှာမဟုတ် ဘူး။ “
                   အဲဒီတော့လည်း သူတို့နှစ်ယောက်က ချို့စကားကို လှောင်သလို ရယ်မောနေခဲ့သေးတယ်။ ချိုတို့ တတွေ အားလုံးကို စက်ရုံက နေစရာ စားစရာအပြင်၊ လိုအပ်တဲ့ ပရိဘောဂ ပစ္စည်းတချို့နဲ့ အသုံးအဆောင် တွေပါ ၀ယ်ပေးထားတာမို့ အဆောင်နေ ၀န်ထမ်းအားလုံးတွက် အဆင်ပြေလှပါတယ်။ တခြား ကိုယ်လိုချင်တဲ့ ဖိနပ်စင်၊ ပန်းကန်စင်၊အပြင် မီးပူ နှင့် မှန်တင်ခုံတွေကျ ကိုယ်ပိုင်ငွေနဲ့ ဖြည့်စွက်ဝယ်ရတာမျိုးမို့ တချို့ဝန်ထမ်းတွေကတော့ ကိုယ့်နိုင်ငံကိုယ် ပြန်တဲ့အခါ ဘာမှမသယ်နိုင်ပဲ ထားခဲ့ရတာမို့ ဘာပစ္စည်းမှ ထပ်မ၀ယ်တော့ပဲ စက်ရုံကပေးတဲ့ ခုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ ဗီရုံတစ်လုံး ၊ဂက်စ်မီးဖို တစ်ခု ၊ ပန်းကန် သုံးလေးချပ်နဲ့သာ နေထိုင်အသက်ရှင်ကြတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒီလူတွေထဲမှာ ချိုနဲ့အတူနေ မစ္စနီနာလည်း တစ်ယောက် အပါအ၀င်ပဲပေါ့။ သူရဲ့ နှုတ်ခမ်းမှာ အပြုံးတစ်ပွင့်ကို  အမြဲဆောင်ထားပြီး ညီအစ်မ ၀မ်းကွဲ၊ ရာထူးကြီးမန်နေဂျာ မစ္စတီနာ ရဲ့ထောက်ခံမုနဲ့ စက်ရုံကို ရောက်လာ တာမို့ ၊ အချိန်တိုလေးမှာ အစ်မရာထူးအရှိန်နဲ့ရော သူရဲ့ကြိုးစားမူ နဲ့ပါ အလုပ်တော်သူ တစ်ဦးအဖြစ် အသိအမှတ်ပြုခံရသူပါ။ သူကဟင်းချက်တော်ပြီး အသန့်အပြန့်လည်း ကြိုက်သူမို့ ချိုတို့ နှစ်ဦးပိုင် ဖြစ်တဲ့ ဧည့်ခန်း၊ အလယ်စင်္ကြံနဲ့ နောက်ဖေးအ၀တ်လှမ်းတဲ့ ခြံဝန်း တွေပါ ပိတ်ရက်ရောက်တိုင်း အငယ်ဖြစ်တဲ့ ချိုနဲ့ အလုအယက် ရှင်းစမြဲမို့ အခန်းဖော်ကောင်း အဖြစ် အသိမှတ်ပြုထားမိပါတယ်။ ဒါပေမယ့်လည်း သူရဲ့အားနည်းချက်ကတော့ ကပ်စေးနှဲ တာလား၊ နေနိုင်လွန်းတာလား ၊ တကယ်ပဲ အလိုက်ကန်းဆိုးမသိတာလား ဆိုတာ နားလည်ခက်လောက်အောင် ဆီ၊ဆား၊ ငရုတ်ကြက်သွန် တွေဝယ် လေ့မရှိပဲ ချို့ဆီက အလွယ်တကူ သုံးတာမျိုး၊ ရေချိုးခန်းနဲ့အိပ်သာဆေး ဆပ်ပြာရည် ၀ယ်ဖို့ လခနည်းတဲ့ ချိုတစ်ယောက် တည်း တာဝန်လို့ ထင်မြင်တတ်ပုံ၊ နောက်ပြီး  သူ့အိပ်ခန်းကလွဲလို့ အိမ်ရှေ့ခန်း၊ အလယ်စင်္ကြနဲ့ မီးဖိုချောင်မှ မီးလုံးများကျွမ်းတိုင်း သူ့မှာ တာဝန်မရှိသူလို တစ်ခန်းလုံး အမှောင်ချ ပြီး ခပ်တည်တည်နေတတ်ပုံကို မြင်တိုင်း ချိုတကယ်ကို ရင်ဘတ်ဖိ အံ့သြရတော့တယ်။
            ကြက်သဟင်းနဲ့ နှစ်ယောက်ဆုံလို့ ဟိုအကြောင်း၊ ဒီအကြာင်း ပြောရင်း သူ့အကြောင်း စကားစပ်မိတော့..
            “ ဟယ် နင်အဖြစ်ကလည်း မလွယ်ပါလား ချိုရာ။ နင်ပါးစပ်ပိတ်ပြီး အားနာမနေနဲ့ ပြောလိုက်ပါလား။ သူက ရရင်ရသလောက် ကပ် နေမှာပေါ့။ ငါ့အခန်းကဘွားတော်ကတော့ အဲ့လို ပြသာနာမရှိဘူး။ ဘာဝယ်ဝယ် သူကအမြဲတစ်ယောက် တစ်ဝက်ပဲဆိုတာ ပြောစရာ တောင်မလိုဘူး။ အင်း…သူက အသံနဲ့တော့နှိပ်စက်တယ်။  ဘေးခန်းက ဖဦးထုပ်တွေနဲ့ ကာရာအိုကေ ဟဲတာတော့ ဘာ ခံရသလဲ မမေးနဲ့“
           ကြက်သဟင်းက ရှံ့မဲ့လို့ဆိုတော့ တစ်ယောက်တစ်မျိုး မရိုးတဲ့ဒုက္ခလို့ စဉ်းစားမိရင်းမှ သူပြောတဲ့ အသံနဲ့ နှိပ်စက် တယ်ဆိုတဲ့ အဖြစ် ကို သိပ်နားမလည်တဲ့ ချို့အတွက် ကြက်သဟင်းကို ကိုယ်ချင်းစာစေတဲ့ နေ့တစ်နေ့ကို အမှန် တကယ် ရောက်လာခဲ့ပါတယ်။ အဲ့ဒီနေ့က ချိုတို့ သူငယ်ချင်းလေးယောက် အမွေရတဲ့နေ့။ အစ်မလိုချစ်ရတဲ့ စီနီယာမြန်မာ အစ်မက အိမ်ထောင်ပြုဖို့ အလုပ်ထွက်ရမှာမို့ သူရဲ့ ပစ္စည်းတွေကို ချိုတို့လေးယောက်ကို မရောင်းပဲ အမှတ်တရ ခွဲဝေပေးခဲ့တာပါ။ ချိုက ၁၄လက်မ ရောင်စုံတီဗီလေးယူပြီး  ကြက်သဟင်းကတော့ တံခါးပေါက် တစ်ပေါက်တည်း (၀မ်းဒိုး) ရေခဲ သတ္တာ ပုပုလေး ကိုယူပါ တယ်။ ဟိုနှစ်ယောက်ကတော့ နဂိုတည်းက ဘာပစ္စည်းမှမမက်တဲ့အပြင် တီဗီနဲ့ ရေခဲသတ္တာ ၀ယ်ပြီးသား ဘိုဘိုဆီမှာ ပဲ နှစ်ယောက် ပေါင်းနေတာမို့ ချိုတို့မလိုချင်တဲ့လက်ကျန် တိုလီမိုလီ ပစ္စည်းအားလုံးကိုပဲ ယူသွားပါတယ်။ တီဗီစင်လေး ကိုတော့ ပိုင်ရှင် အစ်မရဲ့ အလုပ်က တပည့်မလေးက လာသယ်သွားလေရဲ့။
             “ဟဲ့ ဖြေးဖြေး ၊ ဖြေးဖြေး။ အောင်မလေး နင်တို့ကလည်း ယောက်ျားလေးတွေ ဖြစ်ပြီး ဒါလေးတောင် မနိုင်ဘူးလား။“
              ချို့အခန်းထဲကို သူတို့နှစ်ယောက် အကုအညီနဲ့ တီဗီသွင်းစဉ်မှာ ဧည့်ခန်းမှာထိုင်ပြီးစာဖတ်နေတဲ့ မစ္စနီနာကိုမြင်တော့ သူတို့ ခြေလှမ်း တွေ တုံ့သွားကြတယ်။
             “ တီဗီဝယ်လာတာလား ”
              အပြုံးနဲ့ နှုတ်ဆက်ရင်းမေးတဲ့ သူ့စကားကို ထောပတ်ကပြုံးပြီး ခပ်လွယ်လွယ် ခေါင်းညိတ်ပြရင်း ချိုကို..
               “ တီဗီကို နင် ဘယ်မှာထားမှာလဲ။ နင့်အိပ်ခန်းထဲမှာလား။ အပြင်မှာလား။ အိပ်ခန်းထဲ ဆိုရင်တော့ တီဗီစင်လည်း မရှိသေးတော့ နင့် စာရေးစားပွဲပေါ် တင်ထားရမှာ။ နင်ပြန်လာလို့ အလုပ်ပါလာရင် စားပွဲသုံးဖို့ အဆင်ပြေမှာ မဟုတ်ဘူး။”
               အပြင်မှာပဲ ထားလိုက်ပါဟာ။ နင့်အခန်းဘက်မှာပဲ ဆက်တီစားပွဲယူပြီး တင်ထားလိုက်။ ဟိုတစ်ယောက်လည်း ဧည့်ခန်းမှာ ထိုင် ရင်းနဲ့ ကြည့်လို့ရတာပေါ့။ မဟုတ်ဘူးလား။”
              ချိုရဲ့တွေဝေမှုကို ဘိုဘိုက အဆုံးအဖြတ်ပေးလာတော့ အားလုံးကလည်း ထောက်ခံကြတာမို့ မစ္စနီနာကို ကြည့်ချင်တဲ့ အချိန် တီဗီ ဖွင့်ကြည့်ပါလို့ ချိုအပါအ၀င် သူငယ်ချင်းအားလုံးက ဖိတ်ခေါ်လိုက်ကြတယ်။ ချို့စိတ်ထဲမှာလည်း “ငါပိုင်ပစ္စည်းမှ မဟုတ်တာ၊ အစ်မပေး လို့ ရတာပဲ၊ သူလည်း ကြည့်ပါစေ ”လို့ မျှမျှတတပဲ တွေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရုံးပြန်ရောက်တိုင်း မစ္စနီနာနဲ့ စကားထိုင် ပြောရင်း တီဗီကြည့်တဲ့ ညတွေ ရှိခဲ့ဖူးပါပေမဲ့ တကယ်တမ်း အိပ်ချိန်ရောက်တဲ့ အထိ မအိပ်ပဲ ဇွဲကြီးလွန်းတဲ့ သူ့ရဲ့တီဗီ ၀ါသနာကြီး မှုကြောင့် ချို့မှာ အိပ်ပျက်ညတွေ မထင်မှတ်ပဲ များလာခဲ့တယ်။ တီဗီပိုင်ရှင်အဖြစ်နဲ့ သူငယ်ချင်းတွေက ကိုယ့်အခန်းကပ်လျက် ဧည့်ခန်းနံရံမှာ နေရာချခဲ့ တာကြောင့်လည်း တီဗီထဲကအသံတွေနဲ့ရောထွေးပြီး သူရဲ့ သဘောကျရယ်မော သံတွေရဲ့ အနှောင့်အယှက် ပေးမှုကနေ ဘယ်လိုမှ ပြေး မလွတ်တော့တာ အမှန်ပါပဲ။ စနေနေ့ညတိုင်း လာနေကျ ဘောလုံးပွဲကို မိန်းကလေးဖြစ်ပြီး အားရပါးရ အားပေးတတ်တဲ့ သူ့လက်ခုပ်သံနှင့် အော်ဟစ်သံတွေကို ခေါင်းအုံးနဲ့ နားနှစ်ဖက် ကို ပိတ်ထားတောင် ၊ နားစည်ထဲထိုးဖောက် ၀င်ရောက်တာမို့ ဒီတစ်ခါလည်း ချိုစေတနာတွက် `ဘယ်သူမပြု မိမိမှု´လို့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်ရပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေကို ဒီအကြောင်း ပြောပြတော့လည်း  ချို့အဖြစ်ကို ကိုယ်ချင်းစာကြပေမယ့် တီဗီကို ချို့အခန်းထဲသွင်းဖို့ကို ဘယ်သူမှ သဘောမတူကြပါဘူး။ တကယ်တော့ အမှန်တိုင်းဝန်ခံရရင် သူတို့သဘောတူလို့ တီဗီကို ချို့အခန်းထဲ သွင်းလိုက်ပါပြီတဲ့ ။ အလုပ်ကပြန်လာတိုင်း ရေချိုးအ၀တ်လဲပြီးတာနဲ့ တီဗီရှေ့ မှာ ထမင်းစားရင်း ဖြစ်စေ၊ မုန့်စား ရင်းဖြစ်စေ အချိန်ကုန်တတ်တဲ့ မစ္စနီနာမျက်နှာကို ကြည့်ဖို့ ချို့မှာတကယ်သတ္တိမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်လို့မရလို့ တီဗီ အသံနည်းနည်း တိုးပေးပါ ဆိုတာမျိုး ပိုင်ရှင်ဖြစ်တဲ့ချိုကပဲ ပြန်တောင်းပန်ပြီး  အိပ်ပျက်ညတချို့ ကိုခဲယဉ်း စွာ ကျော်ဖြတ်ခဲ့ရ ပါတော့တယ်။
                                                               +++
                ကြက်သဟင်းနဲ့ အတူသွားခဲ့တဲ့ ဘောရောဘူရူ ဘုရားဖူးသုံးညအိပ်ခရီးက ပင်ပန်းပေမယ့် ပျော်စရာ ကောင်းလှပါတယ်။ တစ်ခါမှမရောက်ဖူးတဲ့ နေရာ ဖြစ်တာရော၊ တချိန်က ဗုဒ္ဒဘာသာ ထွန်းကားတဲ့ အထောက်အထားအဖြစ် ဘောရောဘူရူ စေတီကြီးကို ဖူးခွင့် ရတော့ ဘာကို လွမ်းမှန်းမသိ လွမ်းလိုက်မိသေးတယ်။ တစ်ခေါက်ဖူး တာနဲ့ အားမရပဲ နောက် အခွင့်ရရင်ထပ် ဖူး ဖို့ နှစ်ယောက်သား တိုင်ပင်လာကြရုံတင်မကပဲ ၊ စိတ်ကူးနဲ့တောင် ခရီးတွေ ထပ်ထွက် လိုက်သေး တယ်။  
                “ပျော်စရာကြီးနော် သူငယ်ချင်း၊ ပိုက်ဆံစုထား။ နောက်တစ်ခါ ရုံးပိတ်ရက်ရှိရင် ငါတို့ ပါဒန်ဘက် လစ်ကြမယ်။ အဲ့ဒီမှာ တောင်တွေ သိပ်လှတာပဲတဲ့။ ရေပူစမ်းတွေလည်း ရှိတယ်။”
              “အေး သွားကြမယ်။ ငါတို့ ဒီမှာ အကြာကြီးအလုပ်လုပ်ပြီးမှ ဘယ်မှမရောက်ပဲ မြန်မာပြည် ပြန်ရရင်တော့  မဟုတ်သေးပါဘူး”
               စကားပြောရင်းနှင့် စက်ရုံဝန်းထဲသို့ ကားဝင်လာပြီး အဆောင်ဘက်သို့ ကွေ့လိုက်မှန်းတောင် မသိလိုက်ကြပါဘူးး။ အဆောင် ရှေ့ရောက်မှ အပြင်ထွက်ဖို့ဟန် ပြင်နေတဲ့  ဟိုနှစ်ယောက်ကို တွေ့လို့ လှမ်းခေါ်လိုက်ရပါတယ်။
               “ ဟဲ့ နင်တို့ ဘယ်သွားမလို့လဲ”
               “ ထမင်းသွားစားမလို့ ”
               “ ငါတို့ အိတ်ကလေးတွေ အထဲကို သယ်ပေးပါလား သူငယ်ချင်းရယ်။ လိမ္မာပါတယ်”
                သူတို့နှစ်ယောက်ကို လေပြေလေးနဲ့ ချော့ခိုင်းနေကျမို့ ကားပေါ်မှာ ပါလာတဲ့ အထုပ်တွေအားလုံးကို သူတို့သယ်ပြီး  ချို့အခန်း ထဲကို အားလုံး စုံပြုံ ထည့်လိုက်ကြပါတယ်။
                “ကြက်သဟင်း၊ နင့်အိတ်တွေကို ငါတို့ ထမင်းစားပြန်လာမှ နင့်အခန်းကိုတင်ပေးမယ်။ ခု ချိုချို အခန်း ထဲမှာပဲ ခဏထားလိုက်ဦး“
                သူတို့ အထုပ်တွေချပြီး ကြက်သဟင်းနဲ့ စကားပြောနေတာကို အာရုံမစိုက်နိုင်ပဲ အခန်းတစ်ခုလုံး မှောင်မည်းနေတာမို့ ၊ ဧည့်ခန်း နှင့် စကြံလမ်းမီးတွေကို ဖွင့်ပေမယ့် မလင်းလာပဲ အခန်းတစ်ခုလုံး မှောင်မည်းနေတာကို အံ့သြနေမိပါတယ်။

Thursday, September 20, 2012

ခြောက်ပြတော့ ကိုးကြည့်မိတယ်


                                                        
                                                             ခြောက်ပြတော့ ကိုးကြည့်မိတယ်
                                                             

                  “အဲဒီလိုဘဲ ဖြစ်နေကျ ၊ ဖေဖေတို့တော့ ရိုးနေပြီ”
                ဖေဖေက ရေဒီယိုထဲကဓာတ်ခဲများကို ဆွဲထုတ်ရင်း ပြောလိုက်သည်။ ဖေဖေလုပ်ပုံကို ကြည့်ပြီးမကြာသေးမီနှစ် ကာလ များ အတွင်း အင်ဒိုနီးရှားနိုင်ငံတွင် အလုပ်သွားလုပ်ခိုက် ကြုံတွေ့ခဲ့ရဖူးသည့်အဖြစ်ကို တိုက်တိုက် ဆိုင်ဆိုင်သတိရမိလိုက် သည်။
                                                                 +++
                   ညနေသုံးနာရီခွဲပြီ။ နောက်နာရီဝက်ဆိုလျှင် ရုံးဆင်းပြီမို့ နေ့လည်ထမင်းစားချိန်တုန်းက ကျွန်မအဆောင်မှ ယူလာ သည့် ပိန်္နဲသီး ဘူးလေးအား နံဘေးမှ အင်စပက်တာ အယ်လာအားပေးလိုက်သည်။ သူက တစ်မွှာယူစားပြီး ကျန်တာတွေကို တခြား သူငယ်ချင်း များထံ လက်ဆင့်ကမ်းလိုက်သည်။
               “ချိုနေတာပဲနော်၊ ဈေးက၀ယ်တာလား မစ်စ်”
     “ဟင့်အင်း၊ အဆောင်ရှေ့ အပင်ကလေ၊ မနေ့တုန်းက ဖစ်လပင်းအုပ်စု အပင်ပေါ်တက်ခူးတာ”                                   
               စားလက်စ အယ်လာမှာ ပိန်္နဲသီး အမွှာလေးကိုင်လျက် မျက်လုံးပြူးသွားသည်။                                            
                “ဟယ်- အဆောင်ရှေ့အပင်ကဟုတ်လား၊ အောင်မယ်လေး ကျောချမ်းလိုက်တာ”                                      
               “ဘာလဲ၊ အပင်ပေါ်မှာနေတဲ့ သရဲကသူ့အသီးကို ခွင့်မပြုပဲခူးစားလို့ စိတ်ဆိုးပြီးခြောက်လိမ့်မယ်လို့ ပြောဦးမလို့လား”
               ကျွန်မနှင့်တစ်ခန်းတည်းနေသော မေရီက ကွန်ပြူတာရှေ့မှ အလုပ်လုပ်ရင်း လှမ်းအော်ပြောသည်။                  
 ‘အေးပေါ့လေ မစ်ချယ်ရီတို့မြန်မာတွေက ကျွန်မတို့စက်ရုံမှာ သရဲရှိတယ်လို့ ပြောလည်း ယုံမှမယုံပဲ။ အခုမစ်စ် တို့ နှစ်ယောက် နေတဲ့ အခန်းက အဆောင်မှာဆို ထောင့်ဆုံးကျတဲ့အခန်းလည်းဖြစ်တယ်၊ အရှေ့မှာရှိတဲ့ အပင်ကလည်း ပိန္နဲပင် ဆို တော့ သေချာနေပါပြီ၊ အဲဒီ အပင်လိုမျိုးက အစိမ်းသေ သေတဲ့သူတွေ နေဖို့  နေရာဦးနေကျ၊ ကျိန်းသေပေါက် သရဲရှိမှာပဲ။ အခု သူ့ အပင်က အသီးကို ခူးစား တယ် ဆိုတော့ သရဲက သဘောကောင်းရင်တော့ ကိစ္စမရှိဘူး၊ အောင်မလေး အငြိုးထား ရင်တော့ နေစရာ နေရာမရှိအောင်ကို ခြောက်မှာ”
                အယ်လာစကားကို ပြုံးစစဖြင့် နားထောင်ရင်း မျက်နှာပိုးမသေသော မေရီနှင့် မျက်လုံးချင်းဆုံမိသည်။ ကျွန်မအလုပ် လုပ်သည့် အင်ဒိုနီးရှားနိုင်ငံ အထည်ချုပ်စက်ရုံ၏ နမူနာအခန်းလေးထဲတွင်ရှိသော အင်ဒိုနီးရှားမလေး အယ်လာ အားတက် သရော ပြောပြနေကျ သရဲ အကြောင်းကို ကျွန်မနှင့်မေရီလည်း နားထောင်နေကျပုံစံအတိုင်း ပြုံးလျှက်နားထောင်ဖြစ်သည်။ ကျွန်မ  ဒီနိုင်ငံ သို့ ရောက်ပြီး လက်ထောက် ဒီဇိုင်းနာ ရာထူးဖြင့် နမူနာဆက်ရှင်အခန်း (sample room) လေးတွင် အလုပ်လုပ်ဖြစ်နေ သည်မှာ သုံးနှစ်ကျော် လေးနှစ် ပတ်ဝန်းကျင်ပင် ရှိနေပြီ။ စက်ရုံဝန်းထဲအလုပ်မှ ပေးထားသော အဆောင်တွင် နှစ်ယောက်ခန်းကို လူသစ် အဖြစ် မြန်မာမိန်းကလေးပင်ဖြစ်သော မေရီ မရောက်ခင် တစ်ယောက်တည်း နေလာစဉ်ကတည်းက ရုံးမှာရော၊ အလုပ်မှာ ပါ သရဲနှင့် တူသည့် ဘာအသံ ဘာအရိပ်မှ မကြားခဲ့ရ၊ မမြင်ခဲ့ရ။ သို့သော် အပေါ်ထပ်တွင် ရှိသော ထုတ်လုပ်မှုဌာနနှင့် အောက်ထပ် ကျွန်မ၏ အလုပ်ခန်းဖြစ်သော နမူနာအခန်း၊ နောက် ပိတ်ဖြတ် သည့်အခန်း၊ ပိတ်စနှင့် သားရေကြိုး၊ အပ်ချည်များသိမ်းချည်းရာ ဂိုထောင်လို နေရာမျိုး တွင်တော့ နာနာဘာဝခေါ်တစေ်္ဆသရဲများ ခိုအောင်း နေထိုင်လေ့ရှိကြောင်း ယုံတမ်းစကား များ ပြောလေ့ရှိကြ သည်။ သူတို့နှုတ်မှ ပြောကြ ဆိုကြလွန်းတော့ တချို့မြန်မာအစ်မတွေကတောင်
                “မရှိဘူးလို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့ သူတို့အယူအရ ရွတ်တာ ဖတ်တာတွေ ဘယ်လောက်ပဲ ရှိရှိ၊ တို့ဗုဒ္ဓဘာသာ လိုမျိုး အမျှဝေတာ တို့ဘာတို့ မရှိတော့လည်း ရိုးရိုးသေတာမဟုတ်ပဲ တခုခုစွဲလမ်းပြီး သေတာမျိုးဆို ကျွတ်ပါ့မလားမသိဘူး။ တစ်ခါတစ်လေ အလုပ် ထဲမှာ  သရဲဝင်စီးတာ ခဏခဏ မြင်ဖူးတယ်မဟုတ်လား”
                 လို့ မေးခဲ့ဖူးတာ သတိရမိသည်။ သူပြောသလိုပင် အလုပ်ခွင်ထဲမှာ သရဲဝင်စီးတာ ဆိုသည်မျိုးကို ကျွန်မ မကြာခဏ လိုလိုပင် မြင်တွေ့ခဲ့ဖူးသည်။ တစ်ရက်က အလုပ်သွားသည့် မနက်ပိုင်းအချိန်ရှစ်နာရီလောက်တွင် ကျွန်မရှေ့မှ ယူနီဖောင်းနှင့် အလုပ်သမလေး ရုတ် တရက် မူးလဲသွားသည်။ နောက်တော့ ချက်ချင်းသတိပြန်ရလာကာ မြေပေါ်တွင် အာခေါင်ခြစ် ၍ အော်ဟစ်လူးလိမ့်နေတော့သည်။ နံဘေးမှာ အဖော်များ ၀င်ဆွဲသော်လည်း ခန္ဓာကိုယ် ပိန်သေးသေးလေးသူ့ကို မနိုင်သလိုဖြစ်ရ သည်မို့ ဆိုင်ကယ်စီးပြီး အလုပ်တက်သော အလုပ်သမား ယောက်ျားကြီးတွေ ပြေးလာကာ ၀င်ဆွဲရလေသည်။ နောက်တော့ လူကြီး တစ်ယောက်က ရေတစ်ခွက်ကိုင်ပြီး မန်းမှုတ်သလို တစုံတခု ရေရွတ်ကာ ထိုကောင်မလေးခေါင်းပေါ် ပက်ဖျန်း လိုက်ပြီး ရေအတင်းတိုက်လိုက်မှ ငြိမ်ကျသွားသည်။ ကျွန်မတို့ကတော့ ပရိတ်ရည်လို အရည်မျိုးဖြစ်မည်ဟု နားလည်လိုက် သည်။ တအံ့တသြနှင့် ကျွန်မကြည့်နေမိပြီး ရုံးထဲဝင်ရောက်လာသောအခါ အလုပ်သမားတွေက ပြုံး လျှက် ကျွန်မကို စကြသည်။
          “မစ်စ်ချယ်ရီ အခုသရဲဝင်ပူးတာ တွေ့ပြီမလား၊ အရင်က ပြောတုန်းကတော့ စက်ရုံမှာသရဲမရှိဘူးဆို”
           “ဟယ်- နင်တို့သရဲကလဲ မနက်စောစောစီးစီး”
           ကျွန်မမှာ ကိုယ်တိုင်မြင်တွေ့ခဲ့ရလျက်နှင့် မယုံနိုင်ဘဲ တအံ့တသြ ဖြစ်နေဆဲမို့ အလုပ်သမားလေး တစ်ယောက်က
           “ သူအဲ့လိုဘာလို့ အော်နေတာလဲ သိလားမစ်စ်၊ ပူလို့လေ သူတို့ကိုယ်ကြီး ၀င်စီးတော့ မခံနိုင်ပဲ ပူလို့ အော်ဟစ်နေတာ”
လို့ ဆိုနေပြန်သေးသည်။ နောက်များမကြာမီ အသစ်ရောက်လာသော မြန်မာမလေးမေရီက စာရင်းကိုင်အဖြစ် ကျွန်မရှိရာ  နမူနာ အခန်း ကို ရောက်လာသည်။ ကျွန်မလွဲ၍ အင်ဒိုနီးရှားအလုပ်သမားတွေပဲ ရှိသည့် ဒီနမူနာအခန်းတွင် နောက်ထပ် မြန်မာဝန်ထမ်း တစ်ယောက်တိုးလာသလို အဆောင် တွင်လည်း သူနှင့်ကျွန်မ တစ်ခန်းတည်းအတူနေရသည်မို့ သွားသွားစားစား အဖော်ရလှသည်။ သူကလည်း လောကကြီးထဲ သရဲရှိသည် ဆို သည်ကို ယုံကြည်ခြင်း မယုံကြည်ခြင်းထက် လုံးဝမကြောက်တတ်သူမို့ အင်ဒိုနီးရှား လူမျိုးတွေက သူတို့ကိုယ်တွေ့ သရဲဇာတ်လမ်းတွေ လာပြောပြတိုင်း ဟာသပုံပြင်နားထောင်ပေးသလို တဟီးဟီးတဟားဟားနှင့် ရယ်မောပြီး ကျွန်မဘက် မှ အခိုင်အမာ ရပ်တည်တတ်သူ ဖြစ်သည်။        
           “မစ် မေရီ တကယ်မယုံဘူးလား၊ ကျွန်မယောက်ျား ညရှစ်ပ်ဝင်ရတုန်းအကြောင်း ပြောပြမယ်။ အဲ့ဒီတုန်းက ပိတ်ဖြတ်စရာတွေ ကုန်သွားလို့ ဂိုထောင်အပြင်ဘက်နားက ပိတ်စပုံမှာ ထပ်သွားယူတာ လမ်းတ၀က်ရောက်တော့ အပေါ်ထပ်က အသံတွေကြားလို့ လှေကား ကနေ ချောင်းကြည့်တာ ပရိုဒတ်ရှင်း(ထုတ်လုပ်မှုအခန်း)မှာ ဆံပင်ဖားလားနှင့် စက်ထိုင်ချုပ်နေတဲ့ သရဲမကြီးကိုတွေ့ရတယ်တဲ့။ ဒါနဲ့သူက လည်း လန့်ဖျပ်ပြီးပြေးဆင်းတော့ နောက်ကန အဲ့ဒီအရိပ်ကြီး ကပ်ပါလာတယ်တဲ့။ သူလည်း ကြောက်ကြောက်နဲ့ ထွက်ပြေးလိုက်တာ အရိပ်ကြီးက သူ့နောက်ကနေ တဖြည်းဖြည်းနဲ့ ကြီးလာပြီး နံရံပေါ်တက် လမ်းလျှောက်ပျောက်ကွယ် သွားတဲ့ အကြောင်း ပြောပြဖူးတယ်”
           အဲ့ဒီတုန်းက ကျွန်မက အနည်းငယ် ကျောချမ်းချင်သော်လည်း မေရီကတော့ ရယ်မောလျက်သာ။ သူက သရဲကားကို ခုံမင် နှစ်ခြိုက်သူဖြစ်ပြီး သရဲလည်း မကြောက်တတ်သူမို့ သရဲရှိသည်ကိုယုံကြည်လွန်းသူ အင်ဒိုအလုပ်သမလေးေ တွနှင့် ငြင်းခုံ ကြလျှင် ကျွန်မ မပြောခင် သူက ဦးဆောင်ဆွေးနွေြး့ပီးသားဖြစ်သည်။
          “နင့်ယောက်ျားက စတာနေမှာပေါ့ ဝေသီရယ်၊ နင်ကိုယ်တိုင်မြင်ဖူးလို့လား”
            “အောင်မလေး မြင်ဖူးတဲ့ အချိန် ဘယ်တော့မှ မရောက်ပါရစေနဲ့” ကောင်မလေးက ရှုံ့မဲ့၍ ဆိုလေသည်။ နောက်ထပ် ရှန်နီဆိုသည့်မိန်းကလေးတစ်ယောက်ကတော့                                   
             “ဟုတ်တယ် မစ်စ် ၊ သူတို့က အသံမျိုးစုံလည်း လုပ်တတ်ကြတယ်။ အဲ့လိုမျိုး” ဟုဆိုကာ လေချွန်သလိုမျိုးလုပ်ပြသည်။
            “နောက်ပြီးတော့ ရယ်သံသလိုလို ၊ တိရစ္ဆာန်တွေအော်သံမျိုးလည်း လုပ်တတ်ကြတယ်။ သူတို့ အဲ့ဒီနေရာမှာ ရှိတယ်ဆိုတာကို အသိ ပေး သလိုမျိုး ပေါ့၊ ကျွန်မအဖေကတော့ အဲ့ဒါသူတို့ ပျင်းလာလို့ လူတွေနဲ့ လာဆော့တာလို့ ပြောတာပဲ”
ဟု စိတ်ဝင်တစား တက်တက်ကြွကြွ ပြောပြသည်။
             “ကလင် ကလင် ကလင်”             
             ရုံးဆင်းဖို့ ဘဲလ်မြည်သံကြောင့် လွင့်မျောနေသော အတွေးတချို့စုစည်းမိချိန် လေးနာရီလည်းထိုးပြီမို့ တစ်ခန်း လုံးကအင်ဒိုအလုပ် သမား ကလေးတွေလည်း ပြန်ဖို့ ပြင်ဆင်ကြလေပြီ။ နိုင်ငံခြားသားလည်းဖြစ်သည့် ကျွန်မ တို့ နှစ်ယောက် ကတော့ လုပ်လက်စ အလုပ်တွေ လည်း လက်စသတ် ရန်ကျန်နေသေးသည်မို့ မိုးချုပ်မှ  သာ ပြန်ဖြစ်ကြသည်။ အလုပ်မများ လျှင်တောင် အလုပ်နှင့် ပတ်သတ်သည့် မေးလ်တွေ စောင့် ဖတ်ရသေးသည်မို့ နေ့စဉ် ညခြောက်နာရီကျော် ခုနှစ် နာရီလောက် မှသာ အိမ်ပြန်ဖြစ်ကြသည်။       
               “မစ်စ်ချယ်ရီ၊ မစ်စ်မေရီ၊ တာ့တာ၊ ပြန်ပြီ။  ဒီနေ့အလုပ်ထဲမှာ မိုးချုပ်အထိ မနေနဲ့နော်၊  ဒီနေ့ ကြာသပတေးညလေ၊ မေ့နေပြီလား၊ တော်ကြာ  “စေသန်း” နဲ့တွေ့နေဦးမယ်”
သူတို့ဘာသာစကားဖြင့်  တစ္ဆေ နှင့်တွေ့နေဦးမယ်ဟု ခြောက်ရုံဖြင့်အားမရသေး။
                “ဟုတ်တယ် မစ် ၊  ဒီမှာ “ဂွန်တီလာနတ်” ရှိတယ်။ အဲ့ဒီကောင်မတွေက ဆံပင်ရှည်ကြီးတွေနဲ့ သူတို့မျက်နှာတွေကို အုပ်ထား ပြီး  ရယ်လို့ရှိ ရင် ဟီ ဟီ့ ဟီ့ ဟီး....လို့ ရယ်တာ။   ဒီနေ့ ညက ဘာနေ့လဲ သိတယ်နော်၊ ဒါကြောင့် စောစောပြန် လို့ ပြောတာ၊ ဟီဟီ”
              သွေးစုတ်ဖုတ်ကောင်သရဲမနှင်ပါ ခြောက်တတ်ကြသေးသည်။ ကိုယ့်ကို ခင်မင်စွာရယ်မောစနောက်ပြီး ထွက်သွားသည့် အလုပ်သမား တွေကို ပြူံးလျှက်လက်ပြနှုတ်ဆက်မိသည်။ ဟုတ်ပါသည်။ ဒါပေမဲ့ သူတို့တမင်လုပ်ကြံပြီး စနောက်ပြောချင်း မဟုတ်ပါ။ ဒီနိုင်ငံမှာ အင်ဒိုနီးရှား လူမျိုးအများစုက ကြာသပတေးနေ့ကို ညဘက် အပြင်သိပ်မထွက်ချင်ကြသလို ရုံးမှာလည်း အိုဗာတိုင်မဆင်းချင်ပဲ စောစော ပြန်ချင်ကြသည်။ သူတို့တွေအားလုံးက  ဒီညမျိုးဆိုလျှင် သရဲများအစာရှာထွက်ပြီး ပျော့်မြူးကြ သည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။       
               “အစ်မတို့လည်း   ကြာသပတေးနေ့ကို အကြောင်းပြုပြီး ဒီနေ့စောစောပြန်ကြရင် ကောင်းမယ်နဲ့တူတယ်”
              ကျွန်မက စနောက်သလို ပြောဖြစ်သော်လည်း ဒီနေ့ လကုန်ရက်မို့ အလုပ်တွေများပြီး မေရီကိုစောင့်ရင်းနဲ့ ညရှစ်နာရီပင် ခွဲသွား လေပြီ။ ကျွန်မတို့ ပြန်သည့်အချိန်တွင် ညနေဘက်မှအလုပ်ဝင်ပြီး မနက်မိုးလင်းမှ ပြန်ရမည့် ညရှစ်အလုပ်သမားတချို့သာ ပိတ်ဖြတ် သည့် နေရာတွင် တွေ့ရပြီး တစ်စက်ရုံလုံးတွင်  လူတစ်ယောက်မှ မရှိတော့ပဲ တိတ်ဆိတ်ငြိမ်သက်ခြင်းအတိ ဖြစ်နေသည် ။ ကျွန်မတို့ နမူနာအခန်း လေးကို သော့ခတ်ပြီး စက်ရုံစောင့်လုံခြုံရေးဆီ သော့အပ်ကာ အဆောင်သို့ပြန်ခဲ့ကြသည်။ အဆောင်က လည်း စက်ရုံဝင်းထဲမှာပင် ဆောက် ထားသောကြောင့် သွားရေးလာရေးအတွက် အဆင်ပြေ လွယ်ကူပါသည်။ ကျွန်မတို့စက်ရုံမှာ ပင်မစက်ရုံ(၁)မှ ခွဲထွက်လာသည့် စက်ရုံ(၂) ၊ (၃)တို့နှင့် ၀န်းရံထားသည်မို့ ဘယ်နေရာကြည့်ကြည့် စက်ရုံတွေကြီးဖြစ်နေပြီး တိတ်ဆိတ်သည့် ညအမှောင်မှာညဆိုင်းဆင်းသူတို့၏ စက်သံများနှင့် မီးစက်မောင်းသံများကိုသာ ကြားရပါသည်။ အဆောင်ရောက် သည်နှင့် အခန်းပေါက်ဝတွင် ထီးထီးကြီးရပ်နေသော ပိန်္နဲပင် ကြီးကို တွေ့လိုက်ရစဉ်  မနက်တုန်းက အယ်လာပြော သည့်စကား များကိုနားထဲ ပြန်ကြားလာမိသည်။ အပင်နှင့် မလှမ်းမကမ်း အမှိုက်ပုံနား တွင် စက်ရုံစောင့်လုံခြုံရေး မှူးကြီး အမှိုက်ပစ်နေ သည် ကို တွေ့ရသည်။ အပင်နားတွင် တွေ့လိုက်ရသော အစောင့်လူမဲကြီးကိုကြည့်ပြီး ကျွန်မ မနေ့တုန်းက မက်ခဲ့ သည့် အိပ်မက် ကို သတိရမိသွားသည်မို့ မေရီကို ပြောပြဖြစ်သည်။
             “မနေ့တုန်းက ဖစ်လပင်းတွေပေးတဲ့ပိန်္နဲသီး တွေစွဲပြီး အိပ်မက်မက်သေးတယ်။ အိပ်မက်ထဲမှာ လူတစ်ယောက်က မေရီရယ်၊ ဒီ အပင်အောက်မှာ အပေါ့စွန့်နေလို့ အစ်မက သူ့ကိုစိတ်ဆိုးနေတာတဲ့ အိပ်မက်ထဲမှာလေ”
           မေရီမှာ အသက်နှစ်ဆယ့်တစ်သာရှိသေးသည်မို့ ငါးနှစ်လောက်ကြီးသော ကျွန်မကအစ်မဟု ကိုယ့်ကိုကိုယ်နာမ်စားသုံး ပြောခြင်း ဖြစ်သည်။
             “ဟုတ်လား သမီးလည်း အိပ်မက်မက်တယ်။  ဒီအပင်ကြီးနဲ့ပဲ။ မိုးလင်းလို့ ပြန်တွေးတော့ ဘာမှမမှတ်မိတော့ဘူး”
 ပိန္နဲပင်ကြီးအကြောင်း အတူတူအိပ်မက်သည် ဆိုတော့ ကျွန်မက လန့်ဖြန့်ပြီး သူ့ကို မျက်လုံးပြူးပြီးကြည့်မိသည်။
            “ဘာဖြစ်တာလဲ အစ်မရဲ့၊ မကြောက်ပါနဲ့ ။ တိုက်ဆိုင်တာပါ ၊ငါ့အမရယ်”
      သူက ကျွန်မလန့်သွားသည်ကို ရိပ်မိသည့်အလား လက်ဆွဲ၍ အိမ်ထဲသိုခေါ်လာသည်။ နှုတ်ဆက်သည်။ ရေချိုး၊ ထမင်းစားပြီး သောအခါ နောက်နေ့ ချက်စရာဆန်ကုန်နေပြီမို့ မေရီကိုခေါ်ပြီး အနီးနားမှ ကုန်စုံဆိုင်တွင် သွားဝယ်ရသည်။ ရုံးပိတ်ရက်မှပဲ ဆန်အိတ်လိုက် ၀ယ်ဖို့ စိတ်ကူးပြီး သောကြာနေ့တစ်ရက်တွက် နှစ်ယောက်စာ  ဆန်နို့ဆီဗူး သုံးလုံးလောက်ဝယ်ပြီး အဆောင်ပြန်လာကြသည်။ အဆောင်မှာ ကျွန်မတို့နှစ်ယောက်က အိပ်ခန်း တစ်ယောက်တစ်ခန်းစီဖြင့် ဧည့်ခန်း၊ မီးဖိုချောင်၊ရေချိုး ခန်းနှင့် အိမ်သာတို့ကို အတူတွဲသုံးရသည်။ အိပ်ခန်း နှစ်ခန်းကြား အလယ်စင်္ကြန်ရှိ ကျွန်မတို့ထိုင်နေ၊ ထမင်းစားနေကျ စားပွဲလေး မှာ အတူထိုင်ပြီး  စကားပြောရင်း စားပွဲပေါ်ရှိ ရေဒီိယိုလေး ကို မေရီက ကလိရာမှာ လိုင်းမဖမ်းမိပဲ တဂျီဂျီ အသံထွက်လာသည်။
             “မေရီရယ် နားထောင်တာလည်း မဟုတ်ပဲနဲ့ အစ်မနဲ့ စကားပြောဦးမယ်ဆိုရင် ဒီရေဒီယိုကို ထားလိုက်စမ်းပါ”
        ကျွန်မကပြောတော့ သူကသဘောတူစွာ ရေဒီယိုကို စားပွဲခုံအံဆွဲလေးထဲ ထည့်ထားလိုက်သည်။ နောက်တော့ သူနှင့် အလုပ် ထဲ က ပြဿနာတွေကို ခဏဆွေးနွေးပြီးချိန်  ညဆယ့်တစ်နာရီခွဲပြီမို့ မေရီကိုနှုတ်ဆက်ပြီး ကိုယ့်အိပ်ခန်းလေးထဲ ၀င်လာခဲ့သည်။ အခန်းထဲ ရောက်တော့ ကျောချလှဲရင်း မအိပ်ချင်သေးသည်မို့ လက်ထဲရှိ အင်ဒိုနီးရှားအချစ်ဝတ္တုတိုလေးကို ဟိုလှန်ဒီလှန်လုပ်၊ နားမလည်သည်တို့ကို ဒစ်ရှင်နရီကြည့်ရင်း အိပ်ရာပေါ်တွင်မှောက်ရက်သား ကျွန်မတစ်ယောက်တည်း အလုပ်ရှုပ်နေသည်။  ခဏ ကြာတော့ ကျွန်မတို့ဧည့်ခန်းထဲမှ ထွက်လာသည်ဟုထင်သော အသံနက်ကြီးကို ကျယ်လောင်စွာကြားလိုက်ရသဖြင့် ရုတ်တရက် ကျွန်မလန့်ဖျပ်ပြီး ထထိုင်မိသွားသည်။          
            “ဂြီ..........ဂီြး”
           အသံကြီးအော်မြည်သံအဆုံး ဘူးသော့မချရသေးသော ကျွန်မအခန်းထဲသို့ ယုန်ကလေးတစ်ကောင်လို ခုန်ပေါက်ပြီး ရောက် လာသူ မှာ မေရီဖြစ်သည်။ သူ့မျက်နှာကတော့ သွေးမရှိသလို ဖြူဆွတ်နေသည်။
          “အစ်မရေ.. အစ်မ ခုနကကြားလိုက်တယ်မဟုတ်လား၊ ဘာသံကြီးလဲမသိဘူး၊ အရမ်းကြောက်ဖို့ ကောင်းတာပဲ၊ သမီးတို့ အခန်း  မီးခလုတ်ခုံထဲက ထွက်လာတာလို့ ထင်တာပဲ။ အကျယ်ကြီးပဲ အစ်မရယ် ကြောက်လိုက်တာ”
            ကြောက်ရွံ့တုန်လှုပ်စွာ ပြောနေသော မေရီကိုကြည့်ပြီး ကျွန်မကိုယ်တိုင်လည်း ရုတ်တရက် ဘာပြောရမှန်းမသိသလို ဆွံ့အနေ မိသည်။ အသံကြီးက ကျယ်လောင်လွန်းသည်မို့ အခန်းပြင်ပကမဟုတ်ပဲ၊ ကျွန်မတို့ အခန်းထဲကဟု ထင်မိသော်လည်း သူပြောသည့် မီးခလုတ်ထဲက ထွက်လာသည့် အသံကြီးဟုတ်မဟုတ်ဆိုသည်ကို မဆုံးဖြတ်နိုင်သေးပဲ ကျွန်မကြက်သေသေ မိသည်။
           “အသံကိုတော့ အစ်မလည်း ကြားလိုက်တယ်။ အခန်းအပြင်ဘက်က မဟုတ်ဘူးလား မေရီရယ်”
            “ဘယ်ကလာ အစ်မကလည်း မဟုတ်ဘူးအစ်မ၊ လုံးဝမဟုတ်ဘူး။ သမီးတို့ အခန်းထဲက၊ တကယ် သမီး လိမ်မပြောဘူး။ သမီး အနားနားကပ်ပြီး ပြောသလိုပဲ ၊အသံကြီးက ရုတ်တရက်ထွက်လာတာ။  အခန်းထောင့်မီးခလုတ်က ထွက်လာတယ်လို့ သမီးတော့ ထင်တာ၊ အစ်မလည်း ကြားတယ်မဟုတ်လား အောင်မလေး၊ အသံက တကယ့် အကျယ်ကြီးမှ အကျယ်ကြီး”
               သရဲမကြောက်သော မေရီဆိုသည့် ကောင်မလေး မဟုတ်တော့သလို၊ ကြက်သီးထနေသည်မို့ လက်လေးနှစ်ဖက်ကို ပိုက်လျက် ပွတ်သတ်ရင်း ကြောက်ရွံ့စွာ ကျွန်မကိုပြောပြနေသည်။ ကျွန်မကလည်း အသံကြီးဘယ်ကထွက်လာသလဲဆိုတာကို သံသယ ရှိနေသည်မို့ သူ့ ကို ခေါ်ပြီးဧည့်ခန်းထဲ ပြန်ထွက်စစ်ဆေးမိသည်။ စလိုက်ဒိုးပုံစံဖြင့်ပိတ်ထားသော မှန်အမည်း များမှတဆင့် မှောင်မည်းနေသော ပတ်ဝန်း ကျင်ကိုလှမ်းမြင်ရပြီး အမှောင်ထဲရှိပိန်္နဲပင်ကြီကို ထီးထီးကြီးတွေ့ရသေးသည်မို့ ကျွန်မ ပါကျော ချမ်းချင်သွားသည်။ ကျွန်မတို့ နှစ်ယောက် တည်း လက်ချင်းတွဲလျက် ဧည့်ခန်းနှင့် အလယ်စကြံလမ်း ကလေးများ ကို ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း မေရီပြောသည့် ဂွီဆိုသည့် အသံကြီး ထွက်ပေါ်လာသည်ဆိုသည့် မီးခလုတ်ကိုလည်း ဖွင့် လိုက် ပိတ်လိုက် လုပ်ကြည့်ကြသည်။ တကယ်တော့ အဲ့ဒီမီးခလုတ်မှာ နေ့စဉ်ထမင်းအိုး တည်ရာတွင်သုံးသော မီးခလုတ်ြ ဖ စ်လေ သည်။ ဘာသံမှထပ်မကြားရတော့ပဲ တိတ်ဆိတ်ခြင်း အမှောင်ထဲတွင် နံရံကပ်နာရီ လက်တံက ည ဆယ့်နာရီခွဲ သို့ ညွှန်ပြ လျှက် ရှိသည်။
           “အစ်မလည်း ကြားတယ်မဟုတ်လား။ ဂွီဆိုပြီး အသံရှည်ကြီးဆွဲတဲ့ အသံကဒီနေရာကနေတကယ်ထွက်လာတာ၊ အခုကျ တော့ ဘာသံ မှ မကြားရတော့ဘူး”
              မေရီက မီးခလုတ်တပ်ထားသော အခန်းထောင့်သို့ လက်ညှိုးဖြင့် ညွှန်ပြရင်း တုန်လှုပ်စွာ ပြောသည်။
        “အစ်မလည်း ကြားလိုက်ပါတယ်။ ဒါပေမဲ့ အခုကြားမှ မကြားရတော့တာ၊ မနက်ကျရင်တို့တွေ အလုပ်လုပ်ရဦးမှာ အိပ်ကြစို့”
            ကျွန်မသူ့ကိုနှုတ်ဆက်ပြီးအခန်းထဲဝင်ဖို့ပြင်တော့ မေရီကသူဒီနေ့တစ်ယောက်တည်း မအိပ်ရဲဟုဆိုကာ ကျွန်မနှင့် အတူလာ အိပ်ပြီး အခန်းမီးကိုလည်း တစ်ညလုံးဖွင့်ထား၏။ ဒီကောင်မလေး တော်တော်ကြောက်သွားပါလားလို့ ကျွန်မတွေးနေမိပြီး ကျွန်မကိုယ်တိုင်လည်း အသံကြီး ဘယ်ကထွက်ပေါ်လာသလဲဆိုတာ စဉ်းစားရင်း မနက်မိုးလင်းခဲ့ရလေသည်။ တစ်ဖက်မှာတော့ မိမိအားကိုးရာ ပဋ္ဌာန်းနှင့် မေတ်္တာသုတ်တို့ကို ထပ်တလဲလဲရွတ်ရင်း ထိုအသံသည် ကျွန်မတို့အခန်းနှင့်နီးကပ်နေသော နေရာမှ ညဉ့်ငှက်တစ်ကောင်၏ အော်မြည်သံလား၊ ဒါမှမဟုတ် ကျွန်မတို့ကြားနေကျ အစောင့်လုံခြုံရေးမှုးတွေစီးသည့် ဆိုင်ကယ် စက်နှိုး သံလား စဉ်းစားကြည့်မိသည်။ ဘာပဲဖြစ်ဖြစ် ရုတ်တရက်ကြီး ပေါ်ထွက်လာသော ယင်းအသံသည် တစေ်္ဆသရဲ၏အသံတော့ မဖြစ်နိုင်ရာဟု တထစ်ချယုံကြည်မိလိုက်ရင်း ကျွန်မ မိုးလင်း ခါနီးမှ မှေးကနဲအိပ်ပျော်သွားသည်။မနက်မိုးလင်းလာတော့ အိပ်ရာထနောက်ကျသည့် ကျွန်မကို ပြဿနာကစောင့်ကြိုနေသည်။ ကျွန်မ ထက်စောေ စာ နိုးနေပုံသော မေရီက ထမင်းချက် ဖို့ ပြင်ဆင်နေရင်းမှ ကျွန်မရှိရာ ရေချိုးခန်းလေးထဲသို့ ထမင်းအိုးလေးကိုင်လျက် အူယားဖားယား ရောက်လာသည်။
         “အစ်မ၊ အစ်မ မနေ့က သမီးတို့ ဆန်ဝယ်တုန်းက အိတ်ပေါက်နေတာတွေ့လား”
                ကျွန်မက သွားတိုက်ရင်းနှင့် ခေါင်းခါပြလိုက်သည်။
         “အခု ဆန်အိတ်ကြီးပေါက်နေတယ်၊ ဘယ်လိုလုပ်ရမလဲ”
         ပထမတော့ သူဘာမေးတာလဲဆိုတာ ကျွန်မကသိပ်သဘောမပေါက်တာမို့ သူကစိတ်မရှည်စွာ မနေ့တုန်းက ၀ယ်လာသည့် ဆန်အိတ် လေးကို မ ပြလိုက်သည်။ ဆန်စေ့များ အိတ်ပေါက်မှ တန်းစီထွက်ကျလာတော့သည်။
               “ဟယ်”
               “တွေ့လားအစ်မ၊ ဒါမနေ့က ဂွီလို့အော်တဲ့ သရဲလက်ချက်ပဲဖြစ်မယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲ”
              ကျွန်မတို့အခန်းတွင် ကြွက်တို့ဘာတို့လည်း လုံးလုံးမရှိဘဲ ဒီလိုလည်း တစ်ခါမှ မဖြစ်ဘူးသောကြောင့် သူ့ကို ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ဒါပေမဲ့ ကိုယ်က လူကြီးဆိုတော့                                      
               “ဘာမှမဖြစ်ပါဘူး ညီမရယ်၊ ချက်လိုက်ပါ အရမ်းကြီး အစွဲအလမ်းမထားပါနဲ့”
         ကျွန်မကလည်း သူ့ကိုအားပေးမယ့်သာ ပေးရသည်။ နဂိုတည်းက အကြောင်းရှာပြီး ကြောက်တတ်သူက ကျွန်မပဲ ဖြစ်တတ် တာမို့ အားတင်းပြီး ပြောရသည့်စကားမှာ မျက်နှာတော့ ခပ်ပျက်ပျက်ဖြစ်နေမှာသေချာလှသည်။
              “ပြီးရင်တော့ ကိုဘိုဘိုနဲ့ ကိုကယ်လ်ဗင်တို့ကို ပြောပြရမယ်။ ရုံးကဟာမတွေကိုတော့ ပြောလို့မဖြစ်ဘူး၊နဂိုတည်းက သမီးတို့ကို ဆို ခြောက်ချင်ချင်”ဟု မေရီက ဆိုသည်။
              ကျွန်မနှင့် ရွယ်တူဖြစ်သော ဘိုဘိုနှင့် ကယ်လ်ဗင်တို့နှစ်ယောက်မှာ ကျွန်မတို့နှင့်  အလုပ်ဌာန မတူသော်လည်း အဆောင်မှာ ဘဲနေသော ခင်စရာကောင်းပြီး ကူညီတတ်သည့်  မြန်မာသူငယ်ချင်းတွေဖြစ်သည်။ ကျွန်မတို့နှစ်ယောက်စလုံးလည်း ညက ကောင်းကောင်း အိပ်မပျော်သည်မို့ ကော်ဖီသောက်ပြီးသည်နှင့် နေ့လည်စာ ထမင်းနှင့်စားဖို့အတွက် ထွေထွေထူးထူး မချက်ပြုတ်တော့ပဲ ကြက်ဥတစ်ယောက် တစ်လုံးစီသာ ကြော်ထားကြသည်။ ကျွန်မရေချိုးနေချိန်တွင် ဘိုဘိုနဲ့ကယ်ဗင်ကို မေရီက အကျိုးအကြောင်း ဖုန်းဆက်ပြောပြီး နေပြီဖြစ်သည်။ ရုံရောက်တော့လည်း သရဲအကြောင်းတွေးဖို့ အချိန်မရနိုင်လောက်အောင် အလုပ်တွေရှူပ်နေပြီး နေ့လည်ထမင်းပြန်စားတော့မှ ကယ်လ်ဗင် တို့နှစ်ယောက်နှင့် အဆောင်ပြန်သည့်လမ်းတွင်တွေ့ရသည်မို့ သူတို့ကပဲစပြီး အကျိုးအကြောင်းမေးသည်။ ဒီတော့မေရီက မနေ့က သန်းခေါင် ချိန်မှာ ကြားရသော ဂွီဆိုသည့် အသံရှည်ကြီးနှင့် မနက်ပိုင်း ဆန်အိတ်ပေါက်သည့် အကြောင်းတွေကို ထိတ်လန့်ဖွယ် ပြောပြသည်။ သူ့စကားဆုံးသော ကျွန်မတို့ကိုနှစ်ယောက်ကို ကြည့်ပြီး  “အရူးမနှစ်ကောင်၊ နင်တို့တော့ တီဗီမှာလာနေကျ သရဲကားတွေကြည့်ရင်းနဲ့ ဂေါက် သွားပြီနဲ့ တူတယ်”ဆိုသည့် ခပ်ပေါ့ ပေါ့ စကားဖြင့်နှစ်သိမ့်သည်။ ဒါပေမဲ့ ကျွန်မတို့အခန်းထဲရောက်တော့ မေရီ၏ အလန့်တကြား အသံ ကြောင့် သူတို့ပါ ဂေါက်သည့် စာရင်းထဲဝင်သွားသည်။
      “ကဲ-သမီးတို့ပြောတာကို အစ်ကိုတို့ကမယုံဘူး။ မနေ့က ဒီပလတ်ပေါက်က အသံထွက်လာတာပါဆိုနေမှ အခုဒီမှာ  ထမင်းအိုးကို ကြည့် တွေ့လား”
        ကယ်လ်ဗင်က ထမင်းအိုးကိုကြည့်ပြီး-    
       “ထမင်းမနပ်တာများ ဘာဆန်းလဲမေရီရ”
       “ထမင်းမနပ်ရင် အောက်ကကျက်ပြီး အပေါ်ကမကျက်ပဲနေမှာပေါ့၊ ဘာလို့ အခုအပေါ်က ကျက်ပြီး အောက်က ဆန်စေ့တွေ အတိုင်း ဖြစ်နေတာလဲ”
        “ဟာ အဲ့ဒါတော့ ငါလည်းမသိဘူးဟာ ၊ နင်တို့ နှစ်ကောင်တော်တော်အလုပ်ရှူပ်တဲ့ ဟာလေးတွေ၊ မကျက်သေးတော့လည်း အခု မီး ခလုတ် ပြန်နှိပ်ပြီး ပြန်တည်လိုက်ပေါ့၊ ကျက်ရင်စားလိုက်ပေါ့”
         ကယ်ဗင်က စိတ်မရှည်သလိုပြောတော့ မေရီက ငိုမဲ့မဲ့ဖြင့်
          “ဟင့်အင်း မစားရဲပါဘူး။ အစ်မပဲစား”
             ငါလည်း မစားချင်ပါဘူး “
      ကျွန်မလည်း စိတ်ပျက်စွာ ပြောလိုက်သည်။ နောက်တော့ ရေခဲသေတ်္တာထဲမှာ ပန်းသီးနှင့် သစ်တော်သီးတွေခွဲစားဖို့ ယူလိုက်ပြီး အမှတ်မထင် ရေခဲသေတ်္တာ အပေါ်ဆင့်ကိုဖွင့်ကြည့်လိုက်တော့ အမဲသားလိုလို၊ ၀က်သားလိုလို အသားထုပ်တစ်ထုပ်ကို ကြွတ်ကြွတ် အိတ် အဖြူ  နှင့် ထုတ်ထားတာတွေ့ရသည်။
         “ဟဲ့ ဒီမှာဘာသားထုပ်ကြီးလဲ၊ နင်တို့ ထည့်ထားတာလား”
 အိမ်ရှေ့ဝင်ပေါက်အခန်းတံခါးနှင့် အိမ်နောက်ဖေးတံခါးကို သော့မခတ်တတ်ပဲ ကိုယ့်အိပ်ခန်းကိုသာခတ်ထားတတ်သည့် ကျွန်မတို့ နှစ်ယောက်အခန်းလေး၏ ရေခဲသေတ်္တာထဲ ပစ်္စည်းဝင်ထည့်တတ်သူ သူတို့နှစ်ဦးကို ဦးထည်မေးလိုက်သည်။ သူတို့က အသားထုပ်ကြီး ကိုင် ကြည့်ပြီး မထည့်ပါဘူးဟု ဆိုကာ ခေါင်းခါပြသည်။ နောက်တော့ ဘိုဘိုက ပြောင်ချော်ချော်မျက်နှာပေးဖြင့် ဩမနေ့တုန်းက အသံနဲ့ခြောက် တဲ့သရဲက ဒီနေ့ အသားနဲ့လာခြောက်တာ၊ ညကျရင် လူကောင်လိုက်ကြီး ပေါ်လာလိမ့်မယ်၊ ဟီဟီ”ဟု စနောက်နေသည်ကို စိတ်ဆိုးဖို့ ထက် ကြောက်လန့်စိတ်က ၀င်လာသည်။       
         “တစ်ခုပြီးတစ်ခုဖြစ်နေတာပဲ သမီးကြောက်လိုက်တာ အစ်မရယ်”
အသံကြီးကို နီးနီးကပ်ကပ်ကြားခဲ့ရသော မေရီက လက်လေးနှစ်ဖက်ကို ပါးပေါ်အပ်ပြီး ကြောက်လန့်စွာ ပြောချိန်တွင် ကျွန်မက လည်း အသည်းငယ်သူမို့ မျက်ရည်ဝဲချင်မိသည်။
         “ကဲနင်တို့ဒီလောက်ကြောက်နေရင် ဒီအသားထုပ်ကြီး ဘယ်သူထည့်ထားလဲဆိုတာ မရိုစီတို့၊  မစနီ်္ဒတို့ကို ဖုန်းဆက်မေး လိုက်၊ သူတို့ မထည့်ထားရင်တော့ နင်တို့ မနေ့ကကြုံတဲ့ သရဲအကြောင်းကို ပြောပြလိုက်၊ သူတို့ဆီက အကြံ ဥာဏ် တော့ ရမှာပဲ ”
            ကျွန်မတို့လေးယောက်ထက် လုပ်သက်ကြီးသည့် အစ်မနှစ်ယောက်ကို ဖုန်းဆက်မေးတော့လည်း သူတို့က ဘာအသားမှ ကျွန်မတို့ ရေခဲသေတ်္တာထဲ မထည့်ဟု ဆိုသည်မို့၊ သရဲအကြောင်းတော့ ပြန်မပြောဖြစ်သေးပဲ စဉ်းစားရကြပ်နေဆဲ ရုတ်တရက် တံခါးလာခေါက်သည်မို့ ကြည့်လိုက်သောအခါ အန်တီရှယ်လီဖြစ်နေသည်။ အန်တီရှယ်လီမှာ ကျွန်မတို့မြန်မာလူမျိုးတွေထဲ ရာထူးရော၊ အသက်ရောအကြီးဆုံးဖြစ်ပြီး ကျွန်မတို့ကို အုပ်ချုပ်သည့်မိဘလို အမြဲကူညီထိန်းကျောင်းပဲ့ပြင်ပေးသူဖြစ်သည်။ သူက ကျွန်မတို့နှစ်ယောက်ကြောင့် အခြောက်တိုက် ထမင်း ငတ် သွားသော ဟိုနှစ်ကောင်နှင့် သွေးပျက်အောင် ကြောက်ရွံ့နေသော ကျွန်မတို့နှစ်ယောက်ကို တံခါးအဖွင့်တွင် တွေ့လိုက်ရသည်မို့ အနည်ငယ် အံ့သြသွားသည်။
         “ချယ်ရီရေ ဒီမှာ ပြောစရာရှိလို့၊ တို့မနက်က ရုံးသွားနောက်ကျရတဲ့ထဲ ဟို ဖစ်လပင်းမိန်းမ တီနာက သူ့ရေခဲသေတ်္တာ ပျက်နေ လို့ ဆိုပြီးတို့ဆီမှာ အသားထုတ် လာထည့်လို့လေ ၊ အိမ်မှာ မချက်ရသေးတဲ့ အသားတွေနဲ့ ပြည့်နေလို့  ၊ ချယ်ရီတို့ဆီမှာပဲ ထည့်ဖို့ သူတို့ ပြော လိုက်တာ”
        သူစကားကြားတော့ ကျွန်မတို့နှစ်ယောက်က သက်ပြင်းချနိုင်ပေမယ့် ဟိုနှစ်ယောက်ကတော့ ဖွစရာအကွက်တွေ့သွားသည်။
        “တော်သေးတာပေါ့ အန်တီရယ် တရားခံက အခုမှပေါ်လာလို့။ ဒီမှာ မပြောချင်ပါဘူးအန်တီရယ် သူတို့အခန်းမှာ သရဲခြောက်လို့ ဆိုပြီး ကျွန်တော်တို့ကိုလာပြောနေတာ၊ အန်တီသာ လာမပြောရင် အဲ့ဒီအမဲသားထုပ်ကို သရဲထည့်တယ်ဘဲ သူတို့ထင်နေမှာ ကြည့်လုပ်ဦး အန်တီ့ကလေးနှစ်ကောင်ကို”
       “ဟုတ်တယ်အန်တီရေ ဟိုဂွီဆိုပြီး အသံအကျယ်ကြီးကြားရကစတာတဲ့”
        သူတို့နှစ်ယောက် အပြောကြောင့် အန်တီရှယ်လီက မျက်ခုံးတွန့်ပြီး ကျွန်မတို့နှစ်ယောက်ကို စူးရဲစွာကြည့်သည်။ အန်တီရှယ်လီလို ဘာသာရေးကိုင်းရှိုင်းပြီး အရာရာမှာအမြဲတိကျမှန်ကန်လွန်းသူ၊ ကျွန်မတို့ဘ၀မှာ စံပြထားလေးစားရသူ၏ ဒီလိုအကြည့်မျိုးကို၊ ဘယ်လိုအချိန် တွေမှာ ကြုံတွေ့ရသည်ကို ကျွန်မက မေရီထက် ပိုနားလည်သည်မို့ ဘာစကားမှ မပြောနိုင်ပဲ အာစေးထည့်ထားသူလို နှုတ်ဆိတ် အသံတိတ် နေမိသည်။ မေရီကတော့ သရဲဓာတ်ပြားဟောင်းကြီး အစအဆုံးပြန်ဖွင့်ပြီးချိန်တွင် အန်တီရှယ်လီ၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။
        “ ညနေ ရုံးဆင်းချိန်ကျရင် တို့ရုံးခန်းကို နှစ်ယောက်စလုံးတက်လာခဲ့နော် ၊ ကြားလား “
                                                                       +++                                                                             
             ညနေလေးနာရီ ထိုးရုံးဆင်းချိန်တွင် ကျွန်မတို့ နှစ်ယောက်စလုံး အပြစ်လုပ်ထားသူတွေလို အန်တီရှယ်လီ ရုံးခန်းထဲသို့ မျက်နှာငယ် လေး တွေနှင့် တက်ခဲ့ကြသည်။ အန်တီရှယ်လီစားပွဲရှေ တွင် ထိုင်နေချိန် အန်တီကတော့ ကွန်ပြူတာရှေ့တွင် ကုမဏီ များစွာမှ ရောင်းသူ ၀ယ်သူ တချို့နှင့် အပြန်အလှန်မေးလ်နှင့် စကားပြောရင်း အလုပ်ရှုပ်နေသည်မို့ ဆယ့်ငါး မိနစ် လောက် နှစ်ယောက်သား အသံတိတ် ထိုင်ရင်း စောင့်နေရသည်။ အန်တီရှယ်လီ၏ ဆုံလည်ကုလားထိုင်လေး ကျွန်မတို့ ဘက် လှည့်လာသည်။
      “တို့က အခု ချယ်ရီနဲ့မေရီကို အရမ်းစိတ်ပျက်သွားတယ်။ ခုနက မေရီပြောပြတာကိုနားထောင်ပြီး ဒီလိုသိပ်္ပံခေတ်မှာ မွေးလာတဲ့ ခေတ် လူငယ်တွေက ဘာလို့ဒီလို အယူတွေ၊ စိတ်စွဲလမ်းတာတွေ ရှိနေတာလဲဆိုတာ အရမ်း အံ့သြနေ မိတယ်။ နောက်ပြီးတော့ စက်ရုံမှာဆို အလုပ်တွေမအားလို့ မနားရတဲ့ အချိန်မှာ အဲ့ဒီလို ဘာမဟုတ်တဲ့ အပိုအလုပ်တွေနဲ့ စိတ်ခြောက်ခြားနေရင် ဘယ်လိုလုပ်ပြီး အလုပ်ဆက် လုပ်မှာလဲ။ ဒီအဓိပ်္ပာယ်မရှိတဲ့ သရဲတစေ်္ဆတွေကို မကြောက်ရဘူး၊ မလန့်ရဘူးတော့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဒီကလူတွေလို ဘာသာခြား တွေက ဘာလို့ သရဲကြောက်တာလဲဆိုတော့ သူတို့ နားမလည်လို့ သူတို့မသိလို့။ အခုချယ်ရီတို့က ဗုဒ်္ဓဘာသာမြန်မာလူမျိုးတွေဖြစ်တယ်။ သရဲတစ္ဆေဆိုတာ တို့လူတွေထပ်နိမ့်ပြီး လူတွေအနား မကပ်နိုင်တဲ့လောကသားတွေ၊ ဒါတွေကို ကြောက်တယ်ဆိုလည်း အကျိုးအကြောင်း ဆက်စပ်တွေးခေါ်ပြီး မှ ကြောက်ပေါ့။ လန့်ပေါ့ ။ အခုတော့ ဘာမဟုတ်တဲ့ အသံလေးကြားတာနဲ့၊ ဘာမဟုတ်တဲ့ ထမင်းမကျက်တာ နဲ့ ရေခဲ သေတ္တာ ထဲမှာ အသားတွေ့တာနဲ့ ကြောက်လန့်နေတော့ ဘယ်လိုလုပ်မလဲ။ ပြီးတော့ မေရီဆိုပြောရင်းဆိုရင်းနဲ့ ငိုတောင်ငို တယ်။ မေရီက အငယ်ဆိုတော့ သူအခုလို ကြောက်လန့်ပြီး ငိုတာတွေကို အတူနေတဲ့ ချယ်ရီကလည်း အကြီးဆြို့ပီး ထိန်းမယ် ၊ ပြောပြမယ်မရှိဘူး။ သူကပါ လိုက်ကြောက်နေ တယ်။ ကဲ အခုယူတို့ကို အလုပ်ထဲမှာ ဘယ်နေရာမှာလူကြီးလုပ်ခိုင်းပြီး သုံးစားရမလဲ။ ပြောပါဦး ။တကယ် စိတ်ပျက် တယ်”
      အန်တီရှယ်လီက တကယ်စိတ်ပျက်လက်ပျက်ပြောနေတာမို့၊ ကျွန်မတို့နှစ်ယောက်စလုံး လည်း ရှက်စိတ်နှင့် ၀မ်းနည်းစိတ်တွေ ရော ထွေးပြီး အော်ဟစ် ငိုကြွေးချင်စိတ်ပေါက် လာပါသည်။ ဒါပေမဲ့ သူပြောတာတွေကလည်း မှန်တော့ အမှန်တွေချည်းပဲဆိုတာ သိနေတော့ ကိုယ့်ခံစားချက်ကို ပြောပြရခက်နေသည်။ နောက်တော့ အန်တီ ရှယ်လီပြော သမျှ ခေါင်းငုံ့နားထောင်ပြီး သူ့ရဲုံးခန်းမှ ဆင်းလာတယ်ဆိုရင်ပဲ လှေကားရင်းမှာ ရုတ်ရုတ် သဲသဲ ပြဿနာ တစ်ခု ဖြစ်နေတာ နဲ့တိုးသည်။ ကျွန်မတို့ကလည်း သိချင်တာမို့ အနားက လူတစ်ဦးကို စပ်စု လိုက်တော့ သရဲစီးတာပါတဲ့။ လာပြန်ပြီ ဒီသရဲ၊ ကျွန်မလည်း စိတ်ပျက်လက်ပျက်နဲ့ တီးတိုး ညည်းငြူမိ သည်။ ဒီတစ်ခါတော့ သရဲဆိုသည့် နာမည်ကြား ရုံနှင့် ကြောက်လန့်ဖို့ထက် အထင်သေးသည့် အန်တီရှယ်လီ မျက်ဝန်းများ နှင့် ထပ်ဆုံရမှာကို ပိုမိုကြောက်နေမိသည်။
            ညရောက်တော့ ကျွန်မတို့နှစ်ယောက်လည်း မနေ့ကလို အသံကြီးနှင့် ထပ်ဆုံနိုင်ဦးမလားဆြို့ပီး အိပ်ခန်းထဲသို့ မ၀င်ဖြစ် သေးပဲ စောင့်ကြည့် နေမိကြသည်။ ညဆယ်နာရီထိုးခါနီးမှ အခန်းတံခါးလာ ခေါက်လို့ ကြည့်တော့ ဘိုဘိုနှင့် ကဲဗင်တို့ အခန်းပေါက်ဝမှာ  ရပ်လျက်တွေ့လိုက်ရသည်။
          “ဟင် နင်တို့က ဘာလာလုပ်တာလဲ”
           “ငါတို့ကို အန်တီရှယ်လီ လွှတ်လိုက်လို့လေ၊ သရဲ သတင်းလာယူတာ ဟဲဟဲ ။ သူက နင်တို့ အရမ်းကြောက် နေမှန်း သိလို့ မနက် တုန်းကဖြိ့ပီး ဆူလိုက်ရတာတဲ့။ ဒီနေ့ည ဘာတွေထပ်ကြားဦဘူးးမလဲ မသိဘူး၊ အခြေအနေရော ကောင်းသေးရဲ့လား မသိဘူး သွား ကြည့်လိုက်ဦးဆိုလို့ လာတာ”
          “ဟုတ်တယ် အဲ့ဒါ ဒီနေ့ သရဲခြောက်ရင်တော့ ကိစ်္စမရှိဘူး။ မခြောက်ရင်တော့ နင်တို့ နှစ်ယောက်တော့ ဂေါက်တယ်လို့ တသက်လုံး ပြောစရာဖြစ်တော့မယ်။ ဒီတော့ ဒီနေ့ သရဲထပ်ခြောက်ပါစေလို့ နင်တို့ ဆုတောင်းကြတော့”
           သူတို့ပြောသည့်စကားများကို ကြားလျက် စိတ်မ၀င်စားနိုင်ပဲ သူတို့လက်က ကိုင်လာသည့် စာရွက်များနှင့် ဖယောင်းတိုင် များကို ပိုစိတ်ဝင်စားနေမိသည်။
       “ဒါတွေက မရိုစီက တရုတ်ဘုန်းကြီးကျောင်းသွားတုန်းက ရလာတာတွေ ပေးလိုက်တာ၊ ညဆယ့်နှစ်နာရီတိတိမှာ ဒီအင်း ဖယောင်း တိုင်ကို ထွနှ်းထားပြီးရင် စာရွက်တွေကိုတော့ အိမ်ရှေ့ဧည့်ခန်းတံခါးမှာဘဲကပ်ကပ်၊ နောက်ဖေး တံခါးမှာပဲကပ်ကပ် ကြိုက်သလိုကပ် တဲ့”
             ဘိုဘိုလက်ထဲမှ မရိုစီပေးလိုက်သည့် အ၀ါရောင် စာရွက်တွေက တရုတ်သရဲကားတွေမှာ သရဲတွေခုန်ဆွ ခုန်ဆွနှင့် မလိုက်နာ အောင် နဖူးကပ်ပေးရသည့် စာရွက်မျိုးတွေဖြစ်သည်။ မေရီက ၀မ်းသာအားရနှင့် စာရွက်နှစ်ရွက်ကိုယူပြီး အိမ်ရှေ့ တံခါး မှာ တစ်ရွက်၊ နောက်ဖေး တံခါးမှာတစ်ရွက် အပြင်မှ ကပ်လိုက်သည်။
       “ဟယ် နင့်ဟာကလည်း အိမ်ထဲမှာလည်း ခြောက်တယ်ဆိုသေး၊ အခု စာရွက်ကို တံခါးဝမှာကပ်လိုက်တော့ သရဲက အပြင်ထွက်ချင်ရင်တောင် ဘယ်ကနေထွက်ရမှန်းမသိလို့ နင်တို့နဲ့ဘဲ တစ်သက်လုံး နေနေရလိမ့်မယ်”
      မေရီက ကယ်ဗင်အပြောကို မျက်စောင်းထိုးလျက် ဥပက်္ခာပြုသည်။ညသည် ပိုမိုမှောင်လာပြီ။ နာရီသံတစ်ချက်ချက်ကြားမှာ မနေ့တုန်းက ကြားရသည့် အသံကြီးထပ်မံထွက်ပေါ်လာပါက ဟိုနှစ်ကောင် ကျွန်မတို့ကိုဘာလုပ်ပေးမည်လဲကို စိတ်စောစွာ သိချင်မိသည်။ ကျွန်မတို့ လေးယောက် အလုပ်ကိစ်္စအကြောင်းတွေ ပြောနေလျှက်နှင့်ကယ်ဗင်တစ်ယောက် အိပ်ငိုက်နေသည်မို့ သူ့ကိုခြုံစောင်တစ်ထည်ပေးပြီး ကျွန်မတို့ စကားပြောနေသည့် အလည်စကြံနားမှာပင် ဖျာလေးခင်းပြီး ကျောချခိုင်းလိုက်သည်။ နာရီလက်တံက ညဆယ့်နာရီ ထိုးဖို့ ငါးမိနစ်သို့ ညွှန်ပြချိန်တွင် ဖယောင်းတိုင်ထွန်းဖို့ စပြင်ဆင်ရသည်။ ဖယောင်တိုင် သုံးတိုင် ထွန်းပြီးချိန်တွင် ကျွန်မတို့ အားလုံး တစ်ခုခုများ ထူးခြားမည်လားဟု အသံများကို နားစွန့်နေမိသည်။ ကယ်ဗင်ကလည်း အလယ်စင်္ကြန်ပေါ် ခင်းထားသည့် ဖျာလေးတွင်အိပ်ပြီး မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် အခန်းထဲသို့ ဟိုကြည့်ဒီကြည့် လိုက်ကြည့်နေသည်။ ကျွန်မနှင့် ဘိုဘိုကတော့ စားပွဲခုံပေါ်ကျောမီရင်း၊ မေရီကလည်း နံရံကိုမှီ ရင်း အားလုံး၏ မျက်လုံးများက ကယ်ဗင်ဆီသာရောက်သွားသည်။
      သူက “သရဲဆိုလည်း အထီးမဟုတ်ဘဲ အမလေးသာဖြစ်လိုက်စမ်းပါ၊ ဖမ်းပြီးအိမ်ခေါ်သွားမယ်”လို့ ပြောနေရာက ကျွန်မတို့ရဲ့ မျက်လုံး ခြောက်စုံကို ကြည့်ရင်း
     “အောင်မလေး နင်တို့တွေကလည်း ငါ့ကို ငုံ့ကြည့်နေလိုက်တာ မသိရင် ငါကပဲ မသာကြီးကျနေတာပဲ၊ ခုနေ သရဲသာ ထွက်လာ လို့က တော့ သူထက်ငါ အလုအယက်ထွက်ပြေးလို့ သေစရာရှိရင် ငါဘဲ လည်ပင်း လူအနင်းခဲပြီး သေမှာ။ သရဲ ကိုက်လို့တော့ သေမှာ မဟုတ် ဘူး”
    ကျွန်မတို့မှာ သူ့အပြောကို သဘောကျပြီး ရယ်မိကြသည်။ ည တစ်နာရီကျော်စပြုချိန်တွင်တော့ မနေ့ကလည်း အိပ်ရေးပျက် လာသည်မို့ သူတို့ကို ကိုယ့်အခန်းကို ပြန်ပြီးအိပ်ဖို့ နှင့် ကျွန်မတို့ကို ကူညီသည့် အတွက်ကျေးဇူးတင်ကြောင်းပြောရသည်။ ဒီလိုနှင့် မိုးသာစင်စင်လင်း သွားသည့် သရဲနှင့်တူသည့် ဘာဆိုဘာမှမတွေ့၊ သရဲအပျော်ကျီစားတာကိုဘဲ  ကျွန်မတို့ ခံလိုက်ရလေသလား။ မရိုစီပေးသည့် အင်း ဖယောင်းတိုင်နှင့် အ၀ါရောင်စာရွက်တွေ၏ အစွမ်းပေလား။ ဘာပဲဖြစ်ဖြစ် ကယ်ဗင်တို့ ပြောသလိုပင် ကျွန်မတို့မြန်မာတွေကြားမှာ သရဲခြောက်တာကို သက်သေနှစ်ယောက်နှင့် ဖမ်းတာတောင် ဘာလက်ဆုပ်လက်ကိုင်မှ မပြောပြနိုင်ပဲ မချည်းနှီး ဖြစ်သွားသည်ကို ၀မ်းနည်း ရမလိုလိုဖြစ်သွားသည်။ဒါတင်မကသေး အခန်းထဲက ၀န်ထမ်းလေးတွေပါ သိသွားပြီး သူတို့ကပါ သူတို့ဘာသာအရ ဆားများပက် ရွက်ဖတ် ပေးကြသေးသည်။ ကျွန်မတို့လည်း စေတနာနဲ့လုပ်ပေးကြတာဘဲဟု မတားတော့ဘဲ ကြည့်နေလိုက်ပါသည်။ ညကျတော့ ကိုယ့်ဖါသာ ပရိတ် တွေ ပဋ္ဌာန်းတွေ အရင်ထက် ပိုဂရုစိုက် ရွတ်မိသည်။
        တနင်္ဂနွေနေ့မှာတော့ မေရီနှင့် ကျွန်မ  ထမင်းစားအပြီး စကားပြောရင်း ပန်းသစ်တော်များ ခွဲစားနေချိန် အိမ်ရှေ့ တံခါးခေါက် လာ၍ ဖွင့်ကြည့်လိုက် တော့ကယ်ဗင်၊ဘိုဘို မရိုစီ၊ မစနီ်္ဒနှင့် အန်တီရှယ်လီတို့ကိုတွေ့လိုက်ရသည်။ အားလုံး၏ မျက်နှာထားများက ပြူံစိစိ နှင့် ကျွန်မတို့ကိုကြည့်သည်။ သူတို့ အားလုံး၏ အတွေးထဲတွင် ကျွန်မတိုံ့နှစ်ယောက်ကို ငကြောင်ဟုသတ်မှတ်မည့် အပြုံးတွေ နှူတ်ခမ်းမှာ ကိုယ်စီကိုယ်ငှခိုတွဲလျက်ရှိသည်ကို တွေ့ရသည်။
       “ဘယ်လိုလဲ ဒီရက်ပိုင်းအဆင်ပြေရဲ့လား ဘာထူးသေးလဲ”
       အန်တီရှယ်လီရဲ့ မေးသံအောက်မှ ကျွန်မတို့နှစ်ယောက်စလုံး တိတ်ဆိတ်စွာပင် ခေါင်းခါပြမိကြသည်။
       “ထူးမထူးတော့ မသိဘူး။ မနေ့က ကျွန်တော့် ရေခဲသေတ်္တာပျက်နေလို့ ရေခဲမုန့်ဗူးလေး သူတို့ဆီမှာ လာထည့်ထားပြီး နောက် သတိရတော့ ဖုန်းဆက်ပြောရသေးတယ်။ တော်ကြာ ကိုယ်ပါ သရဲဖြစ်မှာစိုးလို့၊ ပြီးတော့ သူတို့ ရုတ်တရက်ကြီးတွေ့ရင် ကြောက်ပြီး ဟိုလူ့ လိုက်မေးဒီလူ့လိုက်မေးနဲ့ ဒုက်္ခရောက်မှာစိုးလို့။ ဟဲဟဲ”
       ကယ်ဗင်က ရယ်ကျဲကျဲနှင့် နှိပ်ကွပ်သလိုပြောသည်။
       “နောက်ဆိုရင်တော့ သတိထားပေါ့၊ အသေးအဖွဲလေးတွေမှာ ဘာမှမဟုတ်ပဲနဲ့ စိတ်တွေ ခြောက်ခြားပြီးမနေအောင်”
       “ဟုတ်ကဲ့”
       အန်တီရှယ်လီ အပြောကို နှစ်ယောက်သား သံပြိုင်အတည်ပြုဖြစ်သည်။
       “သရဲကလည်း သူတို့ကိုပဲ အသံပေးပြီးခြောက်တယ်။ ငါတို့က အခြောက်ခံချင်လို့ ဒီမှာလာအိပ်တာတောင်မှ မခြောက်ဘူး”
       “အေးလေ ဟုတ်ပ”
       ကယ်ဗင်တို့ နှစ်ယောက် တစ်ယောက်တစ်ပေါက်ပြောသည်မို့ အန်တီရှယ်လီကလည်း
       “အေး ငါအခု အသက်ငါးဆယ်ရှိနေပြီ။ ဒီမှာအလုပ်လုပ်တာပဲ ဆယ်နှစ်လောက်ရှိနေပြီ။ တခါတလေလည်း သူတို့လို အခြောက်ခံ လိုက်ချင်ပါတယ် အတွေ့အကြုံရအောင်လို့”
        အန်တီရှယ်လီ့အပြောကို အားလုံးရယ်မောမိကြသည်။
        ထိုစဉ်စကားပြောသံလိုလို အော်သံလိုလိုကြားသည်မို့ ကျွန်မတို့အားလုံး အသံတိတ်သွားသည်။
        “ဟဲ့ဘာသံလဲ”
        “ဘယ်ကအသံလဲ”
        သူတို့တစ်ယောက်တစ်ပေါက်ပြောသံတွေကြားရစဉ် ကျွန်မတို့နှစ်ယောက်မှာလည်း စားပွဲခုံအောက်တွင်ကုန်း ငုံ့ကြည့်မိကြ သည်။ အသံက စားပွဲခုံပတ်ဝန်းကျင်မှ ထွက်နေသည်။ နောက်တော့မှ စားပွဲခုံအံဆွဲကိုဖွင့်ကြည့်လိုက်တော့ ရေဒီယိုကြီး မဖွင့်ပဲနှင့် သူ့ဖာသာ အသံတွေ မြည်နေသည်။
        “အယ် ရေဒီယိုက မဖွင့်ပဲနဲ့သူ့ဖာသာ အသံထွက်နေတယ်၊ အောင်မလေး ကျောချမ်းချင်စရာ”
         “ဟယ်- မေရီ၊ ပိတ်လိုက်ပါဦး”
          “ဟုတ်-ပိတ်တယ်အစ်မရဲ့၊ ဟာ-ပိတ်လို့မရဘူး၊ သူ့ဖါသာ အသံထွက်နေတာ၊ လုပ်ပါဥိး”
          ကျွန်မက မေရီလက်ထဲမှာ ဆွဲယူပိတ်သော်လည်း ပိတ်မရဘဲ အသံဆက်ထွက်နေပါသည်။          
          ကြောက်ကြောက်လန့်လန့်ဖြင့် လှမ်းကြည့်လိုက်သော ကျွန်မ၊ အန်တီရှယ်လီ နှင့် အစ်မနှစ်ယောက်၏ အံ့သြမင်သက် နေသော မျက်နှာနှင့် ဘာပြောရမှန်းမသိ၊ နောက်ဖို့ ပြောင်ဖို့ပင် မေ့နေပုံရသော ဟိုနှစ်ယောက်၏ ပြူးကြောင်ကြောင် မျက်နှာတို့ကိုပါ လှမ်းမြင် လိုက်ရပါသည်။
                                                                  +++
                       ကျွန်မတို့ မိသားစု စကားပြောနေခိုက် လွန်ခဲ့သော တစ်နာရီခန့်က ဖေဖေပိတ်ထားခဲ့သော ရေဒီယိုက ရုတ်တရက်ထပြီး အသံ ထွက်လာသည်။ ဖေဖေက ခလုတ်ပိတ်သော်လည်းမရ။ ရေဒီယိုက ဆက်လက် ဆူညံစွာ အော်မြည် ဆဲ။ ဖေဖေက ရေဒီယိုထဲက ဓာတ်ခဲတွေကို ထုတ်ယူလိုက်တော့မှ အသံတိတ်သွားတော့သည်။
           “တရုတ်ရေဒီယိုတွေက အဲဒီလိုဘဲ၊ တစ်ခါတစ်ခါကြောင်ပြီး ထမြည်တာ၊ ပိတ်လို့လည်းမရဘူး၊ ဖေဖေတို့တော့ ဖြစ်နေကျမို့ ရိုးနေပြီ၊ မရရင်ဓာတ်ခဲဆွဲထုတ်လိုက်ရတာဘဲ”                                                                                                    ဖေဖေပြောမှ ထိုစဉ်ကလည်း ဘယ်လိုမှပိတ်မရသဖြင့် ကယ်လ်ဗင်က  ဓာတ်ခဲဆွဲထုတ်လိုက်ရတာ ပြန်သတိရမိသည်။ အခုပြန် စဉ်းစားတော့ အဲဒီတုန်းက အကြောက်လွန်၊ အတွေးလွန်ခဲ့တာလား၊ တိုက်ဆိုင်မှုတွေများစွာကြောင့် စိတ်ခြောက်ခြား စရာဖြစ်ခဲ့ရ တာလား။ တကယ်ဘဲ အခြောက်ခံခဲ့ရပြီး ရတနာသုံးပါးကျေးဇူးဖြင့် နောက်ထပ်ပေါ်မလာတော့တာလား မပြောတတ် တော့ပါ။ ဒါပေမဲ့ ဖတ်ဖူးတာ တစ်ခုကိုတော့ သတိရမိ သည်။ လူသားတို့၏ ကိုးစားယုံကြည်ဆည်းကပ်မှု သည် ကြောက်ရွံ့ မှုမှာ မြစ်ဖျား ခံ ပေါ်ပေါက် လာသည်တဲ့။
            ကျွန်မတို့သည်လည်း ထိုစဉ်က..............
                                               (Chic Magazine September 2012)
                                               

ရေကြည်သော်လည်း မြက်မနုရာ-၆


                                                       ရေကြည်သော်လည်း မြက်မနုရာ-၆
                                                        

                            ဒီနေ့တော့ ကျွန်မတို့ဆီကို နောက်ထပ် မြန်မာယောက်ျားလေး အသစ်တစ်ယောက် ရောက်လာလို့ အန်တီ ရှယ်လီ့ အခန်းမှာ အမှတ်တရ တွေ့ဆုံပွဲလေး လုပ်ဖြစ်ကြတယ်။ ကျွန်မတို့ အဆောင်က မြန်မာတွေအားလုံးဆုံပြီး သူ့ကို ကြိုဆိုချိန် မှာ ကျွန်မတို့နဲ့ စက်ရုံချင်းမတူပေမဲ့၊ ပိုင်ရှင်သူဌေးကြီးရဲ့ ရှယ်ယာတွေ အများကြီးပါတဲ့ နောက်ထပ် စက်ရုံတစ်ရုံမှာ အလုပ်လုပ်တဲ့ မြန်မာ အစ်ကို တွေပါ လာကြတယ်။ အဲ့ဒီအစ်ကိုတွေက ကျွန်မတို့နဲ့ တစ်ဆောင်တည်း အတူတူနေတာဖြစ်ပြီး အလုပ်ချင်းတော့ မတူကြပါဘူး။ ဒါကြောင့် အလုပ်သွား၊ အလုပ်ပြန်ချိန်တောင် မျက်နှာချင်းဆိုင် နှုတ်ဆက်ဖို့ ခက်ခဲလှတဲ့ သူတို့တွေကို ဒီနေ့ လူသစ် ရောက်ချိန်မှာ  ထမင်း အတူတူစားဖို့ အန်တီရှယ်လီက ဖိတ်လိုက်တာပါ။ လူသစ်က ယောကျာ်းလေးမို့ သူတို့နဲ့ အဖော်လည်း ရအောင်၊ အကူအညီလည်းရအောင် တစ်နည်းအားဖြင့် သူတို့ဆီမှာ တပည့်ခံစရာရှိရင်လည်း ခံရင်း လိုအပ်တာတွေသင်ယူဖို့ တစ်ခါတည်း မိတ်ဆက်ပေး လိုက်ခြင်း ဆိုလည်း မမှားဘူးပေါ့။
                          လူသစ်လေး နာမည်က ကျော်ဇင်အောင်တဲ့ ၊ ခဏတွင်းမှာပဲ သူ့ကို အင်္ဂလိပ် နာမည်တစ်ခုပေးဖို့ စဉ်းစား လိုက်ကြတာ၊ ကျော်ဇင်အောင်ကနေ ကယ်ဗင် ဖြစ်သွားတယ်။ ဘာမှတော့ မဆိုင်ပေမဲ့၊  တရုတ်၊ အင်ဒိုနီးရှားနဲ့ ဖစ်လပင်း တွေများ တဲ့ ဒီနိုင်ငံမှာ ကျွန်မတို့တွေ အားလုံး နာမည်ရင်းတွေ မေ့ထားပြီး  ခေါ်ရ၊ မှတ်ရလွယ်မယ့် နာမည်သစ်တွေ ချက်ချင်း ကင်ပွန်း တပ် ရ တာ ထုံးစံတစ်ခုပဲလေ။ ကျွန်မနဲ့ ကယ်ဗင်က အသက်အတူတူမို့ သူသာ မိန်းကလေး ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ၊  သက်ရွယ်တူ သူငယ်ချင်းမရှိတဲ့ ကျွန်မအတွက် အဖော်ရမှာ လို့ စိတ်ကူးယဉ်မိသေးတယ်။ သူကို အန်တီရှယ်လီက သူဌေးနဲ့ မဆုံရ သေး လို့ ဘယ်ဌာနမှာ အလုပ်လုပ်ရမှန်း သေချာမသိသေးပေမဲ့ ၊ ကျရာနေရာမှာ သက်ဆိုင်ရာအလုပ်တွေကို တာဝန်ကျေအောင် လုပ်ဖို့ ၊ ကျွန်မတုန်းက လိုပဲ  မှာတမ်းတွေ မရပ်မနား ချွေနေတယ်။ ပြီးတော့ ကယ်ဗင်ကိုလည်း ကျွန်မတို့အလုပ်လုပ်နေတဲ့ သူဌေး မကြီးပိုင်  အထည်ချုပ် စက်ရုံအပြင် ၊ သူတို့ ရှယ်ယာ အများဆုံးထည့်ဝင်ထားတဲ့ စက်ရုံနဲ့လည်း မိတ်ဆက်ပေးတော့ အဲ့ဒီ ကောင်လေးက မျက်စိသူငယ်၊ နားသူငယ်နဲ့ နားထောင်နေတယ်။ ပြီးတော့မှ  
                      “ ကျွန်တော်က နိုင်ငံခြားထွက်ရမယ်ဆိုလို့ လာလုပ်တာ။ စက်ချုပ်တာတွေလည်း မလေ့လာဖူးသလို၊ စက် အကြောင်းလည်း တကယ် လုံးဝ မသိဘူး အန်တီ၊  ဒါကြောင့်  အစ်ကိုတို့လုပ်တဲ့ ပိတ်စက်ရုံမှာပဲ အလုပ်တစ်နေရာရဖို့ ပြောပေး ပါလား” လို့ ဆိုတယ်။ သူက အဲ့ဒီလိုပြောတော့ အန်တီရှယ်လီက ပြုံးရင်းဆိုတယ်။
                      “နင့်ကို ဒီမှာအလုပ်လုပ်ဖို့ ခေါ်ကတည်းက လွတ်နေတဲ့ နေရာတစ်နေရာ အတွက် ခေါ်တာလေ။ ဘာလုပ်ချင် တယ် ၊ ညာလုပ်ချင်တယ် ဆိုပြီး တောင်းဆိုလို့ ရတာမျိုးမှမဟုတ်တာ၊ ငါတို့အခုလုပ်နေတဲ့ သူတို့ပိုင် အထည်ချုပ်မှာပဲ ဖြစ်ဖြစ်၊ သူတို့ ရှယ်ယာ တွေပါတဲ့ ပိတ်စက်ရုံမှာပဲ ဖြစ်ဖြစ် ခိုင်းသမျှ လုပ်ရမှာပဲ။ ဘာမှ တွေးပြီး ပူမနေနဲ့၊ ဒီကို လာတာ ဘယ်သူမှ အထည် ချုပ် စက်ရုံ လုပ်ဖူးတဲ့ အတွေ့အကြုံ ရှိတာမဟုတ်ဘူး။ အားလုံးအတူတူပဲ ။ ဒီလိုပဲ စခဲ့ကြတာပဲ။ ဒါနဲ့ မိတ်ဆက် ပေးရဦးမယ်။ သူ့နာမည်က ပီတာတဲ့၊ သူ့နာမည်က ဇိုး ။ သူတို့က အပေါ်ထပ်မှာ နေတယ်။ ပီတာနဲ့ နင့်အခန်းက တစ်ခန်းကျော်ပဲမို့၊ လိုအပ်တာ ရှိရင် သူတို့ကို ပြောလို့ရတယ်။  သူကတော့ ချယ်ရီတဲ့၊  ဒီကိုရောက်လာတာ ဘာမှ မကြာသေးဘူး၊ သူလည်း လူသစ်ပဲ “
                    အန်တီက ပြောရင်းနဲ့ လူတွေအားလုံးနဲ့ မိတ်ဆက်ပေးလိုက်တယ်။ ကိုဇိုးရော ကိုပီတာရော ရုပ်ရည်ချောမောပြီး သဘောကောင်းပုံရတာကို ကျွန်မ သတိပြုမိချိန်၊  အသားပိုဖြူတဲ့ ကိုဇိုးက
                   “မြန်မာ လူမျိုး အသစ်တစ်ယောက် ရောက်လာရင် ကျွန်တော်ကတော့အလုပ်လုပ်ရတဲ့ နေရာမတူတောင် အဆောင် မှာ နေတဲ့ လူတွေထဲ ကျွန်တော်တို့ဘက်က အင်အား နည်းနည်း ပိုတောင့်လာတယ်လို့ ခံစားရတယ်၊ ဘာပဲ ဖြစ်ဖြစ် လိုတာရှိရင် လည်း ပြောပေါ့” အားလုံးကို ခြုံကြည့်ရင်း ပြောလိုက်တဲ့ သူ့စကားမှာ ကျွန်မတို့ လူသစ်နှစ်ယောက်ကို နွေးနွေးထွေးထွေး ကြိုဆိုမှန်း သိသာလှလို့  ၀မ်းသာသွားမိတယ်။
                     သူ့က သူ့ကိုယ်သူ ဇိုးရီးရပ်(zodiac) ဆိုတဲ့ နာမည် အဆန်း လေး ပေးထားတာကြောင့်  အားလုံးကလည်း သူ့ကို ကိုဇိုး လို့ပဲ အဖျားဆွတ်ခေါ်ကြတယ်တဲ့။ ကိုဇိုးနဲ့ ကိုပီတာ က ကျွန်မထက် လုပ်သက် သုံးနှစ်လောက် ကြီးပြီး၊ လက်ထောက် မန်နေဂျာ ရာထူး နဲ့ စက်ရုံမှာ တာဝန်ယူရတဲ့ ပိုင်းတွေလည်း များတာကြောင့်   သူကြုံတွေ့ခဲ့ရတဲ့ ပိတ်စက်ရုံမှ တစ်ပတ် စာ ပြဿနာတွေကို အန်တီ ရှယ်လီတို့ နဲ့ အပြန်အလှန်ညှိနှိုင်း ပြောနေကြတယ်။ သူတို့နှစ်ယောက်က စက်ရုံချင်း တူပေမဲ့၊ ဌာနချင်းမတူတာမို့ သူတို့ဆီက ကြားရတဲ့ ပြဿာနာတွေ ကလည်း အထူးအဆန်းတွေချည်းပါပဲ။ နဂိုတည်းကမှ စက်ချုပ် မကျွမ်း ကျင်သေးလို့ ယက်ကန် ယက်ကန်နဲ့ ကြိုးစား ရပ်တည် နေရတဲ့ ကျွန်မနဲ့ ဒီနေ့မှ အင်ဒိုမြေကို ခြေချခဲ့တဲ့ ကယ်ဗင် တို့နှစ်ယောက် ကတော့ သူတို့ပြော သမျှတွေ နားထောင်ရင်း အဆင့်ဆင့် ရှုပ်ထွေးပွေလီလှတဲ့ ဒီ အထည်ချုပ်( textile) လောကထဲ ဦးတည်မိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ချင်သလို ဖြစ်လာတော့တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ နေ့စဉ်ချုပ်နေတဲ့ အထည်တွေ မှာ နိုင်ငံခြားက input (သွင်းကုန်) ပိတ်စ တွေကလွဲလို့ ၊ ပိတ်တွေ ဇာတွေ သုံးချင်လို့် အော်ဒါမှာရင်  ကိုပီတာတို့ ပိတ်စက်ရုံမှ အများဆုံးပဲ တဲ့ ။ ဒါကြောင့် ဒီစက်ရုံနှစ်ခုရဲ့ နေ့စဉ်အလုပ်တွေက အမြဲလိုဆက်စပ် ပတ်သတ်နေတာချည်းပါပဲ ။ ကိုပီတာတို့ စက်ရုံကလည်း ကျွန်မ တို့ သူဌေးက ရှယ်ယာငွေ အများဆုံး ထည့်ထားတာမို့ ၊ ကျွန်မတို့ စက်ရုံက ပိတ်ဝယ်တိုင်း ပိတ်စအများစုမှာ ကိုပီတာတို့စက်ရုံမှ မှာပြီး ကျွန်မတို့ စက်ရုံမှာ ချုပ်ရပါသတဲ့။ ဒါကြောင့် အန်တီရှယ်လီတို့ဘက်က ပိတ်စနဲ့ ပတ်သတ်ပြီး အပြစ်တင် ချင်တာမျိုးရှိရင် ကိုယ့်အချင်းချင်းမို့ မျက်နှာ နာရမှာဖြစ်ပြီး ၊ ကိုပီတာတို့ဘက်ကျတော့လည်း တခြားစက်ရုံမှာ ချုပ်ဖို့လက်မခံတဲ့ ပိတ်စတွေကို အထက်လူကြီးအမိန့်နဲ့ ကိုယ့်စက်ရုံဖြစ်တဲ့ အန်တီရှယ်လီတို့ဆီကိုပဲ ကြားညပ်ပြီးပို့သတဲ့။ ဒီတော့ သူတို့ အဖြစ် အပျက် တွေကို နားထောင်ရင်းနဲ့ အလုပ်သင်ဘ၀ မှာသာရှိသေးတဲ့ ကျွန်မအတွက် ကြားရုံနဲ့တင် ပြဿနာပေါင်း တစ်သိန်း တစ်သောင်း လောက်အာရုံထဲ ချက်ချင်း ပြေး မြင်သွားပါတယ်။
                    ဒီကြားထဲမှာ ထမင်းစားရင်း ကျွန်မနဲ တစ်ဌာနထဲ ဖြစ်တဲ့ စန္ဒီနဲ့ ရိုစီတို့ကလည်း အလုပ်ထဲမှာ ဖစ်လပင်းတချို့ လူလည်ကျ ပြီး အလုပ်ခိုတဲ့ အကြောင်းတွေ ပြောနေသေးတယ်။ ကျွန်မသိပြီးသားကိစ္စဖြစ်တဲ့ နေ့စဉ် အလုပ်များသည် ဖြစ်စေ၊ နည်းသည်ဖြစ်စေ ဒီဇိုင်နာ အဖွားကြီး ပြန်ချင်တဲ့ အချိန်မှ သူတို့ ပြန်ရတာဖြစ်ပြီး၊ တခြား ဖစ်လပင်း တွေကတော့  လခလည်း ပိုများလျက်နဲ့ ၊ တခြား ပတ်ကင်ကိစ္စတွေဘာတွေကို ကူလေ့မရှိပဲ  ညနေငါးနာရီ လောက် အိမ်ပြန်ပြီး နှပ်နေတဲ့ အကြောင်း တွေ ကို အန်တီရှယ်လီကို ပြောပြနေကြတာပေါ့။  ပြီးတော့ ကွန်ပြူတာထဲ ၀င်လာတဲ့ အီးမေလ်တွေကို မဒေလီက သေချာမဖတ်ပဲ ၊ ပစ္စည်းပို့ရမဲ့ ၀ယ်သူ့လိပ်စာကို မှားပြောလို့ နမူနာပစ္စည်းတွေ ၀ယ်သူ့ဆီမရောက်ပဲ လမ်းမှာ ပျောက်သွားတဲ့  အကြောင်းတွေ လည်း ပါတယ်။ ထမင်းစားပြီးချိန် အထိ  သူ့အလုပ် ကိုယ့်အလုပ် ဆွေးနွေး ပြောနေ တာတွေက ကျွန်မအတွက်တော့ ပညာရ စရာ တွေလည်း ပါသလို၊ စိတ်ညစ်စရာတွေလည်းပါတာပေါ့။ ညနေစောင်းတော့ ကိုပီတာတို့နဲ့အတူ ကျွန်မတို့အားလုံး ပိတ်စတွေ အကြောင်း လေ့လာဖို့ သူတို့စက်ရုံကို ရောက်ခဲ့ကြပါတယ်။ သူတို့ စက်ရုံကိုလည်း ကျွန်မတို့အဆောင်နဲ့ နီးတာမို့ လမ်းလျှောက် ပြီးသွားလို့ ရပါတယ်။ သူတို့စက်ရုံဝင်းကကျွန်မတို့ စက်ရုံ ထက်ပိုကြီးပြီး၊ ခြံဝန်းထဲဝင်လိုက်တာနဲ့ စက်လည်သံ တညံညံကို ကြား နေ ရသလို၊  မီးခိုးငွေ့တလူလူတက်နေတဲ့ ခေါင်းတိုင်အမြင့်တွေကိုလည်း မြင်ရတယ်။ စက်ရုံထဲမှာ ရုံးပိတ်ရက်မို့ အိုဗာတိုင် ဆင်းတဲ့သူတချို့နဲ့ စက်ရုံစောင့် လုံခြုံရေးတွေပဲ ရှိတယ်။ သူတို့နှစ်ယောက်မှာ ကိုပီတာက ပိတ်တွေကို အရောင်ဆေး ဆိုးတဲ့ ဘက်က ဖြစ်ပြီး၊ ကိုဇိုး ကတော့ ပိတ်စ တစ်ခုကို ယက်လုပ်ရာကနေ နောက်ဆုံးအချောသပ်တဲ့ အထိ လုပ်ရတဲ့ အဆင့်တွေမှာ ကြီးကြပ်ရသူ ဖြစ်ပါတယ်။
                  သူတို့နှစ်ယောက်ရဲ့ လုပ်ငန်းတာဝန်တွေကို နားထောင်ပြီးတဲ့ အခါ ကိုဇိုးရဲ့ အလုပ်တွေက ကိုပီတာလို ပိတ်တွေ အရောင် ဆေးဆိုးတဲ့ နေရာမှာပဲ မဟုတ်လို့ ပိုပြီး တာဝန်ယူ မှုများမယ်လို့ ထင်ခဲ့ပေမဲ့၊ တကယ်တန်းတော့ ပိတ်တွေ အရောင် ဆေးဆိုးတဲ့ နေရာမှာလည်း ပညာပါတာမို့  ကျွန်မတို့ ထင်သလောက် ကိုပီတာအလုပ်တွေက မလွယ်ကူလှပါဘူး။ ကို ပီတာရော၊ ကိုဇိုးရော နှစ်ယောက်စလုံးက စက်ရုံကို  အတူတူရောက်ကြတာဖြစ်ပြီး၊ ဒေစီနဲ့စန္ဒီတို့လို ရာထူးရော၊ လစာရော အတူတူ ဖြစ်မလား လို့ ကျွန်မစပ်စုချင်နေပါတယ်။ သူတို့လက်အောက်မှာ နောက်ထပ် အင်ဒိုနီးရှား အလုပ်သမတွေ အများကြီး ရှိတာမို့ ၊ သုံးနှစ် အတွင်း ကြီးကြပ်သူ ရာထူးနေရာ ခိုင်ခိုင်မာမာနဲ့ အလုပ်လုပ်နိုင်တဲ့ သူတို့နှစ်ယောက်လုံးကို ကျွန်မ တကယ်ချီး ကျုး မိသွားတယ်။  ကိုပီတာ က ပိတ်စတွေ အရောင်ဆိုးဖို့  ဘာတွေဘယ်လို လုပ်ရသလဲဆိုတာနဲ့ ၊ လိုချင်တဲ့ အရောင်ရဖို့ အဲ့ဒီဆေးတွေတစ်ခုနဲ့ တစ်ခု  ဘယ်လိုစပ်ရမလဲ ဆိုတာပြောပြတယ်။ နောက်တော့ သူ့ရုံးခန်းထဲမှာပဲ   လိုက်ကာအနီရောင်လေး တပ်ထားတဲ့ လူတကိုယ် စာ သာ ၀င်နိုင်မဲ့ အခန်းကျဉ်း ကျဉ်းလေးထဲ ၀င်လိုက်ပြီဆိုရင်ပဲ မှောင်မည်းနေတဲ့ အခန်းလေး တစ်ခုကို တွေ့ရတယ်။ အဲ့ဒီထဲမှာ မီးချောင်း အဖြူ နဲ့ အ၀ါရောင်ကို တပ်ထားတယ်။ ကိုပီတာက ပိတ်စ အညိုရောင် နှစ်စကိုယူလာပြီး ကျွန်မတို့ကိုပါ အခန်းထဲဝင် စေကာ အဖြူမီးချောင်း လေးဖွင့်ပြီး ပိတ်စကိုကပ်ကြည့်ခိုင်းလိုက်၊ ပီးချောင်း အ၀ါရောင်လေးဖွင့်ပြီး ပိတ်စကို ကပ်ကြည့်ခိုင်း လိုက်နဲ့ ပြီးတော့ ဘာထူးခြားလဲ လို့ မေးလာပါတယ်။ ကျွန်မအမြင် မှာတော့ ပိတ်စနှစ်စလုံးကို အညိုရောင်တွေကိုပဲ တွေ့ရတာမို့ ဘာမှ မထူးဘူးလို့ ဖြေမိတဲ့အခါ၊ ကယ်ဗင်ကလည်း အားကျမခံ ကျွန်တော်လည်း အတူတူပဲတဲ့။ ဒီတော့မှ ကိုပီတာက ပိတ်စတစ်ခု က အညိုရောင် ရင့်ရင့် ဖြစ်ပြီး၊ နောက်တစ်စမှာတော့ အ၀ါရောင်နည်းနည်း ရောနေလို့ အညိုရောင်အဖျော့ဖြစ်နေတာ မှန်မမှန် ဒီလိုအမှောင်ခန်းမှာ မီးချောင်းနှစ်ရောင်နဲ့ စစ်ဆေး ကြည့်တဲ့ အကြောင်း ရှင်းလင်းပြောပြတယ်။
                    ကိုပီတာပြီးတော့ ကိုဇိုးကပါ သူ့ရုံးခန်းရှိရာ စက်ရုံဘေးဘက်သို့ ကျွန်မတို့အားလုံးကို ဦးဆောင်ခေါ်လာပါတယ်။ သူ့ရုံးခန်းရဲ့ မနီး မဝေးမှာတော့ စက်အကြီးကြီးတွေ အမျိုးစုံလင်အောင်ရှိတယ်။ အဲ့ဒီထဲမှာ စက်နဲ့ ယက္ကန်းးယက်ရတဲ့ စက်ကြီး တွေရှိသလို၊  ဖုန်ခါတဲ့စက်၊ ပိတ်စအရှည်ကြီးတွေ ဆန့်ခင်း ဖြန့်ရတဲ့ စက်၊ နောက်ပြီး အ၀တ်လျှော်စက် အကြီးကြီးတွေ အပြင် နောက်ဆုံးအဆင့်ဖြစ်တဲ့၊ လျော်ပြီးသား ပိတ်စအရှည်ကြီးတွေကို ပေါင်မုန့်မီးကင်စက်အကြီးကြီးလို စက်ကြီးထဲထည့်ပြီး အခြောက် လှမ်းရတဲ့ စက်တွေဖြစ်ပါတယ်။ အဲ့ဒီစက်ကြီးတွေကို တစ်ခါမှမမြင်ဖူးတဲ့ ကျွန်မတို့တွေအတွက်တော့ အထူး အဆန်း ဖြစ်လို့နေ ပါတယ်။ အခြောက်လှန်းတဲ့ စက်အဖုံးပြင်ကြီးပေါ်ကခလုတ်တွေကို လက်ကလေးနဲ့တို့ထိတာနဲ့ စက်ကြီး အတွင်း ပိုင်း ဘယ်လောက် ပူမလဲ ဆိုတာ တွေးကြည့် သိနိုင်တယ်။
                  “ အန်တီရှယ်လီ ၊ ဒီမရောက်ခင် အန်တီပြောခဲ့တဲ့ ကျွန်တော်ကို သူဌေးက မီးပူတိုက်တဲ့ နေရာမှာ ထားမလို့ ဆိုတာ ဒီနေရာ မဟုတ်လား”
                  သူက ကျွန်မနဲ့ ကယ်ဗင်စပ်စုနေတဲ့ အဲ့ဒီ ပိတ်အခြောက်ခံတဲ့စက်နားကနေ အန်တီရှယ်လီကို လှမ်းခေါ်လိုက်တယ်။
               “ အဲ့ဒီတုန်းက ကျွန်တော့် စိတ်ထဲမှာ မီးပူတိုက်ရမယ်ဆိုလို့ အလုပ်သမားတွေအားလုံး မီးပူလေးတွေ ကိုယ်စီ ကိုင်ပြီး ပိတ်စတွေလိုက်တိုက်ရမယ်လို့ထင်နေခဲ့တာ၊ ဒီရောက်တော့မှ ဘယ်ဟုတ်မလဲ နဲတဲ့စက်ကြီးတွေမဟုတ်ဘူး။ အဲ့ဒီစက်တွေကို ဘယ်လို ကိုင်ရမလဲ ဆိုတာ အလုပ်သမားတွေဆီက သင်ပြီး ကျန်တဲ့ quality(အရည်အသွေး) နဲ့ quantity (အရည်အတွက်) တွေကိုတော့ ကိုယ့်အရည်အချင်းနဲ့ ကြိုးစားထိန်းချုပ်ရခဲ့ ရတာ”
                 စက်ရုံကနေပြန်ခါနီး အန်တီရှယ်လီက ကိုပီတာတို့ နှစ်ယောက်နဲ့အတူ  ၀ယ်သူတချို့ရဲ့ ချုပ်လက်စ အထည်တွေရဲ့ ပိတ်စ တွေနဲ့ ပတ်သတ်ပြီး လိုအပ်တာတွေ ပြောနေသလို၊ ကျွန်မတို့ကိုလည်း ဘာသာစကားရော၊ ပိတ်စတွေနဲ့ ပတ်သတ်တဲ့ အတွေအကြုံ ဗဟုသုတတွေကိုပါ  သိချင်တာရှိရင် သူတို့နှစ်ယောက်ကို အားမနာစတမ်း ချက်ချင်းဆရာတင်မေးဖို့ မှာထား ပါတယ်။ သူတို့ကလည်း  အချိန်မရွေး သိချင်တာမှန်သမျှ မေးဖို့နဲ့ သူတို့ဖြတ်သန်းဖူး ခဲ့တဲ့ အလုပ်အတွေ့အကြုံတွေ အကြောင်း ကြုံရင် ကြုံသလို ပြောပြမယ်တဲ့။ ဒီလိုနဲ့ အဆောင်မှာရော ရုံးမှာပါ ကျွန်မလို အန်တီရှယ်လီမျက်နှာနဲ့ မဖြစ်မနေ စာမေးပွဲ အောင် ရမဲ့ ကယ်ဗင်ဆိုတဲ့ အလုပ်သင်ကျောင်းသား တစ်ယောက် တိုးလာခဲ့တယ်။ နောက်နေ့ ရုံးတက်တော့ ကျွန်မတို့စက်ရုံကို သူပါ အတူ ပါလာတယ်။ အန်တီရှယ်လီက သူ့ကို သူဌေးမကြီးနဲ့ မိတ်ဆက်ပေးပြီး နည်းနည်းပါးပါး အင်တာဗျုးပြီးတဲ့အခါ  ထုတ်လုပ်မှု ဌာန (production) ရဲ့ အနောက်ဘက်အကျဆုံးအခန်းလေးထဲမှာ မက်ကဲနစ် (ခေါ်) စက်ပြင်ဆရာတချို့နဲ့ အတူထားခဲ့ပါတယ်။ အန်တီ ရှယ်လီက ဒီနိုင်ငံမှာဆိုရင် ကျွန်မတို့အားလုံးရဲ့ အုပ်ထိန်းသူတစ်ဦးလို ဖြစ်နေပေမယ် အလုပ်နဲ့ ပတ်သတ်ရင်တော့ သိပ်ပြီး အဆက်စပ် မရှိလှပါဘူး။ ဘာလို့လဲဆိုတော့  နမူနာအခန်းက ကျွန်မတို့မြန်မာအားလုံး ကယ်ဗင်အပါအ၀င် သူဌေးမကြီးရဲ့ အုပ်ချုပ် မှုနဲ့ စက်ရုံ(၁) မှာ အလုပ်လုပ်ရတဲ့ ၀န်ထမ်းတွေဖြစ်ပြီး အန်တီရှယ်လီကတော့ စက်ရုံ(၂) ကို အုပ်ချုပ်ရတဲ့ စက်ရုံ မန်နေဂျာချုပ်ကြီးပါ။ စက်ရုံတစ်ရော၊နှစ်ရောက ၀င်းတစ်ဝင်းထဲမှာပဲ အတူရှိတဲ့ သီးခြား အဆောက်အဦးတွေမို့ သူ စိတ်ကူး ပေါက်လို့ ကျွန်မတို့ အလုပ်သင်နေတာကို လာကြည့်ချင်ရင် သူ့အလုပ်တွေကို ခဏပစ်ထားပြီး ရုံးချိန်မှာပဲ လာကြည့်လို့ ရမှာပါ။ ဒါကြောင့် သူက ကျွန်မတို့ နေ့စဉ်ဘာတွေ သင်ကြားလေ့လာနေတယ်ဆိုတာ ကျွန်မရဲ့ဆရာမကြီးဖြစ်တဲ့ ဆွန်းကို ပဲဖြစ်ဖြစ်၊ မစန္ဒီတို့ကိုပဲ ဖြစ်ဖြစ် မမေးပဲ နဲ့ မသိနိုင်ပါဘူး။
                  ဒါပေမဲ့ အရာရာမှာ စည်းစနစ်ကျလှတဲ့ အန်တီရှယ်လီက ကျွန်မတို့ဘာတွေသင်နေတယ်၊ ဘာတွေ လုပ်နေတယ်။ ဘယ်အခြေအနေထိ ရောက်နေပြီလဲဆိုတာတွေကို အလုပ်တွေ မအားတဲ့ကြားကပဲ အမြဲလေ့လာနေပါတယ်။ ကျွန်မလည်း  သူ မေး တဲ့အခါ၊ ကျွန်မနဲ့ ပတ်သတ်ပြီးဆွန်းတို့ဆီမှ မှတ်ချက်ကောင်းကောင်းလေးရအောင် ကြိုးစားပေမဲ့၊ အခက်အခဲတွေရှိစမြဲပေါ့။ တစ်ရက်တော့ သူဖုန်းဆက်ခေါ်လို့ အဆောင်က သူ့အခန်းမှာ တွေ့ရင်း စကားပြောဖြစ်တဲ့အခါ၊ အလုပ်သင်တာ တစ်ပတ ကျော်လောက် ရှိနေပြီ ဖြစ်တဲ့ ကယ်ဗင်အကြောင်းကိုလည်း ကြားရပါတယ်။
                  “ ချယ်ရီ အခု အလုပ်အခြေအနေဘယ်လို ရှိပြီလဲ။ ဘယာစီယာတစ်ထည်လုံးချုပ်တတ်တဲ့ အထိကြိုးစားရမှာနော်၊ ဘောင်းဘီပဲ ချုပ်တတ်နေလို့ မရဘူး”
                  “ ဟုတ်ကဲ့ အန်တီ၊ သမီး အခုဘောင်းဘီတော့ ကောင်းကောင်းချုပ်တတ်ပါပြီ။ ဘရာစီယာတော့ မရသေးဘူး။ အခု လည်း ထုတ်လုပ်မှု ပိုင်းက အထည်တွေ ကူနေပါတယ်”
                   “ ဆွန်းဒါလိ ကတော့ ပြောပါတယ်။ ချယ်ရီက နမူနာတွေမကိုင်သေးပေမဲ့၊ ထုတ်လုပ်မှုပိုင်းက အထည်တွေတော့ ကောင်းကောင်းချုပ်နေပြီလို့။ တို့အခုစိတ်ညစ်နေတာ။ ကယ်ဗင်တစ်ယောက်ကို စက်ပြင်တာသင်ခိုင်းတာ အခု ထိ ကောင်း ကောင်းမလုပ်ဘူး။ သူ့ဆရာကို မေးတော့ သူ့ကိုလည်း အခြေခံအဖြစ် စက်ချုပ်တာတော့ နည်းနည်း သင်ရဦး မတဲ့။ ဒီကောင်က ချုပ်ချင်ပါ့မလား မသိဘူး။ 
                        သူချုပ်မယ်ဆိုရင် ထုတ်လုပ်မှုအခန်း (Production)ထဲမှာ ချုပ်ရမှာမို့…
                        “ အန်တီကလဲ၊ သူက အင်ဒို ခေါင်းပေါင်းမလေးတွေ အများကြီးကြားထဲ အတူထိုင်ပြီး ချုပ်ချင်ပါ့မလား။ သမီးတော့ မပြောတတ်ဘူး။ မချုပ်ချင်ဘူးထင်တာပဲ”
                       ကျွန်မ ဇက်လေးပုရင်း ပြုံးပြီး ပြောလိုက်မိတယ်။


                                                                                                             (ဆက်လက်ဖော်ပြပါမည်)
                                                                                                                    စုသဲမွန်
                                                                                            The Ladies’ New Journal Aug 25-31-2012