ပန်းရဲ့သိက္ခာ နမ်းမယ့်လိပ်ပြာ
“နင့်မှာ ရည်းစားရှိနေပြီလား”
မမေးသေးဘူးလို့ စဉ်းစားထားပေမယ့်လည်း သိချင်လွန်းသည့်စိတ်ကို
တားမရတော့ပြီမို့ သချာင်္အတူတွက်ရင်း
စိတ်နှင့်လူ မကပ် ဖြစ်နေပုံပေါ်သော နွေးနွေးခင်ကို စေ့စေ့ကြည့်ရင်း မေးလိုက်မိသည်။
သူ လုံးဝမျှော်လင့်ထားပုံမရသည့် စကားမို့ ကျွန်မကို ရုတ်တရက် ကြည့်ရင်း
အဖြေမပေးနိုင်သေးပဲ တွန့်ဆုတ်နေသည်။
“
ရည်းစားတော့ မဟုတ်ပါဘူး ”
မျက်လွှာချလျက် တိုးလျစွာဆိုသည်။
“ငါဒီနေ့ မနက်က ဆိပ်ကမ်းသာလမ်းထဲကို
ရောက်တယ် ”
သူ
ထပ်မံအံ့အားသင့်လျက် ကျွန်မကို ကြည့်ကာ
“ ဒါဆို နင်ငါ့တို့ကိုတွေ့တာပေါ့နော် ဟုတ်လား ”
သူ့စကားကို ပြန်ဖြေစရာမလို၊ ကျွန်မမျက်ဝန်းများကို
ကြည့်ရုံနှင့် သူသဘောပေါက်နိုင်သည်။
“ မြတ်ငါကိုစိတ်မဆိုးပါနဲ့ဟာ…။ နင့်ကို
ပြောပြရင် ငါ့ကိုတားမှာစိုးလို့ပါ၊ ပြီးတော့ ငါ့ကို သူ တကယ်လေးလေးနက်နက် ချစ်တာ၊
အဲ့ဒါကိုငါခံစားလို့ရတယ် ၊ မနှစ်ကလည်း သူ တစ်နှစ်ထိထားတာဆိုတော့ ငါအဖြေမပေးရင် ဒီနှစ်စာမေးပွဲ
ဘယ်လိုမှအောင်မှာ မဟုတ်ဘူး ။ ဒါကြောင့် သနားပြီး အဖြေပေးလိုက်မိတယ်”
လက်ချင်းတွဲလျက် တူနှစ်ကိုယ်ပျော်မြူးနေသည်ကို
မျက်စိနှင့်မြင်ခဲ့ရစဉ်က အံ့သြတုန်လှုပ်ခဲ့မိပေမယ့် သူ အခုလို အကြောင်းပြချက် တွေပေးနေတောလည့်း
ဒီတစ်ကြိမ်မှာ ပြောစရာစကားမရှိသလို နှုတ်ဆွံ့အသူမှာ ကျွန်မဖြစ်နေသည်။
ခဏကြာ ငြိမ်သက်နေမိပြီးမှ
“နေပါဦး ငါမေးပါဦးမယ်။ အဲဒါက နင်နဲ့ ကျူရှင်အတူတက်တဲ့
သဇင်တို့ ပြောပြောနေကြတဲ့ ဟို .. ‘နေမင်း’ နဲ့ တူတယ် ဆိုတဲ့ လူ လား။”
“ဟုတ်တယ်လေ၊ နင်လည်း မနက်ကမြင်ပြီးပြီဆိုတော့ သူချောတယ်ဆိုတာတော့ ငါအထူး ပြောစရာ
မလိုတော့ဘူးပေါ့၊ ကျူရှင်မှာဆို သူ့ကို စိတ်ဝင်စားတဲ့ မိန်းကလေးတွေ တစ်ပုံကြီးပဲ၊
သဇင်ကိုယ်တိုင်တောင် ပါချင်ပါခဲ့မှာ၊ ဒါပေမဲ့ သူက သဇင်တို့နဲ့ သူငယ်ချင်း ဖြစ်အောင် အရင်ကပ်ပြီးမှ ငါ့ကို သူတို့ကနေ တဆင့်မိတ်ဆက်ခိုင်းတာ၊ ဒီမှာ
သူ့ဓာတ်ပုံ’’
နွေးက တက်ကြွစွာ စကားဆိုရင်း သူ့စာအုပ်အဖုံးကျောဘက်ကို ဖွင့်၍ ဖွက်ထည့်ထားပုံရသော
ဓါတ်ပုံတစ်ပုံအား ထုတ်ပြသည်။ အရင်ကဆို ကျွန်မသိသွားမှာ စိုးရိမ်ပြီး
ဝှက်ထားရဟန်ရှိပေမယ့် အခုတော့ ပွင့်ပွင့်လင်းလင်း ထုတ်ပြော၍ ရသွားပြီ ဆိုတော့
လက်ထဲက ဓါတ်ပုံကို သူကိုယ်တိုင်ကြည့်မ၀ ဖြစ်နေပုံများ သူ့ဆီမှ ရင်ခုန်သံကိုပင်
ကျွန်မနားထဲ တီးတိုး ကြားနေ မိသလိုလို။ လမ်းဘေးပလက်ဖောင်းတွင် လက်နှစ်ဘက်ယှက် ထိုင်လျှက်
တီရှပ်အင်္ကျီ၊ ပုဆိုးအကွက်စိတ် ၊လျှာထိုးဦးထုပ် တို့်နှင့် မပြုံးမရယ် ဓာတ်ပုံထဲကလူကို
ကျွန်မသုန်မှုန်စွာ လှမ်းကြည့်မိသည်။
“ သူ့နာမည်က အောင်နိုင်ဝင်းတဲ့၊ မိုက်တယ်မဟုတ်လား”
ကျွန်မ
သူငယ်ချင်း အသည်းကို ဆွဲယူကိုင်လှုပ်နိုင်ပုံရသော ထို မဲနက် စင်ရော်တောင် မျက်ခုံးနှင့်
တောက်ပသော မျက်ဝန်း တစ်စုံကို ဥပက္ခာပြုရင်း သူ့လက်ဖျံတစ်ဖက်ဆီမှ နဂါးလိုလို၊ ပန်းခက်လိုလို
စိမ်းပြာရောင်ဆေး မင်ကြောင်နှင့် မြေကြီးပေါ်ချထားသည့် လွယ်အိတ် ဖွာလံကြဲကို
မြင်လိုက်သောအခါ ကျွန်မစိတ်ပျက်စွာ ဓါတ်ပုံမှ မျက်လုံးလွှဲလိုက် သည်။
ဒီလိုအချိန်မှာ နာမည်ကြီး ကိုရီးယား မင်းသား ‘ရိန်း’ ဒီဇိုင်း နှင့် မိုးကျ ရွှေကိုယ်လေး
ဆိုရင်တောင် နွေးနှင့် ဘယ်လိုနည်းနှင့်မှ သဘောမတူနိုင်သေးသည်မို့ အခုလိုမျိုး ရုပ်
ကလေး သနားကမားနှင့် ကလေကချေ... ခေတ်စကားနဲ့ဆို ဂျလေဘီပုံစံ ဆိုရင်တော့
မဖြစ်ရေးချမဖြစ်နိုင်ပြီ။ ကျွန်မသူငယ်ချင်းက
ဖြူစင်နူးညံ့သူ၊ စိတ်သဘောထား သိမ်မွေ့လွန်းသူမို့ ကျွန်မ အနားမှာရှိနေရက် လစ်သွားသည့်
အခိုက် အတန့်မှာ ဒီလို ဗရုတ်သုတ်ခပုံစံ ယောက်ျားတစ်ယောက်ကို သူ့ဘ၀၏ ပထမဆုံး ရည်းစားဦးအဖြစ်
ရွေးချယ်ခဲ့ခြင်းအတွက် ကျွန်မ ရင်နာ မဆုံးလှပြီ။ ဒီထက်ပိုဆိုးသည်မှာ
ဆယ်တန်းစာမေးပွဲဖြေဖို့ တစ်ရက်ပြီးတစ်ရက်
ပိုနီးကပ်လာပြီမို့ နွေး ခြေလှမ်းမှားပြီး
စိတ် လေမည်ကိုလည်း ကျွန်မ စိတ်ပူမိလေသည်။
သူကတော့ ဆယ်တန်း ကျောင်းသူတစ်ဦး မဟုတ်သလို မကြာခင် ဆုံတွေ့ရမည့် မိမိဘ၀အချိုးအကွေ့ကို
အဆုံးအဖြတ်ပေးမည့် စာမေးပွဲကြီးကို ဥပက္ခာပြုရင်း အချစ်ဆိုသော ထိုအရာကို ရှေ့တစ်လှမ်းတိုး
မြည်းစမ်း ကြည့် ဖို့ သာ စိတ်ကူး နေပုံပေါ်လေသည်။
“ ဒါဆို
အဲ့ဒီအကောင်က နင်အခုတက်နေတဲ့ “ဂုဏ်ထူးပင်လယ်” ကျူရှင်ကပေါ့ ဟုတ်လား။
စိတ်ပျက်လိုက်တာ နွေးရယ်၊ နင်ဘာ တွေလျှောက်လုပ်နေတာလဲ။ အခုစာမေးပွဲ ဖြေဖို့်ကအချိန်ကခြောက်လလောက်ပဲ
လိုတော့တယ်။ စာတွေ မနိုင်ရတဲ့ ကြားထဲ ရည်းစားက ထားလိုက်သေးတယ်။ ငါက နင် သချာင်္နဲ့
ဘိုင်အို နားမလည်ဘူးဆိုလို့ အဲ့ဒီ ကျူရှင်တက်ရအောင် ကူညီ ထားတာ။ ရည်းစားထားဖို့ ကူညီတာမဟုတ်ဘူးဟ”
ပြောလက်စနှင့် ဒေါသထွက်လာသည်မို့ အရှိန်မထိန်းနိုင်ပဲ
ကျွန်မသူ့ကို အသံကျယ်ကျယ်ဖြင့် အပြစ်တင်စကား ဆိုမိသည်။ သူက ကျွန်မနှင့် တစ်ရပ်ကွက်ထဲနေ
အိမ်နီးချင်းဖြစ်ပြီး ငါးတန်းမှ ဆယ်တန်းအထိ တစ်တွဲတွဲ မခွဲခဲ့ သော ကျောင်းနေဘက်
အချစ်ဆုံး သူငယ်ချင်းလေးဖြစ်သည်။ ဖြူဝင်းသော အသားအရေမှာ မျက်လုံးပြူးပြူး၊ နှုတ်ခမ်းဖူးဖူးနှင့်
ချစ်ဖွယ်စကားကို ဆိုတတ်သူမို့ ကျွန်မ တင်မက ကျွန်မ မိဘများကလည်း သူ့ကို ချစ်သည်။
နွေး ခြောက်တန်းကျောင်းသူဘ၀တွင် အဖေဆုံးသွားပြီး အမေဖြစ်သူက ရပ်ကွက် ဈေးထဲမှာ
ကုန်ခြောက်ရောင်းရသည်။ သူ့အစ်ကိုကတော့ မြို့ထဲက လျှပ်စစ်ပစ္စည်း
အရောင်းဆိုင်တွင်လုပ်ပြီး နွေးအောက်မှာ အလယ် တန်း ကျောင်းသူမောင်လေးနှင့် မူလတန်းကျောင်းသူ
ညီမလေးတို့ ရှိသေး၏။ အစ်ကိုနှင့် အမေရှာသမျှက သူတို့ မောင်နှမ တွေ အတွက်
ကျောင်းစရိတ်နှင့် အိမ်စရိတ်တွေ လစဉ်လုံလောက်အောင် ခဲခဲယဉ်းယဉ်း ကြိုးစားရလေသည်။
ဘာသာစုံ ၀ိုင်းကျူရှင် တက်သော ကျွန်မ အတွက် အိမ်မှ ဂိုက်တစ်ယောက်ငှားပေး ချိန်တွင် နွေးမှာတော့
ရပ်ကွက်ထဲမှ ကုသိုလ်ဖြစ် ဆရာမဆရာမ တို့၏ ဈေးအသက်သာဆုံး `ပညာဒါန´ကျူရှင်တွင် ဆယ်တန်းအောင်ဖို့
တိုက်ပွဲဝင်နေရသူ ဖြစ်သည်။ သူ့ကျူရှင် မှ ဆရာ၊ ဆရာမ များက အတွေ့အကြုံရင့် ဆရာ များမဟုတ်ပဲ
ရပ်ကွက်ထဲမှ ဘွဲ့ရပြီးသူတို့က ဈေးနည်းနည်း နှင့် စုစည်းဖွင့်လှစ်ထားသည့်
ကုသိုလ်ဖြစ် ကျောင်းတစ်ခု ဖြစ်သည်။ အပတ်စဉ် စနေနှင့် တနင်္ဂနွေ နှစ်ရက်တည်းသာ တစ်နေကုန်သင်သည့်
ထိုကျူရှင်တွင် သချာင်္နှင့် ဘိုင်အိုကို သူ ကောင်းကောင်း မလိုက်နိုင်ပါတဲ့။ သူ့အမေကိုပြောလျှင်လည်း
နောက်ထပ် ၀န်ထုတ်ဝန်ပိုးဖြစ်မည်စိုး၍ ဘ၀ကို
ကံစီမံရာ အတိုင်း ဖြစ်စေတော့ဟု စိတ်ဒုံးဒုံး ချလိုက်ပုံ ရစဉ်တွင် ကျွန်မ လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ
နွေးအကြောင်းကို အမေ့ကို ပြောပြ ဖြစ်ခဲ့သည်။
ပထမတော့
ကျွန်မ၏ ဂိုက်ဆရာမ သချာင်္နှင့်ဘိုင်အို ပြချိန်တွင် နွေးကိုအိမ်သို့ခေါ်၍ အတူသင်ပေးဖို့
စိတ်ကူးကြည့်သည်။ သို့ပေမဲ့ အဆင်မပြေလှ။ တစ်နေ့ သုံးနာရီလောက် ဂိုက်ဆရာမနှင့်
တွေ့သည့် အချိန်တွေက ကျူရှင်ဝိုင်းမှာ ကျွန်မ နားမလည်သည့် စာများနှင့် တစ်ပတ်စာ
မကျေညက်သောစာများကို ပြန်လေ့လာ ကျက်မှတ်ရန် ဖြစ်သည်။ နွေး နားမလည်သော ဘိုင်အိုစာအုပ်
ထဲမှ လေ့ကျင့်ခန်းအဟောင်း များနှင့် သချာင်္ပုစ္ဆာတို့ကို ကျွန်မအတွက်မဟုတ်ပဲနဲ့ ဂိုက်က သင်ပေးမှာမဟုတ်။ အကယ်၍ ဂိုက်က သင် ပေးမည်ဆိုလျှင်တောင် နှစ်ယောက်စာပေးဖို့လည်း
မဖြစ်နိုင်တော့ ဘယ်လောက်ပိုပေး မလဲဆိုတာလည်း ညှိဖို့လို ဦးမည်။
နောက်ဆုံးတော့ နွေးအတွက် တစ်ခုခုလုပ်ပေးဖို့ အမေဆုံးဖြတ်ချက်ချရပြီ။
နွေးမှာ ကျွန်မ၏ တစ်ဦးတည်းသော အချစ်ဆုံး သူငယ်ချင်းဖြစ်သလို အမေတို့ ကိုယ်တိုင်လည်း
နွေးအပေါ် ငယ်စဉ်ကတည်းက သံယောဇဉ်ရှိသည်။
တစ်အိမ်ကျော် အိမ်နီးနား ချင်း ဖြစ်သူ နွေးမေမေ ဒေါ်မြခက်၏ သောကအမောတွေကိုလည်း တစ်ပူတစ်ပူထပ်ပြီး
မဆင့်စေချင်။ ဒါ့အပြင် လိမ္မာရေးခြားရှိပြီး စာမေးပွဲ တွေမှာ အဆင့်ကောင်းခဲ့သည့်
နွေးကို တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာမှာ ငွေကြေးမတတ်နိုင်သဖြင့် ခြေချော်ကျနိုင်သည့် ခလုတ် ကသင်း တွေ
မြင်နေပါလျက် အမေဘယ်လိုမှ မျက်နှာလွဲ
ခဲပစ်မနေနိုင် ဖြစ်ပုံရပါသည်။။ ဒါကြောင့် သူအားနည်းသည့် ဘာသာ နှစ်ခု အတွက်
မြို့ထဲမှာနာမည်ရှိပြီး ဈေးသင့်တင့်သည့် ကျူရှင်တစ်ခု၏ ဆက်ရှင်တစ်ခုမှာ လပြတ်ကျူရှင်ထပ်ယူနိုင်ဖို့ အမေ ကူညီခဲ့သည်။
ဒီတုန်းက နွေးမျက်ရည်ကျလျှက် “ ဆယ်တန်းကို
အမှတ်ကောင်း ကောင်းနှင့် နှစ်ချင်းပေါက် အောင်ဖို့ ကတိပေး ပါတယ် အန်တီ”ဟု ဆိုတော့
ကျွန်မမှာ နွေးအတွက် ၀မ်းနည်းဝမ်းသာ မျက်ရည်ဝဲသည့်ကြား မှ မေမေ့ ကို ကျေးဇုးတင်မိသေးသည်။ အတန်းတူ သူငယ်ချင်း သဇင်တို့ပြောပြ၍ ‘ဂုဏ်ထုးပင်လယ်’
ကျုရှင်ကို စုံစမ်းပြီး မေမေပေး သည့် ငွေဖြင့် ကျွန်မတို့နှစ်ယောက် ကျူရှင် သွားအပ်
ဖြစ် ကြသည်။’ ဂုဏ်ထူးပင်လယ် ‘မှာ ဆိပ်ကမ်းသာ လမ်းမှ နာမည်ကြီးကျူရှင်များထဲက တစ်ခု
ဖြစ်သည်။
နွေးနာမည်နှင့် ထိုင်ရမည့် ခုံနံပါတ်နံပါတ်သိသောအခါ၊ ကျောင်းစာရေးဆီမှာ
သုံးလပြတ်စာ ကျူရှင်လခသွင်း၍ ကျောင်းအပ်ပြီး အပြန်လမ်းတလျောက် နွေးအတွက် ကျွန်မ စိတ်ပူစွာ မှာတမ်းတွေချွေမဆုံး
ဖြစ်ရသည်။
“ ကျူရှင်မှာ လူတွေကလည်း အများကြီးပဲနော်။ ယောက်ျားးလေး မိန်းကလေး ခွဲထားတာမျိုးလည်း
မရှိဘူး။ ကိုယ့်ခုံ နံပါတ်နဲ့ ကိုယ် ထိုင်ရတာဆိုပေမယ့် လူတွေကဗျောက်သောက် ဆိုတော့ ငါနင့်ကို
စိတ်ပူတယ်။ ”
“ ခုနက စာရေးပြောတော့ မိန်းကလေးတွေက သက်သက်ထိုင်ကြရတာပါတဲ့ ”
“ အဲ့ဒါက နဂိုတည်းက သူတို့ သူငယ်ချင်းတွေနဲ့ အတူလာတက်လို့နေမှာပေါ့။ နင်က
ငါလည်း မပါတော့ တစ်ယောက် တည်း တက်ရမှာ။ နင်မျက်နှာကို သိပ်ချိုပြမနေနဲ့ ၊ ကျူရှင်မှာ
ခပ်တည်တည်ပဲနေနော်။ သဇင်တို့ ရှိတယ်ဆိုပေမယ့် သူတို့ အကြောင်း နင်အသိဆုံးပဲ
ကိုယ်ပေါင်း စိတ်ခွာနေ”
သဇင်တို့ ပြောပြ၍ ဒီကျူရှင်ကို သိရသည်မှန်သော်လည်း
ကိုးတန်းနှစ်ကတည်းက ရည်းစား ရှိတာကို ဂုဏ်ယူစရာ ကိစ္စ တစ်ခုလို အမြဲပြောနေတတ်သည့်
သဇင့်ကိုတော့ ကျွန်မက မနှစ်မြို့လှတာ အမှန်ပင်။
“ မြတ်ကလည်း စိတ်ပူစရာမရှိ၊ကြံဖန်ပူနေတယ်။ ငါဘ၀ ငါမမေ့ပါဘူးဟာ။ အန်တီနဲ့ နင့်စေတနာကို
ငါနားလည်ပါ တယ်၊ စိတ်ချ ။ ပြီးတော့ ဒီကျူရှင်ကနေ ဂုဏ်ထူးထွက်သွားတဲ့ လူတွေ
အများကြီးပဲတဲ့၊ ငါ့အစ်ကို ပြောပြတယ်။ သူတုန်းကလည်း ဒီလို ကျူရှင်ပဲတတ်တာ၊
ပျော်ဖို့လည်းကောင်းသလို၊ စာလည်း မှတ်မိတယ်တဲ့၊ သူလည်ုးသချာင်္ဂုဏ်ထူး တစ်ခု ပါခဲ့တယ်လေ
”
သူ့ဆီက
ဒီလိုစကားမျိုးကြားရတော့ ကျွန်မစိတ်အေးသွားမိသည်။ ဟုတ်ပါတယ်လေ။ ဆယ်တန်းစာမေးပွဲကို
ဝိုင်းကျူရှင်နှင့် အိမ်မှာ ဂိုက် ခေါ်သင်မှ အမှတ်ကောင်းပြီး ဂုဏ်ထူးပါနိုင်တာမျိုးမှ
မဟုတ်တာ။
“ အေးပါ၊
နင်အဆင်ပြေဖို့ ပဲ အရေးကြီးပါတယ်နွေးရယ်၊ ငါ့ကျူရှင်မှာဆို လူငါးယောက်ပဲ ရှိတော့
နားမလည်တဲ့စာဆို ဆရာ့ ကို ချက်ချင်း ပြန်ရှင်းခိုင်းလို့ရတယ်။ ဟေးလားဝါးလားလည်း
လုပ်လို့မရဘူး။ ဒါကြောင့် နင်လည်း နားမလည်တာဆို
ချက်ချင်းထ မေး၊။ ကျောင်းသားတွေ အများကြီးဆိုတော့ ဆရာက တစ်ယောက်ချင်းစီကို
မသိနိုင်ဘူး။ ပြီးတော့ ကျူရှင်မှာ အပျော် လာတက်နေတဲ့ မျက်နှာရူး တွေနဲ့လည်း
အပေါင်းအသင်းမလုပ်နဲ့ ၊ အိမ်ပြန်ရင်လည်း မြန်မြန်သွက်သွက် ပြန်လာဦး၊ ဘက်စ်ကား နဲ့
ပြန်ရမှာ”
“
အေးပါဟယ်၊ အမေကလည်း ငါအဆင်ပြေသွားလို့ ၀မ်းသာနေတယ်။
ပြီးတော့ အန်တီကိုလည်း သူက ကျေးဇူးတင်လို့ ပြော ပေးပါဦးတဲ့”
ထိုစဉ်ကတော့ နွေးကဘ၀ကို အရှိအတိုင်းနားလည်လက်ခံပြီး သူ့အိပ်မက်တွေ
တပွေ့တပိုက်ကို လက်တွေ့ အကောင် အထည် ဖော်ချင်သူ၊ အခုတော့ နွေးက သူ့ကျူရှင်ချိန်တွေထဲ
နားမလည်ပါဘူးဆိုသည့် ကျောင်းစာတွေထက် နားမလည် သင့်သေး
သော အချစ်စာကိုသာ ပိုဦးစားပေး သင်ယူချင်သူ။ လက်ရှိ နွေးပြောနေသည့် အရေးမပါလှသော
သူတို့ နှစ်ယောက်၏ ဆုံဆည်းမှု ကို ကျွန်မ
စိတ်မ၀င်စားသော်လည်း ဒေါသကို မြိုသိပ်ပြီး နားထောင်ပေး လိုက်ရသည်။
သူ့ကောင်လေးနှင့် ပတ်သက်ပြီး သူသိသမျှ ပြောပြ လာ သည့်အခါမှာတော့
ကျွန်မမအောင့်ဧည်းနိုင်တော့ပဲ..
“ဒါဆို
သူက repeater (တစ်နှစ်ကျ) ကြီးပေါ့၊ မိသားစုကလည်းများသေး။ အဖေက လက်သမားလုပ်ပြီး
အိမ်ကို လုံလောက် အောင်မပေးဘူး။ အရက်သောက်ပစ်တာဆိုတာ နင်က သနားတယ် ငါက
စိတ်ပျက်တယ်၊ အမေက ခေါင်းရွက်ဗျတ်ထိုး၊ ဒါကတော့ သနားစရာပါ။ ဒါပေမဲ့ နင့်အကောင်က
ဈေးသည်သားနဲ့မတူပဲ လက်ကြောတင်းမယ့်ပုံမပေါ်ဘူး။ လူဆိုတာ ဥစ္စာမရှိလည်း ပညာရှိမှ၊
ပညာမတတ်လည်း ဥစ္စာရှိရင် တော်သေး။အခုတော့ နင့်ဟာက….။ နင်လည်း ကိုယ့်အခြေအနေကို
ကိုယ်သိတာပဲဟယ်၊ နင်.. တကယ်ဦးနှောက်မှ ရှိသေးရဲ့လား”
ကျွန်မမှာ တွက်ချက်လို့ အဖြေမထွက်နိုင်သေးသည့် သချာင်္ပုစ္ဆာကို ခဏဘေးချပြီး
သူ့ပြဿနာအတွက် တကယ်ခေါင်းနပမ်း ကြီးသွားမိသည်။
“ ငါ
မှားလား မှန်လား ကိုယ့်ဖာသာ မသိဘူးဖြစ်နေတယ် မြတ်ရယ်၊ ငါတကယ်ပဲမှားသွားပြီလားဟင်”
“ ကျွတ်
နင် ရူးနေပြိလား နွေး၊ အခုအချိန်ဟာ ရည်းစားထားရမဲ့အချိန်လား၊ စာမေးပွဲကဖြင့်
ဖင်နားကပ်နေပြီ။ နင်ကြောင့် ငါတကယ် သေချင်တယ်။ နင်အဲ့ဒီအကောင်ကို အခု ဖြတ်မလား
မဖြတ်ဘူးလား။ မဖြတ်ရင်တော့ ငါနင့်အမေနဲ့တိုင်ရလိမ့်မယ်”
သူက
အချစ်ကိုတွေ့ရှိချိန် ခံစားရသည့် ခံစားချက်တချို့နှင့် သူကောင်လေး၏အကြောင်းကို စပ်စုနေကျ သဇင်ခိုင် တို့လို ကျွန်မက
အရေးတယုလုပ် မေးမြန်းစပ်စုမည်ဟု ထင်ထားမျှော်လင့်နေပုံရသည်။ ယခု သူ မမျှော်လင့်သည့် စကားမို့ အံ့သြ တုန်လှုပ်
စွာ ကျွန်မလက်တစ်ဖက်ကို လာကိုင်သည်။
“ အဲ့လိုတော့
မလုပ်ပါနဲ့ မြတ်ရယ်နော်။ ငါသူနဲ့ မတွေ့တော့ဘူးလေဟယ်၊ ကျူရှင်ကအပြန်လည်း သူ့ကို
လိုက်မပို့ခိုင်းတော့ ဘူး။ ငါသူ့ကိုမေးထူးခေါ်ပြော အဆင့်လောက်ထိပဲ ပတ်သတ်မယ်လေဟာနော်။
အမေ့ကိုတော့ မတိုင်ပါနဲနော်။ ပြီးတော့ ငါ့ သူ့ကို ဖြတ်လို့တော့ မဖြစ်ဘူး။ မဟုတ်ရင်
သူသေမှာ၊ သူစာမေးပွဲ ထပ်ကျမှာကိုလည်း ငါစိုးရိမ်လို့ပါဟယ် နော် ”
အချစ်စိတ်တွေ
မွန်ထူနေသော နွေးကို ကြည့်ပြီး၊ ဘာပြောရမှန်းမသိလောက်အောင် စကားလုံးတချို့
ပျောက်ဆုံးနေ သည်မို့ကျွန်မ သက်ပြင်းမောတစ်ချက်ကိုသာ ရှိုက်ထုတ်မိတော့သည်။
XXXXXXXXXXXXXXXXXXXXX
“သမီးရယ်၊ အန်တီတော့ ဘာဆက်လုပ်ရမှန်းတောင် မသိတော့ပါဘူး။ သမီးကိုတော့
သူပြောပြမှာပဲလို့ အန်တီထင်လို့ ဆိုင်ကနေ ဖုန်းဆက်ခေါ်လိုက်ရတာ။ အိမ်မှာလည်း
မိရွှေချောက မျက်ရည်စီးကြောင်း ထနေတော့ သူ့ရှေ့မှာလည်း အန်တီမမေးချင် ဘူး။ သူ့အစ်ကိုလည်း
သိသွားတော့ ပိုဆိုးတယ်”
မနက်က ဈေးထိပ် ပီစီအိုဖုန်းဆိုင်မှ ကျွန်မဆီ အန်တီမြ ဖုန်းဆက်ပြီး နေ့လည်ဈေးသိမ်းချိန်လောက်
ဆိုင်ခဏလာဖို့ ခေါ် ထားသောကြောင့် ကျွန်မလာခဲ့ခြင်းပင်။ ဆိုင်ကလေးပေါ်သို့
တက်လိုက်တယ်ဆိုလျှင်ပဲ အာလူး၊ ကြက်သွန်၊ ငရုတ်သီးများ ပတ်လည် ၀ိုင်းနေရာမှာ ချိန်ခွင်ကလေးကိုင်ပြီး
ချွေးတလုံးလုံးနှင့် ဈေးရောင်းနေသည့် အန်တီမြကို သနားစဖွယ် တွေ့ရသည်။ ဆိုင်ပေါ်ကို
တက် ပြီး မှ ထိုင်စရာနေရာမရှိ၍ ဆိုင်အစွန် လွတ်နေသော ကြမ်းခင်းတွင် တင်ပလွှဲ ထိုင်လိုက်သည်ဆိုရင်ပဲ
အန်တီက ကျွန်မ မြင်ဖူးခဲ့သည့် ဓါတ်ပုံတစ်ပုံကို ထုတ်ပြရင်း စကား စခြင်းပင်။
“
သမီး သိတာလည်း ဘာမှမကြာသေးပါဘူး အန်တီရယ်၊ သူပြောပြတာတော့ မဟုတ်ပါဘူး၊ သမိးဖာသာပဲ
မေးလိုက် တာ။ အခု ကိုကြီးသိသွားပြီဆိုတော့ သူ့ကို ရိုက်တာ၊နှက်တာတွေရော ရှိသေးလား”
“ရိုက်တော့ မရိုက်ပါဘူး သမီးရယ်၊ သူ့ညီမကို အသည်းယားပြီး ဟိုကလုပ်ချင်နေတာ။
အန်တီတားထားလို့၊ နောက်တစ်ခါ မျက်စိရှေ့မှာတွေ့ရင်တော့ အသတ်ပဲတဲ့။ အခု အဲ့ဒီိကလေးက
သမီးတို့ ကျောင်းကပဲလား၊ ဒါမှမဟုတ်ရင် အိမ်နားက ကျူရှင်ကလား သမီးရယ်၊ အတင့်ရဲလိုက်တာ။
အိမ်အထိ အောင် အကြိုအပို့လုပ်ပေးလို့ သူ့အစ်ကို မြင်ရ တာလေ”
“ကျောင်းကမဟုတ်ပါဘူး အန်တီရယ် ။ မြို့ထဲ ကျူရှင်ကပါ ။ အရမ်းကြီးတော့
စိတ်မပူပါနဲ့ ၊နွေး ဒီလောက် မိုက်မှာ မဟုတ် ပါဘူး အန်တီ ရယ် “
“
သူသာ မမိုက်ဘူးဆိုရင် အဲ့ဒီလို ဘယ်လုပ်ပါ့မလဲ သမီးရယ်”
နွမ်းလျနေသော အန်တီမျက်နှာကို ငေးကြည့်နေမိသည်။ သနပ်ခါးထူထူလိမ်းသည့်
ပါးပေါ် ကျလာသည့် မျက်ရည်တွေ ကို ကျွန်မ
မမြင်အောင် လက်ဖျံနှင့်သုတ်ရင်း အဝေးကို ငေးလျက် မောပန်းစွာတစ်ခွန်းချင်းဆိုသည်။
“သမီး မေမေကိုတော့ မပြောပါနဲ့ သမီးရယ်၊ သူသိရင် စိတ်ကောင်းမှာ မဟုတ်ဘူး။
မြို့ထဲက ကျူရှင်ဆိုရင်တော့ လိုက် မကြည့်နိုင်မယ့် အတူတူ အန်တီသူ့ကို
ကျူရှင်ထုတ်ရင် ကောင်မလားလို့”
“ စာမေးပွဲက အရမ်းနီးးနေတော့ ကျူရှင်တော့မထုတ်စေချင်ဘူး
အန်တီရယ်။ ဒီလိုလုပ်ပါလား။ ကိုကြီးကိုကြိုခိုင်ရင်ရော ”
“သူ့ဆိုင်ကလည်း သူ့အပြင်တခြားဝန်ထမ်း မရှိလို့၊
ထွက်ဖို့ မလွယ်ဘူး။ တခါတလေ၀ယ်သူကျရင်တောင်
မိုးချုပ်တယ် ကွဲ့၊ သူတော့ အဆင် မပြေနိုင်ဘူးထင်တယ်”
“ ဒါဆို ဇော်ထိုက် ဆိုရင်ရော အန်တီ”
နွေး၏မောင်လေး ရှစ်တန်းကျောင်းသားဇော်ထိုက်ကို သတိတရ ပြောလိုက်မိခြင်း
ဖြစ်သည်။ နွေး၏လူက ဒဂုံတောင် မှလာရသည်မို့ ကျူရှင် အသွားတော့ နွေးကို စောင့်ခေါ်နိုင်ပုံမရ၊
ညပိုင်း ကျူရှင်ဆင်းမှ အိမ်နားအထိ လိုက်ပို့ရင်း နွေး အစ်ကိုနှင့် ဆုံ တာ ဖြစ်မည်။
ဘာပဲဖြစ်ဖြစ် ဇော်ထိုက်ကတော့ ရှစ်တန်းကျောင်းသားပေမဲ့ လူကောင်ထွားသည်မို့ ၊
မလောက်လေး မလောက်စားပုံ မပေါက်။ ဒါကြောင့် အောင်ကိုဝင်း နွေးအနားကပ်ဖို့ အတင့်မရဲမှာ
သေချာသည်။ နောက်ဆုံးတော့ ကျောင်းစာကို မထိခိုက်ပဲ အကောင်းဆုံး ဖြေရှင်းနိုင်မည့်
ထိုပြဿနာအတွက် ဇော်ထိုက်လေးကို မုန့်ဖိုးပေးပြီး နွေး ကျူရှင်အပြန်ကို စောင့်ကြိုဖို့
ကျွန်မပေးသည့် အကြံကို အန်တီလက်ခံခဲ့သည်။ ကျူရှင်တစ်ခု တည်းသာမဟုတ် နီးနီးနားနား
နွေး ဘယ်သွားသွား ဇော်ထိုက်က အရိပ်လို အမြဲပါနေ သည်ကို တွေ့ရတတ်သည်။ တခါတလေ မုန့်ဆိုင်မှာ
မုန့်ဝယ်သည်ကအစ ဇော်ထိုက်မပါလျှင် သူ့ညီမလေး သုံးတန်းကျောင်းသူ ဖြူစင် အမြဲပါသည်ကို တွေ့ရတိုင်း နွေး တစ်ယောက်
ဘယ်သွားသွား ခြေချုပ်မိနေမှန်း ကျွန်မ အကဲခတ်မိ သည်။ နွေးမျက်နှာ မကောင်းလှသည်ကို
မြင်လျက်နှင့် အကူအညီ မပေးသာသည်မို့ မသိချင်ယောင်ဆောင်ရင်းမှ အသည်းကွဲ၍လား၊
စာမေးပွဲ နီး၍လား မသိ ဒီရက်ပိုင်း သူအတော်လေး စကားနည်း သွားသည်ကို သတိပြုမိသည်။ တစ်ရက်တော့ စာအုပ်တွေ
တစ်ပွေ့တပိုက်နှင့် ကျွန်မဆီ သူရောက်လာသည်။ တစ်အိမ်ပဲ ခြားသည်မို့ သူ့အိမ်ကလည်း မည်သည့်အဖော်မှ
မထည့်လိုက်ရာ ကျွန်မစာကျက်နေသော အိမ် အပေါ်ထပ် ၀ရံတာ လေးဆီသို့ သူ တက်လာသည်။
“
ဟေ့ နွေး”
သူက ကျွန်မကို ခွန်းတုံ့ပြန်ဖို့ စိတ်မ၀င်စားနိုင်ပဲ ကျွန်မထိုင်နေသည့်
စာကြည့်စားပွဲကို ကျော်၍၀ရံတာမှာ ရပ်ကာ လက် ဟန် ခြေဟန်နှင့် တစ်စုံတစ်ယောက်ကို
သူပြောဆိုနေသည်။ ထို နေရာသို့လှမ်းကြည့်လိုက်တော့မှ လားလား ဒင်းက ဓါတ်တိုင် အောက်မှာ
ရပ်နေ သော ကိုယ်တော်ချောနဲ့ အချိန်းအချက် လုပ်နေသည်ကိုး။ ဓါတ်တိုင်အောက်မှာ
အောင်နိုင်ဝင်းက အဖြူရောင် ရှပ် အကျီင်္၊ အမဲရောင် ပုဆိုးနှင့် အထုံးကလေးထုံးထားသော
လွယ်အိတ်ပုတိုလေးကို လွယ်လျက်၊ ကျွန်မစာ ကျက် နေသော ၀ရံတာသို့ မော့ကြည့်ရင်း ဘာတွေပြောနေသည်မသိ။
နွေးကို အထဲဝင်ဖို့ လှမ်းဆွဲလိုက်တော့ သူက သတ္တိတွေ ရှိနေလေပြီ။
“
မြတ် နင်ငါနဲ့ခဏလိုက်ခဲ့ဟာ၊ ဒီနေ့ ငါ သူနဲ့ ခဏလောက်တော့ တွေ့ရမှ ဖြစ်မယ်”
ကျွန်မမှာ စာကျက်ရင်း အချစ် ဆိပ်တက်နေသော နွေးကို ကြည့်ပြီး
စိတ်ပျက်သွားမိသည်။
“
နင် ရူးနေပြီလား။ ဘာလုပ်ဖို့ သူနဲ့ သွားတွေ့ဦးမှာလဲ။ နင်အိမ်က သိရင်
မိုးမီးလောင်သွားမယ်”
“
ဟင့်အင်း မသိနိုင်ပါဘူးဟာ။ နင့်ဆီသွားမယ်လို့ ငါ ပြောထားတာပဲ၊ အိမ်က တစ်ယောက်မှ
လိုက်မကြည့်ဘူး။ စိတ်ချ။ နင်သာ နောက်နေ့ သူတို့ကို ပြန်မတိုင်ရင် ဘာမှသိစရာမရှိဘူး
“
ရဲရင့် ပြတ်သားနေသော သူ့ဟန်ပန်မှာ ကျွန်မနှင့် ငါးနှစ်တာ တတွဲတွဲ
မခွဲအတူရှိခဲ့ဖူးသော ကျွန်မသူငယ်ချင်းလေး နွေးနွေးခင် ဟုတ်ပါလေစ။ ကျွန်မ
စက္ကန့်အနည်းငယ် အံ့သြမင်သက်နေသည်ကို သူက အခွင့်ကောင်း ယူလျက်“သွားရအောင် မြတ်ရယ်၊လာပါ” ဆိုပြီး ကျွန်မလက်ကို ဆွဲလျက် လှေခါးပေါ် မှ ခေါ်ချလာ သည်ကို
ယောင်တောင် တောင်နှင့် ပါလာ ပြီးအောက်ရောက်မှ သတိရမိကာ ကျွန်မ သူ့လက်ထဲမှ ခပ်ကြမ်းကြမ်း လေး ရုန်း ထွက် လိုက်သည်။
“
ငါ မလိုက်နိုင်ဘူး နွေး၊ ငါ အဲ့ဒီအကောင်နဲ့ နင့်ကိုလုံးဝသဘောမတူဘူး”
“ငါ တောင်းပန်ပါတယ်ဟယ်၊ သူက ငါ့ကို ဒီနေ့ ပြောစရာ စကားရှိလို့ ည
ခုနစ်နာရီလောက် အပြင်ကို ဖြစ်တဲ့နီးနဲ့ ထွက်ခဲ့ ပါလို့ သဇင့်ကနေ တဆင့် ပြောထားလို့ပါ။
ဒီနေ့တွေ့ပြီးရင် စားမေးပွဲ မပြီးမချင်း သူနဲ့ ငါနောက်ထပ် မတွေ့တော့ဘူးလို့ ကတိ ပေးပါ
တယ်။ ဒီနေ့ တစ်ရက်လေးပဲ ငါ့ကို ကူညီပါနော်။ တကယ်လို့ နင်မကူညီရင်
ငါ..ငါတစ်ယောက်တည်းပဲ သွား တော့မယ်”
တောင်းပန်သလို လက်အုပ်လေးချီပြီး လက်လေးနှစ်ဖက်ကို ပွတ်၍ ပြောနေသော သူ့ကို
ကျွန်မ ဘယ်လို နားလည် ရမည် လဲ။ နူးညံ့သိမ်မွေ့လွန်းသော သူမခန္ဓာကိုယ်ထဲ
ဘယ်အချိန်တုန်းက အချစ်အတွက် ရဲရင့် ပြတ်သား စေနိုင်မည့် ရဲရဲ တောက် သွေးတွေ
စီးဆင်းနိုင်ခဲ့တာပါလိမ့်။ သူတစ်ယောက်တည်း သွားလျှင် ပိုဆိုးမည့် အခြေအနေမို့
ကျွန်မ ကူညီရတော့မည်။
“
အေး ငါဒီတစ်ခါတော့ လိုက်ကူပေးမယ်၊ ဒါပေမဲ့ နင့်ကတိလည်း တည်ပါစေ”
အိမ်ကထွက်လာချိန်မှာတော့
အဖေက ရေဒီယိုနားထောင်နေချိန်၊ အမေနှင့် အိမ်သားတွေကတော့ “ကိုရီးယားလှိုင်း”ထဲ မျောနေကြသည်မို့
အာလူးကြော်နှင့်အအေး သွားဝယ်ဦးမယ် ဆိုသည့် ကျွန်မ၏ ဆင်ခြေအပေါ် စစ်ဆေးမေးမြန်းခြင်း
မရှိကြပါ။ ကျွန်မ မှာသာ နွေး ချောဆွဲခေါ်သွားသော ‘စိမ်းလန်း’ အအေးဆိုင်ရှိရာသို့
သွားစဉ် မလှမ်းမကမ်း မှာ အတူပါလာသော ဓါတ်တိုင်အောက် နားမှ နွေး၏အရိပ်ကြောင့်
လိပ်ပြာမလုံသလို ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက်ငေး ရင်း ကျွန်မ ကြောက်ဒူးတုန်ရပါသည်။
“
အအေး ဆိုင်ကိုပဲ သူ့ကို ခေါ်သွားမှ ဖြစ်မယ်၊ လက်ဖက်ရည်ဆိုင်ဆို ကိုကြီးအသိတွေနဲ့
တိုးနေဦးမယ်”
တိုင်ပင်သလို တစ်ယောက်တည်း ပြောနေသော နွေးအသံကို နားစွင့်ရင်း နွေးအိမ်မှာ
တစ်ယောက်ယောက် မြင်သွားလျှင် ကျွန်မပါ ဓါးစာခံ ဖြစ်မိအရေးတွေးပြီး ကျောချမ်းရသည်။
ဆိုင်ရှေ့ရောက်တော့ နွေးက သူ့အရိပ်ကိုလှမ်းစောင့် နေလိုက်သည်။
“ဟိုနားမှာ
ထိုင်ရအောင်၊ သစ်ပင်နဲ့ဆိုတော့ မှောင်ရိပ်နည်းနည်းကျတယ်”
သူကလည်း နွေးအစ်ကို ဖြစ်သူနှင့် ပက်ပင်းတိုးခဲ့ဖူးသည်မို့ လူမြင်မှာတော့
စိုးရိမ်ပုံပေါ်သည်။ သူဦးဆောင်ရာ ၀ိုင်း သို့ ကျွန်မတို့ နှစ်ယောက် လိုက်လာခဲ့သည်။
သူက ထောပတ်သီးဖျော်ရည်မှာချိန် ကျွန်မတို့နှစ်ယောက်ကတော့ စတားကိုလာ တစ်ယောက်
တစ်ပုလင်းစီပဲ မှာလိုက်သည်။ သူက စီးကရက်ကို စိတ်ပါလက်ပါဖွာရှိုက်ရင်း နွေးမျက်နှာကို ရီဝေစွာကြည့်လျက် စားပွဲ အာက်မှ
နွေးလက်တစ်ဖက်ကို လှမ်းဆွဲယူပြီး
ဆုတ်ကိုင်ထားသည်ကို ကျွန်မ မမြင်ချင်ယောင်ဆောင်နေရ သည်။ နွေး ကို နှမျော သည့် စိတ်နှင့်
ဖြစ်ပေါ် လာသော ဒေါသစိတ်ကလေးကြောင့် လိုအပ်သည်ထက် ကျွန်မ မျက်နှာထားမှာ
တင်း မှာနေ မှာဖြစ်ပြီးချက်ချင်းထပြန်ချင်သည့်စိတ်ကိုမနည်းမြိုသိပ်ထားရသည်။
ကြည့်ပါဦး ကျွန်မမုန်းသည့် ဆေးလိပ်ငွေ့တွေကြားမှ မြင်နေရသည့် သူ့ပုံစံ၊ တွန့် လိမ်ကောက်ကွေးနေသော
ဆံပင်များက ဂုတ်နားမှာ ကော့ပျံတက်နေသည်။ ကြယ်သီး သုံးလုံးလောက် ဖြုတ်ထားသော ရှပ်အင်္ကျီ
ဖရိုဖရဲကြောင့် သူ့ရင်ဘတ်ကို လှမ်းမြင် နေ ရပြီး ချောမောပြေပြစ်ပါသည့်ဆိုသော သူ့မျက်နှာကတော့
ညစ်ထေးထေး ဦးထုတ်တစ်လုံးအောက်မှာ အာရုံနောက် ချင်စရာ။ ရုတ် တရက်
မြင်လိုက်ရသည့် သူ့ပုံစံမှာ ဘာကိုမှ
အထင်ကြီး သဘောကျချင်စရာ မကောင်းသည်မို့ ထိုသူမှာ ကျွန်မ အချစ်ဆုံး သူငယ်ချင်းလေး ၏
စိတ်ကူးထဲမှ မျှော်လင့်ခဲ့ဖူးသော အချစ်ဦးသူဆိုသည်ကို လက်ရှိ အချိန်ကလေးမှာပင်
ကျွန်မလက်ခံနိုင် ဖြစ်နေရသည်။ သူ့ဆီမှ နွေးကိုပြောသည့်ချစ်စကား၊ အလွမ်းစကားတွေနှင့်အတူ
စာတွေကျက်မရ၊ သင်္ချာတွက် လို့ မရသည့်ဒုက္ခ တွေ အကြောင်း ကြားရသည်။ အိမ်နှင့် အဆင်မပြေ၍
သူငယ်ချင်း တစ်ယောက် အိမ်မှာ သွားနေသည့် သူ့အကြောင်းတွေကို ပြောပြချိန်၊ နွေးက ကျွန်မကိုပင်
အသိမပေးခဲ့သော သူ့အိမ်မှ ချုပ်ချယ်သည့် အကြောင်းတွေကို မျက်နှာငယ်ငယ်လေးနှင့် သူအားကိုး
သူကို ရင်ဖွင့် ပြောပြနေသေးသည်။
ဆိုင်မှာ
မိနစ်နှစ်ဆယ်လောက်ကြာတော့ နွေးကို ပြန်ဖို့ လက်ကုတ်ရသည်။ ပြန်ခါနီးမှ ကျွန်မကို
သှူု့လူ အောင်နိုင်ဝင်းနှင့် မိတ်ဆက်ပေးဖို့ သတိရသည်။
“ ကို ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်၊
ဒါနွေးရဲ့ အချစ်ဆုံးသူငယ်ချင်း။ မြတ်စုလှိုင်တဲ့။ သူကုညီလို့ ဒီနေ့ ထွက်လာလို့ရတာ”
“ သြော် မြတ်စုလှိုင်ဆို သိတာပေါ့။ နွေးအမြဲပြောပြတယ်။ သူ့ကို မြတ်စုက
အမြဲကူညီပေးတယ်ဆို၊ ကျေးဇူးတင်ပါ တယ်ဗျာ။ ကျွန်တော့်တို့ကို အခုလို ကူညီပေးတာ။
နောက်လည်း ကူညီပေးပါဦး”
သူကို အမြင်ကတ်ပါတယ်ဆိုမှ လိုတာထက်
ပိုပြီး ဦးခေါင်းကိုညွတ်၍ ကျွန်မကို ခခယယ ပြောဆိုနေ သေးသည်။ သူပြောသမျှ နားလည်သဘောပေါက်သော
အပြုံးမျိုးနှင့် ၀တ်ကျေ တန်းကျေ တုံ့ပြန်လိုက်ရသည်။ ကျွန်မတို့နှစ်ယောက် သူ့ကို
နှုတ် ဆက်ပြီး မပြန်ခင် နွေးလက်ထဲ သူကစာတစ်စောင် ထည့်သည်။ ဒီတစ်ခါတော့ ကျွန်မက
စာကို စိတ်ဝင်စား သည်မို့ သိချင်စိတ်နှင့် နွေးကို ချက်ချင်း ဖောက်ဖတ်စေသည်။ စာက
မတိုမရှည် ။ ဒါပေမဲ့ လက်ရေးကတော့ လှသည်။
“ ချစ်တဲ့နွေး
ကိုယ်တော့ နွေးနဲ့ မတွေ့ရတဲ့ ရက်တွေမှာ တဖြည်းဖြည်းနဲ့
ရူးရတော့မယ်နဲ့တူတယ်။ နွေးပြောသလို မြန်မြန်နီးစပ် ချင်ရင် ကိုယ်ပို
ကြိုးစားမှရမယ်၊ ဆယ်တန်းအောင်မှ ဖြစ်မယ်ဆိုတာလည်း
ကိုယ်နားလည်ပါတယ်။ ဒါပေမဲ့ နွေးကို အရမ်းသတိရ တမ်းတချိန်၊ ကိုယ်
ဘာမှလုပ်ချင် ကိုင်ချင်စိတ်မရှိတော့ဘူး။ ဒါကြောင့် တခါတလေ နွေးတို့ လမ်းထဲက
ဓါတ်တိုင်အောက်မှာ ကိုယ်နွေး အရိပ်အယောင်လေးလောက်ကို မတွေ့မချင်း ရပ်စောင့်နေမိတယ်။
ဒါကိုနွေး သတိထားမိရဲ့လား။ တကယ်လို့ အဲ့ဒီဓါတ်တိုင်အောက် လေးမှာ ကိုယ်အမြဲလို
ရှိနေတတ်တာမို့ ကိုယ့်ကို တွေ့ရင် နွေးအိမ်ကနေ နည်းလမ်းရှာပြီး ခဏဖြစ်ဖြစ်
ထွက်လာခဲ့နော်။ ကိုယ် ပြောချင်တာမှန်သမျှ သဇင်ကနေတဆင့် ဆက်သွယ် လိုက်မယ်။ ပြီးတော့
ကိုယ့်ကို ဆက်သွယ်နိုင်မဲ့ အိမ်နားက တဆင့်ဖုန်းကိုလည်း နွေးကို နောက်တော့ပေးထားမယ်။
အခုက ဖုန်းနံပါတ်အလွတ်မရလို့။ နောက်မှ သဇင်နဲ့ဖြစ်ဖြစ် ပေးလိုက်မယ်။ နောက်ထပ် ကိုယ်တို့ နှစ်ယောက်အတွက် အရေးကြီးတာ
တစ်ခုပြောစရာရှိသေးတယ်။ အဲ့ဒါက ဆယ်တန်း အောင်စာရင်းထွက်လို့ ကိုယ်အောင်တယ် ဆိုရင်
နွေး ကိုယ့်အလိုလိုက်ရမှာနော်။ ဆယ်တန်း ဆိုတာ ဘ၀ရဲ့အဆုံးအဖြတ်လို့
နွေးခဏခဏပြောတယ်လေ။ ဒါကြောင့် အောင်စာရင်း ထွက်တဲ့နေ့မှာ ကိုယ်အောင်ရင်
ကိုယ့်လက်ကို နွေးတွဲရဲ ရမှာပေါ့။ အဲ့ဒီနေ့ကျ နွေးကို ကိုလာခေါ်မယ် ”
စာဆုံးသွားသည့်အခါ နွေးလက်ကလေးကို ကျွန်မ စိတ်ပူစိုးရိမ်စွာ
လှမ်းကိုင်လိုက်မိသည်။ ဘုရားသခင်၊ ဒါ နွေးကို စားမေးပွဲ အောင်စာရင်းထွက်သည့်နေ့
ခိုးရာလိုက်ရမည်လို့ အချိန်းအချက်ပေးသော စာလား။ ဒိသံသယ နဲ့ နွေး ကို မေးတော့ နွေးကတော့
ဒီလိုတော့ မဟုတ်သေးပါဘူးလို့ ဆိုပါသည်။ ဘာပဲဖြစ်ဖြစ် နွေးကို လည်း ကျွန်မ
လုံးဝကြီး စိတ်ချ ယုံကြည်မနေနိုင်တော့ပါ။ စိတ်ပူပန်စွာဖြင့် နွေး ဆုံးဖြတ်ချက်တွေ
မမှားအောင် ထိုနေ့က ကျွန်မ သူ့ကို စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါသည်။ နွေးကတော့
ကျွန်မစကားတွေကို လက်ခံနားထောင်ပေးခဲ့ပေမယ့် သူ့နားထဲဝင် မ၀င် ဆိုတာ ကတော့
မသေချာလှပါ။ ကျွန်မကတော့ နွေးကို စိတ်မချနိုင်တိုင်း ဖူးငုံလှပနေသော ပန်းလေးတစ်ပွင့်လို
ကျွန်မသူငယ်ချင်းကို အချစ်ဆိုသော တံချူဖြင့် ရဲတင်းစွာ ချွေယူချင်သော ထိုသူအား မုန်းတီးနာ ကျည်းနေမိ သည်။ ထိုကာလတွင်
ကျွန်မကိုယ်တိုင်ကလည်း စာမေးပွဲနီးနေချိန်မို့ သူ့ကို ဒီထက် အချိန်ပေးပြီး
နားမချနိုင်။ ဒါပေမဲ့ သူ့ စာဖတ်ပြီး မှ အသည်းယား စရာ ကောင်းလှအောင် နွေး တစ်ယောက်
တေမိဖြစ်နေခြင်း အတွက်တော့ ကျွန်မမှာ ပိုပြီး စိတ်ပူ ရင်မောမိသည် ။ ဒီလိုဖြင့်
ကျွန်မ မှာ ဆယ်တန်းစာမေးပွဲအတွက် အာရုံတစ်ခုတည်းထားပြီး ကြိုးစားရမည့်အချိန်မှာ
အချစ်ဆုံး သူငယ်ချင်း နွေးအတွက် နောက်ဆံတင်း ရင်း ဖြတ်သန်းခဲ့ရသည်။
XXXXXXXXXXXXXXXXXXXXX