Monday, February 18, 2013

နို့နှစ်ရောင်မုသား



                                                  
                                                                      နို့နှစ်ရောင်မုသား     
ယွန်းလက်ထဲမှ လက်ကိုင်ပုဝါလေးကို အဓိပ္ပာယ်မရှိ လုံးချေနေမိသည်။  မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း မျက်ဝန်းအိမ်ထဲမှ မျက်ရည်များကို သိမ်းဆည်းနေဟန်ရှိသော မောင့်အမေနှင့် မျက်နှာထား တမင်တင်းထားပုံရသည့် မောင့်အစ်မတွေ ကြားမှာ ယွန်း မောင့်မျက်နှာကိုသာ အားငယ်စွာငေးကြည့်မိသည်။ မောင်ကတော့ မတုန်မလှုပ် ကျောက်ရုပ် နှယ်။ မနေ့တုန်းက ယွန်းကို အဒေါ်အိမ်မှာ ပြန်အပ်ဖို့ လူကြီးတွေနှင့်အတူ မောင့်အမေပါလာတုန်းကတော့ ဒီလိုမျက်နှာထားမျိုး မဟုတ်။ အပြစ်ရှိသော ယုန်သူငယ်လေးလို သားကိုယ်စား တောင်းပန်ကာ မင်္ဂလာပွဲကိုလည်း တတ်နိုင်သမျှ အကောင်းဆုံးလုပ်ပေး ဖို့ တာဝန်ယူပါသည် ဟု အဒေါ်ကို ပြောရင်းဖြင့် မျက်နှာမှာပြုံး၍ ၊ချို၍ ဖြစ်ရုံမက ယွန်းကိုပင် သမီးချင်းမွှန်နေအောင် ခေါ်ပြီး စကားပြောသွားသေးသည်။ ခုကျတော့ ၀တ်ကျေတန်းကျေ နှုတ်ဆက်စကားပင် မပြောနိုင်ပဲ စိတ်ထိခိုက်ကြေကွဲစွာ  ဖြေမဆည်နိုင် ဖြစ်နေသော သူ့ပုံစံကို မြင်ရသည်မှာ ချွေးမအသစ် စက်စက်လေးးယွန်း တစ်ယောက် မျက်နှာဘယ်နေရာမှာ ထားရမှန်းမသိ။ မောင့် အစ်ကိုတစ်ယောက်သာ ထိုင်ဖို့ ယွန်း နေရာထိုင်ခင်းပေးပြီး ပြုံးပြနှုတ်ဆက်ဖော်ရသည်။ ကျန်သည့် မောင့် အစ်မသုံးယောက် စလုံးက မျက်နှာတင်းတင်းနှင့် မျက်မှောင်ကုတ်လျက် ဒေါသမာန်စွယ်တွေ တမြမြဖြင့်။  သူတို့ပုံစံက ယွန်း ကပဲ သူတို့မောင် သူတို့သား ကို ခိုးပြေးမိပြီး  မျက်နှာငယ်ငယ်နှင့် အိမ်မှာပြန်လာအပ် ရသည့် အပေါက် မျိုး။
                “ဒါက စည်သူ့အစ်မအကြီးဆုံး သက်သက်ရီ၊ သူက အလတ် မြတ်မြတ်ရီနှင့် သူကတော့ အငယ်ဆုံးထွေးထွေးရီတဲ့ ၊ ငါ့ ညီမကတော့ စည်သူ ခေါ်သလို မကြီး၊ မလတ်၊ မငယ်လို့ပဲ ခေါ်ပေါ့၊ ညီမလေး နာမည်ကတော့ အပျံစားပဲဟေ့ ယွန်းမြရွှေရည် ဆိုတာ ခေါ်ရတာကိုမိုက်တယ်ကွာ ။ နင်တို့ နာမည် တွေနဲ့တော့ တခြားစိပဲ ဟားဟား”
             “ ဟုတ်ကဲ့ ယွန်း ကိုလည်း ညီမလေးလို သဘောထားပါနော်”
               သူ့အစ်ကိုကြီး၏ ပြေပြစ်ချောမောသည့် မိတ်ဆက်စကားသံတွေ အောက်မှာ အသိအမှတ်ပြုသလို ပြုံပြရင်း နှုတ်ဆက် စကား ဆိုရသည်။
              “ ကဲ-ဖြစ်ပြီးတဲ့ ကိစ္စတွေတော့ ထားလိုက်ပါတော့၊ နင်တို့ အခုဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ”
                အသက်အကြီးဆုံးဖြစ်သော မကြီးက မျက်မှောင်ကုတ်ရင်း လက်ပိုက်လျက် ၀၀တုတ်တုတ် သူ့ခန္ခာကိုယ်ကြီးကို ဆက်တီ ပေါ်သို့ ဆတ်ခနဲထိုင်ချရင်းဆိုသည်။
                “ မင်္ဂလာဆောင်တာကတော့ မင်္ဂလာဆွမ်းကျွေးကို မိတ်ဆွေနည်းနည်းနှင့် အကျဉ်းချုပ်ပဲ လုပ်မှာပါ ။ နေဖို့အတွက် တော့ ကျွန်တော့် သူငယ် ချင်း လင်မယားကို ပြောထားတယ်။  သူတို့ဝယ်ထားတဲ့ တိုက်ခန်းမှာပဲ နေလို့ရတယ်တဲ့ ။ တစ်လ ငါးသောင်းပဲ ပေးရမှာ။ ကျွန်တော် နဲ့ သူစပ်တူ လုပ်ထားတဲ့ အခွေငှားဆိုင်လည်း  အိမ်နဲ့နီးတော့  ယွန်း ပါ ကူထိုင်ပေးလို့ ရတာပေါ့။ ကျွန်တော်ကတော့ အရင်လုပ်နေ ကျ ကားပွဲစား အလုပ်ပဲ လုပ်မှာ”
                 “မင်္ဂလာဆောင်တာကတော့ နင်တို့သဘောပဲ၊ ဒါပေမဲ့ နေတာကတော့ ကိုယ့်အိမ်မှာကို နေပေါ့။ ဒီမှာလည်း အခန်းလွတ်တွေ ရှိနေတာပဲ ။ ဘာငှားနေဦးမှာလဲ”
                  “အေးလေ”
                အသားညိုညိုနှင့် မလတ်ပြောသမျှကို ကျန်ညီအစ်မ နှစ်ယောက်ကလည်း သံပြိုင်ထောက်ခံကြသည်။
                 “ သား၊ မင်းအစ်မတွေပြောတာ ဟုတ်တယ်။ အိမ်ထောင်ဦးတည်စမှာ အမေတို့နှင့် အတူနေပြီး ပိုက်ဆံအရင် စုပါဦး၊ ပိုက်ဆံ လေး လက်ထဲအဆင်ပြေမှ နောက်အိမ်ခွဲနေပေါ့”
                 မောင့် အမေကပါဝင်ပြောလိုက်တော့ ယွန်း စိတ်ပူစွာ မောင့်မျက်နှာကို အားကိုးတကြီး ကြည့်မိသည်။ မောင့် ဆုံးဖြတ်ချက်က ခုချိန်မှာ အရေးကြီးသည်။ ယွန်း ကို မတတ်သာလို့သာ သူတို့မောင်အငယ်ဆုံးနှင့် မဖြစ်မနေ လက်ခံလိုက်ရပုံ ဖမ်းထား သော ထိုညီအစ်မတွေ၏ အတွင်းသဘောကို ခန့်မှန်းနိုင်လျက်  ယွန်း ဒီအိမ်မှာ အတူနေဖို့ ဆန္ဒမရှိချေ။ မောင် အိမ်ခွဲနေဖို့ မဆင်မပြေလျှင်တော့ အရင် ယွန်း ၏အဒေါ် အိမ်သို့ ပြန်မည်။ ဒေါ်လေးနှင့် ညီမ၀မ်းကွဲလေး နှစ်ယောက်တည်း ထားခဲ့ဖို့ စိတ်မချ ဟူသော အကြောင်းပြချက်ဖြင့်် ယွန်း နေခဲ့ဖူးသော ကြည်မြင့်တိုင်အိမ်သို့ မောင့်ကိုပါ လက်တွဲပြီး အပါခေါ်သွားမည်။ တွေ့တွေ့ ချင်းပင်  ယွန်း ကို မလိုလားသည့်ပုံဖမ်းနေသော ထိုယောက်မများနှင့်တော့ တစ်အိမ်တည်းအတူနေဖို့  ယွန်း စိတ်မကူး မိပါချေ။ မောင်က ယွန်း အတွေး တွေကို နားလည်သည့်အလား အိမ်ခွဲနေဖို့ ဆုံးဖြတ်ပြီးကြောင်း အခိုင်အမာ ပြောချိန်  ယွန်း ကလည်း မောင့်ကို ကျေးဇုးတင်ကြောင်း အသံတိတ်စွာ ကြည်လင်သော မျက်နှာပေးဖြင့် တုံ့ပြန်မိသည်။ အဲ့ဒီအချိန် ယွန်း ဆီ တပြိုင်နက်တည်း စုပြုံရောက်လာသည့်  မောင့်အစ်မတွေ၏ နဂါးမျက်စောင်းတွေကိုလည်း မသိဟန်ဆောင်  ယွန်း လျစ်လျူရူခဲ့ သည်။ ဘာပဲဖြစ်ဖြစ် မောင့်အသည်းနှလုံး ကိုပိုင်ဆိုင်ရသူ မိန်းကလေးတစ်ဦးအဖြစ်  ယွန်း ကို သူတို့ ၀န်တိုနေမှန်းသိလျက်နှင့် ထို လေစိမ်း၊ အသံ စိမ်း၊ မျက်နှာစိမ်းတို့ကို အသိအမှတ်မပြု လက်မခံသလို ခပ်မှန်မှန် ခပ်ရဲရဲပဲ ရင်ဆိုင်ခဲ့မိတော့.. အင်း၊ ထိုနေ့ကစပြီး ဇာတ်လမ်းစခဲ့သည် ထင်သည်။
                                                                        +                 +                   +
                   “ အထွေး ယောင်းမလေး လာလည်တာလား၊ ချောလိုက်တာ “
                   လက်ထပ်ပြီးစ အသစ်စက်စက်လင်မယားလေးမို့ မရောက်တာအနည်းငယ်ကြာသွားသော မောင့် အမေအိမ်ကို အိုဗာ တင်း၊ နို့မှုန့်၊ပန်းသီး၊ ဘီစကွတ်မုံ့ပုံး၊ ဖျော်ရည်ပုလင်းတို့ဖြင့် လာကန်တော့ဖြစ်ချိန် ငွေတိုးချေးစားသော မငယ် ထံ ငွေလာချေး နေကျ ဧည့်သည်မှ ဆိုသည့်စကားဖြစ်သည်။
                 “ မောင်စည်သူက ကံကောင်းတာပဲကွယ်။ မင်းမိန်းမလေးက တယ်ချောသကိုး”
                 “ ဟဲဟဲ”
                ဧည့်သည်မှာ မောင်နှင့်လည်း ရင်းနှီးပုံရသည်မို့ သူ့နှုတ်ဆက်စကားသံမှာ နှစ်ယောက်စလုံး ပြုံးမိသွားသည်။
                “အောင်မလေး ချောတာမချောတာက ဘာအရေးလဲ။ ဒိခေတ်ကြီးမှာ မိန်းမချောချောတွေ အပုံလိုက်၊ အပုံလိုက် အော တိုက်နေတာပဲ။ မိန်းမပီသဖို့နှင့် အိမ်မှုကိစ္စနိုင်ဖို့ အရေးကြီးတာပဲ ။ ငွေရှာတဲ့ ယောက်ျားကဘယ်လောက် သုံးသုံး မိန်းမဖြစ်သူက စီးတဲ့ရေ ဆည်တဲ့ကန်သင်း လို ချွေချွေတာတာနဲ့ စုဆောင်းနေတတ်ဖို့ပဲ လိုတယ်မဟုတ်လား မရင်မြ”
                   ရပ်ကွက်ဈေးထဲမှာ အထည်ဆိုင်ဖွင့်ထားသည့်မကြီးက ဆိုင်ဖွင့်ဖို့သွားရင်း  ယွန်း ကို စောင်းမြောင်းချိတ်ကာ ပြော သွား သေးသည်။ အိမ်နှင့် မနီးမဝေးမှာ အလှပြင်ဆိုင်ဖွင့် ထားသည့် မလတ်ကတော့ ကျော့ကျော့မော့မော့ပြင်ဆင်ရင်း  ယွန်း တို့ အိမ်လာ လည်သည်ကို အသိအမှတ်ပြုဟန် ၀တ်ကျေတန်းကျေနှုတ်ဆက်သည်။
                   “အမေက နင်တို့ကို ဟိုနေ့ကတည်းက မျှော်နေတာ။ ခုမှပဲ ပေါ်လာတော့တယ်”             
                    “လာမလို့ပဲမလတ်ရာ ကျွန်တော့်အလုပ်က ရုတ်တရက်ပေါ်လာတော့ မအားဘူးဖြစ်သွားတယ်”
 “အောင်မလေး။ နင်မအားလည်းဘာဖြစ်လဲ နင့်မိန်းမ အားတဲ့အချိန်လေးလွှတ်လိုက်ရောပေါ့။ အိမ်နဲ့ဘယ်လောက် ဝေး တာကျနေတာပဲ။  ကားစီးလာရင်  နှစ်မှတ်တိုင်လောက်ပဲဟာ။ ငါတို့ သူ့ကို ကိုက်မစား ပါဘူး”
                    သူ့စကားကြောင့် ယွန်း မျက်နှာပူနွေးသွားသည်ကို မောင်သတိပြုမိဟန် စကားလမ်းကြောင်းလွဲလိုက်သည်။
                 “ ဒါနဲ့ ကိုကြီးလည်း ပြန်ထွက်မလို့ဆို၊ ဘယ်တော့သွားမှာလဲ”
                 စကာင်္ပူက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေသော ကိုကြီးက ရန်ကုန်ပြန်လာပြီး မကြာလှချိန် အလုပ်မှ ပြန်ခေါ်သည်မို့ ရက်ပိုင်းအတွင်း ပြန်ရမည့်အကြောင်း မောင်နှမနှစ်ယောက် ပြောဆိုနေသည်ကို ယွန်း နားထောင်နေမိသည်။ အဲ့ဒီအချိန်ငွေ တိုး ချေးစား သည့် မထွေးက သူ့ဧည့်သည်မရင်မြကို နှုတ်ဆက်ဖို့ အိမ်အပေါက်ဝလိုက်ပို့ရင်း ကိုကြီးတို့လင်မယား ကို တွေ့လေသည်။
                  “ဟော ဟိုမှာလာပြီ၊ ပြောရင်းဆိုရင်းအသက်ရှည်ဦးမယ်”
                ကိုကြီးနှင့်အတူသူ့အမျိုးသမီးချော မသူဇာပါ ပါလာသည်။ မသူဇာက ကြည့်မြင်တိုင် ညဈေးတွင် မိသားစုပိုင် ရွှေဆိုင် ရှိ၍ သူကိုမြင်လိုက်သည်နှင့် စိန်နားကပ်တစ်ဝင်းဝင်း၊လက်ကောက်သံ တချွင်ချွင်နှင့်  ဖြစ်သည်။ ယွန်းတို့  မင်္ဂလာဆွမ်းကျွေးတုန်း ကလည်း အစိမ်းရောင် ဓါးကြီးပါတိတ်၊  စိန်ချယ်ထားသော ကျောက်စိမ်းဝမ်းဆက်လေးနှင့် အလှကြီး လှနေခဲ့တာ မှတ်မိနေသေး သည်။ ယွန်းကိုမြင်တော့ ပြုံရွှင်စွာနှုတ်ဆက်ရင်း မင်္ဂလာဆွမ်းကျွေးတုန်းကသူရိုက်ခဲ့သောဓါတ်ပုံတချို့ကို  အိတ်ထဲမှထုတ်ပေး သည်။
              “ ဒီနေ့တော့ စည်သူတို့လည်းလာမှာပဲ ဆိုပြီး ဓါတ်ပုံတွေယူလာတာ”
              “ ကျေးဇူးပဲ မမ”
               မသူဇာဆီမှ ဓါတ်ပုံတွေကိုလှမ်းယူရင်း တစ်ပုံချင်း ကြည့်နေစဉ် နံဘေးမှာရှိသည့် မလတ်ကလည်း ယွန်း လက်ထဲမှ ဓါတ်ပုံတစ်ချို့ယူကာ ကြည့်သည်။
               “အင်း....တော်သေးတယ် မိတ်ကပ်ထပ် ဖို့ထားတော့ သတို့သမီးငိုတာမသိသာဘူး။ မဟုတ်ရင် မျက်ရည်စက်လက်နဲ့ သတို့သမီး ကိုကြည့်ပြီး လူတွေက မိဘ အတင်း ပေးစားလို့ မယူချင် ယူချင်ယူရတာ လို့ထင်သွားဦးမယ်”
               အဓိပ္ပာယ်ပါပါ ပြောလိုက်သော သူ့စကားကြောင့် ယွန်း မျက်နှာမထားတတ်အောင် ရှက်ရွံ့သွားတာကို  ရိပ်မိသူ မသူဇာ က ရယ်ပွဲဖွဲ့ရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။
              “လုပ်ပြီ၊ မလတ်ကတော့လေ၊ ဆိုင်ဖွင့်ရဦးမယ်ဆို သွားတော့လေ၊ တော်ကြာ နောက်ကျနေဦးမယ်။ နေ့လည်ထမင်းစား ချိန် လည်း အမီပြန် လာဦးနော်”
             ရယ်ရယ်မောမောနှင့် မသူဇာ ပြောမှ ယွန်း ကို ဓါတ်ပုံတွေ ပြန်ပေးပြီး လမ်းထိပ်က သူ့အလှပြင်ဆိုင်ရှိရာသို့ ထွက်သွား သည်။
               “ညီမလေးလည်း အိမ်လာလည်ဦး။ သဘက်ခါဆို နင့်အစ်ကိုက သွားပြီဆိုတော့ လာမယ့် စနေနေ့ကျရင် စည်သူ့ကို လိုက်ပို့ခိုင်းလိုက် အိမ်မှာအေးအေးဆေးဆေးစကားပြောရအောင်”
               မသူဇာက ခဲအိုဖြစ်သူနှင့် ပတ်သတ်ပြီှးှမှ တော်စပ်ရသူဖြစ်ပေမယ့် ယောင်းမများထက် ယွန်း အပေါ် ကြင်နာစွာ ပြောဆို တတ်သည်။ ယောင်းမများကလည်း မသူဇာကိုဆိုလျှင် လေယူလေသိမ်း မျက်နှာပေးကအစယွန်း ကို ပြောဆို ပုံနှင့်လုံးဝမတူ။ မသူဇာက ယွန်းလို ရွာမှာနေသော အမေမုဆိုးမကြီးနှင့် ရုံးဝန်ထမ်းအဒေါ်တို့ကိုသာ အားကိုးရသော အသိုင်းအ၀ိုင်း မျိုးမဟုတ်။ ပိုက်ဆံရှိ မိသားစုအသိုင်းအ၀ိုင်းမှကြီးပြင်းလာသော ရွှေဆိုင်ပိုင်ရှင် သူဌေးသမီးဖြစ်သည်။  ရွှေငွေမက်သော ဆွေမျိုးများကို ရွှေမျိုး ဟု လူတွေကလှောင်ပြောင်သမုတ်ကြသလို ရွှေရှိမှသာ အမျိုးတော်ချင်သော မောင့်တို့ ရွှေမျိုးတွေကလည်း ရွှေငွေမဲ့ ယွန်း လိုလူကို အဖတ်မလုပ်ချင်တာ အံ့သြစရာ တစ်ခုတော့ မဟုတ်ပါ။ ဒါပေမဲ့ မသူဇာကတော့  ယွန်း ကို ညီမလေး တစ်ယောက်လို ချစ်ခင်သလို မောင့်တို့မိသားစုအားလုံးနှင့်လည်း အဆင်ပြေပြေ ဆက်ဆံတတ်သည်။
                အခုလည်း မောင်နှင့် ကိုကြီးတို့  စကား လက်ဆုံ ကျသည်ကို ယွန်း ထိုင်နားထောင်နေတုန်း မသူဇာကတော့ မထွေးနဲ့အတူ မီးဖိုချောင်သို့လိုက်သွားသည်။ မထွေးနှင့် သူပြောဆို နေသည့် ရယ်ရယ်မောမော စကားသံတချို့ကို ဧည့်ခန်းမှ လှမ်းကြားနေရသည်။ယွန်း အလိုက်သတိ ထသွားကူညီရ မည်လား၊ ထိုင်နေရ မည်လားဟု ဇဝေဇ၀ါဖြစ်နေမိသည်။ မသူဇာက မလတ်နှင့်ရွယ်တူဖြစ်ပြီး မထွေးထက်လည်း အသက်ကြီး သည်မို့ မထွေး ဦးစီးသည့် မီးဖိုချောင်ကိုစိတ်ကြိုက် ကူညီချယ်လှယ်နိုင် သည်။ ယွန်း မှာသာ တောက်တိုမယ်ရ ကူညီလုပ်ကိုင်တိုင်း စိတ်တိုင်းမကျ နိုင်သည့် မထွေးမျက်ဝန်းများနှင့် အကြိမ်ကြိမ်ဆုံသည်မို့ မီးဖိုချောင်သို့ မ၀င်ရဲပဲ ဧည့်ခန်းထဲမှာပင် ဇွတ်ပေပြီး ထိုင် နေမိသည်။ လက်ထဲတွင် ရှိသော ဓါတ်ပုံတွေကို  ကြည့်ရင်း မလတ်ပြော သွား သည့်စကားကို ပြန်ကြားကာ ထို့နေ့အဖြစ်အပျက်တို့ကို ပြန်သတိရ မိလေသည်။
                ယွန်း တို့မင်္ဂလာဆွမ်းကျွေးမှာ ရွာမှအမေနှင့် ဆွေမျိုးအနည်းငယ်အပြင် ရန်ကုန်တွင်အတူနေသော ယွန်း အဒေါ် မိသားစုနှင့် သူငယ်ချင်းအနည်းငယ်သာရှိသည်မို့  မောင့်သူငယ်ချင်းတွေနှင့်အတူ အကျဉ်းချုံးလေးသာလုပ်ဖြစ်သည်။ ဒါပေမဲ့ ပူပူ နွေးနွေး ရထားသည့်ယောင်းမက အလှပြင်ဆိုင်ပိုင်ရှင် ဆိုတော့ ယွန်း ကို ထိုနေ့မှာ အလှဆုံး ဖန်တီးပေးချင် သည်ဟု သူ့ဘက်က ဆိုလာသည့်အခါ ယွန်းလည်းမငြင်းဝံ့ခဲ့။ ဦးစွာပထမမျက်နှာသန့်ဆေးရည်ကို သူလိမ်းပေးပြီး အောက်ခံ မိတ်ကပ်နှစ်မျိုး လိမ်းကာ ပေါင်ဒါရိုက်ပြီးသည်အထိ  အဆင်ပြေနေသေးသည်။ နောက်တော့သူဘရိုက်ဓါးကိုင်ပြီး လက် တစ်ဖက်ဖြင့် ယွန်း နဖူးမှ ခေါင်းကို လှန်ကာမျက်နှာကို ဆွဲယူမော့ လိုက်ချိန်တွင်တော့ ရင်ထဲဒိတ်ခနဲ ဖြစ်သွားမိသည်။ အိမ်နီးချင်းနဲ့ ညားလိမ့်မယ်ဟု ငယ်စဉ်က မကြာခဏ လက်တန်းဗေဒင်ဟောခံရလောက်အောင် တစ်ခုနှင့်တစ်ခု ထိဆက်နေသော ထူထူထဲထဲ ယွန်း မျက်ခုံးများကို  ဓါးနဲ့ ရိတ်ဖို့ ဟန်ပြင် သည့်အခါ ယွန်း မနေသာတော့ပြီ။
              “ဟင့်အင်း  ယွန်း မျက်ခုံးမွှေးမရိတ်ချင်ဘူးအစ်မ”
              “ငြိမ်ငြိမ်နေစမ်းပါ၊ နင့်ကို မလှအောင် ဘယ်သူကမှ မလုပ်ဘူး”
              သူ့ကို ငြင်းဆန်လိုက်သော်လည်း ဂရုမစိုက်သလို သူ့လုပ်စရာရှိသည့် အလုပ်ကိုသာဆက်လုပ်ဖို့ ဟန်ပြင်နေသော ကြောင့် ယွန်း အတင်းငြင်းဆန်မိချိန် သူ့ဆီမှ မီးတောက်မတတ်မျက်လုံးများနှင့် လေသံမာမာကိုသာ ကြားရသည်။
              “ဟဲ့ ဓါးထိချင်လို့လား ၊ နင့်မျက်ခုံးက ဒီလောက်ထူနေတာ မရိတ်ပဲ ဘယ်လို ပုံဖော်လို့ ရမလဲ။ ငြိမ်ငြိမ်နေ”
             သူက အလှပြင်ခြင်းကိစ္စကို အလုပ်တစ်ခုလို အောင်မြင်အောင်လုပ်ဖို့သာ စိတ်စောနေသည်မို့ ယွန်း ဆန္ဒတွေကို ဂရုမစိုက်။ အားလုံးပြင်ဆင်ပြီးမှ ဆေးဆိုးပန်းရိုက်ဖြင့် လှပနေသော ယွန်း နှင့် လုံးဝမတူသည့် မိန်းကလေးတစ်ယောက် ၏ မျက်နှာ ကိုမှန်ထဲတွင်တွေ့လိုက်ရ၍ တဒင်္ဂ အံ့အားသင့်ကာ ငေးမောမိသွားသည်။  အမြဲမြင်နေကျ ထူထူထဲထဲ မျက်ခုံးနေရာမှာ တစ်ကြောင်း ထဲ ကွေးညွှတ်တက်အောင် အညိုရောင်ခဲဖြင့်ပုံဖော်ဆွဲထားသော မျက်ခုံးမွှေးအတုကြီးကို တွေ့လိုက်ရ၍ ယွန်း ဟန် မဆောင်နိုင်တော့ပဲ ရင်ထဲလှိုက်ဖို ၀မ်းနည်းသွားသည်။
            “ဟယ်လှလိုက်တာ။ လူတောင်မှား သွားတယ်”
            “ဟုတ်ပ ယွန်း နင်တကယ် ရုပ်ပြောင်းသွားတယ် သိလား နင်နဲ့မတူတော့ဘူး”
             အဲ့ဒီလို စကားတွေကြားရချိန် ဟန်မဆောင်နိုင်တော့ပဲ ယွန်း မျက်ဝန်းမှ မျက်ရည်ပေါက်ကြီးများ သူ့အလိုလို ပါးပေါ်သို့ လိမ့်ဆင်းကျလာသည်။ မင်္ဂလာဦးမနက်မှာ သတို့သမီးမျက်ရည်ကျသည့်အတွက် အားလုံးပြာသွားသလို လူကြီးတွေကလည်း မင်္ဂလာမရှိဘူးဟု ယူဆပြီး  ယွန်း အပေါ်အပြစ်တင်စကားဆိုကြသည်။  ထိုနေ့က ယောင်းမသုံးယောက်၏ မျက်စောင်းတွေက ယွန်း အတွက် ဦးဦးဖျားဖျားရသော မင်္ဂလာလက်ဖွဲ့တွေ ဖြစ်သည်။
           ထပ်ပြီး မျက်ရည်မကျချင်တော့တာမို့ ထိုနေ့ကမင်္ဂလာပွဲကာလအတွင်း  ယွန်း နောက်ထပ် မှန်လုံးဝ မကြည့်ဖြစ်ခဲ့တော့ပါ။
                   “ယွန်း ထမင်းစားရအောင်”
   မောင်ကအနားမှ လေပြေလေးနှင့်ပြောတော့မှ ထမင်းစားဖို့ သတိရသည်။  ယွန်း တို့လာတုန်းက ဘုရား ၀တ်ပြု နေ  သော မောင့်အမေက ထမင်းဝိုင်းမှာ ကြိုရောက်နေပြီဖြစ်သည်။ မောင့်အစ်ကိုကြီး သွားခါနီး မိသားစုလက်စုံစား သည့် ၀ိုင်းမို့ ဟင်းတွေက  စုံသော်လည်း လူကတော့မစုံ။  အိမ်ဖော်ကောင်မလေး သော်တာကသုံးဆင့်ချိုင့်လေးဆွဲပြီး မလတ်ဆီ ထမင်းသွား ပို့ဦးမည်ဟု ဆိုကာ ထွက်သွားသည်။
                 “မကြီးရော မလတ်ရော ဒီနေ့ ငါလာတာတွေ့တာတောင် ထမင်းအတူစားဖို့ပြန်မလာဘူး”
                  ကိုကြီးကမကျေနပ်သလို ညည်းသည်ကို မောင့်အမေက
                   “သူတို့တွေက လောကကြီးမှာ သူတို့ဆိုင်တွေကလွဲပြီး ဘာမှအရေးမကြီးဘူး။ ပိုက်ဆံရှာဖို့ပဲ သိတဲ့ဟာတွေ”
                    အပြစ်တင်သလို ညည်းရင်း ပဲကြီှးှနှပ်ဟင်းကို တစ်ဇွန်းခပ်ယူလိုက်သည်။
                    “ ဟဲ့ နင်တို့ဟင်းတွေကလည်း ပူလည်းမပူပါလား”
                     “ဟင် ဟုတ်လား။ ပူပါတယ်အမေရဲ့”
                     မထွေးက သူ့အမေအကြိုက်ကို သိသည်မို့ ဟင်းကိုတစ်ဇွန်းခပ်ယူစားကြည့်လိုက်ပြီး ဟင်းထပ်နွေးဖို့ မီးဖိုချောင်ထဲ သို့ဝင်သွားသည်။
                    “မပူပါဘူး။ ဆိတ်သားဟင်းလည်း ဒီလိုပဲ။ ငါကဟင်းမကောင်းရင်တောင် ထမင်းပူပူဟင်းပူပူပဲစားတတ်တာ”
                    တစ်ဖျစ်တောက်တောက်ဆိုကာ ထမင်းစားရင်း သားနှစ်ယောက်စလုံးပန်းကန်ထဲကိုလည်း ဟင်းတွေ ပြည့်မောက် နေအောင်ထည့်ပေးသည်။ ချွေးမတွေကိုတော့ သတိမရ။ ယွန်း နှင့် မျက်လုံးချင်းဆုံမှသာ‘ထည့်စား’ ဟုလေသံပြတ်ပြတ်ဖြင့် ပြော သည်။ ထမင်းစားရင်းနှင့် အမေရွာသို့ မပြန်ခင်တစ်ရက် ယွန်း က ကြီးစိန်ဟုခေါ်သော မောင့်အမေတို့ မိသားစုကို ထမင်းစားဖိတ် သည့်နေ့ကို ပြန်သတိရမိသည်။ ထိုနေ့က ဖွယ်ဖွယ်ရာရာဟင်းတွေကို ဒေါ်လေးနှင့်အမေတို့ လက်စွမ်းပြချက်ပြုတ်ကြသည်။  ငါးကြင်းပေါင်း ၊ ကြက် ကာလသားချက်၊ သီးစုံချဉ်ဟင်း၊ သရက်ချဉ်သုတ်၊ တို့စရာ စုံစုံလင်လင် တို့နှင့် ပြင်ဆင်ပြီး စောင့်နေသော် လည်း ကြီးစိန်တို့ မိသားစု တွေက ပေါ်မလာ။ လာနိုးနိုးစောင့်ရင်းနှင့် ထမင်းဟင်း ပူပူမှ စားတတ်သည်ဟု ကြားထားသော ကြီးစိန်အတွက် အေးသွားသည့် ဟင်းတွေကို ပြန်နွေး ရတာလည်း သုံးလေးကြိမ်လောက် ရှိသည်။ နောက်ဆုံး ခြောက်နာရီထိုးခါနီးမှ မောင် ကိုယ်တိုင် အစ်မတွေဆီဖုန်းဆက်ပြီး တက္ကစီ အသွားအပြန်ငှားကာ သွားခေါ်မှ လိုက်လာကြသည်။ ဒါတောင် အိမ်ထဲ ၀င်ဝင်ချင်း  အမော့ဆို့ စကားနှင့် နှုတ်ဆက်သေးသည်။
                   “အမေက ဒီနေ့ ထမင်းစားစောသွားလို့ လိုက်မလာဘူး။ အဒေါ်တို့ကို ကျေးဇူးတင်ကြောင်း ပြောခိုင်းလိုက်တယ်”
                    ထိုနေ့က အမေနှင့်ဒေါ်လေးမျက်နှာကို  ယွန်း တသက်မမေ့နိုင်၊ ကြီးစိန်အတွက် အမေသယ်လာသည့် တောင်နံကြီး ၊ ထန်းလျက်ဖြူနှင့် ပဲလွန်းတို့ပါသည့် လက်ဆောင်ထုတ်ကိုတော့ မကြီးတို့ အပြန်သယ်သွားသည်ကို အမေတွေးဆဆနှင့် လှမ်းငေး နေသည့် ပုံရိပ်ကို ခုပြန်တွေးလိုက်တိုင်း ခုပင်ငိုချင်လာသည်။ ယွန်း မလိမ္မာသည့်အတွက် အမေ့ခမျာ မောင်တို့အသိုင်း အ၀ိုင်းမှာ မျက်နှာ မရခှဲ့။ ယွန်း ထမင်းပန်းကန် ကိုင်ပြီးထလိုက်သည်။
                   “ဟင် တော်ပြီလား”
                    မသူဇာ၏ စကားမှာ အားလုံးကလည်းယွန်း ကို မော့ကြည့်ကြသည်။
                   “ဟုတ်ကဲ့ ဒီနေ့ သိပ်မဆာလို့”
                    အငွေ့တထောင်းထောင်ထနေသည့် ထမင်းဝိုင်းမှာ အမေ့အကြောင်းတွေးမိပြီး  ယွန်း ထမင်းဆက်မစားနိုင်တော့ သည်မို့ တစ်ယောက်တည်း ဧည့်ခန်းထဲသို့ ထွက်လာခဲ့သည်။ ဒီအိမ်ရောက်တိုင်း ယွန်း တစ်ယောက်တည်း ကြိတ်ခံစားရသော အပယ်ခံအဖြစ် ချောင်ထိုးခံဘ၀မှ ဘယ်တော့များ လွတ်မြောက်နိုင်ပါမည်လဲ။
                   ဒါကို  ယွန်း သိချင်နေမိသည်။
                                                               +              +                +

                    မသူဇာအိမ်လာလည်ဖို့ အကြိမ်ကြိမ်ခေါ်ချိန်တွင် မရောက်ဖြစ်ခဲ့ပဲ  ယွန်း ရင်ထဲခံစားရတာတွေ များလာမှ ရင်ဖွင့်ချင် လွန်း၍   ခုတော့လည်း မသူဇာဆီသို့ မဖိတ်ပဲ အလည်ရောက်ခဲ့ပြန်သည်။
                   “ မမပြောတာတွေ  ယွန်း နားလည်တယ် မဟုတ်လား။ သူတို့ ဘယ်လောက်ပဲ  ယွန်းကို မကြိုက်ဘူး ဆိုပါစေ  ယွန်း က သာ ရှောင်ဖယ်ဖယ်လုပ်မနေပဲ သူတို့ကို မမကြီး၊ မမလတ်၊ မမထွေးဆိုပြီး ချွဲပြလိုက်ရင် သူတို့ တင်းမခံနိုင်ပါဘူး။ ဟော မမဆိုလည်း အဲ့လိုပဲ သူတို့အကြိုက်လိုက်ရတာပဲ။ ကိုယ့်ရင် ထဲ ဘာပဲရှိနေနေ သူတို့မမြင်သာစေနဲ့၊ယောင်းမဆို တာမျိုးက မချစ် သော် လည်း အောင့်ကာနမ်းရတဲ့ အမျိုးကွယ် ။ မထွေး ဆိုလည်း သူကအိမ်မှာအိုးသူကြီးဆိုတော့ သူချက် တာလေးတွေဆို ကောင်း လိုက်တာဆိုပြီး အားရပါးရစားလိုက်၊ ဟော သူကြိုက် တတ်တာလေးတွေ  တွေ့ရင်လည်း ၀ယ်ပေးသွားလိုက် ဒါဆိုရင် မထွေးက လည်း...”
                   “ အောင်မလေး မထွေးကလည်း ယွန်း အပေါ်မကောင်းပါဘူး မမရာ”
                    ယွန်း ဖြတ်ပြောလိုက်သည့် စကားကြောင့် မသူဇာက မျက်ခုံးလေးပင့်ရင်း ယွန်းးစကားကို နားစွင့်သည်။
                    “သူလုပ်လို့ ယွန်း ကို ခုဆိုသော်တာကတောင် မရိုသေဘူး”
                  “ဟင် ဘယ်လို”
                  “ဟုတ်တယ် မမ၊  ယွန်း တကယ်ပြောနေတာ သူက ယွန်း ကို ဂရုမစိုက်တော့သော်တာကတောင်ယွန်း ကို အဖက် မလုပ်ဘူး။ အလည်သွားလို့ စားသောက်ပြီးမှ ပြန်ရင်  ယွန်း စားတဲ့ပန်းကန်ဆိုသူကဆေးချင်တာမဟုတ်ဘူး။ ယွန်း စားပြီးသား ပန်းကန်များ သွားပေးရင် သူက ပန်းကန် ဆေးနေရက်နဲ့ ဘေးကိုဖယ်ပေးတာ။  ကိုယ့်ဖာသာဆေး ဆိုတာမျိုး ပေါ့။ တစ်ခါတစ်လေ များး  ယွန်း ပန်းကန်ဆို မဆေးပဲ တမင်ဖယ်ထားတာမျိုးတွေတောင် လုပ်တယ်။ ဒါနဲ့ ပြီးခဲ့တဲ့ အပတ်ကတော့ သည်းမခံနိုင်တဲ့အဆုံး ယွန်း ပန်းကန် တင်မကဘူး ဘေစင်မှာရှိတဲ့ ပန်းကန်တွေအားလုံး ယူပြီးဆေးလိုက်တယ်။ ဒါကို မောင်တွေ့တော့  ယွန်း အနားမှာ အလုပ် ရှုပ်ချင်ယောင် ဆောင်နေတဲ့ သော်တာ့ကို ဆူတာပေါ့ မမရယ်။ ဒီတော့ မထွေးက မနေနိုင် ပဲ ၀င်ပြောရာကနေ မောင်နဲ့ စကားများ ကြတယ်”
                    “ဟယ်”
                    မသူဇာက မျက်လုံးလေးပြူးကာ အံ့သြသွားသည်။ ယွန်း က သက်ပြင်းတစ်ချက်ရှိုက်လျှက်
                    “ယွန်း လည်း သူတို့ကို ရင်းနှီးအောင်ကြိုးစားကြည့်ပါတယ်။ အခွေသစ်ထွက်လို့ ကောင်းတဲ့ ဇာတ်ကားလေးတွေ ရှိရင် သူတို့ကြည့်ရအောင်ယူသွားတယ်။ ကြီးစိန်အတွက်လည်း မုန့်တစ်မျိုးမဟုတ်မျိုးဝယ်သွားတယ်”
                     “အဲ အဲ့ဒီကြီးစိန်၊ ကြီးစိန်လို့ခေါ်ဖို့ ဘယ်သူ သင်တာတုန်း”
                     “ ကြီးစိန်က မေမေ့ထက်အသက်ကြီးတော့ ကြီးကြီးစိန်လို့ ခေါ်တာပေါ့ မမရယ်၊ နောက်တော့လည်း ကြီးစိန် ဖြစ်သွားတာပေါ့”
                     “ခက်လိုက်တာ ယွန်း ရယ်၊ မမသူ့ကိုဘယ်လိုခေါ်လဲ အမေလို့ ခေါ်တယ်မလား ၊ ငါ့ညီမလည်း အမေလို့ ခေါ်စမ်းပါ။ ဒါမှမဟုတ်လည်း အမေစိန်ပေါ့”
                     “ဟုတ် အဲ့ဒီအမေစိန်ကတော့ ယွန်း ရောက်သွားလို့ ဧည့်ခန်းထဲမှာ ရှိရင် စကားပြောပါတယ်။ အခန်းထဲမှာ ဆိုရင်တော့ အပေါက်ဝကနေ သွားနှုတ်ဆက်တောင် အိပ်ချင်ယောင်ဆောင်နေတတ်တာ၊ တစ်ခါတစ်လေလည်း  ပုတီးစိတ်တာမျိုး လုပ်နေတတ်တယ်။ စိတ်မမှန်ဘူးလို့ ပြောရ မလား မသိဘူး၊ ပြီးတော့  ယွန်း နှင့်စကားပြေရင်လည်း တစ်ခါမှ အမေတို့ဒေါ်လေး တို့အကြောင်း ၀တ်ကျေတန်းကျေလေးတောင် မေးဖော် မရဘူး ။ဒေါ်လေးကတော့လေ  ယွန်း ကိုတွေ့တိုင်း ကြီးစိန် အဲ အမေစိန် နေကောင်းရဲ့လားအမြဲပေးတယ်။ ”
                      ယွန်း ပြောရင်း အမေနှင့်ဒေါ်လေးတို့ကို သတိရလာ၍မျက်ရည်ဝဲလာသည်။
                      “ဟိုတစ်နေ့က ယွန်း တို့လင်မယားဘုရားသွားဖို့စီစဉ်ထားတာ မကြီးကသွားရင်သူ့ကိုဝင်ခေါ်ပါ။ ယတြာ ချေချင် တယ်ဆိုတော့ ယွန်းတို့လည်းဝင်ခေါ်ရတယ်။ အိမ်ရောက်တော့မှ မမရယ် ပြဿနာနဲ့ တည့်တည့် တိုးတာပဲ”
                       “ဘယ်လို ပြဿနာနဲ့တိုးတာလဲ ယွန်း ရယ်”
                       “ရောက်ရောက်ချင်း မောင့်ကို အိမ်နောက်ဖေးက မီးချောင်းကျွမ်းနေလို့ဆိုလား ကြည့်ခိုင်းတယ်။ မကြီးကတော့ အင်္ကျီလဲနေတာပေါ့ မမရယ်၊ နောက်တော့ အိမ်ရှေ့ထွက်လာလိုက်၊ အခန်းထဲဝင်လိုက်နဲ့ ခေါက်တုံ့ခေါက်ပြန်လုပ်နေတာနဲ့ ယွန်း လည်း ဘာရှာနေတာလဲ ဆိုတော့ သူ့လက်စွပ်တဲ့ ၊ ပတ္တမြားလက်စွပ်လေး ပျောက်ပြီနဲ့တူပါတယ်ဆိုပြီး ငိုမလိုဖြစ်တော့တာ”
                       “ဟောတော့”
                       မသူဇာက ရင်ဘတ်ဖိလျက် အံ့သြစွာဆိုသည်။
                        “ဟုတ်တယ်။ ဒါနဲ့ ယွန်း လည်း မနေနိုင်ပဲ သူ့ကိုကူရှာပေးရတယ်။ ဘယ်နားမှာထားတာလဲ ဆိုတော့ အိမ်ရှေ့ကဗီရိုပေါ်ပဲ တင်ထားတာတဲ့ မမရယ်။ဧည့်ခန်းထဲမှာ ထိုင်နေတာကလည်း ယွန်း တစ်ယောက်တည်းဆိုတော့ သူ့စကားက ဘယ်ရောက်လို့ရောက်မှန်းမသိဘူး။ ဒါနဲ့ယွန်း လည်း မနေနိုင်တော့ဘူး။ ဆက်တီခုံအောက်၊ခုံကြားမကျန် ရှိသမျှ ဗီရို၊ စာအုပ်စင် အားလုံး လိုက်ရှာတာပေါ့”
                        “ဒါနဲ့ နောက်တော့ ဘယ်လိုဖြစ်သွားလဲ ပြန်တွေ့သွားလား”
                        “ပြန်မတွေ့ပါဘူး။ သူလည်း လက်စွပ်ဇောနဲ့ အဲ့ဒီနေ့ကဘုရားမလိုက်ဖြစ်တော့ဘူး။ယွန်း တို့ လင်မယား နှစ်ယောက်ပဲ ဘုရားရောက်သွားတယ်။ ယွန်း လည်းလေဘုရားသာသွားရတယ်။ စိတ်ထဲ တစ်အုံနွေးနွေးနဲ့ မအေးချမ်းဘူးဖြစ် နေတာပေါ့။ ဘုရားရှီခိုးလည်း သူပျောက်သွားတယ်ဆိုတဲ့ အဲ့ဒီလက်စွပ်ဆီပဲ စိတ်ရောက်နေတာ။ ဒီလိုနဲ့ တစ်ပတ် လောက်ကြာ သွား တော့  သူ့လက်ခလယ်မှာ နီနီရဲရဲ လက်စွပ်လေးတစ်ကွင်းတွေ့တယ်။ ဒါနဲ့  ယွန်း လည်း သူကို လက်စွပ်ပြန်တွေ့ပြီလား။ ဘယ်မှာ တွေ့တာလဲ ဆိုတော့....ဘာပြောတယ်မှတ်လဲ.”
                     ယွန်း စကားကိုနားလိုက်ရင်း ခဏအမောဖြေသလို လိမ္မော်ရည်တစ်ကြိုက်သောက်လိုက်သည်။
                      “အင်း ထားထားတဲ့ နေရာမှာပဲ ပြန်တွေ့တာတဲ့။  ယွန်း လည်းလေ ဘယ်မှာထားထားတာလဲလို့ မေးချင်လိုက် တာ ပါးစပ်ကိုယားနေတာပဲ။ မကောင်းတတ်လို့ သာ မမရယ်။ ယွန်း ကိုဆို သူတို့တွေက ဘယ်လိုသဘောထားတယ်ဆိုတာ မမလည်း သိပြီးသားပါ။ အခု ကြုံတွေ့သမျှတွေအားလုံးဘယ်လိုမှ မြိုသိပ်မထားနိုင်လို့ မမကို ရင်ဖွင့်နေရတာ။  ဒီထက်လည်း သူတို့ နဲ့ အဆင် ပြေအောင် ဘယ်လို နေရမလဲဆိုတာ ယွန်း တကယ် မစဉ်းစားတတ်တော့ဘူး။  ကိုယ့်အိမ် မှာပဲနေလို့မတွေ့တာ ကြာ ပြန်ရင်လည်း သူတို့မောင်ကိုသတိရလို့ဆိုပြီး လာလာခိုင်းနေတာ။ တွေ့လိုက်တိုင်းလည်း တစ်ခါမှ စိတ်ချမ်းသာရတယ်လို့ မရှိပါဘူး”
   ယွန်းမျက်ဝန်းမှမျက်ရည်စများကိုတစ်သျှူးစလေးဖြင့် သုတ်လိုက်သည်။ ဒီလိုကိစ္စတွေ ကို မောင့်ကိုပြောပြလျှင် မောင်နှမချင်း သွေးခွဲရာရောက်မည်စိုး၍ မသူဇာကိုသာ တိုင်ပင်ပြောပြမိခြင်းဖြစ်သည်။ မသူဇာမျက်ဝန်းထဲ  ယွန်း ကို နားလည်ပုံရ သည့် ကြင်နာသနားသောအရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ယွန်း လက်တစ်ဖက် ကို ဆုပ်ကိုင်အားပေးလိုက်သော မသူဇာ  ဖြူဖွေးနေသော လက်ချောင်းလေးပေါ်သို့ ယွန်း ၏မျက်ရည်စက်တွေ ကျဆင်းသွားသည်။
               “ ငါ့ ညီမ ပြောစကား တွေအားလုံးနားထောင်ပြီး အကြံဥာဏ်ပေးရမယ်ဆိုရင်တော့  ညီမလေးအရင်ဆုံး အမေနဲ့ ပို ရင်းနှီးအောင် ကြိုးစားရလိမ့်မယ်။ ဘာပဲပြောပြော အမေကညီမလေးအပေါ် သဘောထားမှန်နေ တာပဲ။အမေအရမ်း ချစ်ရ တဲ့ ချွေးမလေးဖြစ်သွားရင် ယောင်းမတွေရဲ့မာန်စွယ်တွေလည်း သူ့အလိုလို ကျိုးသွားပါလိမ့်မယ်။ အဲ့ဒီနေ့ရောက်တဲ့အခါ ယွန်း က ချစ်စရာကောင်းပြီး ရိုးသားတာကို သူတို့တွေ အားလုံးမြင်တွေ့ရမှာပါ”
                 မသူဇာစကားကို နားထောင်ပြီး ယွန်းတွေဝေငေးသွားမိသည်။မသူဇာနှင့်  ယွန်း ဆုံပြီး တစ်လလောက် အကြာတွင် မထွေးချက်ထားသည့် ရွက်ယိုရွက်နှင့်ထုတ်ထားသောငါးခူဟင်းကို မောင့်အတွက်ယူဖို့  ဆိုင်ကို အကုကောင်မလေးနှင့် အပ်ခဲ့ပြီး ယွန်း ထွက်လာခဲ့သည်။ ဧည့်ခန်းထဲမှာ ထိုင်ပြီး စာပွဲပေါ်က ဂျာနယ်တစ်စောင်ကို လှမ်းယူဖတ်နေစဉ်ရေချိုးခန်းမှ ၀ုန်းဆိုသည့် အသံတစ်သံ ကိုကြား လိုက်ရ သည်။ ထိုအသံနဲ့အတူ “ဟဲ့၊ အမေလေး၊  လာကြပါဦှး” ဆိုသည့် အမေစိန် အလန့်တကြား အော်သံကြားလိုက်ရ၍  ယွန်းလည်း စာဖတ်နေရာမှ ရေချိုးခန်းထဲပြေးသွားမိသည်။ ရေချိုးခန်းကြမ်းပြင် တွင် ထမီရင်လျားနှင့် နာကျင်စွာ ပုံရက်လဲရင်း ညည်းနေသော အမေစိန်ကို သနားစဖွယ်တွေ့ရသည်။      
                 “ဟယ် အမေ ဘယ်လိုဖြစ်တာလဲ်”
                 “ အမေစိန်”
                 “အဘွား ဘယ်လိုဖြစ်သွားတာလဲ”
                 သုံးယောက်သား အာမေဋိတ်အသံစုံပြုပြီး ရေချိုးခန်းပေါက်ဝမှာပင် ကြက်သေသေနေမိသည်။ နောက်တော့ အမေစိန် ကို အခန်းထဲ ဖြေးညင်းစွာ ၀ိုင်းတွဲသွားပြီးအင်္ကျီလဲပေးရင်း ဆရာဝန်ထံဖုန်းဆက်ရသည်။ ညနေကျတော့ အိမ်မှာလူစုံတက်စုံဖြစ် လာ သည်။ အမေစိန်က ခြေထောက်ကျိုးသွားခြင်းဖြစ်ပြီး နားနားနေနေ နေရမည်။ ကျိုးသွားသော ခြေထောက်နေရာမှာ စတီး ချောင်း ထည့်ပြီးခွဲစိတ်ဖို့အတွက်  စမ်းသပ်လိုက်တော့ အမေစိန်ရောဂါအခြေအနေမှာ ခွဲစိတ်ဖို့ လက်မခံနိုင်တော့။ အကြောင်းမှာ အဆုတ်ထဲ ၌ ကင်ဆာဆဲလ်များ စတင် အခြေတည်နေခြင်းကြောင့်  ကျိုးသွားသော အရိုးနေရာမှာ စတီးချောင်း ကို ပြန်လည်အစား ထိုးပြီး ကုသဖို့ မဖြစ်နိုင် တော့တာမို့ နေ့ချင်းညချင်းပင် အမေစိန်တစ်ယောက် တုံးလုံးလဲဘ၀သို့ ရောက်သွား ရှာတော့သည်။ အမေ့စိန် ကျန်းမာရေးကို  အရင်ကထက် ပိုပြီး ဂရုတစိုက်ကြဖို့ ဆရာဝန်က မှာချိန် ယောင်းမသုံးယောက် စလုံး မျက်ရည်ကျသလို ယွန်းနှင့် မသူဇာလည်း စိတ်မကောင်း ဖြစ်ကြရသည်။ အဆုတ်ထဲက ကင်ဆာဆဲလ်များအကြောင်း အမေစိန့် ကို ပြောမပြကြ တော့ရန်   အားလုံး သဘောတူကြသည်။ နောက်တော့  သူ့ကုတင်နံဘေးတွင် ထိုင်ပြီး စိတ်ပြေ ရာ ပြေကြောင်းအတွက် မသူဇာ၏ အားပေးစကားသံက  အရင်ဆုံးပေါ်ထွက်လာသည်။
                “ ဘာမှအားငယ်စရာမလိုဘူးနော် အမေ။ အထွေးရော သော်တာရော ရှိနေတာပဲ။ လိုအပ်ရင် မလတ်ကိုလည်း ခေါ်ခိုင်းလို့ ရနေတာပဲ။ ကျွန်မလည်း ဆိုင်ကအပြန်အမေ့ဆီအမြဲဝင်လာမယ်”
       “နင့် အထွေးက နေ့လည်လည်း တစ်ခါတစ်လေ ကြွေးတောင်းသွားရင်သွားနေတာ။ အမြဲအိမ်မှာရှိတာမ ဟုတ်ဘူး။  သော်တာကလည်း ကလေးသာသာ”
                   “ ဒါဆို အမေနာစ်တစ်ယောက် ငှားချင်လား”
                   “အောင်မလေး မငှားချင်ပါဘူး။ သူတို့တွေက ပိုက်ဆံယူပြီး အလုပ်သဘောဆက်ဆံမယ့် ဟာတွေ။ ပြီးတော့ ငါကလည်း လမ်းမလျှောက်နိုင်တာပဲရှိတာ။ ကျန်တာတွေကောင်းနေတာပဲ”
                   အိပ်ယာထဲ လှဲနေရင်းမှ အမေစိန်က ရှံ့ကာမဲ့ကာဆိုသည်။
             “ဟုတ်သားပဲ ငှားစရာမလိုပါဘူးအမေစိန်ရယ်။  ယွန်း လည်းရှိနေတာပဲ ။ နေ့လည်ဆို ယွန်း ဆိုင်ကို အကူ ကောင်မ လေးနဲ့ထားခဲ့ပြီး ဒီမှာအမေစိန်ကို လာကြည့်လို့ရနေတာပဲ။ ဆိုင်ကညနေနဲ့ ညပိုင်းလောက်ပဲ လူကျတာ။ ပိတ်ထားခဲ့လည်း ရတယ်”
                     ဒီစကားက ဘယ်ကနေဘယ်လို ထွက်သွားမှန်းပင်မသိ။ ယွန်း ရင်ထဲမှ လာသော ရိုးသားသည့်စကားပေမယ့်  တစ်ခါမှ အိမ်၏ အိမ်တွင်းရေးကို ၀င်ရောက်စီစဉ်နိုင်သူမဟုတ်၍ အားလုံး၏ မျက်ဝန်းတွေက အံ့သြသလို  ယွန်း ဆီ စုပြုံ ရောက် လာကြသည်။ ထိုမျက်ဝန်းတွေထဲမှ  အမေစိန်၏ မျက်ဝန်းများကတော့  အားကိုးတကြီးနှင့် ထူးခြားစွာ ယွန်း ကို လှမ်းကြည့်သည်။ ဒီလိုနဲ့ ယွန်း အမေ့စိန်ဆီကို မနက်ဆယ်နာရီမှ နေ့လည်နှစ်နာရီ သုံးနာရီလောက်အထိ အမြဲဂရုတစိုက်လာဖြစ်သည်။  အမေ့စိန် ကို ရေချိုး၊ ထမင်းကျွေးပြီး ၊ သူလိုအပ်တာမှန်သမျှ ကူညီရင်းနှင့် နေ့လည် သူတစ်ရေးအိပ်နေချိန်မှသာ ယွန်း ထမင်းစားဖြစ်သည်။ နောက်တစ်ရေးနိုးလာ ပြန်တော့ ကော်ဖီတိုက်မုန့်စားပြီး အိမ်ရှေ့ထွက်ကာ တီဗီကြည့် ချင်ကြည့် ၊မဟုတ်လည်း တရားနာ တတ်သည်။ နောက်အိမ် ရှေ့ခန်းမှဧည့်ခန်းအထိ ဖြေးဖြေးချင်းတွဲလျှောက်ပြီး ညနေဖက်သူအနားယူချိန်မှ ယွန်း နှုတ်ဆက်ကာ အခွေဆိုင် သို့ပြန်ရသည်။ ဒီအလုပ် တွေက ယွန်း တစ်ယောက်တည်း လုပ်ရတာမျိုးမဟုတ်ပဲ မထွေးနှင့်သော်တာတို့လည်း အလှည့် ကျလာ ကူညီပါသည်။ ဒါပေမဲ့ အမေစိန် နှုတ်မှ တောင်းတသူက ယွန်း တစ်ယောက်တည်းသာ။ ဒါကိုသိသည့် မထွေးက တော့ အလိုမကျဟန်နှင့် ‘အမေတို့များ အရင်လိုကိုမဟုတ်ဘူး။ အခုကျမှ တစ်ယွန်းတည်း ယွန်း ဖြစ်နေတယ်။ အထွေးတို့လည်း ပြုစုပါရစေဦး နော် ကုသိုလ်ယူချင်လို့ပါ “လို့ ဆိုသော်လည်း၊ ယွန်း နှစ်ရက်လောက် မလာ လိုက်လျှင်ဖြင့် သူကိုယ်တိုင် မောင့်ဆီကို ဖုန်းဆက်ပြီး ယွန်း ကို အိမ်သို့ လွှတ်ခိုင်းမြဲဖြစ်သည်။ ယွန်း က တစ်ခါတစ်လေ လည်း အမေစိန်ကြိုက်တတ်သည့် မြန်မာမုန့်လေး များဝယ် သွားတတ်သလို ‘နေလ’ ‘မနောမယ’တို့လို ဂျာနယ်တွေလည်း ၀ယ်ပြီး ဖတ်ပြတာ ကို အမေစိန်က သဘောတွေ့သည်။
               “အမေစိန် ဒီမှာကြည့် ဒါက ဟိုပုံးမှာရှိတဲ့ ထမ်းစမ်းလိုဏ်ဂူတော်ထဲက ဘုရားပုံတွေတဲ့။ ဒီပုံကို ကြည့်ပါဦး ကျောက်ခက် ပန်းဆွဲမှာ ထွင်းလုပ် ထားတဲ့ ဘုရားရုပ်ပွားတော်တဲ့ ထူးဆန်းလိုက်တာ”
              “အေး ဟုတ်ပ၊ ခြေထောက်သာ ကောင်းရင်တော့ သွားဖူးချင်စမ်းပါတယ်”
               “သွားရမှာပေါ့ အမေစိန်ရယ်၊ နေကောင်းအောင်သာနေ။ ယွန်းတို့လိုက်ပို့မှာ။ ဟယ် ဒီပုံထဲက အမျိုးသမီးက သူ့ဆံပင် အရှည်ကြီးကို ဖြတ်ပြီး လှူတာလေ  တကောက်ကွေးတောင် ကျော်တယ်။ အခု ခေတ်မှာ ဒီလိုမျိုး ဆံပင်လှူတာ တွေ သိပ်မတွေ့ရတော့ဘူးနော်”
              “အရင်တုန်းကဆိုရင်တော့ ရွှေတိဂုံဘုရား သမိုင်းပြတိုက်မှာ ရှိတယ်လေ။ လှူထားတဲ့ ဆံပင်တွေကို အလှူရှင်နာမည်နဲ့ နံရံမှာ ချိတ်နဲ့ ဆွဲထားတာ။မအားတာနဲ့ မရောက်တာလည်း ကြာပါပြီ။ အခု လူကလည်း လမ်းမလျှောက်နိုင်တော့မှ သမိုင်းပြတိုက် တွေ၊ ဗုဒ္ဓ၀င်ပြတိုက်တွေကို ဟိုးအရင်ကလို ပြန်ပြီး သွားကြည့်ချင် လိုက်တာ ဟင်း”
               တစ်ခါတစ်လေလည်း အမေစိန်က သူ့ရင်ထဲမှာ ရှိသည့်အတိုင်း သက်ပြင်းချသံတ၀က်နှင့် ရင်ဖွင့်တတ်သေး သည်။ နာတာရှည်ရောဂါသည်လို ဖြစ်နေသော အမေစိန်တစ်ယောက်  ယွန်း အပေါ် တွယ်တာလာတော့လည်း ခပ်စိမ်းစိမ်း ယောင်းမတွေ ဆီမှ ၀တ်ကျေတန်းကျေ နှုတ်ဆက် စကားသံ တွေပါ မကြားစဖူးကြားနေရတတ်သည်။ ဒီတော့  မသူဇာပြောသည့်စကားကို ယွန်း ပြန်သတိရမိသည်။ အမေစိန်က အိမ်မှာ အခရာမို့ အမေစိန်နှင့်သာ အဆင်ပြေရင်တော့ အားလုံးအဆင်ပြေပြီဟူသော စကားသည် ယွန်း အတွက် သွေးထွက် အောင် မှန်နေပြီထင်သည်။ တစ်ရက် တော့ နံနက်စောစော ပဲပြုတ်နှင့် ထမင်းကို ရောကြော်နေစဉ် မောင့်လက်ကိုင်ဖုန်းမှ ဖုန်းမြည် လာသည်။ ဖုန်းကိုင်လိုက်တော့ တုန်တုန် ရီရီနှင့် ဖုန်းဆက်ပြော လာသော ဒေါ်လေး၏ အသံဖြစ် သည်။ အမေတို့ရွာ မနေ့ညက မီးလောင်၍ စာသင်ကျောင်း တစ်ကျောင်းနှင့် အနီးအနားမှ အိမ်ခြေဆယ်အိမ်လောက် မီးထဲပါသွားသည်ဟုဆိုသည်။ အမေနှင့် မောင်လေးတို့အားလုံး အန္တရာယ်ကင်းပေမယ့်  ရွာအခြေအနေ သိဖို့နှင့် အမေ့ကိုအားပေးဖို့ ယွန်း တို့ ရွာကိုလိုက်သင့်သည်ဟု ဒေါ်လေး ကဆိုသည်။ ဖုန်းကိုကိုင် ရင်း ဆောက်တည်ရာ မရပဲ မောင့်ကိုနိုးပြီး အကျိုးအကြောင်း ပြောကာ အဲ့ဒီနေ့ပဲ နောက်ဆုံးကားနှင့် ယွန်း တို့နှစ်ယောက် ဟင်္သာတသို့ထွက်လာခဲ့ကြ သည်။ ကားပေါ်ရောက်မှ မောင်ကသူ့အိမ် ကိုဖုန်းဆက် ပြောပြစဉ်တွင်  ယွန်း ကတော့ အမေနှင့် ဆွေမျိုးတွေ မျက်နှာကိုပြေးမြင်ရင်း ငိုရှိုက်နေမိသည်။
                     ယွန်း တို့ ကားပေါ်မှဆင်းပြီး ရွာကလေးကိုရောက်တော့ ပူပူနွေးနွေး လောင်မြိုက်ထားသော မီးကြောင့် လူတွေ အားလုံး ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ ဒါပေမဲ့ မီးဘေးသင့်သူတွေထဲယွန်း၏ ဆွေမျိုးတွေမပါသည်မို့ သောကတွေကြားမှ ယွန်း စိတ်သက်သာရာရသွားသည်။ လင်မယားနှစ်ယောက်စလုံး ရွာမှအသိမိတ်ဆွေများကို နှုတ်ဆက်ရင်း အမေချက်ကျွေးသော အမေ့လက်ရာ ဟင်းလေးတွေကိုစားရင်း၊ တစ်ရက်နှစ်ရက်သာနေဖို့ ရည်ရွယ်ခဲ့သော်လည်း ဘာလိုလိုနှင့် ငါးရက်ကျော်ကြာသွားမှ မကြီး ထံမှ အရေးပေါ်ဖုန်းဝင်လာသည်။ အမေစိန် သွေးပေါင်ကျပြီး ရုတ်တရက်သတိလစ်သွား၍ အမြန်ပြန်လာ ဖို့ ပြောခြင်း ဖြစ်သည်။ မောင်ရော  ယွန်း ရော  မမျှော်လင့်ထားသည့် သတင်းမို့ အမေတို့နှင့် တစ်ပတ်ပြည့်အောင်ပင်မနေတော့ပဲ ပစ္စည်းတွေ သိမ်းကာ အမြန်ကားလက်မှတ်ဖြတ် ပြီး ရန်ကုန်ပြန်လာခဲ့ကြသည်။ အဝေးပြေးကားဂိတ်ရောက်တော့ ဖုန်းတစ်ခါ ထပ်မြည် လာပြန်သည်။ ဒီတစ်ခါ သတင်းကိုကြားလိုက်တော့ ယွန်း ခေါင်းတွေ အစိတ်စိတ်အမြွာမြွာ ကွဲသွားပြီ ထင်သည်။ အမေစိန် ဆုံးပြီတဲ့။
             အမေစိန့် အသုဘက ရပ်ကွက်ထဲမှလူတွေအပြင် မောင်တို့ဆွေမျိုးအသိုင်းအ၀ိုင်းတွေနှင့် စည်ကားလှသည်။ မောင့်အစ်မ သုံးယောက်၏ ငိုသံတွေနှင့် အသုဘက ပို၍ပင် လှုပ်ရှားအသက်ဝင်နေသည်။ မောင်ကတော့ အမေ့အသက်ကို မမီလိုက်သော သားမို့  အမေ့စိန်အလောင်းကို ကြည့်ရင်း မျက်ရည် တွေတွင်တွင် ကျလျက် စိတ်ထိခိုက်ဝမ်းနည်းနေသည်။
             “ အမေရေ အမေအရမ်းချစ်တဲ့သားနဲ့ချွေးမကို ထကြည့်ဦးလေ။ အီး ဟီး ဟီး”
             “ ဟုတ်တယ် အမေရဲ့ ဒီမှာ အမေတမေးတည်းမေးနေတဲ့ အမေ့ချွေးမ ရောက်လာပြီလေ အဟင့်ဟင့်”
             သူတို့ငိုသံတွေကို နားထောင်ရင်း ယွန်း မှာ အသုဘရူသူတွေကြား မျက်နှာမထားတတ်လောက်အောင် ဖြစ်ရသည်။ အမေစိန်မဆုံးခင် ယွန်း ကို  တမေးတည်းမေးနေသည်ဟု သိလိုက်ရ၍ ပိုလို့စိတ်မကောင်းဖြစ်ရသည့်အထဲ  မျက်နှာချင်းဆိုင်မှာ လဲလျောင်း နေသည့် အမေစိန်ကိုမြင်တော့ ယွန်းမျက်ရည်တွေ မထိမ်းနိုင်အောင် ကျလာသည်။ ယွန်းစိတ်မကောင်းနေ သည်ကို မြင်ရက်နှင့် ယောင်းမတွေကတော့ စကားလုံးစိမ်းတွေ၊ မျက်လုံးစိမ်းတွေနှင့်   ငိုသံစွက်လျက် ယွန်းကို စောင်းမြောင်း ချိတ်ချည် ပြောဆိုနိုင်သည်။
             “ငါ့တို့အမေမှာ နေမကောင်းလို့  အိပ်ရာထဲ လှဲရတဲ့ထဲ၊ သူတွေ့ချင်၊မြင်ချင်တဲ့သူတွေ မရှိတော့ စိတ်ထောင်း ကိုယ်ကျေဖြစ် ပြီး ဆုံးရတာ”
             “ဟုတ်တယ် စိတ်ကြောင့်  အမေ့ကို အခုလိုပစ်လိုက်ရတာပေါ့။ ဟီး ဟီး”
               ဒီလိုနှင့် ရက်လည်ဆွမ်းကပ်ပြီး သည့် ညတွင် မကြီးတို့အိမ်တွင် လူစုံတက်စုံ ရှိနေခိုက် အားလုံးလည်း ပင်ပန်း နေကြသည်မို့ စောစောအိပ်ရာဝင်ဖို့ ပြင်စဉ်တွင် မကြီးထံမှ  မောင်နှင့် ယွန်း ကို ဦးတည်ပြီး ပြောသည့်  စကားပြောသံ ထွက်လာသည်။
                “အမေမရှိတော့ပေမယ့်လည်း ငါကိုယ်တိုင်က မိသားစုသိုက်သိုက်ဝန်းဝန်းနေရတာကိုကြိုက်ပါတယ်။ ဒါပေမဲ့ အမေ့ ကိုကြည့်ပြီး ငါတကယ် တရားကျတယ်။ ဒါကြောင့် ဘာသံယောဇဉ်မှ ငါမထားချင်တော့ဘူး။ ဘာအနှောင်အဖွဲ့မှလည်း မလိုချင် တော့ဘူး။ အရင်တုန်းကတော့ အမေ့အကြောင်းပြုပြီး အိမ်ကို မလာချင်ရင် လာဖို့ခေါ်ခိုင်းရတဲ့သူတွေ၊ မလာချင်လာ ချင် လာနေရတဲ့ လူတွေ လည်း အခုအမေမရှိတော့ဘူးဆိုတော့ ကိုယ့်သဘောနဲ့ကိုယ်လာချင်လာ မလာချင်နေ ရတယ်။ အရင်လို မိသားစု   ထမင်း လက်ဆုံ စားဖို့လေးနဲ့ တစ်ပတ်တစ်ကြိမ် ဆုံရတာမျိုး ငါမလုပ်ချင်တော့ဘူး။ အဲ့ဒီလို လုပ်ရင်ငါ အမေ့ ကို ပိုသတိရတယ်။ ဒါကြောင့် နင်တို့လည်း အကြောင်းကိစ္စရှိမှပဲ အိမ်ကို လာကြတော့”
                 မကြီးစကားကို နားထောင်ရင်း အံ့အားသင့်နေမိရာက မောင်နှင့် မသူဇာ၏ စောဒကတက်သံ ထွက်လာသည်။
                 “ဟာ မကြီးကလည်း အဓိပ္ပာယ်မရှိတာ၊ ဆွေမျိုးဆိုတာ ခင်ခင်မင်မင် ၀င်ထွက်သွားလာရှိရမှာပေါ့၊ ဘာတွေ လျှောက်ပြောနေတာလဲ”
                 “ ဟုတ်သားပဲ မကြီးကလည်း ဘယ်နှယ့် ကိစ္စရှိမှပဲ လာရမှာလို့”
                  ဒါပေမဲ့ မကြီး၏ သဘောထားကမပြောင်းလဲခဲ့ ။  အမေစိန်ချစ်သော သားနှစ်ယောက် အကြောင်း အမျိုးမျိုးကြောင့် သူ့နောက်ဆုံး ချိန်တွင် ရှိမနေသည့် အတွက်လည်း မကြီးကစိတ်ဆိုးစိတ်နာပုံရသည်။ ကိုကြီးဆိုလျှင်လည်း ရုတ်တရက်ခွင့်ယူ၍ မရသောကြောင့် ရက်လည် ရော အသုဘရော မမီနိုင်ပဲ တစ်လပြည့်ဆွမ်းကပ်မှ သာ ပြန်လာနိုင် သည်။ မောင့်ကိုတော့ သူတို့ကအပြစ်မဆိုပေမဲ့၊ စကားပြောပုံက လည်း မကြည်သာ။ ယွန်းကတော့ သူ့တို့အမေ အိပ်ယာထဲ လှဲနေချိန်မှာ ပစ်ထားရက်သူ၊ သူတို့အမေ တောင့်တချိန်မှာ ပေါ်မလာခဲ့သည့် တရားခံမကြီးအဖြစ် သူတို့ခံယူကြသည်။ တကယ်တမ်းတော့ယွန်း လည်းအတော် ၀မ်းနည်းပြီး၊ အမေစိန် နေမကောင်းချိန်မှာ မလွဲမရှောင်သာ သွားလိုက်ရ သည့်ခရီးအတွက် ကိုယ့်ကိုကိုယ်အပြစ် မကင်းသလို ခံစားခဲ့ရသည်က အမှန်။      
                 ဒါကြောင့် ရက်လည်ဆွမ်းကပ်သည့်နေ့တွင် အမေစိန်၏ ဆရာဝန်ကို တွေ့သည့်အခါ  အမေ့စိန်ကို ယွန်းပြုစုနေရင်းနဲ့ ၊ မလွဲမရှောင်သာပဲ   ခရီးထွက်သွားသည့်အချိန်မှာ ဆုံးပါးသွားခြင်းအတွက် သွားသောကြောင့် စိတ်မ ကောင်း ဖြစ်ရကြောင်း ဒါကြောင့်အမေစိန် ဆုံးပါးခြင်းမှာ ယွန်း အပြစ်မကင်းသလို ခံစားရကြောင်း ပြောပြဖြစ်သည်။ ဆရာဝန်က
              “ဒီလိုမဟုတ်ပါဘူး ယွန်းရယ်၊ အန်တီစိန်က ယွန်း တို့ ပြုစုကောင်းလို့သာ ဒီလောက်ခံတယ်လို့ ဆိုရမယ်။ သူခြေထောက် ကျိုးလို့ စစ်လိုက်တော့ မှ အဆုတ်ထဲမှာ ကင်ဆာဆဲလ်တွေ့နေတာလေ။ ဒါကြောင့် စတီးချောင်းထည့်ပြီး ခွဲစိတ်လို့ မရခဲ့တာပေါ့။ အခုကျတော့ ခြေသလုံးမှာသွေးခဲသွားတော့ အဆုတ်ကလည်းမကောင်းတော့တာမို့ ရုတ်တရက် ဆုံးပါးသွားတာပါ။ ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး။ မီးစကုန် ဆီခန်း သဘောပါပဲ ”
                  ဒါပေမဲ့ ဆရာဝန်၏ရှင်းပြချက်ကို သူတို့တွေက ကျေနပ်နိုင်ပုံမရ။ ဒီင်္လိုနှင့်ပင် မကြီး၊မလတ်၊ မငယ်တို့က ယွန်း  တို့အပေါ် ဟိုအရင်ကထက်ပင် ပိုမို စိမ်းကား လာ ကြသည်။  မမြင်ရသောစည်းတစ်ခုဖြင့် ယွန်း ကိုသူတို့နှင့် မပတ်သတ်နိုင် အောင် တားမြစ်ထားမှန်း အချိန်အတော်ကြီးကြာမှ ပိုမိုသိနားလည်ခဲ့ရလေသည်။ ထိုစည်းသည် အမွေဟူသော နာမည်အောက်က  အမေစိန်ပိုင်ဆိုင် သည့် ရွှေငွေ နှင့် တန်ဖိုးကြီး အတွင်းပစ္စည်းတချို့ကို မောင့်ဝေစုအဖြစ် ယွန်းအတွက် ခွဲဝေ ပေးရမှာ စိုးကြောက် နေခြင်းဖြစ်ကောင်း ဖြစ်မည်ဟု လည်း ယွန်းသံသယစိတ်ဖြင့် မရဲတရဲ တွေးမိခဲ့သည်။ ဒီအကြောင်း ကို ဘ၀တူ မသူဇာကို ရင်ဖွင့်ပြောပြမိတော့ သူတို့အကြောင်းကို ယွန်းထက်ပိုပြီး နှစ်ကြာကြာ သိနှင့်ခဲ့သူမို့ ယွန်းတွေးတာ ဖြစ်နိုင်သည်ဟု မသူဇာက ဆိုသည်။ ဒါကြောင့် လည်း ၀မ်းနည်းစိတ်တစ်ပိုင်း မာနတစ်ပိုင်းဖြင့် မကြီး ပြောသည့်အတိုင်း နာခံပြီး ထိုအိမ်ကို ယွန်း လုံးဝ မရောက်ဖြစ်သလောက် ဖြစ်သွားခဲ့သည်။
                                                                       +++
                  ပြက္ခဒိန်ရွက်တို့ တစ်ရွက်ပြီးတစ်ရွက်ပြောင်းလာခဲ့သည်။ နေ့လည်ခင်း အိပ်ယာထဲလှဲနေပေမယ့် အိပ်မပျော် သည်မို့  နံဘေးမှ တအဲ့အဲ့ အသံပေးကာ လက်ကားယား ခြေကားယားဖြင့် လှုပ်ခါနေသော သမီးလေး ၏ ဆံနွယ်လေးတွေကို  ပွတ်သပ် ချော့မြူလိုက် သည်။  အိမ်မှာကူဖော်လောင်ဖက် မရှိ၍ စိတ်ချရသည့် အဖော်ရှာနေစဉ် မသူဇာက သူ့အိမ် က ကောင်မလေး ကို ယွန်း ခိုင်းချင်တာ ခိုင်းနိုင်ဖို့ ခဏခေါ်ထားခွင့်ပေးသည်။ မသူဇာကတော့ ယွန်းအတွက် အစ်မအရင်း သဖွယ် အားကိုး တိုင်ပင်ရ သူပင်။ ခုလည်း သူပြောပြသည့် အကြောင်းအရာတချို့ကို ယွန်းအမှန်တကယ်ပင် အံ့အားသင့်နေမိ သည်။ မောင်သာ သိရင် ဘယ်လို နေမည်လဲမသိ။
             တကယ်တော့  မောင်ကလည်း သမီးလေး ရလာပြီးသည့်နောက် သူ့အစ်မတွေကို သတိတရရှိလွန်းပုံပေါ်သည်က အမှန်။ မောင့် အစ်မတွေကတော့ ကိုယ်ဝန်ရှိစဉ်မှာရော ကလေးမွေးသည့် အချိန်မှာပါ ယွန်းကို အငြိုးတကြီးနှင့်များ ပစ်ထားသလား အောက်မေ့ရလောက်အောင် ဥပက္ခာပြုနိုင်လွန်းလှသည်။ ဘာသတင်းမှ မေးဖော် မရ။ ယွန်းကိုယ်တိုင် သမီးလေး မွေးသည့်အကြောင်း ဖုန်းဆက်ပြောပြတာတောင် အင်းမလုပ်၊ အဲမလုပ်နှင့် ၀မ်းသာပုံမပြသည်မို့ သူ့အစ်မတွေကို မောင် ကိုယ်တိုင်ပင် စိတ်ချဉ်ပေါက်နေသည်။ သို့သော် အလုပ်တစ်ဖက်နှင့်မောင်က ယွန်းတစ်ယောက်တည်း စိတ်မချနိုင် သည်မို့  သမီးကို တယုတယ နှင့် စိတ်ရှည်လက်ရှည် ဂရုတစိုက်ပြုစုမည့် ဆွေမျိုးအရင်းအချာတစ်ယောက်လောက် အိမ်မှာ ရှိစေချင်သည်မို့ သူ့အစ်မတွေကိုလည်း ပြန်ပြီးဆက်သွယ်ချင်နေသည်ကို ယွန်းသိနေမိသည်။  ဒါပေမဲ့ ဟိုဘက်ကတော့ တူမ အသစ်စက်စက်လေး ကိုပင် မသိကျိုးကျွံပြုရင်း ယွန်းတို့ အားလုံးကို သစ်စိမ်းချိုး ချိုးသည့်ဇာတ်ကို ဆက်ကနေကြသည်။ သည်အခြေအနေမှာ မသူဇာက  ယွန်းကိုပင် မတိုင်ပင်ပဲ ကိုယ်တိုင်ရေး ဇာတ်လမ်း အသစ်တစ်ပုဒ်မှာ သရုပ်ဆောင် ဒါရိုက်တာ လုပ်ခဲ့ခြင်း ဖြစ်ပါသည်။                                
                “ မမလေ ခပ်တည်တည်နဲ့သူတို့ မျက်နှာတွေ အားလုံးကို သေချာကြည့်ပြီး ပြောလိုက်တာယွန်းရဲ့။ ကြားစက ပထမ တော့ သူတို့ အံ့သြသလို မယုံသလို နဲ့အင်တင်တင် ဖြစ်နေတာပေါ့။ နောက်တော့မှ မကြီးက ဒီပိတ်ရက် အားရင်တော့ ကလေးကြည့်ရ အောင် သူတို့လာခဲ့ဦးမယ်လို့ ပြောတယ် သိလား ”
                “ဟုတ်လား မမက ဘယ်လို စကားစ ပြောလိုက်တာလဲဟင် ”
                ‘’ဒီလိုပဲ ပြောလိုက်တာပေါ့၊ ယွန်းကိုယ်ဝန်ရှိစမှ အမေ့ကို အိပ်မက်ခဏခဏ မက်တဲ့အကြောင်း၊  စည်သူတို့ ယွန်း တို့ကိုလွမ်း လွန်းလို့ အမေကအတူပြန်နေချင်တဲ့အကြောင်းတွေ  ပြောလိုက်တာ။ ဟုတ်မဟုတ်တော့ မသိဘူး ယွန်းရဲ့ ။ကလေး လေး က လည်း ခုထဲက အမေနဲ့ ဆင်သလိုပါပဲ။ တို့ကပဲ စိတ်ထင်လို့လားမသိဘူး”
                 မသူဇာစကားကို နားထောင်ပြီး ယွန်းပြုံးလိုက်မိရင်း သမီးလေးရဲ့ ညာဖက်လက်လေးကို ဆွဲယူပြီး ထောင်ပြလိုက် သည်။
                 “ဒီမှာလေ လက်ဖျံမှာ အမေစိန်လိုအစိမ်းရောင် အမှတ်လေးပါတယ်။ ပြီးတော့ အမေစိန်နဲ့ မွေးနေ့လည်းတူတယ်။ တနင်္လာ သမီး”  
               မသူဇာက ပြုံးကာ သမီးလေးလက်ကလေးကို ဆုပ်ကိုင်လိုက်ရင်း အစိမ်းရောင်အမှတ်လေးကိုကြည့်လျှက်
                “ပြောလို့မရဘူး။ အဘွားကြီးက စည်သူ့ကိုအရမ်းချစ်တော့ ပြန်လာတာလည်း ဖြစ်နိုင်တာပဲ။ အိုအေ ဘယ်သူပဲ ဖြစ်ဖြစ် အဓိကက အပျိုကြီးတွေ ကလေးလေးကို မြင်သွားရင် ယွန်းတို့ အပေါ်အချိုးပြောင်းသွားဖို့ပဲမဟုတ်လား”
                   “ တိုးတိုးပြောမမရဲ့၊ အိမ်ရှေ့မှာ မောင်ကစာဖတ်နေတာ။ တော်ကြာ ကြားသွားမှဖြင့် သူ့အစ်မတွေကို အခုလို လုပ်ရကောင်းလားဆိုပြီး မမရော၊ ယွန်းရော အပွမ်ခံထိနေဦးမယ်။ ဒါနဲ့ သူတို့က မမပြောတာကို စိတ်ဝင်စားကြတယ် မဟုတ်လား။ ယွန်းဆီကို လည်း လာချင်ကြမယ် ထင်ပါတယ်နော် ”
                  တစ်ယောက်တည်း အားငယ်နေချိန်မို့ ယွန်းအတွက် စဉ်းစားပြီး စိတ်ကူးလုပ်ကြံဇာတ်ခင်းထားသော မသူဇာကို ကျေးဇူး တင်စွာ ကြည့်ရင်း မျှော်လင့်တကြီး  မေးမိသည်။
                  “လာမှာ လာမှာ။ ဒီနေ့မလာရင် မနက်ဖြန်လာမှာ။ မနက်ဖြန်မလာရင် သဘက်ခါလာပါလိမ့်မယ်။ တစ်ရက်နှစ်ရက် အတွင်းတော့ ထူးမှာပါ၊ အနှေးနဲ့အမြန်ပဲပေါ့။  ဟော.. ပြောရင်းဆိုရင်း”
                   မသူဇာ၏ အံ့သြ၀မ်းသာသွားဟန်ဖြင့် အိမ်ရှေ့ဘဲလ်တီးသံကို သေချာစွာ နားစွင့်လိုက်သည်။ ဘဲလ်တီးသံနှင့်အတူ အိမ်ရှေ့တံခါးဖွင့်သံ၊ နောက်ပြီးမကြားရတာ ကြာပြီဖြစ်သော ယောင်းမတွေ၏ အသံစာစာများနှင့် မောင်တို့၏ အပြန် အလှန် နှုတ်ဆက် စကားသံ တွေကိုပါအခန်းထဲမှကြားလိုက်ရသည်။  ယွန်းအားယူထပြီး ဆံပင်ကို ခေါင်းစီးကြိုးဖြင့် စည်းနှောင် လိုက် သည်။ ထိုအချိန်တွင် စကားတစ်ပြောပြောနှင့် အိပ်ခန်းဘက်သို့ လျှောက်လာသော ခြေသံတွေ ကိုကြားရသည်။
                  “ ဟဲ့ ..ယွန်းး နေကောင်းတယ် မဟုတ်လား”
                  မကြီးက လှမ်းနှုတ်ဆက်ပြီး မျက်လုံးများကတော့ အိပ်ယာပေါ်မှာ ဆန့်ဆန့်လေး အိပ်နေသော သမီးဆီသို့ ရောက် သွားသည်။ မလတ်၊ မထွေးတို့ကလည်း ကုတင်ပေါ်တွင် တင်ပလွဲထိုင်ရင်း သမီးကို ငေးမောကြည့်နေကြသည်။
                  ”မကြီးရေ ။ ကြည့်ပါဦး ၊ တစ်လနဲ့ ရုပ်လေးပေါ်နေပြီ”
                   “အေးဟယ် ၊ ဟုတ်ပ၊ ချစ်စရာလေး”          
                   စကားပြောသံများကြောင့် လန့်နှိုးလာသော သမီးက အိပ်ရေးမ၀သည်မို့ အာပြဲလျှက် အော်ငိုတော့သည်။ သမီးကို ဆွဲယူပွေ့ကာ ခဏချော့မြူလိုက်ပြီး အနားကပ်ကြည့်လာသော မကြီးလက်ထဲသို့ အလိုက်တသိ ထည့်ပေး လိုက်သည်။
                    “ဟယ် ကြည့်စမ်း အထွေး ဒီမှာနှုတ်ခမ်းလေးကအမေနဲ့မတူဘူးလား”
                    “ဟုတ်ပ လက်မှာလည်း အစိမ်းရောင်အမှတ်ကြီးနဲ့ ၊ အမေပဲ နေမှာပါ”
                     “အေးဟယ် အမေ့သားနဲ့ ချွေးမကို ဒီလောက်တောင်ချစ်ရလားဟင် သမီးဝမ်းနည်းလိုက်တာ ငိုချင်လိုက်တာ။ ဒါပေမဲ့လေ ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးနဲ့ ပြန်ဆုံရတယ်လို့ပဲ မှတ်ရမှာ”
                     မလတ်က မကြီးလက်ထဲမှကလေးကို စကားတွေပြောနေတော့ ကလေးကလည်း ရုတ်တရက် အငိုရပ်သွားကာ မျက်လုံးလေးဖွင့်ပြီး နှုတ်ခမ်းလေးချွန်ကာ တအံ့တသြကြည့်နေသည်။
                     “ တွေ့လား ငါတို့ပြောနေတာတွေ သူနားလည်တယ်”
                      “ဟုတ်ပ ဟုတ်ပဟယ်”
                      မလတ်ပြောသမျှကို မထွေးက ၀မ်းသာအားရ ထောက်ခံရင်း ယွန်းဘက်လှည့်လာကာ
                    “ညည်းလည်း ပိန်ချုံးနေပါလား။ ကလေးကတစ်ဖက် အိမ်မူကိစ္စတွေက တစ်ဖက်ဆိုတော့ လုံးချာလိုက် နေမှာပေါ့”
                     ယွန်းက ညင်သာစွာ ခေါင်းညိတ်ပြပြီး လက်မောင်းနှစ်ဖက်ကို ပွတ်သပ်နေမိသည်။ ထိုစဉ် မသူဇာထံမှ စကားသံ ထွက်လာသည်။
                   “လုံးချာလိုက်တာတော့ မပြောနဲ့တော့ ။ အိမ်ကခိုင်းနေကျ ကောင်မလေးကို သူ့ဆီကိုပဲ ပို့ထားရတယ်။ သူဇာတို့အိမ်မှာ ကလည်း အိမ်မူကိစ္စနဲ့ မီးဖိုချောင်အတွက် တစ်ယောက်၊သူဇာ့အမေ့ကိစ္စတွေကို လုပ်ဖို့က တစ်ယောက်ရှိ နေတာ ဆိုတော့ အမေ့ကို အကျိုးအကြောင်းပြောပြပြီး အမေကလည်း သဘောတူတာနဲ့ အမေလက်စွဲတော်အဲ့ဒီ တစ်ယောက်ကို  ယွန်းဆီ ပို့ထားရတယ်။ အထွေးတို့၊ မလတ်တို့ကလည်း တူမလေးမွေးတာတောင် မလာနိုင်ဘူးဆိုတော့ ဒီမှာအခက်အခဲဖြစ်နေတာတောင်  လှမ်းမပြောတော့တာ ”
                  မသူဇာ စကားကြောင့် ပျက်ယွင်းသွားသော မျက်နှာကို အိနြေ္ဒဆည်လိုက်ရင်း မထွေးက
              “ အေး ငါတို့လည်း ကိုယ့်အိမ်နဲ့ ကိုယ့်အပူနဲ့မို့ လှည့်မကြည့်အားတာဟေ့ ။ ကဲ ပြီးတာတွေ ထားလိုက်ပါတော့ မနက်ဖြန်ကျရင်တော့ ငါသော်သော်ကို စောစောလွှတ်လိုက် ပါမယ်။ ကလေးကြည့်ဖို့ပေါ့။ ထမင်းဟင်း ကတော့ ညည်း ဘာစားချင် သလဲ ဆိုတာသာ ပြောလိုက် ငါပဲချက်လာပေးမယ်။ ကလေးကိုသာ ဂရုစိုက် ဟုတ်ပြီလား။ အင်း ဒီပုံစံအတိုင်း နဲ့တော့ မဖြစ်သေး ပါဘူး ကလေးကြည့်ဖို့ ငါတို့ညီအစ်မတတွေ အလှည့်ကျလာဖို့ စီစဉ်ဦးမှပဲ ”
               ကလေးအနှီးအဖြူတွေ လှမ်းထားသည့် အိမ်နောက်ဖေး ၀ရံတာကိုကြည့်ရင်း တွေးတွေးဆဆနှင့် ပြောလာသည့် မထွေးကို  ယွန်း ပြူံးလျှက် ထပ်မံခေါင်းညိတ်ပြလိုက်သည်။ မသူဇာဒါရိုက်တာလုပ်ထားသော ဇာတ်လမ်းကို လုံးဝမ သိသေး သော မောင်ကတော့ အစ်မတွေ သဲသဲလှုပ်ဖြစ်နေသည့် ပုံကိုကြည့်ပြီး နားမလည်နိုင်သလို ခေါင်းကုတ်ကာ ငူငူလေး ရပ်နေရှာသည်။
                     “ ဒါနဲ့ ဒီကလေးနာမည်ပေးရင်တော့ ငါတို့သုံးယောက်နာမည်ထည့်ပေးရမယ်”
                       ဒီတစ်ခါ မလတ်ပြောလိုက်သည့်စကားကြောင့် အသံတိတ်နားထောင်နေသော မောင်ကပါ ခေါင်းထောင် လာ သည်။
                     “ဒါတော့ ဘယ်ဖြစ်မလဲ၊ အစ်မတို့က အခုမှလာပြီး၊ အဖေနဲ့အမေနာမည်က အဒေါ်နာမည်တွေ ထက်ပိုပြီး အရေးကြီးတဲံ့ဟာကို ”
                      “အို မလိုချင်ဘူး။ အလတ်မပြောတာဟုတ်တယ်။ ငါတို့နာမည်လည်းပါအောင် နာမည်လေးလည်း လှအောင်  သက်မြတ်ထွေး လို့ပေးရင် မကောင်းဘူးလား”
                      “ဟုတ်တယ်။ ကောင်းတယ် ကောင်းတယ် သမီးရေ၊ သက်မြတ်ထွေးလေးရေ”
                      ကလေးကို ချက်ချင်းနာမည်မှည့်ပြီး အသည်းပိုနေကြသောအပျိုကြီးသုံးယောက်ထံမှ အကြည့်လွဲလိုက် ချိန်တွင် မောင်က နားမလည်သလို မဲ့ရွဲ့ကာပခုံးတစ်ချက်တွန့်ပြသလို မသူဇာက လေသံသဲ့သဲ့ဖြင့် အိုကေဟုလှမ်းပြောသည်။ ယွန်းတို့နှစ် ယောက် မျက်ဝန်းထဲမှ အသံတိတ် ပြောနေ သော စကားတွေကိုတော့ မောင်ရော၊ အဒေါ် အပျိုကြီး တွေရော နားလည် နိုင်မည် မဟုတ်ပါချေ။ သူတို့ နှစ်သက်ပါ သည့်ဆို သော အဲ့ဒီနာမည် လေးကို တတွတ် တွတ် ခေါ်ချိန်သမီးကလည်း ပို၍ပင် အော်ဟစ်ငိုယိုနေသေးသည်။ ဒီနေ့ အဖို့တော့ အမေစိန်ဝင်စားပါသည်ဟု သူတို့ တထစ်ချ ယုံကြည်ထား သော သမီးလေး ငိုသံအပြင် အဒေါ်အပျိုကြီးတွေ၏ ချော့မြူ သံတွေနှင့် တစ်ခန်းလုံး  ဆူညံ၍နေသည်။
                သမီးက တကယ်ပဲ အမေစိန် ၀င်စား သည်လား။ မ၀င်စားဘူးလား ။ ဒါကို ယွန်းစိတ်မ၀င်စားပါ။ ဒါပေမဲ့ ဒီအဖြစ်အပျက်တွေကို တစ်နေရာမှ အမေစိန် မြင်တွေ့ နေလျှင်လည်း ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ၀မ်းသာကြည်နူးမည်။  ယွန်းတို့ကိုလည်း ခွင့်လွှတ်နိုင်မည်ဟုယုံကြည်ချင်မိပါသည်။ ဒါပေမဲ့ အခုလို အားလုံးအဆင်ပြေသွား တာကိုတော့ ယွန်းဝမ်းသာ ပါသည်။ ယွန်းတစ်ယောက်တည်း အနေနဲ့ ပြောရရင်တော့  သမီးလေးကို ခုတုံးလုပ်ပြီး အခုလိုဇာတ်လမ်းဆင်ရသည့် မုသား စကားတွေအတွက်တော့ ယွန်း သိပ်လိပ်ပြာမလုံချင်ပါ။ ဒါပေမဲ့လည်း ဒီကိစ္စဟာ ယွန်းတို့မိသားစု ကိုယ်ကျိုးအတွက်ဆိုပေမဲ့ ယွန်း ကိုယ်တိုင် ဖန်တီးထားတာမှမဟုတ်တာ။ မသူဇာက ကြားဝင် လုပ်ပေးတာဖြစ်ပြီး သူကလည်းစေတနာသန့်သန့်ဖြင့် လုပ်ပေးခဲ့တဲ့ ကိစ္စ ဒီတော့ ဒီဟာ မုသားဖြစ်ခဲ့ရင်တောင်မှ ‘အဖြူရောင်မုသား’ ဆိုတာမျိုးထဲမှာ စာရင်းဝင်နိုင်ပါ့မလား။ အဖြူရောင်မဟုတ်ခဲ့ ရင် တောင် အမည်းရောင် မုသားဆိုးဆိုး မဖြစ်တာတော့ သေချာပါသည်ဟု ကိုယ့်ဖာသာ ယွန်းဖြေတွေးနေမိ သည်။  ဒါပေမဲ့ ဒါကအမှန်တရားမဟုတ်ပဲ ကိုယ်ကျိုးအတွက် လုပ်ကြံထားတာမျိုးဆိုတော့ အဖြူရောင်ကြည်ကြည်လင်လင်မျိုးမှ ဖြစ်ရဲ့လား။
                              ဒါပေမဲ့ ဒါဘယ်သူ့ကိုမှ မထိခိုက်ပဲ အားလုံးစိတ်ချမ်းသာတဲ့ ကိစ္စမျိုးဆိုတော့ ကြည်လင်တဲ့ အဖြူရောင် မုသားမဟုတ်ရင်တောင် “ နို့နှစ်ရောင် မုသားလေး” တော့ဖြစ်နိုင်မှာပါ။  ယွန်းသံသယ အတွေတွေနဲ့ လုံးထွေးနေခိုက် မျက်နှာစိမ်း တွေ ထဲရောက်နေတဲ့ သမီးလေးက ပို၍ အငိုသည်းလာသောကြောင့် လှမ်းယူ ထွေးပို့လိုက်ပါသည်။ သမီးက အမေ့လက်ထဲ ရောက်ပြီး အငိုတိတ်သွားတော့ မထွေးရဲ့ ပြုံစစနဲ့ ငေါ့တုးသံထွက်လာသည်။
                             “အောင်မလေး သူ့ချွေးမကျတော့ သိတတ်လိုက်တာ ဟွန်း”
                          ဒီစကားကို မသူဇာက သဘောကျရယ်မောနေသလို၊  ယွန်းလည်း ဘာမှချေပပြောဆိုမနေတော့ပဲ ပြုံးနေလိုက်ပါသည်။  အမယ်... ယွန်းလက်ထဲ က ‘နို့နှစ်ရောင် မုသားကလေး’ ကလည်း အငိုတိတ်သွားပြီး  ယွန်းကို ပြုံးလျှက် ကြည့်နေပါရောလား။           
                                                                                    (မြင်ကွင်းမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၂၀၁၃)

3 comments:

  1. ကူးကူးလှိုင်February 27, 2013 at 5:24 PM

    ညီမလေးရေ ဒီဝတ္ထုလေးကိုတော့ တော်တော်ကို သဘောကျမိတယ်သိလား ဟုတ်တယ်နော် မုသားပေမဲ့ အားလုံးအတွက်အဆင်ပြေစေတဲ့ နို့နှစ်ရောင်မုသားလေးပေါ့ ...

    ReplyDelete
  2. လိုင်းကောင်းမှ အသစ်တင်ခွင့်ရပေမယ့် ၊အသစ်တင်တိုင်း အမြဲမပြတ်လာဖတ်ပေးတဲ့ မမကို ကျးဇူးအများကြီးတင်ပါတယ်ရှင့်

    ReplyDelete
  3. အရမ်းသဘောကျပါတယ် အမး) နို့နှစ်ရောင်မုသားလေးကိုခံစားသွားပါတယ်နော်

    ReplyDelete