Wednesday, May 15, 2013

နေရောင်မဲ့ ကမ္ဘာခြမ်းကို ညဟုခေါ်သည်

ဂိုဒေါင်ထဲသို့ စနစ်တကျ အစီအရီ သွင်းနေသော ပိတ်စလိပ် များကို ညွှန်ကြား နေရာချရင်း ဘေးမှာ လာရပ်သော လူရိပ်ကြောင့် ဘေးတစ်ချက် စောင်းငဲ့ ကြည့်လိုက်တော့ စက်ရုံစောင့် လုံခြုံရေးပင်။

“မစ္စတာ ဧည့်သည် တစ်ယောက်က တွေ့ခွင့် တောင်းနေပါတယ်”

“ဘယ်သူလဲ”“ဂျူဒင်းတဲ့”

“သြော်...အေး အေး၊ ကောင်းပြီ၊ အဲဒီမှာပဲ စောင့်ခိုင်းထားလိုက်ပါ။ အခုပဲ လာခဲ့မယ်”

ဂျူဒင်းဆိုသည့် နာမည် ကြားတော့မှ လက်ထဲမှာ တစ်လခွဲလောက် သောင်တင်နေသော
အလုပ် လျှောက်လွှာ တစ်စောင်ကို ပြေးသတိရမိသည်။ ပုဂ္ဂိုလ်ရေးကြောင့်ထက် ဂျူဒင်း၏ အကျင့်စာရိတ္တကို
သဘော ကျမိ၍ သူ့ညီခြေတစ်ဖက်ပြတ် ဒုက္ခိတကို သင့်တော်ရာ အလုပ်ကလေး တစ်ခုခန့်ပေးဖို့
အရဲစွန့် တောင်းဆိုဖူးသော်လည်း စက်ရုံ လူကြီးမင်းတို့က စိတ်မ၀င်စားကြ။

“ဒုက္ခိတကို ငါတို့က ဘယ်နေရာမှာ အလုပ်ပေးခန့် ရမလဲကွ။ နေရာ မရွှေ့ရဘဲ ထိုင်ခုံနဲ့ ထိုင်ပြီး ပိတ်ဖြတ်တဲ့ Band Knife လို့ နေရာမျိုးမှာပဲ ရမယ်။ အဲဒီမှာကလည်း လူမလိုဘူးလေကွာ။ ကျန်တဲ့ အလုပ်တွေက စက်နဲ့အတူ လိုက်လျှောက်ပြီး ပိတ်ခင်းရ မှာတို့၊ ခြေထောက်နဲ့ နင်းပြီး စက်ချုပ် ရတာမျိုး၊ Packing ဌာနလို အင်နဲ့အားနဲ့ ထုပ်ရ ပိုးရတာမျိုး ဘယ်လို လုပ်မလဲ”

လူကြီးစကားကို ပြန် ကြားပြီး သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသလို၊ ဆိုင်ကယ် ဦးထုပ်ကို ရင်ဘတ်ပိုက်ပြီး ခပ်ယို့ယို့ကလေး ရပ်နေသော သူ့ကို မြင်လိုက်တော့လည်း အားနာစိတ်၊ သနားစိတ်တို့နှင့် တစ်ဖန် စိတ်မောမိသည်။

“ဟိုင်း ဂျူဒင်း အပါ ကာဘာ” နေကောင်းလားဟု အင်ဒိုလို နှုတ်ဆက် စကားကို ပြောရင်း အနီးအနားမှ ထိုင်ခုံ ကိုဆွဲ အတူ ထိုင်စေကာ၊ သူ့ ညီ၏ အလုပ်လျှောက်လွှာ လုံးဝ အဆင်မပြေနိုင်ကြောင်း မျက်နှာပူပူနှင့် ပြောရတော့ သည်။

“ကျွန်တော်လည်း ထင်တော့ ထင်ပါတယ်။ စက်ရုံက နာမည်ကြီးပြီး အလုပ် သမားတွေက အများကြီး ဆိုတော့ သူ့လို ဒုက္ခိတမျိုး ဘယ်တိုးနိုင်ပါ့မလဲ။ အခုလို ကူညီ ပေးတာပဲ ကျေးဇူး တင်ပါတယ်ဗျာ။ ခုလည်း သူ့သူငယ် ချင်းရဲ့ ဦးလေး ခေါက်ဆွဲဆိုင်မှာ ကူလုပ်ပေးနေတယ်။ အေးဗျာ အားနာနာနဲ့ပဲ နောက်ထပ် အကူအညီ တောင်းရဦးမယ်”

သူက ပြောပြောဆိုဆို သူ့အင်္ကျီဂျာကင်ဇစ်ကို ဖြည်း ညင်းစွာဖွင့်ရင်း၊ အထဲမှ စာရွက်လိပ်ကလေးကို လက် နှစ်ဖက်နှင့် ကျွန်တော့်ရှေ့ ကမ်းလိုက်သည်။
“ဘာလဲဗျ။ အဲ့ဒါက”

“ကျွန်တော့်မိန်းမ အလုပ် လျှောက်လွှာပါ”

“ခင်ဗျာ”
ကျွန်တော် ရုတ်တရက် အံ့သြသွားပုံကို ခပ်ရွံ့ရွံ့မျက် လုံးလှန်ကြည့်ရင်း
“ဒုက္ခပေးတယ်လို့ မအောက်မေ့ပါနဲ့ ဆရာရယ်၊ ကျွန်တော် ဆိုင်ကယ်ကယ်ရီ ဆွဲလို့ရတဲ့ ပိုက်ဆံက မလောက် ငလို့၊ မိန်းမက အချိန်ပိုင်း အလုပ်ကလေး ဖြစ်ဖြစ်၊ အပြင် အလုပ်ကလေး ဖြစ်ဖြစ် လုပ် ပါရစေလို့ ပူဆာလွန်းလို့ ထပ် အကူအညီ တောင်းရတာပါ။ သူက စက်လည်းနင်းတတ်၊ ချုပ်တတ်ပါတယ်”

နောက်ဆုံးတော့ ဆိုင်ကယ် စက်နှိုးရင်း၊ သူတို့ လူမျိုးတွေ အရိုအသေ ပေးဟန် အလေးပြု ဆလံပေးသွားသည့် ဂျူဒင်း ကျောပြင်ကို ငေးရင်း လျှောက်လွှာကိုင်ကာ ကျွန်တော် ဂိတ်ဝမှာပင်၊ ယာယီ သက်ရှိကျောက်ရုပ်လေး တစ်ရုပ် ဖြစ်သွားခဲ့ရ သည်။

စနေနေ့ည ဘောလုံးပွဲ ကောင်းနေ၍ တနင်္ဂနွေနေ့ မွန်းတည့်ချိန်အထိပင် အပျင်း ကြောဆန့်ရင်း၊  ခုတင်ပေါ်မှာပင် ဟိုလိမ့်ဒီလိမ့် လှိမ့်နေ ဖြစ်သည်။ တနင်္ဂနွေ ပိတ်ရက်ကလေးကတော့ အင်ဒိုနီးရှား မှာ အလုပ် လုပ်နေသည့် ကျွန်တော်တို့လို မြန်မာတွေ အားလုံးအတွက်၊ အနား ယူစရာ ချစ်စရာ အကောင်းဆုံးနေ့ လေးတစ်နေ့ပင်။ စနေနေ့ နေ့တစ်ဝက် ရုံးဆင်းပြီးလျှင် အပြင်ထွက် စားသောက်တတ်သော ကျွန်တော်တို့ သူငယ်ချင်းတွေ ညက အိမ်ပြန်သည်နှင့် ဘောလုံးပွဲနှင့် ကြုံနေ၍ ဒီနေ့ မနက် မထနိုင်ခြင်းမှာ၊ အထူးအဆန်းတော့ မဟုတ်ပေ။ တနင်္ဂနွေ Braeakfast နှင့် Lunch မစားဘဲ အိပ်ရာထဲ သိုးနေအောင်အိပ်ပြီးမှ ညစာကို သူငယ်ချင်းတွေနဲ့ အတူ တစ်နေ့တာ ပေါင်းစားတတ်ခြင်းမှာ မရိုးနိုင်သော အားလပ်ရက် အပတ်စဉ် အချိန်ဇယားပင် ဖြစ်သည်။

“ဒေါက်...ဒေါက်”
တံခါးခေါက်သံကြောင့် ကုန်း ရုန်းထရင်း တစ်ခန်းခန်းက “မုန့်” ဝေသန္တရာလုပ်တာဖြစ် လျှင် ကိုယ်က မာတင်္ဂလုပ်ဖို့ မျှော်လင့်ချက်ကလေးဖြင့် တံခါးဆွဲအဖွင့်၊ အန်တီရှယ်လီ နှင့် မေရီတို့၏ မျက်နှာမသာ မယာတို့ကို ရုတ်တရက် တွေ့ လိုက်ရသည်။

“ဟဲ့အောင်မလေး ကယ်ဗင်၊ခုထိအိပ်တုန်းလား။ သွားသွား မျက်နှာသစ်ပြီး၊ မေရီကို လိုက်ကူလိုက်ဦး။ သူ့ပိုက်ဆံအိတ် ကျပျောက် ခဲ့လို့တဲ့၊ ဘတ်စ်ကားပေါ်မှာ”

“ခင်ဗျာ”

ဒီနေရာမှာ ကြားဖြတ် တစ်ခုပြောရလျှင် ကျွန်တော့် နာမည် ကယ်ဗင်၊ အန်တီ နာမည် ရှယ်လီနှင့် ပြီးတော့ မေရီတို့မှာ နာမည်ရင်းများ မဟုတ်ကြဘဲ၊ ကျွန်တော်တို့ မြန်မာနာမည်များကို အင်ဒို နီးရှားတွေ မခေါ်တတ်သဖြင့် ဒီရောက်မှ ဘိုမရူးချင်ဘဲ ရူးထားသည့် နာမည်တွေဖြစ် ကြောင်းပါ။ အခုအန်တီရှယ် လီဆိုသည့် ကြီးတော်ကြီးက ကျွန်တော့်ကို ဟောက်နေပြန်ပြီ။

“သူ့ပိုက်ဆံအိတ် ကားပေါ် ကျခဲ့လို့၊ အဲဒါ နင်လိုက်ကူပြီး ရှာပေးလိုက်။ မြန်မြန် လုပ်။ ကြာရင် ပြန်မရဘဲ ဖြစ် နေဦးမယ်”

“အာ အဓိပ္ပာယ်မရှိတာ။  ဘတ်စ်ကားပေါ် ကျပျောက်တာ ဘယ်လို ပြန်ရှာလို့ရမှာလဲ။  အန်တီကလည်း ခုလောက်ဆို သူများ ယူသွားပြီးပေါ့။ နင်ကလည်း ဘယ်လိုများ ကျပျောက်ရတာလဲ။ ကလေး လည်း မဟုတ်ဘဲနဲ့ ဆုံးပြီပဲ ထားလိုက်တော့ဟာ”

အိပ်ချင်မူးတူးနှင့် ကျွန်တော့်စကားကို ကြား တော့ အန်တီရှယ်လီက မျက်လုံးပြူးကြည့်ရင်း
“ဟဲ့ လျှာရှည်ပြန်ပြီ၊ ရလိုရငှား သွားကြည့်ပေါ့။ အေတီအမ်ကတ်ရော၊ ဖုန်းရော ပါသွားတာ။ ပိုက်ဆံပြန် မရတောင် ဖုန်းနဲ့ကတ် ပြန်ရ ရင် မဆိုးဘူးပေါ့။ မြန်မြန် လုပ်၊ ငါတို့ အောက်ကနေ စောင့်နေမယ်”

အန်တီရှယ်လီက မြန်မာတွေ အားလုံးထဲမှာ ရာထူးရော၊ အသက်ရောပါ အကြီး ဆုံးဖြစ်သလို စိတ်ရင်းကောင်းပြီး လူတိုင်းကို ကူညီတတ် သူမို့၊ အားလုံးက ချစ်ခင် လေးစားရသူဖြစ်သည်။ သူ့ စကားကို မလွန်ဆန် ရဲ၍သာ မေရီအိတ်ကို ရှာပုံတော် ဖွင့်ရမည် ဖြစ်သော်လည်း ကောက်ရိုး ပုံထဲကျသော အပ်ကို ရှာရသည် ကမှ အချိန်ပေး ကြိုးစားရှာလျှင် တွေ့နိုင်မည်။ လူမျိုးစုံ၊ ဘ၀မျိုးစုံ ကျင်လည်ရာ ဘတ်စ် ကားပေါ်မှာ ပိုက်ဆံရော၊ ဖုန်း ရောပါသည့် အိတ်တစ်အိတ် ကိုဖြင့် ဘယ်လိုပုံစံမျိုးနှင့် ရှာဖွေ ရမှာပါလိမ့်။

ကောက်ရသူ က သူလိုကိုယ်လို လောဘ သမားဆိုလျှင် ရေငတ်သူ လက်ထဲ ရေခဲစိမ် ကိုကာကိုလာ တစ်ဘူး ရောက်လာတာ မျိုးဖြစ်ပေလိမ့်မည်။ မျက်နှာ သစ်၊ အင်္ကျီလဲရင်းအတွေး များစွာနှင့် လှေကားထစ်များကို ၀ုန်းဒိုင်းကြဲ ဆင်းလာပြီး စိတ်ထဲမှလည်း နေရာတကာ နမော်နမဲ့နိုင် လွန်းသော လျှပ်ပလာ မမေရီကိုသာ အား ရပါးရ နားရင်းတီးချင်လာ တော့သည်။ အန်တီရှယ်လီ ပေးလိုက်သည့် လမ်းစရိတ် ငါးသောင်းတန် (မြန်မာငွေ ငါးထောင်ခန့်)လေးကို ကိုင်ပြီး၊ နှစ်ယောက်သား ဖုန်းရှာပုံတော် ခရီးမစခင်၊ ဦးစံရှား ရာထူး လက်ခံစမှာ ပြောမနာဆိုမနာ သူငယ်ချင်း မကို အခွင့်အရေးရခိုက် ကောင်းကောင်း နှိပ်ကွပ်လိုက်ဦးမှ ဟုတွေးကာ-
“ပြောစမ်းပါဦး၊ ငါ့ကို ဘယ်ကနေ ဘယ်လိုဖြစ်ရ တာလဲဆိုတာ”

“အင်တာနက်ဆိုင်မှာ ငါ့အိမ်နဲ့ငါ ခါတိုင်းလိုပဲ စကားပြောပြီးအပြန် ကြီကို ကိုးလ် (Cikokol) ဘက်သွား တဲ့ ကားစီးပြီးပြန်လာတာ။ ဒီရောက်တော့ ကားပေါ်က ပြေးဆင်းရင်း၊ ကားသမားကို ပိုက်ဆံပေးတုန်း၊ သူက လည်း နောက်ကားက ပါလာ တော့ ငါ့လက်ထဲက ပိုက်ဆံကို အလောတကြီး အယူ၊ လက်ကောက်ဝတ်မှာ ချိတ် ထားတဲ့အိတ်ကလေးလည်း ကားရှေ့ခန်းထဲ ကျသွားရော။ ငါကလည်း ပြေးဆင်းရင်း အောက်အရောက်၊ ကားက လည်း ရုတ်တရက်ကြီးကို မောင်းပြေးသွားတာပဲ။ ငါက ကားကို အော်ခေါ်ပါသေးတယ်။ သူက မသိတာလား၊ သိသိကြီးနဲ့ မောင်းပြေးသွား တာလား မသိတော့ပါဘူး ဟာ”

“ဒါဆို ကားသမား တော့ ဖုန်းကံစမ်းမဲကို ပိုက်ဆံ ထုပ်နဲ့တွဲပြီး ပေါက်သွားတာ ပေါ့”
“နင်နော်“

သူ့ကို စချင်၍ ပြော လိုက်သော်လည်း၊ ဖုန်းတစ် လုံးသာ ဆံ့သည့်အိတ်ထဲ ရှိ သမျှပိုက်ဆံလေးတွေ အမြဲ ခေါက်ထည့်ကာ၊ လက်ကောက်ဝတ်မှာအမြဲလိုလို ချိတ်ထားသည့် အိတ်သေး သေးလေး တစ်လုံးကို မျက်စိ ထဲ ပြန်မြင်မိသည်။ ဆမ်ဆောင်း စလိုက်ဖုန်းလေးကလည်း Touch Screen မဟုတ်သော်လည်း၊ အတော် ကောင်းသည့် အမျိုးအစား ကလေးပင်။ ကတ်ကိုတော့ ဘဏ်ကနေ ငွေမထုတ်နိုင် အောင် အကြောင်းကြား ပိတ်ပင် ထားနိုင်သော်လည်း ပါသွားသည့် ငွေပမာဏကလည်း မနည်းလှသဖြင့်၊ အိတ်ပြန်ရဖို့ မျှော်လင့်ချက် ရောင်ခြည်မှာ မှေးမှိန်နေခဲ့ သည်။

“နင်က အဲဒီအချိန် နောက်ကပါလာတဲ့ ကားပေါ် တက်ပြီး ရှေ့မှတ်တိုင်ထိ လိုက်ရမှာ။ အဲဒါမျိုးဆို ဦးနှောက် မရှိဘူး“

“ဟဲ့ ငါ့လက်ထဲ ဘတ်စ်ကားခတောင် မရှိဘဲ ဘယ်လို လိုက်စီးရမလဲ၊ ပြီး တော့ သူများနိုင်ငံကြီးမှာ ကြောက်တာပေါ့ဟဲ့”

သူပြောသည်မှာလည်း ဟုတ်ပေသည်။ ဒီအင်ဒိုနိုင်ငံ မှာ ဘတ်စ်ကားသေးသေး လေးတွေက စပယ်ယာမထား ဘဲ ကားသမားတစ်ဦးတည်း ဖြင့် လိုရာခရီးရောက်တော့မှ ခရီးသည်ကိုယ်တိုင်၊ ကား ခေါင်းမှ ယာဉ်မောင်းကို၊ ကိုယ်တက်လာခဲ့သည့် မှတ် တိုင်ကို ပြောပြီး ပိုက်ဆံပေးရ ခြင်းဖြစ်သည်။

“ကဲ လာ ငါတို့ ကြီကို ကိုးလ် ကားနဲ့ ဂိတ်ဆုံးအထိ စီးကြည့်ကြတာပေါ့”

ပြောပြောဆိုဆိုနှင့် ကားပေါ် အရောက်ကျမှ-
“ကြည့်ပါဦး၊ ဒါနဲ့ နင် မနက်က စီးလာတာ ဒီကား ဖြစ်နေဦးမယ်”

မဖြစ်နိုင်မှန်း သိလျက် နှင့်ယာဉ်မောင်းကြီး၏ ကျော ကို လက်ညှိုးထိုးပြီး မေး တော့မေရီက တစ်ချက်စောင်း ငဲ့ကြည့်ကာ-
“မဟုတ်ဘူး၊ မနက်က လူက အင်္ကျီနီညိုနဲ့”

“အခုတစ်ခေါက် အင်္ကျီ လဲလာတာဆို ဘယ်လို လုပ်မလဲ၊ ဖုန်းကိုရောင်းပြီးတော့ ပေါ့ဟာ။ ဟဲ ဟဲ”

ကျွန်တော် လျှောက် နောက်နေမှန်းသိ၍ ဖြေမလာ တော့ဘဲ ရှုံ့မဲ့နေသည့် သူ့ မျက်နှာကိုကြည့်ရင်း၊ စိတ်ကူးထဲတွေ့ရာတွေကို ဟာသလုပ် ဆက်ပြောနေ သော ကျွန်တော့်အသံကြောင့်၊ ကားသမားကြီးက လည်ပြန် လှည့်ကြည့်သည်။ သူတစ်ခါ မှ မကြားဖူးသော မြန်မာ စကားမို့ အထူးအဆန်း ဖြစ်နေဟန်တူသည်။

“ဘယ်သွားမှာလဲ၊ မင်းတို့က”

“ကျွန်တော်တို့ ဂိတ်ဆုံး အထိသွားမှာပါ။ ဒါနဲ့ ဒီကား တွေရဲ့ ယာဉ်မောင်းတွေက ၁၂ နာရီရှေ့ပိုင်းနှင့် နောက် ပိုင်း တစ်ယောက်တည်းပဲလား။ လူလဲသေးလား”
“ဘာဖြစ်လို့လဲကွ”

“ကျွန်တော်တို့ မနက်က စီးတဲ့ လိုင်းကားပေါ်မှာ ပိုက်ဆံအိတ် ကျကျန်ခဲ့လို့ ပြန် ရှာနေကြတာ။ ကားဂိတ်ဆုံး အထိ ပြန်လိုက်ရှာမလို့ပါ”

“တို့ကားတွေ အားလုံးက အဝေးပြေးဂိတ်မှာပဲ ဆုံကြတာ။ ပိုက်ဆံအိတ်က ဘယ်နေရာမှာ ကျန်ခဲ့လို့လဲ”

“ရှေ့ခန်းမှာ ကားသမားကို ပိုက်ဆံပေးရင်းနှင့် ကျ ကျန်ခဲ့တာပါ”
မေရီက ကျွန်တော့် စကားကို အလုအယက်ဝင် ပြောရင်း၊ လူကြီးဆီမှာ မျှော် လင့်ချက် စကားလေးတစ် ခွန်း၊ နှစ်ခွန်း ထွက်လာနိုးငံ့ လင့်နေရှာသည်။

“ကားသမားကို မှတ်မိလား”

“မြင်ရင်တော့ မှတ်မိတယ် ထင်တာပဲ”

“ဒါဆို ကားနံပါတ် ရော”
သူတစ်ချက် တွေဝေ သွားသည်။
“ကားက အရှိန်နဲ့ ရုတ်တရက် ထွက်သွားတော့ နံပါတ်သေချာ မမှတ်ထား လိုက်မိဘူး”

ကားသမားကြီးက စတီယာတိုင်ကို လှည့်ရင်း “ဒီနေ့ နေအရမ်းပူတယ်ကွ ကလေးတို့ရ၊ ဒီလိုပုံနဲ့ဆို အိမ်ပြန်နားတာက ပိုကောင်းမယ် ထင်တယ်” ဟု ပြောကာ ရယ်မောနေတော့သည်။
“ကောင်းတယ် အပြော ခံရတာတောင် နည်းသေးတယ်။ သေလိုက်ပါလား၊ ဘာမှလည်း မသိဘဲနဲ့ ရှာချင် သေးတယ်“

အားရပါးရ သူ့ခေါင်းကို လက်သီးဆုပ်နဲ့ ရွယ်ရင်း၊ စိတ်ပျက်လက်ပျက် သက် ပြင်းရှိုက်လိုက်မိသည်။
“နင့်ဟာက ဒီလိုပုံမျိုးနဲ့ဆို သူပြောသလိုပဲ၊ ကားတစ်ဝန်းလုံး ပတ်ရှာတောင် အိတ် မပြောနဲ့၊ နင်စီးခဲ့တဲ့ ကားတောင် တွေ့ဖို့ မလွယ်ဘူး”

ကျွန်တော့် အပြောကို ငြိမ်ခံရင်း၊ မေရီ ရင်ထဲ လှိုင်းခတ်သံကို ကြားနေမိသလို၊ မျက်ရည်စပင် မျက်ဝန်းအိမ်မှာ လျှံတက်စပြုနေပြီ။ ဘာပဲ ဖြစ်ဖြစ် ဖုန်းအသစ် ၀ယ်ဖို့က တစ်လလောက် စောင့်ရဦး မည့်အပြင်၊ သူ့အိတ်ကလေး ဆုံးဖို့က သေချာသလောက်မို့ သူတော်တော် စိတ်မကောင်း ဖြစ်ပေလိမ့်မည်။ အဝေးပြေး ကားဂိတ်တွင် ဂိတ်ဆုံးသွားတော့ ခရီးသည်အားလုံး၊ ကားပြောင်းသူပြောင်း လက် မှတ်ရောင်းသည့်နေရာသို့ ပြေးသူပြေးနှင့် ယောက်ယက် ခတ်နေသည်တွင် ကျွန်တော် တို့လည်း ဘဲဥအစ ဘယ်လို ရှာရမှန်းမသိဘဲ အကြံအိုက် နေကြသည်။

“ငါတို့ ဖုန်းခေါ်ကြည့် ကြမလား”
မေရီ့အပြောကို ကျွန်တော် လက်မခံချင်ပါ။ ဘယ်သူမှ မတွေ့သေးသည့် ဖုန်း ကျွန်တော်တို့ ခေါ်လိုက် မှ တစ်ယောက်ယောက် တွေ့သွားမှဖြင့်။

“နေပါဦး၊ ငါတို့ရှာ ကြည့်ကြတာပေါ့”

တကယ်တမ်း ဘယ်လိုစ ရှာရမှန်းမသိဘဲ၊ ကြီကို ကိုးလ် ကားတွေ့လျှင် ဒီကားလား။ အင်္ကျီ အနီညိုရောင်၊ အညိုရောင် လူတွေ အားလုံး ကို ဒီလူလားမေးမိတိုင်း သူ က စိတ်ပျက်လက်ပျက် ခေါင်းခါနေစဉ်မှာ၊ ဟုတ် တယ် မှန်တယ်လို့ သူပြော လာလျှင်ပင်၊ ဘယ်ကနေစပြီး မေးရမည်မသိ၊ အတော့်ကို ရူးကြောင်ကြောင်နိုင်သည့် အလုပ်ပင်။ နေပူပူအောက်မှာ ကားဝန်းကို သုံးပတ်နီး ပါးပတ်ပြီး ချိန်မှာတော့ နှစ် ယောက်စလုံး ချွေးတရွှဲရွှဲနဲ့ ဂျုံးဂျုံးကျနေပြီ။

“ကဲ သူငယ်ချင်း ငါတို့ နောက်ဆုံး အနေနဲ့ ဖုန်းခေါ်ရုံမှ လွဲပြီး၊ တခြားနည်းလမ်း မရှိ တော့ဘူး။ နင့်ဖုန်းနံပါတ် Active ဖြစ်နေပါစေ၊ နင့်ဖုန်းကို ကောက်ရတဲ့သူက စေတနာကောင်းနဲ့ ပြန်ပေး ချင်တဲ့သူ ဖြစ်ပါစေလို့ ဆု တောင်းပေတော့”

ဖုန်းနံပါတ်ထဲမှ မေရီ့ ဖုန်းနံပါတ်ကိုရှာပြီး ခေါ်လိုက်ကာ ဖုန်းကိုင်ပါစေဟု တိတ်တိတ်လေးဆုတောင်းမိ သည်။ ဖုန်းခေါ်သံ အင်ဒို သီချင်းလေး ထွက်လာသည်။
“ဟာ Active ဖြစ်သေးတယ်ဟ။ သူငယ်ချင်း အား မငယ်နဲ့။ မျှော်လင့်ချက်ရှိ သေးတယ်”

ဖုန်းသူခိုးများမှာ ဖုန်းရ ပြီးတာနှင့်၊ ကတ်ကိုထုတ် ဖုန်းကို ပိတ်ချလိုက်ခြင်းဖြင့် အဆက်သွယ်ဖြတ်လိုက်တတ် ခြင်းကြောင့် ဖုန်းခေါ်၍ရခြင်း ကို ၀မ်းသာအားရဖြစ်ခြင်း ဖြစ်သည်။ သို့သော် နှစ်ခါ၊ သုံးခါ ခေါ်သည်အထိ တစ်ဖက်က ဖုန်းကို မကိုင်သော ကြောင့် ပိုပြီးရင်ခုန်စရာဖြစ် ရသည်။

“သူ ဇဝေဇ၀ါဖြစ်နေ တယ်နဲ့တူတယ်၊ ပြန်ပေးရ ကောင်းနိုး၊ မကောင်းနိုး”

စတုတ္ထအကြိမ် ခေါ်ချိန် တွင် ဖုန်းကိုင်၍ “ဟယ်လို” ဟု ထူးသော ယောက်ျားသံ တစ်သံကို ကြားရပါသည်။
“ဟယ်လို အခုပြောနေ တာ ဘယ်သူလဲ။ ဒီဘက်က ပြောနေတာ ဖုန်းပျောက်သွား တဲ့လူပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ ခဏလောက် တွေ့ခွင့်ပေးပါခင်ဗျာ” စကား တောင်မဆုံးသေး၊ သူ့ဘက် က ဖုန်းချသွားခဲ့လေပြီ။

“ကျသွားပြီဟ”

“ပြန်ခေါ်ကြည့်ပါဦး ဟယ်”

နောက်တစ်ကြိမ်မက နှစ်ကြိမ်၊ သုံးကြိမ် ခေါ်တိုင်းမှာ ဖုန်းက အင်ဂေ့ခ်ျဖြစ်နေ ပြန်သည်။
“ဖုန်းက အင်ဂေ့ခ်ျ ဖြစ် နေတယ်။ သူ သုံးနေတာလား မသိဘူး”

“အရေးထဲ သုံးတာက အရေးမကြီးဘူး။ ဟော ဖုန်း မြည်နေပြီ။ “Mary is Calling” တဲ့။ ငါ့ဖုန်းက နင့် ဆီကိုခေါ်နေတာ။ ကိုင်လိုက်။ မြန်မြန်ကိုင်လိုက်”

မျောက်မီးခဲ နင်းမိသ ကဲ့သို့၊ ခုန်ဆွခုန်ဆွဖြစ်နေ သည့်သူ့ကို ကျွန်တော် စိတ်မ သက်မသာကြည့်ရင်း၊ တကယ်တမ်း ဖုန်းကိုင်လိုက် ပြန်တော့လည်း ဖုန်းကပြန် ကျသွားပြန်သည်။ အဝေး ပြေး ကားဂိတ်မှာ ကားများ ကွေ့ဝိုက်မောင်းရာ အလယ် အ၀ိုင်းကြီးတွင်ရပ်ပြီး ဖုန် တလုံးလုံးနှင့် နေရောင်ကျဲ ကျဲထဲမှာ နှစ်ယောက်သား ဗျာများရင်း ဆူညံနေသော ပတ်ဝန်းကျင်ကိုပင် ခေတ္တ ခဏမေ့လျော နေမိကြသည်။ ထိုစဉ်တခြားဖုန်းတစ်လုံး ၀င်လိုက်သည့်အတွက် မေရီ ကလည်း စိတ်မကြည်မသာ၊ ကျွန်တော် ကိုယ်တိုင်က လည်း စိတ်မပါတပါနှင့် ကောက်ကိုင်လိုက်စဉ်မှာ တော့...
“ကျွန်တော်က ဖုန်း ကောက်ရတဲ့သူပါ။ ခင်ဗျားတို့ ဖုန်းကို မကိုင်တတ်လို့ ပြုတ်ပြုတ်ကျသွားတာနဲ့ ကျွန်တော့်ဖုန်းနဲ့ ခေါ်လိုက်ရတာပါ” ကျွန်တော်လည်း အံ့ သြ၀မ်းသာစွာနှင့် “ဟဲ့ မေရီ” ဆိုပြီး အကျိုးအကြောင်း ပြော ပြလိုက်တော့မှ သူလည်း ချက်ချင်း ပြုံးနိုင်သွားတော့သည်။ ဟွန်း နမော်နမဲ့ ကောင်မ၊ ကန်ပစ်လိုက်လို့ မကောင်းဘဲနေတော့မယ်။ ဖုန်းကို ပြန်ပေးနိုင်ဖို့အတွက် သူ့ဖုန်းခ အကုန်ခံပြီးဆက် သော ထိုသူ့ကို အံ့သြရင်း မလေးစားဘဲ မနေနိုင်ပါ။ ထပ်မံ အကျိုးအကြောင်းသိရ သည်မှာ သူက နယ်မှ မိသား စုနှင့်အတူ၊ ဂျာကာတာသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ယခု လည်း ဂျာကာတာ တစ်မြို့ လုံးကို အပေါ်စီးမှ မြင်ရသော (အင်ဒိုနီးရှား အခေါ် မောနပ်စ် ဆိုသော) လွတ်လပ်ရေး ကျောက်တိုင်ပေါ်ရောက် နေ၍ ထိုနေရာသို့ ဖုန်းနှင့်အိတ် ကို လာယူပါရန် ကျွန်တော်တို့ ကို ဖုန်းထဲမှာ ပြောပြလေသည်။

“မောနပ်စ်အထိ သွားယူရမယ်။ အဲ့ဒီကို ဘာကားစီး ရလဲ နင်သိလား”

“မောနပ်စ်အထိဆို အဝေးကြီးပဲဟယ်။ ငါလည်း မသွားတတ်ဘူး။ သူတို့ကိုပဲ ဒီကို လာခိုင်းလိုက်ပါလား။ မြို့ထဲက ဒီကိုကားစီးရမှာ ပိုလွယ်မှာလေ။ ငါတို့ ဒီကနေပဲ ထိုင်စောင့်နေကြ တာပေါ့”

အ သလိုလိုနှင့် တင်စီး နေပြန်သည့် မယ်မင်းကြီးမ ကိုကြည့်ပြီး၊ တစ်ချက်လောက် စိတ်ရှိလက်ရှိ ထုလိုက်ချင် သော်လည်း သူပြောသည်က မှန်နေသည်မို့ ကျွန်တော်တို့ရှိ သော အဝေးပြေးဂိတ်ကိုသာ အိတ်ပြန်လာပေးဖို့ အားနာ ပါးနာနှင့် အနူးအညွတ် တောင်းပန်ရတော့သည်။ ထပ်ပြီး အံ့သြစရာကောင်း လောက်အောင်ပဲ ထိုသူက အလွယ်တကူပင် လက်ခံ လိုက်ပါသည်။ တစ်နာရီ ကျော်ကျော်လောက် အဝေး ပြေးဂိတ်မှာ စောင့်ပြီးမှ သူတို့ စီးလာသည့်ကားရောက်ပြီ ဖြစ်ကြောင်း ဖုန်းဆက် အကြောင်း ကြားလာသည်။ သူတို့က မိသားစု လေးယောက် ဖြစ်ပြီး သူက အစိမ်းရောင်ရှပ် အင်္ကျီနှင့် သူ့အမျိုးသမီးမှာ အနီရောင် ၀တ်ထားကြောင်း မေးစရာမလိုဘဲ အလိုက် တသိ ပြောပြချိန်၊ ကျွန်တော် ၀တ်ဆင်ထားသည့် ကွန်မန်ဒို ပြောက်ကျားဘောင်းဘီတို နှင့် အသားရောင် တီရှပ်ဆို သည်ကို ပြန်ပြောပြရင်း မြောက်မြားစွာသော လူအုပ် ထဲတွင် လွယ်ကူစွာ ရှာနိုင် မည်ဟု မျှော်လင့်ရလေသည်။

“ဒီ အင်ဒိုနီးရှားမှာ လည်း ရိုးသားတဲ့ လူတွေရှိ တယ်နော်။ ငါတို့မြန်မာတွေပဲ ရိုးသားတာ မဟုတ်ဘူး”

“ရှိတာပေါ့။ ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ ရိုးသားတဲ့ သူရော၊ ကလိမ်ကကျစ်ကျ တဲ့ သူရောရှိမှာပဲပေါ့။ ဒါနဲ့ နင်သူတို့နဲ့ တွေ့ရင် အခြေ အနေကြည့်ပြီးမှ ပိုက်ဆံတွေ ဘာတွေပေးနော်။ တချို့ကျ တော့ ကျေးဇူးတင်လွန်းလို့ လက်ထဲ ပိုက်ဆံအတင်းထည့် ပေးတာက သူ့ကို စော်ကားသလို ဖြစ်နေဦးမယ်။ သူ ပိုက်ဆံမယူရင် ဆိုင်ကောင်း ကောင်းမှာ တစ်ခုခု ကျွေး လိုက်ပေါ့”
သူတို့ရှိရာကို လိုက်ရှာ ရင်းပင် စေတနာ ဝေဒနာ မဖြစ်စေဖို့ မှာရင်း နောက်ဆုံး Dankin Donut ဆိုသည့်ကား ၀န်းထဲက လက်ဖက်ရည်ဆိုင် ကလေးမှာ ဆုံစည်းကြရ တော့သည်။ ကောက်ရသူမှာ အသက် သုံးဆယ်ကျော် လူရွယ်တစ်ဦးဖြစ်ပြီး နှစ်နှစ် သုံးနှစ် အရွယ်ကလေးလေး ကိုလည်း ပွေ့ချီထားလျက်၊ အမျိုးသမီးဖြစ်သူကတော့ ငါးနှစ်အရွယ် သမီးလေးကို လက်တွဲထားကာ နေလောင် အသားအရေ ခပ်နွမ်းနွမ်း အ၀တ်အစားတို့နှင့် မလိုက်ဖက်စွာ ကြည်လင်နှစ်လိုဖွယ် ကောင်းသော အပြုံးပိုင်ရှင်။ သူတို့က နယ်မှဖြစ်ပြီး ဂျာကာတာသို့ ရောက်လာ သည်မှာ တစ်လတောင် မပြည့်သေးကြောင်း၊ မေရီ၏ ခံစားချက်ကို ကိုယ်ချင်းစာ၍ အိတ်ကို ပြန်ပေးရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း ပြောရင်း အိတ်ထဲမှငွေများကို လျော့ မလျော့ကိုပင် အတင်းစစ် ဆေးခိုင်းနေပြန်သည်။ မိမိ ဖုန်းနှင့်သာ ဆက်သွယ်ပြီး တကူးတက လာပို့ပေးသည့် ဒီလိုလူမျိုး၏ ကိုယ်ကျင့် စာရိတ္တကို သံသယ ရှိသလိုမျိုး အိတ်ထဲမှပိုက်ဆံကို ကျွန်တော်တို့ မရေတွက်ခဲ့ ကြပါ။

ဒါတင်မကသေး။ လမ်းစရိတ်ဟု နာမည် တပ်ထားသည့် ငွေစက္ကူ တချို့ကိုလည်း လက်မခံသလို၊ မိတ်ဖြစ်ဆွေဖြစ် အတူ ထမင်း စားဖို့ကိုလည်း ငြင်းဆန်လေသည်။ နောက်ဆုံး ကလေးတွေ အကြိုက် ဒိုးနတ်ဆိုင်မှ မုန့်လှလှလေးများကို မေရီ သွားဝယ် နေချိန်တွင်၊ ကျွန်တော်နှင့် သူတို့ စကားစ မြည်ပြောရင်း ခင်မင်ခွင့်ရခဲ့ လေသည်။ သူတို့ မိသားစုမှာ နယ်မြို့လေး တစ်မြို့မှ ဂျာကာတာသို့ ပြောင်းရွှေ့ရင်း အခြေ မကျသေးသည့်ဘ၀မှာ ယောက်ျား ဖြစ်သူ၏ ဆိုင်ကယ် ကယ်ရီဆွဲသော ၀င်ငွေ လေးဖြင့် အသက်ရှင်ရပ် တည်နေရခြင်းပင်။ ထိုသူ၏ နာမည်မှာ ဂျူဒင်းဖြစ်သည်။ ဂျူဒင်း၏ မျက်လုံးများမှာ ကြည်လင်ပြီး ပျော်ပျော်နေ တတ်ပုံရသလို အမျိုးသမီး ဖြစ်သူမှာလည်း နှစ်လိုဖွယ် အပြုံးနှင့် ယဉ်ကျေးစွာ ပြော ဆိုတတ်သည်။ နိုင်ငံခြားသား များဖြစ်သည့် ကျွန်တော်တို့ အပေါ် ရိုးရိုးသားသား ကူညီ ရခြင်းအပေါ် ပီတိဖြစ်နေ သည့် သူတို့ အပြုံးများကို မြင်တွေ့ခွင့်ရသော အခါ ကျွန်တော်တို့ကလည်း မြန်မာ လူမျိုးများပီပီ ရိုးသားစွာပင် ပြန်လည် ကူညီနိုင်သည်မျိုးရှိ လျှင်ပြောဖို့ ကမ်းလှမ်းခဲ့ကြ သည်။

ကျွန်တော်တို့ ဖုန်းနံပါတ် အပြန်အလှန် လဲပြီး ကျွန်တော့် စက်ရုံလိပ်စာနှင့် ရာထူးကို ပြောပြပြီးချိန်မှာ တော့ အမျိုးသမီး ဖြစ်သူ၏ မောင်ဖြစ်သူ အတွက် အလုပ် လျှောက်လိုကြောင်း ပြောလာ ခြင်းဖြစ်သည်။ တကယ်တော့ ကျွန်တော့်ရာထူးမှာ အလုပ်သမား တစ်ယောက်ကို အလုပ်ခန့်ခွင့် မရှိသော်လည်း၊ အန်တီရှယ်လီမှာ ကျွန်တော်တို့နှင့် မိဘအုပ်ထိန်းသူကဲ့သို့ ရင်းနှီးပြီး စက်ရုံမှာလည်း ရာထူးကြီး မန်နေဂျာတစ် ယောက်ဖြစ်နေသည့် အပြင် ကျွန်တော် ကိုယ်တိုင်မှာလည်း အင်ဒိုနီးရှား အလုပ်လျှောက် လွှာများ ကူညီ စိစစ်ပေးသော နေရာတွင် လပိုင်းမျှ တာဝန် ထမ်းဆောင်ဖူးခဲ့သည်။

ထို့ ကြောင့် မေရီ ကျေးဇူး ပြန်ဆပ်ဖို့ ကျွန်တော့်ဘက်မှ ကူညီနိုင်မည် ထင်သော်လည်း၊ သူ့ယောက်ဖက ဒုက္ခိတ ဆိုတော့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်သာ။ ထို ကိစ္စအတွက် အားနာလို့မှ မပြီးသေး၊ ယခု ဒုတိယအကြိမ် သူ့ဇနီးလျှောက်လွှာ အတွက် စိတ်မော ရပြန်သည်။ သူတို့ကို ပျော်စေချင်သည့် စေတနာ ကြောင့် မေရီနှင့်တိုင်ပင်ပြီး အန်တီရှယ်လီ၏ ရုံးခန်းသို့ နှစ်ယောက်သား ချီတက်ကြရ သည်။ ရုပ်ရည်သန့်သန့်ပြန့် ပြန့်ရှိသော အသက်နှစ်ဆယ့် ငါးနှစ်အရွယ် အမျိုးသမီး ဓာတ်ပုံကပ် အလုပ်လျှောက် လွှာလေးကို အန်တီ ရှယ်လီက သေချာဖတ်ကြည့် ပြီးနောက်-

“ဒီအမျိုးသမီးက စက်နင်းတတ်၊ ချုပ်တတ်ပေမဲ့ အထည်ချုပ်စက်ရုံ  အတွေ့ အကြုံမရှိတော့ စက်ချုပ်တဲ့ နေရာမှာ ထားလို့ ဖြစ်မဖြစ် သေချာမပြောနိုင်ဘူး။ ပြီး တော့ ပညာအရည်အချင်းက လည်း မူလတန်းတောင် မအောင်ဘူး ဆိုတော့ အရမ်း နိမ့်လွန်းတယ်။ မေးကြည့်ရမှာပဲ။ လိုလိုမည်မည်ပေါ့ ဟယ်၊ “သန့်ရှင်းရေး” ဆိုရင်ရော လုပ်မလားလို့”

အန်တီရှယ်လီ့စကား က နောက်တာမဟုတ်မှန်း သိသော်လည်း၊ မေရီ၏ စောဒက တက်သံထွက်လာ သည်။
“ဟာ အန်တီကလည်း”

“သြော် သဘောပြော တာပါ။ သူ့ပညာအရည် အချင်းကြောင့် သန့်ရှင်းရေး ဆိုရင်ရော တကယ်လုပ်ဖြစ် မလုပ်ဖြစ် သိရအောင် မေး ကြည့်ပါဦး”

ရုံးခန်းအပြင်မှ သူ့ဖုန်း နံပါတ်ကိုနှိပ်ပြီး မျက်နှာပူပူ နှင့်မေးလိုက်တော့ ရိုကျိုး သည့် ဟန်ပန်လေသံဖြင့်
“ဘယ်အလုပ်ဖြစ်ဖြစ် ရပါတယ်ဗျာ။ သန့်ရှင်းရေး ဆိုတော့ မပင်ပန်းတော့ဘူးပေါ့ဗျာ”

“ခင်ဗျားကတော့ လုပ်တော့မယ်၊ သန့်ရှင်းရေးက ပိုပင်ပန်းမှာပေါ့၊ မဟုတ်ဘူးလား”

“ကျွန်တော့်မိန်းမက ဘာအလုပ်မှ မလုပ်ဖူးတော့၊ အစပိုင်းမှာ အခက်တွေ့နိုင်တာပဲ။ အခု သန့်ရှင်းရေး အလုပ်နဲ့ တံမြက်စည်း လှည်းတာကတော့ သူ့အိမ်မှာ လုပ်နေကျ၊ အလုပ်ဖြစ်နေလို့ မပင်ပန်းတော့ဘူးလို့ ပြော တာပါဗျာ”

သူ့အပြောကို သဘောကျရင်း-
အင်း ဒီနိုင်ငံမှာ သန့် ရှင်းရေး အလုပ်သမလောင်းရဲ့ ခင်ပွန်းကလည်း ဒီလိုစကား ပြောစက်ကလေး ပိုင်ထားလို့သာ ခုလို အရေးပေါ် ဆွေးနွေး လို့ရတာဟု တွေးရင်း အန်တီ ရှယ်လီဆီသွားပြီး အကျိုးအကြောင်း ပြောရတော့သည်။

“အန်တီရေ သမီး အကြွေးဆပ်နိုင်အောင် ဒီ တစ်ခါလေးတော့ ကူညီပါ နော်”
မေရီ၏ ချွဲနွဲ့အပူကပ်သံ အပေါ် ကျွန်တော်ကပါ ထပ်ဆင့်ပြီး-
“ဟုတ်တယ် အန်တီ၊ ကျွန်တော်လည်း ဒါမှမျက်နှာ ထပ်မပူရမှာ။ ဘယ်အလုပ် ဖြစ်ဖြစ်တဲ့ အန်တီရယ်၊ ဖြစ် အောင်သာ လုပ်ပေးလိုက်ပါ နော်”

ဂျူဒင်း၏ ရိုးသားမှုက ကျွန်တော့်ရင်ကို လှုပ်ခတ်ပြီး အမှတ်ထင်ထင်ဖြစ်စေသည်။ သို့သော် အမည်းရှိမှ အဖြူက ပိုပေါ်လွင်သလို ဂျူဒင်းကို အသိအမှတ်ပြုရမည့် ဖြစ်ရပ် တစ်ခုကို ရက်ပိုင်းအတွင်းမှာ ပင် ကျွန်တော် ထပ်ကြုံခဲ့ရ သည်။ ထိုနေ့က တစ်ခုသော တနင်္ဂနွေဖြစ်ပြီး ကားမောင်း ကျွမ်းကျင်သည့် ကိုပီတာနှင့် ကျွန်တော့်အစ်ကိုလိုချစ်ရသော ကိုဇိုး။ သူတို့၏မြန်မာနာမည် တွေတော့ ထားလိုက်ပါစို့။ ဒီ နေရာမှာကိုဇိုးဆိုသူက ပုလင်း အမြဲထောင်တတ်သည့် ဇိုးသမားမဟုတ်ဘဲ သူ့ကိုယ် သူ (Zodiac) ဆိုပြီး နာမည် အဆန်းလေးပေးထားသော ကြောင့် ကျွန်တော်တို့က ကိုဇိုးဟု ခေါ်သူဖြစ်သည်။ သူတို့နှင့်အတူ၊ ငွေကို လေလို သုံးသူတို့ ကျက်စားရာ၊ ကုန် တိုက်တစ်ခုဖြစ်သော (SMS) အက်စ်အမ်အက်စ်မော်လ်သို့ ခြေဆန့်လာခဲ့ကြရာ ပတ်ဝန်း ကျင်မှာ ဖြူနီပြာဝါလေးတွေ ဖြတ်လျှောက်နေကြသည်ကို ငေးရင်း၊ အာရုံတွေအပီအပြင် လန်းဆန်းလို့နေသည်။

“မိုက်တယ်ကွာ၊ မျက်စိ မှိတ်ပြီး လှမ်းဆွဲရင်တောင် အချောအလှ တစ်ယောက်တော့ ဆွဲမိမှာ သေချာတယ်ကွာ”

“တော်ကြာ အချော အလှမဆွဲမိဘဲ၊ အဖော်ပါလာ တဲ့ အဘွားကြီးဆွဲမိမှ ခက်နေမယ်”

စင်ကာပူလို မြန်မာ မပေါတာကြောင့် မောလ်ထဲမှာပင် မြန်မာ စကားကို အော် ကြီးဟစ်ကျယ် ပြောဆို ရယ်မောနေသော ကျွန်တော်တို့ အုပ်စုကို လူတချို့က “ဘယ် ကဟာတွေလဲ” ဟူသော အကြည့်တို့ဖြင့် လည်ပြန် လှည့်ကြည့် သွားခဲ့ကြသည်။ စားစရာနှင့် အသီးအနှံသာ သီးသန့်ရောင်းသည့်နေရာ ရောက်တော့ တိုင်ပင်စရာ မလိုဘဲ၊ ခြေလှမ်းသွက်သွက် ဖြင့် ၀င်မိကြသည်။ သစ်သီး တွေ တောင်ပုံရာပုံနှင့် တချို့ ကိုလည်း ခွဲစိတ်၍ အမြည်း သဘောချထားသည် လည်း ရှိသည်။ ဒီမောလ်ထဲမှ ဓာတ် မြေသြဇာ မသုံးဘဲ စိုက်သော အော်ဂဲနစ်ဟူသော ခေါင်းစဉ် လေးအောက်မှာအသီးအရွက် များမှာ ပျံကျဈေးမှာထက် သုံးဆလောက်ဈေးကြီးသည်။ ပလက်တီနမ်ဝတ်၊ စိန်ဝတ် လူတန်းစားများအတွက်နေရာ မျိုးမို့ ဈေးအပေါဆုံးနေ့စဉ်စား သီးနှံ အတွက်ပင်၊ ကျွန်တော် တို့ ၃ ယောက်မှာ ဈေးကြည့် လိုက် ပြန်ချလိုက်ဖြင့် ဘာမျှ မည်မည်ရရ မ၀ယ်ဖြစ်သေးဘဲ အလှ မိဖုရားလေးများကိုသာ မျက်စိအစာ ကျွေးနေကြသည်။

ကိုပီတာနှင့် ကိုဇိုးက တော့ ၀ယ်ပြီးစ ဘလက် ဘယ်ရီဖုန်းအသစ်ကလေးတွေ ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြ သည်။
“ကျွန်တော်တောင် အစ်ကိုတို့ကို အားကျလာပြီ။ ဘလက်ဘယ်ရီကတော့ ထီ ပေါက်မှပဲ ၀ယ်နိုင်မှာပါ”

“မ၀ယ်နဲ့ကွ၊ ၀ယ်မိရင် သူ့ကိုသုံးဖို့ပဲ အချိန် ပေးနေရတယ်။ ပြီးတော့ကွာ၊ ဒီ ဘလက်ဘယ်ရီကြီးက အင်္ကျီ အိတ်ထဲလည်း ထည့်မရ။ ဘောင်းဘီအိတ်ထဲ ကျတော့လည်း ထိုင်ရထရတာ ခိုးလိုး ခုလုနဲ့ ငါတောင် ဒါကြီး ဘယ်မှာ ပစ်ထားရမလဲလို့ ဟဲ ဟဲ”

“ဒါဆိုလည်း ဒီအမှိုက် ပုံးထဲပဲ ပစ်လိုက်ပါဗျာ၊ ဟုတ်တယ်”
ကျွန်တော်က ကျွန်တော့် အင်္ကျီအိတ်ကို ပုတ်၍ ပြရင်း  ပြောလိုက်သည်။
“ဟေ့ ဟေ့ ဘော်ဘော် တို့ ဟိုမှာ တွေ့လား၊ အမိုက် စားလေးတွေ။ ဒူးရင်းသြဇာ တွေ ဘာတွေ မကြိုက်ပေမဲ့ သူတို့အနားသွားပြီး ဇီး ပန်းသီးလေး ဘာလေးတွေ ရွေးဖို့ လစ်လိုက်ဦးမယ်ကွာ”

“လုပ်ပြီ၊ မစားရ အညှော်ခံ”

ပခုံးပုတ်ပြီး ထွက်သွား သည့် ကိုဇိုးကို လှမ်းအပြော။
“ငါလည်း အညှော်ခံ လိုက်ဦးမယ်ကွာ” ဆိုပြီး ကိုပီတာကပါ အားကျမခံအမီ လိုက်သွားချိန် ဇီးပန်းသီး ရော၊ ဒူးရင်းသြဇာရော ၀ယ် စားရလောက်အောင်မကြိုက်ဘဲ ဟိုဟာကိုင်ကြည့်၊ ဒီဟာကိုင် ကြည့်နှင့် ယောင်တောင် တောင် ဖွန်ကြောင်နေသော သူတို့ နှစ်ယောက်ကို ကြည့်ကာ ကျွန်တော် ဟားချင်မိသည်။ ကျွန်တော်ကတော့ အဲဒီ အရောင်စုံ ကောင်မလေးတွေထက် ကျွန်တော့်ဟန်နီကယ် လေးကို ပိုစိတ်ဝင်စားသူမို့၊ ဟန်နီကယ်နှင့် တိုက်ဂါး ရောင်စုံဘူးလေးတွေ ရှိရာ တန်းဘက် လျှောက်ခဲ့မိသည်။ ဘီယာလေး တစ်ငုံသောက် လိုက်၊ အာလူးချောင်းကြော်နှင့် ဆိတ်သား ခပတ်လေးဝါးကာ ဘောလုံးပွဲ ကြည့်ရသူသည့် ညတွေလောက် ဇိမ်ကျရ သည့်ညမျိုးဆီ ပြန်လည်စိတ် ကူးတမ်းတခြင်း မြစ်ထဲသို့ ခဏတာ မျောသွား မိစဉ်မှာ ပင် အနားသို့ ကပျာကယာ ရောက်လာသော ကိုဇိုးခေါ်သံ ကြောင့် အတွေးများအားလုံး လွင့်စင် ပျောက်ကွယ်သွားရ သည်။

“ဟေ့ကောင် ကယ်ဗင်၊ မင်းဆီငါ့ဖုန်းများ ပါသွား သလားကွာ”

“ဟာဗျာ၊ ဘယ်လိုလုပ် ပြီး ပါမှာလဲ၊ ခုနတုန်းက အစ်ကို ကိုင်ထားတာပဲလေ”

“အေးကွာ ငါကိုင်ထားရင်း ဘယ်မှာ ချထားခဲ့မိမှန်း မသိဘူး။ လုပ်ပါဦးကွာ၊ ငါ က မင်းတို့နောက်ပြီး ယူထား သလားလို့”

“အာ မနောက်ပါဘူး၊ အစ်ကိုကလည်း ခုနက ဟို အသီးတွေ ရွေးတော့၊ ဖုန်းကို ဘယ်မှာ ချထားတာလဲ။ ပြန် စဉ်းစားကြည့်ပါဦး”

“အင်း ငါလည်း စဉ်း စားနေတာ” သူကပြောပြော ဆိုဆို၊ သစ်သီးများ ချထားရာ သို့ ခပ်သွက်သွက်ပြန် လျှောက်ကာ သူ့မှတ်ဉာဏ်ကို အတင်း ပြန်ခေါ်နေပုံရသည်။
“ငါတို့ ကောင်မလေး တွေနားကပ်ပြီး သစ်သီးတွေ လည်းမ၀ယ်ဖြစ်ဘဲ သူတို့ အတွက်ပဲ ရွေးပေးနေတာ။ ကောင်မလေးတွေက ကျေးဇူးစကားဆိုပြီး ထွက် သွားတော့ Coach အိတ် အကြီးကြီးနဲ့ အန်တီ၀၀ကြီး တစ်ယောက်ရယ်၊ နောက်ထပ် ခပ်သန့်သန့် ဘဲတစ် ဘွေရယ်ပဲ ရှိတယ်။ ငါ လည်း အသီးတွေပေါ်တင် ထားတဲ့ ဖုန်းလေးကို တစ်ချက် သတိလွတ် သွားမိတယ်ကွာ။ သတိရတော့ အဲဒီမှာ တရုတ်အဘိုးကြီးနဲ့၊ သူ့မြေး လေးနှစ်ယောက်ပဲရှိတော့တယ်။ လူတော်တော် ရှင်းနေ ပြီ။ ဒါနဲ့ ငါလည်း မင်းကို လိုက်ရှာနေတာ။ မင်းများ နောက်ပြီး ယူထားသလားလို့”

သူ့စကားကိုကြားတော့ ကျွန်တော် စိတ်အိုက် သွားမိသည်။ ဒီလိုနေရာကတော့ မေရီဖုန်းပျောက်တုန်း ကလို၊ လူပေါင်းစုံ၊ အဆင့်ပေါင်းစုံစုဝေးရာတော့မဟုတ်။ သန်းချီသည့် အကောင်း စားတံဆိပ်နှင့် အ၀တ်အထည် တွေ၊ နှစ်လက်မလောက် ဒေါက်ဖိနပ်တွေဝတ်ကာ၊ Gucci, Elle, Couch တွေ အပြိုင်အဆိုင်ကိုင်လို့၊ တ ဖျတ်ဖျတ်လက်နေသည့် ပလက်တီနမ်လူသားတွေ ခြေ ချင်းလိမ်နေသော ခေတ်မီ Shopping Mall ကြီးပင်။

“ကျွန်တော် ဖုန်းခေါ် ကြည့်လိုက်မယ်လေ”

“မခေါ်နဲ့ကွ၊ ဖုန်းကတ် ထုတ်ပြီး ဖုန်းများပိတ်ထား ရင် ဆုံးဖို့ သေချာနေပြီပေါ့။ ငါရင်မဆိုင်ရဲဘူးကွာ။ မင်း သိတဲ့အတိုင်းပဲ ဒီဖုန်းကိုငါ Credit ကြွေးတောင် မကျေ သေးဘူး။ နောက် ခြောက်လ လောက်အထိ ထပ်ဆပ်ရဦး မှာ။ ငါတို့ ပီတာ့ကို လိုက်ရှာ ပြီး သူ့ဖုန်းနဲ့ ဘလက်ဘယ်ရီ မတ်ဆေ့ခ်ျဂျာကနေ Chatting ၀င်ရင် ကောင်းမယ်နဲ့တူ တယ်။ ငါကလည်း ခုန ကလေးတင်မှ အွန်လိုင်း တက်ထားတော့ အဲဒီကနေ ငါ့ဖုန်း ကိုရှာရင် ကောင်းမယ်ထင် တယ်”

“ကဲ ဒါဆို ကိုပီတာကို မြန်မြန်ရှာလိုက်ရအောင်”

ကိုပီတာက နွားနို့နဲ့ ဒိန်ချဉ်တန်းဘက်မှာ နံနက်စာ အတွက် ပေါင်မုန့်နှင့် ထောပတ်တချို့ကို ၀ယ်ယူနေ စဉ် သူ့ကို အကျိုးအကြောင်း ပြောပြတော့ သူ့ဖုန်းထဲမှာ အမြဲလိုလို အွန်လိုင်းစိမ်းနေ တတ်သည့် ကိုဇိုးဖုန်းဆီမှ Chating လက်ခံသည့် အစိမ်း ရောင် သင်္ကေတလေးကို သူ့ ဖုန်းထဲမှာ မတွေ့ရ၍ အားလုံး အခြေအနေ မကောင်းမှန်း သဘောပေါက်လိုက်ကြ သည်။

“ဒါဆို မထူးဘူး ဖုန်း မက်ဆေ့ခ်ျပဲ လှမ်းပို့ကွာ။ အခု ချက်ချင်း ပျောက်တာမို့ ရထားတဲ့သူက ဒီအနီးအနား မှာပဲ ရှိနေဦးမှာပဲ။ ဘယ်မှာ တွေ့နိုင်မလဲ၊ ပြန်ပြီး ကျေးဇူး ဆပ်ပါ့မယ်လို့ ပြောလိုက် ကွာ”

ထို့နောက် အင်္ဂလိပ်လို ရော၊ အင်ဒိုလိုပါ ရေးထား သည့် မက်ဆေ့ခ်ျနှစ်စောင်ကို ပို့သော်လည်း ပြန်စာမလာဘဲ ဘလက်ဘယ်ရီ တစ်ခုလုံး ဆက်သွယ်နိုင်မည့် အဆက်သွယ် အားလုံးကို ချက်ချင်း ပိတ်လိုက်ပုံကို စဉ်းစားပြီး၊ ဖုန်းကို ရရှိထားသူမှာ ဘလက်ဘယ်ရီကို ကျွမ်းကျင်စွာ ကိုင်နိုင်သူ အထက် တန်းလွှာထဲကဖြစ်နိုင်ကြောင်း အားလုံးသဘောပေါက်သွား ကြသည်။

“မထူးဘူး၊ မက်ဆေ့ခ်ျ တောင် ပို့လို့မရတော့၊ နောက်ဆုံး ဖုန်းခေါ်ဖို့ပဲ ရှိတော့တယ်”

“အေးကွာ ချ”

သို့သော် ကိုဇိုး ရင်ကွဲ ချင်စရာ “လူကြီးမင်း ခေါ်ဆိုနေသော ဖုန်းမှာ ဖုန်းပိတ် ထားပါသဖြင့် ခေါ်ဆို၍ မရ နိုင်ပါရှင်”ဟု အဓိပ္ပာယ်ရသော ချစ်စရာ အင်ဒိုမိန်းကလေး အသံကိုသာ ထပ်တလဲလဲ ကြားရတော့သည်။

ကိုဇိုး ခေါင်းငိုက်စိုက် ကျလေပြီ။ သူ့ Credit ကတ် နှင့်လွန်ခဲ့သည့် နှစ်လလောက်က ၀ယ်ထားခြင်းမို့၊ ဘဏ် ကြွေးကိုလည်း တစ်နှစ် လောက်ဆပ်ရမည်ဖြစ်ပြီး၊ ဖုန်းမှာတော့ အစအနပင် မမြင်ရတော့။ ကျွန်တော်တို့ ၃ ယောက်သားလည်း ရွေး ချယ်ဝယ်ယူထားသော တစ် ပတ်စာစားစရာတို့ကို ၀ယ်ဖို့ စိတ်မ၀င်စားတော့ဘဲ၊ Information Center သို့ အပြေးအလွှား သွားရောက် စုံစမ်းသော်လည်း အကြောင်း မထူးသလို၊ မောလ်အတွင်း ဆိုင်ခန်းတချို့ကိုသာ ဟိုဟို ဒီဒီ လိုက်ကြည့်ရင်း ဘလက်ဘယ်ရီကိုင် လူတချို့ တွေ့လျှင် သာ စိတ်မောစွာဖြင့် သဲလွန်စ တစ်ခုခု တွေ့လိုတွေ့ငြား စူး စမ်းမိကြသည်။ ကျွန်တော့် ဖုန်းနှင့်ပါ ကိုဇိုးနံပါတ်ကို ခေါ် ကြည့်သော်လည်း ဘာမှ မထူးခြားပါ။ ဒီဇာတ်လမ်းက အလွမ်းနှင့် အဆုံးသတ်သွားခဲ့ ပြီ ဖြစ်သည်။

သစ်သီးရွေး သော လူတွေထဲက တစ်ယောက်က သူ့ဖုန်းအမှတ် တမဲ့ ချထားသည်ကို တမင်ယူ သွားခြင်းဖြစ်ပြီး၊ ဒီမောလ်မှာ ဈေးဝယ်သူ ဆိုလျှင် သာမန် လူတန်းစားထဲက မဟုတ်ဖို့ များသည်။ နောက်ဆုံးပေါ် လက်ကိုင်ဖုန်းများ တစ်လုံး ထပ်ပိုပြီး ပိုင်ဆိုင်နိုင်သူများ၊ ကိုဇိုးပျောက်သည့် ဖုန်းမျိုးကို လည်း လက်ငင်းငွေချေ စနစ် ဖြင့် ၀ယ်ယူနိုင်သူများထဲက တစ်ယောက် ဖြစ်ဖို့ များသည်။

ကိုဇိုးကို ကိုယ်ချင်းစာမိရင်း မေရီဖုန်းပျောက်တုန်းက အဖြစ်ကို သတိရကာ ဂျူဒင်း မျက်နှာကို ပြေးမြင်မိသည်။ ရိုးသားစွာ ၀န်ခံရလျှင် ဂျူဒင်းနေရာမှာ ကျွန်တော်သာဆိုလျှင်၊ လေးဆယ့်ငါး မိနစ်၊ တစ်နာရီကားစီးပြီး နမော်နမဲ့ ဖုန်းပျောက်သူထံ ပြန်လာ ပေးဖြစ်မှာ မဟုတ်၊ သူလာယူနိုင်ရန် ကိုယ့်ဖုန်းနံပါတ်နှင့် လိပ်စာ ကိုသာ လှမ်းပေးမည်ဖြစ်သည်။

“တီ တီ တီ”

ဖုန်းမြည်သံကြောင့် ဒေါသအတွေးတွေ တဒင်္ဂရပ် တန့်ပြီး၊ ဒုတိယမြောက် ဂျူဒင်းများ ဆက်လာ သလားဟု မျှော်လင့်ချက် ကလေးနှင့် ဖုန်းကိုင်လိုက်စဉ် တွင် အန်တီရှယ်လီဖြစ်နေ၍ ရုတ်တရက်အံ့အားသင့်ရင်း ဖုန်းကို ပြန်ထူးမိရာမှာတော့-
“အေး ငါနင့်ကို သောကြာနေ့ကတည်းက ရှာနေတာ။ မေရီ လူကိစ္စက အဆင်မပြေပြန်ပါဘူးကွယ်။

“သူ့မိန်းမက မူလတန်း မှမအောင်ဘဲကိုး။ မူလတန်း အဆင့်ပဲရှိတာ၊ တို့စက်ရုံမှာက တံမြက်စည်းလှည်း သမဟာ မူလတန်းတော့ အောင်မှဖြစ် မယ်။ မနက်ဖြန် အလုပ် လျှောက်လွှာပြန်လာယူပြီး အကြောင်း ကြားလိုက်တော့။ ဟုတ်ပြီလား။ ဒါပဲနော်”

“ခင်ဗျာ”

အန်တီရှယ်လီ ဖုန်းချ သွားသည့်တိုင် မူလတန်းတော့ အောင်မှဖြစ်မယ်။ မနက်ဖြန် အလုပ် လျှောက်လွှာ လာယူဖို့ အကြောင်း ကြား လိုက်တော့ဆိုသည့် စကားသံ ပဲ့တင်ထပ်နေခဲ့သည်။ ဒုတိယ အကြိမ် အငြင်း ခံရသော လျှောက်လွှာအတွက် ဂျူဒင်းနှင့် ဆုံတွေ့ရဦးမည်။ အင်း ဂျူဒင်းကို ဘယ်လို ပြောရမှာပါလိမ့်။

အမြန်ကားပေါ်မှာ ကျွန်တော့်ဘေးတွင် သောက တနင့်တပိုးနှင့် ငြိမ်သက် လိုက်ပါလာသော ကိုဇိုးနည်း တူ ကျွန်တော့်အတွေးတွေက လည်း ယောက်ယက်ခတ်နေ သည်။ ကိုဇိုး၏ ဖုန်းမျိုးတစ် လုံး မက၀ယ်နိုင်သော၊ ကိုဇိုး ဖုန်းမျိုးကို ကျွမ်းကျင်စွာ သုံး တတ်သူမျိုးက သူခိုးတစ် ယောက်လိုယူသွားသည့်အဖြစ်။ မေရီဖုန်းကို ကောင်းစွာမကိုင် တတ်ဘဲ သူ့ဖုန်းကို အကုန်ခံ ဆက်သွယ်ပြီး ဖုန်းပျောက်သူ ထံ စရိတ်အကုန်ခံလာပေး သော ဂျူဒင်း။ ဖုန်းသူခိုးကို မိအောင်ဖမ်းပြီး အပြစ်မပေး နိုင်သလို ဂျူဒင်းလို လူကို ချီးမြှောက်အသိအမှတ်ပြုခွင့် မရနိုင်သော ကျွန်တော်။ ဒေါသရော၊ သောကပါ ယှက်ပြီး ကျွန်တော့်ခေါင်းတွေ နောက်လာသည်။

ငယ်စဉ်က ကြားခဲ့ဖူး သော လွှမ်းမိုး၏ သီချင်း တစ်ပုဒ်မှာ “စကားမပြော တတ်တဲ့ လောကကြီးကို တိုင်ကာ မငိုတော့ပါ” ဟု ဆို ထားသည်။ ကျွန်တော်က တော့ စကားမပြောတတ် သည့် လောကကြီးကိုပဲ တိုင် တည်ချင်နေသည်။ အူမ မတောင့်ရင် သီလမစောင့်နိုင် ဘူးဆိုသော၊ လူ့လောကထဲ တွင် တစ်ခါတစ်ရံ “ချမ်း သာခြင်း နှင့်ရိုးသားခြင်း” က ပြောင်းပြန်အချိုးကျတတ်ပါ သလား။ အထက်တန်းစား အတ္တသမားများအတွက် စာနာစိတ်၊ နှလုံးသားနှင့် ဂျူဒင်းလို ရိုးသားသူ အတွက် ဘ၀တက်လှမ်းမှု အခွင့်အလမ်းများ အသီးသီး ဖန်တီးပေးခွင့်ကို လောက ကြီးက ဘာမှ မတတ်နိုင်၊ လက်ပိုက်ကြည့်နေရက် သည်လား။

ကျွန်တော့်အတွေးတွေ လွင့်မျောနေခိုက်၊ ကား ပြတင်းမှ ဂျာကာတာ၏ နေ၀င်ဆည်းဆာကို လှမ်းမြင် လိုက်ရသည်။ ၀င်လုဆဲနေရောင်က ဂျာကာတာ၏ မိုးပျံတိုက်ကြီး များကို ပိုတောက်ပအောင် ရွှေရောင်ပက်ဖျန်းပြီး၊ ပျပ်ဝပ် သိမ်ငယ်သော အိမ်ငယ်လေး များမှာတော့ အမှောင်လွှမ်း လျက်ရှိနေသည်ကို မကြည်သာသော နှလုံးသားဖြင့် အားအင်မဲ့စွာ ကျွန်တော် ငေးမော နေမိပါတော့သည်။
စုသဲမွန်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

No comments:

Post a Comment