Friday, July 12, 2013

အမြစ်အကိုင်းနှင့် အပွင့်တို့ အကြောင်း

                        
                          
ညနေစာ ထမင်းကို ပြင်ဆင်ရင်းနှင့်ပင် စိတ်တို့က ရန်ကုန်မြို့သို့ တ၀ဲလည်လည် ရောက် လိုက်၊ ကသာမြို့ တစ်ဖက်ကမ်း ဒုံးအော့ ရွာလေးဆီ ရောက်လိုက်နှင့် အိမ်ရှေ့မှာ တီဗီကြည့် ရင်း ထမင်းဝိုင်း စောင့်နေသည့် မောင်က စိတ်မရှည်နိုင်တော့ပဲ မီးဖိုချောင်ထဲ အထိဝင်ကာ ဟင်းခွက်များ ကိုယ်တိုင်ခူးခပ် သယ်ဆောင် သွား တော့သည်။ 
                “ဗူးသီးကြာဇံဟင်းခါး၊ ငါးဖယ်ချဉ်သုတ်နဲ့ ဘဲဥကြော်လဲယူသွားပြီ၊   နောက်ဘာကျန်သေးလဲ။ ”
                “ ပြီးပြီမောင်ရဲ့၊ ဒီမှာ အမေလူကြုံနဲ့ ပါးပေးလိုက်တဲ့ စတော်ပဲစိမ်းလေးတွေကို ခရမ်းချဉ်သီးနဲ့ ကြော်ထားသေးတယ်၊ ”
                 “ပဲစိမ်းလေးတွေက စိမ်းပြီးချိုအိနေတာပဲ သမီးတွေကို သတိရလိုက်တာကွာ”
                 မောင့်စကားသံကြားတော့ အဖွားဆီက ရှားရှားပါးပါး လူကြုံနှင့် စတော်ပဲစိမ်းပို့တိုင်း အဲ့ဒီ ဟင်းခွက်မှာပဲ တူညီစွာ လက်ဆုံ တတ် သည့် ညီအစ်မသုံးယောက်ကိုသတိရမိသည်။
                  “မေမေရေ၊  မကြီးကတစ်ခါခပ်ရင် အများကြီးခပ်တယ်။”
                  ‘’ ကြည့် ကြည့် ဇွန်းကိုမချတော့ဘူး ။ နောက်ဆို ဇွန်း၃ချောင်းတပ်ထားရတော့မယ်။”
                  “ အငယ်မ အဖေ့ကို ဦးချအုန်းလေ။ အကျင့်ကိုက ”
                  အဖွားက ပဲစိမ်းပေါ်တိုင်း မြေးတွေတွက် သတိတရပို့ပေးတတ်သလို၊ ဒညင်းသီး လို ကြာရှည်ထားနိုင်တဲ့ ရာသီစာ သီးနှံတွေပေါ်တိုင်းလည်း   လူကြုံရှိလျှင်   ထည့်ပေးတတ်သေးသည်။ အခု သူတို့လေးတွေမရှိတော့ ထမင်းဝိုင်းက တိတ် ဆိတ် ခြင်း အတိ။ သူတို့အကြိုက်ဆုံးဟင်းလေးတွေကို ခံတွင်းတွေ့ စားဖြစ်တိုင်း သမီးတွေကို အနားသို့ ခေါ်ကာ အားရပါး ရ ကျွေးချင် သည်။
                   “မေမေရယ်၊ သမီးအလုပ်က ထမင်းကျွေးပေမယ့် တနေ့တနေ့ ကြက်သားတောထဲကကို မထွက်တော့ဘူး။ ကြက်သားကြော်နဲ့ ချဉ်ရည်ဟင်းကျဲကျဲ။ ကြက်သားဟင်း အလှည့်ကျတော့ ဘူးသီးမှန်ရည် ကြည်ဟင်းချို။ တစ်နေ့ တစ်နေ့ ဒါပဲ သိလား။ သမီးက ငါးနီတူးကြော်လေးနဲ့ မေမေ့လက်ရာ ချဉ်ပေါင်းဟင်း ပျစ်ပျစ်လေး အရမ်းစားချင် တာ။ ”
                  သမီးကြီးက သူ့ထုံးစံအတိုင်း စာထဲမှာပဲ ဖြစ်ဖြစ် ၊ ဖုန်းထဲမှာပဲ ဖြစ်ဖြစ် တယောသံလေးလို ချွဲနွဲ့ ပြောဆိုတတ်သည်။
                    “ ရန်ကုန်မြို့ကြီးမှာ မေမေရာ၊ အားလုံးလိုလိုက အမြတ်ထုတ်ဖို့ပဲ ချောင်းနေကြတာလေ။ လမ်းဘေးဆိုင်တောင်မှ ထမင်းလေး ကြောင်စာလောက်နဲ့ ဟင်းတစ်မျိုးကို တစ်ထောင်တဲ့၊ လိုက်ပွဲယူ ရင် နောက် ထပ် နှစ်ရာထပ်ပေး ရသေး တယ်၊ ထောင့်နှစ်ရာနဲ့ တစ်နပ်သာ ကုန်သွားတယ်။ ဘယ်နံကြား ကပ်သွား မှန်းတောင်မ သိဘူး၊ ဒါကြောင့် ထမင်းစားတဲ့ အချိန်ဆို အိမ်အလွမ်းဆုံးပဲ။”
                    သမီးလတ်ကတော့ သူ့ဝသီအတိုင်း ဘွင်းဘွင်းညည်းတတ်သည်။သမီးလေးကတော့
                    “မီးတို့ဘော်ဒါဆောင်ကလေ သိလားမေမေ ။ ကိုယ် ကြိုက်တဲ့ ဆီပြန်အသားဟင်း တမျိုးနဲ့ အရွက်ကြော် တစ်မျိုးကို ချိုင့်ဆွဲစားရတာမို့ ကိုယ့် စိတ်ကြိုက်မှာစားလို့ရတယ်။ မေမေသိတယ်မလား ၊ ဂျာနယ်ထဲမှာ မင်းသားမင်းသမီးနဲ့ ကြော်ငြာတဲ့ နာမည်ကြီး မြန်မာထမင်းဆိုင်ကပေါ့ ။ ပထမတော့ စားလို့ ကောင်း သလိုလိုနဲ့ နောက်တော့လည်း စားရတာ အရသာမရှိပါ ဘူး မေမေရယ်။  မေမေချက်တဲ့ ဟင်းကိုပဲ အားရပါးရစားချင်တယ်။ “
      သမီးလေးကို ကိုးတန်းနှင့် ရန်ကုန်မြို့ကြီှးတွင် ဘော်ဒါထားလိုက်ရသည်မို့ ကျောင်းပိတ်ရက် တွေ ရောက်တိုင်း သူ့အစ်မတွေနှင့် ဆုံနိုင်သော်လည်း သူအိမ်ကို သတိရချိန်တွေတွင်တော့ အတမ်းတဆုံး က အဝေးမှာ ရှိနေသည့်အမေနှင့်အဖေကို သာဖြစ်မည်။ သမီးလေး သုံးယောက် လူလားမြောက် လာသည့် အခါ ၊ လပွတ္တာ မြို့ကလေးမှာ အိမ်ထောင်ကျ အခြေချဖြစ်သည့် ကျွန်မနှင့် သူ့အဖေ ကတော့ သူတို့ကလေး တွေကို  မိဘထက် ခြေတစ်လှမ်းတင်မက ခြေလှမ်းပေါင်း များစွာသာ သူလေးတွေ ဖြစ်စေချင်ခဲ့ သည်။ ဒါကြောင့် သမီးကြီး အမှတ်မီရာ စီးပွားရေးတက္ကသိုလ်၊ သမီးလတ် စိတ်ဝင်စား သည့် ဆေးဝါးကျွမ်း ကျင် တက္ကသိုလ်တွေ တက်ရောက်နိုင်ဖို့ ကြိုးစားပံ့ပိုး ပေးဖြစ်ခဲ့သည်။ ယခု ဘွဲ့တွေ ကိုယ်စီ ရတော့ သမီးကြီးကလည်း တီဗီမှာ အမြဲလို ကြေငြာနေသည့် ဆပ်ပြာကုမ္ပဏီ တစ်ခုမှာ လက်ထောက် မန်နေဂျာ အဆင့်နှင့် အလုပ်လုပ်ကိုင်နေသလို၊ သမီးငယ်ကတော့ ဘန်ကောက်ဆေးရုံကြီးတစ်ရုံ၏ ကိုယ်စားလှယ် ရုံးခန်းတွင် လုပ်ကိုင်လျက် ရှိသည်။ သူတို့နှစ်ယောက် အခြေကျသွားမှပင် သမီးကြီး၏ အစီအစဉ်ဖြင့် အငယ်ဆုံးလေးကိုပါ ရန်ကုန်တွင် ဘော်ဒါဆောင် ထားရင်း ပညာသင်ကြားနိုင်ဖို့ စီစဉ်ဖြစ်ခဲ့ သည်။                         
             “ သမီးတို့ တုန်းက ကိုယ်ကြိုးစား သလောက် ပြန်မရဘူးလို့ ထင်မိတယ်။ ဒါကြောင့် သူ့အလှည့်ကျ ရင် တော့ ရန်ကုန်မှာပဲ ကျူရှင် ကောင်းကောင်း ၊ ဆရာ ကောင်းကောင်းနဲ့ သင်စေချင်တယ်။ “ဟု ဆိုသည်။  
      အငယ်ဆုံးသမီးလေးမို့ ကိုယ်တိုင်က အလယ်တန်းပြဆရာမဖြစ်သော မိမိ ရင်ခွင်အောက်၌ အထက်တန်းကျောင်းအဆင့်အထိ သင်စေချင်သော်လည်း ရန်ကုန်မြို့သူကြီးဖြစ်နေပြီ ဖြစ်သည့် သမီးကြီး ၏ဆန္ဒကို လျစ်လျူမ ရူနိုင်ကြ။  ဒါကြောင့်လည်း သမီးငယ်လေး ရှစ်တန်းအောင်စာရင်း ထွက်သည် နှင့် အစ်မတွေရှိရာ ရန်ကုန်မြို့ကြီး သို့ ကျောင်းအိပ်ကျောင်းစားအဖြစ် ပို့ပေးဖြစ် သည်။                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                          
                သမီးလေးကည်း မိဘနဲ့ခွဲပြီး  ရန်ကုန်မှာကျောင်းမတက်ချင်၍  နယ်ကနေပဲ သူ ဂုဏ်ထူး ထွက်အောင် ကြိုးစားပါမည် ဆိုသည်ကို ချော့မော့ပြီး တွန်းပို့ခဲ့သော်လည်း တကယ်တမ်း ခွဲရချိန်တွင်တော့ သမီးထက် မျက်ရည်မဆည်နိုင်သူမှာ အမေဖြစ်သည့် ကျွန်မပင်ဖြစ်သည်။ သမီးတွေမရှိသည့်နောက် မိသားစု အတူစားသည့် ညနေစာ ထမင်းဝိုင်းကိုထား ၊ ကျောင်းမှာစားသည့်် မနက်စာ ထမင်းချိုင့်သည်ပင် အရသာ မရှိလှ။ ကျောင်းပိတ်ရက် စနေတနင်္ဂနွေလို နေ့ရက်တွေကတော့ သာရေး ၊ နာရေး ၊လူမူရေး ကိစ္စ အတွက် အပြင်ထွက်တတ်သည့် မောင့်အတွက် သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ပေမယ့် ကျွန်မအတွက်တော့ လွန်စွာခြောက်ကပ်နိုင်လှသည်။ ယခုလည်း လွန်ခဲ့သည့် တစ်ပတ်လောက်က သမီးလတ် ပို့ပေးလိုက်သော ပိုက်ဆံကို ရွာမှာနေသည့် အမေ့ အတွက်ပို့လိုက်သောကြောင့် အမေက လူကြုံနှင့် အတူကျွန်မတို့ မိသားစု ကြိုက်တတ်သည့် စားတော်ပဲစိမ်း၊ ဆီတို့ဟူးနှင့် မြေပဲလှော်တွေ ပို့လိုက်ပါသည်။ ထို့ကြောင့် လည်း ဒီလိုအချိန်မျိုးဆို သူတို့လေး တွေကို ပို၍အလွမ်းပိုနေရသည်။
                        အမေက သူ့ဇာတိ ဒုံးအော့ရွာလေးကို အလွန်တွယ်တာ ရှာသည်။ ညီမဖြစ်သူ ဒေါ်လေးနှင့် အတူရွာလေးမှာပဲ အခြေချနေထိုင်ပြီး ကျွန်မတို့က လာနေဖို့ ဘယ်လိုခေါ်ခေါ် ရွာနှင့် အိမ်ကလေးကို ပစ်ထားခဲ့ဖို့ ညီအစ်မနှစ်ယောက်စလုံး သံယောဇဉ် မပြတ်ကြ ။ ကျွန်မ ဆီလာမည့် ရပ်ဆွေရပ်မျိုး လူကြုံ ရှိလျှင်တော့ ဒေသထွက်ပစ္စည်းလေးတွေ တကူးတက ပါးတတ်ပြီး အတူနေဖို့ ခေါ်လျှင် မသိကျိုးကျွံပြုကာ မလိုက်ချင်ပဲ  ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ ငြင်းကာ စကားလမ်းကြောင်း လွဲတတ်သည်။ အမေက အကြားအားရုံ တစ်ခုသာချို့ယွင်းပြီး ဒေါ်လေးထက်ပင် ကျန်းကျန်းမာမာ သွားလာ နိုင်သူ့။ အမေဆီ ကျွန်မပို့ပေးသည့် ပစ္စည်းတွေထဲက နာကြပ်လေးတစ်ဖက်ကိုသာ နေ့စဉ် အသုံးပြုပြီး ကျန်သည့် အားဆေး၊ နို့မုန့် နှင့်မုန့်ပုံး စသည်များကို “ဟဲ့ ရွှေမြ ။ နင့်တူမက ဒီမှာ နင့်တွက်ပေးတာတဲ့ ” ဟုဆိုကာ သူ့ညီမ လက်ထဲ ထည့် တတ်သည့် အကြောင်းပြန်ကြားရသည်။ သူ့မြေးတွေအကြောင်း သိချင် တာမျိုး၊ ကျွန်မဆီ သတိတရ စကားပြောချင်တာမျိုးဆိုလျှင်၊ သူ့တို့ လမ်းထိပ်မှာ ရှိသည့် ကုန်စုံဆိုင်ကလေးမှ၊ ဖုန်းလှမ်းဆက် တတ်သည်။ ထိုအခါမျိုးဆိုလျှင် ကျွန်မတို့၏ ခေါင်းရင်းအိမ်က ဖုန်းပိုင်ရှင် မမလှတို့က ဖုန်းလာကြောင်း လှမ်း အော် တတ်ပြီး ကျွန်မမှာ လုပ်လက်စအလုပ်တွေ အသာပစ်ထားပြီး အပြေးအလွား သွားကိုင် ရတတ်သည်။ အလား တူ ရန်ကုန်မှ သမီးတွေဆီမှ ဖုန်းလာလျှင်လည်း   “လဲ့ရေ…..ဖုန်း “ဟု  ကျွန်မ ကြားနိုင်လောက်အောင် ခပ်ကျယ်ကျယ် လေး လှမ်းအော်ပေးသည့်အခါ လောကကြီး တစ်ခုလုံးတွင်  အပျော်ဆုံးလူမှာ ကျွန်မ ဖြစ်နေကျ ဖြစ်သည်။
                            “ဟယ်လို”
                            “ဟယ်လို မေမေ 
                            “အေးအေး သမီးပြော ၊ သမီးငယ်လား “’
                            သမီးငယ်ဟု ကျွန်မခေါ်နေကျ၊ သမီးလတ်ဆီမှ ဖြစ်သည်။
                            ‘’ ဟုတ် မေမေ့တွက်ပို့လိုက်တဲ့ ပိုက်ဆံ နှစ်သောင်းရလား ”
                            “ အေး ၊ရတယ် သမီး ဖွားဖွားလိုနေမှာစိုးလို့ မေမေ မနေ့ကပဲပို့ပေးလိုက်တယ်။ ”
                            “ဟာ. ..မေမေကလဲ၊  သမီးက မေမေ့သုံးဖို့် ပို့ပေးတဲ့ ဟာကို ‘’
                          “ သြော် သမီးရယ်၊ မေမေက ဒီမှာ ၀င်ငွေရှိနေတာပဲ။ လိုရင်လည်း ဖေဖေ့ဆီက တောင်း သုံး လို့ရနေတာပဲ။ ဖွားဖွားကခုဆို အရမ်းအသက် ကြီးနေပြီ၊ ပြီးတော့နယ်မှာ..ဘယ်သူမှလဲ ရှိတာ မဟုတ်ဘူး။ မေမေတို့ သမီးတို့ဆိုတာ သူ့အနားမှာ ဘယ်သူမှ မနေနိုင်ကြဘူး။ ပြီးတော့ သူ့ကို လုပ်ကိုင် ပေးနေတဲ့ သမီးဖွားလေး ကလည်း ပုံမှန်ဝင်ငွေရှိ လို့လား ။ သူ့အခင်းက ရတာလေး တွေနဲ့ ပဲ စားနေကြ ရတာ။  ဒါကြောင့် သူတို့သုံးဖို့ မေမေတို့ကမှ မပေးရင် ဘယ်သူက ပို့ပေးမှာလဲ သမီးရယ်။ သမီးကုသိုလ် ရတာပေါ့ ။ မဟုတ်ဘူးလား ။ ”
                             သမီးဆီမှ တဒင်္ဂအသံတိတ်ဆိတ်သွားပြီး ။
                            “ ဟုတ် မေမေ အဲ့ဒါဆိုလည်း ပြီးရောလေ ။ မေကြီး စိတ်ချမ်းသာသလို လုပ်နော် ။ ဖွားဖွား နဲ့ တွေ့ ရင်လည်း သမီးက မေးတယ်လို့ ပြောပေးအုန်း ’’
                          တခါတလေ လည်း သမီးတွေ၏ စေတနာတွက် ဖုန်းထဲကနေ ရှင်းပြပြောပြပေးရတာ တွေ ရှိသလို ၊သမီးငယ်၏ ပိုက်ဆံအမေ့ဆီ ပို့ပေးပြီး ၊ နောက်ရက် သမီးကြီး နာမည်နဲ့ ကျွန်မဆီကို ငွေထပ် ရောက်လာသောအခါ  အမေ့အပေါ် ကျေးဇူးသိတတ်မူတွက် သမီးတွေဆီကပါ တုံ့ပြန်လာသည့် တန်ပြန် ချစ်ခြင်း မေတ္တာသက်ရောက်မှူကို  ကျွန်မကြည်နူးစွာ ခံစားမိသည်။ ဒီလိုဖြင့် မောင်တို့ရုံးမှ ဆုကြေးငွေ ရတော့ သမီးတွေလိုသမျှ ဖြည့်ဆည်းပေချင်သည့် သူတို့အဖေက ကျွန်မကို ကျောင်းမှခွင့်သုံးရက် ယူစေပြီး သမီးတွေ ရှိရာသို့ အလွမ်းပြေသွားစေသည်။  အလွမ်းပြေ ဆိုသည်မှာ ကျွန်မဘက်မှ ခံစားချက်ကိုသာ နာမည်တပ် ခြင်း ဖြစ်ပြီး ၊ တကယ်တော့  ရုံးကနေ ခွင့်ယူဖို့ အခက်အခဲရှိတဲ့ မောင်က “ ခုဆို ရန်ကုန်မှာ ဖုန်းတွေ နှစ်သိန်း ဆိုဝယ်လို့ ရပြီတဲ့၊ ကလေးတွေ နှစ်ယောက်စလုံးကို ဖုန်းတစ်ယောက် တစ်လုံးစီ ၀ယ်ပေးခဲ့ ပါကွာ။ ဟိုမှာ ဖုန်းမရှိ၊ ဘာမရှိနဲ့ ကလေးတွေ မျက်နှာငယ်ပ်ါတယ်။ ဖုန်းရှိတော့ သူတို့ကြိုက်တဲ့အချိန် နေ့နေ့ ညည ဆက်လို့ ရတာပေါ့ ။ မဟုတ်ဘူးလား၊ ပြီးတော့  မောင့်ရုံး ဖုန်းနံပါတ် လည်း ပေးထားလိုက် ဦး ”ဟု တိုက်တွန်းခဲ့သည်။
                                                                      +++
                          ကလေးတွေ အသံကြားချင်တဲ့ မောင့်ဆန္ဒလည်းဖြည့်ပြီးသားဖြစ်ဖို့၊ အလွမ်းဖျား၊ ဖျားချင်ချင် ဖြစ်နေသည့် ကျွန်မနှလုံးသားကိုလည်း အနည်းငယ်သက်သာရရဖို့ ရန်ကုန်မြို့သို့ ရောက်လာခဲ့ ပါသည်။ အလုပ်မတူသည့် သူငယ်ချင်း မိန်းကလေးလေးယောက်စုပြီး တိုက်ခန်းလေးငှားနေသည့် သမီး လတ် ဆီမှာပဲ တည်းဖြစ်ပြီး၊ သမီးကြီးကပါ ညဘက် အတူလာအိပ်သည်။ သမီးကြီးတို့ ရုံးမှာ အင်းယားလမ်း အတွင်းဘက်ရှိ နှစ်ထပ်တိုက်ဖြစ်သောကြောင့် ညီမလေးနှင့် အတူမနေဖြစ်ပဲ အလုပ်နှင့် နီးသည့် ကန်လမ်း ထိပ် ၊အပြင်အဆောင်မှာပင် ငှားနေသည်။ သမီးကြီး ၏အဆောင်ထက်စာလျှင် ၊ သမီးငယ်၏ နေရာလေးကို ပိုသဘောကျမြိပီး အဖေတူသမီးလေးအဖြစ် အပေါင်းအသင်းဆံ့ကာ တစ်လကိုတစ်ယောက် တစ်သောင်းခွဲ နှင့် သီးသီးသန့်သန့်် ငှားနေနိုင်သည့် သူ့ကို ကြိတ်ချီးကျူးမိသည်။ တိုက်ခန်းလေးမှာ အခန်းဖွဲ့စည်းမထားပဲ၊ ကိုယ့် အိပ်ယာ သူ့အိပ်ယာ ၊ ခြင်ထောင် ခေါင်းအုံး တို့ဖြင့် နေသားတကျ ရှိလှသည်။ မီးဖိုချောင်ထဲ ၀င်ကြည့် မိတော့  ညီအစ်မနှစ်ယောက် ထံမှ တူညီ သည့် အသံ တစ်သံထွက်လာသည်။
                            “မေမေ ရောက်တုန်းရောက်ခိုက် ၊သမီးတို့ကို ငါးပိကြော် ၊ချဉ်ပေါင်ကြော် တွေများများ ကြော်ပေးခဲ့နော်။ အငယ်လေးဆီ သွားတွေ့ရင်လည်း ပေးထားခဲ့ရအောင်။”
                      ရောက်ပြီးနောက်တစ်နေ့တွင်တော့ ဖုန်းနှင့် လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ပေးပြီး သားအမိ တွေ ရွှေပုဇွန်မှာ အအေးသောက်ကြ ၊ ညဘက် အင်းယားမှာ အမောဖြေကြ ၊ ၀ိုင်ကေကေအို မှာ ကြေးအိုး သောက်ကြနှင့် ရန်ကုန်သူတွေ လုံးလုံးဖြစ်နေသည့်သမီးတွေဦးဆောင်မှူဖြင့် ကျေနပ်ဖွယ် ကျွန်မရဲ့ အချိန် နာရီ လေးတွေကို ကြည်နူးပြုံးပျော်ရသည်။ ထိုနောက် သမီးအလိမ္မာလေးများအတွက် သူတို့စားချင်သည့် ငပိကြော်၊ ချဉ်ပေါင်ကြော်တွေ ကြော်ဖို့က တစ်ရက်သီးသန့် အချိန်ပေးရ သည့််အပြင်၊ အလှူကြီးပေးသလို၊ ချဉ်ပေါင်အစီး ငါးဆယ်၊ ကန်ပွန်းချဉ်ရွက် အစီးငါးဆယ်တို့ကို လိမ်ကျစ်နေအောင် ကြော်ပြီး အရွယ်တုပုလင်း လေးတွေနှင့် ထည့်ကာ ညီအစ်မ သုံးယောက်စာ ခွဲဝေပေးခဲ့ရသည်။ သမီးငယ်လေး မှာ ဘော်ဒါဆောင်မှ ထွက်မရသော ကြောင့် အမေနှင့်အတူ အပြင်ထွက်မလည်နိုင်ပဲ မျက်ရည်အ၀ဲသား ကျန်ရစ် ခဲ့ရှာသည်။ အမေ့ကို နှုတ်ဆက်ရင်း “စာမေးပွဲနောက်ဆုံးနေ့ကျ ဆက်ဆက်လာ ကြို ဖြစ်အောင်လာကြို နော် မေမေ။”ဟုဆိုသည်။
                     အမေ့ကိုမြင်သည်နှင့် အိမ်ပြန်ချင်ပုံရသော  သမီးငယ်လေးတွက် မျက်ရည်ကျမိပေမယ့်၊ အဆောင်မူးထံမှ  “စာမေးပွဲတိုင်း အမှတ်ကောင်းပြီး စာလိုက်နိုင်ပါတယ် ” ဆိုသည်ကို ကြားရပြန်တော့   စိတ် အေးရပြန်သည်။ အိမ်ပြန်မယ့်နေ့ ကားဂိတ်ကို လိုက်ပို့သည့် အကြီးနှစ်ယောက်ကို စိတ်မချစွာပင် မှာတမ်း တွေကို ထပ်တလဲလဲ ချွေနေမိပြန်သည်။
                    “သမီးလေးက ဘာလုပ်လုပ် အစ်မကိုတိုင်ပင်၊ သမီးကြီးကလည်းတခုခုဆို ညီမလေးကို အသိပေး၊ ရုံးပိတ်ရက် အားရင်အားသလို အငယ်လေးကိုလည်း သွားကြည့်လိုက် ကြအုန်း။ ကျန်းမာရေး လည်း ဂရုစိုက်၊ ဖေဖေနှင့် မေမေကိုတော့ ဘာမှစိတ်မပူနဲ့။ အဆင်ပြေတဲ့အချိန် ဖေဖေနဲ့ မေမေဆီလည်း ဖုန်း ဆက်ကြဖို့နဲ့ မမေ့ကြနဲ့ အုန်း။ ”
                     ကားအတော်အဝေးရောက်သည်အထိ၊ ပြတင်းပေါက်မှလက်ပြရင်း မျက်ရည်ဝဲမိသည်။ မြို့ ကို ပြန်ရောက်တော့ သမီးတို့ မျက်နှာလေးတွေ မြင်ယောင်ရင်း နှင့်ပင် တိတ်ဆိတ် မူတွေလွှမ်းနေသည့် အိမ်ငယ်လေးဆီသို့ ကျွန်မရဲ့ခြေလှမ်းတွေ ဦးတည်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေ ရှေ့ရေး တွက်တော့  ကျွန်မရော၊ မောင်ရော အလွမ်းတွေ တစ်ပွေ့ တစ်ပိုက်ဖြင့် အားတင်းထားရပေအုန်းမည်။
                                                                  +++
                                          ဇွန်လကုန်ရက်ပင်ရှိသေးသည်။ မိုးစက်တွေက ဘယ်တော့မှ မစဲတော့မည့်ဟန် ခပ် သည်းသည်း ရွာနေသည်။ အိမ်ခေါင်မိုးပေါ်သို့ တ၀ုန်းဝုန်း၊ အညှိုးနှင့် ရွာချနေသော မိုးစက်ပေါက် များသည် ရေတံလျှောက်မှတဆင့် အိမ်ရှေ့အုတ်ကန်ထဲသို့ အပြေးအလွားဆင်းသက်ကြသည်မှာ ကန်တစ်ခုလုံး လျှံကျ နေလေပြီ။  အပြိုင်အဆိုင်အော်ဟစ်နေသော ဖားအော်သံများနှင့်အတူ ညို့ဆိုင်းအုံ့မှိုင်းနေသော  ပတ်ဝန်း ကျင် ရူခင်းကြောင့် အဓိပ္ပာယ် ဖော်ရခက်သော ခံစားမူတစ်ခုက ကျွန်မရင်ကိုဖြတ်သန်း စီးဆင်းနေသည်။ ခြံထဲမှ ဇီဇ၀ါပင်လေး ဟိုဒီယိမ်းထိုးနေသလို ၊မနေ့က ရေလောင်းရ လွယ်အောင် မောင်နေရာရွေ့ ခဲ့သော နှင်းဆီပန်း အိုးထဲမှ မြေသား တွေလည်း မိုးနဲ့အတူအရည်ပျော်လျှက်..။ ရှားရှားပါးပါးပွင့်တော့မည်ဖြစ်သော မိတ်ကပ်ရောင် နှင်းဆီပန်း ဖူးလေးတွေပင် ဦးကျိုးလျက် ရှိသည်ကို နှမြောတသစွာ လှမ်းမြင်ရရင်း စိတ်က မကြည်သာ။  ယနေ့ စနေနေ့ ရုံးပိတ်ရမှာပေမယ့် နောက်တစ်ပတ် စာရင်းစစ်ရှိနေ၍ ရုံးမှာ  မောင်က လိုအပ် သည်များကို ပြင်ဆင်နေရသည်မို့၊ ညည်းငွေ့ဖွယ် နေ့ရက်တစ်ရက် ကို တစ်ယောက်တည်း အထီးကျန်စွာပင် ကုန်ဆုံးနေရသည်။
အရင်တုန်းကဆို ဒီလိုမိုးသည်းနေ့တွေတိုင်း ကော်ဖီခွက်ကိုယ်စီကိုင်လျှက်  မိသားစု စုံလျင်စွာ စကားလက်ဆုံကျချင်ကြမည်။ ထိုသို့မဟုတ်လျှင် မြန်မာကားကြည့်ချင်သူနှင့် သရဲကားဝါသနာအိုး တို့၏ ငြင်းခုံသံ၊ ကာတွန်းကား ကြည့်ချင်သူ၏ အဖေ့ထံ တိုင်တောသံများကို ကြားရမည်။ တခါတလေလည်း “မေမေ အတူ ဇိမ်ကျရအောင် ” ဆိုပြီး ခေါင်းအုံး ပိုက်လျှက်ကျွန်မထံ ပြေးကပ်လာမည့် သမီးတစ်ယောက် ယောက်၏ ပုံရိပ်ကို လှမ်းမြင်ရသည်။ ဖျတ်ခနဲလက်သွားသော လျှပ်စီးနှင့်အတူ ကျယ်လောင်စွာသော မိုးချိမ်းသံကြီးကြောင့်  အတွေးတွေအားလုံး ပျောက်ပြီး ၊ ရုတ်တရက် လန့်ဖြန့်သွားမိသည်။ ခုတော့လည်း ဒီအိမ်ကြီးထဲမှာ တစ်ယောက်တည်းကျန်ရစ်သည့် ကျွန်မအဖြစ်ကို ပြန်တွေးမိရင်း သမီးတို့နှင့်လည်း ဖုန်းအဆက်သွယ်ပြတ်နေသည်မှာ အတော်ကြာနေပြီဖြစ်ကြောင်း သတိရမိသွားသည်။ ကြည့်စမ်းပါဦး၊ ဒီကလေးတွေ။ အဖေနဲ့ အမေကတော့ ရှိတာလေးစုပြီးဝယ်ပေးထားပေမယ့်  အားတဲ့အချိန်လေး၊ ရုံးပိတ်ရက် လေး မှာတောင် ဖုန်းဆက်ဖို့ သတိမရကြ။ ဖုန်းအသစ်ရပြီးစမှာတောင် ကျွန်မဘက်က စဆက်မှ “မေမေနေကောင်းရဲ့လား သမီးကသတိရနေတာ ။ ရန်ကုန်မှာ မိုးတွေရွာနေပြီ မေမေရဲ့ ။ မေမေတို့ ဆီမှာရော ရွာနေပြီ လား။ သမီးက အခု ရုံးပိတ် ရက်မှာ အင်္ဂလိပ်စကားပြော သင်တန်းတက်နေလို့ မေမေ့ဆီ မဆက်ဖြစ်တာပါ မေမေရယ်” စသဖြင့်  ရွှန်းရွှန်းဝေ အောင်ပြောတတ်သည်။                        
           ဒီလိုမိုးတွင်းမျိုးမှာ အမြဲလို ရေကြီးရေလျှံတတ်သည့် အရပ်မို့၊ သူ့တို့ အဖေတွက် စိတ်မပူ တောင်၊ နေ့စဉ် ကျောင်းသွားကျောင်းပြန် ဒီမိုးသည်းသည်းနှင့် နှစ်ပါးသွားနေကျ ကျွန်မဆီတော့ ဖုန်းဆက် သင့်ပါ သည်။ နေပါစေဦ်း ။ ဒီတစ်ခေါက်သူတို့ဆီက ဖုန်းလာမှ အားရပါးရ ဆူပစ်လိုက်အုန်းမည်။ ခလုတ်ထိ လျှင်တော့ အမိတချင်ကြသည့် ဒင်းတို့ကို ဒီတစ်ခေါက်ဖုန်းလာလျှင်တော့ အလွမ်းမသည်ပဲ တကယ် စိတ်ဆိုးပြလိုက်မည်။ ဒါမှ ကျွန်မရင်ထဲမှ ခံစားရသမျှကို သူတို့နားလည်သဘောပေါက်ပြီး  နောက်ထပ် ကျွန်မကို အကြာကြီး အဆက်သွယ်မဖြတ်ရဲမှာ။
                         ဒေါသအတွေးတို့ပင် မဆုံးသေး၊ ခေါင်းရင်းအိမ်မှာ တံခါးတစ်ဖက်ဖွင့်သံနှင့်အတူ မမလှ အသံကို ကြားလိုက်ရသည်။
                    “လဲ့ရေ..လဲ့လဲ့ရှိလား ။”
                    “ သြော်၊ ဟုတ် ရှိတယ်မမလှရေ။”
                    “ အေးအေး၊ ညီမရေ ဖုန်းလာနေတယ်။”
                    “ အော်လာပြီ မမလှ ။ လာပြီ၊ ကျေးဇူးပဲ ။”
                      စိတ်ချင်းဆက်နေသည်လား ပင်မသိ၊ သမီးကြီးပဲ ဖြစ်ဖြစ်၊ သမီးငယ်ပဲ ဖြစ်ဖြစ် အချိန်ကိုက် စိတ်ဆိုးခွင့် ရပြီမို့ ထီးလေးယူပြီး အပြေးလေး ထွက်လာခဲ့သည်။ နှစ်ယောက်စလုံးကို အတူတူ ဖုန်းဝယ်ပေး ထားပြီး အဆက်သွယ်ပြတ်နေကြ သည်မှာလည်း ကြာနေပြီမို့ ဒေါသစိတ်နှင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။
                    “ ဟယ်လို’’
           တစ်ဖက်မှ မည်သည့် ခွန်းတုံ့ပြန် စကားကိုမှ မကြားရ။ သူတို့ အပြစ် သူတို့ သိသည်မို့ နှုတ် ဆိတ် နေတာလည်း ဖြစ်ချင်ဖြစ်မည်။
                  “ ဟယ်လို “
                   “ ဟယ်လို.ပြောလေ ။ သမီးကြီးလား ၊ သမီးငယ်လား ။ ဘယ်သူလဲ အကြီးမကြီးလား”
                   တဖက်မှ ဖုန်းခွက်ကို ပါးစပ်နှင့်နီးကပ်စွာထားပြီး ကျယ်ကျယ်လောင်လောင် ပြောနေကျ ဖြစ်သော ၊ ကျွန်မနှင့် လွန်စွာ ရင်းနှီး ကျွမ်းဝင်လှသည့်  အသံတစ်သံကို မမျှော်လင့်ပဲ ကြားလိုက်ရသည်။
                  “ သမီးလဲ့လဲ့လား ၊ အမေပါ။ ”
                    ရုတ်တရက် ကြက်သေသေသွားမိသည်။ ဖုန်းကိုင်ထားလျက် ၊ ကျွန်မနှုတ်ခမ်းအစုံကို အံ့သြမင်သက်စွာပင် ကျန်လက်တစ်ဖက်နှင့် ထိကပ်ထားမိသည်။
                    “ အမေ “
        ကျွန်မအသံ မထွက်ပဲ အမေ့ကို ခေါ်မိသည်။ အမေတဲ့။ သမီးဇောတွေ နှင့် ဖုန်းကိုင် ကိုင်ခြင်း၊ အမေမှန်းမသိပဲ ဒေါသစိတ်ထွေထွေဖြင့် သမီးကြီးနှင့် သမီးငယ်ဆိုပြီး ရမ်းသမ်းခေါ်ဝေါ်ခဲ့မိသည့်  ကျွန်မအမှားက  အမေ ကို စိတ်မကောင်းများ ဖြစ်သွားစေနိုင်သလား ကျွန်မ မသိပါ။
                    “ ဟုတ်ကဲ့ ….  အမေ သမီးပါ ။မေမေနေကောင်းရဲ့လား ။“
                    “ နည်းနည်း ကျယ်ကျယ်ပြောပါ သမီးရဲ့၊ ဒီမှာ နားကြပ် ပါမလာလို့ ဘာမှမကြားရဘူး ။”
                  “ လုပ်ပြီ အမေကတော့ ၊ အမေ့ကို နေကောင်းရဲ့လားလို့ မေးနေတာ။ နားကြပ်ကို အမြဲတပ် ထားပါ ဆို ပြောလို့ ကိုမရဘူး ၊ဘာလို့အခု မတပ်ထားတာလဲ ။”
                   ဂရုဏာဒေါသောနှင့် အော်ပြောလိုက်သော်လည်း နားကြပ်ပါမလာ၍ ခုနက အမေ့ကို သမီး တွေ အထင် ဒေါသနှင့် မှားခေါ်ခဲ့သည်ကိုလည်း သူကြား နိုင်မည်မဟုတ်၍ အမှန်တကယ်ပင် စိတ်သက်သာရာ ရသွားသည်။
    “ညကမိုးတွေ မတရားရွာပြီး လေတွေကလည်း ပြင်းတော့ သမီးကို စိတ်ပူပြီး ဖုန်းဆက် ချင်ဇောနဲ့ လောလော ထွက်လာလိုက်တာ၊ နားကြပ်ပါမလာဘူး။”
                  ဒီလိုဆိုတော့လည်း အမေ့ကို အပြစ်မတင်ရက်တော့သည့်အပြင်၊ ၀မ်းနည်းစိတ်ဖြင့် တုန်ရီ လှိုက်မောမိသည်။ အမေကတော့ သူ့ဝသီအတိုင်း စကားတွေ ကရားရေလွတ် ပြောနေရှာသည်။
                  “ အမေတို့ဆီမှာတော့ မိုးတွင်းဆို ရေကြီးတာက တစ်သက်လုံး ဖြစ်နေကျမို့ ရိုးနေပြီ သမီးရဲ့ ၊ စိတ်မပူပါနဲ့ ။ သမီးတို့ဆီမှာသာ ဟိုတစ်ခါ နာဂစ်ဖြစ်ပြီးသွားကတည်းက မိုးရွာလို့ လေပြင်းတိုက်ပြီဆိုရင် အမေ ကတော့ အပင်တွေကျိုး မလား၊ ရေတွေပဲ မတရားကြီးမလား၊ ကျောင်းတစ်ဖက်နဲ့ ငါ့သမီးလေး အဆင်မှ ပြေပါ့မလား၊ ဖျားနာနေမလားနဲ့  တွေးပြီး  ပူနေရတာ။ “ဲ
                    ကျွန်မဘက်မှပြန်ပြောစရာ စကားရှာမတွေ့ပဲ နှုတ်ဆိတ်နေမိသည်။အရင်လဆန်း လောက်မှ အမေ့ပါးလိုက်သည့် လူကြုံပစ္စည်း သမီးများရှိရာ ရန်ကုန်မှတဆင့် ရောက်လာပြီး အဲဒီလူနှင့်ပင် အမေ့ထံ ပြန်စာပါးပြီးကတည်း ကျွန်မအဆက်သွယ် မလုပ်ဖြစ်သည်မှာ နှစ်လကျော် လောက်ပင် ရှိနေပြီဖြစ်သည်။ အမေကျန်းမာရေးတွက် စိတ်ပူစိုးရိမ်တာမျိုး ရှိတတ်သော်လည်း ၊ကျောင်းနှင့်အိမ် လုံးချာလိုက်နေသည့် နိစ္စ ဓူဝ ကိစ္စတွေထဲ ၊ အားရင်အားသလို စိတ်ရောက်ဖြစ်တာက အဝေးက သမီးတွေဆီသာ။ ခုလို မိုးတွေ သည်းနေသည့် အချိန် အဝေးကရွာလေးထဲ အထီးကျန်နေရှာမည့် အမေ့ဆီ ဖုန်းဆက်သတင်းမေးဖို့ ကျွန်မ ဘာကြောင့်များ သတိမရမိပါလိမ့်။  ကျွန်မကို အဆက်အသွယ်မလုပ်သည့်  သမီးတွေကို စိတ်ဆိုးဒေါသ ထွက်ဖို့ အားယူထားသည့် ကျွန်မ ၊ အမေ့ရဲ့ တဖွဖွမှာနေသည့် စကားသံတွေ အောက်မှာ စုန်ရေသာရှိပြီး ဆန်ရေရှားပါးသည့်  မိခင်မေတ္တာကို လှမ်းမြင်လိုက်ရသည်။
                     “ အမေ မှာချင်တာတော့ အဲ့ဒါပါပဲသမီးရေ။ အမေ ဖုန်းချလိုက်တော့မယ်။ ခြံထဲအပင်တွေ ရှင်းရင်လည်း သတိထား အုန်း   ခြံက ကျယ်ပါသဘိနဲ့ မျော့တွေ ၊မြွေတွေ အောင်းနေတတ်တယ်။”
                   ‘’ ဟုတ်ကဲ့ပါ မေမေရယ် ။အမေလည်း သွားတာလာတာ ဂရုစိုက်ပါ်။ သမီးပြောတာရော ကြားရဲ့လား ။ကျန်းမာရေးက အရေးကြီးတယ်နော် မေမေ ။ လိုတာရှိရင်လည်း  သမီးကို ပြောအုန်း။”
    အမေဖုန်းချသွားသည့်အခါ ၊ အမည်မဖော်နိုင်သော စိတ်လှုပ်ရှားမူတစ်ခုက ကျွန်မ ရင်ကို လှုပ်ခတ်လာသည်။ ယောဂီတစ်ဘက်လေး ပခုံးမှာတင်ပြီး ဆံဖြူသွားကျိုးသော်လည်း ကျွန်မအတွက်ဆို အမြဲ အပြုံးမပျက်သည့် အမေ့ မျက်နှာလေးကို မြင်ယောင်မိသည်။ ကျွန်မ အမေ့လောက်မှ မိခင်မေတ္တာ စွမ်းအား ကြီးမားရဲ့လားဟု ကိုယ့်ကိုကိုယ် သံသယရှိ လာမိသည်။ တဖက်က ကြည့်လျှင်တော့   ဒီသံသယ တွေဖြင့်ပင် အမေတစ်ယောက် အနေနှင့် သမီးတို့အပေါ် ပိုမိုနားလည် စေနိုင်ခဲ့သည်။ ခုတော့ ကျွန်မ သမီးတို့ကို စိတ်မဆိုးတော့ပါ။ စိတ်မဆိုးသည့် အပြင်၊ အမေ့ဆီင်္မှ ကူးစက်လာပုံရသော နားလည်နိုင်စွမ်း ကြီးမားလွန်းသည့် မိခင်မေတ္တာစွမ်းအားဖြင့် သမီးတို့ နေမှကောင်းရဲ့လား ၊အဆင်မှ ပြေရဲ့လားဟု စိုးရိမ် ပူပန်လာမိသည်။ ဤစိုးရိမ်မူနဲ့အတူ ကျွန်မကိုယ်ကျွန်မ မသိလိုက်ခင်မှာပဲ  ကျွန်မ၏ လက်ချောင်းလေး များက ဖုန်းနံပါတ် ကလေးများ ပေါ်တွင် ချက်ချင်း လှုပ်ရှားသွားကြသည်။
                      “ ဟယ်လို ..သမီးလေးလား။ မေမေပါ………”

                                                                                     (ရွှေအမြုတေမဂ္ဂဇင်း ၊ဇွန်လ၊ ၂၀၁၃)

6 comments:

  1. စာအရေးအသားက အရမ်း နူးညံ့ပြီးတော့ ဖတ်ရတာ ချောနေတာပဲ
    အားကျလိုက်တာ :D

    ReplyDelete
  2. ကျေးဇူးတင်ပါတယ.် ညီမလေး။ ဘလော့လေးထဲဝင်ပြီး စာတွေဖတ်ပေးလို့

    ReplyDelete
  3. ဆက်ပြီးရေးပေးပါ။အောင်မြင် မှုများ ရပါစေ။

    ReplyDelete
  4. မထင် မှတ်ဘဲရောက်ခဲ့ပြီးတော့ခဏခဏလာလည်ပါမယ်။အောင်မြင်ပါစေ။

    ReplyDelete
  5. ကူးကူးလှိုင်September 11, 2013 at 10:25 AM

    ညီမလေးရေ ဆန်ရေဖြစ်အောင် သတိလေးထား ကြိုးစားရမှာ သားသမီးတိုင်းရဲ့တာဝန်ပါ...

    ReplyDelete
  6. အရမ်း​ကောင်းတာပဲဗျာ

    ReplyDelete