Monday, April 8, 2013

ချဉ်သွားတဲ့စပျစ်တစ်ခင်း

                  

                   “ဇာတ်လမ်းကတော့ အဲ့ဒါပဲ”
                   နန္ဒာက သူ့စကားကို ခဏရပ်လိုက်ပြီး မလှမ်းမကမ်းမှာရှိသည့် အန်တီစိုးကို ကြည့်ကာ
                   “နောက်ဆုံးတော့ သူက သူ့အလှကို အချစ်နဲ့အတူ မြေမြုပ် သဂြိ င်္ုဟ် ပစ်လိုက်တယ်။ ဒီတော့ နင်တို့ မြင်တဲ့ အတိုင်း ခုလို ပုံကြီး ဖြစ်သွားတာပဲ”
                 “ ဒါဆို အဓိက တရားခံက မိဘတွေပေါ့နော်”
                 ဆရာကြီးလုပ်ပြီး ပြောနေသည့် နန္ဒာစကားကို စိတ်ဝင်တစားဦးဦးဖျားဖျားမေးလာသူက သန္တာပင်။ ကျွန်မကတော့  ရှပ်အကျီ င်္ဖားဖား၊ ယောလုံချည်တိုတိုဝတ်ပြီး အခန်းထောင့်တွင် မျက်မှန်အထူကြီးနှင့် စာထိုင်ဖတ်နေသော နန္ဒာအဒေါ် အန်တီစိုး ကို လှမ်းအကဲခတ်မိသည်။ မဟာဆန်ဆန်လှပပါသည်ဟုဆိုသော အန်တီစိုးနဖူးပေါ်တွင် ခွေကျနေသည့် ဆံနွယ်ကလေး များနှင့် ကိုယ်ခန္ဓာ ကိုယ်အချိုးအစားပြေပြစ်သလောက် ယင်းနှင့် လိုက်ဖက်ညီစွာ မြန်မာဝတ်စုံတွေကိုသာ မြတ်နိုးစွာဝတ်ဆင်တတ်သူ ဒေါ်နွယ်နီစိုးဟူ သော ထိုအမျိုးသမီးတစ်ယောက်၏ ငယ်ဘ၀ကို မျက်စိထဲ မြင်ယောင်ကြည့်မိသည်။
                  “အဲ့ဒီတုန်းကဆို သူ့ကိုယောက်ျားတိုင်းက လည်ပြန်ငေးရတယ်တဲ့”
                သူ့အပြောမှာ အားလုံး စိတ်ဝင်စားနေကြချိန်မှာ နန္ဒာတစ်ယောက် သူ အဒေါ်ကို ထပ်ဆင့် အမွှန်းတင်နေပြန်သည်။
                   “နင့် အဒေါ်ကလည်း ဒီလောက်ကြိုက်တဲ့သူတွေအများကြီးမှာမှ ဘာလို့ အလုပ်အကိုင်မရှိ၊ ပိုက်ဆံမရှိတဲ့သူကို ရွေး ကြိုက်ရတာလဲ”
                   “ဒါတော့ ငါလည်း ဘယ်သိမလဲဟ..။ အချစ်မှာ မျက်စိမရှိဘူးဆိုတဲ့စကားက ငါတို့အဒေါ်လို လူတွေကို ဆိုလိုတာဖြစ် မှာ ပေါ့ ။ အဲ့ဒီတုန်းက ငါ့အဖွားကလည်း လက်ကြောမတင်းတဲ့ လူနဲ့ရမှာစိုးတော့ သူတို့ကိုအတင်းခွဲပြီး ပိုက်ဆံချမ်းသာတဲ့ လူတစ် ယောက်နဲ့ ပေးစားမလို့ လုပ်သေး တယ်တဲ့။ ဒါပေမဲ့ ငါ့ အဒေါ်က သူမချစ်တဲ့သူနဲ့သာယူရရင် အဆိပ်သောက်ပြီး သေမယ်လို့ ချိန်းခြောက်ထားတာ။ ဒါကြောင့် ခုထိသူအပျိုကြီး လုပ်နေတာပေါ့။ အပျိုကြီးတောင်မှ ရိုးရိုးအပျိုကြီးမဟုတ်ဘူးနော်။ ချစ်သူကို နောက်ဆုံးအချိန်အထိ သစ္စာရှိသွားတဲ့ ယောက်ျားလျာ အပျိုကြီး”
                   “ ဟား ဟား”
                   သူ့အပြောကို သဘောကျပြီး ရယ်မိကြတော့ စာဖတ်နေရာမှ အန်တီစိုးက မျက်လုံးစွေကြည့်သည်။
                    “ ရူး တိုးတိုး။ တော်ကြာ ငါတို့ သူ့အကြောင်းပြောနေတာ သိသွားဦးမယ်”
                    “ ဒါဆို သူ့ရည်းစားကရော လူပျိုကြီးပဲလား။ နင့်အဖွားလည်း ခုမရှိတော့ဘူးဆိုတော့ အသက်ကြီးမှ သူတို့ပြန်ပေါင်း ဖို့ စိတ်ကူး မရှိကြဘူးလား”
                   “အဲ့ဒီတုန်းက သူ့ရည်းစားက အရမ်း စိတ်ထိခိုက်ပြီး တေပေလေလွင့်သွားရာကနေ တပ်ထဲဝင်သွားတာလေ။ နောက်တော့  တိုက်ပွဲကျပြီး ဆုံးသွား တယ်လို့ ပြောတာပဲ”
                    “ ဟယ် သနားပါတယ်”
                    “ ဟုတ်တယ်။ ဒါကြောင့် အန်တီစိုးကလည်း သူ့ဘ၀ကို အခုလိုမျိုး ရေစုန်မျောပစ်လိုက်တာပေါ့”
                    နန္ဒာ ပြောပြသည့် အန်တီစိုးဇာတ်ကြောင်းကို နားထောင်ရင်း အချစ်ကို တန်ဖိုးထားမြတ်နိုးသော မိန်းမတစ်ယောက် ၏ အချစ်မရှိပဲ နေထိုင်နေရသော နေ့ရက်များ၏ ပျော်ရွှင်ခြင်း ကင်းမဲ့ပုံကို ကျွန်မလက်တွေ့ခံစားသိမြင် မိသည်။
                     “တစ်ယောက်နှင့် တစ်ယောက်သိပ်ချစ်ရက်သားနဲ့ တကယ်နှမျောဖို့ ကောင်းတယ်နော်”
                     ဒီတစ်ခေါက် ကျွန်မနှုတ်မှထွက်ပေါ်လာသည့် စကားကို နားထောင်မိတော့ သန္တာက ပြုံးစစဖြင့်မေးသည်။
                     “ ဘာလဲ အပျိုကြီးဖြစ်လို့ နှမျောနေတာလား”
                     “ အဲ့ဒီလိုပဲပြောရမလား။ လူတစ်ယောက်ကို ချစ်ဖို့ဆိုတာက လွယ်လွယ်နဲ့ မဖြစ်နိုင်ဘူးလေဟာ။ ကိုယ်ချစ်သလို ကိုယ့်ကို ပြန်ချစ်ဖို့ ဆိုတာ ပိုတောင်ခက်သေးမယ်။ ဒါပေမဲ့ အဲ့ဒီ အခက်အခဲံတွေထဲကနေ အချစ်ဆိုတာကြီးဖြစ်လာပြီးမှ ဘာ ကြောင့် ကြေကွဲဝမ်းနည်းရမှာလဲ။ တစ်ယောက်နဲ့ တစ်ယောက်ချစ်ပြီးမှ ဘာလို့ခွဲခွာရမှာလဲ။ ဘယ်လို အကြောင်းနဲ့မှ မခွဲခွာသင့်ဘူး။ ငါနှမျောတယ် ဆိုတာ သူတို့နှစ်ယောက် ဖန်တီး တည်ဆောက် ထားတဲ့ အဲ့ဒီအချစ်ဆိုတဲ့ အရာကို ပြောတာပါ”
                 ကျွန်မပြောသည့် စကားတွေကို နားမလည်ဟန် သူတို့နှစ်ယောက်က ပြူးကြောင်ကြောင်နှင့် ကြည့်နေရင်းနန္ဒာ တစ်ယောက် ခေါင်းကို လက်ညှိးနဲ့ထောက်ပြပြီး လက်ခါပြသည်။ ဦးနှောက် မကောင်းတော့ဘူးဆိုသည့်သဘော။ သူတို့ပြောသလို ပင် အချစ်ဆိုသည့်အရာနှင့် ပတ်သတ်လျှင် ကျွန်မလည်း ဦးနှောက်အနည်းငယ်ပျက်ချင်ချင် ဖြစ်နေသည်မှာ ဇာတ်သိမ်း မလှသော အချစ်ပုံပြင်များ အကြောင်း နားထောင်တတ်ခါစ အရွယ်မှ စတင်ပြီး ခံစားတတ်ခဲ့သည် ထင်သည်။
                                                         +                     +                   +
                  ကျွန်မက အချစ်ဝတ္ထုတွေ ဖတ်လျှင်အဆုံးသတ်ကို အရင်ကြည့်ချင်သည်။ ပျော်ရွှင်စရာကောင်းသည့် ဇာတ်သိမ်ခန်း မျိုးမှ ဆက်ဖတ်ဖို့ စိတ်အား ထက်သန်သည်။ ဒါမှလည်း ကျွန်မ ဖတ်မည့် စာအုပ်က တစုံတရာ ပျော်ရွှင်ကျေနပ်မှုကို ပေးနိုင်မည်ဟု ယုံကြည်သည်။ တနုံ့နုံ့ခံစားပြီး တခုခုလစ်ဟာ ပျောက်ဆုံးသွားသလို ရင်ထဲကျန်ခဲ့ရမည့် အလွမ်းဇာတ်လမ်းများကိုမကြိုက်။ ရုပ်ရှင် ဇာတ်ကားများဆိုလျှင်လည်း ကျေနပ်ပျော်ရွှင်ဖွယ် လက်တွဲကြလေသတည်း ဆိုသော  ဇာတ်ပေါင်းခန်းမျိုးနှင့် အဆုံးသတ်မည့် ဇာတ်မျိုးကိုသာ ရွေးချယ်ကြည့်လိုသည်။
              “ချစ်၊ကွဲ၊ညားဆိုတဲ့ အဖန်တရာတေ မဲပြာပုဆိုး ဇာတ်လမ်းတွေပဲ နင်က ကြည့်ချင်တယ်”
                ဒီလို သူငယ်ချင်းတွေ ဘယ်လိုပဲ ဝေဖန်ကြပါစေ။ ကျွန်မကလည်း Tragedy ဟုဆိုသည့် ရုပ်ရှင်ရုံထဲ မထိမ်းနိုင် မသိမ်းနိုင် မျက်ရည်ကျရပြီး အဆွေးဇာတ်လမ်းနဲ့ အဆုံးသတ်မည့် ဇာတ်ကားမျိုးဆို ဝေးဝေးက ရှောင်ချင်သည်။ ၀တ္ထုတွေ၊ ဇာတ်လမ်းတွေမှ မဟုတ် တကယ့်လက်တွေ့ဘ၀တွင်လည်း ချစ်သူတိုင်းကို ကျွန်မပျော်ရွှင်စေချင်သည်။ ရခဲလှသည့် လူ့ဘ၀ တိုတို လေးထဲ ကိုယ် တကယ် ချစ်သူနှင့် ဆုံဆည်းခဲ့ပြီးလျှင်လက်တွဲခွင့် ရအောင်သာ ကြိုးစားစေချင်ပါသည်။ ဘာမဟုတ်သည့် အကြောင်းပြချက် ကလေးနှင့် လမ်းခွဲခဲ့ရသော ချစ်သူတွေကို မြင်လျှင် ထပ်တူပြန်ပြီးအစားမရနိုင်သော ချစ်ခြင်းမေတ္တာ အတွက် သူတို့ ကိုယ်စား ကျွန်မ ကြေကွဲ ၀မ်းနည်းမိသည်။
           “ဒီလိုပါပဲ အဆင်မပြေစရာတွေများလာလို့၊ ဆက်ပြီးတွဲချင်စိတ်မရှိတော့ဘူး”
           “ ဒီလိုပါပဲ သဘောထားချင်းမတိုက်ဆိုင်ဘူးလေ”
           “ ဒီလိုပါပဲ သူ့အကြောင်းတွေကို ကိုယ်က ခုမှကောင်းကောင်းသိလာတာ”
           “ဒီလိုပါပဲ...” ဆိုသည့် စကားသည် လမ်းခွဲသွားသော ချစ်သူတိုင်း၏ နှုတ်မှလွယ်ကူစွာထွက်ကျလာတတ်သော အဓိပ္ပာယ် အမျိုးမျိုး ပါဝင်နေနိုင်သည့် ဆင်ခြေတစ်ခုဖြစ်သည်။ ကျွန်မအလှည့်ကျရင် ဒီလိုပါပဲဟူသည့် စကားနှင့် ကျွန်မ၏ အချစ်ဇာတ်လမ်း ကို အဆုံးမသတ်မိဖို့ ကြိုတင်စိတ်ကူးယဉ်မိသည်။ ကိုယ်တကယ်ချစ်သူနှင့် ဘ၀မှာဆုံနိုင်ခဲ့လျှင် အတူပျော်ရွှင်နိုင်ဖို့ မျှော်လင့်ချက် တွေ ရှိနေလျက် အခွင့်အရေးကို လက်လွတ်မခံပဲ လက်တွဲခွင့်ရအောင်သာ ကြိုးစားစေချင်သည်။ ချစ်သူနှင့် ဘ၀တစ်ခု တည် ဆောက် ခွင့် ရခြင်း သည် ဘုရားက သီးသန့် ပေးသော ကံကောင်းခြင်းလက်ဆောင်တစ်ခုဖြစ်သည်။ ထိုလက်ဆောင်ကို ပိုင်ဆိုင်ခွင့် ရဖို့ ကျွန်မတို့ ကိုယ်တိုင်ကလည်းဖန်တီးယူတတ်ရမည်ဟု စိတ်ကူးဆုံးဖြတ်ခဲ့သည်။ ကျွန်မဘ၀တွင် အချစ် အကြောင်း ကိုယ်ပိုင် ဒဿန ကလေး များစတင် တွေးတောတတ်စ အချိန်၌ အချစ်နှင့်ကျွန်မဆုံဆည်း ခဲ့ရလေသည်။
            ထိုနေ့က အင်္ဂလိပ်စာ သင်တန်းအဆင်း မိုးတွေသည်းသည်းမည်းမည်း ရွာနေသည်။ သင်တန်းမမီမှာစိုး၍ ထီး မေ့ခဲ့သော ကျွန်မက လှည်းတန်းလမ်းဆုံအနီးရှိ သင်တန်းအောက် လှေခါးရင်းတွင် ထိုင်ပြီး မိုးအစဲကို စောင့်ရင်းလက်မှနာရီကို ကြည့် လိုက်မိ သည်။ ညနေငါးနာရီခွဲမို့ မှောင်စပြု လာချိန်တွင် ဖုန်းကလည်းဘတ်ထရီ ကုန်နေပြီမို့ အိမ်ပြန်နောက်ကျမည့်အကြောင်း အမေ့ဆီဖုန်းဆက် မပြောနိုင်သေးပဲ စိတ်မော စွာပင် မိုးတိတ်ချိန်ကိုသာထိုင်စောင့်နေရသည်။
          “ ဘယ်ပြန်ရမှာလဲ”
          လက်တစ်ဖက်က ခဲရောင်မိုးကာအင်္ကျီကိုပိုက်လျက် ၊ ကျန်လက်တစ်ဖက်က ဘောင်းဘီအိပ်ထဲလက်နှိုက်ပြီး သံပန်းတံခါး ကို မီရပ်နေသော သူက ကျွန်မအခြေအနေကို လှမ်းစပ်စုသည်။ သူ့ကို ဖျတ်ခနဲမော့ကြည်လိုက်တော့ ရင်းနှီးဖူးသည့် တောက်ပ မျက်ဝန်းတစ်စုံနှင့်အတူ နှုတ်ဆက်အပြုံးကို မြင်ရသည်။ တစ်နေ့က သင်တန်းတွင် သူနှင့်ကျွန်မကို အင်္ဂလိပ်စာ အပြန်အလှန် စကားပြောလေ့ကျင့်သည့် အတွဲလေးအဖြစ်ဆရာမကရွေးချယ်ပေးခဲ့သည်။ အဲ့ဒီနေ့ခေါင်းစဉ်က Childhood memory ဆိုသော  `ကလေးဘ၀ အမှတ်တရများ´ ဖြစ်ပြီး သူက သူ့နာမည် အာကာစိုးနိုင်နှင့် ငယ်ဘ၀ မှတ်မှတ်ရရ အဖြစ်အပျက်တွေအကြောင်းကို မိတ်ဆက်ပြောပြဖူးသည်။ ကျွန်မလည်း သူ့ကိုပြုံးပြနှုတ်ဆက်မိရင်း
           “ မြေနီကုန်း ကိုပြန်ရမှာ။ ထီးကလည်းမပါလာတော့  မိုးစဲအောင် ခဏစောင့်နေတာ”
           “ သြော် ကျွန်တော်လည်း တာမွေကိုပြန်ရမှာ မိုးကလည်း မတိတ်နိုင်ဘူးနော်”
            သူက မိုးစက်ကလေးများကိုလက်ဖြင့် ခံကြည့်ရင်း ကျွန်မဘက်သို့ စောင်းငဲ့ကြည့်ရင်းဆိုသည်။ ခဏကြာတော့ သူ့ဆီမှ ဖုန်းမြည်သံကြားရပြီး အဖေဖြစ်သူကဖုန်းလှမ်းဆက်ခြင်း ဖြစ်သည်။
            “ အဖေက ဒီဘက်ရောက်လို့ ကျွန်တော့်ကိုဝင်ခေါ်မလို့တဲ့။လိုက်ခဲ့ပါလား။ လမ်းတိုက်နေတာပဲ”
           “မလိုက်တော့ပါဘူး။ ခုလည်း မိုးက နည်းနည်းစဲသွားပြီဆိုတော့ တက္ကစီ ငှားပြီးပဲ ပြန်လိုက်တော့မယ်”
           ကျွန်မ ငြင်းဆန်လိုက်တော့ သူက မျက်နှာတစ်ချက်ပျက်သွားပြီး ကောင်ကင်ကို မော့ကြည့်လိုက်သည်။ ညှိ့မှိုင်းနေသည့် ကောင်းကင်မှာ လျှပ်စီးတို့က တဖျတ်ဖျတ်လက်ပြီး မိုးချိမ်းသံကိုပါ ဆက်တိုက်ကြားရသည်။
            “ မိုးက ရွာဦးမှာပဲ။ ပြီးတော့ဒီကနေကားငှားရင် ရမှာမဟုတ်ဘူး ။ လမ်းထိပ်ကိုထွက်ငှားရမှာ”
             “ရပါတယ် ကိစ္စမရှိပါဘူး ။ သွားတော့မယ်နော်”
             ကျွန်မ ဇွတ်နှုတ်ဆက်ပြီး ထွက်လာဖို့ ပြင်တော့ သူက ရုတ်တရက်လှမ်းခေါ်ပြန်သည်။
             “ ခဏလေးနေပါဦး။ ပြန်မယ်ဆိုလည်း ထီးမပါမယ့် အတူတူ ကျွန်တော့ မိုးကာလေး ၀တ်သွားပါလား”
             “ရပါတယ် ကျေးဇူးပါပဲ ”
             “၀တ်သွားပါဗျာ။ တော်ကြာလမ်းထိပ်ထိ လျှောက်ရင်း မိုးမိနေရင် စနိုးဖျားနေဦးမယ်”
              ကျွန်မနာမည်တပ်ပြီးပြောလာသော သူ့စကားကြောင့် ကမ်းပေးလာသော ခဲရောင်မိုးကာလေးကို မငြင်းဝံ့တော့ပဲ လှမ်းယူ လိုက်သည်။ ရှည်ရှည်ပွပွ သူ့အင်္ကျီ မှာ ကျွန်မပေါင်လယ်လောက်ထိရှည်ပြီး လူတစ်ကိုယ်စာ နွေးထွေးလုံခြုံသွားသည်။ မိုးကာ ဦးထုပ် လေးကို ဆောင်းလိုက်ပြီးချိန် သူ့ကို ကျေးဇူးတင်ကြောင်း ခေါင်းညိတ်အသိအမှတ်ပြုရင်း လက်ပြနှုတ်ဆက်ဖြစ်သည်။ သူ့ ဆီမှ အကြည့် နက်နက် တစ်စုံနှင့်အတူ တိုမီ ရေမွေးနံ့သင်းသင်းလေး ကကျွန်မတကိုယ်လုံးကို  ထွေးပွေ့လွှမ်းခြုံ သွားသည်။
+   +   +
       
              ကျွန်မလက်ထဲတွင် ဖဲကြိုးပန်းရောင်လေးနှင့်ချည်ထားသော စပျစ်သီးခြင်းပုံပါသော ပို့စကတ်လေးတစ်ခုရှိနေသည်။ ထို ပို့စကတ်လေးထဲ ရေးထားသောစာကြောင်းတွေကို ဘယ်နှစ်ကြိမ်မှန်းမသိ ကျွန်မ ပြန်ဖတ်နေမိသည်။ ကာရံမကိုက်သော ထိုစာသား တွေက ကျွန်မနှလုံးသားကို ကြည်နူးသလို၊ ပျော်ရွှင်သလို၊ ရင်ခုန်သလို နှင့် ခံစားချက် မျိုးစုံ ပေးစွမ်းနေသည်။ “မိန်းမ အချစ်စိတ် တွေတက်မ နေနဲ့ဦး ရော့”ဆိုပြီး ကျွန်မလက်ထဲ သန္တာတို့ ဆောင့်ဆောင့်အောက်အောက် လာထည့်သောကတ်လေးကို နောက် တစ်ကြိမ် ပြန်ဖွင့်ကြည့်ရင်း အပြာရောင်မင်ဖြင့် ရေးထားသော စာကြောင်းတွေကို ဖတ်မိပြန်သည်။
          “ တကယ်လို့ ငါဟာဖန်ဆင်းရှင်တစ်ယောက်ဖြစ်မယ်ဆိုရင်
                           မင်း သိပ်ကြိုက်တဲ့ စပျစ်သီးခိုင်လေး ဖြစ်ချင်တယ်။
                           မင်းနှစ်သက်မယ့် ရှတတ၀ိုင်လေးတစ်ခွက် ဖြစ်ချင်တယ်။
                           မင်း ကြိုက်သလို ခူးဆွတ် အမောဖြေနိုင်မယ့် ချိုမြိန်တဲ့စပျစ်ခင်းတစ်ခင်း ဖြစ်ချင်တယ်။”
                        ချိုမြိန်တဲ့ စပျစ်တစ်ခင်းဖြစ်ချင်တယ်တဲ့။ ပြောတတ်လိုက်တာ။
ကတ်လေးကို တဒိတ်ဒိတ်ခုန်နေသော ကျွန်မ နှလုံးသားနှင့် အနီးဆုံးနေရာတွင် တင်ထားလိုက်သည်။
နားထဲတွင် နန္ဒာတို့ စကားသံတွေ ကြားနေမိသည်။
                “သူ့မိုးကာပြန်ပေးရင်း နင်လည်း နေမကောင်းဘူးဆိုရော ပြာသွားတာပဲ သိလား။ ပြီးတော့ နင့်ဆီသွားရင် သူလည်း သတင်းလိုက် မေး ချင်တယ်လို့ ပြောသေးတယ်။ ငါတို့ကလည်း နင့်အမေသိမှာစိုးတော့ ခေါ်မလာရဲဘူးပေါ့။ ဒါနဲ့နင့်အတွက် လူမမာ စာ တစ်ခုခု ၀ယ်ပေး လိုက်မယ် ။နင်ဘာကြိုက်လဲဆိုတော့ ငါတို့ကလည်း နင်စပျစ်သီး အရမ်းကြိုက်တဲ့ အကြောင်း ပြောပြ လိုက်တယ်။ မြင်တဲ့အတိုင်းပဲ စပျစ်သီး တွေ ၀ယ်ပေးလိုက်တာ နည်းတာမဟုတ်ဘူး။ အောင်မလေး ပြီးတော့ ...
သင်တန်းလာရင် ထီးယူလာဖို့ မမေ့နဲ့ဦး။ နေကောင်းအောင် နေ”ဆိုတဲ့ စာကိုတောင် စပျစ်သီးပုံပါတဲ့ ကတ်နဲ့ ရေးတာနော်။တကယ်ရူးပါပေတယ်”
ထိုစဉ် နန္ဒာက ၀င်ပြီး-
                “ချစ်ခြင်းအစ ရူးခြင်ကဆိုတာနင်မကြားဖူးဘူးလား။ ငါတို့က ကိုယ့်လူကိုယ်သာ ဂရုစိုက်ရမှာ”
                 နန္ဒာတို့ စကားများကို ပြန်ကြားယောင်ရင်း ကျွန်မတစ်ယောက်တည်း ပြုံးနေမိသည်။ ကျွန်မ စာအုပ်ကြား တွင် စပျစ်သီးပုံပါသော ကတ်ကလေးတွေတော်တော်များနေပြီဖြစ်သည်။ နန္ဒာတို့ ပြောသလိုပင် ကျွန်မလည်း အချစ်ကြောင့် တဖြည်းဖြည်း ရူးရတော့မည်ထင်သည်။ ဒီလိုနှင့်ပင် သူပျိုးခဲ့သောအချစ်ဆိုသည့် စပျစ်ခင်းထဲသို့ ကျွန်မခြေလှမ်းချလှမ်းကြည့် သည်။ သူကမ်းပေးသည့် လက်ကို ဆုပ်ကိုင်ရင်း သင်တန်းမစမီ အချိန်တွေမှာ ဘုရားအတူတူ ဖူးဖြစ်သလို နေ၀င်ချိန်တိုင်း ဆည်းဆာ အလှကိုလည်း အင်းယားက ခုံတန်းလေးတွေမှာ အတူတူထိုင် ကြည့်ဖြစ်ကြသည်။ သင်တန်းဆင်းပြီး ညနေတိုင်း လိုလို လှည်းတန်းတွင်မာလာဟင်း နှင့် ငါးကင် စားတော့ သူက ကျွန်မနှစ်ခြိုက်သည့် စပျစ်သီးတွေရှိရာ သစ်သီးဆိုင်သို့ ၀င်ပြီး အိမ်ပြန် လက်ဆောင်ပေးတတ်သည်။ သူ့အဖေ ကုမ္ပဏီတွင် ၀င်လုပ်နေသော သူက ရုံးစောစောဆင်းသည့် နေ့တိုင်း ကျွန်မ ဂိုက်လိုက်ပြ သော အိမ်သို့ လာကြိုပေး တတ်သည်။ သရေစာကြိုက်တတ်သည့် ကျွန်မအတွက် အာလူးကြော်နှင့် pop corn တွေ သူ့ကားထဲ အဆင့်သင့် ၀ယ်ပေးထားပြီး ကားမောင်း နေသည့် သူ့ပခုံးကိုမီလျက် မုန့်စားရင်း စကားတွေ ချွဲနွဲ့ပြောခွင့်ရသော အချိန်သည် ကျွန်မဘ၀၏ မမေ့နိုင် သော ပျော်စရာ အချိန်လေးတွေ ဖြစ်သည်။
                   ဒီလိုနှင့် ကျွန်မတို့ ချစ်သူသက်တမ်း ခြောက်လကျော်ချိန်တွင်တော့ မမျှော်လင့်ပဲ သူ့အကျင့်ဆိုးတစ်ခုကို ကျွန်မ သိခဲ့ရသည်။ အဲ့ဒါကတော့ သူက ပြဿနာ အခက်အခဲတွေနှင့်ကြုံတိုင်း ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားပဲ အလွယ်တကူ လိမ်ညာ ပြောဆိုခြင်းတတ်ခြင်း နှင့် ဖုံးကွယ် ရှောင်တိမ်းတတ်ခြင်းပင်။ အရင်ကသိပ်သတိမထားမိသော်လည်း နောက်ပိုင်း နန္ဒာဆီမှ သူ့ဘ၀ အမှန်ကို မထင်မှတ်ပဲ ကြားလိုက်ရသောအခါ ကျွန်မပိုမိုအံ့သြခဲ့ရသည်။  ရုတ်တရက် နန္ဒာထံမှ သိလိုက်ရသော ဒီအကြောင်းက တကယ့်ကို မယုံနိုင်စရာ။
               “ တကယ်တော့ စနိုးရေ။ သူက မိသားစုပိုင် ကုမ္ပဏီမှာ လုပ်တယ်ဆိုတာ မဟုတ်ဘူး။ သူ့အဖေက ကုမ္ပဏီပိုင်ရှင် ဆိုတာလည်း မဟုတ်ဘူး ငါတို့ သူငယ်ချင်းတွေ နင့်အတွက် သူ့အကြောင်းတွေကို ၀ိုင်းပြီးစပ်စုကြတဲ့အချိန်မှာ သူ့ပါးစပ် ထဲတွေ့ရာ အဆင်ပြေအောင် ဖြေလိုက်တာနေမှာ ။ တကယ်တမ်းကျတော့ သူ့အဖေက တာမွေက နာမည်ကြီး ၀ပ်ရှော့ တစ်ခုရဲ့ ၀ပ်ရှော့ဆရာပဲ။ သူကလည်း အားရင် အဲ့ဒီမှာ ကူပုံရတယ်။ ဒါကြောင့် နင့်ဆီလာရင် သူကားထည်လဲစီး လာနိုင်တာပေါ့”
               သူငယ်ချင်း သုံးယောက်ဆုံချိန်တွင် ထွက်ပေါ်လာသည့် နန္ဒာ၏ စွာကျယ်ကျယ် အသံတွင်ကိုသန္တာကပါ ဒေါသရောင် တောက်နေသည့် မျက်လုံးများနှင့် ထပ်မံဖြည့်စွက်ပြောသည်။
                  “ အေးလေ။ ဘာပဲဖြစ်ဖြစ် ၀ပ်ရှော့မှာ လုပ်တယ်ဆိုတာ ရှက်စရာကိစ္စမှမဟုတ်တာ။ ပြီးတော့ သူပုံစံက လည်း သန့်သန့်ပြန့်ပြန့်ပဲဆိုတော့ ငါတို့က သူစကားကိုယုံကြည်မိတာပေါ့။ ငါတို့သူငယ်ချင်းကို သူဌေးသားနဲ့ အဆင်ပြေစေချင်ပေမယ့် ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်ရင်း ပိုက်ဆံရှာနေတဲ့သူကိုလည်း ငါတို့က အထင်မသေးတတ်ပါဘူး။ သူသာတကယ် အရည်အချင်း ရှိတယ်ဆိုရင် ပိုပြီးဂုဏ်ယူသင့်တဲ့ ကိစ္စပဲမဟုတ်လား။ ဒါကိုဘာလို့ ငါတို့ကိုလိမ်ပြောမှန်းစဉ်းစားလို့ မရဘူး။ မသိရင်  စနိုးရော၊ ငါတို့ ရော ငွေမက်တာကျနေတာပဲ”
             ကျွန်မနားထဲတွင် သူတို့စကားသံတွေတိုးလိုက် ကျယ်လိုက်ဖြစ်နေသည်။ ကျွန်မမျက်လုံးထဲတွင်လည်း ကျွန်မ မကြိုက် သော ဆေးလိပ် ကို လျော့သောက်ဖို့ ပြောမိရာမှ စနိုးအတွက် ဆေးလိပ်ဖြတ်လိုက်ပြီလို့ သူပြောပြီးနောက်ပိုင်း သူ့ သူငယ်ချင်း များ
မွေးနေ့ပွဲတို့ ဆွမ်းကပ်တို့လို ပွဲတွေ၏ မှတ်တမ်းဓာတ်ပုံများမှာ သူ ဆေးလိပ်သောက်နေသည့်ဓါတ်ပုံများ တွေ့ရတတ်တာကို ပြန်သတိရမိသည်။ ဆေးလိပ်ပြတ်ပြီဆိုပြီး ကျွန်မရှေ့တွင် ဆေးလိပ် လက်ကြားမညှပ်ပဲ ကွယ်ရာကျမှ မီးခိုးတလူလူထွက်အောင် ဆေးလိပ်ခိုးသောက်တတ်သော သူကို ဓါတ်ပုံပြပြီး ပြဿနာရှာဖို့ ကျွန်မစိတ်မကူးဖြစ်ခဲ့ပါ။ အချစ်ကို ကျွန်မက ယုံကြည်သူမို့ သူ့ကို အထင်မြင်သေးစေနိုင်မည့် ကိစ္စတချို့အတွက် သူ့ဆီမှ ရှင်းပြချက်ကို တောင်းဆိုဖို့ဝန်လေး မိခြင်းသာဖြစ်သည်။ သူ့ကြောင့် ပြဿနာတစ်ခုခု ဖြစ်ပြီး ကျွန်မတို့အချစ်ဇာတ်လမ်းလေး ပြိုကွဲ ပျက်စီးသွားမှာလည်း အကြောက်ကြီး ကြောက်နေမိသေ၏ ။
               “ ဘာပဲ ဖြစ်ဖြစ် နင်သိတဲ့ အကြောင်းကိုတော့ သူ့ကိုပြောလိုက်  သိလား။ တော်ကြာ သူ့ကို ကုမ္ပဏီပိုင်ရှင်ရဲ့ သားမို့ နင်ကြိုက်ပြီး တွဲတယ်လို့ထင်နေဦးမယ်”
                “ ငါပြောလိုက်ရင် သူရှက်များရှက်သွားမလား”
          သူငယ်ချင်းတွေ ပေးသည့် အကြံဥာဏ်ကို နားထောင်ရင်း ကျွန်မ ရင်ထဲက ပူပန်မိသည့်အတိုင်း သူတို့ကို ဖွင့်ပြောတိုင်ပင် ဖြစ် သည်။
                 “ဒါက နင်ပူရမယ့် ကိစ္စမဟုတ်ပါဘူး။ သူ့ဖာသာ ရှက်ရုံမကလို့ လဲသေသေ။ နင်ဘက်ကသာ  ဘာလို့စနိုးကို လိမ်ရ တာလဲ။ စနိုးအချစ်ကို အထင်သေးတာလား။ ဘာလား ညာလားဆိုပြီး ချွဲပြလိုက်ပေါ့။ လိုအပ်ရင် ငိုပြလိုက်ပေါ့ဟာ။ သူ့ကိုလည်း နင့်ဘက်က အချစ်မပျယ်တဲ့ အကြောင်း သိအောင်ပြောရင်း သူ့ အပြစ်ကို ပို ကြီးသွားအောင် နင်ကလုပ်ရမှာ သိလား”
                  “ ဟုတ်တယ်။ ဒါမှ သူနောက်ထပ်မလိမ်ရဲတော့မှာလေ”
                  သန္တာတို့ပြောသည့် စကားတွေကို နားထောင်ရင်း သူနှင့် တွေ့လျှင် ပြောရမည့် စကားတွေအတွက် ကျွန်မစိတ်ထဲ နမူနာ စာစီကြည့်မိသည်။ နန္ဒာက ကျွန်မ မျက်နှာကို ကြည့်ရင်း တည်ငြိမ်စွာ ဆိုလာပြန်သည်။
                   “အဓိက ကတော့ လိမ်တဲ့သူအတွက်လိမ်တယ်ဆိုတာဘာမှမဟုတ်ပေမယ့် အလိမ်ခံရတဲ့သူအတွက်တော့ အစော် ကားခံရတာပဲ။ ဒါကိုသူ နားလည်ဖို့လိုတယ်။ နင်က သူ့ကိုခွင့်လွှတ်တယ်ဆိုပေမယ့် နောက်ထပ် သူမလိမ်အောင် နင်ကတားမြစ် နိုင်ရမယ်။ ကတိလည်း တောင်း ရမယ် သိရဲ့လား”
             ကျွန်မကို စိတ်ပူစွာ မှာနေသည့် နန္ဒာစကားတွေကို ခေါင်းညိတ်နားထောင်ရင်း ကျွန်မရင်ထဲ မီးတောင် တစ်လုံး ပေါက်နေသလို တမြည့်မြည့် လောင်ကျွမ်းနေသည်။ သူ့အကြောင်းတွေ ကျွန်မသိကြောင်း ပြောမိကာမှ ရှက်ရွံ့အားငယ်စိတ်နှင့် ကျွန်မအနားမှ ထွက်ပြေးသွားလျှင် မခက်ပါလား။ ကျွန်မဘ၀ထဲ သူသာပျောက်ဆုံးသွားလျှင်တော့ ကျွန်မအတွက် အရာအားလုံး အဓိပ္ပာယ်တွေ ပျောက်ဆုံးသွားပြီထင်သည်။ ဒါကြောင့် သူနှင့်တွေ့လျှင် ပြောသင့်သော စကားလုံးများ၊ ဖြေရှင်းသင့်သော ကိစ္စများ အားလုံးကို ပြင်ဆင်ခဲ့ မိပေမယ့် တကယ်တမ်း သူနှင့်ဆုံသည့်နေ့တွင်တော့  ယင်းကိစ္စကို မပြောဖြစ်တော့ပဲ ကျွန်မ မျှော်လင့် မထားသော ပြဿနာသစ် တစ်ခုက ထပ်မံစောင့်ကြိုနေပြန်သည်။ သူ့ဖုန်းကို အမှတ်မထင် ယူကြည့်မိရာမှ ဂျူးဂျူးဆိုသော နာမည်နှင့် ဖုန်းcall  များကို တွေ့ရ သည့်အပြင် မတ်ဆေ့ခ်ျဘောက်စ်ထဲတွင်လည်း သူနှင့်အပြန်အလှန်စာပို့ထားသည်များကို တွေ့ရ၍ သူ့ကိုခွင့်မတောင်းပဲ မတ်ဆေ့ခ်ျတွေ အားလုံးကို ကျွန်မ စစ်ဆေးလိုက်သည်။ မိန်းကလေးကိစ္စဆိုလျှင် ဟန်ဆောင်၍ပင် ကျွန်မက သည်းမခံတတ်သူမို့ ဒီတစ်ခါတော့ ရင်ထဲမရှင်းသမျှ သူ့ကိုဖွင့်ပြောရင်း အမှန်အတိုင်း ရိုးသားစွာ ရင်ဆိုင်ဖြေရှင်းဖို့လည်း သူ့ကို တောင်းဆိုခဲ့သည်။
             “ ကို့ကို သက်သေနဲ့မေးနေတာနော် ဂျူးဂျူးဆိုတာ ဘယ်သူလဲ ပြောလေ။ ဘာဖြစ်လို့ သူနဲ့ ဒီလောက် ဖုန်းအဆက် သွယ်ရှိနေရတာလဲ ဒီမှာကြည့်ပါဦး”
               ကျွန်မက ဖုန်းထဲမှာ တန်းစီပေါ်နေသော ကောင်မလေးနာမည်နှင့်မတ်ဆေ့ခ်ျတွေကို သူမြင်သာအောင် ပြလိုက်ရင်း
            “ ဘာမှ မဟုတ်တဲ့ မတ်ဆေ့ခ်ျတွေကို ဘာလို့ တစ်နေ့ကို သုံးခါလောက်ပို့နေကြတာလဲ။  ဒီမတ်ဆေ့ခ်ျဆို သူက ကို့ကို  I miss you လို့တောင် ရေးထားသေးတယ် မဟုတ်လား။  ကိုကလည်း ကြည့်ပါဦး အခုဘာလုပ်နေလဲ အိပ်နေပြီလား၊ တဲ့။ နောက် အိပ်မက်လှလှ မက်ပါစေ ဆိုပြီး သူ့ကို ဆုတောင်းပေးထား လိုက်သေးတယ်။   အဲ့ဒါ ဘာတွေလဲ၊ မလိမ်နဲ့နော်၊ စနိုးအမှန်အတိုင်းပဲ သိချင်တယ်”
               သူက စိတ်ရှုပ်သလိုခေါင်းကို ကုတ်လိုက်ပြီး -
                  “ ဘာမှမဟုတ်ပါဘူး စနိုးရယ် သူငယ်ချင်းပါ ။ အလကားနေရင်း ပြဿနာရှာနေတယ်ကွာ။ ဘာလဲ သူငယ်ချင်းနဲံ့ ဖုန်းတောင် မပြောရတော့ဘူးလား။ စာလည်း မပို့ရတော့ ဘူးလား။ ကို သူ့ကိုအဝေးသင်ကျူရှင်တက်ရင်းခင်လာတာ။ ကို က အလုပ်တစ်ဖက်နဲ့ ဆိုတော့ ကျောင်းပျက်ရက်တွေများလာရင် စာတွေပြန်ကူးရလွယ်အောင် အဆက်သွယ်လုပ်ထားတာပါ။ ဘာလဲ ကို့ကို မယုံလို့ လား”
                “မယုံတာတော့ မဟုတ်ပေမယ့် ကိုက လိမ်တတ်တယ်လေ၊ ဟုတ်တယ် မဟုတ်လား”
                ဒီတစ်ခါတော့  အခွင့်အရေးရတုန်းမို့ ကျွန်မလည်း နန္ဒာတို့ ပြောပြသမျှ သိခဲ့သည့် သူ့အကြောင်းအားလုံးကို ဇာတ်စုံ ခင်းပြလိုက်သည်။
                  “ တကယ်တော့ ကိုက သူဌေးသားမဟုတ်ဘူးဆိုတာ စနိုးသိပြီးသား။ ကို ရှက်သွားမှာစိုးလို့မပြောတာ။ ကိုက ၀ပ်ရှော့ဆရာ တစ်ယောက် ရဲ့သားဆိုတာလည်း စနိုးသိတယ်။သူငယ်ချင်းတွေ အားလုံးလည်း သိကြတယ်။ တစ်နေ့ကျရင် အခုလို သိမယ့်ဟာမျိုးကို ဘာလို့ လိမ်ချင်ရတာလဲ”
                   သူ  တော်တော်အံ့သြသွားပုံရပြီး ရုတ်တရက်ဘာပြောရမှန်းသိပုံမပေါ်။ နောက်တော့ မျက်နှာပျက်သွားသည်ကို ကြိုးစားပမ်းစား ပြန်ပြင်လိုက်ပြီး အမှားလုပ်ထားသူတို့ ထုံးစံအတိုင်း ကျွန်မကို မျက်နှာချိုသွေးပြီး တောင်းပန် စကားပြောသည်။
              “အဲ့ဒီတုန်းက ကို့ကြိုတင်စဉ်းစားထားတာမျိုးမဟုတ်ပဲ ရုတ်တရက်အထင်သေးခံရမှာ ကြောက်တဲ့စိတ်နဲ့ အမှတ်မထင် လေးလိမ်လိုက်မိတာပါ စနိုးရယ်။ ကိုလည်း တစ်နေ့ကျရင် တော့ စနိုးကို အမှန်အတိုင်းဖွင့်ပြောဖို့ စိတ်ကူးပြီးသားပါ ။စနိုး ကို့ကို စိတ်ဆိုး သွားမှာ စိုးလို့ မြိုသိပ်ထားရတာ။ ပြီးတော့လည်းလေ ဘာလို့ အခုလို လိမ်လိုက်ရလဲ ဆိုတော့”
               သူက စကားခဏရပ်လိုက်ပြီး ကျွန်မမျက်နှာကို စိုက်ကြည့်ကာ
               “စနိုးကို အရမ်းချစ်မိလို့ပေါ့ ။ စနိုးကို ကိုယ်လိုက်နေတဲ့အချိန်မှာ ကျွန်တော့်က ကားဝပ်ရှော့မှာ အလုပ်လုပ်တာ။ အဖေ့ကို ကူဖို့ ကျောင်းတက်ရင်း ပိုက်ဆံ ရှာရတယ်လို့ ပြောရမှာလားကွာ။ အဲ့ဒီလို ပြောမိလို့ သူငယ်ချင်းတွေကလည်း သဘော မတူဘူး။ စနိုးကလည်း  အထင်သေးပြီး လက်မခံဘူးဆိုရင် ကိုယ် တကယ်ရူးရမှာ”
               သူကကျွန်မကိုအညှာကိုင်ပြီး အချစ်ဆိုသော စကားလုံးနှင့် ကိုင်ပေါက်ပြီးပြောလာတာမို့ ကျွန်မဘက်မှပြောစရာ စကားမရှိသလို ရုတ်တရက် နှုတ်ဆွံ့အ သွားသည်။ နောက်တော့ ၀ပ်ရှော့ဆိုသည့် နေရာက ကုမ္ပဏီနှင့် မတူပဲ ပင်ပင်ပန်းပန်း လုပ်ရမည့် သူ့အဖြစ်ကိုတွေးမိပြီး ကျွန်မချစ်သူကို သနားမိသွားသည်။
              “ကို့ဘ၀အမှန်ကို သိသွားရင် စနိုးကို့ကိုထားခဲ့မှာကို အမြဲကြောက်နေခဲ့ရတာပါ်။ ကို့ကို ဘယ်တော့မှ မထားခဲ့ ပါနဲ့ နော်”
              သူက ကျွန်မကို ရီဝေစွာကြည့်ပြီးပြောချိန်၊ ကျွန်မလည်း သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်အားပေးလိုက်မိသည်။ သူ့လက် များ က ကျွန်မကို လွှတ်ထွက်သွားမှာစိုသည့်အလား တင်းကြပ်စွာ ဆုပ်ကိုင်ထားစဉ်တွင် သူ့မျက်ဝန်းထဲမှ ရိုးသားမူကို ကျွန်မ ရှာဖွေ ကြည့်မိသည်။ လူတစ်ယောက်၏ မျက်ဝန်းများက စိတ်၏ တံခါးပေါက်ဖြစ်မည်ဆိုလျှင် သူ့ရင်ထဲမှ ခံစားချက်များ ကို လည်း မျက်ဝန်း မှတဆင့် ထွင်းဖောက်သိမြင်နိုင်မလား။ ကျွန်မကိုယ်တိုင်က အတွေးထဲမှာ တကယ့်ကို ဇဝေဇ၀ါ။     ကျွန်မတို့ကိစ္စကို သူငယ်ချင်းတွေကို ပြန်ပြောပြတော့  အချစ်ဆို သည့် ဆင်ခြေ နှင့် အလွယ်ကူဆုံး ဖြေရှင်းသွားသည့်  သူလိုလူအပေါ် ထားရှိသောကျွန်မ၏ နားလည်နိုင်မူ တွေအတွက် သူတို့ ထပ်မံသတိပေး စကား ပြောကြပြန်သည်။  
              “ နင်လည်း သိပြီးသားပဲ စနိုးရယ်၊ ပထမအကြိမ် နဲ့ ဒုတိယအကြိမ်အလိမ်ခံရရင် လိမ်တဲ့သူရဲ့ အပြစ်ပဲ။ နောက် တတိယတစ်ကြိမ် ထပ်အလိမ်ခံရရင်တော့ အပြစ်ရှိတဲ့သူက ခံရတဲ့သူပဲ ဆိုတာကို နင်မမေ့နဲ့”
              တတိယအကြိမ်အလိမ်ခံရမည့်အဖြစ်ကို ကျွန်မဘယ်တုန်းကမှ မရောက်ချင်ခဲ့ပါ။ ဒါပေမဲ့လည်း ကံတရားကကျွန်မကို တတိယအကြိမ် အလိမ်ခံခြင်းဖြင့် အပြစ်ရှိသူတစ်ယောက် ဘ၀မရောက်အောင် တမင် အကွက်ဆင်ဖန်ဆင်းသည်ဟု ကျွန်မ ယူဆယုံကြည်စရာဖြစ်လာခဲ့ပါသည်။            “သူခြေလှမ်းတွေ ပျက်နေလား” လို့ သန္တာက မေးတော့ ကျွန်မက အနည်းငယ်အံ့အားသင့်မိသည်။ တစ်ပတ်သုံးလေး ရက်လောက်  ကျွန်မတို့ ပုံမှန် တွေ့ဖြစ်သည့်အပြင် ၊ တွေ့တိုင်းလည်း စားစရာမုန့်ဖြစ်ဖြစ်၊ စပျစ်သီးချိုချိုလေးတွေဖြစ်ဖြစ် ယူလာ တတ်သည့် သူ့အကျင့် ကလည်း မပြောင်းလဲသေးပေ။  ဒါ့အပြင် တစ်ရက်ခြား ပုံမှန်ဖုန်းပြောစဉ်တွင်လည်း နွေးထွေကြင်နာ နေကျ သူ့အသံကြောင့် ရုတ်တရက် မေးလာသော သန္တာမေးခွန်းအတွက် ကျွန်မအံ့သြမိခြင်းဖြစ်သည်။  တကယ်တော့ သန္တာက သူကို ဆံပင်ဂုတ်ဝဲ ကောင်မလေး တစ်ယောက်နှင့် တွဲလျက် တစ်နေ့တည်း နှစ်ကြိမ် လှမ်းတွေ့လိုက်ရသည်မို့ ကျွန်မကို စိတ်ပူပြီး မေးလာခြင်းဖြစ်သည်။         
               “ သူမှ သူအစစ်ပဲ စနိုးရဲ့။ စကော့ဈေးထဲက နင့်ဖောက်သည်ဆိုင်မှာ ငါအင်္ကျင်္ီအပ်ပြီးအပြန် ။သူတို့နှစ်ယောက်က  နှစ်ဆယ့်ရှစ်လမ်းထဲက ထွက်လာပြီး စူပါဝမ်းထဲကို ၀င်သွားတော့တာပဲ။ ငါလည်း လိုက်ကြည့်ဦးမလို့ ။ဒါပေမဲ့ သူငယ်ချင်းပဲ ဖြစ်မယ် ထင်လို့ လိုက်မကြည့်တော့တာ။ ညနေကျတော့ ငါတို့လမ်းထိပ်က လမ်းငါးဆယ်မှတ်တိုင်ရှေ့မှာ ကားစောင့်နေတဲ့ သူတို့နှစ် ယောက်ကို ထပ်တွေ့သေးတယ်”
              “လက်တွေဘာတွေများ  ကိုင်ထားသေးလား”
               “ လက်တော့ မကိုင်ထားဘူးထင်တာပဲ။ သူငယ်ချင်းလား ဘာလား”
            ပခုံးတစ်ချက်တွန့်ပြီးပြောလာသည့်သန္တာစကားကို ကြားပြီးသည့်နောက်ပိုင်း ကျွန်မမှာ သူ့နှင့်ပတ်သတ်ပြီး အလုပ်နှစ်ခု ပို လာသည်။ အဲ့ဒါကတော့ကျွန်မနှင့် မတွေ့ဖြစ်သောနေ့တွင် သူ ဘယ်သူနှင့် ဘယ်ကိုသွားလဲ ဆိုတာစစ်ဆေး မေးမြန်းဖို့နှင့် ကျန်တစ်ခုမှာအခွင့်အရေး ရရင်ရသလို သူ့ဖုန်းကို စစ်ဆေးမိခြင်းဖြစ်သည်။ ဒီလိုနှင့်တစ်ရက်တော့ သူမောင်း နေသည့်ကားပေါ်တွင် သီချင်းနားထောင်ဖို့ သီချင်းခွေရှာရှင်း သူကိုင်နေကျ ဒိုင်ယာရီစာအုပ်လိုလို လိပ်စာစာအုပ်လိုလို စာအုပ် ကို လှမ်းဆွဲမိလိုက်ရာမှ ဓါတ်ပုံတစ်ပုံ ထွက်ကျလာသည်။ ဆံပင်ကုတ်ဝဲလေးနှင့် မေးထောက်လျက် အိုက်တင်ထုတ်နေသော  မိန်းကလေး တစ်ယောက်၏ အလှဓါတ်ပုံဖြစ်သည်။                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           ဓါတ်ပုံကိုကြည့်ပြီး သန္တာစကားတွေ ပြန်ကြားလာကာ ရင်ထဲဗလောင်ဆူသွား သည်မို့ သူ့ကိုပင်မမြင်တော့ပဲ ဓါတ်ပုံနောက်ကျောကို ကြည့်လိုက်တော့ ကြွေဟူသော လက်မှတ်နှင့် နေ့စွဲကိုသာ တွေ့လိုက်ရ သည်။ တခြားဘာမှ ထူးထူးခြားခြား ရေးမထားသည်မို့ ဓါတ်ပုံကို ကျွန်မဟိုဘက်ဒီဘက်အကြိမ်ကြိမ်လှန်ကြည့်နေ သည်ကို သူက ကြည့်ရင်း “အဲ့ဒါ ကို့ညီမ၀မ်းကွဲလေး ပုံပါ စနိုးရယ်” ဟု အေးဆေးစွာဆိုသည်။ ကျွန်မက သူတို့နှစ်ယောက်ကို သန္တာ တွေ့ခဲ့သည့် အကြောင်း ပြောမည်ဟု ရည်ရွယ်ပြီးကာမှ၊ ကျွန်မ မျက်ဝန်းတွေကို ရင်မဆိုင်ရဲသည့်သူ့ကို ဓါတ်ပုံနှင့် ပတ်သတ်ပြီး ကျွန်မ မယုံကြည့် အကြောင်းကိုသိစေရန် မေးခွန်းတစ်ချို့ကို သာ မေးလိုက်သည်။              
             “ညီမ ဟုတ်လား။ ဘယ်လိုလုပ်ပြီးများ သူ့ ဓာတ်ပုံက ကို့စာအုပ်ထဲကို ရောက်နေတာလဲ”
             “ သြော် ကိုနဲ့တွေ့တုန်းက သူကျန်ခဲ့တာလေ။ အဲ့ဒါ ပြန်ပေးရမှာမို့ သိမ်းထားတာပါကွာ”
             ကျွန်မက ဓါတ်ပုံကို အားရပါးရ ဆုတ်ဖြဲပြီး “မယုံဘူး လုံးဝမယုံဘူး” လို့ အော်ဟစ်ပေါက်ကွဲ ပြဿနာရှာ လိုက်ချင်သော် လည်း တကယ် လက်တွေ့တွင်တော့ ကျွန်မ တေမိဖြစ်ရပြန်ပါပြီ။ ပျော့ညံလွန်းသော မိန်းမတွေ၏ သဘာဝအတိုင်း အချစ် ရှေ့တွင် ဒူးထောက် အညံ့ခံလိုက်ရသည့် ကျွန်မ သူနှင့် ပတ်သတ်ပြီး အကြိမ်ကြိမ် ရှုံးပြီးရင်းရှုံးနေရတော့သည်။ ကျွန်မ မျှော်လင့်တကြီး တည်ဆောက်ချင်သော အိပ်မက်ကလေးပြိုကွဲ ပျက်စီးမှာ စိုးရိမ်မိသောကြောင့် သူ့ကို ဒီထက် စိတ်ရှုပ်စရာ မေးခွန်း တွေ ထပ်မမေး ဖြစ်တော့။ အဓိပါယ်မရှိသော မုသားဆင်ခြေတွေက ကျွန်မ အတွက်စိတ်သက်သာရာရမူ ကို မပေးစွမ်းနိုင်သလို သူ့ ဘက်က ဟုတ်ပါသည် မှန်ပါသည်ဟု ၀န်ခံလိုက်လျှင်လည်း ရင်ကွဲရမှာ ကျွန်မသာဖြစ်သည် ။ ဒါကြောင့်  စိတ်ရှုပ်ထွေး ခြင်းများ စွာ နှင့် ကျွန်မသူ့နံဘေးနားတွင် တိတ်ဆိတ်စွာ ထိုင်နေစဉ် မရဲတရဲနှင့် သူ ကျွန်မကို စကားလှမ်း ပြောသည်။        
              “ ဒါနဲ့ ပြောရဦးမယ် စနိုးရယ်။ ကိုတို့ အဝေးသင် စာမေးပွဲတွေ ဖြေရတော့မယ်။ ဒါကြောင့် ကိုလည်း ကျူရှင်တက်ရမှာမို့  ဒီလတော့ စနိုးနဲ့ကို သိပ်တွေ့ဖြစ်မှာ မဟုတ်ဘူး။ စနိုး လည်း စာသင်နေတဲ့ ကလေးတွေ စာမေးပွဲလည်း ရှိသေးတယ်ဆို။ဒီတော့  နောက်လ လောက်မှပဲ ကိုယ်တို့ တွေ့ကြတာပေါ့”
               “ စာမေးပွဲရှိတာ ဟုတ်လို့လား”
              “လုပ်ပြီကွာ စနိုးကတော့ ကို့ပြောသမျှဆို မယုံသလိုဖြစ်နေတော့တာပဲ “
             သူက သက်ပြင်းရှည်ကြီးကို စိတ်မောသွားဟန်မုတ်ထုတ်လိုက်ရင်း ကျွန်မကိုတချက်စောင်းငဲ့ကြည့်ရင်း မျက်နှာ ထားခပ် ညိုညိုဖြင့်ဆိုသည်။ အဲ့ဒီအချိန်မှာပဲ တိုက်တိုက် ဆိုင်ဆိုင်သူ့ဖုန်းက အသံမြည်လာသည်။
             “ ဟယ်လို”
                “ အင်း....အခုကားမောင်းနေတာ ။ နောက်မှပြန်ဆက်လိုက်မယ် နော်”
              ကျွန်မက  သူ့ကို စိုက်ကြည့်ရင်း သူ့အသံကို နားစွန့်နေတာမို့ အခြေအနေကို သူသဘောပေါက်ပုံရသည်။
                “ သြော် ဒါဆို ကိုညကျရင် ပြန်ခေါ်လိုက်မယ်”
                သူ့အိတ်ထဲထည့်လိုက်သည့် ဖုန်းကို ဆွဲယူကြည့်လိုပေမယ့် သူ့ကိုထပ်မယုံကြည်ဘူးဆိုပြီး စကားများမည်ကို စိုးသောကြောင့်  မသိချင် ယောင် ဆောင်ရင်းလေသံမာမာဖြင့် ကျွန်မမေးခွန်းထုတ်လိုက်သည်။
                  “ ဒါက ဘယ်သူဆက်ပြန်တာလဲ”
                  “ကိုနဲ့ မေဂျာတူအဝေးသင်က သူငယ်ချင်းပါ စနိုးရယ်။ အနီးကပ်တွေစတော့မှာမို့ ကျူရှင်ကြိုတက်ဖို့ လှမ်း သတိပေး တာလေ”
                  “ သူငယ်ချင်း ကိုလည်း ကိုလို့ပြေတာပဲလား”
                   ဘုကြည့်ကြည့်ပြီး မေးလာသော ကျွန်မကို သူက ပြုံးလျှက်
                  “ သူက  ကိုယ့်ထက်ငယ်တယ်လေကွာ၊ စနိုးလိုပဲပေါ့”
                  “ ဘာ..။စနိုးလိုပဲ ဟုတ်လား ”
                    ကျွန်မလည်း နဂိုတည်းကဒေါသအရှိန်နှင့်မို့ လေသံမာမာနှင့်သူ့ကိုကြည့်ပြီး အော် ပြောလိုက်သည်။
                  “ အာမဟုတ်ပါဘူး။ ရှုပ်ကုန်ပြီ၊ စနိုးနဲ့ အတူတူပဲ အသက်ငယ်တယ်လို့ ပြောတာ”
                   ကျွန်မစိတ်ရှုပ်စွာ ထိုင်ခုံပေါ်သို့ ကျောမီချရင်း မျက်စိနှစ်ဖက်ကိုမှိတ်ထားလိုက်သည်။
                  “ စိတ်မဆိုးပါနဲ့ကွာ ။ စနိုးခုနက သီချင်းခွေရှာနေတာမလား။ ဒီမှာ ရှိပါတယ်ဗျာ။ စနိုးအရမ်းကြိုက်တဲ့ စင်ဒီ့ သီချင်း လေး ကို ဖွင့်ပေးမယ်နော်”
                    သူ့အသံခပ်တိုးတိုးနှင့် ကျွန်မကို ချော့မြူပြီး ကျွန်မနှစ်သက်သည့် သီချင်းလေးကို ဖွင့်လိုက်သည်။
                    `ပျော်နေမယ်ပြန်တွေးတိုင်းxxxကိုယ်မကြိုက်တာအမြဲရှောင်ကာ ငြိငြင်စရာမရှိ မင်းကိုယ့်ဘက်ကို အလေးပေး တာxxx ကြင်နာတဲ့စကား မင်းနှုတ်ခမ်းပါးကအမြဲကြားခဲ့xxx တို့အတိုင်းထက်အလွန်ချစ်သည် အားလုံးနားလည်ထား xxx ပျော်နေမယ် ပြန်တွေးတိုင်း xxx အချစ်ရေးကံကောင်းသူပါxxx သံသရာအရှည်အထိ မင်းအနီးနားနေရင်းနဲ့သာxxx သံသရာရှည်အထိ အလှမ်းဝေးလည်းရင်ထဲ မင်းပါxxx ကိုယ်ယုံမယ်အချိန်တိုင်းလည်း အချစ်ဆုံးနားလည်ပါ´
                    ကားထဲလွင့်ပျံလာသည့် စင်ဒီ့သီချင်းသံလေးကို နားစွန့်ရင်း သူနှင့်ပတ်သတ်ပြီး ကျွန်မကတကယ်ပဲ အချစ်ရေး ကံကောင်းသူလား။ အချစ်ကြောင့်တကယ်ပဲ ပျော်ရွှင်နိုင်သူလား ဆိုတာကို ပြန်သုံးသပ်နေမိသည်။
                                                          +                 +                        +
                      ကျွန်မနှင့်သူ သုံးပတ်လောက်မတွေ့ရတော့ ဖုန်းအဆက်သွယ် မပြတ်သည့်ကြားက လူချင်းမဆုံနိုင်သေးသည်မို့ အရင်ကထက်ပင် တိုးလို အကြင်နာ ပိုမိသည်။ သူကလည်း စာမေးပွဲ့ကိုဦးစားပေးနေရ၍ မတွေ့ဖြစ်ပေမယ့် ကျွန်မကိုလွမ်းသည့် အကြောင်း တဖွဖွပြောတတ်သည်။ ဒီလိုဖြင့် မတွေ့ရတာကြာလေ၊ တွေ့ချင်လေ တွေ့ခွင့်မရသည့်အချိန်မှာ သူနှင့် ဆုံဆည်း နိုင် မည့် နေ့ရက် တွေသာ ကျွန်မလက်ချိုးရေတွက်မိသည်။ တစ်ရက်တော့ ကျွန်မအပ်ထား သည့်အင်္ကျီ တွေရပြီမို့ အထည်တွေပြန် ရွေးဖို့ အဖော်မခေါ်ပဲ ကျွန်မတစ်ယောက်တည်းပဲ ဗိုလ်ချုပ်ဈေးသို့ ထွက်လာခဲ့ သည်။ ဆိုင်မှအင်္ကျီထည် တွေရွေးပြီး အထုတ်တွေ တပွေ့ တစ်ပိုက်နှင့် လျောက်လာရင်း မလှမ်းမကမ်းမှ အတွဲတစ်တွဲကို မရည်ရွယ်ပဲ ကျွန်မ ကြည့်လိုက် မိသည်။ လမ်းလျှောက်ရင်း စကား တွေ တတွတ်တွတ် ပြောနေသော လိုက်ဖက်လွန်းသည့် အတွဲလေးတစ်တွဲကို လှမ်းတွေ့ရသည်။ လျှာထိုးဦးထုပ် စောင်း ထား သည့် ကောင်လေးက သူ့ချစ်သူဖြစ်သူကောင်မလေး၏ ပခုံးပေါ်လက်တင်ထားပြီး ကောင်မလေးက ကောင်လေးခါးကို သိမ်း ကျုံးဖက် ထားသည်။
                        မိုးမမြင်လေမမြင်၊ ကမ်းမမြင် လမ်းမမြင် ဆိုတာ ဒါမျိုးနေမှာလို့ တွေးလိုက်မိရင်း လူအုပ်ကြီးကြားထဲမှာ သူတို့ အတွဲကို ပိုလို့ သတိထားမိသွားသည်။  သူတို့နောက်နား မလှမ်းမကမ်းမှ အကဲခတ်မိနေစဉ် ရင်းရင်းနှီးနှီးတွေ့ဖူးသည့် ကောင်လေး ၏ လမ်းလျှောက် ပုံတွေကို မြင်ရသည်။ ဒါ့အပြင် ကောင်လေး လက်တစ်ဖက်မှ ကိုင်လာသော မီးခိုးရောင် မိုးကာ လေးကို တွေ့လိုက်ရချိန် သေချာမှုတစ်ခုကသူတို့နားသို့ ရောက်အောင် ကျွန်မခြေလှမ်းများကို အလိုလို အရှိန်တင်ပြီးသား ဖြစ်သွားသည်။ ကောင်မလေးကို စကားပြောနေသော ကောင်လေး၏ ဘေးတိုက်မျက်နှာအနေအထားကို မြင်လိုက်ရ ချိန် တွင် ကျွန်မ ခြေလှမ်းများ ရပ်တန့်သွားရပြီးကျွန်မလက်ထဲက အကျီ င်္ထုတ်လေး ရုတ်တရက်  ပြုတ်ကျသွား လေသည်။ မိုးမမြင်လေမမြင်နှစ်ယောက်က  တော့ ကျွန်မကို မမြင်နိုင်ကြရှာလေ။
သြော် ကျွန်မက မတွေ့ရသည့်နေ့ တွေတိုင်း အလွမ်းသည်သမျှ သူ့ကတော့ ခုလိုအတိုးချပျော်နိုင်နေနိုင်သည်ကိုး။ ယောင်တိယောင်ကန်းဖြင့် သူ့တို့နှစ်ယောက်ကို ရုတ်ချည်း တိတ်တဆိတ်ကျောခိုင်းပြီး ထွက်လာခဲ့သော် လည်း ကျွန်မ မျက်လုံး ထဲတွင်တော့ သူတို့နှစ်ဦးပုံရိပ်တွေ စွဲကပ်လိုက်ပါလိုက်တော့သည်။ ဒီလိုနှင့်ကျွန်မ၏ ကိုယ်ပိုင်အချိန်တွေကို သူတို့နှစ်ဦးက အပိုင်သိမ်းထားပြီး ကျွန်မကို အရုးလုပ်နေကြသည်ဟု တွေးမိလိုက်တိုင်း ထိုပုံရိပ်တွေက ကျွန်မကိုရင်ကွဲ မတတ် နာကျင်ခံစား ရစေသည်။              ထိုရက်ပိုင်းမှာ သူနှင့် မတွေ့ပဲနေကြဖို့ သဘောတူထားသည့် ကာလကလည်း တစ်ပတ်လောက်လိုသေးပြီး သူ့စာမေးပွဲ ရက်လည်း ဖြစ်နေသဖြင့် ကျွန်မတစ်ယောက်တည်း သောကပင်လယ်ထဲမှာ ခြေကုန်လက်ပန်းကျ ကူးခတ်ရင်းတစ်ဖက်မှာတော့ ဘာဆက် လုပ်ရ မည်ကို တွေးတောချင့်ချိန်စဉ်းစားစရာ အချိန်ရသွားခဲ့သည်။ ရက်စေ့သွားသည့်နေ့မှာတော့ ကျွန်မကစပြီး ဖုန်းဆက်ကာ တွေ့ဖို့ချိန်း ဆိုလိုက် သည်။ တကယ်တမ်း ဆုံတွေ့ချိန်တွင်တော့ ကျွန်မကို လှလှပပ ပညာပြတတ်လွန်းသူ ကျွန်မချစ်သူက ကျွန်မနှစ်သက် သည့် စပျစ်သီးတွေ တပွေ့တပိုက်နှင့် ကျွန်မရှေ့ရောက်လာသည်။
            “ပြီးခဲ့တဲ့ အပတ်တနင်္ဂနွေနေ့လည်က ကိုဘယ်မှာရှိနေလဲ”
            “ ဘယ်မှာရှိရမှာလဲ နောက်နေ့စာမေးပွဲဆိုတော့ အိမ်မှာ ကိုစာကျက်နေတာပေါ့”
            “အဲ့ဒီနေ့က ကို့ကိုစနိုးကတွေ့လိုက်တယ်ဆိုရင်ရော၊ တစ်ယောက်တည်းမဟုတ်ပဲ ၊ ကောင်မလေး တစ်ယောက် နဲ့ တွေ့လိုက်တယ်ဆိုရင်ရော ကိုဘာပြောမလဲ”
            ကျွန်မ စကားသံတွေကို ကြားတော့ သူဟန်မဆောင်နိုင်အောင် မျက်နှာပျက်သွားပြီး
            “ သြော်- စနိုးက ကိုတို့ကိုတွေ့သွားတာကို။ ကဲပါလေ ကို စနိုးကို အမှန်တိုင်းပဲ ပြောပါမယ်                              တကယ်က ဘာမှမဟုတ်ပါဘူး ။ သူက စနိုးထက်အရင်တွေ့ခဲ့ဖူးတဲ့ ကိုယ့်ရည်းစားဟောင်း။ ကိုယ်က သူ့ကို စနိုးအကြောင်း ပြောပြီး ဖြတ်နေတာ ကြာလှပြီ။ သူကလေ ဘယ်လိုမှ ပြောလို့မရလို့ အဲ့ဒီနေ့က တကယ်နောက်ဆုံး တွေ့ဖို့ ဆုံးဖြတ်ထား ပြီးသွား တွေ့လိုက်တာကို စနိုးက တွေ့သွားတာ။ နောက်ထပ်လည်း သူနဲ့တွေ့စရာ အကြောင်းမရှိတော့ဘူး။ ဘယ်တော့မှ မတွေ့တော့ဘူး။ ကိုက စနိုးတစ်ယောက် တည်းကိုပဲ ချစ်တာ။ စနိုးနဲ့ပဲ လက်တွဲချင်တဲ့သူပါ။ ကို့ကို ခွင့်လွတ်တယ် မဟုတ်လားဟင်”                                                      
                              ကျွန်မမှာ သူပြောသမျှစကားကို နားထောင်ရင်း ကျွန်မအပေါ် သစ္စာမဲ့တတ်သော်လည်း တကယ်ချစ် ကြောင်း တဖွဖွပြောပြီးတောင်းပန်နေသော ထိုသူကို ရှားပါးသတ္တ၀ါလို ငေးမောကြည့်မိသည်။
                          “ဒါဆို ကိုက ရည်းစားရှိရဲ့်သားနဲ့ စနိုးအချစ်ကိုလိမ်ပြီး ယူခဲ့တာပေါ့”
                         “ဟာ အဲ့ဒီလိုမဟုတ်ပါဘူး။ ပြောရက်လိုက်တာစနိုးရယ်။ ကိုကစနိုးတစ်ယောက်တည်းကိုပဲ မြတ်နိုးခဲ့ရတာ။ သူတို့က ကိုနဲ့ပတ်သတ်ခဲ့ဖူးတယ်ဆိုပေမယ့် ကို့်ဘ၀တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် ဘာဆိုဘာမှမဟုတ်ပါဘူး စနိုးရယ်”
                          ပြာပြာသလဲ ရှင်းပြပြောဆိုနေသည့် သူ့စကားသံများကို ကြားရချိန် ကျွန်မသူ့အပေါ်တွင် ထားရှိခဲ့သော အထင်ကြီးလေးစားမူများအားလုံးလည်း အရည်ပျော်ပျောက်ဆုံးသွားတော့သည်
                         “သူတို့ဆိုတော့ နေပါဦး စနိုးမေးလိုက်ပါဦးမယ်။ အခုစနိုးတွေ့ရတဲ့ကောင်မလေးက ဖုန်းထဲက ဂျူးဂျူးလား၊ ဓါတ်ပုံထဲက ကြွေလား။ ဒါမှမဟုတ် စနိုးမသိသေးတဲ့ နောက်ထပ် ကို့ရဲ့ နံပါတ်အသစ်လေးလား”
                       ကျွန်မစကားက သူ့အရှိုက်ကိုရည်ရွယ်ပြီးထိုးသွင်းလိုက်သည့် လက်သီးတစ်လုံးလို သူ့ကိုထိပ်လန့်အံ့သြ သွားစေသည်။ သူက မျက်နှာ ပျက်ပျက်၊ လေသံတိုးတိုးနှင့်
                      “စနိုးရယ် ဘာဖြစ်နေတာလဲကွာ”
                        ထွက်ပေါက်မဲ့နေသော ကြောင်လေးတစ်ကောင်လို သူ့အသံမှာ တစ်စထက်တစ်စ တိုးလျညင်သာပျောက် ဆုံးနေ သည်။ နောက်ဆုံးတော့ အမှန်တရားကို သိချင်နေသည့်ကျွန်မ၏ မျက်ဝန်းများကို ကြိုးစားရင်ဆိုင်လိုက်ရင်း
                         “ဟုတ်ပါတယ် သူကစနိုး မသိသေးတဲ့ နောက်တစ်ယောက်ပေါ့။ ဒါပေမဲ့ ဒီထက်ရှင်းအောင် ပြောရရင်စနိုးနဲ့ ကို မဆုံခင်ကတည်းက သူ့ကို ကိုလမ်းခွဲပြီးသား။ အခု နောက်ပိုင်းမှ သူ့ဘက်ကပြန်ပတ်သတ်လာတာကို သနားပြီး ကိုလက်ခံမိ သွားရာက ခုလို ဇာတ်လမ်းတွေ ရှုပ်သွားတာ။ ကို သိပ်မှားသွားပါတယ် စနိုးရယ်။ နောက်ဆုံးအနနဲ့ ကို့ကိုခွင့်လွှတ်ပေးပါနော်”
                           သူ၏ တိုးလျလျ စကားသံတွေက ကျွန်မဒေါသမီးကို ငြိမ်းနိုင်သည့် ရေစင်များမဟုတ်ပဲ လောင်စာ သစ်များဖြစ်နေသည်ကို သူနားမလည်လေလျော့သလား။
                         “ဒါဆို ဟိုနှစ်ယောက်ကရော ရှင့်ညီမလား၊ ရည်းစားလားပြောပါဦး၊ အမှန်အတိုင်းပြောနော်”
                         သူ သက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း
                         “သူတို့တွေ အားလုံးက ကိုနဲ့ အပျော်ပတ်သတ် ခဲ့တာပါ။ ကိုယ်အမှန်အတိုင်း ၀န်ခံတာနော် ကိုတစ်ဘ၀တာ အတွက် စနိုးတစ်ယောက်တည်းကိုပဲ အလေးအနက်ထားတာပါ”
                       ကျွန်မ ရင်ထဲ ဖျတ်ခနဲဝင်လာသည့် အတွေးက သူ ကျွန်မကိုလည်း အပျော်တွဲတာပါလို့ ကောင်မလေးတွေကို မပြောဖူးလို့ ပြောနိုင် ပါ့မလား။ အဲ့ဒီ သံသယအတွေးနဲ့တင် ကျွန်မ မျှော်လင့်တကြီးတည်ဆောက်ထားသော အချစ်အိပ်မက်ကလေး ပြိုကွဲပျက်စီးခဲ့ပြီ ဆိုတာ သေချာစွာသိလိုက်ရသည်။
                       ‘’ ကိုယ့်ဘ၀မှာ စနိုးတစ်ယောက်တည်းကိုပဲ ချစ်ခဲ့ရတာပါ။  စနိုးနဲ့ပဲ ဘ၀တစ်ခုကို တည်ဆောက်ချင်ခဲ့ တယ်ဆို တာကိုတော့ ယုံကြည်ပေးပါ”
                               သူက သူ့၏ နောက်ဆုံးလက်နှက်ဖြင့် ကျွန်မအသည်းနှလုံးကို သိမ်းပိုက်ဖို့ ကြိုးစားစဉ်တွင် ကျွန်မ၏ အမြင်အာရုံများအားလုံး မှုံဝါးသွားကြသည်။ ကျွန်မ ငိုနေမိပြီလား။ ဟင့်အင်း.. ဒီအချိန်သူ့ရှေ့မှာ မျက်ရည်ကျဖို့ ကျွန်မ မာနက ခွင့်မပြုပါ။
                         “ကိုတို့ချင်း တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတာပဲ။ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ချစ်သူချင်း ပြဿနာ ဖြစ်ရအောင် မလုပ်ပါနဲ့နော်။ စနိုးသာ ကို့ကို ခွင့်လွှတ်မယ်ဆိုရင် စနိုးစိတ်ညစ်အောင် ဘယ်တော့မှမလုပ်တော့ဘူးလို့ ကတိ ပေးပါတယ်”
                          သူကတောင်းပန်သည့် စကားတွေ ထပ်ခါထပ်ခါရေရွတ်ရင်း ကျွန်မ စိတ်ညစ်လာသည့်အချိန်တိုင်း အကြိမ်ကြိမ်ပျော်ရွှင်ကြည်နူးသွားအောင် ပြုစားနိုင်သည့် ကျွန်မအနှစ်သက်ဆုံး လက်ဆောင် တစ်ခုကို လှမ်းပေး သည်။ နီနီစွင့်စွင့် စပျစ်သီးတွေ အပြည့်နှင့် အိတ်လေးဖြစ်သည်။ ဒီတစ်ခါတော့ သူ့လက်ဆောင်ကို ပထမဦးဆုံး နှင့် နောက်ဆုံးအကြိမ်အဖြစ် ငြင်းဆန်လိုက်သည်။
                          “ ကို စနိုးပြောမဲ့ စကားကိုသေချာနားထောင်နော်။ စနိုးကလေ စပျစ်သီးဆို ချိုမှကြိုက်တာ။ သေချာ ပေါက် ချဉ်နေမှန်း သိတဲ့ စပျစ်သီးဆိုမလိုချင်ဘူး။ စားလည်းမစားချင်ဘူး။ ငယ်ငယ်တုန်းက စနိုးတို့ စာထဲမှာသင်ခဲ့ရဖူးတယ်။ ကိုမှတ်မိ သေးလား။  မြေခွေးက သစ်ပင် ပေါ်က စပျစ်သီးကိုစားချင်လွန်းလို့ နေ့တိုင်း စပျစ်သီးကြွေကျချိန်ကို လာစောင့်တယ်။ တခါတလေ လည်း စပျစ်သီးကိုမီ မယ်ထင်လို့ ခုန် ခုန်ပြီးခူးတယ်။ ဒါပေမဲ့ စပျစ်သီးစားခွင့်မကြုံတဲ့အခါ သစ်ပင်ပေါ်က စပျစ်သီးက ချဉ်တယ် ဆိုပြီး မစားရတဲ့ သူ့ကိုသူ နှစ်သိမ့်လိုက် တယ်။ စနိုးအဖြစ်ကတော့ ဒီလိုမဟုတ်ဘူး။ သေချာပေါက် စပျစ်သီးစားဖို့ကြုံပေမယ့် ချဉ်လွန်းလို့ မစားချင်တော့တာ။ ဒီလိုပဲ ကို့ဆီကလည်း အရင်လို မချိုနိုင်တော့တဲ့ စပျစ်သီး တွေကို ဘယ်တော့မှ လက်ဆောင် အဖြစ်  စနိုးမယူချင်တော့ဘူး။ ဒီလောက်ဆိုရင် စနိုးရဲ့ဆုံးဖြတ်ချက်တွေကို ကိုနားလည်သဘောပေါက် ပြီပေါ့။ ကဲ စနိုးသွားတော့ မယ်”
                        ကျွန်မ သူ့ကိုပြောပြီးလှည့်အထွက် သူက ကျွန်မလက်ကိုဖမ်းဆွဲကာ
                       “စနိုးက ကို့အချစ်ကို မယုံတော့ဘုးလား”
                      “ ကိုရော စနိုးနေရာမှာဆို အဲ့ဒီအချစ်ကို ယုံဦးမှာလား စဉ်းစားကြည့်။ ဒါပေမဲ့ ဒါက အရေးမကြီးတော့ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ စနိုးကတော့ ကို့ကိုတကယ်ချစ်ခဲ့တာပါ။ အဲ့ဒီအချစ်ကို အဆုံးခံပြီး ခုလို ဆုံးဖြတ်တာမို့လည်း မှန်တယ်လို့ စနိုးယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်သူဆီက စပျစ်သီးဆိုပေမဲ့ ချိုမှစားမှာပေါ့။ချဉ်တဲ့ ခါးတဲ့ဟာဆို ဘယ်သူက စားမှာလဲ”
                     သူ့လက်ထဲမှ ရုန်းထွက်ပြီး ကျွန်မကျောခိုင်းထွက်လာသည်။ ကျွန်မရင်ထဲ အချစ်နှင့်ပတ်သတ်ပြီး ဘ၀တစ်ခုလုံး လစ်ဟာ ပျောက်ဆုံသွားသလို ခံစားရသော်လည်း ကျွန်မ ဆုံးဖြတ်ချက်အတွက်ကျေနပ်ပါသည်။ အနာဂတ်မှာ ပိုမိုရင့်ကျက်ဖို့ အတွက် ကျွန်မ၏ နှလုံးသား အတွေ့အကြုံက ခွန်အားအဖြစ်ပံ့ပိုးပေးလိမ့်မည်။ ကျွန်မ ကြုံတွေ့ခဲ့ဖူးသော အထီးကျန် လူတချို့ ကိုခုတော့ အထိုက် အလျောက်ကျွန်မ နားလည်နိုင်ခဲ့ပြီ။ ဘ၀မှာ သူတို့တကယ်ချစ်ရသူရှိလျက်၊ အတူတူ ပျော်ရွှင်နိုင်မည့် အခွင့် အရေး တွေ ရှိလျက် အချစ်ဇာတ်လမ်းကို မျက်ရည်နှင့်အဆုံးသတ်ရသည့် အဖြေကို ကျွန်မတွေ့ရှိနိုင်ခဲ့ပြီ။ အဲ့ဒီအဖြေကတော့ ကျွန်မချစ်သူ ဖန်ဆင်းထားသော စပျစ်တစ်ခင်းသည် သစ္စာမဲ့မိုးရေစက်တို့ဖြင့် ချိုမြိန်မှုအရသာ ပျောက်ဆုံးနေပြီဖြစ်ကြောင်း ကျွန်မ လက်တွေ့ ကျကျသိလိုက်ရချိန် တွင် ထပ်တူကျ နိုင်သော အဖြေတစ်ခုကို နှလုံးသားနှင့် ရင်းပြီး ခံစားနား လည်ရခြင်း ဖြစ်ပါသည်။
        တစ်ခုတော့ ရှိသည်။ ဒီကရှေ့မှာ ဘယ်သူချိုတယ်ပြောပြော ကျွန်မစပျစ်သီး စားဖြစ်တော့မည် မဟုတ်ပါ။       ။              
                                                   


                                                                                                                                        (စုသဲမွန်)
                                                                                (သူတို့အချစ် သူတို့ဘ၀ ကလောင်စုံစာအုပ်မှ)

         
                   

1 comment:

  1. ကူးကူးလှိုင်April 10, 2013 at 12:59 PM

    ညီမလေးရေ ဒီဝတ္ထုလေးကလဲ မြန်မာ မိန်းကလေးတိုင်း ဖတ်သင့်တဲ့ ၀တ္ထုလေးပါပဲ အရမ်းသဘောကျတယ်ညီမလေး...

    ReplyDelete