Tuesday, August 27, 2013

နေ၀င်ချိန်တိမ်တောက်ပါရစေ






ဒီနေ့ ဒီဇင်ဘာနှစ်ဆယ့်ငါး၊ ခရစ္စမတ်နေ့ဟာ ကျွန်မ မေမေရဲ့ မွေးနေ့ပါ။ ဒါကြောင့် မွေးနေ့ကုသိုလ်အဖြစ် ဘိုးဘွားရိပ်သာမှာ ဆွမ်းပဒေသာပင်အတွက် ပိုက်ဆံလှူရင်း ဘဏ်မန်နေဂျာအမေက ကျွန်မလက်ထဲကို နှစ်ရာတန် ပိုက်ဆံ အသစ်ကလေးတွေ လာထည့်ပေးတယ်။ အဘိုးအဘွားတွေကို လည့်ပတ်ကြည့်ရင်း၊ ကိုယ်တိုင်ကိုယ်ကျ တနိုင်လေး လက်ထဲ ထည့် လှူဖို့ တဲ့။ သူ့လက်ထဲမှာလည်း ထွန်းရွှေဝါ ပုလင်းတွေ အများကြီး ကိုင်ထားရင်း တခန်းဝင် တစ်ခန်းထွက် အဘိုးအဘွား တွေ ကို လိုက်ကြည့်တဲ့ အခါတိုင်း အမေက ဆေးတစ်ပုလင်းစီ သူတို့လက်ထဲ ထည့်ပေးသလို၊ ကျွန်မကလည်း ပိုက်ဆံနှစ်ရာ တန် လေးတစ်ရွက်စီကို ရိုရိုသေသေနဲ့ ကမ်းပေးဖြစ်တယ်။ အဘိုးတွေနေတဲ့ အဆောင်ကို အရင်ရောက်သွားတော့ ကျွန်မတို့ကို ပြုံးပြ နှုတ်ဆက်ပြီး မေးသမျှပြန် ဖြေတဲ့ အဘိုးတွေရှိသလို ကျွန်မတို့ကို မြင်တာနဲ့  လမ်းလျှောက်တုတ်ကိုင်၊ လျှောက်လာပြီး အလှူရှင် တွေ ကို လာနှုတ်ဆက်တဲ့ အဘိုးတွေလည်း ရှိတယ်။
         တချို့နေသိပ်မကောင်းတဲ့သူတွေကတော့ ကုတင်ပေါ်မှာပဲလှဲရင်း ငေးကြည့်နေသလို၊ တချို့ကတော့ မျက်မှန်ထူထူကြီး နဲ့ စာဖတ်နေရာက မျက်ဝန်းတချက်လှန်ကြည့်ပြီး ဂရုမစိုက်သလို မသိကျိုးကျွံပြုလို့ စာပြန်ဖတ်နေတဲ့ အဘိုးတွေကိုလည်း တွေ့ခဲ့ရ တယ်။ အဲ့ဒီထဲကတစ်ယောက်ကတော့ ထူးထူးခြားခြား ကျွန်မသူ့အနားရောက်သွားတာနဲ့  “ရွှေဘိုကလာတာ လား၊ ရထားစီး လာ တာလား ကားစီးလာတာလား ”လို့ မေးပါတော့တယ်။  ဒီတော့ ကျွန်မက လည်း ရွှေဘိုကလာတာ မဟုတ်တဲ့အကြောင်း၊ ရန်ကုန်မှာပဲ နေတဲ့အကြောင်းကို ပြောပြဖြစ်ပေမယ့် သူကတော့ အဲ့ဒီ မေးခွန်းကိုပဲ သိချင်စိတ်လွှမ်းနေတဲ့ မျက်ဝန်းလေးနဲ့ ထပ်ခါထပ်ခါပြန်မေးနေတော့တယ်။ အဲ့ဒီအဘိုးဟာ ရွှေဘိုမှာ နေတဲ့ သူ့မိသားစု လာတွေ့မယ့်အချိန်ကို မျှော်နေတာလား။ ဒါမှမဟုတ် သူကရွှေဘိုဇာတိမို့သူ့မြို့ကလေးကို စိတ်စွဲပြီး ကျွန်မ တို့ကို ရွှေဘိုကနေ အလည်လာတဲ့သူတွေလို့ ထင်မြင်နေတာလား။ ဝေခွဲမရနိုင်တဲ့ အတွေးတွေနဲ့ပဲ သူ့မေးခွန်းအတွက် ဆီလျော်တဲ့ အဖြေတစ်ခုကို သူကျေနပ်သွားအောင် ကျွန်မဘက်က ဖန်တီးပြီးမပေးနိုင်ခဲ့ပါဘူး။ သူ့လက်ထဲ တန်ဖိုးသိပ်မရှိလှတော့တဲ့ နှစ်ရာ တန်လေးတစ်ရွက်ရယ်၊   ဒဏ်ကြေလိမ်းဆေးဗူးလေးရယ်ကို ထည့်ပေးလိုက်တော့   “ ကျေးဇူးတင်ပါတယ် သမီးလေး”ဆိုပြီး ဆုတွေ တသီကြီး မဆုံးနိုင်အောင် ပေးပါသေးတယ်။
          နောက်တော့ အဘွားတွေရဲ့အဆောင်ဘက်ကို ကျွန်မတို့ကူးလာတဲ့အခါ အသက်အပိုင်းအခြားအရ အခန်း တွေခွဲပြီး ထား ထားတာကိုတွေ့ရတယ်။ ပလက်တီနမ်ရောင်ဆံပင်တွေကို ဘီးစပတ်ပတ်ထားပြီး မျက်စိမှုန်ခါးကိုင်းကာ အရိုးပေါ် အရေတင် နေပေမယ့် သနပ်ခါးဘဲကြားနဲ့ အပြတ်စားပဲများမယ် ဆိုတဲ့ စိုင်းစိုင်း သီချင်းထဲကလိုပဲ အဘွားတွေ အားလုံး သနပ်ခါး အဖွေးသားနဲ့ကိုယ်စီကိုယ်ငှ အလှချင်း ပြိုင်လျှက် ရှိတယ်။ ကျွန်မတို့ကို မြင်တော့ ပြုံးရွှင်စွာ ကြိုဆိုနေ သူတွေရှိသလို တချို့အဘွားတွေကတော့ အိပ်ယာထဲလှဲနေရင်းမှ ကျွန်မလက်ထဲ သိပ်မကျန်တော့တဲ့ နှစ်ရာတန်လေးတွေကို အတင်း လက်ဖြန့် တောင်း နေပါတော့တယ်။ တချို့ကတော့ စကားပြောဖော်မရှိသူတွေမို့ ဧည့်သည်ဖြစ်တဲ့ ကျွန်မလက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ပြီး တစ်နေ့တာ သူရဲ့လုပ်ဆောင်ချက်တွေကို အချိန်ဇယားအလိုက် စီကာရီကာပြောပြကြတယ်။ သူတို့ထဲမှာလည်း သတိမေ့ပြီး သူငယ်ပြန်ချင်ချင် ဖြစ်နေတဲ့ အဘွားတွေ၊ သတိကောင်းပေမဲ့ ခြေထောက်နဲ့ခါးရိုးတွေ မသန်မာတော့ လို့ အိပ်ယာထဲကနေ ကျွန်မတို့ကို နုတ်ဆက်ပြုံး ရုံ လောက်သာ ပြုံးပြနိုင်တော့တဲ့ အဘွားတွေကို လည်းတွေ့ရတယ်။ သူတို့ထဲမှာ ဘွားရင်စိုး ဆိုတဲ့ အဘွားကတော့ ကျွန်မတို့တွေ သူ့အနား ကပ်လိုက်တာနဲ့ “ငါးမုန့်ကြော်စားချင်တယ် ငါးမုန့်ကြော်စားချင်တယ်” ဆိုပြီး ပူဆာပါတော့တယ်။ ကျွန်မတို့မှာလည်း ငါးမုန့်ကြော်က ပါမလာတော့ “နောက်တစ်ခေါက်လာရင် ဝယ်ခဲ့မယ်နော် အဘွား”ဆိုပြီး ချော့မော့နှစ်သိမ့်ရတယ်။ ကလေးတစ်ယောက်လို ငါးမုန့်ကြော်စားချင်လို့ ဂျီကျပူဆာနေတဲ့ အသက် ခုနှစ်ဆယ် ကျော် ဘွားရင်စိုးအဖြစ်ကို မြင်တော့ နာမည်တပ်ရခက်တဲ့ ဝေဒနာ တစ်ရပ် ကွှန်မရင်ကို ပူလောင်ဆွေးမြေ့စေတယ်။ ၀န်ထမ်းအစ်မ တစ်ယောက်က ကျွန်မတို့မျက်နှာ တွေကိုကြည့်ပြီး ပူဆာနေတဲ့ ဘွားရင်စိုး အနားလာပြီး
         “အဘွားစားချင်တဲ့ ငါးမုန့်ကြော် ခု ကြော်နေပြီအဘွားရဲ့။  ဧည့်သည်တွေလာရင် မပူဆာရဘူးလို့ ကျွန်မပြောထား တယ် မဟုတ်လား ”လို့ ချိုသာစွာပြောတဲ့အခါ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အမျိုးသမီးကို ငေးကြည့်ကာ ခေါင်း တဆတ်ဆတ် ညိတ်ပြတယ်။  ဝန်ထမ်းအမျိုးသမီးကလည်း ကျွန်မတို့ဘက်ကို လှည့်ကြည့်ပြီး..
         “ဒီအဘွားက ငါးမုန့်ကြော် သိပ်ကြိုက်တာ၊ နေ့တိုင်းလိုလို သူ့ကိုထမင်းကျွေးတဲ့အခါတိုင်း ငါးမုန့်ကြော်နဲ့ ထမင်း ကျွေးရတယ်၊ တခါတလေလည်း  စားပြီးလို့ စားပြီးမှန်းလည်း မသိဘူး၊  မျက်နှာစိမ်းတွေ မြင်ရင်လည်း ပူဆာလို့ ရတယ်ထင်ပြီး ကလေး တစ်ယောက်လို့ ဂျီကျနေတတ်တာ” လို့ပြောပြရင်း၊ တခြားအဘိုးအဘွားတွေအကြောင်းလည်း  စကားဆက်လာတယ်။
          “ ဒီမှာကတော့ အစ်မရယ်။ အဘိုးအဘွားတွေ အားလုံးကို ကျွန်မတို့ ဝန်ထမ်းတွေက ကိုယ့်အဘိုးရင်း၊ အဘွားရင်း တွေလို စောင့်ရှောက် ပေးပါတယ်။ အလုပ်လုပ်တာလည်း ကြာပြီဆိုတော့ သံယောဇဉ်က ဖြစ်နေပြီလေ။  တခါတလေတော့လည်း သူတို့ ဖြစ်ချင်တာ၊ လိုချင်တာမှန်သမျှ ကိုယ့်ဘက်က စိတ်တိုင်းကျဖြည့်ဆည်း ပေးဖို့ မလွယ်ပါဘူး။ အဘိုးအဘွားတွေက အများ ကြီးဆိုတော့  ဒီလိုပဲ တာဝန်ကျရာ  ဝန်ထမ်းအချင်းချင်း ညှိညှိနှိုင်းနှိုင်း လုပ်ကြရတာပဲ။ ” သူနဲ့အတူ စကားတပြောပြော လျှောက်လာရင်း ကလေးတစ်ယောက်လို ကွေးကွေးလေး အိပ်နေတဲ့ အသက်ရှစ်ဆယ်ကျော် အဘွားတစ်ယောက်ရဲ့ ကုတင်နား ရောက်လာတယ်။ ဝန်ထမ်းအစ်မက အဘွားကိုငေးကြည့်ရင်း..
       “ တကယ်တမ်းသူတို့လို သက်ကြီးပိုင်းတွေဆို သားသမီး၊  ဆွေမျိုး တစ်ယောက်ယောက်နဲ့ အတူနေသင့်တာ။ သူတို့ အသည်းအသန်နေမကောင်းလို့ ဆေးရုံတက်ရတာမျိုး၊ ခွဲစိတ်ခန်းဝင်ရတာမျိုး ဆိုရင်တောင် လာကြည့်တဲ့သူ၊ သတင်းမေးတဲ့သူ မရှိကြတာ အရမ်းသနားဖို့ကောင်းတာပဲ။ ကျွန်မတို့အားလုံးကတော့ ကုသိုလ်ဖြစ် ဝန်ထမ်းတွေဆိုတော့ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် အဘိုးအဘွားတွေ အားလုံးကို ကိုယ့်အဘိုး၊အဘွားတွေလို စေတနာအပြည့်နဲ့ ပြု စု စောင့်ရှောက်ပေးပါတယ်။ ကိုယ့်မှာဆို လည်း ဒီလို သက်ကြီး ပိုင်း အဖေအို၊ အမေအိုတွေ ရှိတာပဲလေ” 
        ကျွန်မတို့နားလည်အောင် ရှင်းပြနေတဲ့ ဝန်ထမ်းအစ်မရဲ့စကားကို နားထောင်ရင်း ကျွန်မ အတွေးတွေ အားလုံးကလည်း  ကျွန်မကိုချစ်တဲ့ နှစ်ဖက် အဘိုး၊အဘွားတွေဆီ ရောက်သွားပါတော့တယ်။ အဘိုးတွေ နှစ်ယောက်စလုံးကတော့ ကျွန်မငယ်ငယ် ကလေးတည်းက ဆုံးပါးသွားခဲ့တာမို့ကျွန်မမှာ အဘိုးတွေနဲ့ ပတ်သတ်ပြီး ဘာမှ အမှတ်တရ ထွေထွေ ထူးထူးမရှိပါဘူး။ သူတို့နဲ့ပတ်သတ်တဲ့ အတိတ်ပုံရိပ် အားလုံးကလည်း ကျွန်မရဲ့ အာရုံထဲမှာ ဝေဝါးမှုန်မှိုင်းလို့နေပါတယ်။ ကျွန်မတို့မြေးတွေက မေမေကြီး လို့ ခေါ်တဲ့ အဖေရဲ့အမေနဲ့ ဘွားမေလို့ခေါ်တဲ့အမေ့အမေ  ကျွန်မအဘွားနှစ်ယောက်စလုံးနဲ့ ပတ်သတ်ရင်တော့ မမေ့နိုင်တဲ့ အမှတ်တရတွေ အများကြီးရှိတယ်။ မေမေကြီး ရဲ့ ညီမ အဖေ့အဒေါ်တော်သူ အဘွားကလည်း အိမ်ထောင်မကျတဲ့ အပျိုကြီး ဆိုတော့ ကျွန်မတို့ မြေးတွေကို အရမ်းချစ်၊ အရမ်းအလိုလိုက်ပြီး ပြောမကုန်နိုင်တဲ့ ကျွန်မတို့ရဲ့ အတိတ်ရဲ့နေ့ရက်တွေကို တိုက်ဆိုင်မူ တစ်ခုခုရှိတိုင်း ပြန်ပြောင်း သတိရ အောက်မေ့စေသူပါပဲ။
       ဒါကြောင့် ဘိုးဘွားရိပ်သာဆီရောက်ပြီး အဘိုးတွေ၊ အဘွားတွေကို မြင်တော့ မရည်ရွယ်ပဲ ကျွန်မရဲ့အဘွားတွေ အကြောင်းကို စဉ်းစားမိသွားတယ်။ ကျွန်မတို့ ဘွားမေလို့ ခေါ်တဲ့ အဘွားဖြစ်သူက အသက်သုံးဆယ့်ငါးနှစ်အရွယ်မှာ မုဆိုးမဖြစ်ပြီး ကျွန်မအမေအပါအဝင်သား သမီးငါးယောက်စလုံး ကို ကျွှေးမွေးပြုစုခဲ့သူမို့၊ အရာရာကို ချွေချွေတာတာနဲ့သုံးစွဲတတ်တဲ့ အကျင့်က အမေ၊အဖေနဲ့ အိမ်ထောင်ကျပြီး ကျွန်မတို့ မိသားစုနဲ့အတူ သူလိုက်နေစဉ်အချိန်အထိ  အရိုးစွဲသလို ဖျောက်ဖျက် မရခဲ့ဘူး။ အသက်အရွယ် ရလာပေမယ့်လည်း သူ့ပိုက်ဆံလေးတွေကို အလှူဒါနပြုရုံကလွဲပြီး ကျန်တဲ့အချိန်တွေမှာ ထုတ်မသုံးတတ်သူမို့  ကျွန်မတို့ မြေးတွေအားလုံးကလည်း သူ့ကိုဆို ဘွားဘွား ကပ်စေးနှဲကြီးလို့ နာမည်ပြောင်လေး တိတ်တဆိတ် ကင်ပွန်းတပ်ခဲ့မိ တယ်။ ဒါကို အမေက သိတော့ ကွယ်ရာမှာ အဘွားကို အဲ့ဒီလိုပြောရကောင်းလားဆိုပြီး ကျွန်မတို့ကို ကြိတ်ဆူပါတယ်။
       “သမီးတို့နော်။ ကိုယ့်အဘွားကို ကပ်စေးနှဲတယ်၊ ကပ်စေးနှဲတယ်ဆိုပြီး လျှောက်ပြောမနေကြနဲ့၊ သူ ချွေတာသုံးတတ်လို့၊ မေမေတို့ မောင်နှမတွေ လူဖြစ်လာကြတာ၊ မဟုတ်ရင်တော့ ဘယ်လွယ်လိမ့်မလဲ။ သမီးတို့အဖိုးဆုံးတော့ ဘွားမေ အသက်က သုံးဆယ့်ငါးနှစ်စွန်းစ၊ ဘာမှလည်း ဟုတ်တိပတ်တိလုပ်စား တတ်တာမ မဟုတ်ဘူး။ မေမေတို့အားလုံးကလည်း ငယ်ငယ်လေးတွေ ဆိုတော့ သူ့ခမျာ မျက်စိသူငယ်၊ နားသူငယ်နဲ့ အဘိုးချန်ခဲ့တဲ့ ပိုက်ဆံလေးတွေကိုပဲ  ခြစ်ကုတ်ပြီး ကလေးငါးယောက်စလုံး ကို  ကျောင်း ထားပေးခဲ့ရတာ။ အဖွားသာ အသုံးအစွဲကြီး ပြီး ဖြုန်းတီးတတ်တဲ့ မိန်းမဆိုရင်  အခုလောက်ဆို မေမေတို့အား လုံး လမ်းဘေး ရောက်နေပြီ။ ဒီလိုမျိုး ကောင်းကောင်းမွန်မွန်နဲ့ လူလားမြောက်လာမှာတောင်မဟုတ်ဘူး။ ဒါကြောင့် သမီးတို့ အဘွား ကပ်စေးနှဲတယ်လို့  မမြင်ကြနဲ့တဲ့”
       မေမေပြောပြတာကို ကျွန်မတို့အားလုံး နာလည်ကြပေမယ့်၊ ဘယ်သူဘယ်လိုပြောပြော ကျွန်မတို့မြေးတွေကတော့ ဘွားမေကပ်စေးနှဲ တာကို ဟာသတစ်ခုလိုလုပ်ပြီး ကြုံ ရင်ကြုံ သလို ပြောတတ်ကြစမြဲပါပဲ။  ကျွန်မ အလယ်တန်း ကျောင်းသူဘဝ တုန်းက အိမ်နဲ့ တစ်လမ်းကျော် သာ ဝေးတဲ့ဆေးခန်းကို ဘွားမေသွားတိုင်း ကျွန်မကအဖော်အဖြစ် လိုက်သွားပေးရတယ်။ ဆေးခန်း မရောက်မချင်း တစ်လမ်းလုံးမှာရှိတဲ့ အိမ်တွေကို အိမ်ပေါက်စေ့ သူလိုက်နှုတ်ဆက်တတ်တဲ့ အခါတိုင်း ကျွန်မကတော့ ကစားချိန် ဖဲ့ ပြီး  အဖော်ပြပေးရသူမို့၊ အဘွားကို စိတ်ထဲက မကျေမနပ်ဖြစ်နေခဲ့ဖူး တယ်။ ဆေးခန်းရောက်တော့လည်း ထူးထူးခြားခြား နေမကောင်းဖြစ် တာမျိုးမဟုတ်ပဲ သွေးအတက်အကျ၊ တိုင်းတာမျိုး နဲ့ အားဆေထိုးတာလောက်ပါပဲ။ အဲ့ဒီအခါမျိုး လည်း ဆေးခန်းက ဆရာဝန်မလေးကို ဘွားမေက သူကပိုသိသယောင် သူ့ရောဂါအခြေအနေတွေ အားလုံး ကရားရေရွတ်ပြောပြပြီး ဆရာမနဲ့ စကား ဖောင်ဖွဲ့ချိန်ဆိုကျွန်မက အိမ်ပြန်ပြေးပြီး ကစားချင်သူမို့ စိတ်မကြည်မသာနဲ့ မျက်နှာကြီး ပုပ်ထားမိ တာပါ ပဲ။
             အဲ့ဒီအချိန်က သက်ကြီးပိုင်းတွေသဘာဝ စကားပြောဖော်ရှာစမြဲမို့ သဘောကောင်းတဲ့ ဆရာဝန်မလေးနဲ့ တွေ့တဲ့အချိန်တိုင်း အဘွားက သူရောဂါအခြေအနေနဲ့ သူ့အကြောင်းတွေ ပြောပြချင်ပါတယ်။ တစ်ခါတစ်လေ လူနာကျချိန် ဆရာဝန်မလေးမအားမှသာ သူ ပြောချင်တာတွေ မျိုသိပ်ပြီး အိမ်လှည့်ပြန်ခဲ့ရတာ၊ သူသိပ်ခင်တွယ်တဲ့ ဆရာဝန်မလေး နဲ့တစ်ပတ်တစ်ခါတွေ့တိုင်း စကား ပြောရင် အနည်းဆုံး မိနစ်နှစ်ဆယ်၊ နာရီဝက်လောက်တော့ ကြာစမြဲပဲ။ ဒီထပ် ပိုဆိုးတာတစ်ခုက အနိမ့်ဆုံးဆေးဖိုး တစ်ရာ ကျော်နှစ်ရာ ရှိတဲ့ခေတ်မှာ အဖွားက ဆေးဖိုးကိုမမေးပဲ ဘဏ်မန်နေဂျာ သူ့သမီးဆီမှာလဲထားတဲ့ သူ့ပိုက်ဆံအသစ်လေးတွေထဲက နှစ်ဆယ်တန်လေး သုံးရွက်ကိုသာ ဆေးဖိုးအဖြစ် အမြဲထုတ်ပေး တတ်သူပါ။  သူဆေးခန်းသွားတိုင်း အမေပေးလိုက်တဲ့ ပိုက်ဆံ တွေကို အိမ်မှာထားခဲ့ပြီး သူ့ပိုက်ဆံအသစ်လေး ခြောက်ဆယ်နဲ့ တစ်ပတ်တစ်ခါ ဆေးခန်းသွားခဲ့ဖူးတာတွေကို ခုထိ မှတ်မိ နေ သေးတယ်။ ဆရာဝန်မက အားဆေးဘယ်လောက်ထိုးထိုး၊ သောက်ဆေးဘယ်လောက် ပေးပေး သူကဆေးဖိုးမမေးပဲ ပိုက်ဆံ ခြောက်ဆယ်လေးပဲ ဆရာဝန်မလက်ထဲ ထည့်ပေးတဲ့အခါ ဆရာဝန်မလေးကလည်း “ရတယ်ဘွားဘွား”ဆိုပြီး လက်လေးနှစ်ဖက်နဲ့ ရိုရိုသေသေယူတတ်သူပါ။  ဒါပေမဲ့ ကျွန်မကတော့ ကလေးပီပီ ကုသိုလ်ရေးထက် ဈေးကွက်စီးပွားရေးကိုသာ တွေးမိပြီး ဆရာဝန် မလေးကို အားနာစိတ်နဲ့ ဘွားမေကိုလည်း စိတ်ဆိုးမိသလို၊ တခြားလူနာတွေ ရှေ့မှာလည်း ရှက်ရွံ့စိတ်ဝင်ခဲ့မိပါတယ်။ ဒီ အကြောင်းတွေ မေမေ့ကို ပြန်ပြောပြတော့ ဘွားမေ ကိုနားလည်တဲ့ အမေက စိတ်မကောင်းဖြစ်ပြီး နောက်ရက်ဆရာမလေးဆီ ဘွားမေမသိအောင်သွားပြီးတော့ ကုန်ကျ စရိတ်ဆေးဖိုး အားလုံးကိုရှင်းပေးခဲ့ပါတယ်။ ဆရာဝန်မလေးကို ကျေးဇူးတင်ကြောင်းနဲ့ ဘွားမေ အပတ်စဉ်လာတိုင်း လိုနေတဲ့ ဆေးဖိုးကို ရုံးပိတ်ရက်ညနေတိုင်းမှာ စုပေါင်း ရှင်းပေးမယ့်အကြောင်း မေမေပြောထား တာကို ကျွန်မ သိသွား တော့လည်းပဲ လူနာအများရှေ့မှာ  ဘွားမေ နှစ်ဆယ်တန်လေး သုံးရွက်ထုတ်ပေးတိုင်း ရှက်ရွံ့စိတ်နဲ့ မြေလျိုး မိုးပျံ ကိုယ် ယောင် ဖျောက်ချင်ခဲ့ မိပါတယ်။
         တစ်နေ့တော့ ဧည့်ဆိုးတွေ ညကြီးတံခါးလာခေါက်ပြီး၊ ခဏလိုက်ခဲ့ပါ လို့ခေါ်သွားရာ က ဖေဖေ့ပြန်မလာတော့တဲ့အခါ၊ ကျွန်မတို့တစ်အိမ်လုံး ဆောက်တည်ရာမရ ဖြစ်ကြရတဲ့အထဲမှာ ဘွားမေကတော့ အိပ်ရာပေါ် အရိုးကျိုးပြတ်လဲသွားခဲ့တာပါ။ အဲ့ဒီ နောက်ပိုင်းသူငယ်ပြန်သလိုဖြစ်ကာ အရာရာတိုင်းကို သတိလက်လွတ် စဖြစ်လာပါတော့တယ်။ ဖေဖေမရှိတော့လို့ အရာရှိရိပ်သာက ဖယ်ပေးရပြီး ရုံးကစီစဉ်ပေးတဲ့ အခန်းလေးမှာ နေရတဲ့အခါ၊ ဒါဘယ်သူအိမ်လဲ၊သူများအိမ်ကြီးအားနာစရာကွယ်၊ ငါတို့အိမ်ပဲ ပြန် ကြရအောင်လို့ ဘွားမေက ခဏခဏပြောတယ်။ အဲ့ဒီအချိန်မှာ ကျွန်မက အထက်တန်းကျောင်းသူအရွယ်မို့၊ ဘွားမေကို အနီး ကပ်ပြုစုပေးတဲ့ အစ်မဝမ်းကွဲတွေနဲ့အတူကိုယ်တတ်နိုင်သလောက် ကူညီပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဘွားမေကတော့ ဘယ်သူကိုမှ သိပ်မမှတ်မိတော့ပဲ၊ အထက်တန်းကျောင်းသူအရွယ် ကျွန်မကိုလည်း သုံးလေးနှစ်အရွယ် စကားတွေ တတွတ်တွတ်ပြောနေတဲ့ မြေလေးအဖြစ် ထင်မှတ်နေသလို ကျွန်မတို့နဲ့ အတူနေတဲ့အစ်မ ဝမ်းကွဲတွေ အားလုံးကိုလည်း မဖြူဆိုတဲ့ အစ်မတစ်ယောက်ရဲ့ နာမည်ကိုသာစွဲပြီး ခေါ်တတ်လေ့ရှိတယ်။ ဒါကြောင့် သူတစ်ခုခု လိုတိုင်း အမေကအစ၊ ကျွန်မရဲ့ မူလတန်းအရွယ်  ညီမလေး အဆုံး အားလုံးကို မဖြူလို့ပဲ ခေါ်တတ်ပါတယ်။ သတိလည်း မကောင်းတော့တာမို့ ထမင်းစားပြီးတာကိုလည်း မစားရဘူးဆိုလိုဆို၊ စားနေရင်းနဲ့ လည်း ထမင်းမကျွေးကြဘူးလို့ ပြောလိုပြောနဲ့ တစ်ခါတလေလည်း အိပ်ရာထဲ အပေါ့စွန့် တာမျိုးတွေ အထိ နေ့စဉ်ရက်ဆက်လုပ်လာတတ်တော့  သက်ကြီးရွယ်အိုတွေရဲ့ ဘဝနေဝင်ချိန်ဟာ ကလေးငယ်တစ်ဦးရဲ့ ဘဝနိဒါန်းပိုင်းလိုပဲ အတော်လေး ကမောက်ကမ နိုင်ပါလားလို့ ကျွန်မ တွေးမိခဲ့ပါတယ်။
            ကျွန်မငယ်ငယ် ထမင်းစစားတတ်စအချိန်မှာ ဘွားမေက ပြေးလွှားဆော့ကစားနေတဲ့ ကျွန်မနောက် တစ်ကောက် ကောက်လိုက်ရင်း စိတ်ရှည်လက်ရှည် ထမင်းခွံခဲ့တာများ၊ သူ့လက်က ထမင်းတွေတောင်ခြောက်ကုန်တယ်လို့ ပြောစမှတ်ဖြစ်ခဲ့ တယ်။ ဘွားမေအလှည့်ကျ ကျွန်မအပါအဝင် မြေးတွေအကုန်လုံး စိတ်ရှည်လက်ရှည် စောင့်ပြီး ထမင်းခွံဖို့ အချိန်မပေးချင်မိဘူး။ ကျွန်မတို့ ဘွားမေကိုချစ်ပေမယ့် ကျောင်းကိစ္စ၊ အလုပ်ကိစ္စတွေကိုသာ ဦးစားပေးချင်ကြသူတွေမို့ ဘွားမေအတွက် ဝတ်ကျေတန်း ကျေရုံပဲ ပြုစုစောင့်ရှောက်ခဲ့သလို ဖြစ်ခဲ့လားလို့ တစ်ခါတစ်လေ ကိုယ့်ဖာသာတောင် ယုံမှား သံသယဖြစ်မိတယ်။ အဲ့ဒီအချိန်တုန်း ကလည်း ကလေးတစ်ဦးလိုဖြစ်သွားတဲ့ ဘွားမေက သူလိုအပ်ချိန်တိုင်း “မဖြူရေ လာပေးပါ ကွယ်” ဆိုပြီး မမောတမ်းရေရွတ် ခေါ်လေ့ ရှိတဲ့အချိန်ပေါ့။  အဲ့ဒီလိုအခါမျိုးဆို မဖြူဆိုတဲ့ မြေးမတင်မက ကျန်တဲ့ရွယ်တူမတိမ်းမယိမ်း မြေးတွေအားလုံး အလုပ် မရှိတိုင်း အမြဲခေါ်နေတဲ့ သူ့အနား သွားပြီး သူ့ကိုကလေးငယ် တစ်ဦးလို စနောက်ကျီစယ်မိကြ တယ်။ အဘွားကို သနပ်ခါး လိမ်းပေးပြီး ကြက်တောင်စီးစီး ပေးကာ အိမ်ရှေ့ဧည့်ခန်းအထိ တွဲခေါ်လို့ ကျွန်မတို့နဲ့အတူတီဗီကြည့်ခိုင်း တာမျိုးပေါ့။ အဲ့ဒီအခါ ဘွားမေက တီဗီထဲက အသံဖြစ်ဖြစ်၊ ရေဒီယို ထဲက အသံဖြစ်ဖြစ်  သူ့ကို စကားပြောတယ်ထင်ပြီး ဟုတ်ကဲ့၊ဟုတ်ကဲ့ ဆိုပြီး ထောက်ခံတော့ အဲ့ဒီအသံကိုသဘောကျကြတာက တစ်ကြောင်း၊ကျွန်မတို့ကြည့်နေဆဲ အစီအစဉ်တွေကိုမလွတ်ချင်ကြ တာက တစ်ကြောင်း ကြောင့် သူနိုးပြီးမဖြုရေလာပေးပါကွယ်လို့ ခေါ်တာနဲ့အိမ်ရှေ့ကိုတွဲခေါ်ပြီး အတူတီဗီကြည့်ခိုင်းကြတာပဲ။
           တစ်ခါတစ်လေ ဘွားမေ အိပ်ရေးမဝသေးလို့ အိပ်ချင်နေမှန်းလည်း ကျွန်မတို့မသိခဲ့ကြပါဘူး။ အိပ်ရာထဲ အမြဲလှဲ နေရင် အိပ်ယာပူမိတတ်တယ်ဆိုတဲ့ ဆရာဝန်ပြောတဲ့ စကားကို နာခံပြီး  နေ့လည်တရေးနိုးလို့ မဖြူရေလို့ အသံကြားတိုင်း ကျွန်မ တို့ကလည်း သူ့ကိုအိမ်ရှေ့ကို မလိုက်ချင်လိုက်ချင် အတင်းတွဲခေါ်မိကြတယ်။ သူ့ခမျာ တစ်ခါတလေလည်း အိပ်ရေးမဝလို့ တီဗိရှေ့ကစက်တီခုံပေါ်မှာ ခေါင်းလေးတင်ပြီး အိပ်ပျော်သွားတာမျိုးလည်း ရှိတယ်။ ခုနေပြန်တွေးမိတော့ အဘွားရဲ့ ပုံရိပ်လေး တွေက ကျွန်မအာရုံထဲ လွမ်းစဖွယ် ပြန်လည်ထင် ဟပ်လာတယ်။ ကျွန်မတို့တတွေ ဧည်ခန်းထဲ ငြင်းကျခုံကျ၊ ဆူညံ တာမျိုးရှိရင် သူက မျက်လုံးလေးမှိတ်လျက်၊ခေါင်းထောင်ထရင်း  “မဆူကြပါနဲ့ သမီးတို့ရေ၊ ကလေးလေးလန့်ပြီး အိပ်ရာနိုး သွားဦးမယ်”တဲ့။ ဒီတော့ ကျွန်မတို့ကလည်း “ဘယ်က ကလေးရှိရမှာလဲ၊ဘွားမေကလည်း ” ဆိုတော့ ၊ “အေးအေး သမီးအကြီးလေး အိပ်နေ တယ်လေ၊ သူနိုးသွားမှာစိုးလို့ ”ဆိုပြီး မေမေ့နာမည်ကိုတပ်ပြီးကျွန်မကို ရည်ညွှန်း ပြောဆိုပါတယ်။ ကျွန်မကို ပြောမှန်းသိတော့ အစ်မတွေအားလုံးက ရယ်မောရင်း “ သူက အခုဘယ်နှစ်နှစ်လဲဆိုတာ ဖွားမေ သိလား ”ဆိုတော့ “သုံးနှစ်”လို့ တုံးတိတိဖြေ ပါတယ်။ သူ့အပြောကို သဘောကျမိပြီး ရုံးကပြန်ရောက်လာတဲ့အမေ့ကိုပြန်ပြောပြတော့ အမေ့ကပြုံးပြီးသမီးကို ထိန်းခဲ့ဖူး တဲ့အကြောင်းတွေ အဘွားကခုထိစိတ်စွဲနေလို့နေမှာပေါ့လို့ဆိုတယ်။ ဒါကိုကျွန်မ ရုတ်တရက်နားမလည်ပဲ အမေ့ကို မေးတော့
        “မေမေ ၊ဖေဖေနဲ့အိမ်ထောင်ကျပြီး နှစ်နှစ်လောက်ကြာတော့၊  ရန်ကုန်ပြောင်းရလာတော့ အဘွားက သူ့ဇာတိကသာမြို့ ကလေးကို မခွဲနိုင်ဘူး ဆိုပြီး ကျန်နေရစ်ခဲ့တာ။ မေမေတို့ ဘယ်လိုခေါ်ခေါ် လုံးဝခေါ်လို့မရဘူး ။မေမေတို့က သမီးကိုထိန်းဖို့ ကလေးထိန်းကလေးမတစ်ယောက်ခေါ်ထားတာကို၊ ဖေဖေနဲ့မေမေရုံးသွားတော့ အိမ်နီးချင်းတွေက ကလေးချင်းထိန်းတာကို ဝိုင်း ကြည့်ပေးကြရတယ်။ဒါပေမဲ့ ဖေဖေ နိုင်ငံခြားပညာသင်သွားဖို့ဖြစ်လာတော့၊ သူစိတ်မချနိုင်ပဲ လိုက်လာပြီး သမီးလေးကို ကြည့် ပေးတာ အဲ့ဒီကတည်းက တောက်လျှောက်မေမေတို့နဲ့နေဖြစ်ခဲ့တာ။  ဒါကြောင့် အခုထိသမီးကို သူထိန်းခဲ့ဖူးတဲ့ သုံးနှစ် အရွယ် သမီးလေးလို့ ထင်နေတာပေါ့”
          ဒီအကြောင်းတွေကို အမေပြန်ပြောပြတော့ ကျွန်မလမ်းတတောက်တောက်လျှောက်ချိန်၊ထမင်းပန်းကန်ကိုင်ပြီး စိတ် ရှည် လက်ရှည်ထမင်းခွံကျွေးခဲ့တဲ့ အဘွားပုံရိပ်တွေ  အာရုံထဲဝိုးတဝါးထင်ဟပ်မိတယ်။ အခုဆိုရင် ဘွားမေက  သတိလည်း မကောင်းတော့သလို၊ သွားလည်းမရှိတော့တာမို့ ကျွန်မတို့က တဖန်စိတ်ရှည်လက်ရှည်နဲ့ ထမင်းခွံကျွေးသင့်တဲ့ အရွယ်လို့ မေမေက တဖက်လှည့်နဲ့ပြောချင်တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့က ဘွားမေကို ကြင်ကြင်နာနာ နဲ့လိုအပ်သမျှ လုပ်ကိုင်ပေးခဲ့တာမှန်ပေမယ့် တဖက်မှာ အဘွားရဲ့ အပြုအမူ၊ အပြောအဆိုတွေကို စနောက်ကျီစယ်ရင်း ဟာသလုပ်ပျော်ပါး ခဲ့မိ တယ်။ တခါတလေလည်း ကျွန်မညီမလေးက ဘွားမေရဲ့ပေါင်ပေါ်မှာ သူ့ကစားစရာ အရုပ်လေး တင်ထားပြီး နံဘေးမှာ ကလေးငိုသံလိုမျိုး ဟန်ဆောင်လုပ်ပြီး ဘွားမေကို ချော့ခိုင်းတယ်။ အဲ့ဒီတုန်းက ကျွန်မတို့တွေကလည်း ညီမလေးကို မာန်မဲရ မယ့်အစား သဘောကျစွာ ရယ်မောမိခဲ့တဲ့အဖြစ်တွေ  တွေးကြည့်ရင်တော့ တကယ့်ကို ကျွန်မတတွေ အတော်ဆိုးခဲ့တာပဲလို့ ခုနေ ပြန်တွေးမိပါတယ်။
        နောက်တော့ဖေဖေမရှိတဲ့အချိန်၊ အားငယ်နေတဲ့ ဘွားမေအပါအဝင်ကျွန်မတို့မိသားစုကို အားပေးဖို့  ကသာမှာနေတဲ့ ဖေဖေ့အမေ 'မေမေကြီး'နဲ့  အဒေါ် 'ဖွားဖွားလေး' တို့မိသားစုတွေ ရန်ကုန်အလည်လာကြတယ်။ သူတို့နဲ့အတူ တခြားဆွေမျိုးတွေ လည်း ပါလာတော့ အိမ်မှာ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာလည်း ကောင်းသလို ဘွားမေအတွက်လည်း ရွယ်တူ စကားပြောဖော် ကောင်းတွေ ရလာပါ တယ်။ ၊ အဖေ့အဒေါ်အပျိုကြီး ဘွားဘွားလေးနဲ့အတူ သူ့ညီမဝမ်ကွဲ ဘွားလေးမြင့်လည်းပါလာတော့  ရွယ်တူ မတိမ်းမယိမ်း အဘွားကြီးလေးယောက် ကျွန်မတို့အိမ်မှာ ထမင်မှတ်ပဲ တပြိုက်နက်ထည်း ဆုံဆည်း မိကြတယ်။ အပျိုကြီးဘွားလေးနှစ်ယောက်လုံးက ကိုယ့်အိမ်၊ သူ့အိမ်မှာ အိုးသူကြီး တွေဖြစ်ပြီး၊ အလှူအိမ်တွေအထိ ဦးဆောင်ချက်ပြုတ် ပေးခဲ့သူ တွေမို့ကျွန်မတို့အိမ်ရောက်တာနဲ့ မြေးတွေစားချင်သမျှ အစွမ်းကုန်လက်စွမ်းပြ တော့တာပါပဲ။
           အပျိုကြီးတွေပီပီ မြေးတွေကိုလည်း အရမ်းချစ်ပြီး၊ဆုံတုန်း ကြုံကြိုက်တုန်းခဏ သူ့လက်ရာ၊ကိုယ့်လက်ရာ အပြိုင် အဆိုင် ကျွေးမွေးရတာမမောနိုင်အောင် ပါပဲ၊ မြေးတွေက ချေးမများတတ်ပေမဲ့ ဘွားဘွားလေးကကြက်သား၊ ဝက်သားတွေကို အတုံး အကြီးကြီးတွေတုန်းပြီး ဟင်းပွဲတွေကိုပြင်ဆင်ချိန်၊ ဘွားလေးမြင့်က အနားရောက်လာပြီး “  အသားဟင်း ဆို အာလူးရော မှ အရသာရှိတာ အကြည်ရဲ့၊ ကလေးတွေကလည်း အာလူးနဲ့မှစားတတ်တာ''ဆိုပြီး အာလူးတွေ ဟင်းအိုးတွေပစ် ထည်ဖို့ ကြံချိန်၊ ဘွားဘွားလေးကလည်း သူ့ဟင်းအိုးကိုအထိမခံပဲ ခါးခါးသီးသီးငြင်းဆန်တယ်။ နောက်ဆုံးတော့ ဘွားလေးမြင့်ခမျာ ကျွန်မတို့ကို ကျွေးစေချင်စိတ်နဲ့ သူ့လက်ရာ မဆလာနံ့ မွှေးမွှေးအာလူးဆီပြန်ဟင်းလေးတစ်ခွက်ကို သီးသန့် ချက်ပေးရတဲ့ အဖြစ်ရောက်ပါတယ်။ မေမေ့ ရုံပိတ်ရက်မှာလည်း ဘွားလေးတို့နှစ်ယောက်က သူ့လက်ရာ ကိုယ့်လက်ရာ စပယ်ရှယ်ဟင်းတွေကို အပြိုင်အဆိုင် ချက်ပြုတ်ကျွေးမွေးဖို့ အဆင်သင့်ပြင်ဆင်လေ့ရှိတယ်။ ဘွားဘွားလေးက ကသာဆန်ခေါက်ဆွဲ၊ ရေစိမ်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ မြီးရှည်တို့ ချက်ရာမှာ လက်ဖျားခါလောက်သလို၊ ဘွားလေးကြည်က ပဲခေါက်ဆွဲ၊   အုန်းထမင်း၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော် တွေမှာလည်း နာမည်ကြီး စားသောက်ဆိုင်က စာဖိုမူး တွေအရှုံးပေးရလောက် အရသာရှိရှိ ချက်ကျွေး တတ်ပါတယ်။
          
         ကျွန်မတို့အိမ်မှာ အဲ့ဒီလို အမျိုးတွေ သိုက်သိုက်ဝန်းဝန်းဆုံတဲ့အချိန်၊ ကျွန်မတို့လည်း ပျော်ရွှင်ကြည်နူးမိသလို၊ ဘွားမေ ကိုယ်တိုင်က အရင်လို “မဖြူရေ၊ မဖြူရေ” လို့ ခဏ ခဏ မခေါ်တော့ပဲ  သူ့ကိုအဖော်လုပ်ပေး တဲ့မေမေကြီးနဲ့ ပဲ စကားပြော ရင်း အချိန်ကုန်နေ တတ်တယ်။ မေမေကြီး က ဖွားမေထပ် ငယ်ပေမယ့် ကျန်းမာရေးလိုက်စားပြီး ဘာသာရေးကိုလည်း စိတ်အား ထက်သန်သူမို့ သတိလည်း အရမ်းကောင်းသလို ကျွန်မတို့ကိုလည်း အရိပ်တကြည့်ကြည့်နဲ့ သွန်သင်ဆုံးမနိုင်ပါတယ်။ သူ ရန်ကုန်မှာ လာနေစဉ်ခဏမှာ ကျွန်မတို့ ဘုရားသွား၊ ကျောင်းတက်ချိန်ကလေးအတွင်း ဘောင်းဘီဝတ်တာမျိုးတွေ့ရင်း ချက်ချင်း ချွှတ်လဲခိုင်းသလို၊  အိမ်မှာကူလုပ်ပေးတဲ့ အိမ်ဖော်လေးတွေကို ရေချိုးပြီးတိုင်း သနပ်ခါးသွေးခိုင်းတာမျိုး၊ စကပ်လုံချည် တွေ လျော်ခိုင်းတာမျိုး မလုပ်ဖို့ ကျွန်မတို့ကို ပြောပြပါတယ်။မြေးတွေကို ကိုယ့်အားကိုယ်ကိုးစိတ်လျော့မှာစိုးလို့လား၊ အိမ်ဖော်ကလေးမလေးတွေကို လိုအပ်တာထပ် ပိုပြီးနှိမ့်ချခိုင်းတာမျိုးမဖြစ်စေချင်လို့လား မပြောတတ်ပါ။မေမေကြီးကတော့ ကျွန်မတို့ကိုကောင်း စေချင်တဲ့ စိတ်နဲ့ ပြောတာဆိုတာတော့ သေချာပါတယ်။  ဘာသာရေးနဲ့ ပတ်သတ်ရင်လည်း ခင်ပွန်ကြီးဆယ်ပါးကို ကန်တော့အိပ်ဖို့နဲ့ ပဋ္ဌာန်းရွတ်၊ ပရိတ်ရွတ်ပြီးတိုင်း အရပ်ဆယ်မျက်နှာ မေတ္တာပို့ဖို့ မမေ့လျော့အောင် အမြဲသတိပေးတတ်တယ်။  သူကတော့ ဘွားမေ လို ဟိုအရင်းရုံးကန်ရတဲ့ဘဝရဲ့ အချိန်တွေမှာ အရာရာကို အားငယ်စိုးရွံ့ပြီး ရှင်သန်ရတဲ့ သူမဟုတ်သလို စိတ်ဓါတ်ပျော့ညံ့သူလည်း မဟုတ်လို့ သတိလည်းအရမ်းကောင်းပြီး သူ့ကိုယ်သူ ကျန်းမာအောင်လည်း  အရွယ်နဲ့မလိုက်အောင် ဂရုစိုက်တတ်တယ်။  မနက် ငါးနာရီထိုးတာနဲ့ ဘုရားဝတ်ပြုတတ်ပြီး ၊ညစဉ်ညတိုင်းလည်း တရားမှတ်တတ်သူမို့ ဘယ်သူ့ကိုမှ သိပ်အားကိုးစရာပဲ စာအုပ် တစ်အုပ်ဖတ်ရင်း သူ့ရဲ့နေ့ရက်တွေကို ကုန်ဆုံးတာစေများပါတယ်။ ဒါကြောင့် ကျွန်မတို့မြေးတွေက မေမေကြီးကိုတော့ ချစ် ကြောက်ရိုသေပြီး၊ ဘွားမေကိုတော့ ချစ်ခင်ကျီစားမိကာ၊ ဟင်းချက်ကောင်းတဲ့ ဘွားဘွားလေး တွေကိုတော့ ချွဲနွဲ့ ပူဆာတတ် ချင်ကြတယ်။
            အခုတော့လည်း အဘွားတွေက ကျွန်မအနားကို အရင်ကလောက် လာမနေနိုင်တော့ပဲ၊ အဝေးက သူတို့ ဇာတိ ရပ်ရွာ လေး မှာပဲ နေထိုင်ကြတော့တယ်။ အဲ့ဒီအထဲမှာ ကျွန်မကို သုံးလေးနှစ်အရွယ်မှာထမင်းခွံကျွေးခဲ့ဖုူးတဲ့၊ သုံးလေးနှစ်အရွယ်လို့ ထင်ထားနေဆဲဖြစ်တဲ့ ဘွားမေတစ်ယောက်တော့ မပါနိုင်တော့ပါဘူး။  ကျွန်မတို့ သူတို့ကိုပြုစုနေရင်းတစ်နေ့ ရေချိုးအဝတ်အစား လဲ နေတုန်း၊ ခြောက်ထောက်မသန်ရာက နောက်ပြန်ခွေကျပြီး ရုတ်တရက်ချော်လဲသွားပါတယ်။ အဲ့ဒီ ချော်လဲသွား တဲ့ဒဏ်ရာကြောင့် ပေါင်ကျိုးသွားပြီး၊ ခြေထောက်တစ်ခုလုံးရောင်ကိုင်းကာ အဲ့ဒီဒဏ်ရာကြောင့်ပဲ ကျွန်မတို့အားလုံးကို ထာဝရ ခွဲခွာသွားခဲ့ပါတယ်။  သူမရှိတော့မှ၊ အမေနဲ့ဘွားမေအကြောင်း ပိုပြီးပြောဖြစ်လာသလို၊ အခုလို သက်ကြီးရွယ်အို ဘိုးဘွားတွေနဲ့ဆုံတဲ့အခါ အဘွားတွေကို ပိုပြီး သတိရစေမိတာ အမှန်ပါပဲ။ ကျွန်မတို့ သူတို့အနားလာတာကို ဝမ်းသာအားရကြိုဆိုပြီး ကျွန်မလက်ကလေးကိုင်ကာ စကား ပြောတတ်တဲ့ အဘွားတွေကိုမြင်တော့ ဘွားမေကို ပြန်ပြီး သတိရမိတော့တယ်။ ဘွားမေက လူချစ်လူခင်အရမ်းများပြီး ရပ်ကွက် ထဲမှလူကြီးလူငယ်မရွေး သံယောဇဉ်ရှိအောင် စကား ချိုချိုသာသာနဲ့ ပြောဆိုတတ်ပါတယ်။ သူ့ရဲ့နောက်ဆုံးအချိန်မှာ နှာခေါင်း ပိုက်တန်းကို ပြန်ဖြုတ်ပြီး၊ လက်လျော့သွားတဲ့ ဆရာဝန်လေးကို“သာဓု၊ သာဓု၊သာဓုသားရယ်၊ အမေကို နေကောင်းအောင်ကုပေးလို့ ကျေးဇူးတင်ပါတယ်”လို့ ပြောသွားခဲ့ လို့၊ ဆရာဝန်လေးက စိတ်မကောင်းဖြစ်ပြီးကျန်ခဲ့တယ်။ ကျွန်မအခုလို လူ့သဘာဝအကြောင်း ပိုမိုနား လည်လာစဉ်မှာ ဘွားမေကို ဟိုးအရင်လို စနောက်ကြည်စယ်ခဲ့ဖူးတာတွေ တွေးမိရင်း ဘွားမေ ကျေနပ်တဲ့အထိ ပြန်ပြီး တောင်းပန်ချင်မိတယ်။ ဒါပေမဲ့ ကျွန်မမှာ အဲ့ဒီလိုအခွင့်အရေးမျိုးက ဘယ်တော့မှ ထပ်မရှိနိုင် တော့ပါဘူး။
      “ သမီး ဟိုအဘွားကိုကြည့် သမီးဘွားဘွားလေးနဲ့မတူဘူးလား။ မေမေလူးတဲ့ဒဏ်ကြေလိမ်းဆေးကို ဘေးကုတင် က အဘွားလက်ထဲ ကမ်းပေးနေတာလေ”
       ဟုတ်ပါရဲ့။ အမေပြောမှ ဖလံထည်နက်ပြာကွက်စိတ်စိတ်လေးဝတ်ပြီး ဆံထုံးသေးသေးလေးထုံးထားတဲ့ အဘွားကို လှမ်းကြည့်လိုက်မိတယ်။ သူ့ကြည့်ရတာ ဆေးတွေဘာတွေသောက်ရ၊လိမ်းရတာ ကြိုက်ပုံမပေါ်ဘူး။ ကျွန်မဘွားဘွားလေးနဲ့ တူလိုက်တာ။ ဘွားဘွားလေး ရန်ကုန်လာလည်လို့၊ ကျွန်မတို့ အတူလျှောက်လည်တဲ့ အချိန် မြေးတစ်ယောက် ယောက်က သွားရင်း လာရင်း ရူဆေးဗူး ထုတ်ရူတာမြင်ရင်တော့  သူ့ ပါးစပ်နဲ့ ထိပ်တိုက်တွေ့တော့တာပဲ။
        “ အလိုလေး၊ ခြောက်ဆယ်ကျော်တွေက မမူးရဘူး။ သူတို့ကလေးတွေက ရူဆေးလေး တစ်ကိုင်ကိုင်နဲ့ ” ဆိုတာမျိုး
        “ တော်တို့ အိုနာကျိုးကန်းတွေက ရူဆေးဗူး ရူရသေးလား ” ဆိုတာမျိုးတွေသူက ပြောလေ့ရှိတတ်တယ်လေ။
        ခုတော့လည်း ဘွားဘွားလေးက အိမ်မှာအိုးသူကြီင်္းမလုပ်နိုင်တဲ့အပြင် သတိလည်း သိပ်မကောင်းတော့သလို၊ နားလည်း မကြားတော့ဘူး။ ဒီကြားထဲ လိမ်းဆေးရော၊ သောက်ဆေးရော ကြောက်သူမို့ အားဆေးကအစ၊ ဖျားနာရင် သောက်ရတဲ့ နိုင်ငံခြား ဆေးနဲ့ မြန်မာဆေးအဆုံး ဆေးသောက်ချိန် တိုင်း အမြဲငြင်းတတ်သူမို့ အိမ်သားတွေအားလုံး ဒုက္ခတွေ့ရတဲ့အကြောင်းတွေ ကျွန်မတို့အမြဲကြား နေရတတ်တယ်။ ဒါပေမဲ့ သူက သတိသိပ်မကောင်းသလို အရာ အားလုံးကို မမှတ်မိတော့ပေမဲ့ မြေးတွေနဲ့လူချင်း တွေ့ရင်တော့ ဘယ်သူဘယ်ဝါလို့ အမြဲပြောနိုင်သေးတာ ကျွန်မတို့တွေအတွက် ဝမ်းသာစရာပါပဲ။ နောက်ထပ် ဘွားလေးမြင့် တစ်ယောက်ကလည်း ကျွန်မရှိရာကို အလည်မလာနိုင်တော့ပဲ ကျန်းကျန်း မာမာနဲ့ ချက်နိုင်ပြုတ်နိုင်သလို၊ အရင်လိုအရပ် အလှူတွေ လိုက်နိုင်သေးတယ် ဆိုတဲ့အကြောင်းဆွေမျိုးတွေတဆင့် ပြန်ကြားရလို့ လှိုက်လှဲ ဝမ်းသာ ပီတိဖြစ်ရတယ်။ သူ ကျွန်မတို့အနားရှိချိန်ဆို မနက်မိုးလင်းလို့ မြေးတွေမျက်နှာမှာ သနပ်ခါးမြင်ရပါမှ၊ မဟုတ်ရင်တော့ ဘာပြောကောင်းမလဲ၊  “နင်တို့ မျက်နှာက ခွေးမျက်နှာကျနေတာပဲ၊ သနပ်ခါးမရှိ၊ ဘာမရှိနဲ့ ” ဆိုပြီး ဆူပူတော့တာပဲ။ ၊ ဒါကြောင့် သူရှိချိန်ဆို သနပ်ခါးဝါဝါဝင်းဝင်းလေးကို မျက်နှာမှာ အထင်းသား မြင်သာအောင် မြေးမတွေအားလုံး ဂရုတစိုကိ ရှိခဲ့ကြရတယ်လေ။
           ကျွန်မတို့ မေမေကြီးလို့ခေါ်တဲ့ အဘွားကတော့ အခုဆို အသက်၉၃နှစ်ရှိပါပြီ။ အသက်ကြီးလာပေမယ့်၊ မေမေကြီး မှာ ဇရာကြောင့် ဖြစ်ရတဲ့ အကြားအာရုံချို့တဲ့တာ ကလွဲလို့ ကျန်တာဘာမှပြောင်းလဲ မသွား ပါဘူး။ ကျွန်မတို့မိသားစု ဆီကိုလည်း တစ်လတစ်ကြိမ် နှစ်ကြိမ် စာမျက်နှာ လေးမျက်နှာလောက်ရှိတဲ့ စာတွေရေးပြီး အလွမ်းသည်စမြဲပါ။ စာရေးတိုင်း မှာလည်း ဖေဖေနဲ့မေမေအတွက် တစ်စောင်၊ ကျွန်မနာမည်နဲ့ တစ်စောင်၊ ညီမလေး နာမည်နဲ့ တစ်စောင် တစ်ယောက်ကို လေး မျက်နှာစီလောက် ရေးပို့တတ်သူပါ။ စာတွေထဲမှာလည်း ကျွန်မတို့သိချင်နေတဲ့၊ သိသင့်တယ်လို့ထင်ပုံရတဲ့ ရပ်ဆွေရပ်မျိုးသတင်း တွေ၊ ဆွေမျိုးအရင်းအချာတွေရဲ့ သားရေးနာရေးအပြင်၊ စီးပွားရေး၊ လူမူရေး ကိစ္စအားလုံးကို ရေးပို့ ပေးတတ်တယ်။ အသက်၉ဝ ကျော် အဘွားက တစ်လတစ်ကြိမ်လောက် ပုံမှန်စာရေးတတ်ပေမယ့် ကျွန်မတို့မှာတော့ ကျောင်းကိစ္စ၊ အလုပ်ကိစ္စ၊ ရုံးကိစ္စတွေနဲ့ လုံးချာလိုက်ပြီး ပုံမှန်စာမပြန်ဖြစ်ခဲ့ပါဘူး။ လူကြုံ ကောင်းရှိလို့ အကြောင်းကြားမှ၊ တစ်လကျော် နှစ်လဝန်းကျင်လောက်မှ မေမေကြီးရဲ့ စာတွေအားလုံးကို စုပြန်ကြရတာ။
         သြော် အခုလည်း  မြတ်မင်္ဂလာလို စာအုပ်ပါးလေးကိုသဲကြီးမဲကြီး ကုန်းဖတ်နေတဲ့ အဘွားတစ်ယောက်ကို မြင်တော့ မေမေကြီး ကို ပိုလို့တောင် သတိရ မိသွားတယ်။ကြည့်ပါဦး... ဒီအဘွားဆိုလည်း မျက်မှန်တပ်စရာမလိုဘူး။ အသက် ၈၈နှစ်ရှိပြီ တဲ့။ ကျွန်မတို့ကို ပြုံးလျှက်မော့ ကြည့်ရင်း နှုတ်ဆက်စကားပြောနေပုံက ကြည်နူးစရာ ကောင်းလိုက်တာ။ ကျွန်မတို့ လက်ထဲမှာ လှူစရာဝတ္တုရော၊ ဆေးရော ကုန်သွားလို့ လက်ဗလာနဲ့ လက်အုပ်ချီထားပေမယ့် သူကတော့ ဆုတွေမဆုံးနိုင်အောင် တသီတတန်း ကြီး ပေးသေးတယ်။ရုံးဝန်ထမ်း ဖြစ်တဲ့ အဖေနဲ့ အမေ အပြင်၊ ဘွဲ့ရကျောင်းသူဖြစ်တဲ့ ကျွန်မတို့ကို၊ စာမေးပွဲမှာ ရှေ့ဆုံးက အဆင့် တစ်နဲ့ အောင်ပါစေကွယ် ဆုလည်းပေးရော၊ အားလုံးက ပေးတဲ့ဆုနဲ့ ပြည့်ပါစေ အဘွားလို့ ကြည်ကြည်နူးနူး ခံယူခဲ့ကြတယ်။
       အပြန်လမ်းမှာ ကျွန်မစိတ်ထဲ နောင်လာမယ့် နှစ်ငါးဆယ်ကိုမှန်းဆ မြင်ယောင်နေမိတယ်။ အဲ့ဒီအချိန်ဆို ကျွန်မ ကိုယ်တိုင်လည်း မျက်စိမှုန်ကာ ဆံပင်ဖြူပြီး သွားမရှိတော့တဲ့ အဘွားကြီး တစ်ယောက်ဖြစ်နေပြီပေါ့။ အဘွားကြီး ဖြစ်ရုံတင်မက အမြဲကဂျီးကဂျောင် တိုက်ပြီးသူငယ်ပြန်တဲ့ အကျင့်တွေပါ ရှိနေဦးမလား၊ ဒီလိုမှမဟုတ်ရင်လည်း  ကျွန်မအနားမှာနေပြီး ပြုစုကြမယ့် သားသမီး၊မြေးမြစ်တွေက ကျွန်မဘာပြောပြော၊ ဘာလုပ်လုပ် ဟာသဖွဲ့ ပြီး နောက်ပြောင်ကျီစယ်နေကြမလား၊  သတိလက် လွတ်နဲ့ အိပ်ရာထဲအမြဲလှဲနေပြီး ငြီးငွေ့စွာ ရှင်သန် နေရတဲ့ အဘွားကြီး တစ်ယောက်ဖြစ်မလား၊   တစ်ခုခုကတော့ ကျွန်မကို စောင့်ကြိုနေမှာ အသေအချာပါပဲ။  အခု ကျွန်မဆုံတွေ့ နေရတဲ့ အဘိုးအဘွားတွေလိုများ  ကျွန်မချစ်ခင်ရတဲ့ ဆွေမျိုးမိတ်ဆွေ အားလုံး ရဲ့ အဝေးမှာ ရွယ်တူ သူစိမ်းတွေနဲ့ အတူနောက်ဆုံးနေဝင်ချိန်ကို သတ္တိ ရှိရှိကျော်ဖြတ်ရမှာလား။  စိတ်မောစွာနဲ့  ကယောက်ကယက် အတွေးတွေက တွေးစရာ ဆွေးစရာတွေ ဖြစ်လာတော့တယ်။
           တကယ်လို့သာ ကံကြမာက ကျွန်မကိုရွေးချယ်ခွင့်ပေးပြီး၊ ဘဝနေဝင်ချိန်မှာ ဘယ်လိုအဘွားမျိုး ဖြစ်ချင်တာလဲဆိုတဲ့ မေးခွန်းမျိုးကို ဖြေရမယ်ဆိုရင်၊ ဘဝနိဂုံးတိုင်အောင် ကလောင်ကို လက်ကလုံးဝမချပဲ လောကကိုသွန်သင်ဆုံးမသွားခဲ့တဲ့ လူထု ဒေါ်အမာလို စာရေးဆရာအဘွားမျိုး ဖြစ်ချင်တယ်လို့ရဲရဲကြီး အဖြေပေးလိုက်မိမှာ အသေအချာပါပဲ။

                                                  (ပေဖူးလွှာမဂ္ဂဇင်း၊ မေလ ၊၂၀၁၃)

1 comment:

  1. ကူးကူးလှိုင်September 11, 2013 at 9:35 AM

    ဟုတ်တယ် ညီမရေ ဘ၀နေ၀င်ချိန်မှာတော့ တကယ့်ကို တိမ်တောက်ချင်မိပါတယ်...အဘိုးအဘွားတွေအပေါ်မှာ တောင်းပန်ချင်စိတ်ဖြစ်လာရမဲ့အခြေအနေမျိုးတွေ အစ်မတို့ မလုပ်မိဖို့ အမြဲသတိလေးထားရမယ်နော် ( Book mark တွေအကုန်ပျောက်သွားလို့ ခုမှ ပြန်ရှာထားရတယ်ညီမရေ... )

    ReplyDelete