Saturday, June 8, 2013

မြောင်းထဲရောက် ပျားရည်စက်ကလေး


အင်္ကျီတစ်စုံလဲလိုက်သည်နှင့် မြွေအရေခွံလဲလိုက်သလို မျက်နှာ အမူအရာ၊ လေယူလေသိမ်း၊ အပြောအဆို အားလုံးမျက်စိလည်သွားအောင် ဖမ်းစားပြောင်းလဲနိုင်သော ဟန်နီကိုမယုံသလို ထပ်မံငေးကြည့်နေမိသည် မှာ ဒီတစ်ကြိမ် နှင့်ဆိုလျှင် ဘယ်နှကြိမ်မြောက်မှန်း ပင် မသိ။ မဟော်ဂနီရောင်ဆံပင်တွေ ကလွဲ၍ အားလုံး ကို အသစ်တစ်ဖန် ဖန်တီးပြုပြင်လိုက်နိုင်သော ထိုမိန်းကလေးကို ကျော်မင်း လက် ဖျားခါလောက်အောင် အံ့အားသင့် ချင်နေပြီ။ အရွယ်နှင့်မလိုက်အောင် ဟန်ဆောင်မာယာများဖြင့် လှည့် ပတ်တတ်ပုံရသော ထိုမိန်းကလေး သည် အခုတော့လည်း အပြစ်ကင်း သည့် မိန်းမပျိုလေးလို သူ့ကားထဲ စီးနင်းလိုက်ပါရင်း နံဘေးမှ ဧည့် သည်အမျိုးသမီးကြီးတွေနှင့် စကားလက်ဆုံကျနေသည်။ လယ်သူမကြီး ဟန်ပန်ဖြင့် အမျိုးသမီးကြီးက ဘီးဆံပတ်အကြီးကြီးပတ်လျက် ဖားဥစွဲနေသော ချည်သားအင်္ကျီ အဖြူ၊ နေလောင် ထားသော အသား အရေတို့နှင့် ကွမ်းလေးတမြုံ့မြုံ့ဝါး လျက် ဟန်နီကို စကားတွေ အားရ ပါးရပြောနေ သည်။ အဖော်လိုက် လာပုံရသော အမျိုးသမီးငယ်က တော့ ကားပြတင်းပေါက်မှ မြင်နေ ရသော ရန်ကုန် ရှုခင်း ကို အားရပါးရ ငေးမောရင်း အသံတိတ်နှုတ်ဆိတ် နေသည်။
 ”တော်သေးတာပေါ့ စိုးစိုးရယ်၊ ညည်းလာကြိုပေလို့၊ ညည်းသူငယ် ချင်းမိနှင်းအကြောင်းတော့ တွေး လိုက်တိုင်း ငါ တကယ့်ကို စိတ်တိုင်း မကျဘူး။ ဘယ်နှယ့် ကိုယ့်အေ ဒါ် တစ်ယောက်လုံးလာတာတောင် ကားဂိတ်လာမကြိုနိုင်ရအောင် သူ့ လုပ်တဲ့ အထည်ချုပ်စက်ရုံက ဘာ တွေချုပ်တဲ့စက်ရုံမို့ ဒီလောက်အလုပ် များရတာတုံး။ ပြောရင်း တကယ် အူယားတယ်။ ရွာ တစ်ခေါက် တစ်ခေါက်ပြန်လာရင်လည်း ဘာမှ ထူးထူးထွေထွေပါတာ မဟုတ်ဘူး။   ပိုက်ဆံလေး တစ်ပဲခြောက်ပြားကို ခြစ်ကုပ်စုပြီး ရွာကို နှစ်နှစ်မှ တစ် ခေါက် သာ အရောက်ပြန်နေတာ။ တွေ့လိုက်ရရင် လူကပိန်လို့ချုံးလို့ စိတ်ချမ်းသာ စရာတစ်ကွက် မတွေ့ ဘူး။ ဒါကြောင့် ငါလည်း ပြောလိုက် တယ်။ ညည်း ရွာကို ပြန်လာမနေနဲ့၊ စိုးစိုးလိုပဲ ပိုက်ဆံသာ များများရှာပြီး ပို့လိုက်လို့”
 အမျိုးသမီးကြီးက ဟန်နီကို ခြေဆုံးခေါင်းဆုံး ထပ်မံငေးကြည့် ရင်း
   ”ငါ့တူမကတော့ ဘယ်အချိန် ကြည့်ကြည့် တကယ့်ကို မြို့သူလေး လိုပဲ၊ ဒါကြောင့်လည်း မတင်စိန်က ပြောတာ”
    ”အမေက ဘာပြောလို့လဲ၊ ဟင် …ဒေါ်လေး”
 သူတို့ပြောစကားအရ စိုးစိုးဆို တာ ဟန်နီနာမည်ရင်းဖြစ်ပုံရပြီး မတင်စိန်ဆိုတာကတော့ ဟန်နီ့ အမေ ဖြစ်ဟန်တူသည်။ ကားကို ဂရုတစိုက်မောင်းရင်း သူတို့စကားသံ များကို ထပ်မံနားစွင့်လိုက်သည်။”သြော် သူ့သမီးလေး သိတတ် လိမ္မာကြောင်း၊ ငွေရှာကောင်း ကြောင်းတွေပေါ့။ သမီးမိန်းကလေး ဆိုတာ မိဝေးဖဝေးနေရပြီး ကိုယ့်   ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပုံ မပေါ်ရင်၊ ကိုယ်လျှောက်မယ့်လမ်း ကို ကောင်းကောင်းမလျှောက်နိုင်ရင် မီးလိုပဲသူတို့အပူတွေက လူကြီးတွေ ကို လာလာဟပ်တယ်ေ လ။ ဒါကြောင့်လည်း သမီးဆိုး၊ သမီးမိုက် တွေကို မီးနဲ့တူတယ်လို့ ရှေးလူကြီး တွေက ပြောတတ်ကြတာ။ ညည်း ကတော့ မိဘကို လုပ်ကျွေးနေတဲ့ သမီးလေးမို့ ထီးလို အားကိုးရတဲ့ သမီးမျိုးပေါ့အေ။ မတင်စိန်ကလည်း မိဘကိုသိတတ်၊မိသားစုကိုလည်း လုံခြုံအောင် အရိပ်ရအောင် ထီးလို စောင့်ရှောက်ပေးနိုင်တဲ့ သမီးလေးဆိုပြီး ဂုဏ်ယူတာပေါ့။ အမယ်လေး၊ ညည်းအကြောင်းများ ပြောရလို့က တော့ ထမင်းမေ့၊ ဟင်းမေ့ရုံမကဘူး။ ဟင်း …ဟင်း …တစ်ခါ တလေ ရေသောက်ဖို့ပါ မေ့တယ်။ ဒါကြောင့် ငါလည်း မှန်တာပြောရရင် မတင်စိန် ကို သိပ်အားကျ တာ။ မိနှင်းတစ် ယောက်ကိုလည်း ညည်းလိုပဲ ဖြစ်စေ ချင်တာပါပဲ။ ဒါကြောင့် အလုပ်လေး ဘာလေး အဆင်ပြေရင် မိနှင်းကို ကူညီပါဦး စိုးစိုးရယ်”
 အမျိုးသမီးကြီး၏ စကား ကြောင့် ဟန်နီ့မျက်နှာလေးမှာ ပြုံး ယောင်သဲ့သဲ့သန်းသွားသည်ကို ကားမှန်ထဲမှ ကျော်မင်းမြင်ဖြစ် အောင် မြင်လိုက်သေးသည်။”သမီးတို့ ကုမ္ပဏီက လူသစ် တိုးခေါ်ဖို့ အစီအစဉ်မ ရှိသေးလို့ပါ ဒေါ်လေးရယ်၊ တကယ်လို့ လူထပ် ခေါ်ရင်တော့ နှင်းရည်ကို ပြောပြ လိုက်ပါ့မယ်၊ ဒါပေမဲ့ သူက လုပ်ချင် ဦးမှ၊ အလုပ်လည်း ပြောင်းချင်ဦးမှာ ပါ”
 ဒီတစ်ခါ ဟန်နီ့စကားသံကို ကြားလိုက်ချိန် ဟက်ခနဲအသံထွက် မရယ်မိအောင် သူက မနည်းထိန်း ချုပ်လိုက်ရသည်။ ဘာတဲ့၊ ကုမ္ပဏီက လူသစ်တိုးခေါ်ဖို့ ဆိုပါလား။
 ”မလုပ်ချင်လို့ ရမလား။ ဒီကောင်မ မိနှင်းက အင်မတန် ပြောရဆိုရ လက်ပေါက်ကပ်တယ်။ ညည်းအလုပ် ကိစ္စထူးရင်သာ အဒေါ်ကိုပြော။ မိနှင်းကို ပြောဖို့ ဆိုဖို့ ဘာမှမပူနဲ့။ အဒေါ့်တာဝန်ပဲ ထား”
 ဟန်နီက ခေါင်းတစ်ချက်ညိတ် ပြကာ သူ့ပခုံးကို လှမ်းတို့ရင်း
 ”ဒါနဲ့ ဦးကျော်ကြီး အခု သမီး အဆောင်ကိုပဲ ပို့ပေးနော်။ မနက် ဖြန်လည်း သမီးက အလုပ်ဆင်းမှာ မဟုတ်ဘူး။ ဧည့်သည်တွေရောက် နေလို့။ အဲ့ဒါ ဦးကျော်ကြီးလည်း ဧည့်သည်တွေကို ဘုရားစုံအပြင် ဘယ်လိုက်ပို့ရင် ကောင်းမလဲဆိုတာ စဉ်းစားထားဦး။ကားက တစ်နေကုန် ယူထားမှာဆိုတော့ ကားခကိုတော့ ထုံးစံအတိုင်း နာရီနဲ့ ပဲတွက်ပြီး ပေး မယ်။ စောစောသာ လာခဲ့နော်” ဟန်နီစကားကို အသိအမှတ် ပြုသလို ခေါင်းညိတ်လိုက်ရင်း ကား မှန်ထဲမှာ ရုတ်တရက် သူနဲ့မျက်လုံး ချင်းဆုံတော့ စူးရှတောက်ပမြဲဖြစ် သော ဟန်နီမျက်ဝန်းထဲမှ လိပ်ပြာလုံ ရဲတင်းမှုတကယ်ရှိနေတာလားဟု လိုက်ရှာမိစဉ် မျက်ခုံးပင့်ပြရင်း ခပ်မဲ့မဲ့လေး ပြုံးပြလိုက်သော ဟန်နီ့ နှုတ် ဆက်အပြုံးကြောင့် မျက်နှာလွှဲ လိုက်ရသူမှာ ကျော်မင်းသာ ဖြစ် သွားရသည်။ ဒီကောင်မလေးက ဘယ်လိုဟာလေးပါလိမ့်၊ နားလည်ရ ခက်လိုက်တာ။ ကောင်မလေးနဲ့ ပတ်သက်သော အတွေးအမျှင်တန်း တို့သည် အံ့သြတကြီးပြောဆိုနေ ကြ သော အမျိုးသမီးကြီးနှင့် သူ့အဖော် မိန်းကလေးတို့ စကားသံအောက်တို့ တွင် ကြက်ပျောက် ငှက်ပျောက် ပြန် ပျောက်သွားကြပြန်သည်။
 ”တိုက်အမြင့်ကြီးတွေ ကြည့်ပါ ဦး။ တစ်ထပ်၊ နှစ်ထပ်၊ သုံးထပ်၊ လေးထပ်၊ ဟယ် ငါးထပ်တောင် ပါလား”
”ဒီဘက်အထပ်ဆို ရှစ်ထပ်ဟဲ့။ အဲ့ဒီတိုက်တွေက ဘာလုပ်ဖို့ဆောက် ထားတာလဲ”
”လူနေတိုက်ခန်းတွေလေ ဒေါ်လေးရဲ့”
”လူနေတယ် ဟုတ်လား။ ဟုတ်မှာ ဟုတ်မှာ ဟိုမှာ အဝတ် တွေတောင် လှန်းထားသေးတယ်။ မိနှင်းလည်း အဲ့ဒီလိုပဲ နေသလား ဟင် စိုးစိုး”
   ”နှင်းရည်ရဲ့အဆောင်က ရိုးရိုး ပါပဲ ဒေါ်လေးရယ်၊ ဒီလိုမျိုး ဘယ် နေနိုင်ပါ့မလဲ။ အခု ဒေါ်လေးတို့ကို ကြိုရင်း သမီးရဲ့အဆောင်မှာ တစ်ညအိပ်ပြီး မနက်ဖြန် ဟိုဟိုဒီဒီ လိုက်ပို့ပေးမယ်လို့ မိနှင်းကိုကြိုပြော ပြီးသား။ မနက်ဖြန်ညကျရင်တော့ ဒေါ်လေး တို့သူ့အဆောင်ကိုပြောင်းရမှာ။ သမီးကလည်း အလုပ်  ပြန်ဝင်ရဦး မယ်လေ။ သူ့ အဆောင် နားမှာဆိုရင်တော့ ဘယ်ကိုကြည့် ကြည့် စက်ရုံနဲ့ဖုန်တွေ ချည်းပဲ တွေ့ရ မှာ။ ဒါကြောင့် အခုမြို့ထဲရောက် တုန်း အဝကြည့်ထားကြ။ စားချင် တာစားကြ။ အဲ့ဒါ ရန်ကုန်ပဲ ဒေါ်လေးရေ”
 ”အင်း ဗီဒီယိုထဲမှာတော့ ခဏ ခဏကြည့်ဖူးတွေ့ဖူးပါတယ်။ အခု ကျတော့လည်း …ဘယ်ကိုကြည့် ကြည့် လူတွေအားလုံး ပြေးလွှားနေ ကြတာပါပဲ။ ဘာများ အရင်လိုေ န ကြပါလိမ့်ကွယ်”
 ”ရွာမှာလိုတော့ ဘယ်နေလို့ ဖြစ်ပါ့မလဲ။ ဒီမှာက အဲဒီလို ပြေးလွှားနိုင်မှ တော်ကာကျမှာ လေ။ ရန်ကုန်ပါဆို ဒေါ်လေးက လည်း၊ ဟင်း …ဟင်း”
 ဟန်နီ၏ ရယ်သံလွင်လွင်လေး ကားထဲလွင့်ပျံ့လာသည်ကို နား ထောင်မိရင်း ဟိုဟိုဒီဒီလှုပ်ရှားသွား လာနေသောလူများကို ဘယ်တုန်း ကမှ မမြင်ဖူးသလိုကားပြ တင်း ပေါက်မှ သူပါအလိုက်သင့် ငေးမော ကြည့်နေမိပြန်သည်။

                                                               ****
ဟန်နီနှင့်စတွေ့ခဲ့သော ဆောင်းညတစ်ညကို သူ ခုချိန်ထိ မမေ့နိုင်သေးပေ။ အဲ့ဒီညက မျှော် စင်ကျွန်းမှာ စတိတ်ရှိုးရှိ၍ သူကားကို ဝင်ပေါက်အနီးမှာထိုးရပ်ထား ရင်းခရီးသည်ကို စိတ်ရှည် လက်ရှည် စာင့်နေခဲ့သည်။ ဆယ်ကျော်သက်လူငယ်တစ်စုက သူ့ကားကို ငှားပြီး ကျောက်မြောင်းနှင့် မြေနီကုန်း ဘက် သို့ လှည့်ပတ်ပို့ပေးသည့် အခါ သူ့ လက်ထဲသို့ ပိုက်ဆံတစ်သောင်း နီးပါး လောက် နာရီပိုင်းအတွင်း ရောက် လာခဲ့သည်။ ညဘက် ညဥ့်နက် သည်ကို အကြောင်းပြုပြီး သူ့ပိုက်ဆံ ပိုပိုသာသာတော င်းသည်ကို ကလေး တွေကလည်း တစ်ထောင်တန်အုပ် ထဲမှအရွက်လိုက်ဖြုတ်ပြီး သူ့ကို ပေးခဲ့သည်။ နှစ်ဆယ်ဝန်းကျင် ကလေးတွေ တစ်ထောင်တန်အုပ် လိုက်ကိုင် သုံးပြီးညတစ်ချက် တီး လောက် အိမ်ပေါ်ပြန် တက်နိုင်သည့် ခေတ်ကို သူလိုက်မမီနိုင်ကြောင်း တွေးမိနေစဉ် ကားမီးရောင်အောက် မှာ လက်တစ်ဖက်ပြ ပြီး တားလိုက် သော ကောင်မလေးတစ်ယောက် ကြောင့် ကားမှာအလိုလို အရှိန် လျှော့ပြီး သား ဖြစ်သွားသည်။ အဲ့ဒီ ကောင်မလေးက သူဟန်နီဟုသိထား သော ယခုကားပေါ်မှ စိုးစိုး ပင်ဖြစ် သည်။ အဲ့ဒီနေ့တုန်းက ကောင်မလေးကို သူက ဘာလေးညာလေး ဟုထင်မိသော်လည်း အပြင်အဆင် လုံးဝမရှိ အကြောစိမ်းလေးများ ပါးပြင်မှာယှက်ပြေးနေသော မျက် နှာဖြူဖြူနုနုလေး ကားပြတင်းပေါက် မှာ ပေါ်လာသောအခါရှုပ်ရှုပ်ယှက် ယှက်ဆိုလျှင် မပတ်သက်လိုသော သူ့ပင်ကိုစိတ်ကြောင့် ကား သိမ်း တော့မလို၊ မလိုက်နိုင်တော့ဘူးဟု   မုသားငြင်းဆိုဖို့ ကြံရွယ်ထားသော သူ့စကားများ အလို လိုပျောက်ဆုံး သွားသည်။
ကျွန်မ အဆောင်က ဒီနား တင်ပါပဲ။ ထောင့်ငါးရာနဲ့ ပို့ပေးပါ နော် ဦး”
    ဈေးကို သူကစပြောသည့် ဒီမိန်းကလေးကို ပို့ရမည့်လိပ်စာမေး ကြည့်တော့ တကယ်မဝေးလှတာမို့ သူမငြင်းသာတော့ဘဲ သူပြောသည့် ဈေးဖြင့် ပင် ကောင်မလေး အဆောင် ရှိရာ လိုက်ပို့ပေးဖြစ် သည်။ နောက် ပိုင်း မသိစိတ်၏လမ်းညွှန်မှုနှင့်အတူဟန်နီကားငှားရာနေရာနှင့် မနီး မဝေး နီယွန်မီး ခရမ်းရောင်လေးနှင့် အမှောင်ကိုအံတု၍ ဖွင့်ထားသော ကာရာအိုကေဆိုင်တစ်ဆိုင်အနား ရစ်သီရစ်သီနှင့် ခရီးသည်ရှာရာမှ အကြောင်းပြုပြီး သူ ကောင်မလေး နှင့် ထပ်ဆုံရသည်။ ကောင်မလေးက ကားဈေးကို
မပြောတော့ဘဲ သူ အဆင်ပြေရင် ပြေသလို ပိုပေးသွား တာလည်း ရှိသည်။ ကောင်မလေးဆီ မှ ခြင်္သေ့အထပ်လိုက်ကြား၊ တချို့ သော ခြင်္သေ့များ သူ့ထံရောက်လာ တာရှိသလို၊ တစ်ခါတလေ ဆင် အကောင်လိုက်ရောက်လာချိန် သူ့ အိတ်ထဲမှ ခြင်္သေ့များနှင့် အလဲအလှယ်လုပ်ရင်း သူက ကောင် မလေး၏ ပုံမှန်အကြိုတော်တစ်   ယောက်  ဖြစ်မှန်းမသိ ဖြစ်လာခဲ့ သည်။ ဒီတော့ ကောင်မလေးကို သူ ဟန်နီဟု သိခွင့်ရပြီး ကျော်မင်းဟူ သော သူ့နာမည်ကိုတော့ ဦးကျော် ကြီးဟု ဟန်နီက ချွဲချွဲနွဲ့နွဲ့ ခေါ်တတ် ခဲ့သည်။ဆုံစည်းခြင်းနေ့ရက်တွေ တဖြည်းဖြည်းစိပ်လာတော့ ကောင် မလေးကို အဖြူရောင်သံယောဇဉ် ခပ်ပါးပါးနှင့် ညီမလေးတစ်ယောက် လို သူ့ဘက်က ခင်မင်ပိုခဲ့မိသည်။
 ”ဦးကျော်ကြီး နေ့တိုင်းလာ နော်၊ တခြားကားငှားရင်လည်း ဖြစ်ပေမယ့် ဦးကျော်ကြီးကားပဲ သမီးစောင့်စီး ချင်တာ”
   ”အေးပါ၊ အဝေးကြီးပါသွားရင် တော့ ဘယ်လာနိုင်ပါ့မလဲ၊ တတ်နိုင် သလောက်တော့ မှန်မှန်လာမှာပေါ့၊ ဒါနဲ့ မင်းနာမည်က ဟန်နီဆိုတာ နာမည်အရင်းလား၊ အသက်ရော နှစ်ဆယ်တောင် ပြည့်ရဲ့လား”
 သူ့အမေးတွေ အားလုံးကို ဟန်နီက ပခုံးတစ်ချက်တွန့်ပြရင်း
  ”ဦးကျော်ကြီးကလည်း ဟန်နီ ဆိုမှတော့ ဟန်နီပေါ့၊ ပြီးတော့ ဟန်နီအသက်က မဲထည့်လို့ရပါပြီ ဦးကျော်ကြီးရဲ့”
   ဟန်နီ၏ ခပ်ပေါ့ပေါ့အဖြေ ကြောင့် သက်ပြင်းတစ်ချက်ကိုသာ ချလိုက်ရသည်။ ပြီးတော့ ခပ်ပေါ့ပေါ့ ပဲ သူကလည်း တုံ့ပြန်လိုက်ရ သည်။
 ”အေးလေ၊ ဟန်နီဆိုတာ ပျား ရည်လေးပေါ့၊ တကယ်ကော ချိုရဲ့လား၊ နာမည်နဲ့လိုက်အောင် ချိုမှ ဖြစ်မှာနော်”
 ”သြော်၊ ပျားရည်ဆိုမှတော့ ချိုရတာပေါ့ ဦးကျော်ကြီးရဲ့၊ ဒါပေမဲ့ အခုပျားရည်တွေက မွေးပျားတွေက ထုတ်တာနော် ဦးကျော်ကြီး၊ ဝတ် ရည်စုပြီး ကြိုးစားပမ်းစားထုတ်တဲ့ ပျားရည်လိုတော့ မထင်နဲ့၊ သကြား စားတဲ့ပျားကထုတ်တာ ဦးကျော်ကြီး သိလား၊ ဟင်း …ဟင်း”
   ကြံကြံဖန်ဖန်ပြောတတ်သည့် ဒီမိန်းကလေးစကားကို အလိုက်သင့် ရယ်မောရင်း ဟန်နီမသိစေချင် သည့် အကြောင်းတွေကို သူ ဆက် မမေးတော့ဖို့ ဆုံးဖြတ်မိသည်။ ဒီတော့ ဒီကောင်မလေးက ကာရာ အိုကေဆိုင်မှာ သီချင်းဆိုသည့် မိန်းကလေးတစ်ဦးဖြစ်ကြောင်း လောက်သာ မရေမရာ သူသိခွင့်ရ သည်။ သူ့ငွေ ဘယ်လောက်ရသလဲ၊ သူက လခစားလား၊ ကော်မရှင်စား လား၊ ဒါမှမဟုတ် သူက ပြန်ပေးရတဲ့ သူလား၊ ဟင်းပွဲတွေ များများယူ အောင်၊ အရက်သောက်အောင် မြှူဆွယ်ရသူလား၊
သူ့အကြောင်းတွေ အသေးစိတ်သိအောင် ကျော်မင်း ဘာမှ မကြိုးစားတော့ပါ။ ဒါပေမဲ့ ဟန်နီကတော့ သူ့အကြောင်းတွေကို စိတ်ဝင်တစား စပ်စုတတ်ပါရဲ့။
 ”ကိုယ့်ဘဝက ဘာမှ သိပ်ပြော စရာမရှိပါဘူး။ အစ်မ မုဆိုးမအိမ် မှာ အတူကပ်နေတယ်။ ဒီတော့ အဖေမဲ့ တူ၊ တူမလေးတွေကို စောင့် ရှောက်ပေးရတယ်ဆိုပါတော့”
 ”ဝါး …လေးစားပါတယ်၊ သမီးက ဥပဓိရုပ်ကြည့်ခန့်မှန်းတတ် လို့ ဦးကျော်ကြီးကိုတွေ့စကတည်းက ခင်မင်ပြီးသားပါ။ အခုလို ဦးကျော် ကြီးရဲ့စိတ်ဓာတ်ကိုတော့ ပိုပြီး လေးစားမိတယ်။ ဒါဆို ဦးကျော်ကြီး လည်း သမီးနဲ့ ဘဝတူပဲ လို့ ပြောလို့ ရတယ်”
 ”ဘယ်လို”
 ”သြော် …သမီးကလည်း ရွာမှာနေတဲ့ အမေ၊ မောင်လေးနဲ့ ညီမလေးတွေရဲ့ ဆင်းရဲတွင်းထဲနစ် နေတဲ့ မိသားစုအတွက် ပိုက်ဆံရှာဖို့ ဒီနေရာကို ရောက်နေရတာလေ”
   ”မင်းက ငယ်သေးတာပဲ၊ ဘာ လို့ မိသားစုတာဝန်ကို တစ်ယောက် တည်း ထမ်းရမှာလဲ”
   ”ဦးကျော်ကြီးကလည်း၊ ဘဝ မှာ အသက်ရှင်ရပ်တည်ဖို့ လိုအပ် ချက်တွေ အများကြီးလေ၊ တစ်ခါ တလေ အသက်ကို မေ့သင့်ရင်မေ့ ထားရမှာပေါ့” ကောင်မလေး ဆီမှ ဘဝနဲ့ရင်း ပြီး ရယူခဲ့ပုံပေါ်သော မထီတထီ စကားများက သူ့ကိုစိတ်မောစေ သည်။
    ”ဒါဆို မင်း ဒီဆိုင်မှာအလုပ်လုပ် နေတာ အိမ်ကသိလား”
 ”ဟင့်အင်း …အိမ်ကို သမီး လိမ်ထားတယ်၊ အခုထိ သူ့တို့ သမီး ကို အထည်ချုပ်စက်ရုံမှာ လုပ်ရာက နေ ကုမ္ပဏီတစ်ခုမှာ ပြောင်းလုပ် တယ်လို့ပဲ သိထားကြတာ။ သမီး ဒီအလုပ်လုပ်နေတာကို သူတို့များ သိရင် အောင်မယ်လေး…။ ဒါကို သမီးတွေးမကြည့်ရဲဘူး”
    တွေးကြည့်ရဲဖို့ မကြိုးစားသော မိန်းကလေးအတွက် သူလည်း ပြော စရာစကားမရှိတော့ပါ။ ဒီလိုဖြင့် တစ်ရက်တော့ သူ့နံဘေးတွင် ဟန်နီ တစ်ယောက် မျက်နှာမသာမယာနှင့် လိုက်ပါလာသည်။
    ”ဦးကျော်ကြီး အင်းယားလမ်း ထဲက Black Rose ဆိုတဲ့ ကော်ဖီ ဆိုင်ကို လိုက်ပို့ပေးပြီး၊ ကားပါကင် မှာ ခဏစောင့်နေဦးနော်။ သမီး မကြာဘူး လူတစ်ယောက်နဲ့ ချိန်း ထားလို့”
 သိသိသာသာပျက်နေသော ဟန်နီမျက်နှာကြောင့် သူသိချင်စိတ် ကို လျှို့ဝှက်မထားတော့ဘဲ အရဲစွန့် ပြီး မေးလိုက်သည်။
   ”ဟန်နီ စပ်စုတယ်လို့ မထင်နဲ့ နော်၊ ဘယ်သူနဲ့ချိန်းထားလို့လဲ”
 သူ့စိုးရိမ်သံကို ဟန်နီက ရိပ်မိ ပုံပေါ်သည်။ ခပ်လျော့လျော့ပြုံးရင်း …
 ”သြော် …ဦးကျော်ကြီးက စိတ်ပူလို့နဲ့ တူတယ်၊ စိတ်မပူပါနဲ့ ဦးကျော်ကြီးရဲ့၊ သမီးတွေ့ရမှာ က ယောက်ျားမဟုတ်ပါဘူး၊ မိန်းမ တစ်ယောက်ပါ။ ကိစ္စလေးတစ်ခု ရှိလို့၊ ပြန်လာ မှ သမီး ပြောပြမယ်”
 နာရီဝက်လောက် စောင့်အပြီး မှာ ယိုင်နဲ့နေသော ခြေလှမ်းများနှင့် အတူ နွမ်းလျလျအပြုံးတစ်ပွင့်နှင့် ကားထဲ ဟန်နီပြန်ရောက်လာ သည်။
    ”ကဲ ဆိုပါဦး၊ ဘယ်သူနဲ့တွေ့ လာတာလဲ၊ သရဲမနဲ့များ တွေ့လာ လား၊ မျက်နှာက ဖြူဖပ်ဖြူရော်နဲ့”
    ”ကျားမတစ်ကောင်နဲ့ တွေ့လာ တာ ဦးကျော်ကြီး”
 သူ့နားမရှင်းသလို ပြူးကြောင် ကြည့်နေသည်ကို ဟန်နီက ပြုံး လျက်
 ”ဒီလိုပါပဲ တစ်ခါတလေ ကံ မကောင်းတဲ့နေ့မျိုးဆို အရှုပ်ထုတ် တွေ ရှင်းရတာမျိုးလည်း ရှိတာပေါ့။ အခုလည်း ဆိုင်လာနေကျ ဖောက် သည်လူကြီးတစ်ယောက်ရဲ့ မိန်းမ လေ။ သူ့ယောက်ျားက သမီးဆီ ဒီရက်ပိုင်းဖုန်းတွေဆက်ပြီး ပွားတာ တွေရှိတော့ သူသိသွားပြီး သမီးကို စကားပြောချင်လို့ဆိုပြီး ချိန်းတာ။ သူ့ယောက်ျားကဖြင့် သမီးဒီဆိုင်ကို မရောက်ခင်ကတည်းက တကယ့် ဖောက်သည်ဟောင်းကြီး၊ ဒါကိုများ သူက သူ့ယောက်ျားကို မမြှူဆွယ် နဲ့၊ ဘာနဲ့ဆိုပြီး ဖုန်းထဲကနေ ကောင်း ကောင်း တွယ်နေလို့၊ သမီးလည်းသူ ချိန်းတာကို မလာဘဲနေမလို့ပါပဲ။ ဒါပေမဲ့ သူကဒီနေ့ သမီးထွက်မလာ ရင် ဆိုင်လာပြီးချဲမယ်ဆိုလို့ အရှက် ကွဲမှာစိုးလို့ ထွက်လာခဲ့ရတာ။ ကိုယ့် ဘက်က ဘာမှလည်းမမှားဘဲနဲ့ ဗလိုင်းကြီး အစော်ကားခံရတာတော့ တော်တော်လေးနင်တယ် ဦးကျော် ကြီးရာ။ဘွားတော်ကတော့ တကယ့် မလွယ်ကြောပဲ။ သမီးကိုများ ပြော သွားလိုက်တာ ရစရာကိုမရှိဘူး။ စကားကို ချိုချိုလေးနဲ့ ထိအောင် ပြောသွားတော့ သမီး ခေါင်းငုံ့ပြီး ခံလာရတယ်။ သူ့ယောက်ျားမူးမူးနဲ့ ပေးတဲ့ ပိုက်ဆံတွေ ယူထားမိတဲ့ အပြစ်က ရှိသေးတယ်လေ။ ဟူး …”
သက်ပြင်းရှိုက်ရင်းပြောလာ သော ဟန်နီ့စကားတွေကို နား ထောင်ရင်း သူ့ဘက်က အားပေး စကားထက် အကြံဥာဏ်ပေးနိုင် သော စကားမျိုးကိုသာ ရွေးချယ် ပြောဖို့ စိတ်ကူးမိသည်။ ”အေးပါဟာ နင့်အလုပ်က ကျားတောမှာ လုပ်ရသလိုပါပဲ။ ခုလို ကျားထီးနဲ့မတွေ့ဘဲ  ကျားမနဲ့ တွေ့တာပဲ ကံကောင်းတယ်မှတ်။ ဒါနဲ့ နင်အရင်က အထည်ချုပ်မှာ လုပ်ခဲ့တယ်ဆိုတာ ဘယ်လောက် ကြာကြာ လုပ်ခဲ့ဖူးတာလဲ”
 ”ရှစ်လလောက်တော့ လုပ်ခဲ့ဖူး တယ်”
   ”ဒါဆို၊ စက်ချုပ်တဲ့အလုပ် ပြောင်းလုပ်ပါလားဟာ၊ ငါ့ညီမကို ငါပြောပေးရင် ရမှာပဲ။ ဈေးထဲမှာ သူနဲ့သိတဲ့ စက်ချုပ်ဆိုင်တွေ အများ ကြီးပဲ ရှိတယ်။ အဲ့ဒီမှာ အလုပ်သင် သဘောမျိုးကူချုပ်ရင်းနဲ့ အလုပ်လုပ် ရင် နင် အဆင်ပြေနိုင်မှာပဲ”
 သူ့စကားကိုကြားတော့ ဟန်နီ က ရုတ်ခြည်းလက်ကာပြကာ တား သည်။
    ”မဖြစ်ပါဘူး ဦးကျော်ကြီးရာ။ ဦးကျော်ကြီးကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အိမ်ကို အခုပို့နေတဲ့ ငွေထက် လျော့ပို့လို့ မရဘူး။ ဒါပေမဲ့ သမီး အခုလုပ်နေတဲ့ အလုပ်ကလည်း ချုပ်တဲ့အလုပ်ပါပဲ။ ဦးကျော်ကြီး မသိလို့ပါ။ ဟား …ဟား”
ဟန်နီက သူ့စေတနာကို ရယ် စရာလုပ်ပစ်လိုက်တော့ ကျော်မင်း ဘာစကားမှ ဆက်မပြောချင် တော့။
    အဲ့ဒီနေ့ကစပြီး ပိုနေမြဲကျားနေ မြဲဖြစ်သော ဟန်နီ့အလုပ်ကိစ္စကို သူ ဝင်မစွက်ဖက်ဖြစ်ပေမယ့် တစ်ပတ် ကို ငါးရက်လောက်တော့ ဟန်နီ အလုပ်အပြန် ကားနှင့်ကြိုရင်း   ပြန် ပို့ဖြစ်ရင်း ဟန်နီက သူ့ဘဝထဲမှာ ခပ်ပါးပါး အရိပ်ကလေးတစ်ခုလို ကပ်ပါနေခဲ့သည်။
                                                       ****
မနေ့ကတော့ ထူးထူးခြားခြား သူ့ရွာက အမျိုးသမီးနှစ်ဦးကို ကား ဂိတ်သွားကြိုပေးရမည်၊ နောက်ရက် လည်း ရန်ကုန်မြို့ထဲ လိုက်ပို့ပေးရ မည်ဆိုသဖြင့် ကားပိုင်ဆီမှာ နယ်က အမျိုးတွေလာလို့ဆိုပြီး ပထမနေ့ နေ့တစ်ဝက်နှင့် နောက်ရက်ကို တစ်ရက်လုံးကားသုံးခွင့်ပေးဖို့ ညှိရ သည်။ သူ့ကားမှာ နေ့ခင်းပိုင်းကို ပိုင်ရှင်ကိုယ်တိုင်မောင်း တာမို့ အုံနာ ကြေးကို နေ့ပိုင်းနှုန်းအတိုင်း တစ်ရက်ခွဲစာ ထပ်ပေးပါမည်ဟု လွယ်လင့်တကူ ညှိ၍ရသဖြင့် တော် သေးသည်။ ဟန်နီက တော့ ဒါတွေ သိတာမဟုတ်။ ကားသုံးချင်တာပဲသိသည်။ ကျော်မင်းကို ကားပိုင်များ မှတ်နေသလား မသိ။ မနေ့ကတော့ မြို့ပြဗဟုသုတ နည်းပါးလွန်းသော ဟိုးဝေးလံခေါင်ဖျားဒေသမှ ဖြစ်ပုံရ သော အမျိုးသမီးနှစ်ဦးကို သွားကြို ပေးရင်း ဟန်နီ့နာမည်အရင်းက စိုးစိုးဆိုတာကိုပါ သူသိခွင့်ရခဲ့သည်။ အမျိုးသမီးကြီး၏ဟန်နီ့အပေါ် ကြည့်သော အားကျသောမျက်ဝန်း များနှင့် ချီးကျူးစကားများကို နားထောင်ရင်း ဟန်နီနှင့် သက်တူ ရွယ်တူ မိနှင်းဆိုသောမိန်းကလေး သည် ရန်ကုန်မြို့စွန်၏ စက်မှုဇုံ တစ်နေရာမှ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်လျက်ရှိကြောင်း သိခွင့်ရ သည်။ အမျိုးသမီး ကြီးမှာ ဟန်နီကို လည်း လခကောင်းသော ကုမ္ပဏီ ဝန်ထမ်းဟု ယုံကြည်ထားဆဲမို့ သူ့တူမလေးဘဝ ရပ်တည်ေ ရးနှင့် မိသားစုအခက်အခဲတွေကို ကူညီ ဖြေရှင်းပေးနိုင်ဖို့ ဟန်နီလက်လေးကို ကိုင်ရင်း တဖွဖွမှာလျက်ရှိသည်။
 ဒီနေ့တော့ ဟန်နီ့တောင်းဆို ချက်အရ ရန်ကုန်မြို့တွင် ဘုရား အစုံ၊ ကရဝိက်နှင့် တော်ဝင်စင်တာ စသည်ဖြင့် နေရာအနှံ့လိုက်ပေးပြီး နောက် ညနေပိုင်းမှာ သူ့ကားလေး သည် လှိုင်သာယာစက်မှုဇုံထဲသို့ တရိပ်ရိပ်ဖြတ်ပြေးလျက် ရှိသည်။ ကားလမ်းနံဘေးတွင်တဲစုငယ်လေး များနှင့် တစ်ထပ်ပျဉ်ထောင် အိမ် သေးသေးများ ပြွတ်ခဲလျက် ရှိသည်။ အင်္ကျီမပါသော ကျောပြောင်ပြောင် နှင့် ကလေးများ ဖုန်တလုံးလုံးထဲ တွင် ဟိုပြေးဒီပြေးဆော့ကစားလျက် ရှိပြီး တချို့မှာလည်း ညနေဈေးထွက် ဖို့ ပြင်ဆင်ကြ ဟန်တူသည်။ ကျောင်း နေရွယ်ကလေးငယ်တချို့က အကြော်ဗန်းရွက်လျက်။ သူသည် ညနေခင်း ဆေးရောင်စုံ သဘာဝ ပန်းချီကားကို ငေးမောနေရင်းနှင့် ဟန်နီညွှ န်ပြပေးသော လမ်းကြောင်း အတိုင်း ကားကို ဖြည်းဖြည်းမောင်း လာခဲ့သည်။ ဈေးတန်းလေးတစ်ခုကို ကျော်ဖြတ်ပြီးချိန်တွင်ကားဝင်လို့ မရတော့ဘဲ ပျဉ်ထောင်အိမ်လေး   တွေ ပြွတ်ခဲနေသော ရပ်ကွက်လေး နှင့် မနီးမဝေးမှာ ကားကို ထိုးရပ် လိုက်သည်။ ဟန်နီဦးဆောင်သော အမျိုးသမီးကြီးတွေ ရပ်ကွက်လေး ထဲဝင်သွားသည်ကို သူစောင့်နေရင်း ဆယ့်ငါးမိနစ်ခန့်ကြာတော့ နယ်က ဧည့်သည်နှစ်ယောက် ပြန်မပါလာ တော့ဘဲ ဟန်နီနှင့်အတူ အသား ခပ်ညိုညိုမိန်းကလေးတစ်ယောက် သာ ကား ဆီလျှောက်လာသည်ကို တွေ့ရသည်။ ဟိုအမျိုးသမီး၏တူမ မိနှင်းဆိုသူ ဖြစ်မည်ထင်သည်။
”သွားတော့နော် စိုးစိုးရေ။ ကျေးဇူးပဲဟာ ငါ့ဆီမှာက နင်သိတဲ့ အတိုင်း ခွင့်နှစ်ရက်ဆက်ယူလို့ မရ လို့ ငါ့အဒေါ်တို့ကို သွားမကြိုနိုင်ဘဲ နဲ့ အပြန်လိုက်ပို့ဖို့ပဲ ဒီနေ့ခွင့်ယူလိုက် ရတာ။ နင် သွားကြိုတာရော၊ လိုက် ပို့တာအတွက်ရော ကျေးဇူးတင်ပါ တယ်ဟယ်”
 ”ရပါတယ် သူငယ်ချင်းရယ်၊ ပြောရမယ့်လူတွေမှ မဟုတ်တာ၊ နင့် ကျေးဇူးတွေလည်း ငါ့မှာရှိတာပဲ မဟုတ်ဘူးလား”
   ပြုံးစစနှင့်ပြောရင်း ဟန်နီက နှင်းရည်ကို မသိမသာ မျက်စိ တစ်ဖက်မှိတ်ပြလိုက်တာကို ကျော် မင်းတစ်ယောက် မြင်ဖြစ်အောင် မြင်လိုက်သည်။ သြော် …သူ့ဘဝ အမှန်ကို နှင်းရည်အဒေါ်များမှ တစ်ဆင့် ရွာကလူများ သိမသွား အောင် ဖုံးပေးထားမည့်နှင်းရည် ကျေးဇူးကို ဆိုလိုမှန်း ကျော်မင်း သဘောပေါက် လိုက်ပါသည်။ ဟန်နီ ကားပေါ်တက်သည့်တိုင် သူတို့ စကားမပြတ်ကြသေး။
    ”အေးပါ။ ငါရွာပြန်တိုင်း နင့် အမေကတော့ နင့်အကြောင်း သိပ် မေးတာပဲ။ ရွာကိုလည်း ခဏဖြစ်ဖြစ် အလည်ပြန်ဖို့ စဉ်းစားဦးလေ။ နင် လည်း အစစအဆင်ပြေပါတ ယ်နော် စိုးစိုး”
ဒီစကားကိုကြားတော့ ဟန်နီ ရောသူပါ မေးခွန်းမေးလာသူလေးကို ငေးကြည့်မိသည်။ ရွှေမရှိ၊ ငွေမရှိ။ သနပ်ခါးပါးကွက်ကြားနှင့် ရိုးရှင်း သော မျက်နှာပိုင်ရှင်လေးက သူငယ် ချင်းသံယောဇဉ်နှင့် ဟန်နီအပေါ် စိတ်ပူပန်စွာမေးခြင်း ဖြစ်ပုံရသည်။ ဟန်နီက ဖြည်းလေးစွာ ခေါင်းညိတ် ပြတော့
   ”ငါ့အဒေါ်ကလေ နင့်ကို အရမ်းသဘောကျနေတာ။ အဲဒီ ဓာတ်ပြားဟောင်းကို ငါ တစ်ညလုံး ကြားရမှာဟဲ့။ ပြီးတော့ ရွာက လူတွေကလည်း မိဘကို အဆင် ပြေပြေ ထားနိုင်တဲ့ နင့်ကို သိပ်အား ကျကြတယ်။ ငါကတော့ နင့်ကို စိတ်ပူမိတာပေါ့။ ဒါပေမဲ့ တစ်ခါ တလေလည်း အမှန်အတိုင်းဝန်ခံရ ရင် ငါကိုယ်တိုင်တောင် နင့်ကို သိပ် အားကျမိပါတယ် စိုးစိုးရယ်”
ဒီတစ်ခါတော့ ဟန်နီက ကား ပြတင်းပေါက်ဘောင်မှ သူငယ်ချင်း လက်လေးကို ဆုပ်ကိုင်ရင်း
 ”အားမကျပါနဲ့ သူငယ်ချင်း ရယ်၊ တကယ်တမ်းတော့ နင် ခုလို ပင်ပင်ပန်းပန်းရှာလို့ရတဲ့ ပိုက်ဆံနဲ့ မိဘကို လုပ်ကျွေးတာက ငါ့ထက် ပိုကုသိုလ်ရမှာပါ”
   ”အေးပါ၊ နင်လည်း အဲ့ဒီအလုပ် ကို ဆက်မလုပ်ဘဲနဲ့ ငွေစုမိဆောင်းမိ လို့ရှိရင် ကိုယ်ပိုင်အလုပ်လေး တစ်ခုခု လုပ်ကြည့်ပါလား”
 နှင်းရည်စကားအဆုံးမှာ ဟန်နီ့ မျက်ဝန်းများက ရီဝေအုံ့မှိုင်းလာ သည်။
 ”ခုတော့ မဖြစ်နိုင်သေးပါဘူး ဟာ။ ဘာမှလည်း စုမိဆောင်းမိ မရှိပါဘူး။ အိမ်ကိုပို့တာနဲ့ ငါသုံးတာ နဲ့ ကုန်တာပါပဲ။ ဒါပေမဲ့ နင်ပြော တာကို တစ်နေ့နေ့ ကြိုးစားကြည့်နိုင်   အောင် မှတ်ထားပါမယ်။ ဒါဆို ငါ သွားပြီနော်”
 နှုတ်ဆက်လက်ပြပြီး ကျန်ခဲ့ သည့်မိန်းကလေးကို နောက်မှန်ထဲမှ ငေးကြည့်ရင်း နံဘေးမှာ တိတ်ဆိတ် ငြိမ်သက်စွာ အတွေးနယ်ချဲ့နေပုံ ပေါ်သော ဟန်နီ့ရင်ထဲမှ ခံစားချက် တွေကို သူပုံဖော်ကြည့်မိသည်။ စိတ် ဖြေရာဖြေကြောင်း စကားတစ်ခုခု ပြောဖို့ စိတ်ကူးမိတော့ ဟိုးအရှေ့ မှာ မြင်နေရသည့် မူလတန်းကျောင်း ရှေ့ မြောင်းေ ဘးတွင် စုံရုံးပျော်ပါး နေသော ကလေးတစ်သိုက်ကို မြင် မိသည်။
   ”ဟန်နီရေ၊ ဟိုမှာကြည့်ပါဦး၊ ကလေးတွေ အများကြီးပဲ ကျောင်း ရှေ့မြောင်းထဲမှာ ဘာလုပ်နေကြတာ ပါလိမ့်၊ ကျောင်းစိမ်းဝတ်လေးတွေ တောင် ပါသေးတယ်။   ကျောင်းလွှတ် ပြီးတာတောင် အိမ်မပြန်ဘဲ ဆော့ နေကြတယ်နဲ့ တူတယ်”
 ဟန်နီက သူညွှန်ပြရာသို့ လှမ်း ကြည့်ရင်း
”ဘယ်ကလာ၊ အဲ့ဒါ ငါးရှဥ့်နှိုက် နေကြတာ၊ ငါးရှဥ့်တွေက မြောင်း ပုပ်ထဲမှာပဲ နေကြတာလေ။ ညနေ ကျောင်းဆင်းလို့ သူတို့ငါးရှဥ့်ဖမ်းပြီး ရင် ဈေးထဲပြန်ရောင်းကြတာ။ သမီး ကတော့ ဆိုင်မှာပြင်ထားတဲ့ ငါးရှဥ့် ခြောက်စပ်ကိုမြင်ရင် ဒီကလေးတွေ ကိုပဲ မြင်ယောင်မိတယ်။ ဆိုင်က ငါးကတော့ ဘယ်ကရလဲတော့ မသိဘူးပေါ့နော်။ ဒါပေမဲ့ သမီးက တော့ အဲဒီငါးရှဥ့်ကို အလကားကျွေး တောင် ဘယ်တော့မှ မစားဘူး။ မြောင်းပုပ်ထဲမှာ မြင်နေကျငါးဆို တော့ ရွံလွန်းလို့”
 ”အေးလေ၊ ဟန်နီက သိနေ တော့ မစားဘူးပေါ့၊ ဟန်နီ့ဆိုင်ကို လာနေကျဖောက်သည်တွေကတော့ မီးရောင်အောက်မှာ စားချင်စဖွယ် လှလှပပပြင်ဆင်ထားတော့ တမက် တမောစားတာပေါ့၊ မြောင်းပုပ်ထဲ ကလာမှန်း ဘယ်သိပါ့မလဲ”
 သူက ဘာကိုမှမရည်ရွယ်ဘဲ ပြောလိုက်မိပေမယ့် သူ့စကားက ဟန်နီကို ထိခိုက်သွားမှန်း ရုတ် တရက် ဟန်နီမျက်နှာပျက်သွားမှ သူသိလိုက်သည်။ ချက်ချင်းဆိုသလို သူ အရမ်းအားနာသွားပြီး တောင်း ပန်ရမလား၊ ဘာလုပ်ရမလဲ စကား လုံးရှာမတွေ့။
”လှလှပပပြင်ဆင် ထားတော့ မြောင်းပုပ်ထဲကလာမှန်း ဘယ်သိပါ့မလဲ” ဟု ရုတ်တရက် ပြောမိမှား လိုက်သည့်စကားက ရင်ထဲပဲ့တင်ထပ်ရင်း ဟန်နီ့မျက်နှာ ကို မကြည့်ရဲ ဘဲ  ဘာပြောရမှန်း မသိ ဖြစ်နေသည်။ တကယ်တော့ ဟန်နီ ကို နေ့စဉ်တွေ့မြင်ရင်းဖြင့် ညီမလေး အရင်းတစ်ယောက်လို သံယောဇဉ် ဖြစ်မိသူမို့ သူ့ကိုနှိမ့်ချစော်ကားပြော စရာအကြောင်း မရှိ။ ဒါကို ဟန်နီ နားလည်အောင် ဘယ်လိုပြောနိုင် မှာပါလိမ့်။ ထိုသို့ ဟန်နီဆီ အာရုံ ရောက်သွားခိုက် ကားက လမ်းမမှ ချိုင့်အကြီးကြီး တစ်ခုထဲ ကျသွား သည်။
    ”အမယ်လေး …”
    ဟန်နီ့ဆီက အသံထွက်လာ သလို သူ့နှုတ်မှ ချက်ချင်းဆိုသလို  တောင်းပန်စကား ထွက်ကျလာ သည်။
 ”ဆောရီး ဟန်နီ၊ ဆောရီး”
   ကားချိုင့်ထဲကျသွားသည့် အတွက် ဟန်နီ့ကိုတောင်းပန်ရင်း ခုနက စကားမှားသွားသည်ကိုပါ ရောပြီး သူတောင်းပန်လိုက်သည်။
    ”ရပါတယ် ဦးကျော်ရယ်၊ အချင်းချင်းတွေပဲ”
   ဟန်နီ့စကားကလည်း နှစ်ခု စလုံးကို ရည်ရွယ်သလို သူခံစား လိုက်ရပြီး သူနဲ့ဟန်နီကြား ပြောစရာ စကားမရှိသလို အတန်ကြာ တိတ် ဆိတ်သွားသည်။ ပတ်ဝန်းကျင် တွင် တော့ လူအပြည့်တင်ထားသော ဒိုင်နာဘတ်စ်ကား ကျပ်ကျပ်များနှင့်ကုန်အပြည့်ဆိုက်ကားများ၊ အရွယ်စုံ ဈေးသည်ကလေးများ၊ စကား တပြောပြောနှင့် အလုပ် မှပြန်လာပုံရ သော စတီးချိုင့်ကိုင်ဆွဲထားသော မိန်းကလေးများကို တွေ့ရသည်။ လမ်းကြောကျပ်နေသဖြင့် တရွေ့ရွေ့ မောင်းနေရသော ကားတွေထဲ စက်ဘီးကေ လးများကားကြိုကား ကြား ဟိုဒီတိုးဝှေ့လျက်။
 လမ်းဘေးပလက်ဖောင်းပေါ် မှ ဖမ်းမိသွားသော ငါးရှဥ့်များကို လက်မှကိုင်ဆွဲလာသော ကလေး ငယ်တစ်သိုက် ပျော်ရွှင်တက်ကြွစွာ အိမ်အပြန်လမ်းသို့ ချီတက်နေ သည့် မြင်ကွင်းကို သူလှမ်းမြင်ရစဉ်၊ နံဘေးမှ ဟန်နီ့ကို တစ်ချက်စောင်း ငဲ့ကြည့်လိုက်သည်။ဟန်နီကတော့ သူမသိနိုင်သော အတွေးတွေနှင့် လွင့်မျောနေပုံရပြီး ကာြး ပတင်း ပေါက်မှ ဟိုးအဝေးကို လှမ်းငေး ကြည့်နေသည်။ ဟန်နီ့အာရုံထဲတွင် ဘဝကိုခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှား ရသော လူတွေ၏အိမ်ပြန်ချိန် ညနေဆည်းဆာမြင်ကွင်း ကို မြင်ပုံ မပေါ်ဘဲ အတွေးထဲ နစ်နေပုံရ သည်။
 သူကတော့ ကလေးတစ်သိုက် ပျော်ရွှင်စွာ ဆွဲကိုင်လာသော ဟိုဒီ ယိမ်းခါနေသည့် ငရှဥ့်တွဲကြီး များကို ငေးရင်း၊ ကလေးတွေလို သူကူးစက် မပျော်နိုင်။ ငါးရှဥ့်များဘက် ကပင် စာနာစိတ်မကောင်းရင်း ဟန်နီ သိမြင်ခံစားရပုံမပေါ်သော မသေ မရှင်အမိခံ ငါးရှဥ့်တွေလို အဖြစ်ဆိုး မျိုး ဟန်နီ့ဘဝတွင် ဘယ်တော့မှ မကျရောက်ပါစေနဲ့လို့သာ သူ့ဘဝထဲ မှာ ခပ်ပါးပါးအရိပ်ကလေးအဖြစ် ကပ်လျက်လိုက် ပါနေသည့် မိန်းကလေးအတွက် အသံတိတ် ဆုတောင်းပေးလိုက်မိပါသည်။
 ထိုစဉ် အဝေးတစ်နေရာမှ ချမ်းချမ်း၏ တေးသံတစ်စက လေထဲ လွင့်ပျံလာသည်။
   ”ဟန်နီ…ဟန်နီ…မင်းရဲ့ အရိပ်ကလေး” 
                                                                          (ရတီမဂ္ဂဇင်း၊ မေလ၊ ၂၀၁၃)

2 comments:

  1. အစအဆုံးဖတ်သွားတယ်... အရမ်းကောင်းပါတယ်ဗျာ..နောက်ခံတေးက ပါလိုက်သေးတယ်နော်.။

    ReplyDelete
  2. ကူးကူးလှိုင်September 11, 2013 at 11:00 AM

    ဖတ်ရတာအရမ်းကောင်းတယ် ညီမလေးရေ...

    ReplyDelete