Tuesday, March 19, 2013

ပန်းရဲ့သိက္ခာ နမ်းမယ့်လိပ်ပြာ



                                                                  ပန်းရဲ့သိက္ခာ နမ်းမယ့်လိပ်ပြာ

                        “နင့်မှာ ရည်းစားရှိနေပြီလား”
             မမေးသေးဘူးလို့ စဉ်းစားထားပေမယ့်လည်း သိချင်လွန်းသည့်စိတ်ကို တားမရတော့ပြီမို့  သချာင်္အတူတွက်ရင်း စိတ်နှင့်လူ မကပ် ဖြစ်နေပုံပေါ်သော နွေးနွေးခင်ကို စေ့စေ့ကြည့်ရင်း မေးလိုက်မိသည်။ သူ လုံးဝမျှော်လင့်ထားပုံမရသည့် စကားမို့ ကျွန်မကို ရုတ်တရက် ကြည့်ရင်း အဖြေမပေးနိုင်သေးပဲ တွန့်ဆုတ်နေသည်။
              “ ရည်းစားတော့ မဟုတ်ပါဘူး ”
             မျက်လွှာချလျက် တိုးလျစွာဆိုသည်။
               “ငါဒီနေ့ မနက်က ဆိပ်ကမ်းသာလမ်းထဲကို ရောက်တယ် ”
             သူ ထပ်မံအံ့အားသင့်လျက် ကျွန်မကို ကြည့်ကာ
              “ ဒါဆို နင်ငါ့တို့ကိုတွေ့တာပေါ့နော် ဟုတ်လား ”                                                         
သူ့စကားကို ပြန်ဖြေစရာမလို၊ ကျွန်မမျက်ဝန်းများကို ကြည့်ရုံနှင့် သူသဘောပေါက်နိုင်သည်။
            “ မြတ်ငါကိုစိတ်မဆိုးပါနဲ့ဟာ…။ နင့်ကို ပြောပြရင် ငါ့ကိုတားမှာစိုးလို့ပါ၊ ပြီးတော့ ငါ့ကို သူ တကယ်လေးလေးနက်နက် ချစ်တာ၊ အဲ့ဒါကိုငါခံစားလို့ရတယ် ၊ မနှစ်ကလည်း သူ တစ်နှစ်ထိထားတာဆိုတော့ ငါအဖြေမပေးရင် ဒီနှစ်စာမေးပွဲ ဘယ်လိုမှအောင်မှာ မဟုတ်ဘူး ။ ဒါကြောင့် သနားပြီး အဖြေပေးလိုက်မိတယ်”
             လက်ချင်းတွဲလျက် တူနှစ်ကိုယ်ပျော်မြူးနေသည်ကို မျက်စိနှင့်မြင်ခဲ့ရစဉ်က အံ့သြတုန်လှုပ်ခဲ့မိပေမယ့် သူ အခုလို အကြောင်းပြချက် တွေပေးနေတောလည့်း  ဒီတစ်ကြိမ်မှာ  ပြောစရာစကားမရှိသလို နှုတ်ဆွံ့အသူမှာ ကျွန်မဖြစ်နေသည်။ ခဏကြာ ငြိမ်သက်နေမိပြီးမှ
                “နေပါဦး ငါမေးပါဦးမယ်။ အဲဒါက နင်နဲ့ ကျူရှင်အတူတက်တဲ့ သဇင်တို့ ပြောပြောနေကြတဲ့ ဟို .. ‘နေမင်း’ နဲ့ တူတယ် ဆိုတဲ့ လူ လား။”
              “ဟုတ်တယ်လေ၊ နင်လည်း မနက်ကမြင်ပြီးပြီဆိုတော့ သူချောတယ်ဆိုတာတော့ ငါအထူး ပြောစရာ မလိုတော့ဘူးပေါ့၊ ကျူရှင်မှာဆို သူ့ကို စိတ်ဝင်စားတဲ့ မိန်းကလေးတွေ တစ်ပုံကြီးပဲ၊ သဇင်ကိုယ်တိုင်တောင် ပါချင်ပါခဲ့မှာ၊ ဒါပေမဲ့ သူက သဇင်တို့နဲ့  သူငယ်ချင်း ဖြစ်အောင် အရင်ကပ်ပြီးမှ  ငါ့ကို သူတို့ကနေ တဆင့်မိတ်ဆက်ခိုင်းတာ၊ ဒီမှာ သူ့ဓာတ်ပုံ’’
                နွေးက တက်ကြွစွာ စကားဆိုရင်း သူ့စာအုပ်အဖုံးကျောဘက်ကို ဖွင့်၍ ဖွက်ထည့်ထားပုံရသော ဓါတ်ပုံတစ်ပုံအား ထုတ်ပြသည်။ အရင်ကဆို ကျွန်မသိသွားမှာ စိုးရိမ်ပြီး ၀ှက်ထားရဟန်ရှိပေမယ့် အခုတော့ ပွင့်ပွင့်လင်းလင်း ထုတ်ပြော၍ ရသွားပြီ ဆိုတော့ လက်ထဲက ဓါတ်ပုံကို သူကိုယ်တိုင်ကြည့်မ၀ ဖြစ်နေပုံများ သူ့ဆီမှ ရင်ခုန်သံကိုပင် ကျွန်မနားထဲ တီးတိုး ကြားနေ မိသလိုလို။ လမ်းဘေးပလက်ဖောင်းတွင် လက်နှစ်ဘက်ယှက် ထိုင်လျှက် တီရှပ်အင်္ကျီ၊ ပုဆိုးအကွက်စိတ် ၊လျှာထိုးဦးထုပ် တို့်နှင့် မပြုံးမရယ် ဓာတ်ပုံထဲကလူကို ကျွန်မသုန်မှုန်စွာ လှမ်းကြည့်မိသည်။
             “ သူ့နာမည်က အောင်နိုင်ဝင်းတဲ့၊ မိုက်တယ်မဟုတ်လား”
             ကျွန်မ သူငယ်ချင်း အသည်းကို ဆွဲယူကိုင်လှုပ်နိုင်ပုံရသော ထို မဲနက် စင်ရော်တောင် မျက်ခုံးနှင့် တောက်ပသော မျက်ဝန်း တစ်စုံကို ဥပက္ခာပြုရင်း သူ့လက်ဖျံတစ်ဖက်ဆီမှ နဂါးလိုလို၊ ပန်းခက်လိုလို စိမ်းပြာရောင်ဆေး မင်ကြောင်နှင့် မြေကြီးပေါ်ချထားသည့် လွယ်အိတ် ဖွာလံကြဲကို မြင်လိုက်သောအခါ ကျွန်မစိတ်ပျက်စွာ ဓါတ်ပုံမှ မျက်လုံးလွှဲလိုက် သည်။ ဒီလိုအချိန်မှာ နာမည်ကြီး ကိုရီးယား မင်းသား ‘ရိန်း’ ဒီဇိုင်း နှင့် မိုးကျ ရွှေကိုယ်လေး ဆိုရင်တောင် နွေးနှင့် ဘယ်လိုနည်းနှင့်မှ သဘောမတူနိုင်သေးသည်မို့ အခုလိုမျိုး ရုပ် ကလေး သနားကမားနှင့် ကလေကချေ... ခေတ်စကားနဲ့ဆို ဂျလေဘီပုံစံ ဆိုရင်တော့ မဖြစ်ရေးချမဖြစ်နိုင်ပြီ။  ကျွန်မသူငယ်ချင်းက ဖြူစင်နူးညံ့သူ၊ စိတ်သဘောထား သိမ်မွေ့လွန်းသူမို့ ကျွန်မ အနားမှာရှိနေရက် လစ်သွားသည့် အခိုက် အတန့်မှာ ဒီလို ဗရုတ်သုတ်ခပုံစံ ယောက်ျားတစ်ယောက်ကို သူ့ဘ၀၏ ပထမဆုံး ရည်းစားဦးအဖြစ် ရွေးချယ်ခဲ့ခြင်းအတွက် ကျွန်မ ရင်နာ မဆုံးလှပြီ။ ဒီထက်ပိုဆိုးသည်မှာ ဆယ်တန်းစာမေးပွဲဖြေဖို့  တစ်ရက်ပြီးတစ်ရက် ပိုနီးကပ်လာပြီမို့ နွေး ခြေလှမ်းမှားပြီး  စိတ် လေမည်ကိုလည်း ကျွန်မ စိတ်ပူမိလေသည်။  သူကတော့ ဆယ်တန်း ကျောင်းသူတစ်ဦး မဟုတ်သလို  မကြာခင် ဆုံတွေ့ရမည့် မိမိဘ၀အချိုးအကွေ့ကို အဆုံးအဖြတ်ပေးမည့် စာမေးပွဲကြီးကို ဥပက္ခာပြုရင်း အချစ်ဆိုသော ထိုအရာကို ရှေ့တစ်လှမ်းတိုး မြည်းစမ်း ကြည့် ဖို့ သာ စိတ်ကူး နေပုံပေါ်လေသည်။                    
          ဒါဆို အဲ့ဒီအကောင်က နင်အခုတက်နေတဲ့ “ဂုဏ်ထူးပင်လယ်” ကျူရှင်ကပေါ့ ဟုတ်လား။ စိတ်ပျက်လိုက်တာ နွေးရယ်၊ နင်ဘာ တွေလျှောက်လုပ်နေတာလဲ။ အခုစာမေးပွဲ ဖြေဖို့်ကအချိန်ကခြောက်လလောက်ပဲ လိုတော့တယ်။ စာတွေ မနိုင်ရတဲ့ ကြားထဲ ရည်းစားက ထားလိုက်သေးတယ်။ ငါက နင် သချာင်္နဲ့ ဘိုင်အို နားမလည်ဘူးဆိုလို့ အဲ့ဒီ ကျူရှင်တက်ရအောင် ကူညီ ထားတာ။ ရည်းစားထားဖို့ ကူညီတာမဟုတ်ဘူးဟ”
                  ပြောလက်စနှင့် ဒေါသထွက်လာသည်မို့ အရှိန်မထိန်းနိုင်ပဲ ကျွန်မသူ့ကို အသံကျယ်ကျယ်ဖြင့် အပြစ်တင်စကား ဆိုမိသည်။ သူက ကျွန်မနှင့် တစ်ရပ်ကွက်ထဲနေ အိမ်နီးချင်းဖြစ်ပြီး ငါးတန်းမှ ဆယ်တန်းအထိ တစ်တွဲတွဲ မခွဲခဲ့ သော ကျောင်းနေဘက် အချစ်ဆုံး သူငယ်ချင်းလေးဖြစ်သည်။ ဖြူဝင်းသော အသားအရေမှာ မျက်လုံးပြူးပြူး၊ နှုတ်ခမ်းဖူးဖူးနှင့် ချစ်ဖွယ်စကားကို ဆိုတတ်သူမို့ ကျွန်မ တင်မက ကျွန်မ မိဘများကလည်း သူ့ကို ချစ်သည်။ နွေး ခြောက်တန်းကျောင်းသူဘ၀တွင် အဖေဆုံးသွားပြီး အမေဖြစ်သူက ရပ်ကွက် ဈေးထဲမှာ ကုန်ခြောက်ရောင်းရသည်။ သူ့အစ်ကိုကတော့ မြို့ထဲက လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တွင်လုပ်ပြီး နွေးအောက်မှာ အလယ် တန်း ကျောင်းသူမောင်လေးနှင့် မူလတန်းကျောင်းသူ ညီမလေးတို့ ရှိသေး၏။ အစ်ကိုနှင့် အမေရှာသမျှက သူတို့ မောင်နှမ တွေ အတွက် ကျောင်းစရိတ်နှင့် အိမ်စရိတ်တွေ လစဉ်လုံလောက်အောင် ခဲခဲယဉ်းယဉ်း ကြိုးစားရလေသည်။ ဘာသာစုံ ၀ိုင်းကျူရှင် တက်သော ကျွန်မ အတွက်  အိမ်မှ ဂိုက်တစ်ယောက်ငှားပေး ချိန်တွင် နွေးမှာတော့ ရပ်ကွက်ထဲမှ ကုသိုလ်ဖြစ် ဆရာမဆရာမ တို့၏ ဈေးအသက်သာဆုံး `ပညာဒါန´ကျူရှင်တွင် ဆယ်တန်းအောင်ဖို့ တိုက်ပွဲဝင်နေရသူ ဖြစ်သည်။ သူ့ကျူရှင် မှ ဆရာ၊ ဆရာမ များက အတွေ့အကြုံရင့် ဆရာ များမဟုတ်ပဲ ရပ်ကွက်ထဲမှ ဘွဲ့ရပြီးသူတို့က ဈေးနည်းနည်း နှင့် စုစည်းဖွင့်လှစ်ထားသည့် ကုသိုလ်ဖြစ် ကျောင်းတစ်ခု ဖြစ်သည်။ အပတ်စဉ် စနေနှင့် တနင်္ဂနွေ နှစ်ရက်တည်းသာ တစ်နေကုန်သင်သည့် ထိုကျူရှင်တွင် သချာင်္နှင့် ဘိုင်အိုကို သူ ကောင်းကောင်း မလိုက်နိုင်ပါတဲ့။ သူ့အမေကိုပြောလျှင်လည်း နောက်ထပ် ၀န်ထုတ်ဝန်ပိုးဖြစ်မည်စိုး၍  ဘ၀ကို ကံစီမံရာ အတိုင်း ဖြစ်စေတော့ဟု စိတ်ဒုံးဒုံး ချလိုက်ပုံ ရစဉ်တွင် ကျွန်မ လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ နွေးအကြောင်းကို အမေ့ကို ပြောပြ ဖြစ်ခဲ့သည်။
            ပထမတော့ ကျွန်မ၏ ဂိုက်ဆရာမ သချာင်္နှင့်ဘိုင်အို ပြချိန်တွင် နွေးကိုအိမ်သို့ခေါ်၍ အတူသင်ပေးဖို့ စိတ်ကူးကြည့်သည်။ သို့ပေမဲ့ အဆင်မပြေလှ။ တစ်နေ့ သုံးနာရီလောက် ဂိုက်ဆရာမနှင့် တွေ့သည့် အချိန်တွေက ကျူရှင်ဝိုင်းမှာ ကျွန်မ နားမလည်သည့် စာများနှင့် တစ်ပတ်စာ မကျေညက်သောစာများကို ပြန်လေ့လာ ကျက်မှတ်ရန် ဖြစ်သည်။ နွေး နားမလည်သော ဘိုင်အိုစာအုပ် ထဲမှ လေ့ကျင့်ခန်းအဟောင်း များနှင့် သချာင်္ပုစ္ဆာတို့ကို  ကျွန်မအတွက်မဟုတ်ပဲနဲ့ ဂိုက်က သင်ပေးမှာမဟုတ်။  အကယ်၍ ဂိုက်က သင် ပေးမည်ဆိုလျှင်တောင် နှစ်ယောက်စာပေးဖို့လည်း မဖြစ်နိုင်တော့ ဘယ်လောက်ပိုပေး မလဲဆိုတာလည်း ညှိဖို့လို ဦးမည်။
           နောက်ဆုံးတော့ နွေးအတွက် တစ်ခုခုလုပ်ပေးဖို့ အမေဆုံးဖြတ်ချက်ချရပြီ။ နွေးမှာ ကျွန်မ၏ တစ်ဦးတည်းသော အချစ်ဆုံး သူငယ်ချင်းဖြစ်သလို အမေတို့ ကိုယ်တိုင်လည်း နွေးအပေါ် ငယ်စဉ်ကတည်းက  သံယောဇဉ်ရှိသည်။ တစ်အိမ်ကျော် အိမ်နီးနား ချင်း ဖြစ်သူ နွေးမေမေ ဒေါ်မြခက်၏ သောကအမောတွေကိုလည်း တစ်ပူတစ်ပူထပ်ပြီး မဆင့်စေချင်။ ဒါ့အပြင် လိမ္မာရေးခြားရှိပြီး စာမေးပွဲ တွေမှာ အဆင့်ကောင်းခဲ့သည့် နွေးကို တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာမှာ ငွေကြေးမတတ်နိုင်သဖြင့်  ခြေချော်ကျနိုင်သည့် ခလုတ် ကသင်း တွေ မြင်နေပါလျက် အမေဘယ်လိုမှ  မျက်နှာလွဲ ခဲပစ်မနေနိုင် ဖြစ်ပုံရပါသည်။။ ဒါကြောင့် သူအားနည်းသည့် ဘာသာ နှစ်ခု အတွက် မြို့ထဲမှာနာမည်ရှိပြီး ဈေးသင့်တင့်သည့် ကျူရှင်တစ်ခု၏ ဆက်ရှင်တစ်ခုမှာ  လပြတ်ကျူရှင်ထပ်ယူနိုင်ဖို့ အမေ ကူညီခဲ့သည်။ ဒီတုန်းက နွေးမျက်ရည်ကျလျှက်  “ ဆယ်တန်းကို အမှတ်ကောင်း ကောင်းနှင့် နှစ်ချင်းပေါက် အောင်ဖို့ ကတိပေး ပါတယ် အန်တီ”ဟု ဆိုတော့ ကျွန်မမှာ နွေးအတွက် ၀မ်းနည်းဝမ်းသာ  မျက်ရည်ဝဲသည့်ကြား မှ မေမေ့ ကို ကျေးဇုးတင်မိသေးသည်။  အတန်းတူ သူငယ်ချင်း သဇင်တို့ပြောပြ၍ ‘ဂုဏ်ထုးပင်လယ်’ ကျုရှင်ကို စုံစမ်းပြီး မေမေပေး သည့် ငွေဖြင့် ကျွန်မတို့နှစ်ယောက် ကျူရှင် သွားအပ် ဖြစ် ကြသည်။’ ဂုဏ်ထူးပင်လယ် ‘မှာ ဆိပ်ကမ်းသာ လမ်းမှ နာမည်ကြီးကျူရှင်များထဲက တစ်ခု ဖြစ်သည်။        
                    နွေးနာမည်နှင့် ထိုင်ရမည့် ခုံနံပါတ်နံပါတ်သိသောအခါ၊ ကျောင်းစာရေးဆီမှာ သုံးလပြတ်စာ ကျူရှင်လခသွင်း၍ ကျောင်းအပ်ပြီး အပြန်လမ်းတလျောက်  နွေးအတွက် ကျွန်မ စိတ်ပူစွာ မှာတမ်းတွေချွေမဆုံး ဖြစ်ရသည်။
                  “ ကျူရှင်မှာ လူတွေကလည်း အများကြီးပဲနော်။ ယောက်ျားးလေး မိန်းကလေး ခွဲထားတာမျိုးလည်း မရှိဘူး။ ကိုယ့်ခုံ နံပါတ်နဲ့ ကိုယ် ထိုင်ရတာဆိုပေမယ့်   လူတွေကဗျောက်သောက် ဆိုတော့ ငါနင့်ကို စိတ်ပူတယ်။ ”      
                  “ ခုနက စာရေးပြောတော့ မိန်းကလေးတွေက သက်သက်ထိုင်ကြရတာပါတဲ့ ”
                  “ အဲ့ဒါက နဂိုတည်းက သူတို့ သူငယ်ချင်းတွေနဲ့ အတူလာတက်လို့နေမှာပေါ့။ နင်က ငါလည်း မပါတော့ တစ်ယောက် တည်း တက်ရမှာ။ နင်မျက်နှာကို သိပ်ချိုပြမနေနဲ့ ၊ ကျူရှင်မှာ ခပ်တည်တည်ပဲနေနော်။ သဇင်တို့ ရှိတယ်ဆိုပေမယ့် သူတို့ အကြောင်း နင်အသိဆုံးပဲ ကိုယ်ပေါင်း စိတ်ခွာနေ”
                 သဇင်တို့ ပြောပြ၍ ဒီကျူရှင်ကို သိရသည်မှန်သော်လည်း ကိုးတန်းနှစ်ကတည်းက ရည်းစား ရှိတာကို ဂုဏ်ယူစရာ ကိစ္စ တစ်ခုလို အမြဲပြောနေတတ်သည့် သဇင့်ကိုတော့ ကျွန်မက မနှစ်မြို့လှတာ အမှန်ပင်။
                  “ မြတ်ကလည်း စိတ်ပူစရာမရှိ၊ကြံဖန်ပူနေတယ်။ ငါဘ၀ ငါမမေ့ပါဘူးဟာ။ အန်တီနဲ့ နင့်စေတနာကို ငါနားလည်ပါ တယ်၊ စိတ်ချ ။ ပြီးတော့ ဒီကျူရှင်ကနေ ဂုဏ်ထူးထွက်သွားတဲ့ လူတွေ အများကြီးပဲတဲ့၊ ငါ့အစ်ကို ပြောပြတယ်။ သူတုန်းကလည်း ဒီလို ကျူရှင်ပဲတတ်တာ၊ ပျော်ဖို့လည်းကောင်းသလို၊ စာလည်း မှတ်မိတယ်တဲ့၊ သူလည်ုးသချာင်္ဂုဏ်ထူး တစ်ခု ပါခဲ့တယ်လေ ”
            သူ့ဆီက ဒီလိုစကားမျိုးကြားရတော့ ကျွန်မစိတ်အေးသွားမိသည်။ ဟုတ်ပါတယ်လေ။ ဆယ်တန်းစာမေးပွဲကို ၀ိုင်းကျူရှင်နှင့် အိမ်မှာ ဂိုက် ခေါ်သင်မှ အမှတ်ကောင်းပြီး ဂုဏ်ထူးပါနိုင်တာမျိုးမှ မဟုတ်တာ။
            “ အေးပါ၊ နင်အဆင်ပြေဖို့ ပဲ အရေးကြီးပါတယ်နွေးရယ်၊ ငါ့ကျူရှင်မှာဆို လူငါးယောက်ပဲ ရှိတော့ နားမလည်တဲ့စာဆို ဆရာ့ ကို ချက်ချင်း ပြန်ရှင်းခိုင်းလို့ရတယ်။ ဟေးလားဝါးလားလည်း လုပ်လို့မရဘူး။  ဒါကြောင့် နင်လည်း နားမလည်တာဆို ချက်ချင်းထ မေး၊။ ကျောင်းသားတွေ အများကြီးဆိုတော့ ဆရာက တစ်ယောက်ချင်းစီကို မသိနိုင်ဘူး။ ပြီးတော့ ကျူရှင်မှာ အပျော် လာတက်နေတဲ့ မျက်နှာရူး တွေနဲ့လည်း အပေါင်းအသင်းမလုပ်နဲ့ ၊ အိမ်ပြန်ရင်လည်း မြန်မြန်သွက်သွက် ပြန်လာဦး၊ ဘက်စ်ကား နဲ့ ပြန်ရမှာ”
           “ အေးပါဟယ်၊ အမေကလည်း ငါအဆင်ပြေသွားလို့  ၀မ်းသာနေတယ်။ ပြီးတော့ အန်တီကိုလည်း သူက ကျေးဇူးတင်လို့ ပြော ပေးပါဦးတဲ့”
             ထိုစဉ်ကတော့ နွေးကဘ၀ကို အရှိအတိုင်းနားလည်လက်ခံပြီး သူ့အိပ်မက်တွေ တပွေ့တပိုက်ကို လက်တွေ့ အကောင် အထည် ဖော်ချင်သူ၊ အခုတော့ နွေးက သူ့ကျူရှင်ချိန်တွေထဲ နားမလည်ပါဘူးဆိုသည့် ကျောင်းစာတွေထက်  နားမလည် သင့်သေး သော အချစ်စာကိုသာ ပိုဦးစားပေး သင်ယူချင်သူ။ လက်ရှိ နွေးပြောနေသည့် အရေးမပါလှသော သူတို့ နှစ်ယောက်၏ ဆုံဆည်းမှု ကို ကျွန်မ  စိတ်မ၀င်စားသော်လည်း ဒေါသကို မြိုသိပ်ပြီး နားထောင်ပေး လိုက်ရသည်။ သူ့ကောင်လေးနှင့် ပတ်သက်ပြီး သူသိသမျှ ပြောပြ လာ သည့်အခါမှာတော့ ကျွန်မမအောင့်ဧည်းနိုင်တော့ပဲ..
           “ဒါဆို သူက repeater (တစ်နှစ်ကျ) ကြီးပေါ့၊ မိသားစုကလည်းများသေး။ အဖေက လက်သမားလုပ်ပြီး အိမ်ကို လုံလောက် အောင်မပေးဘူး။ အရက်သောက်ပစ်တာဆိုတာ နင်က သနားတယ် ငါက စိတ်ပျက်တယ်၊ အမေက ခေါင်းရွက်ဗျတ်ထိုး၊ ဒါကတော့ သနားစရာပါ။ ဒါပေမဲ့ နင့်အကောင်က ဈေးသည်သားနဲ့မတူပဲ လက်ကြောတင်းမယ့်ပုံမပေါ်ဘူး။ လူဆိုတာ ဥစ္စာမရှိလည်း ပညာရှိမှ၊ ပညာမတတ်လည်း ဥစ္စာရှိရင် တော်သေး။အခုတော့ နင့်ဟာက….။ နင်လည်း ကိုယ့်အခြေအနေကို ကိုယ်သိတာပဲဟယ်၊ နင်.. တကယ်ဦးနှောက်မှ ရှိသေးရဲ့လား”
            ကျွန်မမှာ တွက်ချက်လို့ အဖြေမထွက်နိုင်သေးသည့် သချာင်္ပုစ္ဆာကို ခဏဘေးချပြီး သူ့ပြဿနာအတွက် တကယ်ခေါင်းနပမ်း ကြီးသွားမိသည်။
          “ ငါ မှားလား မှန်လား ကိုယ့်ဖာသာ မသိဘူးဖြစ်နေတယ် မြတ်ရယ်၊ ငါတကယ်ပဲမှားသွားပြီလားဟင်”
          “ ကျွတ် နင် ရူးနေပြိလား နွေး၊ အခုအချိန်ဟာ ရည်းစားထားရမဲ့အချိန်လား၊ စာမေးပွဲကဖြင့် ဖင်နားကပ်နေပြီ။ နင်ကြောင့် ငါတကယ် သေချင်တယ်။ နင်အဲ့ဒီအကောင်ကို အခု ဖြတ်မလား မဖြတ်ဘူးလား။ မဖြတ်ရင်တော့ ငါနင့်အမေနဲ့တိုင်ရလိမ့်မယ်”  
             သူက အချစ်ကိုတွေ့ရှိချိန် ခံစားရသည့် ခံစားချက်တချို့နှင့် သူကောင်လေး၏အကြောင်းကို  စပ်စုနေကျ သဇင်ခိုင် တို့လို ကျွန်မက အရေးတယုလုပ် မေးမြန်းစပ်စုမည်ဟု ထင်ထားမျှော်လင့်နေပုံရသည်။  ယခု သူ မမျှော်လင့်သည့် စကားမို့ အံ့သြ တုန်လှုပ် စွာ ကျွန်မလက်တစ်ဖက်ကို လာကိုင်သည်။
          “ အဲ့လိုတော့ မလုပ်ပါနဲ့ မြတ်ရယ်နော်။ ငါသူနဲ့ မတွေ့တော့ဘူးလေဟယ်၊ ကျူရှင်ကအပြန်လည်း သူ့ကို လိုက်မပို့ခိုင်းတော့ ဘူး။ ငါသူ့ကိုမေးထူးခေါ်ပြော အဆင့်လောက်ထိပဲ ပတ်သတ်မယ်လေဟာနော်။ အမေ့ကိုတော့ မတိုင်ပါနဲနော်။ ပြီးတော့ ငါ့ သူ့ကို ဖြတ်လို့တော့ မဖြစ်ဘူး။ မဟုတ်ရင် သူသေမှာ၊ သူစာမေးပွဲ ထပ်ကျမှာကိုလည်း ငါစိုးရိမ်လို့ပါဟယ် နော် ”
             အချစ်စိတ်တွေ မွန်ထူနေသော နွေးကို ကြည့်ပြီး၊ ဘာပြောရမှန်းမသိလောက်အောင် စကားလုံးတချို့ ပျောက်ဆုံးနေ သည်မို့ကျွန်မ သက်ပြင်းမောတစ်ချက်ကိုသာ ရှိုက်ထုတ်မိတော့သည်။
                                                             XXXXXXXXXXXXXXXXXXXXX
                 “သမီးရယ်၊ အန်တီတော့ ဘာဆက်လုပ်ရမှန်းတောင် မသိတော့ပါဘူး။ သမီးကိုတော့ သူပြောပြမှာပဲလို့ အန်တီထင်လို့ ဆိုင်ကနေ ဖုန်းဆက်ခေါ်လိုက်ရတာ။ အိမ်မှာလည်း မိရွှေချောက မျက်ရည်စီးကြောင်း ထနေတော့ သူ့ရှေ့မှာလည်း အန်တီမမေးချင် ဘူး။ သူ့အစ်ကိုလည်း သိသွားတော့ ပိုဆိုးတယ်”
                မနက်က ဈေးထိပ် ပီစီအိုဖုန်းဆိုင်မှ ကျွန်မဆီ အန်တီမြ ဖုန်းဆက်ပြီး နေ့လည်ဈေးသိမ်းချိန်လောက် ဆိုင်ခဏလာဖို့ ခေါ် ထားသောကြောင့် ကျွန်မလာခဲ့ခြင်းပင်။ ဆိုင်ကလေးပေါ်သို့ တက်လိုက်တယ်ဆိုလျှင်ပဲ အာလူး၊ ကြက်သွန်၊ ငရုတ်သီးများ ပတ်လည် ၀ိုင်းနေရာမှာ ချိန်ခွင်ကလေးကိုင်ပြီး ချွေးတလုံးလုံးနှင့် ဈေးရောင်းနေသည့် အန်တီမြကို သနားစဖွယ် တွေ့ရသည်။ ဆိုင်ပေါ်ကို တက် ပြီး မှ ထိုင်စရာနေရာမရှိ၍ ဆိုင်အစွန် လွတ်နေသော ကြမ်းခင်းတွင် တင်ပလွှဲ ထိုင်လိုက်သည်ဆိုရင်ပဲ အန်တီက ကျွန်မ မြင်ဖူးခဲ့သည့် ဓါတ်ပုံတစ်ပုံကို ထုတ်ပြရင်း စကား စခြင်းပင်။
                “ သမီး သိတာလည်း ဘာမှမကြာသေးပါဘူး အန်တီရယ်၊ သူပြောပြတာတော့ မဟုတ်ပါဘူး၊ သမိးဖာသာပဲ မေးလိုက် တာ။ အခု ကိုကြီးသိသွားပြီဆိုတော့ သူ့ကို ရိုက်တာ၊နှက်တာတွေရော ရှိသေးလား”
                “ရိုက်တော့ မရိုက်ပါဘူး သမီးရယ်၊ သူ့ညီမကို အသည်းယားပြီး ဟိုကလုပ်ချင်နေတာ။ အန်တီတားထားလို့၊ နောက်တစ်ခါ မျက်စိရှေ့မှာတွေ့ရင်တော့ အသတ်ပဲတဲ့။ အခု အဲ့ဒီိကလေးက သမီးတို့ ကျောင်းကပဲလား၊ ဒါမှမဟုတ်ရင် အိမ်နားက ကျူရှင်ကလား သမီးရယ်၊ အတင့်ရဲလိုက်တာ။ အိမ်အထိ အောင် အကြိုအပို့လုပ်ပေးလို့ သူ့အစ်ကို မြင်ရ တာလေ”
               “ကျောင်းကမဟုတ်ပါဘူး အန်တီရယ် ။ မြို့ထဲ ကျူရှင်ကပါ ။ အရမ်းကြီးတော့ စိတ်မပူပါနဲ့ ၊နွေး ဒီလောက် မိုက်မှာ မဟုတ် ပါဘူး အန်တီ ရယ် “
              “ သူသာ မမိုက်ဘူးဆိုရင် အဲ့ဒီလို ဘယ်လုပ်ပါ့မလဲ သမီးရယ်”
               နွမ်းလျနေသော အန်တီမျက်နှာကို ငေးကြည့်နေမိသည်။ သနပ်ခါးထူထူလိမ်းသည့် ပါးပေါ် ကျလာသည့် မျက်ရည်တွေ ကို  ကျွန်မ မမြင်အောင် လက်ဖျံနှင့်သုတ်ရင်း အဝေးကို ငေးလျက် မောပန်းစွာတစ်ခွန်းချင်းဆိုသည်။
                    “သမီး မေမေကိုတော့ မပြောပါနဲ့ သမီးရယ်၊ သူသိရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ မြို့ထဲက ကျူရှင်ဆိုရင်တော့ လိုက် မကြည့်နိုင်မယ့် အတူတူ အန်တီသူ့ကို ကျူရှင်ထုတ်ရင် ကောင်မလားလို့”
               “ စာမေးပွဲက အရမ်းနီးးနေတော့ ကျူရှင်တော့မထုတ်စေချင်ဘူး အန်တီရယ်။ ဒီလိုလုပ်ပါလား။ ကိုကြီးကိုကြိုခိုင်ရင်ရော ”
                “သူ့ဆိုင်ကလည်း သူ့အပြင်တခြားဝန်ထမ်း မရှိလို့၊ ထွက်ဖို့ မလွယ်ဘူး။  တခါတလေ၀ယ်သူကျရင်တောင် မိုးချုပ်တယ် ကွဲ့၊ သူတော့ အဆင် မပြေနိုင်ဘူးထင်တယ်”
                 “ ဒါဆို ဇော်ထိုက် ဆိုရင်ရော အန်တီ”
                  နွေး၏မောင်လေး ရှစ်တန်းကျောင်းသားဇော်ထိုက်ကို သတိတရ ပြောလိုက်မိခြင်း ဖြစ်သည်။ နွေး၏လူက ဒဂုံတောင် မှလာရသည်မို့ ကျူရှင် အသွားတော့ နွေးကို စောင့်ခေါ်နိုင်ပုံမရ၊ ညပိုင်း ကျူရှင်ဆင်းမှ အိမ်နားအထိ လိုက်ပို့ရင်း နွေး အစ်ကိုနှင့် ဆုံ တာ ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ဇော်ထိုက်ကတော့ ရှစ်တန်းကျောင်းသားပေမဲ့ လူကောင်ထွားသည်မို့ ၊ မလောက်လေး မလောက်စားပုံ မပေါက်။ ဒါကြောင့် အောင်ကိုဝင်း နွေးအနားကပ်ဖို့ အတင့်မရဲမှာ သေချာသည်။ နောက်ဆုံးတော့ ကျောင်းစာကို မထိခိုက်ပဲ အကောင်းဆုံး ဖြေရှင်းနိုင်မည့် ထိုပြဿနာအတွက် ဇော်ထိုက်လေးကို မုန့်ဖိုးပေးပြီး နွေး ကျူရှင်အပြန်ကို စောင့်ကြိုဖို့ ကျွန်မပေးသည့် အကြံကို အန်တီလက်ခံခဲ့သည်။ ကျူရှင်တစ်ခု တည်းသာမဟုတ် နီးနီးနားနား နွေး ဘယ်သွားသွား ဇော်ထိုက်က အရိပ်လို အမြဲပါနေ သည်ကို တွေ့ရတတ်သည်။ တခါတလေ မုန့်ဆိုင်မှာ မုန့်ဝယ်သည်ကအစ ဇော်ထိုက်မပါလျှင် သူ့ညီမလေး သုံးတန်းကျောင်းသူ ဖြူစင်  အမြဲပါသည်ကို တွေ့ရတိုင်း နွေး တစ်ယောက် ဘယ်သွားသွား ခြေချုပ်မိနေမှန်း ကျွန်မ အကဲခတ်မိ သည်။ နွေးမျက်နှာ မကောင်းလှသည်ကို မြင်လျက်နှင့် အကူအညီ မပေးသာသည်မို့ မသိချင်ယောင်ဆောင်ရင်းမှ အသည်းကွဲ၍လား၊ စာမေးပွဲ နီး၍လား မသိ ဒီရက်ပိုင်း သူအတော်လေး စကားနည်း သွားသည်ကို  သတိပြုမိသည်။ တစ်ရက်တော့ စာအုပ်တွေ တစ်ပွေ့တပိုက်နှင့် ကျွန်မဆီ သူရောက်လာသည်။ တစ်အိမ်ပဲ ခြားသည်မို့ သူ့အိမ်ကလည်း မည်သည့်အဖော်မှ မထည့်လိုက်ရာ ကျွန်မစာကျက်နေသော အိမ် အပေါ်ထပ် ၀ရံတာ လေးဆီသို့ သူ တက်လာသည်။
              “ ဟေ့ နွေး”
                သူက ကျွန်မကို ခွန်းတုံ့ပြန်ဖို့ စိတ်မ၀င်စားနိုင်ပဲ ကျွန်မထိုင်နေသည့် စာကြည့်စားပွဲကို ကျော်၍၀ရံတာမှာ ရပ်ကာ လက် ဟန် ခြေဟန်နှင့် တစ်စုံတစ်ယောက်ကို သူပြောဆိုနေသည်။ ထို နေရာသို့လှမ်းကြည့်လိုက်တော့မှ လားလား ဒင်းက ဓါတ်တိုင် အောက်မှာ ရပ်နေ သော ကိုယ်တော်ချောနဲ့ အချိန်းအချက် လုပ်နေသည်ကိုး။ ဓါတ်တိုင်အောက်မှာ အောင်နိုင်ဝင်းက အဖြူရောင် ရှပ် အကျီင်္၊ အမဲရောင် ပုဆိုးနှင့် အထုံးကလေးထုံးထားသော လွယ်အိတ်ပုတိုလေးကို လွယ်လျက်၊ ကျွန်မစာ ကျက် နေသော ၀ရံတာသို့ မော့ကြည့်ရင်း ဘာတွေပြောနေသည်မသိ။ နွေးကို အထဲဝင်ဖို့ လှမ်းဆွဲလိုက်တော့ သူက သတ္တိတွေ ရှိနေလေပြီ။
              “ မြတ် နင်ငါနဲ့ခဏလိုက်ခဲ့ဟာ၊ ဒီနေ့ ငါ သူနဲ့ ခဏလောက်တော့ တွေ့ရမှ ဖြစ်မယ်”
              ကျွန်မမှာ စာကျက်ရင်း အချစ် ဆိပ်တက်နေသော နွေးကို ကြည့်ပြီး စိတ်ပျက်သွားမိသည်။
              “ နင် ရူးနေပြီလား။ ဘာလုပ်ဖို့ သူနဲ့ သွားတွေ့ဦးမှာလဲ။ နင်အိမ်က သိရင် မိုးမီးလောင်သွားမယ်”
              “ ဟင့်အင်း မသိနိုင်ပါဘူးဟာ။ နင့်ဆီသွားမယ်လို့ ငါ ပြောထားတာပဲ၊ အိမ်က တစ်ယောက်မှ လိုက်မကြည့်ဘူး။ စိတ်ချ။ နင်သာ နောက်နေ့ သူတို့ကို ပြန်မတိုင်ရင် ဘာမှသိစရာမရှိဘူး “
               ရဲရင့် ပြတ်သားနေသော သူ့ဟန်ပန်မှာ ကျွန်မနှင့် ငါးနှစ်တာ တတွဲတွဲ မခွဲအတူရှိခဲ့ဖူးသော ကျွန်မသူငယ်ချင်းလေး နွေးနွေးခင် ဟုတ်ပါလေစ။ ကျွန်မ စက္ကန့်အနည်းငယ် အံ့သြမင်သက်နေသည်ကို သူက အခွင့်ကောင်း ယူလျက်“သွားရအောင် မြတ်ရယ်၊လာပါ” ဆိုပြီး ကျွန်မလက်ကို ဆွဲလျက် လှေခါးပေါ် မှ ခေါ်ချလာ သည်ကို ယောင်တောင်  တောင်နှင့် ပါလာ ပြီးအောက်ရောက်မှ သတိရမိကာ ကျွန်မ သူ့လက်ထဲမှ ခပ်ကြမ်းကြမ်း  လေး ရုန်း ထွက် လိုက်သည်။
                “ ငါ မလိုက်နိုင်ဘူး နွေး၊ ငါ အဲ့ဒီအကောင်နဲ့ နင့်ကိုလုံးဝသဘောမတူဘူး”
                “ငါ တောင်းပန်ပါတယ်ဟယ်၊ သူက ငါ့ကို ဒီနေ့ ပြောစရာ စကားရှိလို့ ည ခုနစ်နာရီလောက် အပြင်ကို ဖြစ်တဲ့နီးနဲ့ ထွက်ခဲ့ ပါလို့ သဇင့်ကနေ တဆင့် ပြောထားလို့ပါ။ ဒီနေ့တွေ့ပြီးရင် စားမေးပွဲ မပြီးမချင်း သူနဲ့ ငါနောက်ထပ် မတွေ့တော့ဘူးလို့ ကတိ ပေးပါ တယ်။ ဒီနေ့ တစ်ရက်လေးပဲ ငါ့ကို ကူညီပါနော်။ တကယ်လို့ နင်မကူညီရင် ငါ..ငါတစ်ယောက်တည်းပဲ သွား တော့မယ်”
                 တောင်းပန်သလို လက်အုပ်လေးချီပြီး လက်လေးနှစ်ဖက်ကို ပွတ်၍ ပြောနေသော သူ့ကို ကျွန်မ ဘယ်လို နားလည် ရမည် လဲ။ နူးညံ့သိမ်မွေ့လွန်းသော သူမခန္ဓာကိုယ်ထဲ ဘယ်အချိန်တုန်းက အချစ်အတွက် ရဲရင့် ပြတ်သား စေနိုင်မည့် ရဲရဲ တောက် သွေးတွေ စီးဆင်းနိုင်ခဲ့တာပါလိမ့်။ သူတစ်ယောက်တည်း သွားလျှင် ပိုဆိုးမည့် အခြေအနေမို့ ကျွန်မ ကူညီရတော့မည်။   
                “ အေး ငါဒီတစ်ခါတော့ လိုက်ကူပေးမယ်၊ ဒါပေမဲ့ နင့်ကတိလည်း တည်ပါစေ”
               အိမ်ကထွက်လာချိန်မှာတော့ အဖေက ရေဒီယိုနားထောင်နေချိန်၊ အမေနှင့် အိမ်သားတွေကတော့ “ကိုရီးယားလှိုင်း”ထဲ မျောနေကြသည်မို့ အာလူးကြော်နှင့်အအေး သွားဝယ်ဦးမယ် ဆိုသည့် ကျွန်မ၏ ဆင်ခြေအပေါ် စစ်ဆေးမေးမြန်းခြင်း မရှိကြပါ။ ကျွန်မ မှာသာ နွေး ချောဆွဲခေါ်သွားသော ‘စိမ်းလန်း’ အအေးဆိုင်ရှိရာသို့ သွားစဉ် မလှမ်းမကမ်း မှာ အတူပါလာသော ဓါတ်တိုင်အောက် နားမှ နွေး၏အရိပ်ကြောင့် လိပ်ပြာမလုံသလို ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက်ငေး ရင်း ကျွန်မ ကြောက်ဒူးတုန်ရပါသည်။
               “ အအေး ဆိုင်ကိုပဲ သူ့ကို ခေါ်သွားမှ ဖြစ်မယ်၊ လက်ဖက်ရည်ဆိုင်ဆို ကိုကြီးအသိတွေနဲ့ တိုးနေဦးမယ်”
           တိုင်ပင်သလို တစ်ယောက်တည်း ပြောနေသော နွေးအသံကို နားစွင့်ရင်း နွေးအိမ်မှာ တစ်ယောက်ယောက် မြင်သွားလျှင် ကျွန်မပါ ဓါးစာခံ ဖြစ်မိအရေးတွေးပြီး ကျောချမ်းရသည်။ ဆိုင်ရှေ့ရောက်တော့ နွေးက သူ့အရိပ်ကိုလှမ်းစောင့် နေလိုက်သည်။
               “ဟိုနားမှာ ထိုင်ရအောင်၊ သစ်ပင်နဲ့ဆိုတော့ မှောင်ရိပ်နည်းနည်းကျတယ်”
                သူကလည်း နွေးအစ်ကို ဖြစ်သူနှင့် ပက်ပင်းတိုးခဲ့ဖူးသည်မို့ လူမြင်မှာတော့ စိုးရိမ်ပုံပေါ်သည်။ သူဦးဆောင်ရာ ၀ိုင်း သို့ ကျွန်မတို့ နှစ်ယောက် လိုက်လာခဲ့သည်။ သူက ထောပတ်သီးဖျော်ရည်မှာချိန် ကျွန်မတို့နှစ်ယောက်ကတော့ စတားကိုလာ တစ်ယောက် တစ်ပုလင်းစီပဲ မှာလိုက်သည်။ သူက စီးကရက်ကို စိတ်ပါလက်ပါဖွာရှိုက်ရင်း  နွေးမျက်နှာကို ရီဝေစွာကြည့်လျက် စားပွဲ အာက်မှ  နွေးလက်တစ်ဖက်ကို လှမ်းဆွဲယူပြီး ဆုတ်ကိုင်ထားသည်ကို ကျွန်မ မမြင်ချင်ယောင်ဆောင်နေရ သည်။ နွေး ကို နှမျော သည့် စိတ်နှင့် ဖြစ်ပေါ် လာသော ဒေါသစိတ်ကလေးကြောင့် လိုအပ်သည်ထက် ကျွန်မ မျက်နှာထားမှာ တင်း မှာနေ မှာဖြစ်ပြီးချက်ချင်းထပြန်ချင်သည့်စိတ်ကိုမနည်းမြိုသိပ်ထားရသည်။                                                                                                        
        ကြည့်ပါဦး ကျွန်မမုန်းသည့် ဆေးလိပ်ငွေ့တွေကြားမှ မြင်နေရသည့် သူ့ပုံစံ၊ တွန့် လိမ်ကောက်ကွေးနေသော ဆံပင်များက ဂုတ်နားမှာ ကော့ပျံတက်နေသည်။ ကြယ်သီး သုံးလုံးလောက် ဖြုတ်ထားသော ရှပ်အင်္ကျီ ဖရိုဖရဲကြောင့် သူ့ရင်ဘတ်ကို လှမ်းမြင် နေ ရပြီး ချောမောပြေပြစ်ပါသည့်ဆိုသော သူ့မျက်နှာကတော့ ညစ်ထေးထေး ဦးထုတ်တစ်လုံးအောက်မှာ အာရုံနောက် ချင်စရာ။ ရုတ် တရက် မြင်လိုက်ရသည့်  သူ့ပုံစံမှာ ဘာကိုမှ အထင်ကြီး သဘောကျချင်စရာ မကောင်းသည်မို့ ထိုသူမှာ ကျွန်မ အချစ်ဆုံး သူငယ်ချင်းလေး ၏ စိတ်ကူးထဲမှ မျှော်လင့်ခဲ့ဖူးသော အချစ်ဦးသူဆိုသည်ကို လက်ရှိ အချိန်ကလေးမှာပင် ကျွန်မလက်ခံနိုင် ဖြစ်နေရသည်။ သူ့ဆီမှ နွေးကိုပြောသည့်ချစ်စကား၊ အလွမ်းစကားတွေနှင့်အတူ စာတွေကျက်မရ၊ သင်္ချာတွက် လို့ မရသည့်ဒုက္ခ တွေ အကြောင်း ကြားရသည်။ အိမ်နှင့် အဆင်မပြေ၍ သူငယ်ချင်း တစ်ယောက် အိမ်မှာ သွားနေသည့် သူ့အကြောင်းတွေကို ပြောပြချိန်၊ နွေးက ကျွန်မကိုပင် အသိမပေးခဲ့သော သူ့အိမ်မှ ချုပ်ချယ်သည့် အကြောင်းတွေကို မျက်နှာငယ်ငယ်လေးနှင့် သူအားကိုး သူကို  ရင်ဖွင့် ပြောပြနေသေးသည်။       
                 ဆိုင်မှာ မိနစ်နှစ်ဆယ်လောက်ကြာတော့ နွေးကို ပြန်ဖို့ လက်ကုတ်ရသည်။ ပြန်ခါနီးမှ ကျွန်မကို သှူု့လူ အောင်နိုင်ဝင်းနှင့် မိတ်ဆက်ပေးဖို့ သတိရသည်။
                   “ ကို ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်၊ ဒါနွေးရဲ့ အချစ်ဆုံးသူငယ်ချင်း။ မြတ်စုလှိုင်တဲ့။ သူကုညီလို့ ဒီနေ့ ထွက်လာလို့ရတာ”
                   “ သြော် မြတ်စုလှိုင်ဆို သိတာပေါ့။ နွေးအမြဲပြောပြတယ်။ သူ့ကို မြတ်စုက အမြဲကူညီပေးတယ်ဆို၊ ကျေးဇူးတင်ပါ တယ်ဗျာ။ ကျွန်တော့်တို့ကို အခုလို ကူညီပေးတာ။ နောက်လည်း ကူညီပေးပါဦး”
                   သူကို အမြင်ကတ်ပါတယ်ဆိုမှ  လိုတာထက် ပိုပြီး ဦးခေါင်းကိုညွတ်၍ ကျွန်မကို ခခယယ ပြောဆိုနေ သေးသည်။ သူပြောသမျှ နားလည်သဘောပေါက်သော အပြုံးမျိုးနှင့် ၀တ်ကျေ တန်းကျေ တုံ့ပြန်လိုက်ရသည်။ ကျွန်မတို့နှစ်ယောက် သူ့ကို နှုတ် ဆက်ပြီး မပြန်ခင် နွေးလက်ထဲ သူကစာတစ်စောင် ထည့်သည်။ ဒီတစ်ခါတော့ ကျွန်မက စာကို စိတ်ဝင်စား သည်မို့ သိချင်စိတ်နှင့် နွေးကို ချက်ချင်း ဖောက်ဖတ်စေသည်။ စာက မတိုမရှည် ။ ဒါပေမဲ့ လက်ရေးကတော့ လှသည်။
 “ ချစ်တဲ့နွေး
                    ကိုယ်တော့ နွေးနဲ့ မတွေ့ရတဲ့ ရက်တွေမှာ တဖြည်းဖြည်းနဲ့ ရူးရတော့မယ်နဲ့တူတယ်။ နွေးပြောသလို မြန်မြန်နီးစပ် ချင်ရင် ကိုယ်ပို ကြိုးစားမှရမယ်၊ ဆယ်တန်းအောင်မှ ဖြစ်မယ်ဆိုတာလည်း  ကိုယ်နားလည်ပါတယ်။ ဒါပေမဲ့ နွေးကို အရမ်းသတိရ တမ်းတချိန်၊ ကိုယ် ဘာမှလုပ်ချင် ကိုင်ချင်စိတ်မရှိတော့ဘူး။ ဒါကြောင့် တခါတလေ နွေးတို့ လမ်းထဲက ဓါတ်တိုင်အောက်မှာ ကိုယ်နွေး အရိပ်အယောင်လေးလောက်ကို မတွေ့မချင်း ရပ်စောင့်နေမိတယ်။ ဒါကိုနွေး သတိထားမိရဲ့လား။ တကယ်လို့ အဲ့ဒီဓါတ်တိုင်အောက် လေးမှာ ကိုယ်အမြဲလို ရှိနေတတ်တာမို့ ကိုယ့်ကို တွေ့ရင် နွေးအိမ်ကနေ နည်းလမ်းရှာပြီး ခဏဖြစ်ဖြစ် ထွက်လာခဲ့နော်။ ကိုယ် ပြောချင်တာမှန်သမျှ သဇင်ကနေတဆင့် ဆက်သွယ် လိုက်မယ်။ ပြီးတော့ ကိုယ့်ကို ဆက်သွယ်နိုင်မဲ့ အိမ်နားက တဆင့်ဖုန်းကိုလည်း နွေးကို နောက်တော့ပေးထားမယ်။ အခုက ဖုန်းနံပါတ်အလွတ်မရလို့။ နောက်မှ သဇင်နဲ့ဖြစ်ဖြစ် ပေးလိုက်မယ်။  နောက်ထပ် ကိုယ်တို့ နှစ်ယောက်အတွက် အရေးကြီးတာ တစ်ခုပြောစရာရှိသေးတယ်။ အဲ့ဒါက ဆယ်တန်း အောင်စာရင်းထွက်လို့ ကိုယ်အောင်တယ် ဆိုရင် နွေး ကိုယ့်အလိုလိုက်ရမှာနော်။ ဆယ်တန်း ဆိုတာ ဘ၀ရဲ့အဆုံးအဖြတ်လို့ နွေးခဏခဏပြောတယ်လေ။ ဒါကြောင့် အောင်စာရင်း ထွက်တဲ့နေ့မှာ ကိုယ်အောင်ရင် ကိုယ့်လက်ကို နွေးတွဲရဲ ရမှာပေါ့။ အဲ့ဒီနေ့ကျ နွေးကို ကိုလာခေါ်မယ် ”
                        စာဆုံးသွားသည့်အခါ နွေးလက်ကလေးကို ကျွန်မ စိတ်ပူစိုးရိမ်စွာ လှမ်းကိုင်လိုက်မိသည်။ ဘုရားသခင်၊ ဒါ နွေးကို စားမေးပွဲ အောင်စာရင်းထွက်သည့်နေ့ ခိုးရာလိုက်ရမည်လို့ အချိန်းအချက်ပေးသော စာလား။ ဒိသံသယ နဲ့ နွေး ကို မေးတော့ နွေးကတော့ ဒီလိုတော့ မဟုတ်သေးပါဘူးလို့ ဆိုပါသည်။ ဘာပဲဖြစ်ဖြစ် နွေးကို လည်း ကျွန်မ လုံးဝကြီး စိတ်ချ ယုံကြည်မနေနိုင်တော့ပါ။ စိတ်ပူပန်စွာဖြင့် နွေး ဆုံးဖြတ်ချက်တွေ မမှားအောင် ထိုနေ့က ကျွန်မ သူ့ကို စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါသည်။ နွေးကတော့ ကျွန်မစကားတွေကို လက်ခံနားထောင်ပေးခဲ့ပေမယ့် သူ့နားထဲဝင် မ၀င် ဆိုတာ ကတော့ မသေချာလှပါ။ ကျွန်မကတော့ နွေးကို စိတ်မချနိုင်တိုင်း ဖူးငုံလှပနေသော ပန်းလေးတစ်ပွင့်လို ကျွန်မသူငယ်ချင်းကို အချစ်ဆိုသော တံချူဖြင့် ရဲတင်းစွာ ချွေယူချင်သော ထိုသူအား မုန်းတီးနာ ကျည်းနေမိ  သည်။                                    ထိုကာလတွင် ကျွန်မကိုယ်တိုင်ကလည်း စာမေးပွဲနီးနေချိန်မို့ သူ့ကို ဒီထက် အချိန်ပေးပြီး နားမချနိုင်။ ဒါပေမဲ့ သူ့ စာဖတ်ပြီး မှ အသည်းယား စရာ ကောင်းလှအောင် နွေး တစ်ယောက် တေမိဖြစ်နေခြင်း အတွက်တော့ ကျွန်မမှာ ပိုပြီး စိတ်ပူ ရင်မောမိသည် ။ ဒီလိုဖြင့် ကျွန်မ မှာ ဆယ်တန်းစာမေးပွဲအတွက် အာရုံတစ်ခုတည်းထားပြီး ကြိုးစားရမည့်အချိန်မှာ အချစ်ဆုံး သူငယ်ချင်း နွေးအတွက် နောက်ဆံတင်း ရင်း ဖြတ်သန်းခဲ့ရသည်။
                                                XXXXXXXXXXXXXXXXXXXXX

                        ဆယ်တန်း စာမေးပွဲ ဖြေပြီးသည့်အခါ ကျွန်မတို့ ကျောမှာ ထမ်းပိုးထားသော မမြင်ရသည့် ၀န်ထုတ်ဝန်ပိုးကြီး တစ်ခု ပျောက်ဆုံးသွားသလို လွတ်လပ်ပေါ့ပါးသွားကြသည်။ အိပ်ရေးပျက်ထားသော ကျွန်မ၏ညများအတွက် အတိုးချအိပ်ဖို့ အား တင်းထား စဉ် အိမ်ရှေ့မှာပေါ်လာသော နွေး၏ အသံကြောင့် ထွက်ကြည့်မိသည်။ နွေးနှင့် အတူ သဇင်ခိုင်ကိုပါ တွေ့ရသည်။
                        “မြတ်ဆီလာလည်ချင်လို့ ၊ အန်တီကို ခွင့်တောင်းပြီးနွေးကိုပါ အတူခေါ်လာတာ”
                        မလာဖူးသည့် အထူးဧည့်သည်မို့သဇင့်ကို နွေးနှင့်အတူ အိမ်ထဲဝင်ထိုင်ဖို့  ဖိတ်ခေါ်ရသည်။ ဒါပေမဲ့ မရွှေချောက လေညင်းခံရင်း အပြင်မှာပဲ မုန့်စားချင်သည်ဆို၍ မေမေ့ကိုပြောပြီး သူတို့နှင့်အတူလိုက်လာချိန်၊ သူတို့နှစ်ယောက်က တစ်ဖက်လမ်းသို့ ကူးပြီး စိမ်းလန်းအအေးဆိုင် ရှိရာ ဦးတည်သွားနေကြသည်။ ကျွန်မစိတ်ထဲ သံသယအတွေးလေးဝင်လာသည်မို့ ထိုအတွေးလေးပင် မဆုံးလိုက်။ စားပွဲလွတ်တစ်လုံးတွင် အသားရောင် လျှာထိုးဦးထုပ် ခပ်ငိုက်ငိုက်ဆောင်း ထားသော အောင်နိုင်ဝင်း ကို ရုတ်တရက် တွေ့ လိုက်ရသည်မို့ ကျွန်မအံ့သြ သွားမိသည်။ နွေးအိမ်မှ ထွက်မရမည်ကို စိုး၍သဇင်ခိုင် က လာခေါ်ပေးပြီး အောင်နိုင်ဝင်းနှင့် ချိန်းတွေ့ ပေးရာတွင် ကျွန်မက အဆစ် ကန့်လန့်ပါရသေးသည်။ မကျေနပ်သော်လည်း အချစ်ဆုံးသူငယ်ချင်းလေး၏ ကြည်နူးအပြုံးတွေ ပျက် ယွင်းမည် စိုးသောကြောင့် သူတို့စကားဝိုင်းမှာ ကျွန်မတစုံတရာ မှတ်ချက်ပေးခြင်းမရှိပဲ ဆိတ်ဆိတ်သာ နားထောင်နေမိသည်။ သဇင် ခိုင် ကတော့ ဒီဇာတ်လမ်းမှာ အကောင်းဆုံး ဇာတ်ပို့ဆုရထားသူမို့ ရေခဲသုတ်၊ နို့စိမ်းပူတင်းတို့နှင့် အရသာတွေ့နေသည်။ ဒီစကား ၀ိုင်းမှာ သူ့အသံကအကျယ်ဆုံး။ သူတက်တက်ကြွကြွ ပြောနေသည့် စကားတွေကို အောင်နိုင်ဝင်းက ဆေးလိပ်ငွေ့တွေကြားမှ ပြုံးလျှက် ခေါင်းညိတ်သ လို နွေးက လည်း မေးလေးထောက်လျက် နားထောင်နေသည်။
                     “ငါ ပြောတာကို နင်နားလည်တယ်မလား ၊ နွေးကို နင်တကယ်ချစ်ရင် ဘာဘာညာညာတွေ မကြားချင်ဘူးနော်၊ ညဘက် တွေလည်း လျှောက်လည်မနေနဲ့။ အခုချိန်မှာ ငါကူညီလို့ ရပေမယ့် နင်ကနွေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်သွယ်လို့ ရအောင် ကြိုးစားရမှာ”
                      “အေးပါ၊ ငါသိပါတယ်။ မထူးပါဘူး သဇင်ရာ၊ စာမေးပွဲအောင်စာရင်းထွက်တဲ့နေ့ ကျရင် ငါသူ့ကို တခါတည်း ခိုးပြေး လိုက် တော့မယ် ၊ မကောင်းဘူးလား နွေး”
               အရာရာကို အလေးနက်မထားဟန် ပေါ့ပျက်ပျက်ပြော လိုက်သော သူ့စကားကြောင့် လည်ချောင်းထဲသို့ ၀င်လာသော ဒိန်ချဉ် အေးအေးလေးပင် ရုပ်ချည်း ချဉ်တူးခါးသက် သွားသည်။ သို့သော် နွေးနှင့် သဇင်ခိုင်ဆီမှ သဘာကျသလို ခိုးခိုးခစ်ခစ် ရယ်သံ များ ထွက်လာသည်။ ဆယ်မိနစ်လောက်ကြာပြီး သူတို့ပြောစရာ စကားတွေကုန်မှ ကျွန်မကိုသတိရမိကြ သည်။
             “ြ်မတ် ပျင်းနေပြီလား၊ အသံတိတ်နေလို့”
           “ရပါတယ်၊ ဒါပေမဲ့ သိပ်ကြာနေရင် အိမ်ကတစ်မျိုးထင်နေဦးမယ်၊ စိတ်ပူပြီး အိမ်က တစ်ယောက်ယောက်လိုက်လာမှ အားလုံး ပြဿနာတက်ကုန်မယ်”
          ကျွန်မ စကားက ယုတ္တိရှိသည်မို့ သူတို့တွေ စကားစဖြတ်ပြီး ပြန်ဖို့ပြင်ဆင်ကြသည်။
           “ ဘယ်နေ့ထပ်တွေ့နိုင်ဦးမလဲ နွေး”
           ငွေရှင်းပြီး ထလာသော အောင်နိုင်ဝင်းက နွေးကို ရွှန်းရွှန်းစားစား ကြည့်လျက် မေးသည်။
           “ သဘက်ခါဆိုရင် နွေးက မြတ်နဲ့ ဝေါ ကို သွားမလို့၊ အဲ့ဒီမှာသူ့အဒေါ်တွေ အလှူလုပ်မှာလေ။ သုံးရက်လောက်ပဲ ကြာမှာပါ ။ အဲ့ဒီ ကပြန်လာရင် တွေ့ကြတာပေါ့”
           နွေးက ပြုံးလျှက်ဆိုသည်။
          အပြန်လမ်းမှာ သဇင်ခိုင်နှင့် နွေးက စာမေးပွဲအကြောင်းပြောဆိုနေသော်လည်း ကျွန်မစိတ်ထဲမှာတော့ နွေးနှင့် ပတ်သတ်ပြီး အတွေး တချို့သာ စိုးမိုးမင်းမူလျက်ရှိသည်။ “ နင်သူ့ကို တကယ်ချစ်သလား” လို့ နွေးကို မေးလိုက်ချင်သည်။ အဲ့ဒီလိုမေးရင် လည်း နွေး က ကျွန်မကိုရင်နာစေမယ် စကားကိုသာဆိုမှာပါ။ ထိုနေ့ည စာမေးပွဲပြီးစရက်မို့ အပြတ်အိပ်ဖို့ အားခဲထားသော် လည်း နွေးကို စိတ်မချဖြစ်ရင်း သန်းခေါင်ကျော်မှ ကျွန်မအိပ်ပျော်ခဲ့ရသည်။
                ဝေါမြို့ကလေးမှ တဆင့်သွားရသော ဒေါ်လေးတို့ ရွာကလေးကို ငယ်ငယ်က ကျွန်မ ခဏခဏ ရောက် သည်။ ကလေး မရှိ သော ဖေဖေ့ အစ်ကိုလင်မယား ဦးကြီးတင် နှင့် ဒေါ်ဒေါ်ချစ် တို့ အသည်းဖြစ်သော ကျွန်မက ကျောင်းပိတ်ရက် ရှည်ရှိတိုင်း ဝေါမြို့ကလေးသို့သွားလည်ဖို့ အဖေ့ကို ပူဆာသည်။ အဖေ လိုက်ပို့လျှင် တစ်ရက်နှစ်ရက်ဖြင့်ပြန်လာရမည်ဟု အမေက မှာစမြဲ ၊ဒါပေမဲ့ ကျွန်မက ဘယ်တော့မှ ပြန်မလိုက်ပဲ အနည်းဆုံး လေးငါးရက်ဖြစ်ဖြစ် စိတ်တိုင်းကျ ဆော့ ကစားပြီး ၊ ဒေါ်ဒေါ်ချစ်၏ညီမ ဒေါ်လေးသစ် တို့ရွာ ကိုလည်း အရောက် သွားပြီးမှ ဦးကြီးက  ပြန်ပို့ပေးသည်။ အခု ဒေါ်လေး သစ်၏ မွေးနေ့အလှူကို သူတို့ ရွာကလေးရှိ ဘုန်းကြီးကျောင်း တွင်လုပ်မည်ဆိုတော့ နွေးကိုပါ ခေါ်ပြီး အလည်ရောက် ဖြစ်သည်။ ကားဂိတ်တွင် ဦးကြီးတင်က စောင့်ကြိုနေသည်။ သူတို့ရန်ကုန် လာရင် ကျွန်မနှင့် တစ်တွဲတွဲ ဆော့ ကစား နေ ကျ ဖြစ်သော နွေးကိုလည်း မြင်ဖူးသည်မို့ လင်မယားနှစ်ယောက်ဆုံး နွေးနွေးထွေးထွေး ကြိုဆိုကြသည်။ ဝေါမြို့က အိမ်မှာ တစ်ရက်သာနေပြီး အလှူလုပ်မည့် ဒေါ်လေးသစ်တို့ ရွာကလေးသို့ သွားကြသည်။ အဲဒီကို ဆိုင်ကယ်ဖြင့် နာရီဝက်ခန့်သွားရသည်။ အလှူအိမ်ရောက်တော့ ရပ်ဝေး ရပ်နီးမှ ဆွေမျိုးများ၊ အလှူအတွက် ဦးဆောင် ချက်ပြုတ်မည့် ဒေသခံလူများနှင့် စည်ကားနေသည်။ ကျွန်မတို့ နှစ်ယောက် ရေချိုး ထမင်းစား၊ တစ်ရေးတစ်မော အိပ်ပြီးမှ အလှူအတွက်လိုတာရှိရင် ကူညီနိုင်ဖို့ ဦးကြီးတင်က ဘုန်းကြီးကျောင်းသို့ လိုက်ပို့သည် ။ ကျောင်း ရောက်တော့ ချက်ပြုတ်ပြင်ဆင်နေ သူတွေကြားမှာ ဦးကြီးတင် ရှာဖွေပြီး  မိတ်ဆက်ပေးသူမှာ ကြက်သွန်နီတောင်းကြီး နံဘေး တွင် မျက်ရည်တရွှဲရွှဲနှင့် ကြက်သွန်နီ ခွာ နေသော ကျောင်း ဆရာမလေး မထားထားဦး ဖြစ်သည်။
              “ ဆရာမ ဒါဦး တူမလေးတွေ၊ ရန်ကုန်ကနေအလှူလာကြတာ။ သူတို့ကို လိုတဲ့နေရာမှာ ခိုင်းလို့ရအောင် ခေါ်လာတာ”
               ဆရာမလေးက အခွံသင်လက်စ ကြက်သွန်နီကိုဘေးချပြီး ကျွန်မတို့ကို ပြုံးလျှက်ကြိုဆိုသည်။  ထင်းမီးတောက်များ ဟိုတဖို၊ ဒီတဖို ပေါ်မှာ မိုးပြဲဒယ်များဖြင့် ဟင်းများ စတင်ချက်ပြုတ်နေကြလေပြီ။ ကျွန်မတို့နှစ်ယောက်လည်း ဆရာမလေး  နံဘေးတွင် ၀င်ထိုင်ကာ ဓါးတစ်ယောက် တစ်ချောင်း  ကိုင်လျှက် ကြက်သွန်သင်ရင်း ကိုယ့်အကြောင်း သူ့အကြောင်းပြောရင်း မိတ်ဆက်ဖြစ် ကြ သည်။ ထိုအခါမှ ဆရာမလေးအကြောင်းသိခွင့် ရသည်။ ဆရာမလေးက အသက်နှစ်ဆယ့်လေးနှစ်အရွယ်  မူလတန်းပြ ဆရာမလေး ဖြစ်သည်။ ကျွန်မတို့နှင့် ခုမှတွေ့ရသော်လည်း တကယ့် မိတ်ဆွေအရင်းတွေလို ခင်ခင်မင်မင် ဂရုစိုက်ရှိလှသည်။ မနက်ဖြန်အလှူ အတွက် ဒီနေ့ည ဒေါ်ဒေါ်ချစ်တို့နှင့် အတူ ဘုန်းကြီးကျောင်းတွင် အိပ်ပြီး ၀ိုင်းကူပေးမည်ဟု သိရသည်။ အဝေးဧည့်သည်များကိုတော့ ဘုန်းကြီးကျောင်းပေါ်တွင် ကျွေးမွေးပြီး ၊ အနီးအနားရွာများမှ လူတွေကို ဘုန်းကြီးကျောင်းရှေ့တွင် မဏ္ဍပ်ထိုး ကျွေးမည်။ ဦးကြီးတင် တို့ လူကြီးတွေက ကျွန်မတို့ထက် ခုနှစ်နှစ် ၊ရှစ်နစ်လောက်သာ ကြီးသော မထားထားဦးကို “ဆရာမလေး” ဟုပါးစပ်က မချပဲ လေးလေးစားစား စကားပြောကြသည်။ ကျွန်မတို့ကတော့ သူ့ကို မမထားဟုသာ ခေါ်သည်။
             “ မမထားက ဆရာမ မို့လား မသိဘူး၊ လူကြီးလေးနဲ့တူတယ်”
             နွေးက ကြက်သွန်သင်ရင်း ၊ လူကြီးတွေနှင့် စကားပြောရာတွင် ရိုသေကျိုးနွံ လွန်းသော မမထားကို ပြုံးလျှက် ကြည့် ရင်း ဆိုသည်။
            “ မမထားက ငါ့ညီမတို့ထက် ကြီးတယ်ဆိုတော့ လူကြီးပေါ့၊ ဒေါ်ဒေါ်သစ်ရဲ့ တူမလေးတွေဆိုတော့ ထမင်းဖိတ်ကျွေးချင်သေး တယ်ကွယ်၊ အလှူပြီးနောက်ရက် ထမင်းလာစားပါလား။ “
           “ အလှူပြီး တစ်ရက်၊ နှစ်ရက်ဆိုပြန်မှာမို့ ထမင်းတော့ လိုက်မစားတော့ပါဘူး မမထားရယ်၊ ဒါပေမဲ့ မမထားရဲ့အိမ်ကိုတော့ လိုက်လည်ချင်တယ်”
            ကြည်လင်သော အသားအရေတွင်  သနပ်ခါးလေးပါးပါးလူးပြီး  ဆံပင်ရှည်လေးကို သားရေပင်လေးနှင့် ခပ်ရိုးရိုး စည်းနှောင် ကာ  စိမ်းနုရောင်ပါတိတ်ခပ်မှိုင်းမှိုင်းလေး ၀တ်ဆင်ထားသော ထိုအမျိုးသမီးကို ခင်မင်စိတ်လေးပေါ်လာသည်မို့ ရင်ထဲရှိသည့် အတိုင်း ဆိုမိခြင်းဖြစ်သည်။
            “ လိုက်လည်ရမှာပေါ့၊ နောက်ပြီး မမထားက အိမ်နားမှာပဲ ကုသိုလ်ဖြစ် အခမဲ့စာသင်ကျောင်းလေး ဖွင့်ထားတယ်။ ဒီ ပတ်ဝန်းကျင်ရွာနီးချုပ်စပ်က ကလေးတချို့တောင် လာတက်တယ်။ အဲ့ဒီကျောင်းလေးလည်း ညီမတို့ကို လိုက်ပြဦးမယ်”
            နွေးရော၊ ကျွန်မပါ စိတ်ဝင်စားမိကြသည်။ ဒီရွာက မူလတန်းပြဆရာမက ကုသိုလ်ဖြစ် စာသင်ကျောင်းလေး တောင် ဖွင့်ထား သေးသတဲ့။ ကျွန်မတို့ ရပ်ကွက်ထဲတွင်လည်း ကုသိုလ်ဖြစ်ဆေးခန်းလေးရှိတာ သတိရမိသည်။ ညနေဆိုလျှင် အိတ်ကလေး ဆွဲလျှက် ဆရာဝန်လေး တစ်ယောက်နှင့် သူနာပြုတစ်ယောက် လာသည်။ ကျွန်မ အပ်ချုပ်ဆိုင်သွားသည့်အခါ ၊ အပြင်ဘက်တွင် နွမ်း နွမ်းချိချိ နှင့် အဘိုးအို ၊အဘွားအိုများအပြင် ရင်ခွင်ပိုက်ကလေးငယ်လေးတွေနှင့် သူတို့မိခင်တချို့ တန်းစီ စောင့်ဆိုင်းနေတတ်တာကို မြင်ဖူး သည်။ ထိုစဉ်တုန်းကတော့ ဖာသိဖာသာ ။ အခုကိုယ့်ထက် ရှစ်နစ်လောက်သာကြီးသည့် ဆရာမလေးက ကုသိုလ်ဖြစ် စာသင်ကျောင်း ကလေး ဖွင့်ထားသည်ဆိုတော့ ကျွန်မတို့ စိတ်ဝင်စားအံ့သြသွားသည်။ ကျွန်မတို့ အဲ့ဒီအရွယ်ရောက်လျှင် သူ့လောက် အများအတွက် လုပ်ကိုင်ဖြစ်ပါ့မလား၊ အဲ့ဒီမေးခွန်းက ကျွန်မအတွက် လုံးဝအဖြေမရှိသေးတာမို့ မမထားအပေါ် ချက်ချင်းလေးစားမိသွားသည်။
             အလှူနေ့မနက်ခင်းမှာ မြူတို့ဖြင့် ရီဝေေ၀ရှိသည်။ ဘုန်းကြီး တရားပေးပြီးသောအခါ ရေစက်ချ၊ အမျှဝေပြီး ဆွမ်းကပ်သည်။ နောက်တော့ ဖိတ်ထားသည့် ဧည့်သည်တွေကို ဘုန်းကြီးကျောင်းတွင် ဧည့်ခံ ကျွေးမွေးကြအပြီး မနက်ဆယ်နာရီလောက်တွင် ရွာထဲမှ ဧည့်ပရိသတ်တွေ မဏ္ဍပ်ထဲ တဖွဲဖွဲ ရောက်လာကြသည်။ အလှူဟင်းမှာ ၀က်သားဟင်း၊ ငါးကြင်းပေါင်း၊ သရက်ချဉ်သုတ်၊ ဘူးသီးဟင်း ချို၊ငရုတ်သီးကြော်တို့နှင့် မြိန်ရည်ရှက်ရည်စားကြသည်။ ကျွန်မတို့ ထမင်းစားချိန်တွင် မနက်ဆယ့်တစ်နာရီ လောက်ဖြစ်နေပြီး၊ သိမ်း ဆည်းရှင်းလင်းရသေးသည်မို့ အိမ်ပြန်ရောက်တော့ မွန်းလွဲ တစ်နာရီပင်ထိုးပြီ။ မမထားက ကျွန်မတို့ ပင်ပန်းမည်စိုး၍ နောက်နေ့မှ သူလာ ခေါ်မည်ဟု ဆိုသော် လည်း ရေချိုးခဏနားပြီးသည်နှင့် ပြန်ရမည့်ရက်ကလည်း မဝေးလှသည်မို့ မမထားအိမ်သို့ ဘကြီးတင်ကို လိုက်ပို့ခိုင်း ရသည်။ မမထားတို့အိမ်က ဘကြီးတင်တို့အိမ်နှင့် မနီးမဝေး၊ နာရီဝက်လောက် လျှောက်သွားရသည်။ သူ့အိမ်ရောက် တော့ အကြော်စုံနှင့် ဧည့်ခံပြီး၊ ကျွန်မတို့သွားချင်လွန်းသည့် သူ့ကျောင်းကလေးသို့ လိုက်ပို့ပေးသည်။ ဒီနေ့ တနင်္ဂနွေနေ့မို့ သုံးနာရီ ထိုးလျှင် ကျောင်းဆင်းတော့မည်ဖြစ်သည်။ မမထားက စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တိုင်း မနက်ရှစ်နာရီမှ ညနေသုံးနာရီအထိ သင်ပြီး ကျန်ရက်တွေတွင်တော့ သူလည်း မူလတန်းပြနေရ၍ ကျောင်းဆင်းပြီးချိန် လေးနာရီခွဲမှ ညနေ ငါးနာရီခွဲအထိ စာသင် ပေးသည့်အကြောင်း ပြောပြသည်။ ကျောင်းခန်းလေးမှာ သာမန် ဇရပ်သာသာ ရှည်မျောမျော အခန်းလေးတစ်ခုဖြစ် သည်။ ကျောင်းနံရံ တွင် ကျောက်သင်ပုန်းအကြီးတစ်ခု ချိတ်ဆွဲထားသည်။ ဖျာချပ်ကြီးတွေ ခင်းထားသော ကြမ်းပြင်တွင် စားပွဲရှည်လေး တွေပေါ် စာတွေ လိုက်ရေးနေသော အင်္ကျီဘောင်းဘီ ရောင်စုံ သနပ်ခါး ပါးကွက်ကြားလေးတွေ ကို တွေ့လိုက်ရသည်။ တချို့က ဟောင်းနွမ်းပြီး အရောင်လွင့်နေ သည့် ကျောင်းစိမ်းဝတ်စုံလေးတွေဝတ်ထားသည်ကို ကြည့်ပြီး ရင်ထဲ နွေးကနဲ ဖြစ်သွားမိသည်။
               အခန်းပေါက်ဝတွင် သူတို့ကိုစာသင်သည့်ဆရာမနှင့် အတူပါလာသော ကျွန်မတို့ မျက်နှာစိမ်းနှစ်ယောက်ကို စာကူးနေရာမှ တစ်ချက် တစ်ချက် လှမ်းကြည့်သည်။
              “ ဧည့်သည်တွေနဲ့ပါလား၊ ထား ဒီနေ့မလာဘူးဆို”
 အရပ်ရှည်ရှည် ၊အသားညိုညိုနှင့် ချိုသာသော မျက်နှာထားရှိသည့်အမျိုးသားတစ်ယောက်ကကျွန်မတို့ရှိရာဘက်သို့လှမ်း လျှောက် လာရင်းဆိုသည်။
                “ဟုတ်တယ်။ သူတို့က ထားရဲ့ကျောင်းကိုကြည့်ချင်တယ်ဆိုလို့၊ ဒါ ဒေါ်ဒေါ်သစ် တူမလေးတွေလေ”
                “ သြော်”
                အမျိုးသားမှာ ပြုံးရွှင်စွာ အသိအမှတ်ပြုသလို ခေါင်းညိတ်ပြသည်။
                 “ သူက မမတို့ ကျောင်းက ဆရာပဲလေ။ နာမည်က ကိုမိုးထက်တဲ့။ ကျောင်းမှာ ဆရာကလည်း သိပ်အများကြီးမရှိဘူး။ ကျောင်းပိတ်ရက်နှင့် ကျောင်းဆင်းချိန်မှာ မမလုပ်ချင်တဲ့အလုပ်ကို ဆရာ့ကိုပြောပြတော့ ဆရာက သဘောတူလို့ အတူ လုပ်ဖြစ်ကြတာ”
            မမထားက တစ်စုံတစ်ခုအတွက် ကျေနပ်ဟန် ကြည်နူးစွာ ပြုံလျက်ဆိုသည်။
            “ ကလေးတွေက ချစ်စရာကောင်းလိုက်တာနော် မမ.။ ညီမလေးတောင် စာသင်ချင်စိတ်ပေါက်တယ်”
            နွေးက ချစ်စဖွယ်ညစ်ထေးထေး ကလေးလေးတွေကို ကြည့်ရင်းဆိုသည်။
             “ တကယ်သင်ချင်ရင်လာသင်လို့ရတယ်နော်၊ ဒီမှာ စေတနာဝန်ထမ်းတွေ အရမ်းလိုအပ်နေတာ။ ကလေးတွေကလည်း အရမ်း လိမ္မာတယ်။ ပြောစကားလည်းနားထောင်တယ်”
       ကိုမင်းထက်ပြောစကားကို မမထားကလည်း ခေါင်းညိတ်လျက်ထောက်ခံသည်။
       “ ဟုတ်တယ်၊ ငါ့ညီမလေးတွေ သင်ချင်တယ်ဆိုရင် မပြန်ခင် တစ်ရက်နှစ်ရက်လောက် စမ်းသင်ကြည့်ပါလား။ မူလတန်းစာလေး တွေဆိုတော့ လွယ်လွယ်ကူကူသင်နိုင်ပါတယ်”
       နွေးကိုကြည့်လျက် အသံတိတ်တိုင်ပင်ဖြစ်သည်။ နောက်ဆုံး နွေးမျက်ဝန်းကို နားလည်သဘောပေါက်သောအခါ ကျွန်မက ဆုံးဖြတ်ချက် ချသည်။
       “ ဒါဆိုလည့်း ညီမလေးတို့ သင်ကြည့်မယ်မမရယ်၊ တစ်ခါမှ စေတနာ့ ၀န်ထမ်း မလုပ်ဖူးတော့ အတွေ့အကြုံရအောင်လို့”
        “ ဟုတ်ပါပြီရှင်၊ ဒါဆိုလည်း ကိုမိုးရေ၊ ကလေးတွေကို မနက်ဖြန် အရင်အချိန်အတိုင်းပဲလာလို့ ပြောလိုက်ပါဦး ၊ လာကြို မဲ့ မိဘ တွေကိုတော့ ထားပဲ ပြောလိုက်တော့မယ်၊ ဆရာမအသစ်ကလေးတွေကိုလည်း ကိုမိုး ဘယ်နှစ်တန်းကို ဘယ်အထိ သင်ပြီးပြီလဲ ဆိုတာ ပြောပြလိုက်ဦး နော်”
         မမထားက ပြုံရွှင်စွာပြောပြီး၊ နောက်နေ့ မှာနွေးရော ကျွန်မရော အသစ်စက်စက် ဆရာမ ရာထူးလေး လက်ခံဖို့ ရင်ခုန် နေမိ ကြသည်။
                                                          Xxxxxxxxxxxxxxxxxxxxxxxxxxxx
              တစ်ကယ်တမ်း တစ်ရက်နှစ်ရက်လောက် လုပ်အားပေးဆရာမလေးဝင်လုပ်မည်ဟု ဆိုသော်လည်း ဆယ်ရက်ပြည့်သည် အထိ သံယောဇဉ်မပြတ် နိုင်ပဲရှိသည်ကို မေမေဖုန်ဆက်ခေါ်လွန်း၍ မနက်ဖြန် ပြန်ကြရတော့မည်။ မနက်တိုင်းစာသင်ဖို့ ကျောင်း ခန်း ထဲရောက်သည့်နှင့် “ ဆရာမ” ဆိုပြီး အနားပြေးလာဖက်တတ်သော နှာချီးတွဲလောင်း ကလေးငယ်လေးတွေကို သံယောဇဉ် ဖြစ်နေ မိသည်။ စေတနာ ၀န်ထမ်းဆိုသည်အတိုင်းစေတနာထားကာ သင်ပေးသော ကျွန်မတို့မေတ္တာစေတ နာ တွေကြောင့် ဆယ်ရက်ဟူ သောအချိန်သည် ဘာမှမကြာလိုက်။ နဂိုတည်းက မြန်မာစာနှင့် အင်္ဂလိပ်စာ ၀ါသနာ ပါသော နွေးလည်းကလေးတွေ ကျေညက် အောင် စာတွေအတူလိုက်ကျက်ရင်း မူလတန်းစာတွေ့အားလုံး အလွတ်ရနေပြီ ထင်သည်။ ဒီနေ့တော့ နောက်ဆုံးနေ့ပြန်ခါနီးမို့ မမထား နှင့် ရေတွင်းကြီးနားမှ အကြော်ဆိုင်မှာ ထိုင်ရင်း စကားပြောဖြစ်ကြသည်။ ကိုမိုးထက်နှင့် မမထားအကြောင်း ရိပ်မိနေသည့် ကျွန်မတို့က မမထားနှင့် တစတစပိုရင်းနှီးလာသည်ကို အခွင့်အရေးယူပြီး ပွင့်ပွင့်လင်းလင်း စကားပြောဖြစ်ကြသည်။
            “ဆရာမိုးနဲ့ မမထားက စိတ်တူကိုယ်တူ လိုက်ဖက်ပါတယ်၊ မမထားက ဒီလိုနဲ့ပဲ ဒီရွာမှာ အခြေကျရတော့မှာလား”
            ကျွန်မ၏အမေးကို  မမထားက ရေနွေးသောက်ရင်း အဖြေမပေးပဲ ခပ်ယဲ့ယဲ့ ပြုံးနေသည်။
            “ဟုတ်တယ်၊ မမထားကို ကိုယ့်အစ်မလို ချစ်လို့ ပြောရဦးမယ်၊ ဆရာမိုးက မျက်နှာတော့ ချိုတယ်။ ဒါပေမဲ့ ချောတော့ မချောလှဘူး၊ မမထားချောပုံမျိုးနဲ့ဆို သူထက် သာတာ ရွေးလို့ ရနိုင် တာပဲ ၊မဟုတ်ဘူးလား မမထား”
             လက်ရှိ ချောသည့်လူကိုမှ ချစ်သူအဖြစ် ရွေးချယ်ထားသူနွေးက သူ့အတွေးအတိုင်း မှတ်ချက်ဝင်ပေးတော့မှ မမထား အသံထွက်လာသည်။
             “ တကယ်တမ်းတော့ ချစ်သူရွေးတဲ့အခါ ချောတယ်၊ မချောဘူး၊ ချမ်းသာတယ် မချမ်းသာဘူးဆိုတာတွေထက် ရိုးသား ပြီး စာရိတ္တကောင်းဖို့ ၊ ကိုယ့်ကို တန်ဖိုးထားဖို့ အဓိက အရေးကြီးတယ်လို့ မမတော့ ထင်တာပဲ၊ မမရဲ့ စံနဲ့ ပြောရရင်တော့ ရိုးသားပြီး စာရိတ္တကောင်းပြီး ကိုယ့်ကို  တန်ဖိုးထားတယ် ဆိုရင်တောင်မှ တကိုယ်ကောင်းဆန်တဲ့လူ ဖြစ်ရင် လက်မခံချင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လောကကြီးမှာ မမတို့တတွေ တစ်ယောက်တည်း ရပ်တည်လို့မှ မရတာ၊ လူ့အဖွဲ့အစည်းနှင့် အတူနေရတယ်၊ ဒီတော့  အများအတွက် စဉ်းစားတတ်တဲ့ စိတ်လေး ရှိဖို့လိုတာပေါ့၊  မမချစ်သူက မမကို ဂရုစိုက်တယ်၊ အလေးထားတယ် ဆိုပါတော့။ ဒါပေမဲ့ အများအတွက် စိတ်မ၀င်စားတတ်တဲ့လူ၊ ကိုယ့်ကိစ္စကလွဲပြီး ဘာမှ စိတ်မ၀င်စားတဲ့သူဆိုရင် သူလိုငါလိုထဲက လူတစ်ယောက် ဖြစ်တဲ့ အဲ့ဒီလိုလူမျိုးကို ချစ်သူအဖြစ် မမက စိတ်မကူးချင်ဘူး။ ညီမလေးတို့ စဉ်းစားကြည့် အများအတွက် စဉ်းစားပြီး အရာရာကို အလေးအနက်ထားလုပ်တဲ့လူမှ၊ ကိုယ့်အပေါ်ထားတဲ့ မေတ္တာနဲ့ သစ္စာတရားကိုလည်း  လေးနက်မှာပေါ့၊ ဒါမှလည်း ကိုယ့်ချစ်သူ အပေါ် အရှည်သဖြင့် တန်ဖိုးထားသူ ဖြစ်နိုင်မှာပေါ့၊  မဟုတ်ဘူးလား”
                   သူ့ အဖြေက လေးနက်လွန်းသည်မို့ ကျွန်မတို့နှစ်ယောက်စလုံး တဒင်္ဂတိတ်ဆိတ်မိသွားသည်။ ရင့်ကျက်တည်ငြိမ်သော အလှနှင့် မမထားကို ချစ်မြတ်နိုးစွာ အမြဲဂရုစိုက်ကြည့်တတ်သည့် ကိုမိုးထက် မျက်ဝန်းတွေ ကို မြင်ယောင်မိသည်။ “ အများအတွက် စဉ်းစားပြီး အရာရာကို အလေးအနက် တန်ဖိုးထားလုပ်တဲ့လူမှ၊ ကိုယ့်ကို အရှည်သဖြင့် တန်ဖိုးထားသူ ဖြစ်မယ်” တဲ့၊
 နွေးကို ကျွန်မလှမ်းကြည့်မိတော့ တိတ်ဆိတ်စွာ အဝေးကိုကြည့်ရင်း ငေးမောတွေဝေနေသည်ကို တွေ့ရသည်။
         ဒီလိုနဲ့ ကျွန်မတို့ကို ချစ်ခင်သော ဦးကြီးတင်နှင့် ဒေါ်ဒေါ်ချစ်နှင့် ဒေါ်လေးသစ်တို့ကို နှုတ်ဆက်ကန်တော့ပြီး ရန်ကုန်ကို ပြန်တော့ ကားဂိတ်ကို  မမထားနှင့််ကိုမိုးထက် တို့က လိုက်ပို့ပေးသည်။ အိမ်က ခွင့်ပြုသည့် အားလပ်ရက်တွေမှာ မမထား၏ ကုသိုလ်ဖြစ် ကျောင်းလေးမှာ စာလာသင်ဖို့  မမထား မတောင်းဆိုပါပဲနှင့် ကျွန်မတို့ နှစ်ယောက်လုံး လိုလိုလားလား ကတိပေးနေမိ သည်။
             ဒီလိုနှင့် ရန်ကုန်ပြန် ရောက်တော့ ကျွန်မတို့နှစ်ယောက်စလုံး ပရဟိတ ဆိုသည့် ခေါင်းစဉ်အောက်မှာ  စေတနာ့ဝန်ထမ်းအဖြစ် တစ်နိုင်တာဝန်ကို ကျရာနေရာမှာ ကိုယ်စီ ထမ်းဆောင်နိုင်ဖို့ တက်ကြွနေကြသည်။ ကျွန်မတို့ရပ်ကွက်ထဲမှ ကုသိုလ်ဖြစ်ဆေးခန်းလေးမှာ ကျွန်မတို့် နှစ်ယောက်စလုံး တိုကင်နံပါတ်ပေး သည့် နေရာနှင့် ဆေး မှတ်တမ်း ရေးသည့် နေရာများတွင် အချိန်ပိုင်းဝန်ထမ်းလေးများအဖြစ် ၀င် ကူညီကြသည်။ တကယ်တမ်းတော့ ကျွန်မတို့ဝန်းကျင်မှာ ကျွန်မတို့နည်းတူ လူမူရေးလုပ်ငန်းတွေကို စိတ်ရောလူရော နစ်ပြီး လုပ်ကိုင်နေ သူတွေရှိ သည်။ ဟိုအရင်ကတော့ ဖာသိဖာသာ အခုတော့ ကျွန်မတို့မြင်တတ်ခဲ့ပြီ။  တချို့ လူငယ်တွေဆိုလျှင် ကြည့်မြင်တိုင်နှင့် အင်းစိန် မျက်မမြင်ကျောင်းတွင် စာသင်ပေးသည့် ကုသိုလ်ဖြစ် ဆရာ၊ဆရာမများအဖြစ်သာမက နာရေးကူညီမှု အသင်းများတွင် လည်း စေတနာ့ဝန်ထမ်းများ အဖြစ် တာဝန်ထမ်းဆောင် သူများ ရှိကြသည်။ ကျွန်မရော နွေးရော လူမူရေး လုပ်ငန်းတွေစပြီး လုပ်မှ လူသားအချင်းချင်း စာနာစိတ်နှလုံးသားနှင့် ကိုယ်ချင်းစာ ဂရုဏာ တရားကို ပိုမိုနားလည်လာပြီး အသက်ရှင်နေသည့် အချိန်တိုင်းမှာ အများ အတွက် အလုပ်လုပ်ရင်းဘ၀ အဓိပ္ပာယ်ရှိသည်ဟု ထင်နေမိသည်။ ဒီလိုနှင့် တစ်နေ့တွင် သဇင့်ခိုင်ဆီမှ နွေးလူ အကြောင်း ကြားရသည်။
              “သူက နင့်ကို အရမ်းစိတ်ဆိုးနေတယ်။ သူစိတ်ဆိုးတာလည်း မလွန်ဘူးလေ ။ နင့်အိမ်က သိသွားတုန်းကလည်း သိလို့၊ စာမေးပွဲ ရှိတုန်းကလည်း ရှိလို့။ အခုစာမေးပွဲပြီးသွားတော့လည်း တစ်ရက်နှစ်ရက်ဆိုပြီး ခရီးထွက်သွား လိုက်တာ တော်တော်နဲ့ ပေါ်မ လာတော့ဘူး။ ဟော အခုပြန်လာတော့လည်း နင်ဘာတွေနဲ့ အလုပ်ရှုပ်နေတာလဲ။ အခုထိ နင်တို့နှစ်ယောက် အေးအေး ဆေးဆေး မတွေ့ရသေးဘူးဆို။ ဟိုက နင်သူ့ကို ပြန်လာတာ အကြောင်းမကြား လို့ဆိုပြီး ဒေါသပုန်ထနေပြီ။ နင်သိတဲ့အတိုင်းပဲ အခုခေတ်က အပိုင်ဆွဲထားနိုင်မှ တော်ကာကျမှာ။ ဟိုရက်ကတောင်မှ ငါသူ့ကို ကောင်မလေး တစ်ယောက်နဲ့ တွဲသွားတာ တွေ့လိုက်တယ်နော်။ အဲ့ဒါ ကြောင့် နင် ပေါ့မနေနဲ့”
              ဆရာမကြီးလေသံနဲ့ ပြောနေသည့် သဇင်ခိုင့်ကို ကျွန်မ မျက်မှောင်ကုတ်ကြည့်နေမိသည်။ နွေးကလည်း တစုံတခုကို စဉ်းစား ဟန် တွေးတောနေပြီးမှ
                “နင် သူနဲ့ဒီရက်ပိုင်းတွေ အဆက်သွယ်ရနိုင်သေးလား”
                “ သူရဲ့တဆင့်ခေါ်ဖုန်းကို နင့်ကိုပေးထားတယ်ဆို”
                “ပေးတော့ ပေးထားပါတယ်။ ဒါပေမဲ့ ငါဆက်ရင် သူကမရှိတာများတယ်။ ခေါ်ပေးတဲ့ အိမ်ကိုလည်း ငါအားနာတယ်။ ဒီတော့ နင်ဆီ သူဆက်သွယ်တာနဲ့ လာမယ့် တနင်္ဂနွေနေ့ငါ မိုးကောင်းဘုရားမှာ မနက်ဆယ်နာရီလောက် စောင့်နေမယ်လို့ ပြော လိုက်”
               “’အေး။ ဒီကြားထဲသူမဆက်ရင်လည်း ငါပဲဆက်ပြီး မှာထားလိုက်ပါ့မယ်နော်..။ ဟွန်း- မိန်းမ၊ စာမေးပွဲပြီးတာဖြင့် တစ်လ လောက်ပဲရှိသေးတယ် အချိုးပြောင်းချင်နေပြီလား”
                “မဟုတ်ပါဘူး သဇင်ရယ်။ ငါကနင်တို့လိုမဟုတ်ဘူးလေ ။ အမေကဈေးသည်ဆိုတော့ အမေ့ကို ကျောင်းပိတ်ထား တုန်း တော့ ကူချင်သေးတယ်။  ပြီးတော့ ငါက ညနေဘက်ဆေးခန်းမှာလည်း အချိန်ပိုင်းစေတနာ့ဝန်ထမ်းဆိုပေမယ့် တာဝန်ယူထားသလို ဖြစ်နေတော့ စိတ်ရော လူရော မအားမလပ်ဖြစ်နေလို့ပါ”
                သဇင့်မျက်နှာမှာ အလိုမကျသည့် အရိပ်တစ်ခုဖုံးလွှမ်းနေသော်လည်း သူ့ဆီမှ နောက်ထပ် စကားသံထွက်မ လာတော့ပဲ ကျွန်မတို့ကို ၀တ်ကျေ တန်းကျေ နှုတ်ဆက်ပြီး ပြန်သွားသည်။  တနင်္ဂနွေနေ့  နွေး အောင်ကိုဝင်းကို တွေ့သည့်နေ့မှာ ကျွန်မ နွေးနှင့် အဖော် အဖြစ် အတူလိုက်သင့် မလိုက်သင့် တွေဝေနေစဉ် အမေက ကျွန်မကိုသူနှင့် ဈေးဝယ်ထွက်ဖို့ အတင်းခေါ်နေသည်မို့ နွေးကို စိတ်မချတချနှင့် မျက်စိမှိတ် လွှတ်လိုက်ရသည်။ အိမ် ပြန်ရောက်မှပဲ ကျွန်မမှာ နွေးဆီ သွားပြီး အကျိုးအကြောင်း မေးမြန်းရသည်။ 
                “သူက ငါ့ကို ဝေါကိုသွားတာ ကြာလို့ ဆိုပြီး စိတ်ဆိုးနေတာလေ။ စကားတောင် ဟက်ဟက်ပက်ပက်ပြောတာ မဟုတ် ဘူး။ ပြန်လာတော့လည်း ငါ့ကို အကြောင်းမကြားလို့တဲ့။ ဒါနဲ့ ငါလည်း ငါတို့ဟိုမှာဆရာမလုပ်ပြီး ကလေးလေးတွေကို ဆယ်ရက် လောက် ကုသိုလ်ဖြစ် စာသင်ပေးတဲ့ အကြောင်း ပြောပြလိုက်တယ်။ ရွာသွားပြီး ဆရာမလုပ်ခဲ့တယ်ဆိုတာ သူသိရင် အံ့သြပြီး သဘောများကျမလားလို့၊  ဒါပေမဲ့ သူကြည့်ရတာ သိပ် စိတ် ၀င်စားပုံမပေါ်ဘူး။ တဆိတ်ရှိ ငါနဲ့ အပြင်မှာတွြေ့ပီးလျှောက်လည်ဖို့ပဲ စီစဉ်ခိုင်းနေတယ်”
                 “သူ့ကို ကောင်မလေး တစ်ယောက်နဲ့ တွေ့တယ်ဆိုတာရော မေးလိုက်သေးလား”
                 ကျွန်မက သဇင့်ဆီက ကြားသည်ကို သတိရပြီး မေးလိုက်သည်။
                 “ ကောင်မလေးက သူ့ကိုကပ်နေတာတဲ့။ သူကလည်း အလိုက်သင့် အဆင်ပြေသလို နေနေတာတဲ့၊ အဲ့ဒီနေ့က မြို့ထဲ သွားတာ လမ်းကြုံလို့ သူနဲ့ အတူပါလာတာကို သဇင် မြင်တာနေမှာပေါ့လို့ ပြောတယ်”
                “ဟုတ်လား”
                 ကျွန်မမှာ မဟုတ်ပါဘူးလို့ပင် နွေးအပေါ် အလေးအနက်ငြင်းမနေပဲ ခပ်ပေါ့ပေါ့ ဖြေရှင်းလိုက်ပုံပေါ်သည့် သူ့အဖြေကို မယုံနိုင်စဖွယ် ကြားရရင်း ထိုသူကို နားမလည် နိုင်အောင် အံ့သြရသည်။
                 “ ဒါပေမဲ့ သူကဘယ်မိန်းကလေးတွေနဲ့ အပျော်တွဲတွဲ တစ်နေ့ကျ ငါ့ကိုပဲ လက်ထပ်ချင်တယ်။ ငါကိုပဲ အလေးအနက် ထားတယ်လို့ ပြောတယ်”
                  ဒီလိုမပြောပဲ နေပါ့မလား နွေးရယ်။ နင့်လိုမိန်းကလးမျိုးကို...
                  ကျွန်မစိတ်ထဲ တစ်ယောက်တည်း တွေးနေမိသည်။
                 “ ငါလည်း သူ့ကို အောင်စာရင်းမထွက်ခင် ဟိုယောင်ဒီယောင် လုပ်နေမဲ့အစား သင်တန်းတက်တာမျိုး။ လူမှုရေး လုပ် ငန်း လေးတွေ တစ်နိုင် ၀င်လုပ်ကြည့်ဖို့ ပြောထားသေးတယ်။ ငါစဉ်းစားထားတာ တစ်ခုရှိတယ် မြတ်။နင်စိတ်မဆိုးနဲ့ နော် ငါတို့ အလုပ် လုပ်တဲ့ ဆေးခန်းမှာ သူ့ကိုတစ်ပတ် တစ်ရက်လောက် လာကူခိုင်းရင်မကောင်ဘူးလား။ အိမ်ကလည်း ဆေးခန်းထဲမှာ လူရှေ့သူရှေ့ အိနြေ္ဒရရ လုပ်ကိုင်ပေးတာမျိုးကို စိတ်မချ ဖြစ်မယ် မထင်ပါဘူး။  ဒါဆို ငါနဲ့လည်း သူတွေ့ခွင့်ရတော့ စိတ်လည်းမလေတော့ဘူးပေါ့”
                   သြော်..နွေးရင်ထဲမှာလည်း ချစ်ခြင်းသံယောဇဉ် ကြိုစတွေ ချည်နှောင်လျက်ရှိနေသေးတာကို ကျွန်မတွေ့ရချိန် ဆိတ်ဆိတ် နေခြင်းဖြင့် သူ့ဆန္ဒကို သဘောတူမိလိုက်သည်ထင်သည်။ တကယ်တော့ နွေးအိမ်က သဘောတူခွင့်ပြုဖို့ ဆိုတာ ကလည်း အဲဒီလောက် လွယ်မှာတော့မဟုတ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ။ ဟိုလူလာချင်မှလာမှာ၊ မလာဖို့ကများမှာဟု ကျွန်မစိတ် ထဲမှာ သေချာနေသည်။ အဲဒီနေ့ကတော့ နွေးမျက်နှာ ၀င်းလက်သွားပြီး အဲ့ဒီညမှာပဲ သူမခေါ်ချင်သော အပြောဆိုးသည့် ဖုန်းပိုင်ရှင် အိမ်မှတဆင့် ချစ်သူနှင့် မကြာခဏ တရားဝင်တွေ့နိုင်ဖို့ အခွင့်အရေးကို ဖန်တီးပေးဖြစ်ခဲ့သည်။ ဒါပေမဲ့ အချိန်တွေသာ ကုန်ဆုံးသွားခဲ့သည်။ ကျွန်မထင်ထားခဲ့သလိုပင်၊ နွေးမျှော်နေသည့် စေတနာ့ဝန်ထမ်းလေး အောင်နိုင်ဝင်းကကျွန်မတို့ ရှိရာ ဆေးခန်းလေသို့း ရောက်မလာခဲ့ပါချေ။ ဒီလိုနှင့် တစ်ရက်ပြီး တစ်ရက် အချိန်တွေသာ ကုန်သွား သည်။ သူကလည်း စိမ်းလန်းအအေးဆိုင်လေးသို့ အလာကျဲသွားသလို၊ နွေးကလည်း သူ့ဆီဖုန်းဆက်ဖြစ်ပုံမရတော့။ သဇင်ဆီ က တဆင့်တော့ “နွေးကမမိုက်ပါဘူး။ အိမ်မပိုင်ပဲနဲ့ ရည်းစားလည်းထား သေးတယ်။ ရည်းစားကို ရည်းစားနဲ့ တူအောင် မထားဘူး” ဆိုသော အောင်နိုင်ဝင်း၏ မကျေမနပ်ပြောသော စကားများကိုတော့ ကြားရတတ်သည်။  အဲ့ဒီအချိန် မဆိုင်သူ ကျွန်မက စိတ်တို ဒေါသထွက်မိသော်လည်း နွေးကတော့ နှုတ်ခမ်းထောင့်စွန်းလေး ကော့ညွှတ်ရုံပြုံးလျှက် အသံတိတ်အေးဆေး တည်ငြိမ်လျက်ရှိသည်။
                  ဒီလိုနှင့် တက္ကသိုလ်ဝင်တန်းအောင်စာရင်ထွက်သော နေ့သို့ ရောက်လာခဲ့သည်။ နွေးရော၊ ကျွန်မရော လွတ်လွတ် ကျွတ်ကျွတ် အောင်သည့်အပြင် ကျွန်မက ဂုဏ်ထူး နှစ်ခုအဆစ်ပါသေးလို့ ၊ ပျော်ရွှင်ဖွယ် ကောင်းသော နေ့တစ်နေ့၏ အနှစ်သာရကို နွေးရော၊ ကျွန်မပါ တန်ဖိုးထား ခံစားမိကြပြီ။ မိဘတွေ၏ အားရ၀မ်းသာ စကား များအပြင်   လမ်းမှာတွေ့သော အိမ်နိးချင်းနှင့် ဆွေမျိုး ပတ်ဝန်းကျင်၏ အမေးကိုလည်း ခေါင်းမော့ ရင်ကော့ပြီး  ကျွန်မတို့ ဖြေနိုင်ပြီ။ ကျွန်မတို့ တစ်နှစ်လုံးအပင်ပန်းခံ ကြိုးစားထားခြင်းကို အသိအမှတ်ပြု သည့် အနေဖြင့် မေမေက မုန့်ဖိုးတွေ ပေးသလို၊ နွေးအစ်ကိုကလည်း အလုပ်မှ ခွင့်ယူပြီး ကျွန်မတို့ကို ဆုချဖို့ တော်ဝင် စင်တာသို့ လိုက်ပို့မှာဖြစ်ပြီးအပြန်  ရုပ်ရှင်လိုက်ပြ့ဦးမည် ။ ကျွန်မ ရေချိုးအလှပြင်ပြီး ခဏကြာတော့ နွေးက ရုပ်ရှင်ရုံမှာ စားဖို့ မုန့်ဝယ် ရန် အိမ်နားက မုန့်ဆိုင်သို့ သွားဖို့ လာခေါ်လေသည်။ နှစ်ယောက်သား စကား တပြောပြောနှင့် မုန့်ဆိုင်ရှိရာ လမ်းကလေးသို့ အကွေ့ ဘွားကနဲ လူတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရ၍ လန့်ဖြန့်သွား မိသည်။ ထိုသူမှာ နွေး အမျှော်ကြီးမျှော်နေခဲ့ဖူးသော ချစ်ဦးသူ အောင်နိုင်ဝင်းဖြစ်လေ သည်။
                        “ နင် သူနဲ့ ချိန်းထားတာလား နွေး”
                         “ ဟင့်အင်း”
                     မတွေ့တာ အနည်းငယ်ကြာသွားပေမယ့် သူ့ပုံစံကတော့ အရင်အတိုင်း ဖရိုဖရဲ ဒီဇိုင်းနဲ့ ဘာမှ မပြောင်းလဲပါ။ ဂုတ်ထိ အောင် ရှည်သော သူ့ကောက်ကွေးကွေး ဆံပင်လေးတွေကတော့  ဆောင်းနေကျ လျှာထိုးဦးထုတ်အောက်မှာ ငုတ်တိတိ ထိုးထွက် လျက် ရှိသည်။
                         “ နွေး၊ ကိုယ်မနက်အောင်စာရင်းကြည့်ပြီး ကတည်းကဒီနားမှာ နွေးကို လာစောင့်နေတာ..၊ ဆေးလိပ် တောင် တစ်ဗူး ကုန်တော့မယ်”
                        သူက ကျွန်မတို့ နှစ်ယောက် ရှိရာသို့ နီးကပ်စွာ လျောက်လာရင်း ပြုံရွှင်စွာ ဆိုသော်လည်း ၊ နွေးကတော့ ရုတ်တရက် တွေ့လိုက်ရသော သူ့ကို ကြည့်ရင်း တောင်ကြည့် မြောက်ကြည့် နှင့်အကဲခတ်လန့်ဖြန့် နေပုံမှာ သူနှင့် ကြိုတင်ချိန်းဆို ထားခြင်း မဟုတ်မှန်း သိသာနှေသည်။
                           “နွေး အောင်တယ်ဆိုတာ ကိုသိတယ်၊ ကိုအောင်တာကော နွေးသိရဲ့လား”
                           “နွေးသိပါတယ်”
                           နွေးအသံက ထူးထူးခြားခြား တည်ငြိမ်နေသည်။
                   “ ကိုဖြင့် ၀မ်းသာလိုက်တာ။ ဒီနှစ် အောင်ချက်ကောင်းတယ်တဲ့။ ကဲဒီနေ့တော့ ဘာမှ အကြောင်းပြချက် ပေးမနေနဲ့။  မနက်ကတည်းက အိမ်နားမှာ နွေးကိုစောင့်နေရတာ။ ကို့ကို အားနာတဲ့အနေနဲ့ ဒီနေ့တော့ လိုက်ခဲ့ပါကွာ။ အိမ်ကို သူငယ်ချင်း တွေနဲ့ သွားလည်မှာလို့ ပြောလိုက်။ ကိုတို့နှစ်ယောက်တည်း လျှောက်လည်ရအောင်”
                          ကျွန်မက သူ့အစီအစဉ်ကို နားထောင်ပြီး လက်တွဲထားသော နွေးလက်လေးကို ဖြုတ်လိုက်မိသည်။ နွေး ကြိုက် သလိုသာ ဆုံးဖြတ်ပါစေတော့..
                          “ ဟင့်အင်း နွေးလိုက်လို့ မဖြစ်ဘူး”
                           သူက နွေးအကြောက်အကန် ငြင်းလိုက်သည့်စကားကိုနာထောင်ပြီး မယုံသလို ကြည့်ကာ မေးခွန်းထုတ်သည်။
                            “ ဘာဖြစ်လို့လဲ”
                          “ဒီနေ့ အိမ်မှာ နွေးကြောင့် အားလုံးပျော်နေကြတာ။  နွေးလုပ်ချင်တာလုပ်ဖို့ အတွက်မိဘတွေ စိတ်ဆင်းရဲအောင် မလိမ်ချင်တော့ဘူး”
                            သူက နွေးမျက်နှာကို စူးရဲစွာ စိုက်ကြည့်ပြီးမှ မျက်လုံးလေး ကျဉ်းမြောင်းသွားကာ...
                            “နွေးက သမီးလိမ္မာလုပ်တော့မယ်ပေါ့”
                             “ နွေးက အရင်ကတည်းက ချစ်သူပေါ်မှာရော မိဘပေါ်မှာပါ လိမ္မာပါတယ် ကိုဘက်က မြင်အောင် မကြည့် တတ် လို့ပါ”
                           သူက ဦးထုတ်ကို ဆွဲချွတ်လိုက်ပြီး ဆံပင်တွေကို လက်ချောင်းဖြင့် ထိုးဖွလိုက်ရင်း-
                            “ မသိဘူးကွာ။ နွေးပြောင်းလဲသွားတာတော့ သေချာတယ်။ ဟုတ်တယ်မဟုတ်လား နွေးပြောင်းလဲသွားပါပြီ”
                              နွေးတို့နှစ်ယောက်ကြားမှာ တဒင်္ဂအသံတိတ်နေသည်။
                              “နွေးပြောင်းလဲတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နွေးတို့နှစ်ယောက်လုံး ပြန်စဉ်းစားကြသေးတာပေါ့”
                               “အဟက်”
                               သူ့ဆီမှ သရော်သလို ရယ်သံတစ်ချက်ကြားရပြီး-
                               “ဒါဆိုလည်း အစကတည်းက ခက်ခက်ခဲခဲ ဘာလို့ ရည်းစားထားခဲ့သေးလဲ။ အပျော်သက်သက် လား၊ ကိုက အလေးအနက်ပေမယ့် မင်းက အပျော်တွဲတဲ့ သဘောလား”
                             နွေးမျက်နှာ တစ်ချက်တင်းမာသွားသည်။
                             “ နွေးအပေါ်ထင်ချင်သလို ထင်နိုင်ပါတယ်။ နွေးစိတ်ကစားခဲ့တာပဲဖြစ်ဖြစ်။ ပျော်ချင်ခဲ့တာပဲ ဖြစ်ဖြစ် ဒီအချိန်မှာ နွေးပြန်စဉ်းစားသင့်တာတော့ သေချာနေပြီ။ ပြီးတော့ ချစ်သူကိုတန်ဖိုးထားတယ်။ အလေးအနက်ထားတယ် ဆိုတာမျိုးက  ပါးစပ်နဲ့ ပြောရုံနဲ့ မလုံလောက်ဖူးဆိုတာ နွေးတို့နှစ်ယောက်စလုံး  အသေအချာ ပြန်စဉ်းစားဖို့ လိုပြီလို့ ထင်တယ်”
                             နွေးစကားတွေကို သူဂရုစိုက်နားထောင်နေရင်း မျက်ဝန်းတွေညှိ့မှိုင်းသွားသည်း ပြီးတော့မှ တင်းမာပြတ်သား သည့် သူ့အသံ ထွက်ပေါ်လာသည်။
                             “ကိုယ်သွားတော့မယ်”
                            တစ်လှမ်းချင်း ကျောခိုင်းထွက်သွားသည့် သူ့ခြေလှမ်းတွေက နွေးနှင့် ဘယ်တော့မှ ပြန်မဆုံနိုင်သော လမ်းတွေ ကို ဦးတည်လျှောက်လှမ်းခဲ့သည်မှန်း နောင် ကာလတစ်ခုကြာမှ ကျွန်မသိခဲ့ရသည်။                                       သူက နွေးကို ထားခဲ့တာလား။ နွေးကသူ့ကို နှင်လိုက်တာလား။                                                                                   ဘာပဲဖြစ်ဖြစ် နွေးက  သစ်ရွက်လှုပ်တိုင်း အကြောင်းရှာပြီး လိုက်ရယ်တတ်တဲ့ မိန်းကလေး မဟုတ်တော့သလို၊ အကြည့်စူးစူး တစ်ချက်ကြောင့်လည်း ခြေလှမ်းမှားယိမ်းယိုင်မည့် မိန်းကလေး မဟုတ်တော့။ မိန်းကလေး တစ်ယောက်က ဒီလောက် အချိန်တိုလေး အတွင်းမှာ ပြောင်းလဲ သွားနိုင်ပါသလားလို့  ကျွန်မကို မေးလာခဲ့ရင် ကျွန်မမှာ ပြန်ဖြေဖို့ စကားလုံးတွေ မရှိခဲ့ပေမယ့် နွေးကတော့ သူရဲ့   စိတ်ကူးယဉ် အိမ်မက်များစွာ မှနိုးထပြီး လက်တွေ့ဘ၀ ထဲ လျောက်လှမ်းဖို့ ဟန်ပြင်နေလေပြီ။                                                   နွေး ခုလိုပြောင်းလဲသွားခြင်းကို ကျွန်မက နားလည်လက်ခံနိုင်ပါသည်ဟု ပြောလျှင် ကျွန်မကို အပြစ်တင်ကြမည်လား။ အောင်ကိုဝင်း ဖက်က စာနာနေသူများက မဲ့ကြရွဲ့ကြမှာလား ။ ဘာပဲ ဖြစ်ဖြစ် အကြောင်းရင်းကို မေးလာလျှင်တော့ “ ကျွန်မကိုယ်တိုင် က မိန်းကလေးတစ်ဦး ဖြစ်နေလို့၊ နွေးကို ခံစားနားလည် ပေးနိုင်ကြောင်း” မဆိုင်းမတွ ပြန်ပြော ဖြစ်မည် ထင်သည်။
           နွေးရော ကျွန်မရော အလုပ်တစ်ဖက်နှင့် အင်္ဂလိပ်စာ အဝေးသင်တက်ချိန် ၊ ပရဟိတ လူမူရေးလုပ်ငန်းတချို့ကို စိတ်ရော ကိုယ်ပါ လုပ်ကိုင်ရင်း အချစ်ကို မေ့လျော့ထားမိသည်။ ကျွန်မနှင့်မနီးမဝေးမှာ အချစ်အကြောင်းပြောသူတွေ၊ အချစ်နှင့် တစ်ဘ၀ တည် ဆောက် သူတွေကို တွေ့မြင်နေရပေမယ့် ကျွန်မကတော့ အချစ်ကို ဖန်တီးပေးနိုင်မည့် ရင်ခုန်သံကို အစပျိုးဖို့  သီးသန့် အချိန်မပေး နိုင်ခဲ့သေးပါ။ ဒါပေမဲ့ တခါတရံ လသာညတချို့မှာ ကျွန်မ ၀ရံတာထွက်မိတိုင်း တချိန်တုန်းက  လမ်းဘေး  ဓါတ်တိုင် အောက်မှာ ဂျိုင်းအောက် လွယ်အိတ်တို ကို တစ်ဖက်ကကိုင်ရင်း၊ ဆေးလိပ်မီးတဖွာဖွာ နှင့် ဖရိုဖရဲ အင်္ကျီဝတ်လူ တစ်ယောက်၏ ပုံရိပ်  သတိရမိတတ်သည်။ အခု ထိုသူ ဘယ်ရောက်သွားပြီလဲ... ။ နွေးကို ‘အသည်းခွဲသူ’ဟု စွပ်စွဲပြီး ကြေကွဲလေလွင့်နေမှာလား။ သို့မဟုတ် သူနောက်ထပ်ရွေးချယ်ထားသည့် သူလေးနက်စွာ တန်ဖိုးထားမည့် ချစ်သူတစ်ဦးဦး၏ အိမ်ရှေ့မှာ ဆေးလိပ်ငွေ့ တစ်ထောင်းထောင်း ဖြင့် ချစ်သူကို တွေ့မြင်နိုင်ခွင့်ကို စောင့်မျှော်နေလေမလား။                                                                                               
            ဘာပဲဖြစ်ဖြစ် တစ်ကြီမ်လောက် သူနှင့် ထပ်ဆုံခွင့် ရနိုင်လျှင်တော့ လောကထဲမှ အလှဆုံး ဖုး ပွင့်ပြီး ပန်းပွင့်မှန်သမျှသည် လိပ်ပြာမဖြစ်နိုင်သေးသော သို့မဟုတ် လိပ်ပြာဖြစ်အောင် ကြိုးစားလိုပုံမပေါ်သော ပိုးတုံးလုံးကောင် လေး များ၏ နမ်းရှိုက်မှုကို ဘယ်တုန်းကမှ လက်မခံခဲ့ကြသည် ကို သူနားလည်အောင် ကျွန်မ ပြောပြလိုက်ချင်ပါသေးသည်။  တနည်း အားဖြင့် ပန်းကိုသိက္ခာရှိစေလိုလျှင် ပန်းကို နမ်းရှိုက်ခွင့်ရှိမည့် `လိပ်ပြာ´ပီပီသသ ဖြစ်အောင် ကြိုးစားစေချင်သည့် အကြောင်းပါ ။    

                                                                                                ( မဟေသီမဂ္ဂဇင်း၊ မတ်လ ၊၂၀၁၃)

3 comments:

  1. ကူးကူးလှိုင်March 20, 2013 at 4:07 PM

    အရမ်းကောင်းတယ်ညီမလေးရေ ညီမစာတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ပိုပိုကောင်းလာတယ် သိလား ခုခောတ်လူငယ်မိန်းကလေးတိုင်း ဖတ်သင့်တဲ့ ပို့စ်ကောင်းလေးပါ...

    ReplyDelete
  2. ပန်းချစ်သူလိပ်ပြာတိုင်း ချစ်တဲ့ပန်းလေးတွေကို တန်ဖိုးထားသင့်ပါတယ်.. ။ ပန်းလေးတွေကလည်း တန်ဖိုးရှိအောင်နေမှ ထိုက်တန်တဲ့ လိပ်ပြာလေးနဲ့ ဆုံတွေ့ခွင့်ရမှာပါ။ နှစ်သက်စရာဝတ္တုလေးပါညီမရေ..

    ReplyDelete
  3. ကောင်းလိုက်တာ

    ReplyDelete