Thursday, December 6, 2012

သင်ပုန်းကြီး ဒိုင်ယာရီ


                    မိုးရေစိုစိုထဲ ထီးရောင်စုံလေးများဆောင်းပြီး ကျောပိုးအိတ်ကလေးတွေ ကိုယ်စီလွယ်ထားသည့်  ကျောင်းသူ ငယ် ကလေး တွေကို တွေ့မြင်ရလျှင် မိမိ၏ ကျောင်းတက်ခဲ့စဉ် ငယ်ဘ၀ကို အစဉ်အမြဲ သတိရလျှက်ရှိသည်။ ဘ၀၏ အမှတ်ရစရာ အကောင်းဆုံး နေ့ရက်များထဲမှတစ်ခုမှာ မူလတန်းကျောင်းသူကြီး အဖြစ် မိမိကိုယ်ကို ဂုဏ်ယူ ၀ံ့ကြွားစွာ လျှောက်လှမ်းခဲ့သည့် ပထမဆုံး ကျောင်းတက်ခဲ့သည့်် နေ့ပင်ဖြစ်သည်။
ထိုနေ့က သနပ်ခါးဘဲကြား၊ ကြက်တောင်စီးနှစ်ဖက်ဖြင့် ကျောင်းစိမ်းဂါဝန် အသစ်၊ ကျောပိုးအိတ် အသစ်တို့ နှင့် မှန်ထဲတွင် မိမိ ကိုယ်ကို ကြည့်မ၀ ရူမငြီး ဖြစ်နေခဲ့ပြီးသည့်နောက် ဖေဖေ့လက်ကိုတွဲပြီး အိမ်နှင့် သိပ်မဝေးလှသော ရန်ကင်း အမက (၈) ကျောင်းကလေးဆီ ခြေလှမ်းသွက်သွက်လှမ်းခဲ့ပုံကို ပြန်အမှတ်ရမိနေသည်။ လူကြီးတွေ ပြောပြောနေ ကြသော ကျောင်းဆိုတာကြီး က ဘာပါလိမ့်..ဟု သိချင်စိတ်ပြင်းပျနေခဲ့တာလည်း ဖြစ်သည်။ သုံးနှစ် ကျော် လေးနှစ်အထိ မူကြိုတက်စဉ်ကလည်း ဖေဖေ့လက်ကို တွဲသွားတတ်သည့် ကျွန်မ က လမ်းမှာ မြင် ဖူးနေကျ ကျောင်းစိမ်း ၀တ် ကလေး တွေကို တွေ့လျှင် သဘောကျခဲ့မိဖူးသည်။   “တစ်နေ့ကျရင် ငါလည်း သူတို့လိုပဲ ကျောင်းသွားမယ်။ မူကြိုတက်ရ တာ က အရမ်းပျင်းဖို့ ကောင်းတယ်”  ဒီအတွေးလေးတွေဖြင့် ပထမဆုံး ကျောင်းတက်ရက်မှာပင် အဖေ့လက် ကို တွဲပြီး မြူးထူးခုန်ပေါက်စွာ ကျောင်းသို့ ကျွန်မ ခြေလှမ်းဖြစ်ခဲ့ခြင်း ဖြစ်သည်။
                      ကျောင်းရောက်တော့  သနပ်ခါးဘဲကျားနှင့် ကျွန်မလို အရွယ် ကလေးငယ်တွေကို စာသင်ခန်းထဲမှာ တစ်စုတဝေး တည်း တွေ့လိုက်ရ၍ ရုတ်တရက် အံ့သြသွားမိသည်။ တချို့ကလည်းခုံတန်းရှည်ကြီးမှာ ငြိမ်ငြိမ်လေး ထိုင်နေကြသည်။ တချို့ ကတော့ ပါးက သနပ်ခါးထူထူပေါ်တွင် မျက်ရည်စီးကြောင်းများဖြင့် “ မေကြီးရေ၊ မေကြီး “ ဟု အသံပြဲ ဖြင့် ဟစ်ငိုနေသူ ရှိသလို တချို့ကလည်း “  သားကိုခု ပြန်လာခေါ်၊ အိမ်ပြန်ချင်တယ်အီး ဟီး “ စသည်ဖြင့် အော်ကာ ငို ကြွေးနေကြသည်။ တချို့က လိုက်ပို့ သည့် အမေနောက်ကို အတင်း ပြေးလိုက်နေသဖြင့် အတန်းပိုင်ဆရာမက လှမ်းဆွဲ ထားရသည်။ တချို့ကတော့ ထိုင်ခုံလေး ပေါ်မှာ လွယ်အိတ်လေးပိုက်လျှက် မျက်နှာငယ်လေးနှင့် အသံတိတ်ရှိုက် ငင်နေကြသည်။                                                                                ကျွန်မလည်း ကျောပိုးအိတ်လေး လွယ်လျှက်၊ ခြင်းတောင်းလေးကိုင်ကာ အပြင်ဘက်လှမ်းငေးတော့ စာသင်ခန်း အပြင်မှ ရပ်ကြည့်နေသော ဖေဖေ့ကိုလှမ်းမြင်လိုက်ရ၍ ပတ်ဝန်းကျင်သစ်၊ လူသစ်တွေနှင့် ကျွန်မ တစ်ယောက်တည်း နေခဲ့ရမည်ကို တွေးမိ ကြောက်ရွံ့ပြီး အိမ်သို့ ဖေဖေနဲ့အတူ ပြန်လိုက်ချင်လာသည် ။ ဒါကြောင့် ကျွန်မကို ခုနက “ သမီး ဒီမှာ ထိုင်နေနော် “ ဟုနေရာချပေး ထားရာမှာ မတ်တပ်ရပ်ရင်း ပါးစပ်ကြီးဖြဲကာ အော်ဟစ်ငိုကြွေးပါတော့သည်။ သို့သော်လည်း ကျွန်မဆီက အသံကျယ်ကျယ် လောင်လောင် ထွက်မလာပဲ မျက်ရည်ပေါက်ကြီးတွေသာ ဖြိုင်ဖြိုင်ကျရင်း အပြင်မှာရှိနေသေးသည့်  ဖေဖေ့ကိုသာ ကွက်ကြည့်ကွက် ကြည့် ဖြင့် ငိုနေခြင်းပင်။ ထိုအချိန်တွင် ကျွန်မရှေ့သို့ လုံခြည်စိမ်း ၀တ် နွေးထွေးသော အပြုံးရိပ်တစ်ခု  ရောက်လာ ခဲ့ပါသည်။
             “ အောင်မလေး သမီးရယ်၊ လွယ်အိတ်တွေ ချပါဦ၊။ ခြင်းတောင်းလေးကို လည်း ဒီအပေါ်တင် ထားပါဦးး။ ငိုနေလိုက်တာ။ ဘယ်သူလိုက်ပို့တာလည်း ဆရာမကို ပြောပါဦး ”
              ကျွန်မက သူ့အမေးကို အဖေရပ်နေရာသို့ အသံတိတ် လက်ညှိုးညွှန်ရင်း အဖြေပေးလိုက်သည်။ သူက သဘောကျ စွာပင် ပြုံးရင်း ကျွန်မပါးပေါ်က မျက်ရည်များကို သူ့လက်ဖမိုးလေးနှင့် ညင်သာစွာ သုတ်ရင်းကျွန်မကို ထိုင်ခုံ ပေါ်သို့ ပွေ့တင်ကာ အငိုတိတ်တဲ့အထိ နံဘေးမှာ ထိုင်ချော့ခဲ့သည်။ ကျွန်မတစ်ယောက်တည်း ကိုသာ ချော့ခြင်း မဟုတ်ပဲ ကျွန်မလို မလွမ်းပို၊ ကိုလွမ်းပိုတို့တစ်တွေ အကယ်ဒမီရှော့ လုပ်နေကြသည်ကို တစ်လှည့်စီ အချိန်ပေး ချော့ရသေးသည်။ ထို့နောက်   ကျွန်မတို့ တစ်ဦ်ချင်းစီ၏ နာမည်လေးတွေကို မေးထားပြီး အလျဉ်းသင့်သလို တစ်ခန်းလုံးနှင့် စိတ်ရှည် လက် ရှည် မိတ်ဆက် ပေး နေသေးသည့် ကျွန်မဘ၀၏ ပထမဆုံးသော ထိုဆရာမကို ခုလိုပထမဆုံး ကျောင်းတက်ရက်နှင့် ယှဉ်တွဲ အမှတ်ရဖြစ်ပါသည်။ ဆရာမနာမည်မှာ ဒေါ်ဖြူဖြူဝင်းဖြစ်ပြီး နာမည်လေးနှင့်လိုက်ဖက်စွာ ဖြူဖွေးကြည်လင်သော အသားအရည်၊ စာကြည့် မျက်မှန် အ၀ိုင်းလေး အောက်တွင် ကြင်နာတတ်သော မျက်လုံးနှင့် ချိုသာသောစကားကို ဆို တတ်ပါသည်။ ကကြီး ခခွေး အက္ခရာလေး များကို ကျွန်မတို့နှင့်အတူတူ ဗလာစာအုပ်ပြည့်နီးပါး ကူညီရေး ပေးတတ် သလို ကျောင်းဆင်းခါနီး အချိန်များတွင်လည်း ကလေးတွေသဘောကျ ပျော်ရွှင်နိုင်မည့် ပုံတိုပတ်စလေးများ ပြောပြ တတ်သည်။
                  သူငယ်တန်းကလေးတွေတွက် နေ့တာတစ်ခုအတွင်း ဆရာမနှင့်နေရသည့်အချိန်မှာ မိဘနှင့် နေရသည့် အချိန်ထက် များလှသောကြောင့် ဆရာမ ဒေါ်ဖြူဖြူဝင်းလို စိတ်ရှည် သဘောထားကောင်းသည့် ဆရာမနဲ့အတူ စာသင် ခန်းတွင်း အချိန် ကုန်ရခြင်း အတွက် ကျွန်မတိုအားလုံးကံကောင်းကြခြင်းလို့ ဆိုရမည်ပင်။ အဲ့ဒီခေတ်က အတန်းပိုင် ဆရာမဆီမှာ ကျူရှင်ယူဖို့ ဆိုတာမျိုးလည်း ခေတ်မစားသေး။  ဆရာမကလည်း ဘယ်ကလေးမိဘဆီက ဘာလက်ဆောင် ရထား မျက်နှာလိုက်သည်ဟုလည်း မရှိ။ တစ်ခန်းလုံးမှာ ကလေးအယောက် လေးဆယ် ရှိလျှင် ချောမော၊ ကျည်းတန်၊ မည်းတူး၊ ဖြူဖွေး ဆင်းရဲ ချမ်းသာ မရွေး ညီတူမျှစွာ ဆရာမက ဂရုစိုက်ချစ်ခင်သည်။  ဆရာမမှာ ပုံဆွဲတော်သူဖြစ်ပြီး လိမ္မော်သီး၊ ပန်းသီးနှင့် ငှက်ပျောသီးများကို ကျောက် သင်ပုန်းမှာ ရောင်စုံမြေဖြူဖြင့်ဆွဲတိုင်း တပည့်တွေက ပုံမပြီးခင်တိုင်း အဖြေကို သူ့ထက်ငါ အလုအယက် အော်ဟစ်တတ်ကြသည်။ အဲပဲလ်၊ အောရိမ်းခ်ျ စသည်ဖြင့် အင်္ဂလိပ်လို ဖြေကြရမည်ကို ပန်းသီး၊ လိမ္မော်သီး စသည်ဖြင့် မြန်မာလိုအဖြေ အော်ပြောသည့်တိုင် ဆရာမက ‘’ ဟယ် တော်လိုက်တာ၊ ကြည့်ပါဦး။ ဒါ ဘယ်ဆရာမရဲ့ ကလေးတွေ ပါလိမ့်။“ ဟု ချီးကျူးတတ်စမြဲ။ ကျောင်းနေစ ကလေးတို့သဘာဝ နေ့စဉ် ကျောင်းတက်ရမည်ကို ထိုစဉ်က သဘောမကျသော်လည်း ချိုလွင်သောအသံလေးနှင့် ပြောပြတတ် သည့် ဆရာမ ပြုံပင်နှင့် ကဗျာလေးတွေ အပြင်၊ ရောင်စုံရုပ်ပုံလေးတွေနှင့် တနေ့တမျိုး မရိုးနိုင်အောင် သင်ကြားတတ်ခြင်းကြောင့် သူငယ်တန်း ကျောင်းသူဘ၀ သည် ယနေ့ထိ မမေ့နိုင်အောင် အဓိပ္မါယ်ရှိလှခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
                    ပထမတန်းရောက်တော့ အတန်းပိုင်ဆရာမ နာမည်မှာ ဒေါ်သန်းသန်းအေးဖြစ်ပြိး စတုတ္ထတန်း အတန်း ပိုင် ဆရာမ နာမည်နှင့် ဆင်တူသည်။ ဒါကြောင့် ရာထူးရော၊ အသက်ပါငယ်သည့် ဆရာမကို အားလုံးက  ဒေါ်သန်းသန်းအေးလေး ဟု ခေါ်ကြပြီး စတုတ္ထတန်းအတန်းပိုင်လည်းဖြစ်၊ အတန်းမှူးလည်းဖြစ်သည့်  ဆရာမကြီးကိုတော့ ဒေါ်သန်းသန်းအေးကြီး ဟု ခေါ် သည်။ ကျွန်မ၏ အတန်းပိုင်မှာ အရွယ်အားဖြင့်လည်း နှစ်ဆယ့်သုံး နှစ်ဆယ့်လေးခန့်သာရှိသေးသော ခပ်ငယ်ငယ် ဆရာ မလေးဖြစ်ပြီး သူ့အတန်းထဲ မှ ကျောင်းသားတိုင်းကို လက်ရေးလက်သား မှအစ၊ အပေါင်း အနုတ် အမြှောက်အစား ရလာဒ်များနှင့်အင်္ဂလိပ်စာ အသံထွက်များကို တစ်ဦးချင်းဂရုစိုက် သင်ကြားတတ်သူ ဖြစ်သည်။ ကလေးတစ်ဦးချင်း အနားမှာ ထိုင်ပြီး စာလုံးပေါင်း အသံထွက်တို့ကို အပင်ပန်းခံ ဂရုစိုက် သင်ပေးတော့ သူငယ်တန်းကလွတ်လာစ ကျွန်မကအကြောက်လွန်ပြီး ဆရာမသင်သမျှကို အိမ်စာမပေးပါဘဲနှင့် ပြန်ပြန် ကူးရေး တတ်သည်။ အိမ်ကလည်း ဆရာမအိမ်စာပေးတာ များလှချည်လားဟု အံ့သြသလို နောက်တော့ ဆရာမကလည်း တစ်ဦးချင်း စာအုပ်များကို စစ်ဆေးရာမှာ အံ့သြတကြီး တွေ့သွားခဲ့သည်။ ဆရာမက ကျွန်မ၏ စာအုပ်ထဲမှာ `ကလေးကို အိမ်စာ မပေးပါ။ စာ မကူးရေးခိုင်းပါနှင့်´ ဟု မိဘတွေကို စာရေးပေးလိုက်ရသည်အထိ ကျွန်မ အကြောက်လွန်ခဲ့ပုံများ အခုတော့ ပြုံးချင်စရာ ဖြစ်ရပါသည်။ ဆရာမက ကြိမ်လုံးမကိုင်ဘဲနှင့် ကလေးများက ချစ်ကြောက်ကြပြီး သူ့နှုတ်ဖျားက ထွက်ကျလာမည့် ချီးကျုးစကားကို မက်မောစွာ အစဉ်အမြဲ ကြိုးစားချင်ကြသည်။ သို့သော် ဆရာမက အိမ်စာများကို စိတ်မပါတပါဖြင့် နမော်နမဲ့ လုပ်တတ် သည့် ကျောင်းသားများကို တော့  မငဲ့ညှာတတ်ပါ။
                     ထိုကလေးများကို “ ကျွန်တော် စာမလုပ်ပါ။ ကျွန်မ စာမလုပ်ပါ။ ငပျင်းပါ ” ဆိုပြီး ကျောင်းသား များရှေ့ စတိတ်စင် ပေါ်တွင် သုံးကြီမ် ၊လေးကြိမ် ဆိုခြင်းမျိုးဖြင့် ဒဏ်ပေးတတ်ပါသည်။ တချို့ ကျောင်းသားများ တစ်ကြိမ်တည်းနှင့် ရှက်ကြောက်ပြုပြင် သွားတတ်သော်လည်း တချို့ကတော့ ငယ်စဉ်ကတည်းက ဇာတိပြဆိုသည့် အတိုင်း သူမဟုတ်တာ လုပ်တာ မဟုတ်သလို၊ ရုပ်တည်ကြီးနှင့် ဆရာမ ခိုင်းသည့်အတိုင်း အော်ပြောတတ်ကြသည်။ တခါတလေလည်း ယောက်ျားလေးနှင့် မိန်းကလေး တစ်ယောက်ချင်းစီ စာတွေ ပြိုင်ဆိုရ ၊ သချာင်္ပြိုင်တွက်ရသည်။  ရှုံးသူကို နိုင်သူက နားရွက် ဆွဲပြီး အခန်းတစ်ပတ် ပတ် ပြရ သည့် အခါ လူ့အချင်းချင်းတူသော်လည်း ညံ့သူက တော်သူ့မျက်နှာကို မကြည့်ဝံ့ကြောင်း ၊ ရှက်စရာကောင်းကြောင်းကို အဲ့ဒီအရွယ်တည်း က နားလည်လာစေသည်။  ကြောက်တတ်သည့် ကျွန်မကို တော့ ပြုံးရွှင်သော မျက်နှာပေးဖြင့်
                   “ သမီးက ဘာလို့ ကျောင်းမှာ သင်တာတွေ ပြန်ပြန်ရေးနေတာလဲ။ စာအုပ်ကုန်ပြီးပင်ပန်းတာပေါ့ ။ မဟုတ်ဘူးလား “                        ဆိုတော့ ကျွန်မက လွယ်လွယ်ပင် ပြန်ဖြေမိသည်။
                  “ ဆရာမ ဆူမှာ စိုးလို့”
                  “ဆရာမက ဘာလို့ဆူမှာလဲ။ုအိမ်စာလုပ်တယ်။ စာတွေလည်း ရတယ် ။  လိမ္မာတယ် ဆို ဆရာမကဆူဖို့ နေနေသာ သာ ပိုတောင် ချစ်ရအုန်းမှာ ဟုတ်တယ် မဟုတ်လား“
                     ဒီတော့ ကျွန်မက ဆရာမကို သွက်သွက်လက်လက်ပင် ကျေနပ်စွာ ခေါင်းပြန်ညိတ်ပြခဲ့သည်။
                 ရုံးပိတ်ရက်တစ်ရက်တော့ မိဘများနှင့် ကြည့်မြင်တိုင်က အသိအိမ်ကိုအရောက် မျက်နှာချင်းဆိုင်အိမ်မှ အမျိုးသမီး တစ်ယောက်ကို ဖျတ်ခနဲမြင်လိုက်မိသည်။  ခေါင်းလျှော်ပြီးစ ဒူးဆစ်လောက် ဆံပင်တွေကို ဖြန့်ချရင်း တံမြက် စည်းလှည်းနေသူမှာ ဆံထုံးဖြင့်မြင်နေကျ ကျွန်မ ချစ်လည်းချစ်၊ကြောက်လည်း ကြောက်ရသည့် ဆရာမ ဒေါ်သန်းသန်းအေးလေး ဖြစ်နေသည်။ ကျွန်မ သူ့အိမ်ဘက်ကူးပြီး သွားနှုတ်ဆက်တော့ အံ့သြ၀မ်းသာစွာ အိမ်မှာချက်သည့် အုန်းနို့ ခေါက်ဆွဲနှင့် ချစ်တပည့် လူကြီး လူကောင်းကို ဧည့်ခံသည်။ ထိုမှစ၍ ကျွန်မ ဆရာမနှင့် ပိုရင်းနှီးသွားခဲ့သည်။ ကျွန်မကိုယ်တိုင်ကလည်း ဆရာမကို ရိုလည်းရိုသေ ချစ်လည်း ချစ်သည်မို့ တစ်နှစ်တည်းသာ အတန်းပိုင် ဖြစ်ဖူး သော်လည်း သူငယ်တန်းမှ စတုတ္ထတန်းအထိ သီတင်းကျွတ်တိုင်း ဆရာမကို မပျက်မကွက် ကန်တော့ ဖြစ်သည်။ တတိယတန်း သီတင်းကျွတ်တွင်တော့  သူ့အိမ်သားတွေက “သန်းသန်းရေ။ နင့် တပည့် လေး ရောက်နေတယ်”ဟု ပြော လိုက်ရုံဖြင့် ဆရာမက အခန်းထဲမှနေ၍        ..                                                             “ချိုဝတ်ရည် မဟုတ်လား။ သမီး လာမယ်လို့ ထင်တော့ထင်သား“ ဆိုသည့် အသံလေးက လက်ရှိ တပည့်မဟုတ်သည့်တိုင် ကျွန်မကို သတိတရရှိနေပုံကို တိတ်တိတ်လေး ကျေးဇူးတင်ခဲ့ရသည်။
                     ကျွန်မ၏ မူလတန်းကျောင်းသူဘ၀တွင် ဆရာမများ အားလုံးနှင့် ပတ်သတ်ပြီး အမှတ်တရဖြစ်စရာတွေ များလွန်း လှသည်။ ဒုတိယတန်းဆရာမ ဒေါ်ခင်ခင်စောနှင့် တတိယတန်း ဆရာမ ဒေါ်မြကြင်တို့မှာလည်း စာသင် ကောင်းပြီး ကြင်နာ တတ်သော ဆရာမများပင်ဖြစ်သည်။ သူတို့အထဲမှာမှ စာသင်ကောင်းခြင်း၊ စည်းကမ်းတင်းကြပ်ခြင်းးအပြင် နာမည်ချင်းပင် တူလှသော နောက်ထပ် ဒေါ်သန်းသန်းအေး တစ်ယောက်ကို ငယ်စဉ်ကတည်းက ကြိုပြီး ကြောက်လန့်ခဲ့မိသည်။  သို့သော် ကြီမ်လုံးကို လက်ကမချပဲ အသံသြသြကြီး နှင့် အော်ဟစ် ပြောတတ်သည့် ဖြူဖြူတုတ်တုတ် ဆရာမကြီးမှာ တကယ်တမ်း သဘော မဆိုးပဲ စိတ်ထား ကောင်းမွန်သူတစ်ဦး ဖြစ်ကြောင်း သူ့အတန်း၊ စတုတ္ထတန်း ကျောင်းသူဖြစ်မှ ကျွန်မ သိခဲ့ရသည်။ မုန့်စား ကျောင်းဆင်းချိန်တိုင်း မျောက်ရှံးအောင် ဆော့လေ့ရှိသော ကလေးများကို ကျောင်းရှေ့ဆီးပင်ရှေ့တွင် လက် နှစ်ဖက်နောက်ပစ်ရင်း ကြီမ်လုံးကို ကိုင်လွဲလျက် အကဲခတ် နေတတ်သည်မို့ ကြောက်ခဲ့ကြခြင်း ဖြစ်သည်။ ဒါပေမဲ့ တစ်နေ့ ကျွန်မတို့ မိန်းကလေးအုပ်စု ရုံးခန်းနားက မြေတလင်းမှာ စက်ဝိုင်းသဏာန်ဝိုင်းပြီး ကြက်ဖခွပ်ပြိုင်ကြရာ  ကျောင်းတက်ခေါင်းလောင်း ထိုးသည်အထိ ပြိုင်ပွဲ မပြီးပြတ်သေး၍  အတန်းထဲအ၀င် နောက်ကျသွားခဲ့ကြရာ ဆရာမက အခန်းပေါက်ဝမှာပင် ကျွန်မတို့ကို ဆီးကြို ၍
                 “ ကဲ ဒီလောက်ကြက်ခွပ်ကောင်းကြတဲ့ မိန်းမတွေ ။လာ ထိုင်ထအခါနှစ်ဆယ်လောက် လုပ်” ဟုဆိုရာ ကျွန်မတို့ တစ်တွေ အတန်းရှေ့မှာအားလုံးတန်းစီပြီး နားရွက်ဆွဲ ထိုင်ထလုပ်ကြရသည်။ တကယ်တော့ ကျွန်မတို့ သူငယ်ချင်းတစ်တွေမှာ စာတော်သူများဖြစ်၍ ဆရာမက အနည်းငယ်အချစ်ပိုတတ်သော်လည်း ထူးထူးခြားခြား မျက်နှာလိုက်တာမျိုးတော့ မရှိခဲ့ပါ။  ကျွန်မတို့ ခုနှစ်ယောက်အုပ်စုက စာတော်သူတို့ ထုံးစံအတိုင်း အတန်းထဲမှာ   ဟောင်ဖွာ ဟောင်ဖွာလုပ်တတ် ကြသည့် အကျင့်ရှိ သူများဖြစ်ကြသည်။ အစည်းအဝေးရှိ၍ ဆရာမ ခဏထွက်သွားကာနီးတွင် ကျွန်မတို့ အုပ်စုထဲမှ ဇင်မျိုးနွယ်က မတ်တပ်ရပ် လျှက် လေသံကျယ်ကျယ်ဖြင့် “ဆရာမ ၊သမီး စကားများတဲ့သူ နာမည်မှတ်ပေးထားမယ်” ဟု ဆိုကာ မခိုင်းခင်ကတည်းက တာဝန်ယူကာ မော်နီတာ လုပ်တတ်သည်။ ထိုအချိန်မျိုးတွင် ကျွန်မတို့အုပ်စုမှာ စာရွက်ပေါ်တွင် ပြောချင်သမျှ ကိုအသံ တိတ် ရေး၍တခွီခွီ တခစ်ခစ် လုပ်တတ်ကြသည်။ ဒါပေမယ့် သူက ကျွန်မတို့ နာမည်တွေ ကိုဘယ်တော့မှ မမှတ်။  တိတ်နေသည့် အခန်းထဲ အချင်းချင်း ခဲတံငှား၊ ပေတံငှား၊  စကားံ တစ်ခွန်း နှစ်ခွန်းပြောသူ များကိုတော့ နာမည်မှတ်ပစ်သည်။ ဆရာမပြန်လာ၍ စာရွက်အပ်ချိန် နာမည် အားလုံးကို အော်ဖတ်ရင်းနှင့် “ ညည်း သူငယ်ချင်းတွေက ဘာလို့  မပါတာလဲ ”ဟု သူ့ကိုမေးလျှင် သူကအတည်ပေါက်ကြီးနှင့်..
                  “ သမီး တို့ အုပ်စုက ဘယ်သူမှစကားမများပါဘူး ဆရာမ၊ မယုံရင်သူတို့ကို မေးကြည့်လို့ ရပါတယ်။“ ဟု  တစ်ခန်းလုံး ကို ဦးတည်ပြောလိုက်သည်။ သို့သော် တစ်ခန်းလုံးဆီက မည်သည့် အသံမှ ထွက်မလာပါ။ ဆရာမကလည်း အားလုံးကို သဘော ပေါက်စွာ ဘယ်သူ့ကိုမှ အပြစ်မပေးခဲ့ပါ။  ဒီလိုနှင့်ပင် စတုတ္ထတန်းကျောင်းသူဘ၀ကို လည်း ပျော်ရွှင် စွာ ကျော်ဖြတ်ခဲ့ဖူးသည်။ အတန်းတင် စာမေးပွဲမှာ ဆုရတော့ ဆရာမနှင့် ဆုပေးပွဲမှာ နောက်ဆုံးအကြိမ် ဆုံဆည်းခဲ့ ရသည်။ ကျောင်းစိမ်းဂါဝန် အသစ်လေးနှင့် ဆုယူမည့် ကျွန်မမှာ ပေါင်ပေါ် အအေးပုလင်း တစ်ပုလင်း လုံး ဖိတ်ကျသွား၍ ဓါတ်ပုံရိုက်ဖို့ စိတ်ညစ်နေသည့် ကျွန်မကို ကြည့်ပြီး ဆရာမက ဟန်မဆောင်နိုင်ပဲ ရယ်မောခဲ့သည်။
                     “ ဖြစ်ရမယ်။ ငါ့သမီးနမော်နမဲ့မရယ်။ တော်ကြာ ဆရာမနဲ့ ရိုက်မယ့် ဓါတ်ပုံထဲကျမှ နင့်မှာ ရူးရူးကွက် ကြီးလို ဖြစ်နေဦးမယ်။ ”                  
                    
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မထိုနေ့က ဆရာမနှင့်အတူရိုက်သည့် ဓါတ်ပုံထဲတွင်ဂါဝန်ရှေ့မှ အအေးကွက်ကြီးကို ဂရု မထားပဲ  ပြုံးနိုင်ခဲ့သလို၊  နောင် ဘယ်တော့မှ ပြန်မတွေ့တော့သော ကျွန်မသူငယ်ချင်း ခုနှစ်ယောက်နှင့် ခွဲရသည်ကို ၀မ်းနည်းရ ကောင်းမှန်း ထိုစဉ်က မသိနိုင်ခဲ့။ ကျယ်ပြောလှသည့် လောကကြီးတစ်နေရာတွင် သူငယ်ချင်းတွေနှင့် သေချာပေါက် ဆုံဆည်းဦး မည်ဟု ယုံကြည်ခဲ့၍ပင်လားလည်း မမှတ်မိတော့။ နောက်နှစ် ကျောင်းဖွင့်ချိန်မှာတော့ မူလတန်းကျောင်းမှ ကိုယ်နှင့်နီးစပ်ရာ  အဆင်ပြေရာ အထက်တန်းကျောင်း ၊အလယ်တန်းကျောင်းတွေကို ပြောင်းရွေ့ရင်း မူလတန်းကျောင်းသူဘ၀ ဆရာမများနှင့် သူငယ်ချင်းများ အားလုံးကို ယနေ့တိုင် အဆက်ပြတ်ခဲ့ ရသည်။ ကျွန်မ၏ အလယ်တန်းကျောင်းသူဘ၀မှာတော့ ရန်ကင်း၊ အထက (၁)တွင် ငါးတန်းနှင့်ခြောက်တန်း၊ စမ်းချောင်း၊အထက(၂) တွင် ခုနှစ်တန်းနှင့် ရှစ်တန်း ပညာသင်ခွင့် ရခဲ့ပြီး ကျေးဇူးရှင်ဆရာမများ လည်း များစွာရှိခဲ့ပါသည်။ ဒီအထဲမှာ အမှတ်ရဆုံး အိပ်မက်ဟောင်းတချို့က ရင်ထဲမှာ ဖျတ်ခနဲရောက်လာခဲ့သည်။ အ.ထ.က(၁) ရန်ကင်းမှ ဆရာမ ဒေါ်ခင်မြသီ၊ ဒေါ်သန္တာလင်း၊ ဒေါ်မာလာစန်းနှင့် စမ်းချောင်း(၂)မှာ ဒေါ်နီလာဝင်းအောင်၊ ဒေါ်မြင့်မြင့်နှင့် ဒေါ်လှမြတ်သီတာ တို့၏ ပုံရိပ်လွှာများကို ယနေ့အထိအမှတ်ရဆဲဖြစ်သည်။ ဆရာမဒေါ်ခင်မြသီမှာ အင်္ဂလိပ်စာသင်ပြီး ပဉ္စမတန်း အတန်းပိုင် ဆရာမလည်း ဖြစ်သည်။ ဆရာမ၏ ပုံစံမှာ ပစ်တိုင်းထောင်အရုပ်လေးကို မျက်မှန်တပ် ပေးထား ပုံနှင့်တူလှသည်။ ကျွန်မက ဆရာမ စားပွဲနှင့်ထိကပ်ထားသော အရှေ့ဆုံးကျခုံတန်း တွင်အမြဲထိုင်ခြင်းကြောင့် စာသင်ခန်းထဲ ဆရာမ ၀င်လာတိုင်း  ပြေး၍ ခြင်းတောင်းကြို၊ ပန်းဆက် လုပ်ရတာ မမောနိုင်ပဲ ပျော်ခဲ့ရသည်။ ထို့ပြင် ထိုကျောင်းကို ရောက်မှ ဆရာမတွေက အရင် ကျောင်းလို မဟုတ်ပဲ သူ့တို့ကိုယ်သူတို့ တီချယ်ဟု ရည်ညွှန်းပြောသဖြင့် ကျွန်မလည်း တီချယ်ဟု ခေါ်တတ် ပြောတတ်လာသည်။
                   ဆရာမ ဒေါ်ခင်မြသီနှင့် ပထမဆုံးတွေ့သည့်နေ့တွင် အေမှ ဇက်အထိ အင်္ဂလိပ်အက္ခရာ ကို အကြီး ရော အသေးပါ ပြန်ရေးခိုင်းပြီး အရေးအသား မှန်မမှန်ကို စစ်ဆေးပြင်ဆင်ပေးခဲ့သည်။ နောက်ပိုင်းတွင်တော့ အင်္ဂလိပ် မီးနင်းများ၊ ကွန်ပရီဟန်းရှင်း နှင့် အက်ဆေး၊ လက်တာ အရေးအသားများကိုသင်ကြားပေးခဲ့ရုံမက သင်ခန်းစာ တစ်ခုပြီး တိုင်း သူမေးသမျှကို ကျွန်မတို့ တပည့် တစ်ဦးချင်းက ကျောက်သင်ပုန်းပေါ်တွင် အဖြေမှန်ကို ထွက်ရေးပြရသည်။ အဖြေမှန်ရေးနိုင်သူက မရေးနိုင်သူကို ဆရာမ၏ သစ် သား ပေတံတိုလေး ဖြင့် လက်ဖ၀ါးကို ရိုက်ရသည်။ အင်္ဂလိပ်စာ ကျက်မှတ်ရသည်ကို နှစ်သက်သည့် ကျွန်မတွက်တော့ ပျော်စရာ ပင်။                                          
ဆရာမ ဒေါ်သန္တာလင်းကတော့ ဆဌမတန်းပထ၀ီဆရာမဖြစ်ပြီး၊  ကျွန်မကိုမြင်သည်နှင့် ရေစက်ကြောင့် ချစ်ခင် ခဲ့ပုံ ပေါ် သည်။ တစ်ယောက်ယောက်က အပ်ပေးထားတာ မဟုတ်ပဲ ကျွန်မပညာရေးအခြေအနေကို အမြဲုဂရုစိုက် မေးမြန်း တတ်သဖြင့် သူငယ်ချင်းများကပင် နင့်အမျိုးလားဟုမေးတာကို မှတ်မိနေသေးသည်။ ကျန်ဆရာမတွေ အားလုံးထဲမှာ ထိုစဉ်က သချာင်္နှစ်ဆရာမ ဒေါ်မာလာစန်းမှာ စာမရလျှင် မျက်နှာတင်းတင်းဖြင့် ကြိမ်လုံးကိုင် ဆုံးမတတ်သည့်အတွက် ကျွန်မတို့အားလုံး ကြောက်ရွံ့ကြရ သည်။ တစ်နေ့ ရှစ်ချိန်ရှိသည့် စာသင်ချိန် အချိန်ဇယားတွင် သူ့အချိန်ရောက်တိုင်း ရင်ခုန်သံမြန်ရသည်။ နှလုံးတုန်ရသည်။ ခုံတန်း ၏ ထောင့်စွန်းတွင် ထိုင်တတ်သူများအဖို့ သူစာမေးဖို့ အာရုံ ရလွယ်သူများဟု ကျွန်မတို့ ယုံကြည်ကြ၍ သူ့အချိန်ဆိုလျှင် ဘယ်သူမှ ခုံတန်း၏ အစွန်ဆုံးမှာ မထိုင်ချင်ကြ။ တိုစဉ်က ကိုယ်ဝန်ကြီးနှင့် ဖြစ်ပြီး မျက်နှာထားမှာလည်း တင်းမာ၍ ကျွန်မတို့ ဆဌမတန်း အတန်းသူ၊ အတန်းသားများအားလုံး သူ့ကို အတန်းပိုင်ဆရာမ ဒေါ်သီသီစန်းထက် ပိုကြောက်ရွံ့ကြသည်။ ဒါကြောင့် သူ့သချာင်္ပုစ္ဆာ များနှင့် သီအိုရီများကို တွ့က်ချက် ကျက်မှတ်ရလွန်း၍ ကျွန်မအဖို့တော့ အလွတ်နီးပါးပင် မှတ်မိလျက်ရှိသည်။ သည့်နောက် သူမီးဖွားဖို့ ဆေးခွင့် နှင့် ခွင့်သုံးလယူရာ ကျွန်မတို့အားလုံးတွက် အပျော်ရွှင်ဆုံးနှင့် စိတ်အချမ်းသာဆုံး  အချိန်တွေဖြစ်ခဲ့သည်။ အစားလာ သင်ပေးသည့် ဆရာမမှာ သူ့လောက် ဆူပူတာမျိုးမရှိသောကြောင့် ကျွန်မတို့အားလုံးမှာ ကလေး သဘာဝအတိုင်း ဆရာမ ဒေါ်မာလာစန်း  ပြန်လာမှာကို စိုးရွံ့နေကြသည်။                  
              ဒီလိုနှင့် တစ်နေ့ မုန့်စားကျောင်းဆင်းခါနီးတွင် ကျွန်မတို့တွေ ထိုင်သည့် ခုံနှင့် ကပ်လျက် ပြတင်းပေါက် ဘောင် ပေါ်သို့ ခပ်ချောချော ဆရာမတစ်ယောက် မေးထောက်ရင်း အခန်ထဲသို့ လှမ်း အကဲခတ်ကြည့်နေသည်ကို တွေ့ရသည်။  ပြတင်းပေါက်နှင့်ကပ်လျက် ထိုင်သော ကျွန်မသူငယ်ချင်း ဂျူးဂျူးခင်ကို ထိုဆရာမက ..
                      “ သမီးတို့ အခန်းမှာ အခုသချာင်္သင်တဲ့ ဆရာမတွေက ဘယ်သူတွေလဲ” ဟု မေးတော့
                      “ သချာင်္တစ်က တီချယ်ဒေါ်ယမင်း၊ သချာင်္နှစ်က တီချယ် ဒေါ်ဝေေ၀ခင် ”
                      “ သြော် အရင်ကလည်း သမီးတို့ အခန်းမှာ သူတို့ပဲလား ၊ဟုတ်လား”
                      “ ဟုတ်ဘူး။ သချာင်္တစ်ကတော့ ဟုတ်တယ်။ သချာင်္နှစ်ဆရာမက ဗိုက်ကြီးနေတဲ့ အရပ်ရှည်ရှည် ဆရာမ။ သမီးတို့ကို အမြဲဆူတတ်တယ်။ အခု သူခွင့်ယူသွားလို့ တီချယ် ဒေါ်ဝေေ၀ခင်က အစားဝင်ပေးတာ။ ”
                    သူ့စကားကို ကြားတော့ အနည်းငယ်အံ့သြရာက ဆရာမမျက်နှာမှာ တဖြည်းဖြည်းပြုံးသွားသည်။ ကျွန်မ ကိုယ်နှိုက် လည်း ဆရာမကို မြင်ဖူးသလိုလိုငေးကြည့်နေရင်းမှ လက်သူကြွယ်မှ မြွေပုံလက်စွပ်ကလေးကို တွေ့လိုက်ရ၍ ချက်ချင်း မှတ်မိသွားပြီး ဂျူးဂျူးဘက်လှည့်ကာ
                     “ ဟဲ့ ဂျူးဂျူး နင်ဘာတွေလျှောက်ပြောနေတာလဲ ၊ အဲ့ဒါ တီချယ် ဒေါ်မာလာစန်းလေ၊ မမှတ်မိဖူးလား ”
                  ဂျူးဂျူးမျက်လုံးများဝိုင်းစက်သွားသည်။ သူမမှတ်ချင်လည်း မမှတ်မိချင်စရာပင်။ ကျွန်မကိုယ်တိုင်လည်း သိပ်မမှတ်မိ နိုင်လောက်အောင် တစ်သားမွေးတစ်သွေးလှ ဆိုသည့်စကားကို  ဆရာမက သက်သေပြသလို ဖြစ်နေသည်။ ဆရာမက အတန်း ပြန်ဝင်ပြီး ဆရာမဒေါ်သီသီစန်း နှင့်အတူ မိတ်ဆက်တော့ တစ်ခန်းလုံး အံ့သြနေကြသည်။ ဆရာမမှာ အရင်လို မချယ်မသ မျက်နှာနှင့် ပခုံးလောက် ဆံပင်ကိုဖြန့်ချထားခြင်းမျိုးမဟုတ်ပဲ ၊တစ်ပတ်လျိုဆံထုံးတွင် ပန်းရောင် ရေမွေး နှင်းဆီ လေးပန်လျက် ဆံမြိတ်လေးချကာ ၊ ကြက်သွေးရောင်နှုတ်ခမ်းရဲရဲလေးနှင့် လှချင်တိုင်းလှနေသည်။ ကိုယ့်ကို သင်တဲ့ ဆရာမကို မမှတ်မိရကောင်း လားဆိုပြီး ဆရာမဒေါ်သီသီစန်းက ဂျူးဂျူးခေါင်းကို ခေါက်သည်ကို ဆရာမ ဒေါ်မာလာစန်းက ရယ်မောကာ ပြာပြာသလဲ တား ပါသည်။ ဆရာမ စာပြန်သင်သည့် နေ့ရက်တွေတိုင်း ဂျူးဂျုးခင်နှင့် အတူ ဆရာမကို မျက်နှာချင်းဆိုင်ဖို့ အပြစ်ရှိသလို အားနာမိ သော်လည်း ၊ မျက်လုံးချင်းဆုံတိုင်း ဆရာမက ဦးစွာပြုံးပြ နှုတ်ဆက်တတ်စမြဲမို့ ဂျူးဂျူးကို အကြောင်းပြုပြီး ဆရာမနှင့်ခင်မင်ခဲ့ရ သည်။
                  စမ်းချောင်း(၂)ကိုရောက်တော့  သတ္တမတန်းအတန်းပိုင် ဒေါ်နီလာဝင်းအောင်က  အင်္ဂလိပ်စာ အသံထွက် ရော သင်ကြားမှုပါ ကောင်းသလို၊ အဌမတန်း အတန်းပိုင် ဒေါ်မြင့်မြင့်၏ မြန်မာစာ အသင်ကောင်းမူကြောင့် ကျွန်မ ယခုကဲ့သို့ ၀တ္ထူများ ရေးနိုင်ခြင်းဖြစ်သည် ဆိုလျှင် မမှားပါ။ နောက်ထပ် ဒေါ်မြင့်မြင့်စန်းကတော့ သမိုင်းအသင်အပြ ကောင်းလှပြီး လူသားတို့ ဖြတ်သန်းသည့် ခေတ်များကို ကျွန်မတို့ ရာဇ၀င်ဇတ်ကားများ ကြည့်ရသလို မြင်နိုင်ခဲ့သည်။ အဌမတန်းသိပ္မံပြဆရာမ ဒေါ်လှမြတ်သီတာကတော့ ကျွန်မတစ်ဦးတည်းသာ မဟုတ် ကျောင်းသူများအားလံုး၏ ချစ်ခင်မူကိုရရှိသူဖြစ်သည်။ နာမည်လေးနဲ့ လိုက်အောင် အသားဖြူဖြူ မျက်လုံးပြူးပြူးလေးနဲ့ ချစ်စရာ ကောင်းသော ဆရာမက စာကိုအတန်းထဲ မှာပင် တစ်ခါတည်း အလွတ်ရ အောင် ကျက်မှတ်ပေးပြီး ၊ ပုံနှိပ်ထဲမှ စာပိုဒ်များကို မှတ်မိအောင် မှတ်စုထုတ်ပေးတာကြောင့် ၊ စာတွေ အားလုံး မှတ်မိနေ ပြီးသား ဖြစ်နေသည်။ ဒါကြောင့် သိပ္မံအချိန်ဆိုလျှင် ကျွန်မတို့အားလုံး တက်ကြွကြသည်။ ဆရာမက ပြေပြစ်သောခန္ဒကိုယ်နှင့်  ၀င်းဝါသော အသားအရည်ကို ပိုင်ဆိုင်သူမို့ (ထိုစဉ်က) ဘာကြောင့် အပျိုကြီး လုပ်နေသည် ဆိုသည့် ကိစ္စကိုလည်း ကျွန်မတို့ သူငယ်ချင်းတွေ အချိန်အား၍ ဆရာမတွေအကြောင်း ပြောဖြစ်လျှင် ဆွေးနွေးနေကျ ခေါင်းစဉ် ဖြစ်သည်။                                            
 တစ်နေ့တော့ မိသားစုနှင့် ကျောင်းပိတ်ရက် ကြက်ကြော်ဆိုင်တစ်ဆိုင်မှာ မုန့်ဝင်စားနေစဉ် ဆရာမဒေါ်လှမြတ်သီတာကို `ဧည့်သည်´ တစ်ယောက်နှင့် တွဲလျက် မုန့်စား နေ သည်ကို တွေ့သော်လည်း ကျွန်မ နှုတ်မဆက်ရဲ၍ မခေါ်ဖြစ်ခဲ့ပါ။ နောက်နေ့ ကော်ရစ်တာတွင် လျှောက်ရင်း  ဆရာမ နှင့် ဆုံတော့
                     “သမီးမနေ့က ကြက်ကြော်ဆိုင်မှာ ဆရာမကို တွေ့တယ်မလား”
                     “ ဟုတ်ကဲ့ ဆရာမ။ သမီးဆရာမကို နှုတ်ဆက်မလို့ပါပဲ။ အားနာလို့ပါ။”
                    “ အားနာစရာ မလိုပါဘူး ။ သမီးရယ် နှုတ်ဆက်လိုက်ရောပေါ့ ´
                      ဆရာမက လိုက်လိုက်လျောလျော ပြောသည့်အတွက် ကျွန်မက ပို၍၀မ်းသာသွားမိသည်။ ထိုနေ့မှ စ၍ ကျွန်မချစ် သော ဆရာမနှင့်လည်း ပို၍ခင်မင်ရင်းနှီးခွင့် ရခဲ့ပါသည်။ ထို့ပြင်…
                      “ ဟဲ့ သမီး ဘယ်အချိန် ရှိနေပြီလဲ။ “
                      ဒါကတော့ ကျွန်မဆရာမတစ်ယောက်မဟုတ်ပါ။
        မိုးချုပ်လှပြီ၊ အိပ်တော့လေဟု ဆက်ပြောသော မေမေ့ အသံဖြစ်သည်။
                      ဒါကြောင့် ကျွန်မလည်း ဆရာမများ၏ ရင်ခွင်ငယ်ဘ၀ကို အလည်သွားခဲ့သည့် အတွေးခရီးကို တ၀က်တပြတ်နှင့် ရပ်လိုက်ရပါသည်။ နောက်ကြုံကြိုက်မည် ဆိုလျှင် ကျွန်မချစ်သော ဆရာမများကို ဆက်လွမ်းခွင့် ရချင်ပါသေးသည်။ လွမ်းစကား များတွင် အမှားအယွင်း အမိုက်အမဲများရှိလျှင် ငယ်ဘ၀နှလုံးသားဖြင့် ပြန် ခံစား ရေးသားခဲ့ သည်ကို ဆရာမများက ကျေနပ် ခွင့်လွှတ်လိမ့်မည်ဟု ယုံကြည်မိပါသည်။ (နားရွက်ဆွဲ ထိုင်ထတော့ မခိုင်းလောက်ပါဘူးရှင်..နော်)။                        

                                                                          (ကျောက်ပန်းတောင်းမြို့နယ် မဂ္ဂဇင်း)   

4 comments:

  1. ကူးကူးလှိုင်December 16, 2012 at 9:29 AM

    ညီမရေ အစ်မလဲ ငယ်ငယ်က သင်ခဲ့တဲ့ ဆရာ ဆရာမတော်တော်များများကို ခုချိန်ထိ မှတ်မိနေတုန်းပဲ ပျော်ရွှင်စရာကောင်းတဲ့ ကျောင်းသားဘ၀လေးတွေ ပြန်လွမ်းမိသွားပြီညီမလေးရေ...

    ReplyDelete
  2. ဟုတ်တယ်အစ်မရေ၊ ကျောင်းသူဘ၀က အမှတ်တရတွေ လူတိုင်း မေ့ရခက်တယ်နော်။ စာတွေ အသစ်တင်တိုင်းတကူးတက လာဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်မမ ။

    ReplyDelete
  3. ကျေးဇူးပါ

    ReplyDelete
  4. ရူပါကိုAugust 15, 2013 at 9:31 AM

    ကျေးဇူးတင်ပါတယ်..ဆရာမ..ကျနော်တို့မြို့နယ်အသင်းမှာ အခုလို စာကောင်းကောင်လေးတွေ ရေးပေးလို့ပါ

    ReplyDelete