Saturday, September 14, 2013

ဆုံးစမဲ့ သံယောဇဉ်မြစ်ကလေး

                                               ဆုံးစမဲ့ သံယောဇဉ်မြစ်ကလေး
             
                         
          
       ခင်ယွန်းပြုံးနေမိသည်။ ကြားရဖန်များသော်လည်း ဒီစကားတွေကြားတိုင်း ကြည်နူးသည့်စိတ်ကို ဖုံးကွယ် မထားနိုင်ခဲ့။ အပြုံးတစ်ပွင့်က နှုတ်ခမ်းထပ်မှာခိုတွဲလျက်ရှိသည်။ လေအ၀ှ့တွင် ခြံထဲကဆိတ်ဖလူးပန်းရနံ့ သင်းသင်းလေး လွှင့်ပျံ့လာသည်။ မေမြတ်က ရေနွေးတစ်ခွက်သောက်ရင်း သူ့စကားကိုဆက်သည်။
      “အဲ့ဒါ နင် သိတယ်မဟုတ်လား ခင်ယွန်း”
      “ငါက ဘာကိုသိရမှာလဲ”
      ခင်ယွန်း မေမြတ်ကို တမင် ဘုတောတောလိုက်သည်။
      “အံမယ်၊ မသိချင်ယောင်ဆောင်နေပြန်ပြီ။ ကျော်မောင် နင့်ကိုစိတ်ဝင်စားနေတဲ့ အကြောင်းလေ”
      “ဟုတ်ပ၊ နင့်ကို ကြည့်တဲ့ သူ့မျက်လုံးတွေမရိုးဘူးဆိုတာ လူတိုင်းသိပါတယ်နော်။ ဘာလဲ နင်က တော့ မသိပါဘူးလို့ ပြောချင်တာလား”
      ငုဝါကပါ ခင်ယွန်းမျက်နှာကို စေ့စေ့ကြည့်ရင်းဆိုပြန်သည်။
      “ငါတို့ကလေ ဘယ်သူကစလှုပ်မလဲလို့ စောင့်ကြည့်နေတာ၊ အခု မြင်းကလည်းမလှူပ်၊ ခုံကလည်းမလှူပ် တော့ ငါတို့တွေပဲ လှူပ်အောင်ဝိုင်းလုပ်ရမလားလို့”
      လဲ့လဲ့ကပါ အရွှန်းဖောက်ရင်း ခင်ယွန်းကို အကဲခတ်လာတော့၊ခင်ယွန်း မနေတတ်တော့ပြီ။
       “ကဲ မိန်းမတွေ၊ ညည်းတို့ စိတ်ထင်တိုင်းလျှောက်ပြောနေတော့မှာလား ၊ ညဉ့်နက်လှပြီနော်။ ပြန်ကြ တော့”
       “ပြန်မှာပါ။ မပြန်ခင် သိချင်တာလေးရှိသေးတယ်။ ဟိုတလောက သာဒိန် နင့်ကိုရည်းစား စကားပြော တော့ နင်က ငါ့မှာချစ်ရမဲ့သူရှိတယ်လို့ ပြောလိုက်တယ်ဆို၊ အဲ့ဒါ ဘယ်သူလဲ ဆိုတာငါတို့ကို ခုပြောပြပါလား”
      မေမြတ်က  ပြုံးစစနှင့် အမေးအမြန်းထူနေနေစဉ် လဲ့လဲ့က ၀င်ပြီး
     “ဟဲ့ အဲ့ဒီတုန်းကလေ ကျော်မောင်ကဘာမဆိုင်ညာမဆိုင် သာဒိန်ကို သွားချဲတာနော်။ ငါတို့ကြားလိုက်ပါ သေးတယ်။ ခင်ယွန်းကို မနှောင့်ယှက်ဖို့ သွားပြောတာတဲ့။ နင် အဲ့ဒီတုန်းက ဘယ်လိုခံစားရလဲခင်ယွန်း၊ ကျော်မောင့်ကို ဒေါသထွက်လား၊ ဒါမှမဟုတ် ကျေးဇူးတင်လား”
     ခင်ယွန်း သူ့တို့ကိုအဖြေမပေးပဲ ကွပ်ပျစ်ပေါ်မှ အတင်းမောင်းထုတ်ပစ်သည်။
     “ကဲ မိုးချုပ်နေပြီ၊ ပြန်ပါတော့ ဆိုနေမှပဲ။ နင်တို့တွေ နောက်တစ်ခါ အဲ့ဒီအကြောင်းကိုပဲ လာလာပြောဦး မယ်ဆိုရင် ငါ့ အိမ်လာမလည်နဲ့တော့။ ငါဧည့်ခံမှာ မဟုတ်ဘူး”
     တမင်ဟန်လုပ်ပြီးပြောသည့် စကားကိုသူငယ်ချင်းများက သဘောပေါက်ဟန် ရယ်မောနောက်ပြောင်ရင်း နှုတ်ဆက်ထွက်သွားသည်။ သူတို့ပြန်သွားမှ လက်ဖက်ပန်းကန်၊ ရေနွေးပန်ကန်များသိမ်းပြီး အိပ်ရာဝင်ရသည်။ အိပ်ရာထဲအရောက်ခြေထောင်အမိုးကိုလှမ်းမော့ကြည့်တော့ ဗြုန်းကနဲ ကျော်မောင့် မျက်နှာကြီးပေါ်လာသည်။ မျက်လုံးအတင်းဇွတ်မှိတ်လိုက်သော်လည်း တလက်လက်တောက်ပနေသော ညို့ရီနွဲ့ အနက်ရောင်မျက်ဝန်းတစ်စုံ ကို မျက်စိထဲ ဖျောက်လို့မရ။  မျက်လုံးများသည် နှလုံးသား၏ ပြတင်းပေါက် ၊ စိတ်၏ ထွက်ပေါက်ဟု ဆိုကြသည်။ ကျော်မောင်ဖွင့်မပြောရသေးသော်လည်း မျက်ဝန်းမှတဆင့် သူ့ရင်ထဲ မေတ္တာအစိုင်အခဲကို ခင်ယွန်း လှမ်းတွေ့ နေ နေရပြီပဲ။ ဒါဆို ကျော်မောင်သည်လည်း ခင်ယွန်းမျက်ဝန်းတွေမှတဆင့် ချစ်စကားသံ တိုးလျလျ ကိုကြားသိနေ ရပြီလား။ အို... ။ ရှက်စိတ်ကြောင့် ခင်ယွန်းအိပ်မပျော်နိုင်ပဲ အိပ်ရာထဲ ဟိုလှိမ့်၊ ဒီလှိမ့် လှိမ့် နေမိသည်”
      ကျော်မောင်ဆိုသည်မှာ ခင်ယွန်းနှင့် လုံးလုံးမနီးစပ်သော သူစိမ်းမဟုတ်။ ငယ်သူငယ်ချင်း၊ ကျောင်းနေ ဖက်၊့ ကစားဖော် ၊ ရန်ဖြစ်ဖော်။ ကျော်မောင့်အဖေဆုံးတော့ ကျော်မောင်ရှစ်တန်း ကျောင်းသားအရွယ် ။ ဒါပေမဲ့ အမေမုဆိုးမကြီးက ကျောင်မောင့်ကို ပင်ပင်ပန်းပန်း ရှာဖွေပြီး ကျောင်းဆက်ထားရှာသည်။ ပညာတတ်ကြီးဖြစ်စေ ချင် သည့် အမေ့ဆန္ဒကို ဖြည့်ဆည်းချင်သော်လည်း ကျောင်းစာထဲ ကျော်မောင် စိတ်ဝင်စားမူလျော့ပါးခဲ့လေပြီ။ ဆယ်တန်းရောက်သောနှစ်တွင် အမေ့ကိုတောင်းပန်ပြီး ကျောင်းထွက်ကာ သူလယ်ထဲဆင်းသည်။ ကျော်မောင်တို့ အိမ်၏အနောက်ဘက် ခြံကျယ်ကြီးထဲ ရာသီသီးနှံမျိုးစုံစိုက်ပျိုး၍ ဆောင်းဦးကျချိန်တွင် မြို့ပေါ်ဈေးသို့ တက်ရောင်း လေ့ရှိသည်။ ရိုးရိုးသားသား သူရှာရသမျှပိုက်ဆံတွေအားလုံးကို အမေကိုအပ်ပြီး အိမ်မှာအတူလာနေသော အဒေါ် အပျိုကြီး နှစ်ယောက်ကို လုပ်ကျွှေးနေသော ကျော်မောင်သည် ခင်ယွန်းသိပ်ချစ်ရသောသူပင် ဖြစ်သည်။  ခင်ယွန်း ကတော့ ငယ်ငယ်တည်းက ကျော်မောင့်လောက် စာမတော်သူမို့ခင်ယွန်းအောက် အငယ်နှစ်ယောက်ကို ငဲ့ပြီး အလယ်တန်းအဆင့်နှင့်ပင်ကျောင်းထွက်ခဲ့ရသည်။ ထို့နောက် အိမ်ဆိုင်လေးဖွင့်ပြီး အမေနှင့်အတူ ကုန်ခြောက် ကလေးများရောင်းကာ မိသားစုထမင်းအိုးအတွက် တထောင့်တစ်နေရာက စီးပွားရှာနေသော ခင်ယွန်းအပေါ် မျက်စိကျသော ရွာကာလသားများ များလှသည်။ ထိုထဲတွင် ကျော်မောင် တစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။ ဒါကိုခင်ယွန်းရိပ်မိသော်လည်း မသိကျိုးကျွံပြုကာ သူငယ်ချင်းတစ်ယောက်လို သူ့အပေါ် ရင်းရင်းနှီးနှီးဆက်ဆံမိ သည်။ သူ့အပေါ် ရိုးသားပွင့်လင်းစွာ ဆက်ဆံသော်လည်း သူနှင့်တွေ့တိုင်း တထိတ်ထိတ်ခုန်နေသော ရင်ခုန်သံ ကိုတော့ ခင်ယွန်း မညာနိုင်ခဲ့။ အထူးသဖြင့် အမေနှင့်အတူ မနက်ပိုင်းဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့တိုင်း ကျောင်မောင်တို့ အိမ်ရှေ့ဖြတ်ချိန်တွင် ဆူညံနေတတ်သော ရင်ခုန်သံကို ခင်ယွန်းအတိုင်းသား ကြားရလေ့ရှိသည်။
           “ဒေါ်လေး ဆွမ်းချိုင့်ပို့ပြီလား။ ဒီမှာကောက်ညှင်းပေါင်းလေး ဆရာတော့်အတွက် လူကြုံပေးဦး မယ်”
           “ဟဲ့ မလေးရင်က ဆွမ်းမပို့ဘူးလား”
           “အမေက ဒီနေ့ နေ့ဆွမ်းမှပဲပို့တော့မယ်တဲ့။ အိပ်ယာထနောက်ကျသွားလို့”
           “သြော် အေး၊ ညနေကျ တို့အိမ်ဘက်ရောက်ရင် ၀င်ခဲ့ပါဦးလို့”
           “ဟုတ်ကဲ့။ အမေလည်း ဒေါ်လေးနဲ့ မတွေ့တာ ကြာလို့  ပြောနေတယ်”
           ကျော်မောင်က အမေ့ကိုစကားပြောရင်း မျက်ဝန်းတွေကတော့ ခင်ယွန်းရှိရာသို့ တရစ်ဝဲ၀ဲ ရောက်လာသည်။ ခင်ယွန်းပါးမှ သစ်ရွက်ပုံသနပ်ခါး ပါးကွက်လေးကို လှမ်းကြည့်ရင်း
         “ခင်ယွန်း နင့် ဒီနေ့ မြစ်ဆိပ်မှာရေသွားမခပ်နဲ့ဦးနော်။ ညတုန်းကမိုးရွာထားလို့ ရေတက်နေတယ်တဲ့”
          “ရေက အဲ့လောက်လည်း မတက်ပါဘူး ငါသိပါတယ်။ မေမြတ်တို့လည်း ပါတာပဲဟာ”
           “မေမြတ်တို့ ပါ ပါ မပါပါဟာ၊ ဟိုမှာသောင်ပြင်တစ်ခုလုံးရွံ့လုံးလုံးဖြစ်နေတာ နင်မတွေ့ဘူး လား။ နင်ချော်လဲဦးမှာစိုးလို့ပြောနေတာ။ ပြီးတော့ ရေတွေကလည်းတစက် ကြည်တာမဟုတ်ဘူး။ ငါခြံထဲက တွင်းကနေပဲ ရေဆွဲလာပေးမယ်။  ငါလည်း ဒီနေ့တော့လယ်ထဲဆင်းဖြစ်မှာ မဟုတ်ပါဘူး။ နေ့လည်ပိုင်း လောက် နင့်အိမ်ကို လာခဲ့မယ်”
           ခင်ယွန်းရေချိုးရန်အတွက် သူရန်ဆွဲပေးမည်ကို မသိကျိုးကျွံပြုရင်း စကားမပြန်ပဲ မျက်စောင်းထိုး လိုက်သည်။
          “ ငမောင်ရေဆွဲပေးမယ်ဆိုလည်း ဒီနေ့တစ်ရက်တော့ မြစ်ဆိပ် မဆင်းပါနဲ့တော့ သမီးရယ်”
           အမေ့စကားကို ခင်ယွန်းဘာမှစောဒက မတတ်တော့သည့်ဟန် နှုတ်ဆိတ်နေမိသည်။ တစ်ပတ် တစ်ခါလောက် ခင်ယွန်းတို့အိမ်မှာ သူရေဆွဲရင်း၊ ထင်းခွဲရင်း လူပျိုလှည့်နေသည့် အကြောင်းကို အမေတို့၊ အဖေတို့များ မသိနိုင်လျော့သလား ခင်ယွန်းစဉ်းစားမိသည်။ အဖေဆိုရင်လည်း ဘာထူးလဲ။ သူရောက်လာသော နေ့ဆိုလျှင် ခြံထဲရှိသမျှ အပင်များရှင်းလင်းသုတ်သင်ခိုင်းတော့သည်။ တခါတရံလည်း ခြံစည်ရိုးပြင်သည်။ ခြံထောင့်က လွတ်နေသော နေရာတွင် သရက်ပင်ပေါက်၊ သင်္ဘောပင်ပေါက်လေး များစိုက်မည်။ တစ်ဖက်ခြံ ထဲသို့ ကိုင်းညွှတ်ကျနေသာ အပင်များကို ခုတ်ထွင် ရှင်းလင်းခိုင်းမည်။ ခင်ယွန်း ညီမလေးကလည်း သူရောက်လာလျှင် သရက်သီးခူးဖို့၊ အုန်းသီးခွဲဖို့ အလုပ်ရှုပ်ဦးမည်။ မူလတန်းကျောင်းသား အငယ်ဆုံးလေးက ကျော်မောင်ရောက် လာလျှင် သူ့သူငယ်ချင်းကစားဖော်များကို အိမ်သို့ခေါ်ပြီး ရွံ့ရုပ်၊ချိုးရုပ်လေးများ အတင်းပူဆာ လုပ်ခိုင်းတတ် သည်။ ခင်ယွန်းတို့ တစ်မိသားစုလုံးနှင့် ရင်းနှီးလွန်းလို့များ ကျော်မောင်က ခင်ယွန်းကို အပိုင် တွက်ပြီး ချစ်စကား၊ ကြိုက်စကား မပြောတာလားဟု တခါတရံ တွေးတောမိသည်။ သူ့ ရင်ထဲက ခံစားချက်ကို လျစ်လျူရူပြီး မိဘများကနေတဆင့် နားဖောက် လိုက်ရင် မခက်ပါလား။ သည်လိုသာဆိုရင် အနှစ်နှစ် အလလ မျှော်လင့်မိသော ငယ်ချစ်ဦး၏ ချစ်စကားသည် ခင်ယွန်း၏စိတ်ကူးယဉ် အိပ်မက်တွေထဲ၌ သာ တဖြည်းဖြည်း ပျောက်ကွယ်သွားပေတော့မည်။
                                   +++ 

                 ရွာမျက်နှာဖုံး ဦးဖိုးထက်၏ အလှူသည် ရွာလယ်ပိုင်းတွင် မဏ္ဍာပ်ကြီးထိုးကာ ခြိမ့်ခြိမ့်သဲ ကျင်းပသည်။ သီးစုံချဉ်ဟင်း၊ ငါးခြောက်ထောင်းကြော်၊ ၀က်သားဟင်း၊ ငရုတ်သီးကြော်တို့နှင့် မီးခိုးတိတ် ကျွေး သည့်မို့ ကြက်ပျံမကျ စည်ကားလွန်းလှသည်။ ခင်ယွန်းတို့သူငယ်ချင်းများအားလုံး တက်ညီလက်ညီ ၀ိုင်းကူကြ ရင်း အသံချဲ့စက်မှ လွှင့်ပျံလာသောသီချင်းသံ၊ ဟင်းပွဲလိုက်သံ၊ စကားပြောသံများနှင့် မဏ္ဍာပ်တစ်ခုလုံး ဆူညံ နေတော့သည်။ ဟင်းပန်းကန်တွေချရင်း ခင်ယွန်း တစ်ယောက် ကျော်မောင်ရှိရာဘက်သို့ တစ်ချက် လှမ်းကြည့် လိုက်မိသည်။ ဟင်းရည်ချိုင့်ကိုကိုင်ဆွဲပြီး စားပွဲဝိုင်းတွေရှိသို့ လူးလာခေါက်တုံ့ သွားကာ ဟင်းရည် အကူ လိုက်နေ သော ကျော်မောင့်ကိုတွေ့ရသည်။
          သဘာဝကို ပုံထင်ပြကာ ထိကရုန်းလေးများလို xxxx လူတွေ့ရင်မူကာနွဲ့ကာ ယိမ်းတဲ့ခင်ပျို ခင့်ကို xxxxချစ်ကြိုးတွေ သွယ်ကာ ရစ်ကာ မေတ္တာစစ်နဲ့ဆို xxxx ရှောင်ချင်သလို ရှားချင်သလို ထထထ မစိမ်းပင်ကြီးရယ် မူကပို
        အလှူမဏ္ဍာပ်ပေါ်မှ ထွက်ပေါ်လာသော  ရုန်းတော်၊လွှတ်တော် သီချင်းကို ခင်ယွန်းခပ်တိုးတိုးလိုက် ညည်းမိသည်။ စားပြီး ဟင်းပန်းကန်တွေ သိမ်းလာသော ခင်ယွန်းကို လဲ့လဲ့က ပန်းကန်တွေ ရေသန့်ပြန်ဆေးနေ ရာက ပြုံးလျက်
         “ဟဲ့ မနေ့ကနင်ဗီဒီယိုခွေငှားပြီးပြန်သွားတော့ လမ်းမှာကျော်မောင်နဲ့ တွေ့တယ်မဟုတ်လား။ ကျုပ်တို့ တွေ တမင်တကာ နောက်ချန်ပြီး နေခဲ့တာနော်။ ရှင်တို့နှစ်ယောက် ဘာတွေပြောကြသေးလဲ”
       “ဘာပြောရမှာလဲ။ ညည်းတို့တွေနော် ဟွန်း မပြောချင်လို့ကြည့်နေတာ။ ကိုယ့်သူငယ်ချင်းဆိုပြီး စောင့်ရှောက်မယ် မရှိဘူး”
       ခင်ယွန်း ဟန်လုပ်ပြောရင်း မျက်စောင်းချိတ်လိုက်သည်။ လဲ့လဲ့ဆီက ဘာစကားမှ မကြားရသေး ခင် ၊အချိုပွဲဝိုင်း မှ လှမ်းခေါ်၍ ဆေးလက်စ ပန်းကန်တွေချပြီးလဲ့လဲ့ အပြေးကလေး ထွက်သွားသည်။ ကောင်းတယ်။ မဟုတ်ရင်နားငြီးနေဦးမယ်။ ခင်ယွန်းတစ်ယောက်တည်း ကြိတ်တွေးကာ လဲ့လဲ့နေရာကိုဝင်ယူရင်း ပြုံးလိုက်သည်။
      “ပန်းကန်တွေပုံနေပါလား ခင်ယွန်း။ ငါကူဆေးပေးမယ်နော်”
      ရုတ်တရက် အသံလာရာသို့ မော့ကြည့်လိုက်တာ့ မမျှော်လင့်ပဲ ကျော်မောင်ကိုတွေ့ရသည်။ ဟိုဟိုဒီဒီ အကဲခတ်ကြည့်တော့ လူတွေအားလုံး ကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေသည်မို့ ခင်ယွန်းတို့ဆီဘယ်သူမှ အာရုံမ ရောက်ကြ။  သူကခင်ယွန်းနံဘေးနား ကပ်ထိုင်ရင်း ပန်ကန်းကူဆေးဖို့ သူ့အင်္ကျီလက်ကိုခေါက်တင်လိုက်သည်။
      “အလှူကတအားစည်တယ်နော်။ နင်စားပြီးပြီလား”
      “ဟင့်အင်းမစားရသေးဘူး၊ အားလုံးပြီးမှ အတူစားကြတာပေါ့”
      ခင်ယွန်းအနားသို့ သူတိုးကပ်ထိုင်လိုက်သော အခါ သူ့ဆီမှအသက်ရူသံငွေ့ငွေ့ကခင်ယွန်းပါးသို့ လာဟပ် သည်။ ခင်ယွန်းရင်ခုန်သွားမိသည်။ အကြမ်းဆေးထားသော ပန်းကန်များကို သူဆပ်ပြာရည်ဆေးပြီး၊  အချောပြန် ဆေးဖို့ ခင်ယွန်းကို ပေးချိန်တွင် စကားစသည်။
      “မနေ့က ငှားတဲ့အခွေဘယ်နှယ့်နေလဲ၊ ကောင်းရဲ့လား”
      “မဆိုးပါဘူး”
      “မိန်းကလေးတွေက မင်းသားတွေထဲမှာဆို စွမ်းကို တော်တော်ကြိုက်ကြတယ်နော်။ ခင်ယွန်းလည်း ကြိုက်တယ်မဟုတ် လား”
      “ဟင့်အင်း မကြိုက်ပါဘူး။ ဒီလိုပဲကြုံလို့ ငှားကြည့်လိုက်တာ”
      “ဒါဆို ဘယ်သူ့ကြိုက်လဲ”
      သူ့မေးခွန်းအတွက် ခင်ယွန်းဘာဖြေရမှန်းမသိပဲ ပြုံးလိုက်မိချိန် သူကဆက်ပြီး
      “ငါကတော့လေ မင်းသမီးထဲမှာဆို ကြိုက်တဲ့သူတစ်ယောက်မရှိဘူး။ ဘာလို့လဲဆိုတော့ မင်းသမီးထပ် ပိုလှတဲ့သူက ငါ့အနားမှာရှိနေလို့လေ”
       သူ့စကားကြောင့် ခင်ယွန်း ရှက်ပြုံးတစ်ပွင့်  လှလှလေးပြုံးလိုက်မိသည်။
      သူက ခင်ယွန်းအနားနားကပ်ကာ နှစ်ယောက်တည်း ကြားရုံလေသံတိုးတိုးဖြင့်
      “နင်မအံ့သြဘူးမဟုတ်လားဟင်ခင်ယွန်း ။ ပြီးတော့ သိလည်းသိနေတယ်မဟုတ်လား။ နင့်ကိုငါချစ်နေမိပြီ ဆိုတာ လေ”
       ခင်ယွန်းဘာဆက်ပြောရမှန်းမသိ၊ သူ့ထံမှတိုးလျလျကြားနေရသော စကားသံများကို နားထောင်နေရင်း နှင့်ပင် စိတ်လှုပ်ရှား ရင်ခုန်နေလွန်း၍ ဆပ်ပြာရည်ထိ တွေ့နေသော ပန်းကန်ချောချောများ ကွဲရှမသွား အောင် ထိန်းသိမ်း နေရသည်။
        “နင်ငါ့ကို ယုံပါနော်။ ငါ့အချစ်ကို နင်လက်ခံတယ်ဆိုရင် မနက်ဖြန် ဘုန်းကြီးကျောင်းသွားရင် ဆိတ်ဖလူးပန်း တွေခေါင်းမှာဝေနေအောင် ပန်ခဲ့ပေးနော်။ ငါခြံရှေ့ကနေစောင့်ကြည့်နေမယ်။ နင့်ခေါင်းမှာ မနက်ဖြန်ပန်းလေးတွေဝေနေတာ တွေ့ရင် အပျော်ဆုံးလူက ငါပဲဖြစ်မှာ သိလား။ ငါပျော်ပါရစေနော် ခင်ယွန်း”
       ခင်ယွန်း စိတ်လှုပ်ရှားတုန်လှုပ်လွန်းလို့ သူ့စကားသံတွေက နားထဲမှာဝေးလိုက် နီးလိုက်ဖြစ်နေ သည်။  စိတ်ထဲမှာလည်း ကာလ၊ဒေသ၊ပယောဂကို နားမလည်ပဲ ဒီအချိန်မှာချစ်စကား ကြိုက်စကား လာပြောသော သူ့ ကိုသာ  စိတ်တိုပြီး ဒေါသကြောင့် ဟန်လုပ် နှုတ်ခမ်းစူထားမိသည်။ သူ့စကားတွေကို မကြားချင်ယောင် ဆောင် ပြီး ပန်းကန်ဆေးနေသော သူ့ကိုထားခဲ့ကာ ထမင်းပွဲတွေသယ်ချမည့်နေရာသို့ ထွက်လာခဲ့သည်။ ကျော်မောင်က သူချထားသော ဟင်းလိုက်ချိုင့်ကို ပြန်ကိုင်လိုက်ပြီး ဟင်းထပ်ထည့်ဖို့ ဟင်းအိုးဆီထွက်သွားရင်း ပန်းကန် ဆေးဖို့ လဲ့လဲ့နှင့်မေမြတ်ကို လှမ်းခေါ်သံကိုလည်း ကြားလိုက်ရသည်။ သို့ပေမယ့် မကြာခင်မှာတော့   ဆေးပြီးသား ပန်းကန်နှင့် မဆေးရသေးသော ပန်းကန် များအတူတူ ထပ်ထားသော ကျော်မောင့်ကို ၀ိုင်းဝန်းကျိန်ဆဲနေကြ သောလဲ့လဲနှင့် မေမြတ်တို့ အသံတွေကြား ရသည်။ စိတ်နှင့်ကိုယ်မကပ်သော သူ့အဖြစ်ကို ရယ်ချင်နေလျက်က  ခြံထဲမှာဖွေးဖွေး လှုပ်ဖူးပွင့်နေပြီဖြစ်သော ဆိတ်ဘီလူးပန်းပင်ကို ခင်ယွန်းမြင်ယောင်နေမိသည်။
        တကယ်ဆို ခင်ယွန်းကိုခုလိုအပိုင်တွက်ပုံရသော သူ့ကိုစိတ်ဆိုးချင်မိသည်။  ခင်ယွန်းရင်ထဲ သူ့အပေါ် ထားရှိမည့် ချစ်ခြင်းမေတ္တာကို ခန့်မှန်းနိုင်သူမို့လည်း ဒီလိုတောင်းဆိုတာမျိုးကို သူလုပ်ရဲတာ ဖြစ်မည်။ ခင်ယွန်း စိတ်လိုလက်ရရှိချိန်တိုင်း ဆိတ်ဖလူးပန်းတွေပန်ပြီး အမေနှင့် ဘုန်းကြီးကျောင်းအတူသွားလေ့ရှိတာမို့ သူ လူလည် ကျပြီး ခုလိုအဖြေတောင်းလိုက်ပုံ အပေါ်ခင်ယွန်းမလိုက်လျောချင်၊  ခင်ယွန်းမာနကလည်းသူ့ကိုခွင့်မပြုချင်။ မှတ် လောက် သားလောက်အောင်  ပညာပေးလိုက်ချင်သော်လည်း ခင်ယွန်းနှလုံးသားကတော့ သူ့ကိုလိမ်ညာ လို့မရနိုင် အောင် မနက်ဖြန်မနက်အတွက် ကြိုတင်ရင်ခုန်နေမိလေသည်။
                                   
                                                  +++
            သူ့မျက်နှာသည် လျှပ်စီးတွေဖျက်ဖျက်လက်ပြီး၊မိုးထစ်ချုပ်ရွာဖို့ ဟန်ပြင်နေသည့် ကောင်းကင် တစ်ခုနှယ် အုံ့မှိုင်းလို့နေသည်။ သူ့မျက်ဝန်း ရီဝေေ၀လေးများ သည် တောက်ပမူမ ရှိသောကြောင့် ကြေကွဲရိပ်တွေ ဖြတ် သန်းနေမ လား ဟူသော အတွေးများနှင့် ခင်ယွန်းစူးစမ်းကြည့်မိ သည်။ သှူုစကားသံတိုးလျလျက အက်ကွဲစွာ ထွက်ပေါ်လာသည်။
            “နင်သိပ်ရက်စက်တာပဲ ခင်ယွန်းရယ်၊ ငါ့ကိုနင်ငြင်းရက်တယ်နော်။ ငါ့အချစ်ကို နင် လက်မခံ နိုင် ဘူး ဆိုတဲ့သဘောပေါ့။ ငါ့မှာတော့ တကယ်မျှော်လင့်ခဲ့ရတာ။ ငါ ငယ်ငယ်ကတည်းက နင် ပန်းတွေပန်ပြီး ငါ့အိမ်ရှေ့ကဖြတ်တိုင်း ငေးကြည့်ခဲ့ရတာ။ အခုတော့ နင်ငါ့အပေါ် တကယ် လုပ်ရက်တယ်ဟာ”
            ကျော်မောင့်စကားသံတွေနားထောင်ရင်း ခင်ယွန်းစိတ်မကောင်းဖြစ်မိသည့်တိုင် စိတ်ထဲဖြစ်ပေါ် လာ ရယ်ချင်စိတ်ကို မနည်းချုပ်ထိန်းထားရသည်။ သူ့ကိုအဖြေပေးမည့်မနက်ခင်းကျမှ အမေက အစောကြီး ထ ပန်းတွေ ခူးပြီး ဘုရားတင်ထားသတဲ့။ ဖြစ်ရလေ။ ဘုရားဝတ်ပြုနေသော အမေ့ရှေ့မှောက် ပန်းတွေစွန့်ပြီး ပန်ဆင်ဖို့က လည်း မသင့်တော်၊ ဒီအကြောင်းတွေကို သူနားလည်အောင်ရှင်းပြဖို့ကလည်း မဖြစ်နိုင်။ အတော့်ကို ဂွကျသည်ပဲ။ ခင်ယွန်း သူ့မျက်ဝန်းတွေကိုရဲရဲရင်ဆိုင်လိုက်ရင်း အားရပါးရ ပြုံးတည့် ကာ
        “နင်ကလည်းဟာ၊ ဘာဖြစ်နေတာလဲ။ ငါတို့ဖြတ်သန်းနေတဲ့ဒီလောကကြီးမှာ တခါတလေ လည်း ငါတို့ထင်တိုင်းဖြစ်ချင်တိုင်းမှဖြစ်မှာပေါ့။ ဘ၀ပုစ္ဆာဆိုတာ ငယ်ငယ်တုန်းက ငါတို့သချာင်္ကို ပုံသေနည်းနဲ့ အဖြေ တွက်သလို သေချာ အပိုင်တွက်လို့ရကြေးလား ။ဟင်ပြောပါဦး။ ငါ့ကို အချိန် နည်းနည်း လောက်တော့ ပေးဦးလေဟာ။ ဒီကြားထဲ နင့်ကို ငါအကဲခတ်စောင့်ကြည့်ရင်း စဉ်းစားထားပေး မယ်လေ။ ဘယ်လိုလဲ”
         ကျော်မောင်ဘာမှမပြောပဲ ခင်ယွန်းကို ရူတည်တည်ကြည့်သည်။ ထို့နောက် နင်သဘောပဲ၊ နင် စိတ်ချမ်းသာ သလိုသာလုပ်တော့ ဟုဆိုကာ ဟန်ဆောင်၍ ပင်ပြုံးပြနှုတ်မဆက်တော့ပဲကျော်ခိုင်း ထွက်သွား သည်။ သူ့ကျောပြင်ကိုငေးကြည့်ရင်း ခုလို သူ့အသည်းပျား တုတ်နေသည် ကို မြင်ရတော့ ခင်ယွန်း စိတ်မ ကောင်းဖြစ်ရင်းနှင့်ပင် အလိုလိုကျေနပ်မိသည်။  အဲ့ဒီနေ့တစ်ရက်တည်း ပန်းမပန်ဖြစ်သော ခင်ယွန်းကို၊ နောက်နေ့ သူ့အိမ်ရှေ့ဖြတ်တိုင်း ပန်းတွေဝေအောင် ပန်းထားလျှင်ပင် ကျော်မောင်က လှည့်၍မကြည့်တော့။ ကျော်မောင် စိတ် ထိခိုက်သွားသည်ကို  ခင်ယွန်းသိသိကြီးနှင့် ပြုံးပြုံးလေး လျစ်လျူရူ ပင်ပစ်ထားမိသည်။   တစ်ပတ်တစ်ခါ လောက် အကြောင်းကိစ္စ တစ်ခုခုနှင့် အိမ်ကို ရောက်တိုင်းလည်း မျက်နှာကြီး ရှစ်ခေါက်ချိုးကာခင်ယွန်းအပေါ် ခပ်တန်းတန်းသာ ဆက်ဆံတတ်သည်။ သူ စိတ်ကောက်နေ တာ၊ စိတ်ဆိုးနေတာ  သိလျက်နှင့် မသိချင်ယောင် ဆောင်ရင်း၊ တစ်လလောက်ကြာတော့ မမျှော်လင့်ထားသော သှူု့သတင်းတချို့ ဟိုမှဒီမှ ခင်ယွန်းနားသို့ ပျံ့လွှင့်လာသည်။
            “ဟဲ့ နင်တို့ကြားပြီးပြီမဟုတ်လား၊ ကျော်မောင့်အကြောင်းလေ”
                  ခင်ယွန်းဆိုင်မှ ကော်ဖီမစ်ထုတ်တွဲလေးများကို သူတံဆိပ်နှင့်သူ နေရာကူချပေးရင်း မေမြတ်က ဆိုခြင်းဖြစ်သည်။
                  လဲ့လဲ့ကပါ ခင်ယွန်းဘက်လှည့်ပြီး
         “ အေး ငါတော့ကြားပါတယ်။ ခင်ယွန်းရော သိပြီးပြီမဟုတ်လား။ ကျော်မောင်တစ်ယောက် မလေး ရှားသွားပြီး အလုပ်လုပ်မလို့တဲ့။ နင် သူ့အချစ်ကိုလက်မခံလို့ ရွာကနေ ရှက်ပြီးထွက်သွားမှာနဲ့တူတယ်”
         ချိန်ပြီးသား အုန်းဆီထုတ်လေးတွေကို သားရေပင်နှင့်စည်းနှောင်နေရင်းလဲ့လဲ့ကို ဖျတ်ခနဲ မော့ကြည့်မိ သည်။
              “ဘယ်လို၊ မဖြစ်နိုင်လိုက်တာ။ နင်ဘယ်ကများကြားလာတာတုန်း”
             “ ဒီလိုပဲ ရွာထဲပြောနေကြတာပဲ၊ နင်တစ်ယောက်သာ မသိသေးတာ”
              “သူ့အချစ်ကို ငါလက်မခံတာနဲ့ပဲ ဘာကိစ္စရွာကနေထွက်ပြေးရမှာလဲ၊ ပြီးတော့ ငါကလည်း သူ့အချစ်ကို လက်မခံဘူး လို့ပြောတာမှမဟုတ်တာ၊ စဉ်းစားဖို့ အချိန်နည်းနည်းတောင်းထားတာပဲ”
             ခင်ယွန်း လေပြေလေးနှင့် အေးစက်စက်ဖြေသည်ကို မေမြတ်က
              “မဟုတ်ဘူးဟ။သူဟိုတစ်နေ့က လယ်ထဲမှာ ကိုမျိုးဝေတို့၊ ငဆွေတို့ကို ပြောနေတယ်တဲ့။ သူ နိုင်ငံခြားသွားမလို့တဲ့”
            “ နိုင်ငံခြား ဟုတ်လား၊ ရန်ကုန်တောင်မှ ဆယ်ခေါက်ပြည့်အောင် မရောက်ဖူးတဲ့ သူက ဘယ်လို လုပ်ပြီး နိုင်ငံခြားသွားမှာလဲ၊နင်တို့ကလဲ”
              “လဲ့လဲ့ပြောတာ ဟုတ်တယ်ဟ၊ ကျော်မောင်က အခုမလေးကို သွားဖို့ ပြင်ဆင်နေတာ။ ဟို အရင် ဖိုးဇော်တို့၊ ဗွေကြီးတို့တုန်းက သူတို့ပိုင်နွားတစ်ရှဉ်းရောင်းပြီး ထွက်သွားကြတာ၊ အခုအဆင်ပြေတဲ့ပုံပဲ။ သူ လည်း လယ်ပိုင်၊ ခြံပိုင်နဲ့ပဲဟာ၊ ပေါင်နှံရောင်းစားပြီး သွားလို့ရတာပဲ။ ဒေါ်လေးကလည်း သူ့သားအတွက်ဆို ဘယ်တုန်းက ဘာပြောလို့လဲ။ သားတစ်ယောက်တည်းရှိတာဆိုတော့ ကျော်မောင်စိတ်ချမ်းသာမယ်ဆို အလိုလိုက်မှာ ပဲ"
             “ အဲ့ဒါ ဒီနေ့ငါတို့က အကျိုးအကြောင်းသိရအောင်  သူ့အိမ်သွားလည်မလား မလို့၊ နင်လိုက် ဦး မလား”
           သူတို့ တစ်ယောက်တစ်ပေါက်ပြောနေသည်များကို နားထောင်ရင်း ခင်ယွန်းစိတ်ရှုပ်ထွေးလာသည်။
              “မလိုက်ချင်ပါဘူး။ သူသာ တကယ်မလေးရှားသွားဖို့ စီစဉ်ထားရင် ငါ့ကို မပြောပဲတော့ နေမယ်မထင်ပါဘူး၊  မပြောရင်လည်း ငါကတော့ ခခယယ သွားမမေးနိုင်ပါဘူးဟာ”
              ခင်ယွန်းစိတ်တိုတိုနှင့် မေမြတ်တို့ကို ဘုတောတောလိုက်ပြီး၊ မျက်နှာ တစ်ခုလုံး သုန်မှုန်ထား မိသည်။ ထိုစဉ် သနပ်ခါးအဖွေးသားနှင့်ငုဝါတစ်ယောက် ခင်ယွန်းတို့ စကားဝိုင်းထဲ ၀င် လာသည်။
            “ဟိတ် ဘာတွေအာလှူးဖုတ်နေတာလဲ”
             “မိန်းမ နင်တနေကုန်ဘယ်ပျောက်နေတာလဲ။ ငါတို့မြစ်ဆိပ်ဆင်းတော့လည်း နင်မပါလို့ ငုဝါ တစ်ယောက်တော့ ဘယ်သဝေထိုးနေလဲ မသိဘူးလို့ ပြောနေသေးတယ်”
           “ ဒီနေ့ ငါ့အမေကဟေ့၊ ဆရာတော်ကိုလျှောက်စရာရှိလို့ဆိုပြီး ဘုန်ကြီးကျောင်းသွားတာ။ အပြန် ကျော်မောင်တို့အိမ် ၀င်နှုတ်ဆက်နေတာနဲ့ ကြာသွားတယ်။ ဟဲ့ ဒါနဲ့ပြောရဦးမယ်။ အခု ကျော်မောင်တို့အိမ်မှာ ဧည့်သည်တွေ ရောက်နေတယ်။သိလား။ မြို့က ဧည့်သည်တွေနဲ့တူတယ်။ ဦးလေးကြီးတစ်ယောက်ရယ် အဒေါ်ကြီး တစ်ယောက်ရယ် ပြီးတော့ ငါတို့အရွယ်ကောင်မလေး တစ်ယောက်လည်းပါတယ်။ ကျော်မောင်က မလေးရှား သွားအလုပ်လုပ်ချင်လို့တဲ့လေ။ အဲ့ဒါနဲ့သူတို့မိသားစုကလည်း အဆက်သွယ်ရှိတော့  ကူညီပေးမယ်တဲ့။
            “ဟင်”
             အားလုံးဆီမှ အာမေငိတ်အသံများတပြိုင်နက်ထွက်လာသည်။ မေမြတ်က စပ်စပ်စုစုဖြင့် ခင်ယွန်း သိချင် သော မေးခွန်းတစ်ခုကိုကောက်မေးလိုက်သည်။
             “အဲ့ဒီကောင်မလေးက ဘယ်လိုနေ ၊ချောလား”
             “အင်းမဆိုးပါဘူး။ အသားဖြူဖြူ၊မျက်ခုံးကောင်းကောင်းပါပဲ။ မြို့ကလာတာဆိုတော့ မြို့သူပုံပဲ ပေါ့။ ဆံပင်ရှည်ရှည် ပိန်ပန်လေးလေး၊ နာမည်က ယမုံတဲ့။ ငါ့ကိုတောင် ကျော်မောင် မိတ်ဆက် ပေး လိုက်သေး တယ်”
            ငုဝါ စကားကြောင့် သူငယ်ချင်းတွေရှေ့မှာ ခင်ယွန်းမျက်နှာမပျက်အောင် မနည်းထိန်း လိုက်ရ သည်။ မေမြတ်က အခြေအနေကို ရိပ်မိသွားသည်နှယ်
           “ဒီကောင်အမျိုးတွေ ဘာတွေနေမှာပေါ့ဟာ နင်ကလည်း”
           မေမြတ် ၏ ထင်မြင်ချက်ကို ငုဝါကတော့အလိုက် ကန်းဆိုးမသိစွာပင် ခိုင်ခိုင်မာမာငြင်းလေသည်။
          “အမျိုးတော့ မဟုတ်ဘူးဟ၊ကျောင်မောင် ဆယ်တန်းတုန်းက သူတို့အိမ်ကနေ ကျောင်းလာ တက်ဖို့ခေါ်ဖူးတဲ့ အကြောင်း တွေပြန်ပြောနေကြတယ်။ ဒီကောင်သာ ဆယ်တန်းအောင်ပြီး ဘွဲ့လေးဘာလေးရ အောင်ယူရင် မလေးမှာ အလုပ်ရှာဖို့ပိုလွယ်မယ့် အကြောင်း လည်း ပါတယ်။ ဒေါ်လေး အလကားအားနာနေလို့ ကျော်မောင် ခုလိုဖြစ်ရ တာဆိုပြီး ဒေါ်လေးကိုပါအပြစ်တင်သလို စနောက် ပြောသေးတာ။ ပြီးတော့ ဒေါ်လေး မိသားစုရဲ့ ကျေးဇူးတို့တွေ  သူတို့ဆီမှာရှိတယ်တဲ့ ။ အဲ့ဒီလိုမျိုးလည်း ပြောသေး တယ်။          
           ငုဝါ စကားတွေနားထောင်ပြီး ခင်ယွန်းရင်ထဲအလိုလို မွန်းကြပ်လာသည်။ ကာယကံရှင်ဖြစ်သော ကျော်မောင်ကို မေးကြည့်မှအဖြစ်မှန်အားလုံး အစအဆုံး ခင်ယွန်းသိနိုင်တော့မည်။ ဘယ်တုန်းကမှ မလိမ်မညာ ခဲ့သော ကျော်မောင်တစ်ယောက်ခင်ယွန်းနားလည်အောင် အမှန်အတိုင်းဖွင့်ပြောပြပါမည်လား။ ဆွမ်းချိုင့်ပို့ သည့်နေ့ များတွင်ပင် ခါတိုင်းလို ကျော်မောင် နှုတ်ဆက်ပြီး လောကွတ် စကားမပြောဖြစ်သည်မှာပင် အတော်ကြာ ခဲ့ပြီ။ ဒီရက်ပိုင်းများတွင်ပင်လည်း ခင်ယွန်းအိမ်သို့အလာကျဲသွားသည်မှာ မြို့ကဧည့်သည်များကြောင့်ဖြစ်ကြောင်း ခုမှ သဘောပေါက် တော့သည်။ ကျော်မောင် တကယ်ပဲ ခင်ယွန်းအပေါ်ပြောင်း လဲခဲ့ပြီလား။ ခင်ယွန်း မသိ အောင် ကျော်မောင် တိတ်တိတ်လေး လှည့်စားပြီး ခင်ယွန်းကိုအရူးလုပ်နေတာများလား။ ခင်ယွန်းအတွက် ဗဟေဠိ ဖြစ်နေ သော ပုစ္ဆာ ၏အဖြစ်မှန်ကို ရင်ဆိုင်လိုက်ဖို့ သံသယ အတွေးများနှင့် ကျော်မောင်ရှိရာသို့ ထွက်လာခဲ့ သည်။ ခခ ယယ ငါကသွားမမေးနိုင်ပါဘူးဟု မာနတခွဲသားနှင့် သူပြောခဲ့မိတာကိုပင် သူသတိမရနိုင်လောက်အောင် စိတ်တွေ လှုပ်ရှားနေသည်။
+++
 
            ကျော်မောင်တို့ ခြံဝန်းထဲသို့ ခင်ယွန်းဝင်လိုက်လျှင်ပင် စကားပြောသံများ၊ ရယ်မောသံများကို ကြားနေရသည်။
           “ကျော်မောင်”
           ခင်ယွန်း သူ့နာမည်ခေါ်ပြီး  လှေကားထစ်များကို စူးစမ်းစိတ်ဖြင့်တစ်လှမ်းချင်း တက်လာမိသည်။ ဗြုန်းကနဲတွေ့လိုက်ရသော မနက်စာထမင်းဝိုင်းသည် နွေးထွေးမူ၊ပျော်ရွှင်မူများနှင့် ခင်ယွန်းကို ဆည်းကြိုလျှက် ရှိသည်။ အနည်းငယ် အံ့အားသင့်သွားသော သူ့မျက်ဝန်းများက ခင်ယွန်းကို တဒင်္ဂငေးကြည့်ပြီး အပြုံး တစ်ချက်ဖြင့် အရင်လိုနှုတ်ဆက်သည်။
           “ဘယ်သူများလဲလို့ ထိုင်လေ ခင်ယွန်း”
           “ထမင်းစားနေကြတာလား၊ အားနာလိုက်တာ”
           ခင်ယွန်းပြောမိပြောရာပြောပြီး ထမင်းဝိုင်းနံဘေးဖျာလေးပေါ်တွင် ထိုင်ချလိုက်သည်။
           “မြို့က မိတ်ဆွေတွေလေရောက်နေလို့လေ သမီးရော စားပြီးပြီလား၊ တခါတည်းဝင်စားပါလား”
           ဒေါ်လေးက နွေးထွေးစွာပင် ထမင်စားခေါ်တော့ ခင်ယွန်းပြာပြာသလဲငြင်းလိုက်မိသည်။
            “မစားတော့ဘူး ဒေါ်လေး၊ အဖေဆိုင်စောင့်တုန်းခဏ ထွက်လာတာ၊ အမေက ဈေးသွား နောက်ကျတော့ အခုမှချက်နေတုန်းပဲ။ ဒီဘက်အကြွေးသွားတောင်းရင်းနဲ့လှည့်ဝင်လာတာ”
          ခင်ယွန်း စကားပြောရင်း ကျော်မောင့်နံဘေးက မိန်းကလေးကို လှမ်းအကဲခတ်မိလိုက်သည်။ အသား ဖြူဖြူ၊ ဆံပင်ရှည်ရှည်နှင့် သူစိမ်းမိန်းကလေးက  အသိအမှတ်ပြုသလို ခင်ယွန်းကို နှုတ်ဆက်ပြုံးပြသည်။ သူ့မျက်ဝန်းစူးစူးလေးများ သည် ခင်ယွန်းတစ်ကိုယ်လုံးကို စကန့်ပိုင်းလေးအတွက်းမှာပင် အကဲခတ်သလို သိမ်းကျုံးကြည့်လိုက် သည်။ ခင်ယွန်းအကြောင်း အိပ်သွန်ဖာမှောက်သိနေပုံရသော ရင်းနှီးလွန်း သည့်အကြည့်မျိုး ဖြစ်မည်ထင်သည် ။ ခင်ယွန်း ဘက်ကလည်း သူ့ကိုပြန်စူးစမ်းနေခိုက်၊ ကျော်မောင်က သှူု့ပန်းကန်ထဲသို့ အသားဟင်းတစ်တုံး ထည့်ပေးလိုက် သည်ကို မြင်လိုက်ရ သည်။ ခင်ယွန်း မျက်နှာပျက်မသွားအောင် ထိန်းရင်း
         “ကျော်မောင် တစ်ယောက်လည်းအိမ်ဘက်ပေါ်မလာတော့လို့၊ နေထိုင်မှကောင်းရဲ့လားလို့ လေ ဒေါ်လေး၊ ပြီးတော့ သူမလေးရှားကိုသွားပြီး အလုပ်လုပ်မယ်ဆိုတဲ့အကြောင်းကိုလည်း တစ်ရွာလုံးပြောနေကြ တယ်။ အဲ့ဒါဟုတ် မဟုတ် သမီးသိချင်လို့”
       အသက်မှရှိသေးရဲ့လားလို့ဟု မေးချင်သည်ကို နေထိုင်မှ ကောင်းရဲ့လားဟု ပြင်ဆင် မေးလိုက်နိုင် ပါလျက် တကယ် ထိန်းသိမ်းရမယ့်မေးခွန်းကို ရင်ထဲရှိသည့်အတိုင်းဖွင့်မေးလိုက်မိသည့်အတွက်  ခင်ယွန်း ကိုယ့်ကိုကိုယ် စိတ်ပျက်သွားမိသည်။ ညံ့လိုက်တဲ့ငါ။ ရင်ထဲက ဆူဝေနေသော သောက အပူတွေကြောင့် ဟန်ဆောင်စကားပလင်ခံတာမျိုး မလုပ်နိုင်ပဲ တဲ့တိုးမေးလိုက်မိခြင်းသည်ပင် ကျော်မောင် ရှေ့တွင် အလိုလို အလံဖြူပြပြီးသားဖြစ်သွားသည်။
      “အင်းမပြောတတ်ပါဘူး သမီးရယ်၊သမီးသူငယ်ချင်းက ပိုက်ဆံရှာချင်တယ်ဆိုတာကြီးပဲ ပြောနေတော့ တာ။ မလေးရှားသွားပြီးအလုပ်လုပ် ချင်လို့တဲ့။ ခုတလောမှ ဖိုးဇော်တို့၊ ဗွေကြီးဆီက ငွေပို့တယ်ဆိုတာတွေလည်း  ကြားရတော့ အဲ့ဒီရောဂါထနေတော့ တာပဲ။ကိုယ့်ဖာသာကိုသာ မေးကြည့်တော့”
        ဒေါ်လေးစကားဆုံးသွားတော့ သူ့မျက်နှာကို ခင်ယွန်းစိုက်ကြည့်လိုက်သည်။ သူကလေသံသဲ့သဲ့ဖြင့်
        “သိပ်တော့ မသေချာသေးပါဘူး။ ဒါပေမဲ့ ငါကအရမ်းတော့ သွားချင်မိတယ်။ ဦးလေးတို့လည်း ရွာကို အလည်လာတုန်း၊ အဆက်အသွယ်လည်းရှိတုန်း၊ ငါစွန့်စားကြည့်ချင်တယ်။ ဟိုမှာအရမ်းပင်ပန်းပေမယ့် ပိုက်ဆံက သေချာပေါက် တစ်ထောကြီးရမှာ။ ငါသွားဖြစ်ရင်လည်း နင်ဘာမှစိတ်ပူမနေပါနဲ့၊ ဦးလေးတို့မိသားစု က ငါ့ကို ကူညီမှာ၊ သုံးလေး နှစ်လောက် ပိုက်ဆံရှာပြီးရင်တော့ ငါရွာကိုပြန်လာမှာပေါ့”
       သူ့စကားတွေက ခင်ယွန်းနားထဲသို့ သံရည်ပူလောင်းထည့်လိုက်သလိုပင်၊ ခင်ယွန်း အပြုံးတုတစ်ခုကို ချက်ချင်းဖန်တီးလိုက်ရသည်။
       “ကောင်းပါတယ်။ နင့်ဖြစ်ချင်တာတွေ အားလုံးအဆင်ပြေနိုင်ပါစေဟာ။ နောက်မှ ငါတို့ တွေ့ကြသေး တာ ပေါ့။ ဒေါ်လေးရေ သမီးပြန်ဦးမယ်နော်”
       ဟန်ဆောင်ပန်ဆောင်ပင် စကားဆက်မပြောနိုင်တော့သည်မို့ ဧည့်သည်တွေကိုပင် မနှုတ်ဆက်ဖြစ်ပဲ ရုတ်တရက် လှည့်ထွက်လာခဲ့သည်။ နှုတ်ဆက်လမ်းခွဲခြင်းနိဒါန်း၏ နမိတ်ပုံသည် ပူနွေးစိုစွတ်သော ပုလဲလုံး  ငယ်များ ပါးပြင်ပေါ်သို့ လိမ့်ဆင်းကျ လာခြင်းပင်ဖြစ်သည်။ မျက်ရည်များကို ခင်ယွန်းသုတ်လိုက်ပြီး ကျော်မောင့်မျက်နှာ ကိုမြင်ယောင်လာကာ ရင်ထဲအလိုလိုနာကျင်လာသည်။ နင်ငါ့အပေါ် သံယောဇဉ်မရှိဘူး ကျော်မောင်၊ နင်သိပ်ရက်စက်တာပဲ။ စကားသံတချို့ ခင်ယွန်းရင်ထဲအကြိမ်ကြိမ်ပဲ့တင်ထပ်နေသည်။ ခင်ယွန်း ဘယ်သူမှ မမြင်တွေ့နိုင်သော  နေရာလေးမှာ တိတ်တိတ်လေးငိုရှိုက်နေချင်မိသည်။ ခြေလှမ်းများ ကိုထပ်မံ အရှိန် မြင့်လိုက်ရင်း ကျော်မောင်နှင့် ဝေးရာသို့ ခင်ယွန်းပြေးထွက်လာခဲ့သည်။
                                                   +++
           
          မမြင်နိုင်သော အနာဂတ်ကို စမ်းတ၀ါးဝါးမျှော်ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုချဖို့ ခင်ယွန်း တွေဝေ နေမိသည်။ အမေနှင့်အဖေက သဘောမတူချင်သော်လည်း စိတ်ထက်သန်လွန်းနေသော ခင်ယွန်းကို ထပ်မတား ကြတော့။ သူတို့ပတ်ဝန်းကျင်မှာလည်း ရွာကိုစွန့်ပြီးရန်ကုန်မြို့ကြီးဆီ ပိုက်ဆံရှာထွက်သွားကြသော ခင်ယွန်းတို့လို မိန်းကလေးတွေ ဒုနှင့်ဒေး။ ပြန်လာသူများလည်းရှိသည်။ ပြန်မလာပဲ ငွေလစဉ်ပို့ပြီး ရွာနှင့် အဆက်အသွယ် မပြတ်ရုံရှိပြီး မြို့ကြီးမှာ အခြေချ နေထိုင်သူများလည်းရှိသည်။ အမေက မျက်ရည်လေးစမ်းစမ်းဖြင့် မေးတော့ ခင်ယွန်းလည်း မြို့ကို အဆက်အသွယ်ပေါက်ရောက်သည့် ဒေါ်တင်ရွှေကို သွားစုံစမ်းစဉ်က ပြောပြသည့် အတိုင်း သာ စိတ်ချရသည့် အိမ်မျိုးမှာ ကလေးထိန်းသဘောမျိုးလုပ်မှာဖြစ်ကြောင်း၊ အိမ်ဖော် မဟုတ်ကြောင်းနှင့် ခင်ယွန်း ငွေပိုသုံးနိုင်လျှင်၊ အဆောင်မှာနေရင်း အထည်ချုပ်စက်ရုံများတွင် အလုပ်သမ အဖြစ်အလုပ် လုပ်နိုင်ရန် အတွက် ဒေါ်တင်ရွှေကကူညီနိုင်မည့်အကြောင်း စကားလုံးလှလှပပနှင့် တဆင့်ပြောပြရသည်။ ခင်ယွန်း ကျော်မောင့်ကိစ္စနှင့် သောကပွေပြီး တစ်ပတ်လောက် အိမ်ထဲအောင်းနေရာက ဒီစိတ်ကူးပေါ်လာသည်ကို ဘယ်သူ့ကိုမှ အသိပေးလို့ မဖြစ်၊ ကျော်မောင့်ကို တုံ့ပြန်လိုစိတ်ဖြင့် အရင်လိုနေသည်ကတစ်ကြောင်း၊ မိဘများအား အသိပေးပြီး လမ်းစရိတ် ငွေရှာရမှာက တစ်ကြောင်း ကြောင့်သာ ဖွင့်ပြော တိုင်ပင် ရခြင်းဖြစ်သည်။ အခုတော့လည်း မြို့ကို သွားဖို့ လူကြုံရှိတုန်း ဒေါ်တင်ရွှေက ခင်ယွန်းကို ဆုံးဖြတ်ချက် မြန်မြန်ချဖို့ တိုက်တွန်းနေလေသည်။
               ခင်ယွန်း ကိုယ်တိုင်က ဆုံးဖြတ်ချက်ချဖို့ ချီတုံချတုံဖြစ်နေချိန်တွင် သူငယ်ချင်းများလည်း မမျှော်လင့်ပဲ ဒီအကြောင်းကိုသိသွားကြတော့ ထင်သည့် အတိုင်း ခင်ယွန်းကိုစိတ်ဆိုးကြသည်။ ဒေါသပုန် ထကြသည်။ သူတို့ကို မတိုင်ပင်ပဲ၊အသိမပေးပဲ လုပ်ချင်ရာလုပ်သည်ဟုဆိုကာ ခင်ယွန်းကို အပြစ်တင်ကြသည်။ ခင်ယွန်း မစုံစမ်းခိုင်းပဲနှင့် ကျော်မောင့် အကြောင်းတွေ သတင်းပို့ဖို့ သူတို့အိမ်ဝန်းထဲ ခြေချင်းလိမ်နေကြသူတွေက ခင်ယွန်းဘက်က အပြောင်းအလဲကို စိတ်ဝင်စားဖို့ မျက်ခြေပြတ် သွားခဲ့ကြပုံပေါ်ပြီး သူများဆီကမှ တဆင့်သိရ တော့ ခင်ယွန်းကို စိတ်ဆိုးကြတာဖြစ်သည်။ အရင်က သူတို့ ခင်ယွန်းဆီ လာလည်လျှင် ခင်ယွန်းမမေးပဲ ကျော်မောင်တို့သားအမိနှစ်ယောက် လှည်းတစ်စီးနှင့် ဧည့်သည် မိသားစုကိုခေါ်ပြီး ဟိုဘက်ရွာကို ဘုရားဖူးထွက်သည့်အကြောင်းများ၊ ကျော်မောင်တို့ သူငယ်ချင်းတစ်သိုက် ညဘက် ပုရစ်ရိုက်ချိန်တွင် ဧည့်သည် မိန်းကလေးက ရယ်ရယ်မောမောနှင့် အတူရှိတတ်သည့် အကြောင်းများ၊ ကျော်မောင့်လယ်ထဲသို့ ထမင်း သွားပို့တိုင်း ဒေါ်လေးက ထိုမိန်းကလေးကိုခေါ်သွားတတ်ကြောင်းများ နားထဲမှာ မကြားချင်မှအဆုံး လျှံထွက် လို့နေခဲ့ဖူးသည်။ သူတို့ရဲ့စကားတွေက ခင်လွန်းကို ယခုလို ဆုံးဖြတ်ဖို့ ဖြစ်စေခဲ့သည် ကို သူတို့ သိပုံမပေါ်။             သူတို့ခုလိုစိတ်ဆိုးကြသည့်  ခင်ယွန်းမြို့သွား  အလုပ်လုပ် မည့်အကြောင်းများ ကျော်မောင် သာသိလျှင် ဘယ်လိုနေမလဲလို့ စဉ်းစားကြည့်ဖူးသည်။ ဒါပေမဲ့ သူတောင် မလေးရှားလို နိုင်ငံရပ်ခြားမှာ လေးငါးနှစ် အလုပ်လုပ်ဖို့ စိတ်ကူးသည်ကိုပင် ခင်ယွန်းကိုအသိမပေးပဲ နေနိုင်ရက်သည်ပဲ။ ဒါကို ခင်ယွန်း နည်းနည်း လေးမှ မကျေနပ်နိုင် ။ အခုလည်း သူငယ်ချင်းတွေဆီက တဆင့်စကားကြား ရလျှင်ပင် ခင်ယွန်းရှိရာ သို့ ချက်ချင်းသူလာပြီး အကျိုးအကြောင်း မေးမြန်းစုံစမ်းသင့်သည်မဟုတ်ပါလား။ အခုကျတော့....
               ခင်ယွန်းတွေးရင်း ၀မ်းနည်းလာသည်။ မြစ်ပြင်ကျယ်ကို နံဘေးမှာရှိသော ခဲလုံးလေးများ ယူ၍ ဒေါသ အရှိန်ဖြင့် တစ်လုံးပြီးတစ်လုံး ပေါက်လိုက်သည်။ ခဲတစ်လုံးတစ်လုံးကျတိုင်း လှုပ်ရှား ရိုက်ခတ်နေ သော မြစ်ပြင်ကျယ်သည် ခင်ယွန်းစိတ်တွေလိုပဲ ဘောင်ဘင်ခတ်နေသည်။
               “နင်ဒီမှာ ဘာထိုင်လုပ်နေတာလဲခင်ယွန်း”
               အသံလာရာသို့ လှည့်ကြည့်လိုက်တော့ ခင်ယွန်းနောက်မလှမ်းမကမ်းက သစ်ပင်ကိုမီပြီး ရပ်နေသော သူ့ကိုတွေ့လိုက်ရသည်။   
               “ငါ ဒီမှာ ဆယ့်ငါးမိနစ်လောက်ရှိနေပြီ၊နင်ရေစပ်မှာ ဘာထိုင်လုပ်နေတာလဲ”
              ခင်ယွန်းသူ့ကို ရုတ်တရက်မြင်လိုက်ရတော့ အံ့သြသွားပေမယ့်  ၀မ်းနည်းသည့်စိတ်ကို ဟန်ဆောင်မရတော့။ အသံမတုန်အောင် ကြိုးစားထိန်းချုပ်ရင်း
               “ငါ့ဖာသာ ဘာလုပ်လုပ်ပေါ့”
               သူ ခင်ယွန်းဆီလျှောက်လာပြီး နံဘေးမှာဝင်ထိုင်လိုက်သည်။
               “ငုဝါတို့ပြောပြလို့၊ နင်ရန်ကုန်သွားပြီးအလုပ်လုပ်မလို့ဆို၊ အဲ့ဒါဟုတ်လား”
               ခင်ယွန်း သူ့ကိုဘာမှပြန်မဖြေဖြစ်၊ တိတ်ဆိတ်နေခြင်းဖြင့် သှူု့စကားကိုဝန်ခံလိုက်ခြင်းကို  နားလည်စေလိုသည်။
               “ဘာလုပ်မှာလဲဟာ၊ ငါ့မနေ့ကဒေါ်လေးနဲ့ ဈေးနားမှာတွေ့လို့မေးလိုက်သေးတယ်။ အိမ်က လည်း ငွေလိုလို့မဟုတ်ဘူးတဲ့။ နင့်က အရမ်းသွားချင်နေတာဆို၊ နင်စိတ်ထဲမှာ ရန်ကုန်ရောက်တာနဲ့များ သူဌေးဖြစ် ပြီလို့ ထင်နေသလား။ ဒေါ်တင်ရွှေက ဒီရွာကမို့၊ ဘယ်လောက်ပဲ စိတ်ချရတယ်ဆိုဆို ဟိုဘက်က အလုပ်လုပ် ရမယ့်နေရာက မဟုတ်မဟတ်ဖြစ်နေရင် နင်တစ်ယောက်တည်း ဟိုမှာ  မလည်မ၀ယ်နဲ့ ရွာမပြန်ရဲအောင် ဒုက္ခ ရောက်သွားမယ်။ဘာမှတ်လဲ}}
               ကြည်စမ်း၊ အခုတော့ သူက ဒေါသတွေဘာတွေ ဖြစ်လို့ပါလား။ ခင်ယွန်း ဖါသာ မသိလိုက်ခင် စိတ်ထဲမှာ အတော်ကျေနပ်သွားမိသည်။
              ခင်ယွန်း သူ့မျက်ဝန်းတွေကို သမင်လည်ပြန်စူးစူးစိုက်စိုက်ကြည့်ရင်း
              “ရောက်ရောက်ပေါ့။ နင်လည်း ရွာကိုစွန့်ပြီး သွားမယ့်ဟာချင်းအတူတူ ငါ့လာပြီး ဆရာလုပ် မနေစမ်းပါနဲ့၊ နင်သာ မိဝေးဘဝေးမှာ ထမင်းနပ်မှန်မစားရတာမျိုး မဖြစ်အောင် ကိုယ်လမ်းကိုစဉ်းစားပြီးလျှောက်၊ သိရဲ့လား၊ ပြီးတော့ နင့်ဖါသာ ငွေနောက်လိုက်ရင်း ဟိုးအဝေးကြီးသွားပြီးမှ ငွေထုပ်ကြီးပိုက်ပြီး ကျန်ရစ်ဖြစ်ရ တာမျိုး၊ အသည်းကွဲရတာမျိုးတွေ မဖြစ်စေနဲ့}}
              “ဘယ်လို ငါက ကျန်ရစ်ဖြစ်ပြီး အသည်းကွဲရမယ် ဟုတ်လား”
              သူက တအံ့အသြ ပြောလိုက်ပြီးမှ တစ်ခုခုကို နားလည်သွားသလို ရယ်ဟဟဖြင့်
              “ငါက အသည်းကွဲစရာမလိုပါဘူးဟာ။ ငါ့ကောင်မလေးက ငါ့ကိုချစ်ပါတယ်”
              သူ့စကားက ခင်ယွန်းရင်ထဲသို့ မြှားတစ်စင်းပစ်ခွင်းလိုက်သလို နာကျင်စူးရှသွားသည်။
             “ဒါဆို နင်တို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားပြီလား”
              ခင်ယွန်း အားတင်းပြီး သူ့ကိုမကြည့်ပဲ တိုးလျစွာမေးလိုက်မိသည်။
              “ဘယ်သူနဲ့လဲဟ”
              “ဘယ်သူရှိရဦးမလဲဟဲ့၊ မယမုံနဲ့ပေါ့”
              “ဟာ- နင်ကလဲ သူက ငါ့ရည်းစားမှမဟုတ်တာ။ ကြမ်းကြားလေကြား သူကြားသွားရင် အားနာစရာ။ သူက ငါ့တို့ မိသားစုရဲ့ ဧည့်သည်လေ။ နင်လည်းတွေ့ဖူးတာပဲဟာ။ သူတို့မိသားစုက ငါတို့ကို တကယ် ဆွေမျိုးတွေလိုပဲ သဘောထားပြီး ရင်းရင်းနှီးနှီးနေကြတာ။ ငါ့စိတ်ထဲမှာလည်း သူ့ကို ညီမလေး တစ်ယောက်လိုပဲ ၊ဒီထက် ဘာမှမပိုဘူး”
              “ဟုတ်ပါ့မလားကျော်မောင်ရာ၊ နင်တို့နှစ်ယောက် ဒီလောက် တတွဲတွဲရှိနေတာ”
              “ဟောဗျာ၊  နင်ကလည်း ငါ့ကိုတောင် မယုံပြန်ဘူး၊ ကဲ- ငါရှင်းပြမယ်ဟာ၊ ငါ့အဖိုး လက်ထက်ကတည်းက သူတို့မိသားစုနဲ့ ရင်းနှီးကြတာ။ စစ်အတွင်းတုန်းက ငါ့အဖိုးအိမ်မှာ သူတို့အဖိုးမိသားစုတွေ လာပြီး စစ်ပြေးကြတာတဲ့။ အဖိုးကလည်း  ပိုက်ဆံသိပ်မရှိတဲ့ကြားက သူတို့မြို့ပြန်တဲ့အထိ မငြိုမငြင်ပဲ တင်ကျွှေး ထားတာတဲ့။ နောက် စစ်ကြီးပြီးသွားတော့ သူတို့မိသားစု မြို့ကိုပြန်သွားပေမယ့် အဖိုးနဲ့အဆက်အသွယ် မပြတ်ခဲ့ ဘူး။ သူတို့စိတ်ထဲ အဖိုးတို့ မိသားစုကို ကျေးဇူးရှင်တွေလိုပဲ အမြဲသတိရတယ်။ ဒါကြောင့် အဖိုးဆုံးသွားလည်း သူ့အဖိုးမှာခဲ့တဲ့အတိုင်း ငါတို့မိသားစုတွေကို တကယ့်ဆွေမျိုးရင်းလိုပဲ ရင်းရင်းနှီးနှီး ဆက်ဆံကြတယ်၊ ငါတို့ မိသားစုအပေါ် ကျေးဇူးကြွေးရှိတယ်လို့လည်း ခံစားရတယ်။ ဒါကြောင့် ခုချိန်ထိလည်း ဘယ်လောက်ဝေးဝေး အဆက်အသွယ် မပြတ်ပဲ ရင်းနှီး နေကြတာပဲ။ ရှင်းပြီလား”
            “ဒါကြောင့် သူတို့က နင်မလေးရှားသွားရင် ကူညီမယ်လို့ ပြောတာပေါ့၊ ဟုတ်လား”
            ခင်ယွန်း သက်ပြင်းလေး သဲ့သဲ့ချရင်း မရဲတရဲမေးလိုက်သည်။
             “အေး ငါသွားဖြစ်ရင်တော့ ကူညီမှာပေါ့”
              “ဒါဆို နင်က ဘယ်တော့သွားမှာလဲ”
              ကျော်မောင်က ကမ်းစပ်မှာထိုင်ရာက  မြစ်ပြင်ကျယ်ကို အတန်ကာငေးကြည့်ရင်း ခင်ယွန်းကို ကျောခိုင်းလျက် မတ်တပ်ရပ်လိုက်သည်။
              “ဒါကတော့ဟာ။ နိုင်ငံခြားပဲဖြစ်ဖြစ်၊ မြို့ကြီးပြကြီးပဲဖြစ်ဖြစ် ငါတို့ရွာထက်တော့ ပိုကောင်း ချင် ကောင်းမှာပေါ့။ ဒါပေမဲ့ အမြဲတမ်း ပိုကောင်းတာလား ဆိုရင်တော့ မသေချာဘူးလေ။ နေရာတိုင်းမှာ အဆိုးနဲ့အကောင်းက ဒွန်တွဲနေတာပဲ။ ဒီတော့ ငါမလေးရှားမှာ အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ နင် ရန်ကုန်မှာ အလုပ် သွားလုပ် တာဖြစ်ဖြစ် စွန့်စားမှုဆိုတဲ့ မသေချာမှု အမြဲရှိနေတယ်လေ။ ငါသေသေချာချာ စဉ်းစားကြည့်တော့ ပို ကောင်းရင် ကောင်းနိုင်ပေမယ့် မမျှော်လင့်တဲ့ ကံဆိုးမှုတွေ ဖြစ်ခဲ့ရင် တချို့ကံဆိုးမှုတွေက ပြန်ပြင်လို့ မရနိုင်ဘူးလေ။ ဒီတော့ ငါတို့ အဝေးကို သွားပြီးအလုပ်လုပ်ကြတာထက်စာရင် ရွာမှာပဲ အေးအေးချမ်းချမ်း မိရိုးဖလာအတိုင်း နေသွားကြတာက ပိုကောင်းမယ်လို့ ထင်ပါတယ်ဟာ”
              “နင်ပြောတာ ငါသိပ်နားမလည်ဘူး၊ ဘယ်လို မမျှော်လင့်တဲ့ ကံဆိုးမှုတွေဟုတ်လား”
              သူ့စကားကြောင့် နားမရှင်းသလို ခင်ယွန်း မေးလိုက်မိသည်။ သူက ကျောခိုင်းနေရာမှ လှည့်ပြီးခင်ယွန်းကို ပြုံးကြည့်ကာ
              “အေးလေ၊ ဥပမာပြောရရင် ငါ နင့်ကို အဖြေတောင်းတုန်းကလိုပေါ့ဟာ။ နင်ကငါ့ကို အဖြေပေးဖို့ ပန်းပန်မယ့်နေ့မှာမှ ဒေါ်လေးကပန်းတွေ အားလုံးခူးပြီး ဘုရားတင်လိုက်တာမျိုးလေ”
              သူ့စကားကြောင့် ခင်ယွန်းပါးကလေးနှစ်ဖက် ရဲရဲနီသွားသည်။ မမျှော်လင့်ပဲ ကြားလိုက် ရသည့် အံ့သြစရာ စကားမို့ ခင်ယွန်း မျက်လုံးတွေကို သူ့ထံမှ ရှောင်လွဲဖို့ မျက်လွှာချလိုက်သည်။
             “ငါလည်း အဲ့ဒီနေ့ကအရမ်းကိုကြေကွဲသွားတယ်။ဒါနဲ့ နောက် သုံးလေးရက်ကြာမှ ဒေါ်လေး ကို  နင်က ပန်းပန်နေကျကို  အဲဒီနေ့က ဘာလို့ မပန်တာလဲမေးကြည့်လိုက်တော့မှ နင်အဲ့ဒီနေ့မနက် ပန်းမပန်ခင် သူက သူ့ မွေးနေ့မို့  ပန်းတွေအားလုံး အရင်ခုးပြီး ဘုရားတင်လိုက်မှန်းသိလိုက်ရတယ်”
              “ဒါဆို နင် အဲ့ဒီအကြောင်းကို ကြိုသိနေတာပေါ့”
              “ပထမ ရက်တွေတုန်းကတော့ ဘယ်သိပါ့မလဲ။ ဒါပေမဲ့ နင်ငါကို အဲ့ဒီ လောက် မရက်စက်လောက်ပါဘူးထင်လို့ မနေနိုင်တော့ပဲ ဒေါ်လေးကိုမေးလိုက်တော့မှ အဲဒီနေ့က သူ့မွေးနေ့မို့ ဘုရားတင် တာကို ပြောပြီး အမေ့မွေးနေ့မှန်းမသိ၊ ဘာမှန်းမသိ၊ သူက ပန်းမပန်ရလို့ စိတ်ကောက်ချင်သေးတယ်လို့တောင် ပြောသေးတာ၊ ဟားဟား၊ ငါကတော့ အမှန်ကိုသိလို့ ၀မ်းသာသွားတာပေါ့။ ဒါပေမဲ့ နင်နဲ့ တွေ့တော့ နင်က စဉ်းစားဦးမယ်ဆိုတော့လည်း ဖြစ်သင့်တဲ့ဟာပဲမို့  ငါလည်းဘာမှမပြောရဲပဲ စိတ်ရှည်ရှည်ထားပြီး စောင့်နေရတာ ပေါ့။ နောက်တော့ မြို့က ဧည့်သည်တွေလည်း ရောက်လာရော၊  ငါလည်း စိတ်ကူးရပြီး နင့် သူငယ်ချင်း တွေနဲ့ တိုင်ပင်ပြီး ဇာတ်လမ်းဆင်လိုက်တာ။ နင်ဆီက အဖြေမြန်မြန်ရအောင်လို့လည်း ပါတာပေါ့”
            “ နင်က ဇာတ်လမ်းဆင်တယ်ဆိုတာ ဘာလဲ၊မလေးရှားသွားမယ့် ကိစ္စလားမယမုံနဲ့ ကိစ္စလား”
             “မယမုံနဲ့ထင်ယောင်ထင်မှားစလုပ်ပေမယ့် သူ့ကိုအားနေနေလို့ အများကြီးလုပ်လို့တော့ ဘယ်ရ မလဲ၊ အဲ့ဒီမှာ သူတို့မိသားစုက မလေးရှားသွားမလားမေးလို့၊ ငါလည်း စိတ်ကူးပေါက်တာနဲ့၊ သူတို့ကိုတော့ မသွားဘူးလို့ပြောပြီး၊ အပြင်ကိုတော့ ငါမလေးရှားသွားမှာလို့ ပြောလိုက်တာပေါ့”
            “ နင်ဒီလိုလုပ်လို့များ၊ ငါ့ဆီက အဖြေရမယ်လို့ ထင်နေလား”
           ခင်ယွန်း ရှက်ဒေါသနှင့် မျက်နှာခပ်တင်းတင်းလုပ်ရင်း သူ့ကို ပြောလိုက်သည်။
             “အေးလေ ငါကတော့ ရမလားလို့လုပ်ကြည့်တာပေါ့၊ဒါပေမဲ့ အခုတော့ အဖြေမလိုတော့ ဘူးလေဟာ၊ ငါမလေးရှားသွားမယ်ဆိုတာနဲ့ မြို့တက်ပြီးအလုပ်လုပ်တော့မယ်ဆိုတော့ ငါသဘောပေါက်သွားပါပြီ”
             “ဟာ နင်အဲ့ဒီလိုပြောလို့ရမလား နင်ငါ့ကိုဘာမှတ်လို့လဲ”
             “ကဲပါ ခင်ယွန်းရယ်၊ နင်ငါ့ကိုစိတ်မဆိုးပါနဲ့ဟာ။ နင်သာ တကယ်မြို့တက်သွားရင် ငါ စိတ်မချလို့ မျှော်ရင်း အသည်းကွဲကျန်ခဲ့မှာပါ။ ငါအဝေးကြီးသွားမှာ နင်မကြိုက်သလို၊ နင်အဝေးသွားမှာလည်း ငါသဘောမတူဘူး။ အဲ့ဒီတော့ ငါတို့ဒီရွာမှာပဲ အတူတူနေကြတာပေါ့။ ငါ့ကို နင်တို့အိမ်က ကြည်ုဖြူတယ်ဆိုတာ လဲ ငါသိတယ်။ နင့်ကိုဆိုလည်း ငါ့အိမ်ကလည်း ဖူးဖူးမှုတ်ထားမှာပဲ။ နင်ပန်းတွေဘာတွေ ပန်ရမှာရှက်နေရင် လည်း ငါ့ကိုခေါင်းပဲ ညိတ်ပြလိုက်ပါဟာ”
             သူ့စကားတွေနားထောင်ပြီး တဒိတ်ဒိတ်ရင်ခုန်စွာဖြင့် မရဲတရဲမျက်လွှာချပြီး ခေါင်းညိတ်ပြလိုက် သည်။
             “၀မ်းသာလိုက်တာခင်ယွန်းရယ်”
           သူကကြည်နူး ၀မ်းသာစွာဖြင့် လက်လေးတစ်ဖက် ခင်ယွန်းဆီကမ်းပေးလာသည်။ သူ့လက်လေး ကို ခင်ယွန်းဆွဲယူလိုက်ပြီး သူအနားမှာ ယှဉ်တွဲရပ်လိုက်သည်။
             မြစ်ပြင်ကို ဖြတ်သန်း တိုက်ခတ်လာသော လေနုအေးလေးသည် ခငိယွန်းတို့ ချစ်သူနှစ်ဦးကြား တိုးဝင်ကျီစယ်ဖို့ ဟန်ပြင် နေသည်။
             “ငါကတော့ ငါချစ်သူရယ်၊ ငါ့ရွာကလေးရယ်ကိုဘယ်တော့မှမခွဲဘူး။ နင် ဒီကနေ လှမ်းကြည့်လိုက်စမ်းခင်ယွန်း ဟိုးမှာမြင်နေရတဲ့ လယ်ကွင်းတွေ၊တွေ့လား စိမ်းစိမ်းစိုစိုနဲ့    မြစ်ကမ်းတစ် လျှောက်ပေါက်နေတဲ့ ကိုင်းပင်တွေ၊ ဟိုးတောင်ဘက်က  ရေတမာတောတွေ၊ ပိုက်ချနေတဲ့ လှေလေးတွေ၊ ရွာထိပ်စေတီက ငါတို့ငယ်ငယ်တည်းကနေ ကြားနေရတတ်တဲ့ ဆည်းလည်းသံတွေ၊ နောက်ပြီး ရိုးသားပြီး ချစ်စရာကောင်းတဲ့ တို့ရွာသားတွေ ဒါတွေအားလုံးကို ပိုက်ဆံနဲ့လဲဖို့ဆိုတာ မဖြစ်သင့်ဘူး မဟုတ်လား”
             ခင်ယွန်း သူ့စကားတွေတွေကို ကြည်နူးစွာ ခေါင်းညိတ်ပြရင်း သူ့ပခုံးထက်မှာ ခေါင်းမီလိုက် သည်။ တသွင်သွင် စီးဆင်းနေသော ရေစီးသံကို နားစိုက်ထောင်ရင်းခင်ယွန်းနေမိသည်။  အဆုံအစခန့်မှန်းဖို့ ခဲယှဉ်းလွန်းသော မြစ်ကလေးလိုပင် ကျော်မောင် ကိုချစ်သော ခင်ယွန်း၏ သံယောဇဉ်မြစ်ကလေးသည် ဘယ် အချိန်က စတင်ပြီး ဘယ်အထိအရှိန်အဟုန်ပြင်းပြင်းနှင့် ခရီးနှင်နေမည်ကို မသိလောက် အောင်ပင် ခင်ယွန်း၏ နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်းစီးဆင်းလျက်ရှိနေတော့သည်။           ။

                                                                             (ကလျာမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၁၃)

1 comment:

  1. ကူးကူးလှိုင်September 16, 2013 at 3:45 PM

    ပျော်စရာ စိတ်ချမ်းသာစရာဇာတ်လမ်းလေး ဖတ်သွားတယ်ညီမလေးရေ

    ReplyDelete