Showing posts with label ၀တ္ထုရှည်စ၊ဆုံး. Show all posts
Showing posts with label ၀တ္ထုရှည်စ၊ဆုံး. Show all posts

Sunday, July 8, 2012

နေရောင်မဲ့ ကမ္ဘာခြမ်းကို ညဟုခေါ်သည်





                                          နေရောင်မဲ့ ကမ္ဘာခြမ်းကို ညဟုခေါ်သည်


ဂိုဒေါင်ထဲသို့ စနစ်တကျ အစီအရီ သွင်းနေသော ပိတ်စလိပ် များကို ညွှန်ကြား နေရာချရင်း ဘေးမှာ လာရပ်သော လူရိပ်ကြောင့် ဘေးတစ်ချက် စောင်းငဲ့ ကြည့်လိုက်တော့ စက်ရုံစောင့် လုံခြုံရေးပင်။

“မစ္စတာ ဧည့်သည် တစ်ယောက်က တွေ့ခွင့် တောင်းနေပါတယ်”

“ဘယ်သူလဲ”“ဂျူဒင်းတဲ့”

“သြော်...အေး အေး၊ ကောင်းပြီ၊ အဲဒီမှာပဲ စောင့်ခိုင်းထားလိုက်ပါ။ အခုပဲ လာခဲ့မယ်”

ဂျူဒင်းဆိုသည့် နာမည် ကြားတော့မှ လက်ထဲမှာ တစ်လခွဲလောက် သောင်တင်နေသော
အလုပ် လျှောက်လွှာ တစ်စောင်ကို ပြေးသတိရမိသည်။ ပုဂ္ဂိုလ်ရေးကြောင့်ထက် ဂျူဒင်း၏ အကျင့်စာရိတ္တကို
သဘော ကျမိ၍ သူ့ညီခြေတစ်ဖက်ပြတ် ဒုက္ခိတကို သင့်တော်ရာ အလုပ်ကလေး တစ်ခုခန့်ပေးဖို့
အရဲစွန့် တောင်းဆိုဖူးသော်လည်း စက်ရုံ လူကြီးမင်းတို့က စိတ်မ၀င်စားကြ။

“ဒုက္ခိတကို ငါတို့က ဘယ်နေရာမှာ အလုပ်ပေးခန့် ရမလဲကွ။ နေရာ မရွှေ့ရဘဲ ထိုင်ခုံနဲ့ ထိုင်ပြီး ပိတ်ဖြတ်တဲ့ Band Knife လို့ နေရာမျိုးမှာပဲ ရမယ်။ အဲဒီမှာကလည်း လူမလိုဘူးလေကွာ။ ကျန်တဲ့ အလုပ်တွေက စက်နဲ့အတူ လိုက်လျှောက်ပြီး ပိတ်ခင်းရ မှာတို့၊ ခြေထောက်နဲ့ နင်းပြီး စက်ချုပ် ရတာမျိုး၊ Packing ဌာနလို အင်နဲ့အားနဲ့ ထုပ်ရ ပိုးရတာမျိုး ဘယ်လို လုပ်မလဲ”

လူကြီးစကားကို ပြန် ကြားပြီး သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသလို၊ ဆိုင်ကယ် ဦးထုပ်ကို ရင်ဘတ်ပိုက်ပြီး ခပ်ယို့ယို့ကလေး ရပ်နေသော သူ့ကို မြင်လိုက်တော့လည်း အားနာစိတ်၊ သနားစိတ်တို့နှင့် တစ်ဖန် စိတ်မောမိသည်။

“ဟိုင်း ဂျူဒင်း အပါ ကာဘာ” နေကောင်းလားဟု အင်ဒိုလို နှုတ်ဆက် စကားကို ပြောရင်း အနီးအနားမှ ထိုင်ခုံ ကိုဆွဲ အတူ ထိုင်စေကာ၊ သူ့ ညီ၏ အလုပ်လျှောက်လွှာ လုံးဝ အဆင်မပြေနိုင်ကြောင်း မျက်နှာပူပူနှင့် ပြောရတော့ သည်။

“ကျွန်တော်လည်း ထင်တော့ ထင်ပါတယ်။ စက်ရုံက နာမည်ကြီးပြီး အလုပ် သမားတွေက အများကြီး ဆိုတော့ သူ့လို ဒုက္ခိတမျိုး ဘယ်တိုးနိုင်ပါ့မလဲ။ အခုလို ကူညီ ပေးတာပဲ ကျေးဇူး တင်ပါတယ်ဗျာ။ ခုလည်း သူ့သူငယ် ချင်းရဲ့ ဦးလေး ခေါက်ဆွဲဆိုင်မှာ ကူလုပ်ပေးနေတယ်။ အေးဗျာ အားနာနာနဲ့ပဲ နောက်ထပ် အကူအညီ တောင်းရဦးမယ်”

သူက ပြောပြောဆိုဆို သူ့အင်္ကျီဂျာကင်ဇစ်ကို ဖြည်း ညင်းစွာဖွင့်ရင်း၊ အထဲမှ စာရွက်လိပ်ကလေးကို လက် နှစ်ဖက်နှင့် ကျွန်တော့်ရှေ့ ကမ်းလိုက်သည်။
“ဘာလဲဗျ။ အဲ့ဒါက”

“ကျွန်တော့်မိန်းမ အလုပ် လျှောက်လွှာပါ”

“ခင်ဗျာ”
ကျွန်တော် ရုတ်တရက် အံ့သြသွားပုံကို ခပ်ရွံ့ရွံ့မျက် လုံးလှန်ကြည့်ရင်း
“ဒုက္ခပေးတယ်လို့ မအောက်မေ့ပါနဲ့ ဆရာရယ်၊ ကျွန်တော် ဆိုင်ကယ်ကယ်ရီ ဆွဲလို့ရတဲ့ ပိုက်ဆံက မလောက် ငလို့၊ မိန်းမက အချိန်ပိုင်း အလုပ်ကလေး ဖြစ်ဖြစ်၊ အပြင် အလုပ်ကလေး ဖြစ်ဖြစ် လုပ် ပါရစေလို့ ပူဆာလွန်းလို့ ထပ် အကူအညီ တောင်းရတာပါ။ သူက စက်လည်းနင်းတတ်၊ ချုပ်တတ်ပါတယ်”

နောက်ဆုံးတော့ ဆိုင်ကယ် စက်နှိုးရင်း၊ သူတို့ လူမျိုးတွေ အရိုအသေ ပေးဟန် အလေးပြု ဆလံပေးသွားသည့် ဂျူဒင်း ကျောပြင်ကို ငေးရင်း လျှောက်လွှာကိုင်ကာ ကျွန်တော် ဂိတ်ဝမှာပင်၊ ယာယီ သက်ရှိကျောက်ရုပ်လေး တစ်ရုပ် ဖြစ်သွားခဲ့ရ သည်။

စနေနေ့ည ဘောလုံးပွဲ ကောင်းနေ၍ တနင်္ဂနွေနေ့ မွန်းတည့်ချိန်အထိပင် အပျင်း ကြောဆန့်ရင်း၊  ခုတင်ပေါ်မှာပင် ဟိုလိမ့်ဒီလိမ့် လှိမ့်နေ ဖြစ်သည်။ တနင်္ဂနွေ ပိတ်ရက်ကလေးကတော့ အင်ဒိုနီးရှား မှာ အလုပ် လုပ်နေသည့် ကျွန်တော်တို့လို မြန်မာတွေ အားလုံးအတွက်၊ အနား ယူစရာ ချစ်စရာ အကောင်းဆုံးနေ့ လေးတစ်နေ့ပင်။ စနေနေ့ နေ့တစ်ဝက် ရုံးဆင်းပြီးလျှင် အပြင်ထွက် စားသောက်တတ်သော ကျွန်တော်တို့ သူငယ်ချင်းတွေ ညက အိမ်ပြန်သည်နှင့် ဘောလုံးပွဲနှင့် ကြုံနေ၍ ဒီနေ့ မနက် မထနိုင်ခြင်းမှာ၊ အထူးအဆန်းတော့ မဟုတ်ပေ။ တနင်္ဂနွေ Braeakfast နှင့် Lunch မစားဘဲ အိပ်ရာထဲ သိုးနေအောင်အိပ်ပြီးမှ ညစာကို သူငယ်ချင်းတွေနဲ့ အတူ တစ်နေ့တာ ပေါင်းစားတတ်ခြင်းမှာ မရိုးနိုင်သော အားလပ်ရက် အပတ်စဉ် အချိန်ဇယားပင် ဖြစ်သည်။

“ဒေါက်...ဒေါက်”
တံခါးခေါက်သံကြောင့် ကုန်း ရုန်းထရင်း တစ်ခန်းခန်းက “မုန့်” ဝေသန္တရာလုပ်တာဖြစ် လျှင် ကိုယ်က မာတင်္ဂလုပ်ဖို့ မျှော်လင့်ချက်ကလေးဖြင့် တံခါးဆွဲအဖွင့်၊ အန်တီရှယ်လီ နှင့် မေရီတို့၏ မျက်နှာမသာ မယာတို့ကို ရုတ်တရက် တွေ့ လိုက်ရသည်။

“ဟဲ့အောင်မလေး ကယ်ဗင်၊ခုထိအိပ်တုန်းလား။ သွားသွား မျက်နှာသစ်ပြီး၊ မေရီကို လိုက်ကူလိုက်ဦး။ သူ့ပိုက်ဆံအိတ် ကျပျောက် ခဲ့လို့တဲ့၊ ဘတ်စ်ကားပေါ်မှာ”

“ခင်ဗျာ”

ဒီနေရာမှာ ကြားဖြတ် တစ်ခုပြောရလျှင် ကျွန်တော့် နာမည် ကယ်ဗင်၊ အန်တီ နာမည် ရှယ်လီနှင့် ပြီးတော့ မေရီတို့မှာ နာမည်ရင်းများ မဟုတ်ကြဘဲ၊ ကျွန်တော်တို့ မြန်မာနာမည်များကို အင်ဒို နီးရှားတွေ မခေါ်တတ်သဖြင့် ဒီရောက်မှ ဘိုမရူးချင်ဘဲ ရူးထားသည့် နာမည်တွေဖြစ် ကြောင်းပါ။ အခုအန်တီရှယ် လီဆိုသည့် ကြီးတော်ကြီးက ကျွန်တော့်ကို ဟောက်နေပြန်ပြီ။

“သူ့ပိုက်ဆံအိတ် ကားပေါ် ကျခဲ့လို့၊ အဲဒါ နင်လိုက်ကူပြီး ရှာပေးလိုက်။ မြန်မြန် လုပ်။ ကြာရင် ပြန်မရဘဲ ဖြစ် နေဦးမယ်”

“အာ အဓိပ္ပာယ်မရှိတာ။  ဘတ်စ်ကားပေါ် ကျပျောက်တာ ဘယ်လို ပြန်ရှာလို့ရမှာလဲ။  အန်တီကလည်း ခုလောက်ဆို သူများ ယူသွားပြီးပေါ့။ နင်ကလည်း ဘယ်လိုများ ကျပျောက်ရတာလဲ။ ကလေး လည်း မဟုတ်ဘဲနဲ့ ဆုံးပြီပဲ ထားလိုက်တော့ဟာ”

အိပ်ချင်မူးတူးနှင့် ကျွန်တော့်စကားကို ကြား တော့ အန်တီရှယ်လီက မျက်လုံးပြူးကြည့်ရင်း
“ဟဲ့ လျှာရှည်ပြန်ပြီ၊ ရလိုရငှား သွားကြည့်ပေါ့။ အေတီအမ်ကတ်ရော၊ ဖုန်းရော ပါသွားတာ။ ပိုက်ဆံပြန် မရတောင် ဖုန်းနဲ့ကတ် ပြန်ရ ရင် မဆိုးဘူးပေါ့။ မြန်မြန် လုပ်၊ ငါတို့ အောက်ကနေ စောင့်နေမယ်”

အန်တီရှယ်လီက မြန်မာတွေ အားလုံးထဲမှာ ရာထူးရော၊ အသက်ရောပါ အကြီး ဆုံးဖြစ်သလို စိတ်ရင်းကောင်းပြီး လူတိုင်းကို ကူညီတတ် သူမို့၊ အားလုံးက ချစ်ခင် လေးစားရသူဖြစ်သည်။ သူ့ စကားကို မလွန်ဆန် ရဲ၍သာ မေရီအိတ်ကို ရှာပုံတော် ဖွင့်ရမည် ဖြစ်သော်လည်း ကောက်ရိုး ပုံထဲကျသော အပ်ကို ရှာရသည် ကမှ အချိန်ပေး ကြိုးစားရှာလျှင် တွေ့နိုင်မည်။ လူမျိုးစုံ၊ ဘ၀မျိုးစုံ ကျင်လည်ရာ ဘတ်စ် ကားပေါ်မှာ ပိုက်ဆံရော၊ ဖုန်း ရောပါသည့် အိတ်တစ်အိတ် ကိုဖြင့် ဘယ်လိုပုံစံမျိုးနှင့် ရှာဖွေ ရမှာပါလိမ့်။

ကောက်ရသူ က သူလိုကိုယ်လို လောဘ သမားဆိုလျှင် ရေငတ်သူ လက်ထဲ ရေခဲစိမ် ကိုကာကိုလာ တစ်ဘူး ရောက်လာတာ မျိုးဖြစ်ပေလိမ့်မည်။ မျက်နှာ သစ်၊ အင်္ကျီလဲရင်းအတွေး များစွာနှင့် လှေကားထစ်များကို ၀ုန်းဒိုင်းကြဲ ဆင်းလာပြီး စိတ်ထဲမှလည်း နေရာတကာ နမော်နမဲ့နိုင် လွန်းသော လျှပ်ပလာ မမေရီကိုသာ အား ရပါးရ နားရင်းတီးချင်လာ တော့သည်။ အန်တီရှယ်လီ ပေးလိုက်သည့် လမ်းစရိတ် ငါးသောင်းတန် (မြန်မာငွေ ငါးထောင်ခန့်)လေးကို ကိုင်ပြီး၊ နှစ်ယောက်သား ဖုန်းရှာပုံတော် ခရီးမစခင်၊ ဦးစံရှား ရာထူး လက်ခံစမှာ ပြောမနာဆိုမနာ သူငယ်ချင်း မကို အခွင့်အရေးရခိုက် ကောင်းကောင်း နှိပ်ကွပ်လိုက်ဦးမှ ဟုတွေးကာ-
“ပြောစမ်းပါဦး၊ ငါ့ကို ဘယ်ကနေ ဘယ်လိုဖြစ်ရ တာလဲဆိုတာ”

“အင်တာနက်ဆိုင်မှာ ငါ့အိမ်နဲ့ငါ ခါတိုင်းလိုပဲ စကားပြောပြီးအပြန် ကြီကို ကိုးလ် (Cikokol) ဘက်သွား တဲ့ ကားစီးပြီးပြန်လာတာ။ ဒီရောက်တော့ ကားပေါ်က ပြေးဆင်းရင်း၊ ကားသမားကို ပိုက်ဆံပေးတုန်း၊ သူက လည်း နောက်ကားက ပါလာ တော့ ငါ့လက်ထဲက ပိုက်ဆံကို အလောတကြီး အယူ၊ လက်ကောက်ဝတ်မှာ ချိတ် ထားတဲ့အိတ်ကလေးလည်း ကားရှေ့ခန်းထဲ ကျသွားရော။ ငါကလည်း ပြေးဆင်းရင်း အောက်အရောက်၊ ကားက လည်း ရုတ်တရက်ကြီးကို မောင်းပြေးသွားတာပဲ။ ငါက ကားကို အော်ခေါ်ပါသေးတယ်။ သူက မသိတာလား၊ သိသိကြီးနဲ့ မောင်းပြေးသွား တာလား မသိတော့ပါဘူး ဟာ”

“ဒါဆို ကားသမား တော့ ဖုန်းကံစမ်းမဲကို ပိုက်ဆံ ထုပ်နဲ့တွဲပြီး ပေါက်သွားတာ ပေါ့”
“နင်နော်“

သူ့ကို စချင်၍ ပြော လိုက်သော်လည်း၊ ဖုန်းတစ် လုံးသာ ဆံ့သည့်အိတ်ထဲ ရှိ သမျှပိုက်ဆံလေးတွေ အမြဲ ခေါက်ထည့်ကာ၊ လက်ကောက်ဝတ်မှာအမြဲလိုလို ချိတ်ထားသည့် အိတ်သေး သေးလေး တစ်လုံးကို မျက်စိ ထဲ ပြန်မြင်မိသည်။ ဆမ်ဆောင်း စလိုက်ဖုန်းလေးကလည်း Touch Screen မဟုတ်သော်လည်း၊ အတော် ကောင်းသည့် အမျိုးအစား ကလေးပင်။ ကတ်ကိုတော့ ဘဏ်ကနေ ငွေမထုတ်နိုင် အောင် အကြောင်းကြား ပိတ်ပင် ထားနိုင်သော်လည်း ပါသွားသည့် ငွေပမာဏကလည်း မနည်းလှသဖြင့်၊ အိတ်ပြန်ရဖို့ မျှော်လင့်ချက် ရောင်ခြည်မှာ မှေးမှိန်နေခဲ့ သည်။