Saturday, June 30, 2012

ရေကြည်သော်လည်း မြက်မနုရာ-၁


                                                    ရေကြည်သော်လည်း မြက်မနုရာ-၁
     
               လူသားအများစုဟာ ကိုယ်နေထိုင်တဲ့ လူပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကိုစွန့်ခွာခဲ့ပြီး နေရာသစ်၊ ဒေသသစ်မှာ သွားရောက်နေထိုင်ရင်း ဘ၀သစ်ကိုစတင်ကြရခြင်းမှာ မိမိနေထိုင်ရာနေရာထက် ပိုမိုကောင်းမွန်တဲ့  ရေကြည်ရာ မြက်နုရာကို ရှာဖွေရခြင်း လို့ပြောရင် မှားမယ် မထင်ပါဘူး။ အဲ့ဒီလိုရှာဖွေကြတဲ့ လူတွေထဲမှာ  ရေလည်းကြည်လင် ၊ မြက်လည်းနုတဲ့ ဘ၀မျိုးနဲ့ ကျော်ဖြတ် ရှင်သန်နိုင်သူတွေ ရှိသလို၊ “ရေကြည်ပြီး၊မြက်မနု” ၊ “မြက်နုသော်လည်း ရေမကြည်” တဲ့ အဖြစ်မျိုး မရိုးနိုင်တဲ့ ဘ၀စိန်ခေါ်မူတွေ ရုန်းကန်မှု အတွေ့ အကြုံ်တွေနဲ့ယှဉ်တွဲပြီးမှ ဖြတ်သန်းခွင့်ရတဲ့ လူတွေလည်း လောကကြီးထဲမှာ များစွာတွေ့ဖူးကြမှာပါ။ အဲ့ဒီလူတွေ ထဲမှာကျွန်မကိုယ်တိုင် ကလည်း အများထဲက တစ်ယောက် ပါ။ ရေကြည်သော် လည်း မြက် မနုတဲ့ နိုင်ငံရပ်ခြားတစ်နေရာမှာ ငါးနှစ်လောက် ဖြတ်သန်းခဲ့ဖူးတဲ့ ဘ၀ အတွေ့ အကြုံတွေကို ပြန် ပြီးစဉ်းစား မိရင်တော့ဖြင့်……….။
                                    အင်ဒိုနီရှားနိုင်ငံ ဂျာကာတာမြို့နဲ့မနီးမဝေး သံဂရမ်း မြို့နယ်ထဲမှာ  ရှိတဲ့အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ဖို့  ကမ်းလှမ်းခံရတဲ့ အခွင့်အရေးကို လက်လွတ်မခံနိုင်ပဲ ပထမဆုံးနိုင်ငံခြားခရီးစဉ်ကိုစတင်ထွက်စဉ်က ကျွန်မအသက် ၂၀ကျော်စ အရွယ် မှာပါ။ အင်ဒိုနီးရှားကို စကာင်္ပူ transit နဲ့သွားတာမို့ စကာင်္ပူကိုသွားတဲ့ လေယာဉ်ကတော့ တစ်စီးလုံး နီးပါး မြန်မာတွေဖြစ်နေပြီင်္း တချို့ တလေ ကိုပဲ ပြန်မာပြည်အလည်လာ နိုင်ငံခြားသားများအဖြစ်တွေ့ခဲ့ရတယ်။
                                     စကာင်္ပူကနေ အင်ဒိုနီးရှားကိုဆက်တဲ့ ခရီးစဉ်မှာတော့ တစ်နာရီခွဲလောက်သာစီးရတဲ့ အပြင်၊ လေယာဉ် ကကြီးပြီး၊တိမ်တိုက်တွေထဲ ထိုးဝင်တဲ့ အချိန်မှာတောင် လှုပ်ရမ်းခြင်းမရှိတာမို့၊ အိမ်မှာထိုင်နေရသလို ခံစားရပြီး လေယာဉ်စီးနေမှန်း တောင် မသိသာလှပါဘူး။ ဒါ့အပြင် ထိုင်ခုံကလေးတွေ ရှေ့မှာလည်း တီဗီသေး သေးလေးတွေ တပ်ထား တာမို့၊ ကိုယ်ကြိုက်တဲ့ လိုင်းကို ရွေးချယ်ကြည့် ခွင့်ရတာလည်းအဆင်ပြေလှပါတယ်။ ဒါကြောင့်မို့ တစ်နာရီ ခွဲ လောက် လေယာဉ်ခရီးစဉ်က ကျွန်မတွက် ခေါင်းမူးဖို့ပင် သတိမရပဲ ကုန်ဆုံးချိန်မြန်လွန်းလှသလိုပါပဲ။ ကျွန်မအင်ဒို ကိုရောက်တော့ ည၁၀နာရီထိုးခါနီးပါပြီ။ အဲ့ဒီနေ့ညက စနေနေ့ လည်းဖြစ်တဲ့ အပြင် တနင်္ဂနွေနေ့ ရုံးပိတ်တာမို့ ခရီးပန်းလာတဲ့ ကျွန်မတွက် အေးအေး ဆေးဆေး အနားယူခွင့် ရလိုက်ပါတယ်။ အဆောင်မှာ (၂)ထပ် တိုက် အဆောင်ရှည်တစ်ခုဖြစ်ပြီး  ကျွန်မတို့ စက်ရုံမှာအလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေ အားလုံးအပြင် ၊ ရာထူးကြီး တဲ့ အင်ဒိုနီး ရှား လူမျိုးတွေကို ပါ နေခွင့်ပေးပါတယ်။ ကျွန်မက အပေါ်ထပ်အခန်းမှာနေရပြီး ၊ အန်တိရှယ်လီက အောက်ထပ်အခန်းမှာပါ။
                      ကျွန်မရဲ့ အခန်းလေးထဲမှာတော့ ကုတင်တစ်လုံး၊စာရေးစားပွဲတစ်လုံး၊ဗီရိုတစ်လုံးအပြင် အဲကွင်းပါတပ်ပေးထားတာမို့ အဆင်ပြေလှပါတယ်။ ဒါ့အပြင် ဒီအခန်းမှာ အရင်က မြန်မာဝန်ထမ်းတစ်ဦးနေခဲ့ဖူးတာမို့ နံရံကပ် ဘုရားစင်နဲ့ ပုံတော်တွေပါ အဆင်သင့် တွေ့ရလို့ အတော်လေးစိတ်ချမ်းသာသွားမိပါတယ်။ ပစ္စည်းတွေ အားလုံးနေရာချပြီးတဲ့ အချိန်မှာတော့ ၊ ငှက်ကလေး (၃)ကောင် ပျံနေတဲ့ အိပ်ရာခင်းလေးပေါ် ကျောချရင်း နေရာသစ် ဒေသသစ်ထဲမှာ မိသားစုနဲ့ ရော၊အမိမြေနဲ့ ပါဝေးနေရတဲ့ ကိုယ့်အဖြစ်ကိုယ်တွေးမိရင်း အားငယ်တဲ့ စိတ်က ပင်ပန်းမူတွေနဲ့အတူအိပ်ချင်နေတဲ့ စိတ်ကိုပါ တွန်းကန်ထားပါတော့တယ်။
                         နောက်နေ့မှာတော့  ကျွန်မရဲ့ အခန်းဖော်တွေနဲ့ ဆုံဆည်းခွင့် ရသလို အဆောင်အနီးနားက စူပါမားကတ်ကြီး တစ်ခုဆီ သို့လည်း ကျွန်မတို့ အားလုံးဈေးဝယ်ထွက်ဖြစ်ကြပါတယ်။ ကျွန်မလို လူသစ် တစ်ယောက်အတွက်လည်း လိုအပ်တဲ့ပစ္စည်းတချို့ကို ၀ယ်ယူဖို့ အဆင်ပြေသွားတာပေါ့။ ကျွ့န်မကို အန်တီရှယ်လီက ရိုစီနှင့်စန္ဒီလို့ခေါ်တဲ့ မြန်မာဒီဇိုင်နာ အစ်မနှစ်ယောက်နဲ့ မိတ်ဆက်ပေးပြီး၊ ကျွန်မကို လည်း သူတို့နဲ့ အတူတစ်ဌာနတည်းလုပ်ရမယ့် အကြောင်းနှင့် လက်ထောက်ဒီဇိုင်နာလိုလို့ ကျွန်မ ကိုခေါ်တာဖြစ်ကြောင်း၊ သူများ ထပ်ပိုပြီး မြင်တတ်၊ လျင်တတ် အလုပ်ကြိုး စားရမယ့် အကြောင်းတွေ ပြောပြပါတယ်။ တကယ်တမ်း ၀န်ခံရရင်တော့ ကျွန်မကို အလုပ် လုပ်ဖို့ စကမ်းလှမ်းတဲ့ ဒီစက်ရုံက ကျွန်မနဲ့ ဘာအဆက်စပ်မှ မရှိပဲ အန်တီရှယ်လီက ဒီစက်ရုံရဲ့ ရာထူးကြီးတဲ့ မန်နေဂျာတစ်ယောက်မို့ ကျွန်မ တို့လို ငယ်ရွယ်တဲ့ လူငယ်လေးတွေရဲ့ ဘ၀တက်လမ်းနဲ့ နိုင်ငံခြား အတွေ့အကြုံ ရရှိဖို့စေတနာနဲ့ ကူညီပေးတာပါ၊ ကျွန်မကိုယ်  ကလည်း ပူပုနွေးနွေး ဘွဲ့ရပြီးကာစ အလုပ်အတွေ့အကြုံမရှိပဲ အလုပ်လုပ် ချင်စိတ် တစ်ခုတည်းနဲ့ရာက်ခဲ့ပေမယ့်ကျွန်မအတွက် မျှော်လင့်ထားတဲ့ အခြေအနေထက် ပိုကောင်းနေတာမို့ ကံကေင်း တယ်လို့ ဆိုရမှာပါ။                                               
                 အလုပ်နဲ့အဆောင်က နီးနီးလေးပေမယ့် အဆောင်ဂိတ် ၀ရောက်အောင် အတော် လေး လမ်းလျှောက် ရသေး တာမို့ နေ့စဉ် ရုံးအသွားအပြန်တွက် ကျွန်မတို့ အားလုံး ဖယ်ရီ စောင့်စီး ကြပါ တယ်။ ကျွန်မရဲ့ ပထမဆုံးနေ့ အလုပ်ခွင် ထဲ ရောက် တော့ စိတ်ကူးထဲက ပတ်ဝန်းကျင်သစ် ထက် များစွာ ခမ်းနားတဲ့ ခေတ်မီ အထည် ချုပ်စက်ရုံ ထဲက သေသပ် စနစ်ကျလှတဲ့ နမူနာ အခန်း လေး ထဲကို ကျွန်မ စတင် ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီအခန်းရဲ့ မနီးမဝေးမှာတော့ ပစ္စည်း ထုတ်လုပ် မူဌာနကို လှမ်းမြင်နေရပြီး စက်သံ တဂျုံးဂျုံးနဲ့ လူမျိုးခြား ခေါင်းပေါင်းမလေးတွေကို အဖြူနှင့်အမည်း ဆင်တူယူနီဖောင်းလေးတွေ ၀တ်ပြီး ခေါင်းမဖော်နိုင်အောင် ကျွမ်းကျင် ပိုင်နိုင်စွာ စက်ချုပ်အလုပ်လုပ်နေတာကို ကျွန်မလှမ်းမြင်နေရပါတယ်။ “စက်ချုပ်တဲ့ အလုပ်သမားတွေက နည်းနည်းနှောနှော မဟုတ်ပါ လား။ “ ကျွန်မ အံ့သြစွာပင် မင်သက် ငေးမောနေမိရင်း ၊ကျွန်မအခု ခြေ ဆုံရပ်နေတဲ့ နမူနာအခန်းထဲမှာလည်း ချိတ်ဆွဲထားတဲ့ ကိုယ်တပိုင်းပြတ် အရုပ်မတွေရဲ့ခေတ်မီလှပတဲ့ ရေကူးဝတ်စုံတွေနဲ့ နံရံ ကတ်မှန်ဗီရိုထဲမှာ ချိတ်ဆွဲထားတဲ့ အမျိုးသမီးဝတ် ရောင်စုံ အတွင်းခံလေးတွေကို မြင်ရင်ပဲ ကျွန်မအတိုင်းမသိ စိတ်လှုပ်ရှား ရင်ခုန် သွားမိတယ်။ ရေကူးဝတ်စုံ လှလှဝတ်ထားတဲ့ ပိုစတာထဲက အနောက်တိုင်း မော်ဒယ်တစ်ယောက်က တော့ ကျွန်မပုံစံကို မြင်ပြီး ၊လှောင်ရယ်ဟားတိုက်နေလေရဲ့။ စန္ဒီက ကျွန်မကိုခေါ်ပြီး ရုံးခန်းထိပ်မှာထိုင်နေတဲ့ အသက်အကြီးဆုံးဖြစ်ပုံရတဲ့ အမျိုးသမီး တစ်ယောက်နဲ့ အင်ဒို လိုမိတ်ဆက်ရင်း ၊ တဖက်ကနေ ကျွန်မကိုလည်း မြန်မာလို ရှင်းပြပေးပါတယ်။
                                   “ဒီမှာတော့ သူကအကြီးဆုံးပဲ ရာထူးကဒီဇိုင်နာပဲပေါ့။ သူ့ကို တို့တွေအားလုံးက ကူညီပေးရတာ။ သူက အင်ဒို တရုတ် လေ။ သူညွန်ကြားတာ၊ သူဆုံးဖြတ်တာကိုပဲ လက်ခံကြရတယ်။ သူက အခရာပေါ့ ။သူပြီးရင်အားလုံးပြီးတယ်။ “ 
                         နောက်ထပ် ရုံးခန်းထဲမှာကွန်ပြူတာနဲ့ အလုပ်လုပ်နေတဲ့သူတွေ၊ ကတ်ကူလက်တာတွေ ရှေ့ချပြီးတွက် ချက် နေတဲ့ လူတွေ အားလုံးနဲ့ မိတ်ဆက်ပေးပြီးတဲ့ အခါမှာ ကျွန်မ ထိုင်ရမယ့် စားပွဲနဲ့ ကုလားထိုင်ရှိရာကို စန္ဒီကလိုက်ပြပေး ပါတယ်။ အလူမီနီယံစားပွဲနဲ့ ဆုံလည် ကုလားထိုင်ကလေးက ကျွန်မကိုချစ်စဖွယ် ကြိုဆိုနေပါတယ်။ ကျွန်မနာမည် ရင်းကို သူတို့ဘယ်လိုမှ မခေါ် တတ်တာကြောင့် “ချယ်ရီ” ဆိုတဲ့ နာမည်သစ်လေးတစ်လုံး ကင်ပွန်းတပ်လိုက်ပြီး (ရှယ်လီတို့ ရိုစီတို့ ဆိုတာလည်း အလားတူပါပဲ) နောက်ထပ် အရေးကြီးတဲ့ လူတွေနဲ့ တွေ့ဖို့ရှိတယ်ဆိုပြီး သစ်သားတံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်တဲ့ အခါမှာတော့ ရုံးခန်းရဲ့နောက်မှာ လူ ဆယ့်ငါးယောက်လောက်နဲ့ ဖွဲ့စည်းထားတဲ့   စက်ခန်းသေးသေးလေး ကို တွေ့မြင် လိုက်ရပါတယ်။ စက်ခန်းထဲက ခေါင်းဆောင် အမျိုး သမီး နာမည်က ဆွန်ဒါလီ လို့ခေါ်ပြီး အာလုံးက သူ့ကို နာမည် အတိုလေး အဖြစ် “ဆွန်း ”လို့ အဖျားဆွတ်ခေါ်ကြတယ်။
                                   နမူနာအခန်းမှာ မေလင်း လို့နာမည်ရတဲ့ ဒီဇိုင်နာ အမျိုးသမီးကြီးပြီးရင် စန္ဒီနဲ့ ရိုစီတို့က ရာထူးအကြီးဆုံးမို့ သူတို့နဲ့ လူမျိုးချင်းတူတဲ့ ကျွန်မအပေါ်မှာလည်း ကောင်းမွန်စွာ ဆက်ဆံကြပေမယ့် အလုပ် အတွေ့အကြုံလည်းမရှိ၊ ဘာသာ စကားလည်း လုံးဝ မတတ်မြောက်သေးတဲ့ ကျွန်မဟာ အလုပ်သင်စကာလတွေမှာ  အားလုံး ရဲ့ ချောင်ထိုးခြင်းခံရတဲ့ သက်ရှိအရုပ်လေးတစ်ရုပ် ပါပဲ။ ရုံးကနေ အိမ်ပြန်ရောက်ရင်တော့ အခန်းဖော်တွေနဲ့ အတူ စကားပြောရင်း ၊ အင်ဒိုနီးရှား စကားကို သင်ယူလေ့လာခဲ့ပေမယ့် ၊တကယ်တမ်း အလုပ် ခွင်ထဲ ရောက်တော့လည်း သူတို့ဘာပြော လို့ ပြောနေ မှန်းနားမလည်ပဲ ပါးစပ်အဟောင်းသားနဲ့ ကျွန်မအဖြစ်ကို ဘယ်သူကမှ စိတ်ရှည် သည်းခံစွာ ရှင်းလင်းပြော မနေတော့ပါ။ ကျွန်မရဲ့ အစ်မနှစ်ယောက်ကလည်း ၊ ရုံးရောက်တာနဲ့ အလုပ်ပြသာနာ ပေါင်းများစွာအပြင် ၊ နမူနာ အထည်တွေ ၀ယ်သူဆီ အချိန်မီပို့ဖို့ ကြိုးစားအားထုတ်ရတာနဲ့ပင် ကျွန်မနားမကတ်နိုင်ပါ။ အားနာတတ်တဲ့ ကျွန်မကိုယ်ကလည်း ကျွန်မပြောချင်၊ သိချင်တဲ့စကား လုံးတောင် သူတို့စားပွဲနား ကပ်ပြီးသွားမမေးရဲ။ မလှမ်းမကမ်းမှာရှိနေတဲ့ အင်ဒို လူမျိုး အလုပ်သမားတွေ ကတော့ ကျွန်မကို ကွက်ကြည့်၊ကွက်ကြည့်နဲ့ ပေါ့။ သူတို့ကလည်း အထက်တန်းကျောင်းတောင် အောင်တဲ့ သူတွေမဟုတ်လေတော့ တခြားဌာနက ၀န်ထမ်းတွေနဲ့မတူပဲ အင်္ဂလိပ်စကားပြောကို မတတ်သလောက် ညံ့ဖျင်းလှပါတယ်။ ဒီအခန်းထဲက ဒီဖိုင်နာကြီး ကိုယ်တိုင် က တရုတ်နဲ့ အင်ဒိုစကားကိုသာပြောတတ်ပြီး ဒီဇိုင်းလုပ်တဲ့ နည်းပညာကို တော့ သူကစက်ရုံ တစ်ရုံလုံး ပြိုင်ဖက်မရှိ ကျွမ်းကျင် တတ်မြောက်သူပါ။ သူက ချယ်ရီဆိုတဲ့ ကျွန်မဲ့ နာမည်လေးကိုတောင် မခေါ်တတ်ပဲ သူစိတ်ကြိုက် တရုတ်နာမည် တီတင်းဆိုတဲ့  နာမည် ပေးပြီး၊ အဲ့ဒီနာမည်ကိုပဲ စိတ်ကြိုက်တကိုယ်တော်ခေါ်ဆို တတ်သူပါ ။ သူခေါ်ခေါ်နေတဲ့ တီတင်းဆိုတာက တရုတ် နာမည်ဖြစ်ပြီး ၊ နာမည်ရဲ့ အဓိပါယ်ကလည်းဘာကိုဆိုလိုမှန်းမသိနှင့် တခါတလေ သူက ကိုယ့်ကြည့်ပြီး တီတင်းလို့ စကားပြော နေရင်တောင် ကျွန်မအဖြစ်က ကိုယ့်ကိုပြောလို့ ပြောမှန်းမသိသူပါ.။ နောက်ပိုင်း ကျွန်မအနေကြာလာမှ တီတင်း ဆိုတဲ့နာမည်ကို တရုတ် ခပ်ငယ်ငယ်ကောင်မလေးတွေရဲ့ အိမ်နာမည်အဖြစ်ပေးထား တတ်ကြမှန်း သိရပါတော့တယ်။ ဒီတော့မှ သူက ကျွန်မကို တရုတ်လို ချစ်စနိုးနဲ့ သူခေါ်တတ်တဲ့ နာမည်လေး ပေးထားတာပဲ ဆိုပြီး ချယ်ရီအပြင် သူ့တကိုယ်တော် တည်းပိုင် "တီတင်း"ကိုပါ  ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားယူရတယ်။
                                      တကယ်တော့စက်ရုံက ကျွန်မကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါ်ပြီး၊ ကျွန်မနဲ့ ရင်းနှီး ကျွမ်းဝင်မူမရှိတဲ့ Textile လောက အလုပ် တွေ အားလုံးကိုကျွမ်းကျင် တတ်မြောက်တဲ့အခါမှ အင်ဒိုလူမျိုးတွေကို ပြန်ပြီးဆရာလုပ်ညွန်ကြားဖို့ လူမွေးထားတာ ဖြစ် ပေမယ့် လက်ရှိ ကျွန်မရဲ့ အခြေအနေမှာတော့ သူတို့လိုအပ်တဲ့ အလုပ် သေးသေးလေးတွေနဲ့ မိတ္တူဆွဲထားတဲ့ ဇာအတွန့် အခေါက်လေး တွေကို ကက်ကြေး တစ်လက်နဲ့ ဖြတ်။ညှပ်၊ကတ်ပြီး Costing သမားနဲ့ ပိတ်စ၀ယ်တဲ့သူတွေ နမုနာကြည့်ဖို့ လုပ်ပေး ရပါတယ်။ထောင်ချီတဲ့ အမျိုးသမီိး ဘော်လီချိတ် တွေကို ကတ်ကြေးနဲ့ အနားတွေ ညှပ်ပေးရသလို၊  ပါကင်ဌာနတွက် လိုအပ်တဲ့ ကတ်ထူး ဗူးပေါင်း များစွာကိုလည်း သူတို့ပုံစံ ချ ပေးထားတဲ့ အတိုင်း ခေါက်ပေးရတယ်။ အမှန်တိုင်းပြောရရင်  ကျွန်မတကယ် အားငယ် မိပါတယ်။
                                   ကျွန်မအင်ဒိုရောက်တာ တစ်လ နှစ်လ ကြာတဲ့ အချိန်ထိ ဘာကြောင့် ဒီဇိုင်နာ တစ်ယောက်ရဲ့ အခြေခံပညာရပ်တွေ မသင်ယူရပဲ ၊ မပင်ပန်း မခဲယဉ်းတဲ့ အောက်ခြေသိမ်း အလုပ်ပေါက်စနတွေ လုပ်ရင်း အချိန်ကုန်နေရတာလဲ။ ကျွန်မ ဒီကို ရောက်လာတာ တစ်နေ့နဲ့ တစ်နေ့ ဗူးခေါက်ဖို့၊ ဘော်လီချိတ် အစွန် အဖျားတွေညှိဖို့ နဲ့ ဘော်လီကြိုးထဲက ring နဲ့ slide(ခါးပတ်ကွင်းလိုမျိုး) တွေကို ဟိုဘက် ဒီဘက် ညီအောင်လိုက်ညှိပေးဖို့ မဟုတ်ပါဘူး။ ကျွန်မရှေ့မှာအလုပ်များနေတဲ့ ကျွန်မရဲ့ အစ်မတွေကိုအားကျသလို၊ ကျွန်မနဲ့မတိမ်းမယိမ်းရှိတဲ့ အင်ဒိုနီးရှားကောင်မလေးတွေရဲ့ လက်စွမ်းပြ ချုပ်လုပ်တတ်တဲ့ နမူနာအထည်တွေကြည့်ပြီးတိုင်း၊ သူတို့လောက်တောင် မတတ်မြောက်ပဲနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ကျွန်မ ဆရာ လုပ်နိုင်မှာလဲ ဆိုပြီးတွေးကာ အားငယ်နေမိတတ်ပါတယ်။ ကျွန်မထပ် အသက်အများကြီးကြီးတဲ့ အင်ဒို အမျိုးသမီး အလုပ်သမတွေ ကတော့ သူတို့အချင်းချင်း အလုပ်အားချိန်စကားပြောတိုင်း၊ ကျွန်မကို အနားခေါ်ကာ ဟိုမေးသည်မေး စပ်စုတတ်ပါတယ်။   စကားလုံး တိုင်း ကို အသေအချာ လည်လည်ဝယ်ဝယ် နားမလည်ပေမယ့်၊ သူတို့ ဆိုလိုချင်တဲ့  သဘောကတော့ ကျွန်မက မိသားစုတွေနဲ့ ဝေးပြီး ဘာကြောင့် အလုပ်လုပ် ရတာလဲ ၊တကယ်တမ်းဖြစ်သင့်တာ မိဘဆွေမျိုးတွေနဲ တစ်နိုင်ငံထဲမှာ နေပြီး ကျောင်းတက် ရင်တက် ၊မဟုတ်ရင် အလုပ်လုပ် ဖို့သာဖြစ်တယ်။ ဒီစက်ရုံမှာသူတို့နဲ့ အလုပ်လုပ်ရင်  ရိုစီတို့စန္ဒီတို့လို သူတို့ထပ် အများ ကြီးတော်အောင် ကြိုးစားပြီး ဦးဆောင် နိုင်မှဖြစ်မယ်။ ကျွန်မကို ကလေး တစ်ယောက်သာသာသာ မြင်တာမို့၊ မြန်မာနိုင်ငံမှာ ဘွဲ့တစ်ဘွဲ့ ရပြီးသည် အထိ ကျောင်းပြီဆုံးအောင် တတ်ပြီးသား ဆိုတာကိုလည်း သံသယရှိနေကြပုံရတယ်။
                                            ကျွန်မကိုရှေ့ကိုမှာထားပြီး နားမလည်သေးဘူးအထင်နဲ့ ပြောနေတဲ့ သူတို့စကားလုံး တွေကို ခပ်ရေး ရေးတွေးကြည့် မိရင်း  ကျွန်မကို စစ်မရောက်ခင် တကယ်မြှားကုန်စေပါတယ်။ သူတို့က မိသားစုတစ်စုက မိခင်တွေ၊ ကျွန်မရဲ့ အဒေါ်ရွယ်၊ အစ်မကြီးအရွယ်တွေ. သူတို့ ထင်မြင် ယူဆချက်တွေက ကျွန်မရဲ့ စိတ်ကိုတကယ်ပဲ ပြိုလဲစေနိုင်လား မသေချာပေမယ့် ၊ စက်ချုပ်တာနဲ့ ပတ်သတ်ပြီး အပ်ထိုးတာ လေးတောင် အတွေ့အကြုံ မရှိတဲ့ ကျွန်မအဖြစ်က ကျွန်မကိုယ်ကျွန်မ ယုံကြည်မူ ပျက်ယွင်းစေတာ အမှန်ပါပဲ။   
                                                               (ဆက်လက်ဖော်ပြပါမည်.......)
                                                                                    စုသဲမွန်
                                                                (The Ladies' Journal  အတွဲ(၁)၊အမှတ်စဉ် (၁၇) ဇွန် ၁၆-၂၂။၂၀၁၂)                                                                                                                                                                                                                                                  

No comments:

Post a Comment