ကျွန်မတို့က ခပ်ညံ့ညံ့မှကြိုက်
ဒီလူအကြောင်းကို ပြောရရင် အတော့်ကို ခွကျတာပဲ။ လူပုံက
တုတ်တုတ်ခိုင်ခိုင် ထောင် ထောင်မောင်းမောင်း၊ နှုတ်ခမ်းမွှေးစစနဲ့..။
လေသံကျတော့ လူနဲ့ မလိုက်ဖက်လောက်အောင် တိုးလျညင်သာပြီး
စကားပြောတဲ့အခါတိုင်းမှာ လက်ကလေးနောက်ပစ်လို့ ကိုယ်ကိုကိုင်းညွတ်
ပြောဆိုဆက်ဆံတတ်ပုံက ရိုသေလွန်း ခယလွန်း တော့ ဘယ်သူမဆို သူ့ကိုတွေ့ရင်
အနိုင်ကျင့် ချင်စရာ အာဏာပြချင်စရာ ကောင်းနေတာပေါ့။
ဒါပေမဲ့
သူ့ထက်ရာထူးကြီးတဲ့ အရာရှိ ကြီးတွေ၊ ဖော်ရိန်းနာတွေက သူ့အပေါ် အာဏာ သုံးပြီး
မာရေကျောရေ ဆက်ဆံတာ၊ ဆီဖိုးတို့ ထမင်းဖိုး တို့ကို ပေးသင့်တာထက် လျှော့ပေး
တာ၊ သူ့အိုဗာတိုင်ချိန်မှာ ကိုယ်ရေးကိုယ်တာ ခိုင်းပြီး ပေးဖို့ကမ်းဖို့ကျ
မသိချင်ယောင်ဆောင် နေတာ.. စတာမျိုးတွေကို ကြားဖူးတာများလို့ မအံ့ဩပေမယ့်
သူနဲ့အဆင့်တူ ဒရိုင်ဘာချင်းက တော့ သူ့ကို အနိုင်ကျင့်လိမ့်မယ် မထင်ခဲ့တာ။
အခုတော့ သူ့ကိုသူတို့ အမျိုးမျိုးဒုက္ခပေးကြ တာကို သီတာ ခဏခဏကြုံရဖူးပြီလေ။
သီတာက အင်ဒိုနီးရှားက အထည်ချုပ် စက်ရုံတစ်ရုံမှာ လုပ်သက် ဆယ်နှစ်ကျော်
လောက် ကြာခဲ့ပြီးလို့ အထည်ချုပ်စက်ရုံရဲ့ ထုတ် လုပ်မှုအပိုင်းနဲ့
ဆမ်ပယ်လ်လို့ခေါ်တဲ့ နမူနာ ထုတ်လုပ်မှုအပိုင်းတွေကို ကြီးကြပ်အုပ်ချုပ်ရသူ့
မန်နေဂျာရာထူးကြီးနဲ့ မစ္စသီသီ ဖြစ်နေခဲ့ပါပြီ။
စက်ရုံမှာ
သစ္စာရှိရှိ ရေရှည်လုပ်လာခဲ့ ရင်း သီတာဆိုတဲ့ နာမည်ပျောက်ပြီး သီသီခေါ်
မစ္စသီသီဖြစ်လာတဲ့ သူဟာ အတွေ့အကြုံနဲ့ လုပ် သက်အရ
အင်ဒိုနီးရှားဝန်ထမ်းများနဲ့ အဆင် ပြေရင်းနှီးစွာ ဆက်ဆံနိုင်ခဲ့သလို
သူဌေးရဲ့ ယုံ ကြည်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ ရ ထားသူပါ။
တစ်နေတော့ အိမ်ပြန်လမ်းမှာ အဲဒီနေ့မှ အသစ်ခန့်လိုက်တဲ့ ဒရိုင်ဘာကို အမှတ်မထင် အင်တာဗျူးမိပါတယ်။
''ရှင် အရင်က ကားမောင်းဖူးရဲ့လား"
"ဟုတ်ကဲ့၊ မောင်းဖူးပါတယ် မစ်စ်"
"ရှင့်နာမည်က.."
" ဝါကီသိုပါ "
ဝါကီသိုဆိုတဲ့နာမည်ကို သီတာ့နှုတ်က ထပ်မံရေရွှတ်ရင်း
"ရှင့်နာမည်က ဂျပန်နာမည်ကျနေတာပဲ၊ ရှင့်ကို ဂျကာတာဘက်ကို ပို့ခိုင်းရင် ရှင်ပို့တတ် ပါ့မလား"
" ပို့တတ်ပါတယ် ခင်ဗျာ၊ ကျွန်တော် ဂျကာတာသားပါ ခင်ဗျ "
" ကျွန်မတို့ တရုတ်ဘုရားကျောင်းဘက် တွေ ဘာတွေ သွားချင်ရင်ရော၊ ရှင်လမ်းသိရဲ့ လား "
" ဟုတ်ကဲ့၊ လမ်းကြောတွေ ကျွန်တော် ကျွမ်းကျင်ပါတယ် ခင်ဗျာ" တဲ့။
သူက ရိုသေသင့်တာထက် လွန်ကျွံစွာ ကားမောင်းပြီး စကားပြောရင်း သီသီမေးသမျှ
ဖြေလိုက်တိုင်းလည်ကုတ်ကလေးများပင် တစ်ချက်တစ်ချက် ပုဝင်သွားလို့..။
"ကောင်းပြီလေ၊ ဒါဆိုဒီတပတ် တနင်္ဂနွေ ကျွန်မတို့ သူငယ်ချင်းတွေ
အပြင်ထွက်ရင် ရှင့်ကို ကျွန်မဖုန်းခေါ်လိုက်မယ်၊သူများတွေပေးသလိုပဲ
ကျွန်မတို့ပေးမယ်၊ ဟုတ်ပြီလား၊ အချိန်တော့ တိကျ ပလေ့စေနော်" လို့ဆိုတော့
.. သူကပြာပြာသလဲ ခေါင်းညိတ်ရှာရဲ့။
သီတာတို့
မိန်းကလေးလေးယောက် အပြင် စက်ရုံမှာအတူလုပ်ဖက် အင်ဒို တရုတ်မ ကြီးကလည်း
အမြဲလို အတူလိုက်တတ်တော့ ငါးယောက်ဖြစ်သွားပြီး ရုံးပိတ်ရက် တနင်္ဂနွေ မို့
အပြင်ထွက်ပြီဆိုရင် နေမဝင်ရင် အိမ်မပြန်ဘူး ဆိုတဲ့ သူမျိုးတွေ..။
အဲဒီထဲမှာ အဘွားကြီးက အဆိုးဆုံး။ သူလိုချင်တဲ့ ပစ္စည်းမရမချင်း အိမ်
ပြန်တတ်သူမဟုတ်တဲ့ပြင် ဈေးဝယ်ထွက်နေရမှ စားဝင်အိပ်ပျော်တဲ့ အရွယ်လွန်
အပျိုဟိုင်းကြီး ပေါ့။ သူ့ဆို ဒရိုင်ဘာတိုင်းက နှစ်ခါခေါ်စရာ မလိုပဲ
အလွယ်လိုက်တတ်တဲ့ အကြောင်းက တော့ ငွေပေးရက်ရောလွန်းလို့ပါ။ တစ်နာရီကို
အင်ဒို ရူပီးယားငွေတစ်သောင်းနှုန်းနဲ့ ဆယ်နာရီ ကားသုံးရင် ဒရိုင်ဘာကို
တစ်သိန်း ပေးရတဲ့ပြင် ဓါတ်ဆီပါဖြည့်ပေးရတာမို့ ဖော်ရိန်းနာတိုင်းအဖို့
ကားသုံးစရိတ်က မသေးလှပေမယ့် အဘွားကြီး ကတော့ ဒါတွေ မှုပုံမပေါ်။
သူ့ခရီးဆုံးလို့ အိမ် ပြန်ရောက်တာနဲ့.. "ရော့..အင့်" ဆိုပြီး
ဒရိုင်ဘာ လက်ထဲ နှစ်သိန်းလောက်ထည့်နေကျမို့ ဒရိုင်ဘာတွေ အတွက်ကတော့ သူပါရင်
ငွေသံ တစ်ချွင်ချွင် ကြားရပြီလို့ မှတ်။
သီသီတို့ချည်းပဲဆိုရင်တော့ ဒါမျိုးဘယ်ရ မလဲ။ မတရားတော့မလုပ်ပါဘူး။
ပုံမှန်ပေါ့။ ခရီးကြာလွန်းလို့ ဒရိုင်ဘာထမင်းလွတ်သွားရင် တော့
စားစရိတ်လေးထည့်ဖြည့်ပေးရတာပါပဲ။ ရူးပီးယားတစ်သိန်းကလည်း မြန်မာငွေ တစ်
သောင်းကျော်လောက် ရှိတာကိုး။
စက်ရုံမှာက ကားလေးစီးနဲ့ ဒရိုင်ဘာက
လည်း ဝါကီသို အပါအဝင် လေးယောက်ရှိပါ တယ်။ ကက်မန်းဆိုတဲ့ ပိန်ညောင်ညောင်လူ
ရယ်၊ ဗိုက်ရွှဲရွှဲနဲ့ ဘီယာ သိပ်ကြိုက်တဲ့ဂိုနာဆို တဲ့ လူကြီးရယ်၊
နောက်တစ်ယောက်ကတော့ ဂျက်မီကိုဆိုတာရယ်..။ သူတို့ သုံးယောက်စလုံး
ကားမောင်းကျွမ်းကြရုံမက ဘယ်လမ်းကြောက လမ်းကြောကြပ်ပြီး ဘယ်လမ်းရွေးရင်တော့
ပို အဆင်ပြေမယ်၊ အချိန်ကုန် ဆီကုန်သက်သာမယ် ဆိုတာသိကြတယ်။ ဒါက
ဒရိုင်ဘာတစ်ယောက် မှာ ရှိသင့်တဲ့ အရည်အချင်းတွေထဲက အရေး ပါတဲ့
အချက်တစ်ရပ်မဟုတ်လား။ "ဒါမှ သီတာ တို့ ဖြည့်ထားတဲ့ ဆီနဲ့လောက်မှာလေ"။ သီတာ
တို့ကတော့ ပါးတယ်ပြောပြော၊ ကပ်တယ်ပဲဆိုဆို သွားမယ့်နေရာနဲ့မှန်းပြီး
ဆီကိုလောက်ရုံလေးပဲ ဖြည့်တာ။ အင်း.. အများစုကတော့ ကိုယ်လို သူလို
လူမျိုးချည်းပါပဲလေ။
ကိုယ် ကားသုံးတော့မယ်ဆို ဆီမရှိတတ် သလိုပဲ
ကိုယ်သုံးပြီးလို့ ကားကိုထားရစ်တဲ့ အခါမှာလည်း ဆီအများကြီး မကျန်စေရဘူး။
ဒီလိုမှမဟုတ်ရင် ဒရိုင်ဘာတွေ ဆီရောင်းစားပြီး အကျင့်ပျက်တာမျိုး
ဖြစ်နိုင်သလို နောက်သုံးသူ က ကိုယ်ဖြည့်ထားတဲ့ဆီကို အခန့်သားသုံးပြီး
ပြန်မဖြည့်ခဲ့တာမျိုးလည်း ကြုံရတတ်လို့လေ။ ဒါပေမဲ့
ဒီကိစ္စနဲ့ပတ်သက်ရင် သီတာတို့ အမှတ်လည်းလျှော့၊ စိတ်လည်းလျှော့ထားရသူ
တစ်ယောက် ရှိတယ်။ သူက ဂျက်လို့သီတာတို့ အတိုကောက်
ခေါ်လေ့ရှိတဲ့"ဂျက်မီကို"ပါ။ အင်ဒိုလို "မာကြပ်"လို့ခေါ်တဲ့ ကားလမ်းကြပ်
တာကို ရှောင်နိုင်စွမ်းတဲ့ သူ့အရည်အချင်းကို သဘောကျပေမယ့် ဆီဖြည့်ခါနီးကျ
အတော် ကပ်တီးကပ်ဖဲ့နဲ့ ဦးနှောက်စားရအောင် လုပ် တတ်သူပါ။ သူ့ပုံစံက
ဒရိုင်ဘာနဲ့လုံးဝမတူပဲ နေကာမျက်မှန်ရယ်၊ ရေမွှေးနံ့တသင်းသင်းရယ် နဲ့
မော်ဒယ်လ်ဘွိုင်းလို ဆိုက်မျိုးဂိုက်မျိုးနဲ့ဖြစ်ပြီး ဆီဖြည့်မယ်ဆို
ဘယ်တော့မှ ရူပီးယားငွေ ငါးသောင်းအောက် မဖြည့်ချင်တဲ့သူပါ။
သူ့ကို
နှစ်သောင်းတန်လေးတစ်ရွက်ပေး လိုက်ရင် ဘယ်တော့မှ ဆီဖြည့်ခိုင်းတယ်လို့
မထင်။ ဂိတ်ဝင်ကြေး၊ တံတားဖြတ်ကြေးပေး တယ်ထင်ပြီး
ဒက်စ်ဘုတ်ထဲထိုးထည့်တတ်လို့ ငွေထုတ်ပေးသူမှာ ယောင်နနနဲ့ အခက်ကြုံရ တတ်တယ်။
သူကတော့ သူ့ကားက ဆီအရမ်း စားပြီး ဖော်ရိန်နာတွေက အဲယားကွန်း ဖွင့်သုံး
နေကျမို့ ဆီကို အနည်းဆုံးငါးသောင်းဖိုးလောက် ဖြည့်သင့်ကြောင်း
ပြောနေကျဖြစ်ပြီး နှစ်သောင်း ဖိုး သုံးသောင်းဖိုးလောက်ပဲ
ဖြည့်ခိုင်းမယ်ဆိုရင် သူ သိပ်အရှက်အကြောက်ကြီးတတ်ပုံကို မြင်ကြ
ရတော့တာပါပဲ။
ဒါ့ပြင် သီတာတို့ မသွားဖူးတဲ့တစ်နေရာရာ ကို
သူနဲ့များသွားမိရင် လမ်းကြောမသိပဲနဲ့ သိ သလိုလိုလုပ်ပြီး
တကယ်လမ်းမှားတော့မှ ကားရပ်ကာ တွေ့ရာလူကို မေးတတ်သူပါ။ သူ့ ကြောင့်လည်း
သီသီတို့စိတ်ရှုပ်ကြရတာပဲ။
စက်ရုံမှာက ဒရိုင်ဘာလေးယောက် အ တွက်
ကားလေးစီးရှိရာမှာ ကိုယ့်ကားကိုယ် ထိမ်းသိမ်းရ သန့်ရှင်းရေးလုပ်ရတဲ့အပြင်
အထိ အခိုက် အပွန်းအပဲ့မရှိအောင်လည်း တာဝန်ယူ ကြရပါတယ်။ ရုံးဖွင့်ရက်မှာတော့
ဧည့်သည် ကြိုပို့ဖို့၊ ချုပ်ပြီးသားအထည်တွေပို့ဖို့နဲ့ တခြား ရုံးကိစ္စတွေ
အတွက် ကားသုံးတဲ့အခါ ဆီဖိုးနဲ့ ဂိတ်ဝင်ကြေးတွေ ပေးဖို့ကိစ္စကို စီစဉ်သူက သူ
တို့အထက်က ရာနို့ဆိုတဲ့ သူတို့ ဆရာမပေါ့။
သူတို့တတွေ
ထိန်းသိမ်းသန့်ရှင်းရေးလုပ် ကြတာလည်း များသောအားဖြင့် ကားပြင်ပ
ပိုင်းသာဖြစ်ပြီး ကားအတွင်းပိုင်းကို မသန့်ရှင်း ကြတာချင်းတူတူ
အမှတ်လျှော့ခံရဆုံးကတော့ ဂိုနာ ဆိုတဲ့လူကြီးပေါ့။ သူ့ကားကို တံခါးဖွင့်ပြီး
ဝင်ထိုင်လိုက်တာနဲ့ ဘီယာနံ့ကတသင်းသင်း၊ မြေပဲခွံတွေကလည်း ကားခေါင်းခန်းမှာ
ဗလပွ ကြဲနေတော့ သူ့ဘေးဝင်ထိုင်ရသူအတွက် စိတ် ပျက် နှာခေါင်းရှုံ့ချင်စရာ။
သူ့အကျင့်က အိမ် မပြန်ခင်ကားသိမ်းခါနီး ကားခေါင်းထဲမှာ ကက်
ဆက်ကလေးဖွင့်ပြီး ဘီယာချတတ်တာကိုး။
ဒါ့အပြင်
ကြောင်လို့နာမည်ပေးထားတဲ့ ကက်ဗန်း ဆိုတဲ့ ဒရိုင်ဘာကျတော့ တစ်မျိုး။ သူက
ကားမောင်းတာသိပ်မြန်ပြီး သူ့ကားမှာ လျှိုဝှက် လေယာဉ်စက် တပ်ထားတယ်လို့ သူ့
ကိုယ်သူတင်စားြွကားရတဲ့အထိ တဝှီးဝှီးနဲ့ သွား ချင်တဲ့ခရီးအရောက်
အချိန်တိုတိုနဲ့ ပို့ဆောင်နိုင် တဲ့သူ။ ဒါပေမဲ့ ကုန်းတက်ကုန်းဆင်းတို့
ဂငယ် ကွေ့တို့ဆိုရင် အသည်းတစ်ထိတ်ထိတ်နဲ့..။ ရှေ့ကားပိတ်လို့
ကျော်တက်တဲ့အခါ လမ်းကြော ပြောင်းပြန်ဘက်ကိုယူပြီး ရဲရဲတင်းတင်း မောင်း
တတ်တာမို့ မျက်နှာချင်းဆိုင်လာတဲ့ကားနဲ့ တည့် တည့်ရင်ဆိုင်တိုးမိတိုင်း
သီတာတို့တတွေက တော့ ဒီဘဝဒီမျှသာလို့ အောက်မေ့မိတာလည်း ခဏခဏပါပဲ ။ ဒါကြောင့်
တခြားသူမအားလို့ သူ့ကိုခေါ်မိရင် အသက်ကိုဖက်နဲ့ ထုတ်ခဲ့ကြလို့
ဆိုရမလိုလို..။ ဖက်မရှိတော့လည်း သီတာတို့ အားလုံး အသက်ကို
တစ်သျှူးလေးတွေနဲ့ ထုတ် ပြီး သူပို့တဲ့ခရီးကို လိုက်ပါကြရပါတယ်။
ဂျပန်မင်းသားလို့ တင်စားခေါ်ဖြစ်ကြတဲ့ နောက်ဆုံးခန့်တဲ့ ဒရိုင်ဘာ ဝါကီသို
နဲ့ သီတာတို့ အဖွဲ့ဈေးဝယ်ထွက်တဲ့နေ့ကိုတော့ မမေ့နိုင်အောင် ဖြစ်ရတယ်။
အဲဒီနေ့က ခါတိုင်း ရှော့ပင်းထွက် နေကျနေ့တွေလိုပဲ
အင်ဒိုအဖွားကြီးလိုက်မယ်ဆို လို့ သူ့အိမ်ဝင်ခေါ်ဖို့ သီတာတို့ဝိုင်းလမ်းညွှန်
တဲ့စကားမှမဆုံးခင် ကိုယ်တော်ချောက အနီးဆုံး နဲ့ အဆင်ပြေဆုံးလမ်းကို
ရွေးနှင့်ပြီးနေပြီ။ သူ ဂျကာတာသားလို့ပြောတာ ဟုတ်မှာပဲလို့ တွေး ကြလို့မှ
မဆုံးခင် အဘွားကြီး ကားပေါ်ပါလာ ပြီးမှ ပြဿနာစ ပေါ်ပါတော့တယ်။
အဘွားကြီးက "'သရက်သီးနှစ်လုံး"'လို့ အဓိပ္ပါယ်ရတဲ့ (မန်ဂါး ဒူဝမောလ်) ကို
သွား ချင်သတဲ့လေ။ သူက အဲဒီမောလ်ကျ ဘယ်မှာရှိ မှန်း မသိဘူး။ လူသိများတဲ့
နာမည်ကြီးမောလ် ကို မသိရှာတဲ့သူ့ကို သီတာတို့က သဘောထား ကြီးစွာ
လမ်းညွှန်ပေးလိုက်တော့ ရောက် အောင်တော့ သွားတတ်ပါရဲ့။ ဒါပေမဲ့ မောလ်ထဲ ကို
ဘယ်လိုဝင်ရမှန်းမသိပြန်..။
အဖြစ်ကတော့ ဧရာမ ဆိုင်းဘုတ်ကြီးတွေ
မြင်နေရပြီဖြစ်တဲ့ အချွန်အတက်ထိုးထိုးထောင် ထောင်နဲ့ အဲဒီကုန်တိုက်ဆီ
ရောက်အောင် သူ မသွားတတ်ပါ။ တိုက်ရိုက်သွားလို့ရမယ့် လမ်း ကို
တွေ့လိုတွေ့ငြား စမ်းတဝါးဝါးနဲ့..။ လမ်း မကြီးပေါ်မှာ ဂငယ်ကွေ့ကွေ့လိုက်၊
ရှေ့တိုး နောက်ဆုတ်လုပ်လိုက်နဲ့ ပတ်ရှာလိုက်တာ အချိန်
ဘယ်လောက်ကြာသွားတယ်မပြောတတ်..။ သူ့အဖြစ်က ဝင်္ကပါထဲရောက်ပြီးမှ ထွက်ပေါက်
ပြန်မတွေ့တော့တဲ့ ကလေးငယ်တစ်ယောက် လို..၊ ပန်းတိုင်မြင်နေရပါလျက်နဲ့
လမ်းလွဲလိုက် မိတဲ့သူလို..။ မောလည်းမော၊ နွမ်းလည်းနွမ်းနဲ့
ချာလပတ်တွေလည်လို့။ ဒါတင်မက ဘေးမှာ ထိုင်နေတဲ့ အင်ဒိုအဘွားကြီးရဲ့
"'ဘယ်နှယ်လဲ၊ မရောက်သေးဘူးလား "'ဆိုတဲ့ ခုနှစ်သံချီ ရင် ခေါင်းသံကြီးကလည်း
သူ့မျက်နှာကို ဆီးရွက် ထက်သေးတဲ့၊ မန်ကျည်းရွက်လေးဘဝ ပြောင်း စေရုံမက
ဇောချွေးတွေပါ ပြန်စေပါတော့တယ်။
နောက်ဆုံး သူ့အဖြစ်ကို
မကြည့်ရက်တော့ တာနဲ့ တခြားဒရိုင်ဘာတွေဆီ ဖုန်းဆက်မေးဖို့ အကြံပေးရတယ်။
ရှက်တော့လည်း ရှက်စရာ ပေါ့။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ကံအား လျော်စွာ
ဂိုနာရဲ့လမ်းညွှန်မှုနဲ့ ကုန်တိုက်ထဲ ရောက်တော့ သွားနေကျ သီတာတို့အုပ်စုက
သူ့ကို ကားပါကင်သုံးလွှာရှိရာမှာ တတိယထပ် နံပါတ် စီ မှာ နေရာယူစောင့်ဖို့
အသေအချာမှာ လိုက်ပါတယ်။ သူကတော့ သူ့မူအတိုင်း လက် ကလေးယှက်၊
ခေါင်းကလေးညိတ်လို့..။ " စိတ်ချ၊စိတ်ချ မစ်စ် " တဲ့။တကယ်တန်း
ပစ္စည်းတွေ အားလုံးဝယ်ခြမ်းပြီးကြလို့ ကား ပါကင်ထဲရောက်တော့ ကားကို
လုံးဝရှာလို့ မ တွေ့ပါဘူး။ ဒါကြောင့် သူ့ဆီ ဖုန်းဆက်ကြည့် တော့ "
ကျွန်တော်စောင့်နေပါတယ်၊ လှေကား နဲ့ကပ်ရက် နိုးစမုတ်ကင် ( No smoking )
ဆိုတဲ့ ဆိုင်းဘုတ်နား မှာ"တဲ့လေ။ သီတာတို့တတွေလည်း လှေကား ရှိတဲ့
ဘယ်ဘယ်ထောင့်ကိုကပ်သွားတော့ ဆိုင်းဘုတ်တော့ တွေ့ပါရဲ့။ အဲဒီနားက ကားက
ကိုယ့်ကားမဟုတ်ပြန်ပါဘူး။
" သူပြောတာ ဒီဆိုင်းဘုတ်နားပဲတဲ့၊
ဒီနား တဝိုက်နေမှာပဲ" ဆိုတဲ့ သီတာ့စကားကို သူငယ် ချင်းမက " ရှာမနေနဲ့တော့၊
ဒီနားမှာမရှိရင် သူ အလွှာ ဘီနဲ့အေတစ်ခုခုမှာ ကားမှားထိုးထားတာ ဖြစ်မယ်၊
ဒီမှာတော့ ရှိမှာမဟုတ်ဘူး" ဆိုလို့ သီတာ သက်ပြင်းတစ်ချက်ချလိုက်မိတယ်။ ပြီး
တော့ သူ့ဆီဖုန်းဆက်လိုက်ပြီး အဖော်များကို တော့ " ကဲ၊ တို့တတွေ သူ့ကို
မောလ်ရှေ့ကပဲ စောင့်ကြစို့" လို့ပေါ့။
ကားပါကင်ထဲက
ကွေ့ဝိုက်ပြီးထွက်လာ ရတဲ့ ကားတန်းရှည်ကြီးကို စောင့်လိုက်ရချိန်က သီတာတို့
ဈေးပတ်တာထက်တောင် ကြာသွား သလိုမို့ သူငယ်ချင်းမက " တော်လိုက်တဲ့ ဂျာ
ကာတာသား" လို့ ရေရွတ်ပါတယ်။
သူနဲ့ ဒီလို ပထမဆုံး
ဆုံစည်းပြီးတဲ့နောက် ရုံးကိစ္စနဲ့ သူ့ကားသုံးဖြစ်တဲ့အခါ ထပ်တွေ့ကြရ
ပြန်တယ်။ ရုံးဖွင့်ရက်များမှာ ချုပ်ပြီးအထည် တွေ ဝယ်သူ့ဆီပို့ရတာတို့၊
ဝယ်သူ့ဘက်က အရည်အသွေးစစ်ဆေးသူ (အင်စပက်တာ)များ ကို ကြိုပို့လုပ်ရတာတို့မှာ
ကားသုံးရတဲ့အခါ ဒရိုင်ဘာတွေရဲ့ စိတ်နေစိတ်ထားက ဖုံးမရ အောင် ပေါ်လာတတ်ပါတယ်။
အဲဒီလိုအလုပ်ကိစ္စနဲ့ ဂျကာတာ(မြို့ထဲ)ကို သွားမယ်ဆိုရင် ဆီဖြည့်ဖို့ကို
သူတို့ဆရာမရာနို့ က တာဝန်ယူပေမယ့် ဂိတ်ဝင်ကြေးနဲ့ ကားပါမစ် ဖိုးတွေကိုတော့
ကားသုံးသူ သီတာတို့က အကုန်အကျခံရပြန်ပါတယ်။ ဒီလို ကားသုံးတဲ့ အခါမှာ
တိုက်ရိုက်တာဝန်ရှိတဲ့ သီတာက ဒရိုင် ဘာကို လမ်းစရိတ်နဲ့မုံ့ဖိုးငွေနည်းနည်း
ခန့်မှန်း ပေးတတ်လေ့ရှိသလို ပေးတိုင်းလည်း ဒရိုင်ဘာ တွေက
လောက်တယ်လို့မရှိပဲ လက်ဖက်ရည် ထပ်တောင်းတာမျိုး၊ တစ်ခါတစ်ခါ ရာနို့ထည့်
ပေးတဲ့ဆီက လမ်းတစ်ဝက်စာသာရှိတယ်ဆိုပြီး သီတာကစိုက်ထည့်ပေးဖို့ နောက်သလိုလို
ပူဆာ တာမျိုးတွေ ကြုံရတတ်တော့ သီတာ့စိတ်ထဲ မကြည်မလင်ဖြစ်ရစမြဲပါ။
ဒါပေမဲ့ ဝါကီသိုနဲ့သွားတဲ့တစ်နေ့မှာတော့ သီတာပေးသလောက်ကို လက်ခံတဲ့အပြင်
ပိုငွေ ကိုပါ တစ်ပြားမကျန်ပြန်ပေးတော့ မယုံနိုင် အောင် အံ့အားသင့်ရပြန်တယ်။
သီတာက ထပ် ပေးမှသာ သူ့မုံ့ဖိုးကို သူယူရဲတာ တွေ့ရတယ်။
ဝန်ထမ်းတစ်ယောက်ရဲ့
ရိုးသားမှုနဲ့ ထူးချွန်မှု ဟာ အမြဲဒွန်တွဲမတွေ့နိုင်ပေမယ့် ရှားရှားပါးပါး
တွေ့ရတတ်တဲ့ အခုလိုရိုးသားမှုမျိုးကိုတော့ ဥပက္ခာမပြုသင့်ဘူးလို့
သီတာထင်တာပဲ။
ရာနို့နဲ့စကားစပ်မိတဲ့အခါကျ ဝါကီသိုဟာ
သူ့ရှိတဲ့ပိုက်ဆံလေးနဲ့ ခြစ်ကုတ်ပြီး ဆီကိုထည့် ထားတတ်တာကြောင့် ကားမနာသလို
သူ့ကား ကို သူကလွဲပြီး တခြားလူကိုသုံးခွင့်မပေးဖို့ လည်း သူ့ဆရာမကို
ပြောတယ်တဲ့လေ။ အလုပ် ချိန်ပြီးလို့ အပြေးအလွှားသော့လာအပ်တိုင်း ဆီ
ဖြည့်ပြီးကြောင်းပြောလို့ တခြားကားတွေလို ဆီ အများကြီးဖြည့်စရာမလိုပဲ
ဆီဖိုးဆိုပြီး မုန့်ဖိုးငွေ နည်းနည်းပါပါး ပေးလိုက်ရင်ပဲ အိုကေပြီ တဲ့။
ကောင်းလိုက်တာ၊ ဟုတ်လိုက်တာပေါ့။ ဒါပေမဲ့ အတီးအတ အူကြောင်ကြောင်
သူ့ပုံစံ ကြောင့် ဒရိုင်ဘာအချင်းချင်းက လူလည်ကျ အနိုင်ကျင့်ချင်ကြတဲ့အပြင်
လမ်းမသိပဲ ဒရိုင်ဘာ လုပ်တာဟာ ဒရိုင်ဘာဂုဏ်သိက္ခာ ထိခိုက်တယ် လို့
ပြောတတ်ကြသေးတာ။ ဒါကိုလည်း ခံရ ပါများတဲ့ သီတာတို့တောင် လက်ခံရမလို ဖြစ်
နေတာ။ သူလိုက်ပို့လို့ မရောက်နိုင်ဖြစ်နေတိုင်း တခြားဒရိုင်ဘာကို
ဖုန်းဆက်မေးရင် နောက် ပြောင်ပြီး လမ်းတလွဲပြောတတ်လို့ သီတာတို့နဲ့ ဆို
ပြဿနာသိပ်မကြီးကျယ်ပေမယ့် တခြား ကုမ္ပဏီကို အချိန်မီ ပစ္စည်းပို့ရမှာမျိုးဆို
ဝါကီသို တစ်ယောက် ဇောချွေးပြန်နေရော။ အချင်းချင်း ကူညီမှပေါ့လို့ သီတာက
သူတို့ကို ကြုံတိုင်း ပြောပေမယ့် "ဒါတွေက ကိုယ့်ဖါသာ လေ့လာ သင်ယူရတာ၊
ပါရမီလည်းရှိမှ.." တဲ့။ စကား ကြီးစကားကျယ် ပြောတတ်ကြသေးတယ်။
သူကလည်း သူတို့ပြောလည်း ပြောချင် စရာပါပဲ။ ရုံးဖွင့်ရက် နေ့လည်ပိုင်း
သူပစ္စည်းပို့ တဲ့အခါ ဟိုအင်ဒိုအဘွားကြီးက သူလည်း အလုပ်ပါးရင်
အဖော်တစ်ယောက်ခေါ်ပြီး လမ်း ကြုံဈေးဝယ်လိုက်တတ်တယ်။ လမ်းတစ်ဝက်
ဈေးတစ်ခုခုမှာ ဆင်းကျန်ခဲ့ပြီး အပြန်ကျ ဝင် ကြိုပြီး
ရုံးပြန်ပို့ရတာမျိုးပေါ့။ အဲဒါကို ရုံးပိတ် ရက်မှာ ဈေးဝယ်ထွက်လို့
အဘွားကြီးပါလာ တိုင်း ဝါကီသိုမေးတတ်တာက "ရုံးကို ပြန် သွားဦးမှာလား ခင်ဗျ"
တဲ့။ မနက်ကပဲ သူ အိမ်မှာ လာခေါ်ခဲ့ရသူကို ဒီလိုမေးပုံက အတော်
အူကြောင်ကြောင်နိုင်တာမို့ အဘွားကြီးကလည်း အရွဲ့တိုက်ပြီး
"အေး၊
နင်ပြန်ပို့ချင်လည်း ပြန်တာပေါ့၊ နင့်ကားထဲမှာလည်း ဆီရှိမယ်ဆိုရင်.."လို့
ပြော တာကို တကယ်ထင်ပြီး ရုံးသွားတဲ့လမ်းကို ကားကွေ့လို့ မနည်းပြန်တားရတာ
ကလည်း နှစ်ကြိမ်သုံးကြိမ်မကမို့ သူ့ကိုတော့ လက်မြှောက်ထားရတော့တာပါပဲ။
အခုလို သူ့ကိုစိတ်တိုင်းမကျတဲ့ အပြင် ဒေါသထွက်ရတာတွေတောင် ရှိပေမယ့် သီတာ
တို့တွေဆုံမိလို့ အပြင်ထွက်ခါနီး ဒရိုင်ဘာရွေးတဲ့ အခါတိုင်း ဝါကီသိုကိုပဲ
ကန့်ကွက်မဲမရှိ ရွေးချယ် မိကြတာကတော့ ရိုးသားခြင်းနဲ့ကြိုးစားခြင်းမှာ
အမှတ်ပြည့်ပေးမိသလောက် သူ့ရဲ့လွဲချော်မှုတွေ အတွက်ကတော့
အနှုတ်လက္ခဏာပြစမြဲပေမယ့် တခြားလူတွေထက် သူ့ကို ပုဂ္ဂိုလ်ရေးခင်မင်မိ လို့
ဆိုတာကို သီတာတို့တတွေ ဝန်ခံရမှာပါ။
သူနဲ့သွားတဲ့ခရီးမှာ
ကားကြောကြပ်နေတဲ့ အခါ သီတာတို့ထဲက ခပ်သွက်သွက် မေရီက တခြားသူတွေဆို
ဒီလောက်အကြာကြီး လမ်း ကြောကြပ်နေရင် နည်းလမ်းရှာတတ်တယ်လို့ စကားစတော့
သူ့မျက်နှာညှိုးသွားပြီး ခေါင်းကို တစ်ဗျင်းဗျင်း ကုတ်လို့သာ အဖြေပေးရှာပါ
တယ်။
ဒါပေမဲ့ ဒီလို ကားကြောကြပ်တဲ့တစ်နေ့၊ ဆယ့်ငါးမိနစ်လောက်အထိ
ကားထွက်မရပဲ ပိတ်မိနေခိုက်မှာ စူပုတ်နေတဲ့ သီတာတို့မျက်နှာ တွေကို
ကားမှန်ထဲက မရဲတရဲကြည့်ပြီး ဘတ်စ် ဝေးလို့ ခေါ်တဲ့ မြို့ပတ်ကားတွေသာ မောင်း
ခွင့်ရတဲ့ ဘေးက ကားလမ်းကျဉ်းထဲကို ဘာ မပြော ညာမပြော ကွေ့ချလိုက်ပါတော့တယ်။
တရစပ် ပိတ်နေတဲ့ကားတန်းကြီးရဲ့ ဘေးက မြို့ပတ် ကားလမ်းပေါ်မှာ
အရှိန်ပြင်းပြင်းမောင်း နေတဲ့ သီတာတို့ကားကလေးကို တခြားကား ပေါ်က လူတွေက
တအံ့တဩငေးမောလို့ ပေါ့။
အမှန်က အချိန်နဲ့ထွက်နေတဲ့ မြို့ပတ်ကား
တွေအတွက် သီးသန့်ဖြစ်တဲ့ ဒီလမ်းပေါ်မှာ ညနေ ငါးနာရီကျော်လို့
မြို့ပတ်ကားမထွက်မှ သာ မောင်းခွင့်ရပြီး ကျန်အချိန်တွေသုံးမိရင်
လိုင်စင်သိမ်းခံ၊ ဒဏ်ရိုက်ခံရမယ်ဆိုတာ သိ ထားရက်နဲ့ ညနေသုံးနာရီလောက်
ဒီလမ်းပေါ် ရောက်နေတဲ့ သီတာတို့တစ်တွေ ဝါကီသိုကို အပြစ်ပြောရမှန်း၊
စိတ်ဆိုးရမှန်း မသိတဲ့အပြင် တဟေးဟေးနဲ့ လက်ခုပ်လက်ဝါးတီးပြီးတောင်
အားပေးလိုက်ကြပါသေးတယ်။
သိပ်မကြာပါဘူး။ ဆုံးလုဆုံးခင် မြင်နေ
တဲ့လမ်းကွေ့လေးမရောက်ခင် ဘွားကနဲ လက် ပြ တားလိုက်သူက ယာဉ်ထိန်းရဲမို့
အားလုံး စိတ်ဓါတ်ကျသွားပါတယ်။ ရုံးကားကို ယူသုံး မိခိုက် ပြဿနာကြီးငယ်
ဘယ်သူမှ မဖြစ်ချင် ကြဘူးလေ။ သူကတော့ သူ့ဟန်အတိုင်း ရို့ရို့ ကျိုးကျိုး
အမူအရာနဲ့ ကားပြတင်းပေါက်က စကားပြောနေရာက ယာဉ်ထိန်းရဲနားအထိ လိုက် သွားပြီး
ခြေဟန်လက်ဟန်နဲ့ပါ ကပ်တောင်းပန် နေသလိုမျိုး ပြောဆိုနေတာကို သီတာတို့ မြင်
နေကြရပါတယ်။ အတန်ကြာ ညှိနှိုင်း ပြောဆို ပြီးတဲ့နောက် ဆယ်မိနစ်လောက်ကြာမှ
ကားထဲ ပြန်ဝင်လာတဲ့ သူ့ပုံစံကတော့ ဘာမှမဖြစ်တဲ့ ပုံစံမျိုး..။လက်ထဲမှာလည်း
လိုင်စင်လေးပြန်ပါ လာရဲ့။ ကားထဲရောက်တော့မှ သူလှမ်းလက်ပြ နှုတ်ဆက်နေတဲ့
ယာဉ်ထိန်းရဲတွေကို ကြည့်ပြီး သက်ပြင်းကိုယ်စီချရင်း..
"ဘယ်လိုလဲ ကိုယ့်ဆရာရဲ့"လို့ သီတာ တို့တတွေ မေးမိတော့-
"စိတ်မပူပါနဲ့၊ အားလုံး အဆင်ပြေသွားပါ ပြီ" တဲ့လေ။ လေကလေးတောင်ချွန်ရင်း
ဒီလို အဖြေပေးတဲ့ သူ့ကို ပထမဆုံးအကြိမ် အထင် ကြီးမိတယ်။ သီတာတို့ဆီကို
ပြဿနာမြားဦး မလှည့်စေပဲ ကိုယ့်အမှားကိုယ် တာဝန်ယူရဲသူ ရယ် လို့ပေါ့။
သူ့နေရာမှာ တခြားသူဆိုရင်..။
အင်း..။ ရဲနဲ့ပြေလည်အောင်
ဘယ်လိုလုပ် ခဲ့ရတယ်ရယ်လို့ ပြောဆိုပြီး သီတာတို့ဆီက တောင်
တစ်ခုခုညှစ်ထုတ်ဖို့ စိတ်ကူးကောင်းကူး မှာ..။ သီတာတို့
ဒီလိုတွေးမိတဲ့အကြောင်းက စာရိတ္တပိုင်းမှာ သူ့ကိုဆို ကြားဝင် အာမခံရဲနိုင်
လောက်အောင် ယုံကြည်စိတ်ချရသူမို့ပါ။ သူ့ ကားထဲကျန်ခဲ့တဲ့
ပိုက်ဆံအိတ်သေးသေးလေး တွေ၊ သော့တွဲလေးတွေ၊ မုန့်ထုတ်ကလေးတွေ အပြင်
ကားကက်ဆက်နားမှာထားတဲ့ မြို့ဝင် ကြေး၊ ကားပါကင်ကြေးတွေအတွက် ထိုးထည့် ထား
တဲ့ ပိုက်ဆံများက ပိုတဲ့ ငွေကြေးစတွေ..။ သီတာတို့ ပြန်မရဖူးတာ တစ်ခါမှ
မရှိခဲ့။ တခြား ကားမှာ ကျန်ခဲ့ရင်တော့ ကိုယ်သတိပေးနိုင်၊ တောင်းနိုင်မှ
ပြန်ရပြီး မေ့ပြီး သတိမပေးမိရင်မတောင်းမိရင် သူတို့အိတ်ထဲရောက်၊ သူတို့အိမ်
အထိ ပါသွားပြီလို့ မှတ်ရတော့တာပါပဲ။
ဒါပေမဲ့
သူ့ကိုသုံးပြန်တော့လည်း သူက လမ်းမသိလို့ အမြဲလိုမေးနေရတော့ လမ်းမသိ တဲ့
ယာဉ်မောင်းကို သုံးမိတဲ့ သီတာတို့မှာ အများ အမြင်မှာ
ဟားစရာဖြစ်ဖြစ်နေတတ်တော့ သူ ပြောဖူးခဲ့တာကို သတိရပြီး သူ့ကိုစိတ်ဆိုး
ပြောမိ တဲ့အခါလည်း ရှိတယ်။
"ရှင်ကလေ၊ သိပ်အတာပဲ၊ ပြောတော့ လည်း
ဂျာကာတာသားတဲ့၊ ပြီးတော့ အမြဲပဲ ချာချာလည်နေတာပဲ၊ ဂျာကာတာသားဆိုပြီး
ဘာမှလည်းမသိဘူး"လို့ဆိုတော့-
မျက်လုံးကလေး ပေကလပ်ပေကလပ်နဲ့
"ကျွန်တော်ကမွေးတဲ့အချိန်ပဲ ဂျာကာတာ သားခင်ဗျ၊ ကြီးတော့ ဘာရတ် (Barat)
ဘက်မှာ ကြီး တာ၊ ကျွန်တော်အမျိုးသမီးက သူ့အဒေါ်ဆုံးပြီး ညီမဝမ်းကွဲ
မီးဖွားလို့ အတူလာနေရင်း ဒီမှာ အခြေချဖြစ်သွားတာ၊ ဒါကြောင့်ပါ၊ ဂျာကာတာ
ဆိုတာ ဘာရတ်လောက် ဘယ်ကျယ်မလဲ၊ သုံးပုံ တစ်ပုံလောက်ပဲ ရှိမှာ၊ ဒီမှာက
လမ်းတွေက ဆင်တူပြီး တစ်လမ်းမောင်းတွေများလို့ မှား သွားရင် ပြန်ပြန်ပတ်ပြီး
မောင်းရလို့ပါ၊ အဟီး၊ တကယ်လို့ ကျွန်တော်ကားမောင်းကျွမ်းကျင် တာ သိချင်ရင်
ကျွန်တော်တို့မြို့ကို လိုက်လည် ပါ။ အဲဒီမှာဆို ဘယ်မှာတောင်ရှိတယ်၊ ဘယ်မှာ
ပင်လယ်ရှိတယ်၊ ဘယ်စားသောက်ဆိုင်က ကောင်းတယ်ဆိုတာတွေ ကျွန်တော်အသိဆုံး"
လို့ သူ့ရင်ဘတ်ပုတ်ပြီး အားတက်သရော ပြောနေပြန်လို့ သူငယ်ချင်းတစ်ယောက်က-
" အမလေး၊ သူကားမောင်းကျွမ်းတာ သိ ဖို့ပဲ ငါတို့က စရိတ်အကုန်ခံပြီး သူ့မြို့လိုက် လည်ရဦးမတဲ့၊ မပြောလိုက်ချင်ဘူး"
လို့ မြန်မာလို ဝင်ပြောပါတယ်။
သီတာကတော့ သူ့စကားကို တုံ့ပြန်မပြော ဖြစ်ပဲ ကားအရှိန်နှေးသွားတာကို သတိထားမိ ရင်း မကြာခင် လမ်းဘေးတစ်နေရာမှာ ရပ်လို့
"...ဒီလမ်းကလေ.. ဟိုရှေ့နားကျရင် ကျောင်းရှိတယ်မဟုတ်လား၊ ဘယ်ဘက်မှာလေ၊
ညာဘက်က အမှိုက်တွေစုသိမ်းတဲ့နေရာ၊ ဪ အင်း- မဟုတ်ဘူးလား၊ အင်း-လမ်းတွေက
တူနေတော့..."
ဆိုတာမျိုးနဲ့ အူကြောင်ကြောင် စမ်း တစ်ဝါးဝါးနဲ့ လမ်းမေးခြင်း အစီအစဉ် စတင် တော့မှာဖြစ်ကြောင်း သိလိုက်ရပြန်ပါတယ်။
လူတစ်ယောက်မှာ ရိုးဖြောင့်မှုရော ထူး ချွန် ထက်မြက်မှုပါ တပြိုင်နက်
ပြည့်စုံဖို့တော့ ခဲယဉ်းလှတယ်ဆိုတာ လက်မခံမဖြစ် လက်ခံ ရရင်း ကားကူရှင်ပေါ်
ခေါင်းတင်ပြီး မျက်လုံး အစုံကိုသာ ဇွတ်မှိတ်ထားမိပါတော့တယ်။
အင်း..။ အင်ဒိုဌာနေတွေရဲ့ ပါးစပ်ထဲမှာ သီတာနာမည်ပျောက်ပြီး "သီသီ" ဖြစ်နေရသူ မှာ ကိုရွှေဒရိုင်ဘာ ဝါကီသိုနဲ့ တွေ့တော့မှ " ကသီကရီ "လို့ နာမည်ထပ်ပြောင်းရလိမ့်မယ် နဲ့ တူပါရဲ့။ ။
စုသဲမွန်
အမ ဒီဝတ္ထုလေးကိုဖတ်ရတာလေ..စိတ်ထဲမှာတစ်ခုခု လိုနေသလိုခံစားရတယ် အမ ဆရာလုပ်တာတော့ဟုတ်ပါဘူးနော်.. ဝေဖန်ပြီးလေကန်ကြည့်တာပါ.. :D
ReplyDeleteu r Fri Moe Thae Ko Ko
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် :)
Deleteအားပေးသွားပါတယ်.... :D
ReplyDeleteကျေးဇူးတင်ပါတယ်ရှင်
ReplyDelete