Tuesday, June 26, 2012

နှလုံးသားကို ဖုန်ခါတဲ့နေ့

                                  နှလုံးသားကို ဖုန်ခါတဲ့နေ့

 

ထမင်းစားဖို့ စားပွဲထိုင်၊ ခူးခပ်ပြင်ဆင်ရင်း အမျိုးစုံလှတဲ့ဟင်းတွေ ကြည့်ပြီး ထုံးစံအတိုင်း အိမ်ကိုလွမ်းသွားမိပါတယ်။ ဘေးအခန်းတွေကို
ဟင်းမျှဖြစ်တော့ သူတို့ကလည်း ဟင်းတွေပြန် ထည့်ပေးလိုက်ပုံက ဟင်းမဟုတ်ပဲ စေတနာ ပေး၊ စေတနာယူနဲ့ပဲ တူနေပါတော့တယ်။
 ဒီထဲမှာ ကိုယ်ပေးလိုက်တဲ့ဟင်းက စိမ်းစိုစို အရွက်ကြော်တွေထဲ အသားခပ်ပါးပါးနဲ့ဖြစ်ပြီး ပြန်ရတဲ့ဟင်းတွေက အသားတုံးကြီးကြီး၊ ဆီ
ရွှဲရွှဲ ဖြစ်နေပြန်သေးတယ်။ ကိုယ်ဘာလေးချက် ချက် တစ်ယောက်တည်း စားမဝင်ပဲ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ဝေမျှစားတတ်တဲ့ အကျင့်ကအဖေ့ဆီကလား..အမေ့ဆီကလား..စဉ်းစားတော့ အင်း၊ နှစ်ယောက်စလုံးဆီက ထင်ပါရဲ့။
ကျွန်မခပ်ငယ်ငယ် အမေ့ကိုမကူနိုင်သေးခင် အိုးပုတ်ခွက်ပုတ်နဲ့ ချက်ပြုတ်တမ်းကစားနေရင်း မီးဖိုချောင်က ဟင်းနံ့တလှိုင်လှိုင်မွှေးလာ
ပြီဆိုရင် အမေ့ဆီအပြေးသွား..။ "'မေမေ၊ သမီးဘာလုပ်ပေးရမလဲ"' ဆိုရင် မေမေက မေမေချက် ထားတာကောင်းလားဆိုပြီး မြည်းခိုင်းလို့ အရသာခံမြည်းပြီး ကောင်းတယ်ဖြေရင် ကျွန်မတာဝန်ကျေလို့ ဒုတိယတစ်ခု ထပ်ခိုင်းပြန်တယ်။အဲဒါက ဟိုဘက်အိမ်နဲ့ ခြေရင်းက အန်တီမိတို့ဆီဟင်းပို့ပေးဦးလို့ဆိုရင် ကျွန်မလည်း ပျော်ရွှင်စွာနဲ့ "'ဘဘရေ၊ ကြီးကြီးရေ "' လို့ အော်ဟစ်ခေါ်ရင်း ဟင်းသွားပို့တတ်သလို တစ်ဖက်အိမ်ကကျွန်မဖို့မုန့်ဖြစ်ဖြစ် အိမ်ဖို့ဟင်းဖြစ်ဖြစ် ပြန်ရတတ်တာကလည်း ချစ်စရာဓလေ့လေးမို့ ကျွန်မအခုထိ ထိမ်းသိမ်းနေမိတာလေ။
အဲဒီအရွယ်မှာပဲ ဆွေမျိုးတွေအိမ်သွားလည်ပြီး ထမင်းစားဖြစ်တဲ့အခါ စားနေကျမေမေ့လက်ရာနဲ့မတူပဲ တစ်မျိုးထူးတဲ့အရသာမျိုးကိုလည်း မေမေ့ဟင်းလိုပဲ ကျွန်မစွဲတတ်သေးတာ။မှတ်မိတဲ့အဖြစ်တစ်ခုမှာ ဖေဖေ့အဒေါ် ဖွားလေး
အိမ်မှာ အသားဟင်းခွက်တွေ မနှိုက်ဖြစ်ပဲ ငပိချက်နဲ့ဘူးသီးဟင်းခါးကို ခံတွင်းတွေ့တဲ့ ကျွန်မတို့မိသားစု ခေါင်းမဖော်နိုင်အောင်စားနေခိုက်ကျွန်မက "'ဖွားဖွားလေး၊ နောက်ကို အခုလိုရှုးရှဲငပိချက်နဲ့ မျက်ရည်တောက်တောက်ကျတဲ့
ဟင်းခါးချက်ရင် သမီးကို ဖုန်းဆက်ခေါ်နော် "'လို့ပြောလို့ အားလုံးသဘောကျကြတာ။ကျွန်မအသက်ရလာတော့ မေမေနဲ့အတူ
မီးဖိုချောင်ဝင်ရင်း အချက်အပြုတ်ကိစ္စကိုလည်းအရမ်းစိတ်ဝင်စားလာမိပါတယ်။ ဆွေမျိုးတွေဆီသွားလည်ရင်း ခုနကလိုစားရတဲ့ဟင်းတွေထ်ဲကြိုက်တာဆိုရင် ဘယ်လိုချက်တယ်ဆိုတာမေး၊ပြန်ချက်ပြဖို့ပူဆာ၊ လေ့လာမှတ်သားပြီး အိမ်မှာ ဖေဖေနဲ့မေမေကို လက်စွမ်းပြချက်ကျွေးတတ်တဲ့အကျင့်လည်း ကျွန်မမှာ ရှိလာတယ်။အဲဒီအခါ ဖေဖေကတော့
"'ငါ့သမီးလက်ရာ ကောင်းတယ်ဟေ့ "'လို့ အားပါးတရစားပြီးချီးကျူးတတ်ပေမယ့် မေမေကတော့  "'သမီးဟင်းက စားလို့တော့ကောင်းပါရဲ့... ..."'အစချီပြီး
ကျွန်မ မီးဖိုချောင် သန့်ရှင်းသပ်ယပ်အောင် မထားတတ်ပုံကို ထမင်းဝိုင်းမှာပဲ အပြစ်တင်သလို ဆုံးမတတ်ပါတယ်။
  "'သမီးက ငရုပ်သီးထောင်းထားပြီး တန်းလန်း၊ ကြက်သွန်လှီးရင်း အရွက်တွေကလည်းဘေဇင်ထဲမှာ မဆေးရသေး၊မစစ်ရသေး၊  ဆား
ဘူး၊ အချို့မှုန့်ဘူးတွေက အကုန်ဖွင့်ရက်၊ ကြမ်းပြင်ပေါ်မှာလည်း အကုန်တန်းလန်း၊ လက်စကိုမသိမ်းတတ်ဘူး၊ တစ်ခုလုပ်ပြီးရင်တစ်ခု လက်စသိမ်းမှပေါ့၊ ငံပြာရည်ပုလင်း၊ ဆားပုလင်းတွေဆီပေနေတာ မေမေအမုန်းဆုံးပဲ "'
ဆိုတာမျိုးတွေ ကျွန်မဟင်းချက်တဲ့နေ့မှာ အမြဲကြားရပေမယ့် ကျွန်မဟင်းခွက်မှာချည်းလက်အဆုံဆုံးဖြစ်တဲ့ ဖေဖေနဲ့မေမေကိုကြည့်ပြီးကျွန်မ ကျေနပ်စွာ အမြဲပြုံးတတ်တယ်။
ဒါပေမဲ့ ကျွန်မက မေမေပြောသလို အိမ်သန့်ရှင်းအောင်ထားတတ်တဲ့နေရာမှာတော့ အင်မတန်ညံ့လှသူပါ။
"'မေမေ့သမီးက ကိုယ့်ကို
ကိုယ်တော့ လှအောင်နေတတ်ပါရဲ့၊ အခန်းကတော့ ရှုပ်ပွနေတာပဲ "' ဆိုတာ အိပ်ခန်းထဲဝင်လာတိုင်း မေမေ မကြာခဏပြောနေကျ။ မေမေဈေးမသွားခင်က ဧည့်ခန်းသန့်ရှင်းရေးလုပ်ဖို့မှာသွားတဲ့အတိုင်း ကြိုးစားလုပ်ထားပေမယ့်မေမေပြန်လာတဲ့အခါ တံမြက်စည်းမလှည်းရသေးဘူးလားလို့ မေးလိုက်ရင် ကျွန်မမှာ ပြန်ဖြေဖို့စကားတွေ ပျောက်ဆုံးနေပြီးမှ "'လှည်းပြီးပါပြီ မေရဲ့"' ဆိုတဲ့စကားလုံးကို မနည်းဖျစ်ညစ်ပြောရတတ်တာ။ မေမေက တံမြက်စည်းထပ်လှည်းရင်း
  "'အားလေးနည်းနည်းစိုက်ပြီး ဖိ လှည်း မှပေါ့သမီးရဲ့၊ နို့မို့ ဖုန်မှုန့်တွေဘယ်ပါပါ့မလဲ "'တဲ့။
အပြင်ထွက်တဲ့အခါ အလှတင် အရုပ်ကလေးတွေ၊ ပန်းအိုးလေးတွေနဲ့ နံရံကပ်ပိုစတာလေးတွေ ဝယ်လာတတ်တဲ့ကျွန်မကို မေမေက ''သမီးက အိမ်တော့ လှစေချင်ပါရဲ့၊ ဒါပေမဲ့ ဖုန်တွေကြား နေတတ်လွန်းတယ် "' တဲ့။ကျွန်မက အိမ်ကိုမသန့်ရှင်းချင်လို့မဟုတ်ပဲကျွန်မလုပ်သမျှက အမေကျေနပ်လောက်ထိ
မရှိတတ်ပဲ အမေထပ်လုပ်မှ တကယ်သန့် သွားတာမြင်ရတော့ကျွန်မလည်းအံ့ဩမိပါတယ်။ဒါပေမဲ့ အဖေရောအမေရောက ကျွန်မကို
ကျွမ်းကျင်လိမ္မာတယ်လို့ အသိအမှတ်ပြုရတဲ့ကိစ္စတစ်ခုကတော့ ဈေးဝယ်ခြင်းပါပဲ။
  ''သမီးက မေမေ့ထက်ပိုတော်တယ်၊ ရှစ်ရာကိုးရာ
လောက်နဲ့ ဈေးဝယ်တတ်တယ်၊ မေမေဆို တစ်ထောင်၊ ထောင့်ငါးရာပဲ '' လို့ မေမေကိုယ်တိုင်ချီးကျူးရတဲ့ ကျွန်မဟာ စကားတစ်တွတ်တွတ်ပြောစ သုံးလေးနှစ်ရွယ်ကတည်းက ဈေးဝယ်တဲ့အလုပ်ကို လုပ်ခဲ့ဘူးတာ။ မျက်နှာသစ်၊သနပ်ခါးလူးပြီးတာနဲ့ မေမေပေးထားတဲ့ ဆယ်တန်နဲ့ ပန်းကန်ပြားကိုကိုင်ပြီး စောင့်ရာက ပဲပြုတ်သည်ဘယ်နှစ်ဦးလာလာ၊ ဝယ်နေကျ မိန်းမကြီးရဲ့ ပဲပြုတ်အော်သံကြားမှ လာပါဦးလို့ခေါ်တယ်။ ပဲပြုတ်တစ်ဆယ်သား တစ်ဆယ်ခေတ်မှာ ပန်းကန်အပြည့်အမောက်အပြင် ဈေးသည်
က ကျွန်မကိုပဲပြုတ်တစ်ဆုပ် အပိုဆု နေ့တိုင်းပေးပါတယ်။
အဲဒီအရွယ်မှာပဲ မေမေနဲ့ဈေးလိုက်သွားရင်ကလေး အသည်းအမြစ်ကြိုက်လို့ ထည့်ပါဦး၊သူက ဦးနှောက်ကြိုက်လို့ ခေါင်းလေးထည့်ပေးပါဆိုတာမျိုး မေမေကတောင်းလို့ ဈေးသည်တွေက ကျွန်မကိုစောင်းငဲ့ကြည့်ပြီး ထည့်ပေးရင်ကျွန်မလည်း လူကြီးတွေသင်ပေးထားဖူးသလို "'ကျေးဇူးတင်ပါတယ်ဦး၊ ကျေးဇူးတင်ပါတယ်အန်တီ " စသဖြင့် လူကိုကြည့် စကားရွေးချယ်ပြောတတ်တော့ မျက်မှန်းတန်းမိပြီး အချစ်ပိုကြပါတယ်။ ဒါကြောင့် အဲဒီအရွယ်ကတည်းကရဖူးခဲ့တဲ့ မေတ္တာ အပိုဆုမျိုးကို နောင်ဈေးဝယ်တိုင်း မျှော်လင့် မက်မောနေမိတော့တာပါ။
 ကျွန်မကိုယ်တိုင် ဈေးခြင်းတောင်းကိုင်ပြီးပိုက်ဆံတွက်ချက်ရှင်းတတ်တဲ့ အရွယ်မှာတော့မနက်ခင်း ဈေးတန်းထဲရောက်တာနဲ့ ကျွန်မကိုဈေးဝယ်ဖို့လှမ်းခေါ်သံတွေ လှိုင်ဝေသွားလောက်အောင် ဈေးသည်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့တာပါ။ ငယ်ငယ်တုန်းက ရခဲ့ဖူးတဲ့ မေတ္တာအပိုဆုမျိုး ဈေးသည်များဆီက အလွယ်ရတတ်တာလည်း ကျွန်မရဲ့ အကျိုးပေးတစ်မျိုးလို့ဆိုရမှာပါ။ဒါပေမဲ့ ကျွန်မချက်တဲ့နေ့များဆိုမီးဖိုချောင်ကို ကြည့်လိုက်ရင်တော့ သုံးထားတဲ့ အိုးခွက်တွေက ကျွန်မနားမှာ ဆိုင်းဝိုင်းလိုစီလို့။ခွာထားတဲ့ ကြက်သွန်ခွံတွေက အမှိုက်တောင်းထဲ မရောက်တရောက်။ ဆန်ကာကုံးထဲမှာက
လည်း အမှိုက်တချို့။ ကပ်ကြေး၊ ဓါးနဲ့ဇွန်းတွေသုံးလက်စ ပြန်မဆေးရသေးခင် ဘေဇင်ထဲရောထည့်ထားတာက တပုံတပင်။ ဒီကြားထဲ ငံပြာရည်နဲ့ ဆီပုလင်းအဖုံးတွေ ဖွင့်ပြီး ဘယ်ထားမိမှန်းမသိ။ မီးဖိုချောင်ကျဉ်းကျဉ်းလေးထဲ ကျွန်မတစ်ယောက်ထဲ အူချာပေါက်နေတော့တာပါပဲ။
ကျွန်မစည်းကမ်းမရှိတာကို ကျွန်မကိုယ်ကျွန်မစိတ်ပျက်မိပေမယ့် ဒီလိုစည်းကမ်းရှိဖို့ သန့်ရှင်း
ဖို့ လုပ်ရတော့မယ်ဆိုရင် ကျွန်မကမလုပ်ခင်ကြိုတင် မောနေမိတော့တာပါပဲ။အဲဒီအချိန် မေမေဝင်လာပြီဆိုရင် ကျွန်မ
ပျော်ရပြီ။ မေမေဆူရင်လည်းဆူ၊ မေမေသိမ်းပေးရင် ခဏလေးနဲ့ပြီးတာမို့ အသာလေး မီးဖိုချောင်ကို ပစ်ထားခဲ့ပြီး ကျွန်မက အိမ်ရှေ့ကို
လှစ်ကနဲ ထွက်လာခဲ့တာပဲ။ ဟုတ်တယ်။ ကျွန်မကိုယ်တိုင်ဆို ဘယ်ကနေစသိမ်းရမှန်းကို မသိတာ။ အဲဒီလိုနဲ့ မိန်းကလေးတစ်ယောက် အနေနဲ့ကျွန်မဟာ အိမ်မှုကိစ္စကျွမ်းကျင်တယ်လို့ြွကားရခက်၊ မထိန်းနိုင်မသိမ်းနိုင်ဘူးလို့ ဆိုရင် ငြင်းရခက်..ပါပဲ။ကျွန်မကျွမ်းကျင်တဲ့ ဈေးဝယ်အလုပ်ကိုရုံးတစ်ဖက်နဲ့ ပြေးပြေးလွှားလွှား ဝင်လုပ်ရတဲ့မေမေ ဈေးကပြန်လာတဲ့နေ့ဆို နှစ်ရက်စာ သုံးရက်စာတွက် မေမေဝယ်လာသမျှကို ကျွန်မကဝေဖန်တတ်ပါသေးတယ်။ "'ဟာ-မေမေကလဲ၊ အသားစားကြက်ကြီးဝယ်လာပြန်ပြီ၊ အိမ်ကြက်ကမှကောင်းတာ၊ဟင်-ချဉ်ပေါင်ကလဲရင့်ရင့်ကြီး၊ ချဉ်ပေါင်နဲ့မျှစ်နဲ့ ချဉ်ဟင်းကြိုမယ်ဆို၊ အဲဒါဆိုအမြစ်ပါတဲ့ ချဉ်ပေါင်ပင်နုနုလေးမှ၊ ပြီးတော့ မျှစ်ကအနီမှလှတာ၊ အဲ့- ပဲပင်ပေါက်က ဝဝတုတ်တုတ်တွေဝယ်လာပြန်ပြီ၊ အဲဒါကမကောင်းဘူး၊ မျှဉ်မျှဉ်
ရှည်ရှည်လေးတွေမှ၊ ငါးပိကောင်ဆို ငါးကျီးမကောင်းဘူး မေမေရဲ့၊ အရိုးများတယ်၊ ငါးခူမှ '' အဲဒီလို ခြင်းတောင်းထဲက တစ်ခုထုတ်
လိုက် တစ်ခွန်းပြောလိုက်လုပ်နေတဲ့ ကျွန်မကိုမေမေကလှည့်မကြည့်အား။ ကုန်ခဲ့သမျှကိုတွက်ချက်နေရင်းက ကျွန်မပြောသမျှ နား
ထောင်နေပြီး ခြင်းထဲကဝယ်လာသမျှကုန်လို့ကျွန်မအသံတိတ်တော့မှ ကျွန်မမျက်နှာကို ခပ်ထေ့ထေ့လေးပြုံးပြီး စိုက်ကြည့်ပါတယ်။ ညည်းကတယ်သိပါလားဆိုတဲ့ အကြည့်မျိုးပေါ့၊ အဲဒီအခါ ကျွန်မလည်း ဇက်လေးပုပြီး စပ်ဖြဲဖြဲနဲ့မေမေ့နားကနေ လှစ်ကနဲထွက်လာတာပေါ့။
အင်း..။ အခုများကျတော့လည်း.. ကျွန်မမှာ အဲဒီရော်ဘာတုံးကြီးကိုက်ရသလို အရသာမရှိတဲ့ ကြက်ပြည့်ပြည့်ဖြိုးဖြိုးကြီးမျိုးကိုပဲ နေ့တိုင်းလို စားနေရပြီး ကန်စွန်းရွက်ဆိုလည်း တရုတ်ကန်စွန်းလား၊ မြန်မာကန်စွန်းလား ရွေးစရာမရှိတဲ့ အရွက်ကိုမြန်မာငွေသုံးရာလောက်ပေးပြီးစားရတဲ့ ရပ်ဝေးမြေခြားကို ရောက်နေခဲ့ပါပြီ။ အခု ကျွန်မအလုပ်လုပ်နေတဲ့ အင်ဒိုနီးရှား
နိုင်ငံမှာ ကျွန်မအတွက် ဈေးဝယ်ဖို့အချိန်မရှိတာမို့ ရုံးကမြန်မာတွေ ဈေးဝယ်ထွက်တဲ့ စနေလိုတနင်္ဂနွေလို နေ့မျိုးမှာပဲ တစ်ပတ်စာအတွက်သိမ်းကျုံးဝယ်ရတော့တာပဲ။အဲဒီအခါကျ မေတ္တာနဲ့ဈေးဝယ်ခြင်းဆိုတဲ့ကျွန်မရဲ့အတိတ်က ကျင့်ထုံး ကလေးကလည်း ဒီအချိန် ဒီနေရာမျိုးမှာ ဘယ်လိုမှ လက်တွေ့သုံးမရ..။ ဒီလို အချိန်မှာ အိမ်မှာ အခုလို ဈေးဝယ်နေကျ ကျွန်မမေမေ့ကိုရော ကျွန်မကိုချစ်တဲ့ဈေးသည်တချို့ရှိရာ မိခင်မြေကိုပါ ပိုလွမ်းမိပြန်ရော..။
ဒီအတောအတွင်း ကျွန်မတို့ဝန်ထမ်းတွေအားလုံးအတွက် အိမ်အသစ်ပြောင်းကြရရာမှာထိပ်ဆုံးခန်းဖြစ်တဲ့ အခန်း(၁)က နှစ်ယောက်ခန်းဖွဲ့ထားတော့ တစ်ယောက်တည်းနေဖို့ စိတ်ခြောက်သူခြောက်၊ တစ်ခန်းစာ ပိုရှင်းရမှာကိုပျင်းသူပျင်းနဲ့ လူကြိုက်အနည်းဆုံး ဖြစ်တဲ့အခါရာထူးရော အသက်ပါအငယ်ဆုံးဖြစ်တဲ့ ကျွန်မအတွက် ဖြစ်လာပါတော့တယ်။ မငြင်းသာလို့နှစ်ယောက်ခန်းကို မောင်ပိုင်သိမ်းရင်း စိတ်ထဲမှာတော့ အတော် စိတ်ပျက်မိပါရဲ့။အခန်းသော့အပ်တဲ့နေ့မှာပဲ အားလုံးကို
သူဌေးကတော်က
"'ကျေးဇူးပြုပြီး အခန်းကို သန့်ရှင်းအောင်ထားပါ၊ တစ်ပတ်တစ်ခါ ဝင်ကြည့်လို့ အခန်းနဲ့ပတ်သက်ပြီး မကျေနပ်တာရှိရင် ပွင့်ပွင့်လင်း
လင်း ပြောရပါလိမ့်မယ် " လို့ ပြောပြန်လို့ ကျွန်မလည်း အတော်ဖြုံသွားပါတယ်။
"'အမယ်.. မလွယ်ပါလားလို့ပေါ့။ အခန်းတွေကလည်း ဟော်တယ်ဆန်ဆန် ဖွဲ့စည်းထားပြီး နံရံနဲ့ကြမ်းပြင်ကအဖြူရောင်ြွေကပြားတွေချည်းပဲမို့ ဖုန်တင်လို့ဖြစ်ဖြစ် မသန့်ရှင်းရင်ဖြစ်ဖြစ် ကွက်ကွက် ကွင်းကွင်းကြီး ပေါ်လွင်နေမှာ သေချာပါတယ်။အင်း-ကျွန်မလို အိမ်ရှင်းရမှာပျင်းတဲ့
ကောင်မလေးကို လောကကြီးက ဒဏ်ခတ်လိုက်ပြီထင်ပါရဲ့။ အရင့်အရင်ကတော့ မရှင်းတတ်ရင် ရှင်းပေးမယ့်အမေက အသင့်ရှိနေပြီးသား။ ခုနေ မရှင်းတတ်လို့ အခန်းရှုပ်ပွနေရင်တော့ ကိုယ့်တစ်ယောက်တည်းအတွက်နဲ့
" မြန်မာမတွေများ ညစ်ပတ်လိုက်တာ "' လို့ လူမျိုးနဲ့ချီ အရှက်ကွဲနိုင်တဲ့အဖြစ်ပါ။ တစ်ယောက်ခန်းသမားတွေကတော့ နိုင်နိုင်နင်းနင်း ရှင်းနိုင်ကြပါရဲ့။ သူတို့ထက်နှစ်ဆ၊ နှစ်ယောက်စား
အပိုင်စားရထားတဲ့ ကျွန်မအတွက်တော့...။ကိုယ်ဝါသနာပါတဲ့ အချက်အပြုတ်ကိစ္စပြီးရင် ဝါသနာမပါသော်လည်း လုပ်ရမယ့် ရှင်းလင်းရေးကိစ္စလုပ်ရမယ်ဆိုတဲ့ အသိကရှိနေတော့မိုးလင်းတာနဲ့ ကိုယ်မကိုင်ချင်တဲ့ တံမျက်စည်းကိုပဲ ကိုင်ဖြစ်ဖို့ ကိုယ့်ကိုကိုယ် တာဝန်တစ်ရပ်အနေနဲ့ သတိပေးရင်း ကိုယ်နေတဲ့အခန်းရော၊မနေတဲ့အခန်းနဲ့ အိမ်ရှေ့ကွက်လပ်ပါမကျန် ဖုန်မရှိအောင် ကြိုးစားလှည်းကျင်းရပါတယ်။ကြမ်းတိုက်တဲ့အလုပ်ကိုလည်း ကိုယ်လက် လှုပ်ရှား အားကစားအဖြစ် သဘောထားလေ့ကျင့်လိုက်တော့လည်း မဆိုးပါဘူး၊ ကျွန်မအခန်းကသူများအခန်းတွေထက်တောင် နည်းနည်းပိုပြီးသန့်ရှင်းတောက်ပြောင် နေသလိုလိုပဲလား။ကျွန်မတို့တစ်တွေ နေသားနည်းနည်းကျလို့ရုံးတက်ချိန်တစ်ရက်မှာတော့ သူဌေးကတော်ကဘယ်သူ့မှ အသိမပေးပဲ အခန်းတစ်ခန်းစီကိသူကိုင်ထားတဲ့သော့တွေနဲ့ ဝင်ကြည့်တယ်ဆိုတဲ့
သတင်း၊ ကျွန်မတို့ဆီပျံ့လာတော့ ကျွန်မလည်းကိုယ့်အရိပ်ကို မလုံပဲ တထိတ်ထိတ်ဖြစ်နေမိ
ပါတော့တယ်။ အလုပ်မအားတဲ့ကြားက ကြိုးစားရှင်းထားတဲ့အခန်းတွေကို ဘယ်အခန်းကဖြင့်မသန့်ရှင်းဘူးလို့ တိုက်ရိုက်အပြစ်တင်တာမျိုးမရှိပေမယ့် ပစ္စည်းတွေနေရာချတာနဲ့ပတ်သက်ပြီး အခန်းရှင်ကို ရင်းရင်းနှီးနှီး ဝေဖန်တာမျိုးတော့ ရှိတယ်ဆိုတာ နောက်တော့ ကြားရပါတယ်။
"' နင့်ပစ္စည်းတွေကများတော့ အခန်းကအတော်ဆိုးတယ်၊ ဝင်လိုက်တာနဲ့ စက်ရုံစတိုခန်းရောက်သွားရသလိုပဲ၊ အဲဒီတော့ သူများ
အခန်းထက် နင့်အခန်းက ပိုကျဉ်းသလို ဖြစ်နေတာပေါ့'' လို့ ပြောတော့ အခန်းပိုင်ရှင်လည်း
ဘာပြောရမှန်းမသိဘူးတဲ့။
စက်ရုံမှာနှစ်ချီအောင်အလုပ်လုပ်ခဲ့တာမို့ သူပိုင်ပစ္စည်းက တကယ်များတာမို့ ဒီအကြောင်းကြားရတဲ့အခါ ကျွန်မလွတ်လွတ်လပ်လပ်ကြီး ပြုံးလိုက်မိတယ်။ဟုတ်တယ်လေ။ နှစ်ယောက်ခန်းပိုင်တဲ့ ကျွန်မမှာ ကိုယ်ပိုင်ပစ္စည်းလည်း သိပ်များများမရှိတာမို့ဧည့်သည်တစ်ယောက်ဝင်လာရင် ဒီပစ္စည်းတွေကြောင့်တော့ မျက်စိရှုပ်၊ စိတ်ရှုပ်စရာ မဖြစ်မှာကျွန်မရဲရဲကြီး အာမခံရဲတယ်။ကျွန်မလည်း အခန်းကိုပုံမှန်ရှင်းနေပေမယ့်ကြမ်းကိုတော့ ပုံမှန်မတိုက်ဖြစ်တော့တာ အတော်
ကြာသွားပါပြီ။ အခန်းကျယ်ကြီးမို့ ကြမ်းတိုက်ရင် အချိန်ပေးရတာအပြင် သူဌေးကတော်လည်း နိုင်ငံခြားခရီးစဉ် တစ်ခုပြီးတစ်ခုထွက်
ပြီး အလုပ်ရှုပ်နေတာမို့ ကျွန်မတို့ရောက်စကပြောထားသလို အခန်းတွေထဲလည်း ဝင်မကြည်
့ဖြစ်တော့..။ ဒါကြောင့် ကျွန်မရဲ့ကျောက်ပြားဖြူဖြူကလေးတွေလည်း ဖုန်မတင်ပေမယ့် အရင်လိုတော့ ဖြူစင်တောက်ပ မနေတော့..။ ဒီအတွက် လည်း ကျွန်မစိတ်မှာ ဘာမှ မလေးနက်နေပဲ ခပ်ပေါ့ပေါ့ဥပက္ခာပြု နေခဲ့ရာက တစ်နေ့တော့ သူဌေးကတော်ဆီက ကျွန်မအတွက်လက်ဆောင် ဆိုပြီး မိန်းကလေး တစ်ယောက်နဲ့ပစ္စည်းတစ်ခု အပို့ခိုင်းလိုက်ပါတယ်။ ဘာပစ္စည်းမှန်းမသိရခင် သူ့ကိုကျေးဇူးတင်ကြောင်းဖုန်းဆက်ပြောတော့
''မင်းနဲ့တူလို့ဝယ်လာတာ၊ ကြိုက်ရဲ့လား"' ဆိုတဲ့ လှိုက်လှဲတဲ့စကားသံလေးကြောင့် ကျွန်မ
လည်း သိချင်စိတ်နဲ့ လက်ဆောင်ပစ္စည်းလေးကို ဖွင့်ကြည့်မိပါတယ်။
နံရံမှာ ချိတ်လို့ရတဲ့ ဂျပန် ဒါမှမဟုတ်ကိုရီးယားလက်ဖြစ် ဝါးနဲ့လုပ်ထားတဲ့ ပန်းချီကားလေးဖြစ်ပြီး ပုံထဲမှာ မိန်းကလေးတစ်
ယောက် သန့်ရှင်းရေးလုပ်ပြီးစ ဒါမှမဟုတ်သန့်ရှင်းရေး လုပ်ဖို့ ဟန်ပြင်နေတာပါ။ လက်တစ်ဖက်မှာလည်း သူ့အရပ်နဲ့ မတိမ်းမယိမ်း
တံမျက်စည်းတစ်ချောင်းကို ထောင်လျက်သားကိုင်ထားပါတယ်။ ခေါင်းစည်းလေးအောက်ကသူ့မျက်နှာ ဝိုင်းဝိုင်းကလေးက ပြုံးရွှင်နေတာမို့သန့်ရှင်းမှုကို မြတ်နိုးတန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်ကို ပုံဖော်ထားမှန်း သိသာလွန်းနေပြီး ဧည့်ခန်းနံရံနဲ့ဆို ပနံရမယ့် ပန်းချီကားလေးပါ။
ပန်းချီကားလေးရဲ့အမည်ကိုတော့    Clean Lassလို့ ရေးထိုးထားပါတယ်။ (ရှင်းသန့်တဲ့အပျိုမ)လို့ကျွန်မအရမ်းဘာသာပြန်ကြည့်ရင်း
သန့်ရှင်းသပ်ယပ်တဲ့မိန်းကလေး ဆိုတာအပြင်စိတ်နှလုံးသန့်စင်တဲ့သူလေးအဖြစ်ပါ ရည်ရွယ်ပြီး ဒီနာမည်ကို ပန်းချီဆရာက ပေးခဲ့သလားလို့ တွေးနေမိပါတယ်။တကယ်တော့ ကျွန်မအခန်းထဲကို တစ်ခေါက်သာရောက်ဖူးတဲ့ သူဌေးကတော်က
ကျွန်မရဲ့စရိုက်မှန်ကို မသိပဲ သန့်ပြန့်တဲ့ မိန်းကလေးအဖြစ် ကျွန်မကိုဂုဏ်ပြုတဲ့အနေနဲ့  ဒီလက်ဆောင်ကလေးကို ပို့ပေးလိုက်တာပါ။
ကျွန်မက ဒီမိန်းကလေးလို သန့်ရှင်း သပ်ယပ်သူမဟုတ်ရုံမက သူ့လိုရော စိတ်နှလုံး သန့်စင်သူ ဟုတ်ပါရဲ့လား။ လူကြီးလာ မကြည့်တော့မှာ သေချာရင် တာဝန်အပြည့်အဝ မကျေပွန်ချင်တတ်သူမျိုးများ ဖြစ်နေမိသလား။ ကျွန်မကိုယ့် ဖါသာမလုံမလဲတွေးရင်း ရှက်နေမိ သလိုလို..။
ဒီလှပတဲ့ ပန်းချီကားကလေးဟာ ညိုညစ်ညစ်အခန်းနံရံတွေပေါ် ချိတ်ဖို့မလိုက်ဖက်သလို ကျွန်မအတွက်ရော ဒီဂုဏ်ပြုလက်ဆောင်ကို ခံယူဖို့ ထိုက်တန်ပါ့မလား။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လူကြီးတစ်ယောက်ရဲလက်ဆောင်ကို ကျွန်မအနေနဲ့ တန်ဖိုးထား
ချိတ်ဆွဲရမှာကလည်း ရှိနေပြန်ပါတယ်။ဒီတော့...အင်း..ဒီတော့..၊ ကျွန်မအခန်းနံရံတွေနဲ့ကြမ်းတွေကို နေ့စဉ်တိုက်ဖို့ ပြန်လုပ်ဦးမှ ဖြစ်မှာပါ။ ဒါမှ  ပန်းချီကားနဲ့လိုက်ဖက်တဲ့ လင်းလက်လက် နံရံများနဲ့အတူ အရိပ်ထင်လောက်တဲ့ ကြမ်းပြင်ပေါ်မှာ ဖုန်တစ်စက်မှမရှိအောင်သန့်ပါမှ..။
...ဒါမှ ရှက်စိတ်နဲ့ မလုံလဲစိတ်ဆိုတဲ့ဖုန်မှုန့် ညစ်ညစ်ကလေးတွေ ငြိကပ်နေတဲကျွန်မ နှလုံးသားလေးဟာလည်း လက်ဆောင်
ရ ပန်းချီကားလေးနဲ့ လိုက်ဖက်လောက်အောင်
သန့်စင်သွားမှာ မဟုတ်လားရှင်။   ။

စု သဲ မွန်
(ပန်းအလကာင်္ မဂ္ဂဇင်း ဇန်န၀ါရီ ၂၀၀၉)

4 comments:

  1. ကူးကူးလှိုင်October 9, 2012 at 3:54 PM

    ပို့စ်လေးကောင်းလိုက်တာ ညီမလေးရေ အဲဒီ ပန်းချီကားလေး အစ်မလဲ လိုချင်တယ်...

    ReplyDelete
  2. ဟီဟီ ။ ဟုတ်ကဲ့အစ်မ ကျေးဇူးနော် :)

    ReplyDelete
  3. မင်္ဂလာရွှေမောင်း ညွှန်းကတည်းက ဆရာမရဲ့ ၀တ္ထုကို ဖတ်ချင်နေတာ...
    ခုနစ်လွှာ ၀တ်ရုံမှာ ဒီဝတ္ထု ဖတ်ခွင့်ရခဲ့တယ်...
    သဘောလည်း ကျမိပါတယ် ဆရာမရေ...
    http://htawoo.blogspot.com

    ReplyDelete
  4. မောင်လေးရေ၊ အစ်မက ညွှန်းတာမဖတ်ဖူးဘူး။ စာတွေ အကုန်မှတ်မိတာသိပ်ကျေးဇူးတင်တာပဲ။ အစ်မစာတွေတော်တော် များများ ဖတ်ခဲ့ဖူးပြီး ပြန်ပြောပြပေးနိုင်လို့ အရမ်းကြည်နူးမိပါတယ်။ တကယ်ကျေးဇူးပါ။ စာအုပ်ထွက်တာနဲ့ ထော်ထော်ကို ဦးဆုံး ဆက်သွယ်လိုက်ပါ့မယ်။

    ReplyDelete