Tuesday, June 26, 2012

ကိန္နရီ ချောင်းခြားပုံပြင်သစ်

                                                            ကိန္နရီ ချောင်းခြားပုံပြင်သစ်
    ဒီကနေ့.. အဝေးရောက်သမီးနှင့် ဖုန်း ပြောရတဲ့အခါ-
"'ဒီစက်ရုံက သမီးကို အလုပ်သင်ပေးခဲ့ တော့ အနည်းဆုံး ငါးနှစ်လောက်တော့ အ လုပ်အကျွေးပြုတဲ့သဘောနဲ့ အလုပ်လုပ်ပေး ချင်သေးတယ်"
ဟု ဆိုသည်။   ဒီစကားမျိုး သမီးဆီက ကြားရတော့ သူမစိတ်ထဲမှာ သမီးလေးတွက် ဝမ်းသာကျေနပ် ဂုဏ်ယူနေမိသလိုလို ခံစားလိုက်ရသည်။သည်သမီးကို လွန်ခဲ့သော ရှစ်နှစ်ကိုးနှစ်ခန့် က..
   "ဖေဖေက မေမေနဲ့သမီးတို့ကိုခွဲပြီး ခုနှစ် နှစ် နေရလိမ့်မယ်သမီး"လို့ ပြောတော့ သမီး က မယုံသလို ဇဝေဇဝါမျက်နှာလေးဖြင့်..။         "ဟုတ်တယ်သမီး၊ ခုနှစ်နှစ်"လို့ သူမ  အသေအချာထပ်ပြောတော့မှ သမီးက-   "ခု သမီး ရှစ်တန်း ဆိုတော့ သမီး တက္ကသိုလ်ဘွဲ့ရပြီး လူကြီးဖြစ်မှ ဖေဖေပြန် လာမှာပေါ့"ဆိုပြီး ဝမ်းနည်းပက်လက် ချုံးပွဲ ချငိုပါတော့သည်။ သူမလည်း ရုတ်တရက် ဘာပြန်ပြောရမှန်း မသိ။                   
နောက်သမီးကို ဖက် ကာ နှစ်သိမ့်ရင်း တွေးကြည့်တော့
"အင်း..၊ သမီး အခု၁၃နှစ်၊ နောက် ၇နှစ် ဆိုရင် အသက် ၂၀မို့ လူကြီးဖြစ်ပြီဆို တာ ဟုတ်တာပေါ့.."။    ဒါပေမဲ့ သမီးအဖေ သူတာဝန်သူထမ်းဖို့ သွားခဲ့တဲ့ ခရီးမှ တကယ်ပြန်လာချိန် မှာတော့ သမီးလူကြီးဖြစ်စ ဘဝဆိုတာကို တကယ် သိနားလည်တဲ့အချိန်၊ တက္ကသိုလ်  ဒုတိယနှစ် မှာဖြစ်သည်။ အဖေပြန်ရောက်လာတော့မှ အဖေမရှိခဲ့ချိန်မှာ သမီးကြီးနဲ့ သမီးငယ်လေး ကို ဘယ်လိုထိန်းကျောင်းပျိုးထောင်ခဲ့ရပုံကို ပြန်ပြောပြရင်းနဲ့ပဲ မူလအမိန့်အော်ဒါထက် စောပြီး မိသားစုရှိရာ မြို့တော်ကြီးဆီကို ပြန် ရောက်လာခဲ့သော ခင်ပွန်းသည်၏ အိပ်မက် ခရီးရှည်ကို ပါရမီဖြည့်ခဲ့ရသမျှကို ပြန်တွေးမိ တိုင်း သူမ ခုချိန်ထိ ရင်မောနေမိသေးသည်။    စဉ်းစားကြည့်လေ..။ ထိုစဉ်တုန်းက သူမဆီလာတွေ့ခွင့်မသာသော ခင်ပွန်းသည် ဆီ သူမ သွားတွေ့တဲ့အခါတိုင်း ပြုံးရ ပျော်ရ ဖို့ထက် ဘာပြောရမည်..၊ ဘာပေးရမည်.. ဆို တာတွေကိုသာ ခေါင်းထဲထည့် ထားပြီး တစ်ခုမှလစ်ဟင်းမကျန်ရစ်ရအောင် ရသမျှ အချိန်တိုလေးအတွင်း စက်ရုပ်တစ်ရုပ်လို စူးစူးစိုက်စိုက် သွက်သွက်လက်လက်ဖြင့် ခင်ပွန်းသည်ရှေ့မှောက်မှာ လှုပ်ရှား ပြောဆို နားထောင်ခဲ့ရတဲ့အဖြစ်..။ 
ဒါတောင်မှ တွေ့ပြီးပြန်လာသည့် အိမ် ပြန်လမ်း အဝေးပြေးကားပေါ်တွင် ဪသာ်၊ ဒါလေးတော့ကျန်သွားပြီ၊ ဒါက ဟိုမိတ်ဆွေ က မှာတာ၊ ဒါက ဟိုအသိက ပြောလိုက်တာ၊ ပြီးတော့ လူမှုရေးနဲ့ သာရေးနာရေး သတင်း တွေ..။ အင်း၊ ဒါတွေထဲကကျန်သွားသမျှ ဟာ နောက်တစ်ကြိမ် သွားဖြစ်တော့မှပြောဖို့ ထားလိုက်ရပေဦး မည်ပေါ့။    ခင်ပွန်းသည်ကတော့ အပြုံးမပျက်ပါ။ နဂိုကတည်းက ခပ်ပြုံးပြုံးနေခဲ့သူမို့လားမသိ။မိသားစုနဲ့ခွဲနေရပြီး ပြန်တွေ့ခွင့်ရတဲ့အချိန် ခဏကလေးမှာပင် သူ့အပြုံးက မပျောက် ပြယ်။ ဒါပေမဲ့ အရောင်တော့ဖျော့သွားသည်။ ခပ်ဖျော့ဖျော့ အပြုံးပေါ့။
သည်တုန်းက သမီးငယ်လေးက မူလ တန်းကျောင်းသူဘဝမှာပင်။
အဖေနဲ့ဝေးနေရ တယ်ဆိုပေမယ့် သူမကတော့ သမီးငယ်ကို လိုအပ်တာထက် ပိုအလိုမလိုက်ဖြစ်ခဲ့။
သမီး က အဖေ့အကြောင်းမေးလျှင် ခပ်အေးအေး ပင် မုသားသကြားခပ်ပါးပါးအုပ်ပြီး ကလေး လက်ခံနိုင်အောင် ရှင်းပြရသည်။ အဖေ့ကို လွမ်းစိတ်နဲ့ ကလေး စိတ်မထိခိုက်စေရသလို  အဖေ့ကိုလည်း မိသားစုကို ခွဲခွာ ထားရစ်ပြီး သူ့အလုပ်တာဝန်ကို ပိုချစ်သူရယ်လို့ အပြစ် မမြင်စေရ။ အဖေနဲ့ ခွဲနေရသော အဖြစ်ကို သမီးလက်ခံသာအောင် ချော့ရ၊ အားပေးရ ရင်း အလားတူ လောကဓံလှိုင်းမျိုးထဲမှာ နို့စို့ ရွယ်ဖြင့် ဖခင်နဲ့ကွဲ ကျန်ရစ်သည့်  အချို့သော လူမမယ်တို့ဖြင့် နှိုင်းကာ ကိုယ့် ဘဝကိုယ် ဖြေသိမ့်ရသည်။
 
ခင်ပွန်းသည်ရှိရာအရပ်ကို အရောက် သွားဖို့က လမ်းပမ်းမသာလှ။ ဒါကြောင့် သွားမည့်လူကြုံရှိလျှင် အားနာသည့်ကြားက အစားအစာများ ကြော်လှော်ချက်ပြုတ်ပြီး လူကြုံပါးလိုက်က စာနာနားလည်စိတ်ဖြင့် လိုလိုချင်ချင် သယ်သွားတတ်ကြစမြဲပါ။    ဒါကြောင့် အစားအသောက် မပြတ်လပ် တတ်ဟု သိထားပေမယ့် မိသားစုနှင့်တွေ့ရ သော အချိန်တွင်လည်း ဖွယ်ဖွယ်ရာရာ ကြော် လှော် ချက်ပြုတ်ပြီး အထုပ်ကြီး အထုပ်ငယ်နဲ့ တနင့်တပိုး သယ်သွားဖြစ်သည်။ အိမ်အနား နီးက ဖြတ်သွား ဖြတ်လာများပင် အကြော်နံ့ ညှော်နံ့များ ကြောင့် မသိလျှင် သည်အိမ်က (အလှူ့အိမ်)ဟုပင်။ တကယ်တော့လည်း အစားကောင်း အသောက်ကောင်း ရှားပါးရာ တွင် တိုင်းပြည်တာဝန်ထမ်းနေကြသော အဖေနှင့် ဘဝတူအပေါင်းအသင်းများထံသို့ ချွေးနည်းစာဖြင့် ချက်ပြုတ်ပြီး စား ကောင်း သောက်ဖွယ်များ ပို့ပေးခြင်းသည် လည်း အလှူလုပ်ခြင်းတမျိုးပင် မဟုတ်ပါလား။ တစ်ခုခုဆိုလျှင် လူကြီးသိပ်မလုပ်တတ် သေးသော သမီးကြီးကိုတော့ သူမက ရှေ့ တန်းတင်ရ လူရာသွင်းရသည်။    "မေမေက အလုပ်တစ်ဖက်နဲ့မို့ ဒါလေး တော့ သမီးလုပ်ထား"    "ဒီဟင်းက လွယ်ပါတယ်၊ သမီးချက် ထား"  ဆိုတာမျိုးတွေအပြင် သူမကိုယ်တိုင် မသွားလည်း ဖြစ်သော သာရေး နာရေးကိစ္စ တချို့ကို သမီးကို သွားခိုင်းရသည်။    ပါးစပ်ကလည်း သူ့ကိုအားကိုးကြောင်း တစ်ဖွဖွပြောရသည်။ ဝန်ထမ်းအလုပ်နှင့် မိသားစုစရိတ်စကတွေကြားထဲ လုံးချာလိုက် နေသောသူမမှာ သမီးကိုမျက်စိဒေါက် ထောက်ကြည့်မနေအား။ မြီးကောင်ပေါက် ရွယ်မှာ သမီးရဲ့အပြောင်းအလဲကို ဂရုတစိုက် လေ့လာပြီး ဆုံးမသင့်တာဆုံးမရမှာပေမယ့် အလုပ်ချိန်များလှသော သူမ၏ ရုံး သဘာဝ ကြောင့် စိတ်သွားတိုင်းကိုယ်မပါနိုင်အား။
        ကျောင်းတက်ချိန်ကာလတွင် တစ်ခုခု ဖြစ်လျှင် ရင်ကျိုးရမည်မှာ မိဘတိုင်းရဲ့ ယေ ဘူယျသောကလို့ ဆိုကြမှာပေမယ့် သူမက တော့ သူ့အဖေပြန်မလာခင် အချိန်လေးမှာ ကလေးနှစ်ယောက်စလုံး ခြေလှမ်းမှား၊ လူ ပေါင်းမှား၊ ဆုံးဖြတ်ချက်မှားသွားမှာ အခြား အမေများထက် နှစ်ဆပိုသောအပူမျိုးဖြင့် အလွန့်အလွန်စိုးရိမ်လှပါသည်။

  ထိုသို့ စိုးရိမ်စိတ်ဖြင့် အကဲခတ်နေဆဲ မှာပင် သမီးနဲ့အတူတွဲ မိန်းကလေးသူငယ် ချင်းမှတစ်ဆင့် သမီးဆီကို လက်ဆင့်ကမ်း လိုက်သော "ချစ်ခွန်းဆင့်စာ" ဆိုတာမျိုးကို သူမ လက်နဲ့ပင် ဖမ်းယူချေမွပစ်နိုင်ခဲ့သည်။    ဒီတုန်းက အမှောင်လုစ ညနေဆည်းဆာ မှာ သမီးသူငယ်ချင်းကို ချိုချိုသာသာနဲ့ သမီး ဘဝကို မနှောက်ယှက်ဖို့ တားမြစ်စကား ပြောအပြီး သမီးကိုဆုံးမစကားပြောရာမှာ တော့ ပါးမှာလိမ်းထားသော သနပ်ခါးထူ ထူများပေါ် မျက်ရည်စီးကြောင်း ဖြတ်စီးသွား သည်အထိ စိတ်ပူပန်ဆို့နစ်စွာ ဝမ်းပမ်း တနည်းဖြင့် စကားတွေ သွန်ကျခဲ့သည်။
    ဒီတုန်းက သမီးနားထဲအရောက် ရိုက် သွင်းနိုင်ခဲ့တဲ့ ဆုံးမစကားတစ်ခွန်းကတော့  
"''အဖေဆီရောက်တိုင်း သမီးမျက်နှာကို လှမ်းမျှော်ကြည့်တတ်တဲ့ အဖေ့မျက်နှာကို မြင်" ဆိုတာ ဖြစ်လိမ့်မည်ထင်သည်။ အဲဒီ စကားက သမီးရင်ထဲကို နက်နက်ရှိုင်းရှိုင်း စူးနစ်သွားခဲ့ပုံရသည်။ ဘာကြောင့်လဲဆိုတော့ သည့် နောက်ပိုင်း သမီးနဲ့ပတ်သက်ပြီး သူမ စိတ်ဆိုးကြေကွဲ ဝမ်းနည်းနာကျင်ရသော ကိစ္စ မျိုးများ ထပ်မံမတွေ့ရတော့၍ ဖြစ်ပါသည်။    ဒါပေမဲ့ မိသားစုရေးနှင့် သားသမီးရေး  များနှင့် ပတ်သက်ပြီး ငြိမ်သက်ခြင်းကင်းစွာ လှုပ်ရှားပူပန်တတ်သည့် နှလုံးသားမျိုးက သူမရဲ့ မူပိုင်ဖြစ်သည်။ သည်နှလုံးသားက သောကငွေ့ဖြင့် တလွန့်လွန့် လှုပ်ခတ်လူးလွန့် နေတတ်ရသည့်အထဲ သမီးက သူမတို့ မိသား စုကိုရုတ်တရက်ခွဲပြီး ဟိုးအဝေး တစ်နေရာ ကို ထွက်သွားပြန်တော့သည်။
    သမီးက သူ့ဘဝအတွက်တက်လမ်းနှင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ရေးအတွက် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့ မိသားစုကို ခွဲသွားတာမို့ ကောင်းသောခွဲခွာခြင်းဟု ဆို နိုင်ပေမယ့် သူမရင်ထဲမှာတော့ မုန်တိုင်းငယ် ကလေးတစ်ခု လှုပ်ရှားရိုက်ခတ်နေခဲ့ပါသည်။         သမီးသွားခါနီး မိဘကိုကန်တော့တော့ အမေဖြစ်သူ၊ သူမက မျက်ရည်မဆည်နိုင် သလို လေယာဉ်ကွင်းရောက်တော့လည်း ငိုမိ ပြန်သည်။ သမီးကတော့ လမ်းရိုးဟောင်းကို စွန့်ပြီး လမ်းသစ်ရှာဖွေ လျှောက်လှမ်းချင်တဲ့ လူငယ်မို့ မျက်ရည်ဝဲနေသည့်ကြားကအပြုံး မပျက်။

    နိုင်ငံခြားမှာ သုံးလေးလကြာတော့ သမီးဆီက အလုပ်အခက်အခဲများ လူမှုဆက် ဆံရေးပြဿနာများနှင့်အတူ ထူးထူးခြားခြား သောကဖွဲ့ စကားတစ်မျိုးကို ကြားရသည်။ အဲဒါကတော့ အလုပ် မတတ်ကျွမ်းသူများကို အလုပ်ရှင်က ဇာတိတိုင်းပြည်ကို ပြန်လွှတ် တတ်သည်မို့ သမီးပြန်မလာရအောင် ဆု တောင်းပေးဦး ဟု ဆိုသည်။    ဒီတော့လည်း သမီးကိုလွမ်းပြီး တွေ့ချင် မြင်ချင်လှသည့်ကြားက သမီးဆန္ဒအတိုင်း  ဆု တွင်တွင်တောင်းရပြန်သည်။  တစ်ခါတရံ သမီးရှိရာ အင်ဒိုနီးရှား နိုင်ငံမှ ရှားရှားပါးပါး လူကြုံလာလျှင် မြန်မာ အစားအစာ ချဉ်ချဉ်စပ်စပ်ကလေးကြိုက် တတ်သော သမီးအတွက် သူမကိုယ်တိုင် မီး ဖိုချောင်ဝင်ရင်း ကြော်လှော်ချက်ပြုတ်တော့ ဟိုအရင် အချိန်တုန်းကလို တိုက်ခန်းကျဉ်း ကျဉ်းကလေးထဲမှာ ညှော်နံ့တွေ တဖန် လှိုင် နေပြန် တော့သည်။    စာအုပ်စွဲတဲ့သမီးက နိုင်ငံရပ်ခြားမှာ အလုပ်များတဲ့ကြားက အားတဲ့အချိန်ကလေး တွင် စာအုပ်ဖတ်ရင်း စိတ်အနားယူချင်၍ စာ အုပ်တွေပို့ပေးပါဆိုတော့ လစဉ်ထုတ်မဂ္ဂဇင်း များကို စာတိုက်ကပို့ပေးရပြန်သည်။ ဒီလို ပို့ပေးရင်း တစ်ချိန်တစ်ခါက သူ့အဖေ တာဝန် ဖြင့် အဝေးရောက်နေစဉ်တွင်လည်း စာအုပ် မက်သည့်အဖေ့ဆီ အမေနဲ့သမီးက ဖြစ်တဲ့နည်းဖြင့် လူကြုံရှာ လမ်းကြောင်းရှာပြီး  စာအုပ်တွေရောက်အောင် ပို့ခဲ့ဖူးသည်ကို ပြန် အမှတ်ရမိသည်။ တစ်ခါတလေ သမီးရောအဖေပါ ကြံ ကြံဖန်ဖန် ဟိုစာအုပ်ထဲက ဟိုဝတ္ထုကို မိတ္တူ ဆွဲပေးပါ၊ ဟိုကဗျာကလေးပို့ပေးပါ၊ ဟို ဆောင်းပါးလေး ရှာပို့ပေးပါနဲ့ တောင်းဆို တတ်ကြတာလည်း တူပါသေးသည်။ အဖေ အဝေးရောက်နေစဉ်ကဆို သမီးကို ဟိုစာဖတ် ခိုင်း ဟိုစာအုပ်ဝယ်ခိုင်း ဒီစာငှားဖတ်ခိုင်းဖြင့် လှမ်းပြီး လမ်းညွှန်တတ်ပြန်ပါသည်။ ထိုစဉ်က စာအုပ်ပုံနှင့်ပိုနီးပေမယ့် လက်လှမ်း ဖို့ အချိန်မရသော သူမထက် စာအုပ်ပုံနှင့် ဝေးနေပေမယ့် စာဖတ်ကျေပြီး စာကို မျက် ခြေမပြတ်သော ခင်ပွန်းသည်က မျက်မှောက် စာပေလောကအကြောင်း ပိုပို သိနေ တတ်သည်။ သည်လိုအဖေနဲ့တူလို့ပဲ သမီး များက စာမက် နေကြတာလား မပြောတတ်။

    အခုတော့လည်း ဘာပြောပြော၊ ဟို အရင်က ခင်ပွန်းသည်နှင့် တဒင်္ဂတာခန့် စကား ပြောဖို့အရေး သမီးဖြစ် သူနှင့်သူမ ပြေးလွှားရုန်းကန်ခဲ့သော အချိန် တွေသည် အခု အတိတ်ကာလတစ်ခုတွင် ကျန်ရစ်ခဲ့ပြီ။ ယခု ပစ္စုပ္ပန်တွင်တော့ သမီးနှင့် နိုင်ငံခြားဖုန်း ဆယ့်ငါးမိနစ်ခန့်ပြောရဖို့အရေး ဖုန်းရှိသော  မိတ်ဆွေမိသားစုထံ လင်မယား နှစ်ယောက် ပြေးရပြန်ပါသည်။ သူမတို့ မိသားစုမှာတော့ ကိုယ်ပိုင်ဖုန်းတစ်လုံး ပိုင် ဆိုင်ဖို့ ကံကြမ္မာက အခွင့်အရေး မပေးသေးပါ။ တစ်ချိန်တစ်ခါ ကတော့ ခင်ပွန်းသည်၏ ကံဇာတာမြင့်နေ ခိုက် သူတို့အိမ် မှာသာဖုန်းရှိပြီး ဝန်းကျင် မိသားစုများဆီ ဖုန်းလာလျှင် စိတ်ရှည်လက် ရှည် ခေါ်ပေးရသော ကာလတစ်ခုရှိခဲ့ဖူးရာ ဒါလည်း ဝေးအတိတ်မှာ ကျန်ခဲ့ပါပြီ။    သမီးနှင့် ဖုန်းပြောဖို့ချိန်းထားသော ယင်းအိမ်သို့ အလာလမ်းမှာတော့ လင်မယား နှစ်ယောက် သမီးကို ပြောရမည့် ကျန်းမာရေး လူမှုရေး ဘာသာရေး မှာစရာအကြောင်းများ၊ ဆွေမျိုးအပေါင်းအသင်းတွေက ပါးသည့် သတင်းစကားများကို တန်ဖိုးရှိလှသည့် သည် အချိန် ဆယ့်ငါးမိနစ်အတွင်းမှာ မမေ့မလျော့ မကျန်ခဲ့ရအောင် တစ်ဦးကိုတစ်ဦး အပြန် အလှန်သတိပေးရင်း ဦးနှောက်ထဲ စီကာစဉ် ကာ မှတ်ရပြန်သည်။    ဖုန်းပြောပြီး အပြန်လမ်းမှာလည်း သမီး အသံကြားရတာ စိတ်အားငယ်ပုံ ပေါ်နေ သလား၊ နေကောင်း ကျန်းမာရဲ့လား ဆိုတာ တွေ လင်မယားနှစ်ယောက် စကားဖလှယ်ပြီး ပြောမဆုံး မောမဆုံးနိုင်ခဲ့။

    ဟိုအရင်ကတော့ အဖေက သမီးရဲ့ အခု နေရာမှာ..။အခါအားလျော်စွာ တွေ့ရတဲ့ အခိုက် အဖေ့ကို အများဆုံးမေးဖြစ် တဲ့စကား ကတော့ "ဘယ်တော့ပြန်လာမလဲ'' ဆိုတာ..။         ခုချိန်သမီးက အဝေးမှာရောက်နေ ပြန်တော့ မကြာခဏမေးဖြစ်တဲ့စကားက "'ပြန်ရလောက်ပါဘူးနော်"'ဆိုတာပင်။
အသုံး မကျလို့ဆိုပြီး ပြန်လွှတ်ခံရမှာ ရှက်တတ် ကြောက်တတ်တဲ့သမီးအတွက် အလုပ်ရှင်က ရေရှည်အားကိုးရသော ကျွမ်းကျင် ဝန်ထမ်း ကောင်း တစ်ယောက်ဖြစ်လာဖို့ သူတို့မိသားစု ဖက်က ပြန်ဆုတောင်းပေး ကြရသည်။
    "'သမီးအလုပ်ကိုနိုင်ပြီး စက်ရုံကိုငါးနှစ် လောက် အလုပ်လုပ်ပေးချင်တာ"' ဆိုတဲ့စကား ကို ကြားရတော့ ဟိုအရင် အဖေ မိသားစုကို နှစ်ကြာကြာခွဲနေမယ့်အကြောင်း ပြောပြတုန်း က သမီးငိုတဲ့အဖြစ်ကို ပြန်သတိရသေးသည်။ အခုလို သမီးကပြောပြန်တော့ သူမငိုရမည် လား၊ ဝမ်းသာရမည်လား မပြောတတ်။
ဟိုးအရင် သမီးငယ်စဉ်က အဖေ့တိုက်ပုံ အင်္ကျီ လက်ကို တရွတ်တိုက်ဆွဲပြီးတစ်ဖက်၊ သူမ၏ လက်ကိုတစ်ဖက် တွဲသွားတတ်တဲ့ ပုံရိပ် ကလေးကိုတော့ မေ့မရ။    အငယ်မလေးက သူအစ်မ နိုင်ငံခြား ထွက်သွားပြီးမှပြောပုံက "'အဖေနဲ့အမေက လည်း မမ မရှိတော့ ရယ်တောင်မရယ်တော့ ဘူး "' တဲ့။
တကယ်ပဲ သူမ မရယ်ဖြစ်တော့တာ လားဆိုတာ အသေအချာမသိပေမယ့် သံ သရာ စက်ဝိုင်းရဲ့ ထူးခြားစွာလည်ပတ်ပုံကို ကိုယ်တိုင် ကြုံတွေ့ခံစားရသည့်အခါ တစ်ခါ တရံ အံ့ဩ မင်သက်နေမိသည်။    ဟိုအရင် အဖေ့တွက်လူကြုံပါးဖို့ ပစ္စည်း ထုပ်ရရာမှာ မှာလိုက်သမျှ ကြံကြံဖန်ဖန် ရှာကြံထုပ်ပိုးရင်း
    "'ရမရတော့မသိဘူး၊ ထည့်ပေးလိုက် မယ်"' ဆိုတာမျိုးတွေ သမီးမျက်နှာကြည့်ပြီး သူမ နှုတ်ကထွက်မိသလို ယခုသမီးအတွက် ပစ္စည်းပါးရပြန်တော့လည်း ယူသွားသူ ဝန် မလေးရ အောင် သမီးအဖေက ပစ္စည်းတွေကို ကျစ်ကျစ်လစ်လစ်ဖြင့် အထုတ်သေးသေးဖြစ် ဟန် လုပ်ကြံထုတ်ပိုးနေခိုက် သူမနှုတ်က ထွက်မိတာကတော့..    "'ဲကြည်ကြည်ဖြူဖြူ ယူသွားကောင်းပါရဲ့ နော်"'..ဟု။
    သူမဟာ သည်မိသားစုမှာ ဝင်ငွေ ရှာသူ ရော အိမ်ရှင်မအလုပ်ကိုပါ ပူးတွဲတာဝန် ထမ်းရင်း သမီးများနှင့် ခင်ပွန်းသည်တို့တွက် အဘက်ဘက်က ဖြည့်ဆည်းပေးရသည်က လည်း မပြောင်းလဲသော ရေစီးကြောင်းတစ်ခု ဖြစ်သည်။

    ထူးထူးခြားခြား ပြောင်းလဲသွားတာဆို၍ လတ်တလောနှစ်ကာလများအတွင်း သူမ၏ ကိုယ်ပိုင် သူမအတွေးများပင်။ တစ်နေကုန် အလုပ်ပင်ပန်းပြီး ညဖက်အနားယူ အိပ်စက် ချိန်တွင် တစ်ညတာအိပ်မက်စိတ်ကူးများကို လွှမ်းမိုးသူမှာ တစ်ချိန်က ခင်ပွန်းလင်ဖြစ်ခဲ့ ပြီး ယခုအချိန်တွင်တော့ မိသားစုနှင့်ဝေးကွာ နေသော သူမ၏ ချစ်သမီးပင် ဖြစ်သည်။    တစ်နေ့တာအမောနှင့် တစ်ညတာလွမ်း အိပ်မက်တို့ကို စည်းခြားပေးထားသော အိပ် ရာဝင်ဆုတောင်းများကတော့ ယခင်က ခင် ပွန်းဖြစ်သူကို အာရုံပြုမြင်ယောင်ရင်း
    ''အမြန်ဆုံး ပြန်လာရပါစေ'' ဟု ဖြစ် သော်ငြား ယခုအခါ ချစ်သမီးကို အာရုံပြု လျက်    ''မပြန်ရပဲ အလုပ်ကျွမ်းကျင်တတ် မြောက်ပါစေ'' ဟု..။
    သို့သော် တစ်ရေးနိုးချိန်နဲ့ မနက်နိုးထချိန် များတွင်တော့ သူမ၏ခေါင်းအုံးတွင် စွန်း ထင်း ကျန်ရစ်သော မျက်ရည်စများကတော့ အချိန်တွေ အခြေအနေတွေ ပြောင်းလဲသွား သော်ငြား မပြောင်းလဲနိုင်သော သူမ၏ ရင် ထဲက ခံစားချက်များကို သက်သေပြနေ ကြပါသည် ။  ။

No comments:

Post a Comment