ဒီလိုနဲ့
တစ်နေ့တော့ ရုံးရောက်ရောက်ချင်း အန်တီရှယ်လီက ကျွန်မကို ပိုင်ရှင်သူဌေးနဲ့ မိတ်ဆက်
ပေးဖို့ လှမ်းခေါ်တာနဲ့ သူနဲ့အတူ သူဌေးရုံးခန်း ကို ရောက်ခဲ့ပါတယ်။ သူဌေးက
အသက်ခြောက်ဆယ် အရွယ် အမျိုးသမီးဖြစ်ပြီး တောက်ပရွှန်းစိုတဲ့ အပြုံးတစ်ပွင့်နဲ့အတူ
ကျွန်မကို ရင်းရင်းနှီးနှီးပဲ လက်ခံစကားပြောပါတယ်။ ကျွန်မက အလွန်အမင်း စိတ် လှုပ်ရှားနေတာမို့
ရင်းနှီးစွာ ဟာသနှောပြီး ပြောလာတဲ့ သူရဲ့တချို့စကားတွေကို တိုးလျတဲ့အသံနဲ့ပဲ မပွင့်တပွင့်တုံ့ပြန်မိတယ်။
ဒါပေမဲ့ အဲ့ဒီအချိန်မှာ ကျွန်မစိတ်ထဲပေါ်လာတာက ကျွန်မကို အင်္ဂလိပ်စကားပြောသင်ပေးခဲ့တဲ့ ဆရာဦးအောင်ဇေ
(တော် ဘုရားလေး) ရဲ့မှာကြားသံ။
“အလုပ်အင်တာဗျုးမှာပဲ
ဖြစ်ဖြစ်၊ အလုပ်ဝင်စ အချိန်တွေမှာပဲဖြစ်ဖြစ်၊ ကိုယ့်အထက်က လူကြီးတွေ၊ ဘော့စ် တွေနဲ့
နှုတ်ဆက်တဲ့အခါ ကိုယ့်ရဲ့အသံမှာ ယုံကြည်မူအပြည့်အ၀ ပါပါစေ၊ သူနဲ့
လက်ဆွဲနှုတ်ဆက်တဲ့အခါ သူ့ကိုအလေးထားမှု ကိုပြတဲ့ အဘောနဲ့သူ့လက်ကိုအားထည့်ရုံ မဆိုသလောက်လေးညစ်ပြီးမှ
နှုတ်ဆက်လိုက်ပါ။ မလိုအပ်ပဲ ခါးကိုင်း အရိုအသေ ပေး ရင်း လက်ဆွဲနှုတ်ဆက်တာမျိုး၊
လေးစာသမူလွန်ပြီး လက်အုပ်ချီပြတာမျိုး မလုပ်ပါနဲ့။ နိုင်ငံတကာမှာ အဲ့ဒါမျိုး
နှုတ်ဆက်တာမျိုး လုံးဝမရှိဘူး။ ”
နိုင်ငံရပ်ခြားအဝေးကို ထွက်ပြီး အလုပ်လုပ်ရမယ့် တပည့်ကို စိတ်မချစွာမှာကြားတဲ့
ဆရာရဲ့အသံ နားထဲ ရုတ်တရက် ၀င်ရောက်လာတယ်။ ဒါကြောင့် ကျွန်မသူ့မျက်လုံးတွေကို
ရင်ဆိုင်လိုက်ရင်း ကျွန်မစိတ်လှုပ်ရှား တုန်လှုပ် နေတာကို သူမရိပ်မိအောင်
လေသံမြှင့်ပြီး သူမေးသမျှ သွက်လက်စွာပြန်ဖြေလိုက်ပါတယ်။ သူက ကျွန်မလို Textile
လောက အကြောင်း လုံးဝမသိသူကို Assistant Designer ရာထူးနဲ့ အလုပ်ခန့်အပ်ထားတာဖြစ်လို့
ဒီဇိုင်းပက်တန် (Design Pettern) တွေ အကြောင်း မသင်ပေးခင်မှာ ကျွန်မတွက် အခြေခံဖြစ်တဲ့ စက်ချုပ်ခြင်းအတတ်ကို ကျွမ်းကျွင်စွာ
တတ်ဖို့ လိုကြောင်းပြောတယ်။ အဲ့ဒီလို တတ်မြောက်မှလည်း ကိုယ်ဆွဲတဲ့ ဒီဇိုင်းမှန်မမှန်
ကိုယ့်ဖာသာစမ်းသပ်ချုပ်ကြည့်လို့ ရမှာဖြစ်ပြီး အနည်းဆုံး မတတ်လှ၊ မကျွမ်းလှဘူး
ဆိုရင်တောင် ကိုယ် ညွှန်ကြားပြသပေးမဲ့ အလုပ်သမားတွေလောက်တော့ ချုပ်တတ်ဖို့
လိုကြောင်း ရှင်းပြပါတယ်။ Underwear Designer တစ်ယောက်ဖြစ်ဖို့ အများမျက်စိကျမယ့်
အမျိုးသမီးအတွင်းခံ လှလှလေး တစ်စုံလောက် စိတ်ကူးနဲ့ ပုံဖော်တတ်ရုံနဲ့ မရဘဲ
၊အတိုင်းမှန်မှန် ပုံစံကျကျ လှလှပပလေးချုပ်တတ်ရမယ်.. ချုပ်လည်းချုပ်နိုင်ရမယ်တဲ့။
သူ့အပြောမှာ ကျွန်မကိုယ်ကျွန်မ စိတ်မချစွာ မောပန်းနွမ်းနယ် သွားပါတယ်။
သို့သော်လည်း ကျွန်မအကောင်းဆုံး ဖြစ်အောင်
ကြိုးစားလုပ်ပါ့ မယ် လို့ အဓိပ္မါယ်ရတဲ့ “I try my best ‘’ ဆိုတဲ့ စကားကို
နှုတ်ဖျားကတင်မကဘဲ ရင်ထဲကပါ လှိုက်လှဲစွာ ကတိပြုမိခဲ့တယ်။ တကယ်ပါ ။ ကျွန်မကို ယုံကြည်စွာ
မျှော်လင့်တဲ့ သူ့မျက်လုံးထဲက သတင်းပေး စကားလုံးတချို့ကို လက်ခံကောက်ယူ နိုင်သွားတာမို့
ကျွန်မတကယ် တာဝန်ကျေချင်ပါတော့တယ်။
သူ့ရုံးခန်းကအပြန်
လမ်းမှာ ကျွန်မဆီက သက်ပြင်းသဲ့သဲ့ ရှိုက်သံကြားတော့ အန်တီရှယ်လီက အား ပေး စကားလိုလို
နဲ့ သတိပေးစကားကိုစပြောတယ်။
“ သူဌေးက
အရမ်းသဘောကောင်းတယ်နော်၊ ဟုတ်တယ်မဟုတ်လား။ သူဆီမှာဆို တို့ မြန်မာတွေ က သစ္စာလည်း
ရှိပြီး၊ အရမ်းလည်း တာဝန်ကျေတော့ မြန်မာလူမျိုးတွေဆို စက်ရုံမှာသူက
မြဲစေချင်တာ။ ရာထူးကြီးကြီးနဲ့ကို
အလုပ်လုပ်နိုင်စေချင်တာ တို့ဆို ဒီမှာ ဆယ်နှစ်ရှိပြီ။
လွန်ခဲ့တဲ့ ဆယ်နှစ်ကဆို မြန်မာနိုင်ငံမှာလည်း အထည်ချုပ်လုပ်ငန်းက ခုလောက် တောင်ဖွံ့ဖြိုးတာ
မဟုတ်တော့ တို့လည်း သုညကစပြီး လုပ်ခဲ့ရတာပဲ။ ဒီကိုရောက်ရောက်ချင်းဆိုတော့
ဘာမှသိပ်ပြီး နားမလည်ဘူး။ စက်ရုံက အင်ဒို အလုပ်သမားတွေဆီကပဲ ပြန်သင်ရတာ။
သူဌေးကလည်း ကိုယ်တတ်လားမတတ်လား သူတို့ကိုပဲ မေးပြီး၊ နောက်ကိုယ် တကယ်တော်လာတော့ ရာထူးရော
လခရောတိုးပေး။ ကိုယ်တွေကလည်း မြန်မာနိုင်ငံမှာကတည်းက ဘွဲ့ရ ပညာတတ်ပြီးသား
ဆိုတော့ ကိုယ်ကို သင်ပေးခဲ့တဲ့ အင်ဒို အလုပ်သမားတွေကို
ပြန်ပြီးအုပ်ချုပ်ရင်း၊ နောက် အဲ့ဒီလူတွေ ရဲ့အလုပ်အခြေအနေ၊ နေ့စားအလုပ်သမားကနေ
လခစား အလုပ်သမားအဖြစ် တိုးမြှင့်ခန့်ဖို့သင့်မသင့်က အစ၊ သူဌေးက ကိုယ်နဲ့ပြန်ပြီး
တိုင်ပင်ရတဲ့ အဆင့်ဖြစ်လာတာပဲ။ အန်တီဆို အဲ့လိုဖြစ်အောင်
ကိုယ်တိုင်ကြိုးစားခဲ့သလို သမီးကိုလည်း ဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်တယ်။
ဒါကြောင့်လည်း သမီးလို ဘာအမျိုးမှမတော်တဲ့သူကို လိမ္မာတယ်၊ တော်တယ်လို့ အာမခံပြီး ခေါ်ခဲ့
တာ မဟုတ်လား။ ”
“ ဟုတ်”
ကျွန်မက
နားလည်အားကျစွာ ခေါင်းညိတ်ပြတော့ အန်တီရှယ်လီကလည်း စကားဆက်ပါတယ်။
“ ဒါပေမဲ့ ဒါက လူတိုင်းတော့ လွယ်လွယ်ကူကူ
မလုပ်နိုင်ဘူး။ အဲ့ဒီလို ဖြစ်အောင် ကြိုးစားရမှာလို့ တို့ ကပြောတာ။
ဒီကိုရောက်လာတဲ့ မြန်မာတွေအားလုံးကို ခြောက်လ အချိန်ပေးထားတယ်။ ပေးထားတဲ့
အချိန်အတွင်းမှာ စက်ချုပ် ရော၊ ခန့်ထားတဲ့ ရာထူးနဲ့ သက်ဆိုင်တဲ့ အလုပ်တွေအားလုံး သင်ပေးပြပေးလိမ့်မယ်။
ဒါပေမယ့် အသင်ချည်းပဲတော့ ဘယ်ဟုတ် မလဲ။ တို့တွေက ဒီမှာအလုပ်လာလုပ်တာ၊ ကျောင်းလာတက်တာမှ
မဟုတ်တာ။ learning and doing ပေါ့။ သူတို့ အလုပ်တွေကို သင်ရင်းနဲ့ လုပ်သွားရမယ်။ Job
Trainning ပေါ့။ သူတို့က တစ်ထွာလောက် ပဲ ပြရင်ကိုယ်တွေ ကတစ်လံလောက် မြင်နိုင်အောင်
ကြိုးစားရမှာ။ သိတယ်မဟုတ်လား။ အဲ့ဒီလို သင်ရင်း ခြောက်လပြည့်လို့ အလုပ်တွေလွှဲလိုက်ပါပြီတဲ့။
ကိုယ်ကဘာတာဝန်မှ မယူ နိုင်သေးဘူး၊ အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်နိုင်သေးဘူး
ဆိုရင်တော့ `တာ့တာ´ပဲ။ လာရာလမ်းပြန်၊ ကိုယ့်ရွာကိုပဲပြန်၊ အဲ့ဒီရွာမှာသာ
ပျော်ပျော်ကြီး နေပေတော့၊ ဘာ နိုင်ငံခြား အတွေ့အကြုံမှလည်း မယူနဲ့တော့။”
သူ့စကားကြားတော့ ကျွန်မလည်း
ပိုလို့တောင်မောသွားသလိုပါပဲ။ အန်တီရှယ်လီ့ကိုလည်း တကယ်ကို လှိုက် လှိုက်လှဲလှဲ
ချီးကျူးချင်လာတယ်။ဘာလို့လည်းဆိုတော့ သူ့ကဒီမှာ ထောင်ချီရှိတဲ့
အင်ဒိုအလုပ်သမားတွေကို အုပ်ချုပ်နိုင်ရုံတင် မက၊ သူဌေးက အားကိုးတိုင်ပင်ရတဲ့
အလေးထားရတဲ့ စက်ရုံမှူး (Garment Manager) ၊ သူလက်အောက်မှာ Textile လုပ်ငန်းကို
အတွေ့ အကြုံ ရှိဖူးတဲ့ Production Manager( ထုတ်လုပ်မှု မန်နေဂျာ) အဆင့် ဖစ်လပင်း (ဖီလစ်ပိုင်)
တွေနဲ့ ကျွန်မရဲ့စီနီယာ မြန်မာအစ်ကို အစ်မတွေက ကြီးကြပ်ရေးမှူး (Supervisor) လက်ထောက်မန်နေဂျာ
(Assistant Manager) စတဲ့ ရာထူးတွေ ကိုယ်စီနဲ့။ ဖစ်လပင်းတွေက အန်တီရှယ်လီကို
မစ္စရှယ်လီ ဆိုပြီး ရို့ကျိုးစွာ ဆက်ဆံရင်း အမြဲကပ်ဖားပြောဆို တာတွေတိုင်း
မြန်မာအမျိုးသမီး တစ်ယောက်အနေနဲ့ အန်တီ့အတွက် ဂုဏ်ယူမိတာ အမှန်ပါပဲ။ ကျွန်မတို့ မြန်မာလူမျိုးတွေဟာ
တကယ့်ကို အံ့မခန်းပါပဲလား။ အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ယဉ်ကျေးမူ အရရော၊
ထုံးတမ်း စဉ်လာအရရော ငပလီလို ချောင်းသာလို ကမ်းခြေတွေမှာ အတွင်းခံလေးဝတ်ပြီး အမျိုးသမီးတွေ
အလှပြလေ့လုံးဝမရှိတာရယ်၊ အနောက်နိုင်ငံတွေ မှာ လူကြိုက်များတဲ့
နာမည်ကြီးတံဆိပ်အမျိုးအစား တွေချုပ်လုပ်တင်ပို့ခွင့် မရှိတာမို့ underwear
ဈေးကွက်နဲ့ပတ်သတ်ပြီး အတွေ့အကြုံ နည်းလွန်း လှပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့မှာ
မရှိတဲ့ လုပ်ငန်းအတွေ့အကြုံတွေများစွာကို ထမ်းပိုးပြီး အလုပ်လာလုပ်နေတဲ့ ဖစ်လပင်း လူမျိုးတွေက
အင်္ဂလိပ်စာလည်း ပိုကောင်းသလို၊ လခလည်းပိုကောင်းပါတယ်။ အဲ့ဒီ လူမျိုးတွေကို အင်ဒိုလူမျိုး တွေနည်းတူ
စီမံခန့်ခွဲံအုပ်ချုပ်နိုင်တဲ့ အန်တီရှယ်လီက တစ်ရာမှာတစ်ယောက် ရှားပါးလှပါတယ်။
အဲ့ဒီ ရှားပါးလှတဲ့လူဟာ ကျွန်မနဲ့ ဆွေမျိုးလို ချစ်ခင်ရတဲ့
မြန်မာအမျိုးသမီးတစ်ယောက် ဖြစ်နေတာလည်း အံ့သြမကုန်ဖွယ်ပါပဲ။
ကျွန်မကတော့ သူစကားတွေ အဆုံးမှာ ခြောက်လဆိုတဲ့ အချိန်ကာလအတွင်း
ကျွန်မအရည်အချင်း ပေါ်မူတည်ပြီး အဆုံးအဖြတ်ပေးမယ့် အဖြေအတွက် ကိုယ့်ကိုကိုယ်အာမ
မခံရဲတာတော့အမှန်ပဲ။ ဒါ့အပြင် သူထပ်ပြီးဖြည့်စွက်ပြောလိုက်သေးတဲ့-
“
အရင်တုန်းကလည်း နှစ်ယောက် သုံးယောင်လောက် ပြန်အလွတ်ခံရဖူးတယ်။ သူတို့စိတ်ထဲမှာတော့
ထင်ချင် ထင်မှာလေ။ ပြန်လွှတ်လည်းလွှတ်ပေါ့။ ငါအနည်းဆုံးတော့ အင်ဒိုနီးရှားမှာ
စရိတ်ငြိမ်းခြောက်လ လောက်နေခွင့်ရလိုက်သလို၊ နိုင်ငံတကာ အဆင့်မီ အထည်ချုပ်စက်ရုံမှာလည်း
လေ့လာခွင့်ရလိုက်တယ်လို့ ။ ဒါပေမဲ့ တဖက်ကကြည့်လိုက်ပါဦး။ ဘယ်လောက် ရှက်စရာ ကောင်းလိုက်သလဲ။
သူများတွေ ခြောက်လနဲ့ အလုပ်ကို အကြမ်ဖျဉ်း ကိုင်တွယ်တတ်နေပြီ။ တကယ်တာဝန်ယူ လုပ် နိုင်ပြီ။
ကိုယ့် အလှည့်ကျမှ မလုပ်နိုင်ဘူး။ ဒါဆိုရင် အလုပ်လုပ်ဖို့ ခေါ်ပေးတဲ့ တို့လိုလူကလည်း
သူဌေးဆီမှာ မျက်နှာကောင်း မရသလို၊ အလယ်တန်း၊ အထက်တန်း အဆင့်လောက်တောင် မအောင်တဲ့
အင်ဒိုအလုပ်သမားတွေဆီမှာလည်း ယူတို့တတွေ အရှုံးပေး လက်မြှောက် ပြီး ပြန်
သွားတာနဲ့ အတူတူပဲ”
အဲ့ဒီနေ့က
ပြောတဲ့ အန်တီ့စကားတွေကို ရင်ထဲအသည်းထဲထိ
စွဲမြဲမှတ်မိနေပေမယ့် သူ့ကျေနပ်အောင် ဘယ်လို စကားလုံးတွေနဲ့ မှ ကျွန်မ ကတိက၀တ်မပြုဖြစ်ပါ။
အဲ့ဒီနေ့ ရုံးပြန်ရောက်တော့ ထုံးစံအတိုင်း တောက်တိုမယ်ရ အလုပ်ကလေးတွေ ကူရင်း
တစ်နေ့တာ အချိန်ကုန်သွားပေမယ့် ရန်သီ နဲ့ ဟန်နီဖာ လို့ အမည်ရတဲ့ ခပ်ငယ်ငယ်
အင်ဒိုကောင်မလေး နှစ်ယောက်ဆီက သိချင် တဲ့ အင်ဒိုဘာသာစကားတချို့ကို
မေးမြန်းခွင့်ရခဲ့တယ်။ လောလောဆယ်တော့ ကျွန်မက အလုပ်ရော၊ ဘာသာစကားကို ဘာဆိုဘာမှ
မသိသူမို့ မြင်မြင်သမျှ လူတိုင်းက ကျွန်မရဲ့ဆရာတွေ ဖြစ်လို့နေပါတယ်။ သူတို့ (R)
အသံထွက် က လျှာကို အတွင်း ကို လိပ်ပြီး အသံရှည်ဆွဲပြီးပြောတာမို့ (R) နဲ့ စတဲ့
စကားလုံးတွေတိုင်း ပိုမိုခက်ခဲလို့နေသလို၊ ကျွန်မ လိုက်ပြောတိုင်းမှာ သူတို့ အတွက်တော့
သံပတ်ပေးပြီး ရယ်ရတဲ့ ကစားစရာ ကော်ပတ်ရုပ်တစ်ရုပ် အလုပ်ထဲမှာ ကောက်ရသလို
တစ်ဝါးဝါးနဲ့ ပွဲကျ လို့ နေပါတယ်။ မြန်မာအမျိုးသမီး စန္ဒီကလည်း
ကျွန်မစိတ်ဓါတ်မကျအောင် ကိုယ်ပြောချင်တဲ့စကားကို
မရှက်မကြောက် မရအရ ပြောထွကနိုင်အောင် ကြိုးစားဖို့နဲ့ ခြောက်လဆိုရင် အင်ဒိုစကားနဲ့
အစိမ်းသက်သက် ဖော်ရိန်းနာတိုင်း အင်ဒိုစကားကို လွယ်ကူစွာ ပြောနိုင်ကြောင်း
အားပေးစကားပြောပါတယ်။ ဟုတ်မှာပါလေ။
ကျွန်မတွက်တော့ ဒီစက်ရုံရောက် တာနဲ့ ခြောက်လ ဆိုတဲ့ အချိန် သတ်မှတ်ချက်တစ်ခုကို
အမြဲလိုလိုပဲ ကြားနေရပါတယ်။
ကျွန်မသူဌေးနဲ့ တွေ့ပြီး တစ်ပတ်ပြည့်တဲ့ နေ့မှာပဲ ၊ သူဌေးက
နမူနာအခန်းထဲဝင်ကြည့်ရင်း ဆွန်းဒါလိ ဆိုတဲ့ ခေါင်း ဆောင် အမျိုးသမီးနဲ့
စက်ခန်းထဲမှာစကားတွေ တီးတိုးပြောဆိုနေပါတယ်။ သူကအခန်းထဲက ထွက်သွားတာနဲ့ ကျွန်မတို့
အားလုံး ဆွန်းလို့ ခေါ်နေတဲ့ အမျိုးသမီးက ကျွန်မရှိရာရုံးခန်းထဲသို့ ၀င်လာပြီး
မျက်စောင်းထိုးစားပွဲမှာ ရှိတဲ့ ဒီဇိုင်နာမ ကြီး မေလင်းရဲ့ခုံမှာ ထိုင်လိုက်ပါတယ်။
မေလင်းကိုတော့ ကျွန်မတို့မြန်မာရော ၊အင်ဒိုရော
ကြီးငယ်မရွေး “ အကြီး “( တရုတ်လို အစ်မ) လို့ ခေါ်ကြ တာ မို့ ကျွန်မကလည်း
“အကြီး” လို့ပဲ တရုတ်လို လိုက်ခေါ်ဖြစ်တယ်။ သူကလည်း အခရာမို့ ဘယ်သူမဆို သူဌေးက
တခုခု ညွှန်ကြားပြီး တာတောင်မှ ကြီးမေလင်းကိုလည်း ထပ်ပြီးတင်ပြ တိုင်ပင်ပြောပြရသေးပုံပါပဲ။
ခဏကြာတော့ ကျွန်မနဲ့ ကပ်လျက် စားပွဲက အစ်မရိုစီဆီကနေ နမူနာချုပ်ရမယ့်
အထည်လှလှလေးတွေကို အရောင်နဲ့ အမျိုးအစားကို ကူညီ ခွဲဝေပေးနေတဲ့ သူတို့နှစ်ဦးတည်း
မျက်နှာချင်းဆိုင် ဆွေးနွေးရာ နေရာကနေ ကျွန်မကိုလှမ်းခေါ်လိုက်ပါတယ်။ ကျွန်မကို
စက်ချုပ်တဲ့ အတွေ့ အကြုံရှိမရှိနဲ့ ၊ ဒီနေ့ကစပြီး နမူနာ အခန်းထဲက အထည်တစ်ထည်ဟာ
ထုတ်လုပ်မူ (production) ပိုင်း အတွက် ဘယ်လောက် အရေးကြီးတာဆိုတာ လက်တွေ့ လေ့လာရတော့မယ့်
အကြောင်းပြောပြပါတယ်။ ကျွန်မကလည်း စက်ချုပ်တဲ့ အတွေ့အကြုံ လုံးဝမရှိကြောင်း
ရိုးသားစွာပဲ ၀န်ခံလိုက်တဲ့အခါ သူတို့က စက်ရုံသုံး မော်တာ အပ်ချုပ်စက်တွေကိုသာ
ဒီမှာသုံး တာမို့ အနည်းဆုံး manual ချုပ်ကြတဲ့ အိမ်သုံးခြေနင်းစက် ကိုတော့
နင်းတတ်မယ်လို့ မျှော်လင့်ကြောင်းပြောတယ်။ ကျွန်မတို့ အိမ်တွေမှာ သုံးလေ့ ရှိတဲ့၊ မြန်မာနိုင်ငံက
အပ်ချုပ်ဆိုင် တွေမှာနင်း နေကြတဲ့ ရိုးရိုးခြေနင်း စက်အမည်းရောင်လေးတွေ ကို
ပြောတာပါ။ အိမ်မှာ အမေနင်းရင်တောင် ကျွန်မက လှည့်မကြည့်သူမို့ အမှန်တိုင်းပဲ
အဲ့ဒီစက်မျိုးလည်း တစ်ခါမှမသုံးဖူးကြောင်း သူတို့အမေးကို ခေါင်းခါ ပြလိုက်ပါတယ်။ ဒီတော့မှ ကျွန်မကိုကြည့်ပြီး
သူတို့ မျက်လုံးပြူးသွားကြပါလေရောလား။
“ သူဌေးကလေ နင့်ကို
နမူနာအထည်တွေ ချုပ်စေချင်နေတာ ။အဲ့ဒီအထည်တွေ ဘယ်လောက်အရေးကြီး တယ်ဆိုတာ သိရဲ့လား။
အဲ့ဒီနမူနာအထည် တစ်ထည်ကလေ တစ်လလုံးထုတ်လုပ်နေတဲ့ production က ထောင်သောင်းချီ
နေတဲ့ အထည်တွေနဲ့ညီမျှတယ်။ အဲ့ဒီတစ်ထည်၊ နှစ်ထည်နဲ့ နမူနာအထည်တွေက ၀ယ်သူစိတ်ကြိုက်ဖြစ်အောင်
လုပ်ပေးရတာ။ အဲ့ဒီမှာ ပြဿနာ ဖြစ်ရင် ဘာအော်ဒါမှလည်းမရဘူး။ ဘာ ထုတ်လုပ်မူ
(production ) မှလည်း ဆက်မလုပ်နိုင်ဘူး။ အဲ့ဒါကြောင့် အော်ဒါရချင်ရင်
နမူနာအထည်တွေကို သူတို့လက်ခံနိုင်တဲ့အချိန်ထိ အဆင့်ဆင့် ကြိုးစားယူရတာ။
သူတို့ပေးထားတဲ့ အချိန်၊ သူတို့ လိုချင်တဲ့ အတိုင်းတွေကို သူတို့မော်ဒယ်နဲ့ဝတ်ပြီး
စိတ်တိုင်းကျမှ ထုတ်လုပ်ဖို့ ငါတို့စက်ရုံမှာ ဆက်လုပ်မှာလေ။ အဲ့ဒီတော့ ငါတို့
နမူနာအခန်း (sample room) ဆိုတာက အဲ့ဒီပြဿနာ အထည်တွေနဲ့ ပဲ နေ့စဉ် နှစ်ပါးသွားနေ ရတာ
မြင်တယ်မလား။ ခု နင့်ကို အဲ့ဒီ အထည်တွေကိုင်ခိုင်းနေပြီ
တီတင်းရေ။ ဘယ်လိုလဲ နင်လုပ်နိုင်ရဲ့လား။ ”
ကျွန်မကို ချစ်စနိုး တီတင်းပဲခေါ်နေကျ ကြီးမေလင်းက ကျွန်မမျက်နှာကို
စိုက်ကြည့်ပြီး တရစပ် ခြေဟန် လက်ဟန်နဲ့ အားရပါးရ ပြောပေမယ့် ကျွန်မမှာ
နားမလည်သယောင် အူကြောင်ကြောင်ဖြစ်နေဆဲမို့ ရိုစီက ၀င်ပြီးသူပြောတဲ့ အတိုင်း
မြန်မာလိုပြန်ရှင်းပြပေးတာပါ။ ဒီတော့ ကျွန်မ လည်းမြန်မာလိုပဲ ရိုစီကို
အားလုံးရှေ့မှာပဲ ပြန်ဖြေလိုက်ပါတယ်။
“ ဘယ်လိုလုပ်ရမလဲ။ မလုပ်နိုင်ဘူးလို့ ညီမပြောလည်း မလုပ်ဘဲ ထိုင်နေလို့
ဖြစ်တာမှ မဟုတ်တာ။ ဖြစ်အောင် ပဲ လုပ်ရတော့ မှာပေါ့ ”
ကျွန်မရဲ့မြန်မာစကားကို ရိုစီက ကြီးမေလင်းကို ပြန်ပြောပြတော့ သူက
နည်းနည်းသဘောကျ သွားပုံပဲ ။ ပြုံးရာ ကနေ အသံထွက်အောင်လည်း ရယ်နေသေးတယ်။
သူကစကားပြောရင် အော်ကြီးဟစ်ကျယ်နဲ့ တစ်ယောက်တည်း ရန်ဖြစ် သလိုပြောတတ်ပြီး၊
စိတ်မထင်ရင်မထင်သလို အော်ဟစ်ဆူငေါက်တတ်တာမို့ သူ့ကိုလည်း အားလုံးက
အကြောက်ကြီးကြောက် တာပါပဲ။ ကျွန်မဆိုရင်တော့ ပြောမနေပါနဲ့တော့ ။ သူက
ရိုစီဘာသာပြန်တာ နားထောင်ပြီး အားရပါးရ
ရယ်ရင်း ကျွန်မကို ကြည့်လို့ လက်မထောင်ပြပြီး “ ဂွတ်၊ဂွတ် တီတင်း၊ဂွတ် “ ဆိုတဲ့
အင်္ဂလိပ်လို ထူးထူးဆန်းဆန်း မှုတ်လိုက်တာ တွေ့တော့ ကျွန်မလည်း သူကျွန်မဘက်က
ထောက်ခံမှာပဲလို့ ယူဆပြီး အနည်းငယ် စိတ်ချမ်းသာပြီး ပြုံးသွားမိတယ်။ သူစိမ်းတွေနဲ့
နေရတဲ့ အထဲမှာ သူတို့တွေ အားလုံးနဲ့ရင်းနှီးခင်မင် အောင်နေဖို့ ဆိုတာက မရှိမဖြစ် လိုအပ်ချက်တစ်ခုအဖြစ်
ရှိနေတာကို ကျွန်မ သဘောပေါက် လာပါတယ်။ အဲ့ဒီလိုနဲ့ပဲနောက်နေ့ စက်ချုပ်အတတ်ပညာကို
အလုပ်ထဲကနေ သင်ရင်းကူဖို့ ကျွန်မကို သူတို့ ထုတ်ပေးတဲ့ ကတ်ကြေးသေးသေးလေးနဲ့ ပိတ်စ အတိုအထွာလေးတချို့
ကိုင်ပြီး စက်ခန်းထဲဝင်သွားလိုက်ပါတယ်။ စက်ခန်းထဲမှာ အမျိုအမည် မပြောတတ်တဲ့
စက်ပေါင်းစုံလင် လှပါတယ်။ စက်တိုင်းမှာလည်း အဖြူ အမည်းဝတ် တူညီ ၀တ်စုံနဲ့ ခေါင်းမြီးခြုံ အင်ဒိုကောင်မလေးတွေက
ပြူံးလျက်ကျွန်မကို ကြိုဆိုနေကြတယ်။ တစ်လုံးတည်း အားတဲ့ မော်တာစက်ကလေးမှာ သုံးဖို
ဆွန်းက ညွှန်ပြပြီး သူ့အကူအညီနဲ့ပဲ အပ်ချည်ကို လွယ် ကူစွာ ထိုးပြီး ဘိကိုလည်း
ဒူးတစ်ဖက်နဲ့ မတင်လိုက်တယ်။ စက်ခုံထောင့်က ခလုတ်အစိမ်းလေးကို ဖွင့်လိုက်ရင်ပဲ
ဆူညံနေတဲ့ မော်တာသံတစ်သံကို ကျွန်မနားကို ထိုးဖောက်ဝင်ရောက်လာတယ်။
“ နင်းကြည့်ပါဦး။ စက်ကြောင်းဖြောင့်အောင်နင်း နော်.။”
သူပြောသလိုပဲ နင်းလိုက်တော့
စက်အရှိန်က မျှော်လင့်ထားတာထက် အဆပေါင်းများစွာမြန်နေတာမို့ ၊ ကွေ့ကောက် တွန့်လိမ်နေတဲ့
`မူကြိုကလေးပန်းချီလို´ ချည်ကြောင်းတစ်ကြောင်းကို
ကျွန်မ စိတ်ပျက်စွာပဲ မြင်တွေ့လိုက်ရ ပါတော့တယ်။
(ဆက်လက်ဖော်ပြပါမည်.......) စုသဲမွန်
(The
Ladies’ News Journal အတွဲ(၁)၊ အမှတ်စဉ်(၂၀) ဇူလိုင်၆-၁၃-၂၀၁၂)
No comments:
Post a Comment