Tuesday, August 7, 2012

ရေကြည်သော်လည်း မြက်မနုရာ-၃

                           

                                                       ရေကြည်သော်လည်း မြက်မနုရာ-၃
 
                                    ကျွန်မစက်စချုပ်ချိန် မော်တာစက်ကို မသုံးဖူးတာကြောင့် စက်က ကိုယ်ထင်တာ ထက် မြန်ပြီး စက်ကြောင်းတွေ တွန့်လိမ်ကောက်ကွေးနေတာကို ပြောခဲ့ပြီးပါပြီ။ ။ ကျွန်မ လေ့ကျင့်ဖို့ သူတို့ ပေးထားတဲ့ ပိတ်စ ကလေးတွေကို အသုံးပြုပြီး အပ်ကြောင်းဖြောင့်အောင် နှစ်ရက်လောက်ကျွန်မ ကြိုးစား လေ့ကျင်ရပါတယ်။ တလက်စတည်း မဖြစ်မနေ အသုံးပြုရမှာ ဖြစ်ပြီး ကျွန်မဘ၀မှာ တစ်ခါမှ မမြင်ဖူးတဲံ့ စက်မျိုးတွေကိုလည်း မျက်စိတွေ နားတွေဖွင့်ပြီး အပြေးအလွှား လေ့လာ ခဲ့ရ ပါသေးတယ်။ စက်ခန်းထဲ အမျိုးအစားစုံလင်တဲ့ စက်တွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နေကြသူတွေ ကြားထဲမှာ အခြေခံ အကျဆုံးဖြစ်တဲံ့single needle machine ခေါ် အပ်တစ်ချောင်းတည်းနဲ့ ချုပ်ရတဲ့ ရိုးရိုးမော်တာစက်ကို ကျွန်မအဆင်ပြေပြေ ချုပ်နိုင်တာ မြင်တော့ ခေါင်းဆောင် ဆွန်းဒါလီက ပိတ်ညှပ်သမား ကောင်မလေးနဲ့ ကျွန်မကိုမိတ်ဆက်ပေးပါတယ်။
                                ကောင်မလေးနာမည်က နယ်လီ တဲ့ ။ သူကတော့ခေါင်းပေါင်းလေးနဲ့ မဟုတ်ပဲ ကောက်ကွေးတွန့်လိမ် နေတဲ့ ဆံပင်လေးတွေကို အပြောင်သိမ်းပြီး နောက်မှ စုချည်ထားတာမို့ နှုတ်ဆက်အပြုံးနဲ့ မိတ်ဆက်လိုက်တဲ့ ကျွန်မကို မရယ်မပြုံး ခပ်တင်းတင်း မျက်နှာပေးနဲ့ တုံ့ပြန်တာကို သတိပြုမိလိုက်ပါတယ်။ ဆွန်းက ပိတ်တွေအကြောင်း  အကြမ်းဖျဉ်း ရှင်းပြ ဖို့နဲ့ အလွယ်ဆုံးဘောင်းဘီတစ်ထည် ကို ကျွန်မကိုယ်တိုင် ညှပ်ကြည့် ဖို့ သူ့ကို ကူညီပြသခိုင်းလိုက်ပါတယ်။ ဒီတော့မှ သူက စက္ကူ တွေ တစ်ထပ်ကြီးထားတဲ့ အိတ်ထဲကနေ စက္ကူခေါက်လေးတစ်ခုကို ထုတ်လာပြီး ပိတ်ပေါ် တင်ဖြတ်တဲ့အခါ ဘောင်းဘီပုံ ရှေ့ခြမ်း၊ နောက်ခြမ်းနှင့် အလယ်ခြမ်းတွေကို ပင်အပ်လေးနဲ့ ပိတ်စမှာ တွယ်ပြီး သပ်သပ်ရပ်ရပ် မြန်မြန်ဆန်ဆန်ပဲ ညှပ်ပြပါတယ်။ တကယ်တမ်း ကျွန်မ စက္ကူခေါက်လို့ ထင်နေတဲ့အရာဟာ လှပသေသပ်တဲ့  ဘောင်းဘီပတ်တမ် တစ်ခု ဆိုတာကို ပိတ်စပေါ် သူတင်ညှပ်ပြီးး မချုပ်လုပ်ရသေးခင် ပိတ်အပိုင်းအစလေးတွေ အဖြစ်မြင်မှ ကျွန်မ နားလည်ခဲ့ရတယ်။ သူကတော့ ကျွန်မနားလည်တာ ၊နားမလည်တာထား သူ့ကို တာဝန်ပေးထားခဲ့ပြီးပြီ မို့ အင်ဒိုစကားသံ ရွှတ်ရွှတ်ရှပ်ရှပ်နဲ့ရှင်းပြပြီး သူ့လို စမ်းညှပ်ကြည့် ဖို့လညိး ကတ်ကြေး ကို  ကျွန်မလက်ထဲ ထည့်လိုက်ပါတယ်။
                                ကျွန်မအတွက်လည်း အမြင်မှာ မခဲယဉ်းလှတာမို့ သူ့အတိုင်း လိုက်ညှပ်ကြည့်တဲ့ အခါ  ဘောင်းဘီတစ်ထည်စာ ပိတ်အပိုင်းအစတွေသာ ထွက်လာတယ် ၊ အနားမှာ ရပ်နေတဲ့ နယ်လီက ညှပ်ပြီးသား ပိတ်စတွေကြည့်ပြီး ဟားတိုက်ရယ်မောနေတာမို့  ကျွန်မ အတော်စိတ်ညစ်သွားမိတယ်။ ဒီတော့မှ ဘောင်းဘီတစ်ထည်ဖြစ်ဖို့ ပိတ်ညှပ်တာတောင် ရိုးရိုးညှပ်လို့ မရပဲ၊ ဘာတွေပညာသားပါတယ်ဆိုတာ  သူ့ရှင်းပြမှပဲ တဖြေးဖြေးနားလည်လားခဲ့ရတယ်။ တကယ်တော့ ပတ်တမ်ပေါ်မှာ ရေးထားတဲ့ စတိုင်နံပါတ်နဲ့ ၀ယ်သူနာမည်တွေအပြင်၊ နောက်ထပ် အရေးကြီးတဲ့ ပိတ်စရဲ့လားရာ၊ ဦးတည်ရာကို ညျွှန်ပြရတဲ့ မြှားလေးကိုလည်း ကြည့်တတ်ရ ပါသေးတယ်။ အဲ့ဒီမြှားလေးအတိုင်း ပိတ်ပေါ်မှာတင်ပြီးဖြတ်ရတာမို့၊ ပိတ်စရဲ့ဆွဲအားက အလျားမှာ ရှိလား၊အနံမှာ ရှိလားဆိုတာကို ဆုံးဖြတ်ညွှန်ပြပေးတဲ့ မြှားခေါင်းလေးအတိုင်း ပိတ်စပေါ်မှာ မှန်ကန်စွာ တင်ပြီး ဖြတ်ရတာပါ။ ဒါမှ ဘောင်းဘီချုပ်မည့် သူအတွက် ပိတ်စအစွန်းမှာ (elastic) သရေကြိုးတပ်ပြီး ခါးမှာ ၀တ်ရတာအဆင်ပြေမှာပါ။ မဟုတ်ရင် ဆွဲအားမရှိတဲ့ နေရာမှာ သရေကြိုးတပ်ပြီးလှလှပပ ချုပ်လည်း ၀ယ်သူအတွက် အဆင်ပြေကောင်းမွန်ပြီး သက်တောင့် သက်သာရှိတဲ့ အထည်တစ်ထည် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
                                 သူ့အကူအညီနဲ့ အထည်ခြောက်ထည် (ဒါဇင်ဝက်) ကို ညှပ်လို့အပြီးမှာ ဆွန်းက နမူနာ အထည် တစ်ထည် ချုပ်ပြပေးပါတယ်။ ပြီးတော့ ဘောင်းဘီအမျိုးအစား အများကြီးရှိတဲ့ အထဲမှာ၊ ဒီနေ့သင်တဲ့ ဘောင်းဘီက အခြေခံအကျဆုံးနဲ့ အလွယ်ကုဆုံးဖြစ်ကြောင်း၊ဘောင်းဘီ နာမည်ကို (panty ) လို့ခေါ်ကြောင်း ပြောပြပါတယ်။ အဲ့ဒီ (panty) ဆိုတဲ့ ဘောင်းဘီလေးကိုချုပ်ရာမှာ ကျွန်မအတွက် အခက်ခဲဆုံးအချိန်ကတော့ ပေါင်မှာ (elastic ) သရေကြိုးတပ်တဲ့ အဆင့်ပါပဲ။ ခါး ပတ်ပတ်လည် မှာ သရေကြိုးတပ်တာ ထင်သလောက် မခက်ခဲပေမယ့်  ပေါင်မှာတပ်ရတဲ့ သရေကြိုးကိုတော့  ဟိုဘက်ဒီဘက် ညီအောင် တပ်ပေးရတာမို့ ၊ စက်ချုပ်တာနဲ့ပတ်သတ်ပြီး မမေ့ နိုင်တဲ့ ကျွန်မဘ၀ရဲ့ အမှတ်ရဆုံးအခက်အခဲ တစ်ခုဖြစ်ခဲ့ပါတယ်။ သရေကြိုးတပ်တဲ့စက်က ရိုးရိုးမော်တာစက်မဟုတ်ပဲ zigzag machine ပါ။ သရေကြိုးတပ်ရတဲ့ အပိုင်းတွေမှာ အဲ့ဒီစက်ကို အသုံးပြုရတာ အလွယ်ကူဆုံး ဆိုတာကို နောက်ပိုင်းမှာ နားလည်သဘောပေါက် ခဲ့ပေမယ့် အဲ့ဒီအချိန်တုန်းကတော့  zigzag machine ခုံမှာ ထိုင်ပြီး သရေကြိုးတပ်ရတဲ့ အချိန် ကျွန်မစိတ်ထဲ ပျော်ရွှင်နှစ်သက်မူ မရှိခဲ့ပါဘူး။ ဘာလို့ လဲ ဆိုတော့ ကျွန်မချုပ်ပြီးတဲ့ အထည်တိုင်း ခေါင်းဆောင် ဆွန်း ကို ပြန်ပြရတဲ့အခါ၊ ပေါင်မှာတပ်တဲ့ သရေကြိုးတွေ ဘယ်နဲ့ ညာနဲ့ မညီတိုင်း သူကအကြိမ်ကြိမ်ဖွင့်ပြီး ကျွန်မကို ပြန်ချုပ်စေပါတယ်။ အဆိုးဆုံးကတော့ တပ်ထားတဲ့ သရေကြိုးတွေကို ပြန်ဖွင့်တဲ့အခါ၊ အမြဲ ဘရိတ်ဓါး သုံး ပြီးဖွင့် ရတာမို့ ပြဲရာ၊ဓါးရာဗလပွနဲ့ ဘောင်းဘီတွေကို ဆက်ချုပ်ဖို့ အင်အားမရှိတော့တာနဲ့ နယ်လီ ဆီမှာ မျက်နှာငယ်ငယ် နှင့် ပိတ်ပြန်ညှက်ဖို့ တောင်းရတဲ့အချိန်တွေဟာ ကျွန်မဘ၀မှာ တကယ့် စိတ်ပျက် သိမ်ငယ်စရာ မိနစ် အချိန်လေး တွေ ဖြစ်ခဲ့ဖူးပါတယ်။ အဲ့လို အချိန်တိုင်း သူက မျက်ထောင့်နီနဲ့ စွေကြည့်ရင်း
                                     “ဒီ ဂိုထောင်ထဲမှာ ရှိတဲ့ ပိတ်တွေက နင်တစ်ယောက်တည်း စမ်းချုပ်ဖို့ မဟုတ်ဘူးနော်၊ကြည့်လုပ် အုန်း “ ဆိုတဲ့သူ့အသံဟာ ကျွန်မကို အမြဲသင်ကြားပေးတဲ့ ဆွန်းလေသံထက် ဆယ်ဆလောက်ခက်ထန်မာကြောတာကြောင့် ကျွန်မ ချုပ်တဲ့ ဘောင်းဘီတွေ မပြီးခင် တစ်ခုခုပျက်ဆီးမှာကလည်း စိုးရိမ်ပူပန်ရပါသေးတယ်။ စက်ခန်းထဲမှာ ကျွန်မလေ့ကျင့်ချုပ် ကြည့်ဖို့ စက်တစ်လုံးသီးသန့် မပေးထားနိုင်တာကြောင့် ၊ ကျွန်မကူညီလုပ်ကိုင်နေတဲ့ တောက်တိုမယ်ရ အလုပ်လေးတွေ အားတဲံ့ အချိန်ရယ်၊ အလုပ်သမားတွေမသုံးတဲ့ စက်ရှိတဲ့အချိန်မျိုးရယ်မှ အပြေးအလွှားလေ့ကျင့်ချုပ်လုပ်ရတာမျိုးပါ။ ဒါကြောင့် ဘောင်းဘီ  ခြောက်ထည်ပြီးဖို့ အချိန်နှစ်ရက်ယူပြီး ဆွန်းကလည်း သဘောကျမှ ကျွန်မ ရဲ့ပထမဆုံးလက်ရာလေးတွေကို ကြီးမေလင်း ကို ပြဖြစ်ပါတယ်။ ကြီးမေလင်းက တော့ကျွန်မချုပ်ပြီးသမျှ ဘောင်းဘီလေးတွေကို တစ်ထည်ပြီးတစ်ထည်ကိုင်ကြည့် ပြီး “ လှတယ်၊ ကောင်းတယ်” နဲ့ အတော်လေး သဘောကျနေလို့ ကျွန်မလည်းအတော် စိတ်သက်သာရာ ရသွားမိတယ်။ ဒါပေမယ့် ကျွန်မနောက်ကွယ်ကျမှ နမူနာအခန်းထဲမှာ စားပွဲပေါ်မှာ ကပ်ထားတဲ့ သူ့ပေကြိုးနဲ့တိုင်းရင်း ကျွန်မရဲ့ အထည်တွေ အားလုံး  အတိုင်းမ၀င်လို့ နောက်တစ်ခါ ချုပ်ရင် တိတိကျကျ အတိုင်းနဲ့သေချာချုပ်ဖို့ အစ်မတွေကနေတဆင့် အမှာစကားပါးလိုက်မှန်း အိမ်အပြန်ဖယ်ရီပေါ်ရောက်မှ သိလိုက်ရပါတယ်။
                                   “ အတိုင်းနဲ့ ဆွန်းက မချုပ်ခိုင်းလို့ ဘယ်အထည်ကိုမှ အတိုင်းမတိုင်းပဲ ချုပ်လိုက်တာ အစ်မ၊ ဒါဆို သူက ချယ်ရီကို အားမရဘူးဆိုတဲ့ သဘောပေါ့။”
                                   အိမ်ပြန်ရောက်တဲ့ အခါ ကျွန်မနဲ့ တစ်ခန်းထဲနေတဲ့ မရိုစီကို ပထမဆုံးစက်ချုပ်အတွေ့အကြုံနဲ့ ပတ်သတ်ပြီး တိုင်ပင်ပြောဖြစ်ပါတယ်။
                                  “ အားမရတာတော့ မဟုတ်ဘူးလေ။ ချယ်ရီ ချုပ်ပုံက production ထုတ်လုပ်မူအဆင့် သာသာပဲ ရှိတယ်။ နမူနာအထည်တွေ ချုပ်ပြီဆို  အတိုင်း သေချာမှန်ဖို့ လိုတယ်။  အင်း.. ငါတို့ကလည်းအလုပ်တအားရှုပ်တော့ နင့်ကို သေချာ မပြောပြဖြစ်ဘူး။ သူတို့ကလည်း အစဆိုတော့ချုပ်တတ်ဖို့ကိုပဲ ဦးစားပေးချင်မှာ ကျန်တာတွေ ပြောပြမှာမဟုတ်ဘူး။ ဒီလိုလေဘောင်းဘီမှာ ခါးဆိုဒ် ဆို အသေးက ၂၈ နဲ့ အလတ် ၃၀၊နဲ့ အကြီးက ၃၃ ဆိုပြီးရှိတယ်။ ဒါပေမယ့် အဲ့ဒါ စင်တီမီတာနဲ့  ပြောတာနော်။ အသေမှတ်လို့တော့ မရဘူး general ပေါ့။  တခါတလေ ၀ယ်ယူ ကတောင်းဆိုရင် လက်မနဲ့လည်း တိုင်းပေးရတာမျိုး ရှိတယ်။ ဒါကြောင့် အခုကတည်းက ကိုယ်ချုပ်တာ ဘာဆိုဒ်လည်း ဆိုတာ သိမှ၊ အတိုင်းတကယ်ဝင်မ၀င် သိရမှာ၊ ပြီးတော့ လက်ကလည်း  ချုပ်ရင်းနဲ့ မှန်းဆပြီး အတိုင်းဝင်အောင် လေ့ကျင့် ချုပ်ပြီးသား ဖြစ်သွားမှာ။ ဒီအတိုင်း ချုပ်သွားလို့ကတော့ ဘောင်းဘီပုံတော့ ပေါက်တာပေါ့။ အကြီးပတ်တမ်ကလည်း အသးဆိုဒ်ဖြစ်၊၊ အသေးပတ်တမ် ကလည်း အကြီးဆိုဒ် ဖြစ်နဲ့ ဘယ်လို ပုံကျမလဲ “
                   မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ နားထောင်နေတဲ့ ကျွန်မကို ကြည့်ပြီးသူက အားမရစွာ စာအုပ်နဲ့ ဘောပင်ယူပြီး သူပြောသမျှအားလုံးသေချာမှတ်ထားခိုင်းပါတယ် ။ အဲ့ဒီနေ့က ရိုစီက ဘောင်းဘီအတိုင်းတွေတင်မက အခေါ်အဝေါ် အမျိုးအစား နဲ့ ၊ စက်ရုံမှာ အော်ဒါပြေး နေတဲ့ လက်ရှိဝယ်သူတွေအကြောင်းရယ် ၊ရေကူးဝတ်စုံ ဆိုဒ်တွေအားလုံး ရယ်၊ ကျွန်မနားလည်အောင် ရှင်းပြ ပြောပြပေးတာမို့ မြန်မာအစ်မတစ်ယောက်နဲ့ တစ်ခန်းတည်း နေခွင့် ရတဲ့ ကျွန်မ အတွက် အတော်ကံကောင်း တယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် သန်းခေါင်းကျော်တဲ့ အချိန် အလုပ်တွေ အားလုံး ဆွေးနွေးပြီးလို့ ကျွန်မ အခန်း သို့ ပြန်အိပ်ခါနီးမှ သူဆီက  မမျှော်လင့် တဲ့ သတိပေးစကားကို ထပ် ကြားလိုက်ရတယ်။
                            “ ချယ်ရီ ကငယ်လည်းငယ်တယ်။ မိဘတွေနဲ့လည်း ခု ခွဲနေရတော့ ဘာပဲဖြစ်ဖြစ် အားငယ်မှာပဲ။ လိုတာရှိရင်လည်း ပြောပေါ့။ အစ်မက ကူညီမှာပါ။ ဒါပေမယ့် ညီမရယ်၊ ရုံးမှာဆိုရင်တော့ အစ်မနားတော့ သိပ်မကပ်နဲ့ ။ ကိုယ့်ဖာသ်ာပဲနေ။ အဲ ဒါပေမယ့် ဘာသာ စကား အခက်ခဲ ရှိရင်တော့ အစ်မတို့ကို လာမေးလို့ ရတယ်နော်။ အဖွားကြီး ရှေ့မှာတော့ အလုပ်နဲ့ ပတ်သတ်ပြီး တစ်ခုခုဆို အစ်မတို့နား လာကပ်တာမျိုး ခဏခဏ မလုပ်နဲ့နော် ။ တော်ကြာ ချယ်ရီကို အစ်မတို့က ခေါ်တယ်လို့ ထင်နေအုန်းမယ်၊ သူက လူသစ်တစ်ယောက် ရောက်လာရင်သူ့ကိုပုန်ကန်ချင်လို့ အစ်မတို့ဘက်က လူမွေးတယ်လို့ ထင်မှာ အစ်မ စိုးလို့ပါ်၊ အစ်မတို့ အလုပ်လုပ်တယ် ဆိုတာ အားလုံး သူ့လက်အောက်မှာ လုပ်ရတာလေ။ သူစိတ်ကွက်ငြိုငြင်ရင် အစ်မတို့လည်း အလုပ်မှာ အဆင်မပြေနိုင်ဘူး “
                           ရိုစီစကားတွေ အားလုံး ကျွန်မနားလည်လက်ခံနိုင်ပေမယ့် ၊ ကျွန်မ မသိစိတ်ထဲကနေ တွယ်တာနေတဲ့ သူတို့ ကို ရုံးမှာအနားကပ်ခွင့် မရတာသေချာနေလို့ ပိုလို့တောင် အားငယ်သွားမိပါတယ်။ ကြီးမေလင်းကိုတော့ ကျွန်မအမြင်မှာ အာကျယ်ကျယ် အော်ဟစ်ပြောတတ်တဲ့ အင်ဒိုတရုတ်အဖွားကြီးတစ်ယောက် လို့ပဲ မြင်နေတာမို့ ရိုစီဘက်က ထင်မြင်ပြီး ပြောတဲ့ စကားတွေဟာ တဖက်သတ်အကြောက်လွန်ပြီး ပြောနေတာလို့ ပဲ ကျွန်မတွေးခဲ့မိတယ်။ ကြီးမေလင်းရော၊ သူ့ကိုရော ၊စန္ဒီ ကိုရော အခုမှ မြင်ဖူးတွေ့ဖူးတာမို့ သူ့တို့ရင်ထဲကို ရှိနေတာတွေကို ကျွန်မ၀င်မဖတ်တတ်ပါ။ ဒါပေမယ့် လည်း သူတို့ စက်ရုံမှာ အလုပ်လုပ်နေတဲ့ လုပ်သက်ဟာ နှစ်ချီနေပြီမို့ လူတွေရဲ့ စိတ်တွေကို အချိန်တိုတိုလေးနဲ့ အကဲမခတ် နိုင်သေးတဲ့ ကျွန်မတွက် သူ့စကားကို တလေးတစား နားထောင်ရမှာပါ။ ပြီးတော့ တလက်စတည်း ကျွန်မနားလည်လိုက်တာက မရပ်မနား ကျင်လည် ရုံးကန်နေရတဲ့ နေ့စဉ်အခက်အခဲတွေထဲမှာ သူစိမ်းတွေနဲ့ အဆင်ပြေအောင် လိုက်လျောညီထွေ ဆက်ဆံ ဖို့ကလည်း တကယ်မဖြစ်မနေ လိုအပ်တဲ့ အချက်တစ်ချက်ပဲ ဆိုတာ ရိုစီ စကားကို ကြားပြီးတဲ့ အခါ ကျွန်မတကယ် သဘောပေါက်ခဲ့ရတယ်။  ကြီးမေလင်းရော၊ ရိုစီနဲ့ စန္ဒီ အပြင် တခြား ကျွန်မနဲ့ ပတ်သတ်ရမယ့် အင်ဒိုအလုပ်သမားအကြီးအငယ်မရွေး တစိမ်းတွေပဲမို့ တစ်ယောက်တမျိုး မတူညီတဲံ့ သူတို့စိတ်တွေထဲ ကျွန်မနဲ့ အံဝင်ဂွင်ကျ ဖြစ်နိုင်ဖို့ ကြိုးစားနိုင်ပါ့မလား။ အဲ့ဒီအတွက် ကျွန်မကိုယ့်ကိုကိုယ် သံသယရှိနေမိပါသေးတယ်။
                           ကျွန်မ စက်ရုံရောက်တာ ဘာလိုလိုနဲ့ သုံးလပြည့်ခဲ့ပါပြီ။ ဘာသာစကားကိုလည်း အတော်အသင့် နားလည် နေပေမယ့် ထမင်းစားရေသောက်လောက်သာ ပြောတတ်ဆိုတတ်ပြီး၊ အလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး တချို့အရေးကြီး ကိစ္စတွေမှာတော့  ရိုစီနဲ့ စန္ဒီမပါပဲ တစ်ယောက်တည်း သူများနားလည်လက်ခံအောင် မရှင်းပြတတ်သေးပါဘူး။ ဒါကြောင့် သူတို့ အနားလာမကပ်နဲ့ ပြောလည်း အင်ဒိုအလုပ်သမားတွေရဲ့ “ ကြီးရိုစီရေ၊ ကြီးစန္ဒီရေ ဒီမှာ ချယ်ရီ ဘာပြောမှန်းမသိဘူး “ ဆိုပြီး သူတို့ဖာသာအော်ဟစ် အကူအညိတောင်းလို့ အစ်မတစ်ယောက်ယောက်က ၀င်ပြီး ဖြေရှင်းပေးလို့ အဆင်ပြေနေဆဲ လို့ ပြောရမှာပါ။ ဘောင်းဘီ panty ကိုတော့ အတိုင်းမှန်မှန်နဲ့ ကျွမ်းကျင်စွာ ချုပ်နိုင်ပြီး ၊နောက်တဆင့် မတက်ခင်မှာ ဆွန်းက ကျွန်မကို ထုတ်လုပ်မူမှ အထည်တွေကို အင်ဒို အလုပ်သမားတွေရဲ့ target (တနေ့ဘယ်လောက်ထွက်ရမယ်) နဲ့ စက်ချုပ်သွက်အောင်၊ ချုပ်ကြောင်းမှန်အောင် ချုပ်စေချင်ကြောင်း ကြီးမေလင်းကို ပြောပါတယ်။ ကြီးမေလင်းက ကျွန်မဆီက ကြိုးစာချုပ်ပါ့မယ်ဆိုတဲ့ နှုတ်ကတိကို ထပ်မံ ယူအပြီးမှာ အဲ့ဒီနေ့က စနေနေ့ နေ့တ၀က်ဖြစ်တာကြောင့် ရုံးကကားနဲ့ အိမ်ကို တန်းမပြန်ပဲ ကျွန်မတို့ မြန်မာသုံးယောက်နဲ့ အတူ ကြီးမေလင်းရဲ့ ဆန္ဒအတိုင်း ဂျာကာတာကို (shopping )ဈေးဝယ် ထွက်ခဲ့ကြပါတယ်။ ပထမဆုံး ကြီးမေလင်းနဲ့ အတူ ဈေးဝယ် ထွက် ရတာမို့ ကျွန်မစိတ်အရမ်းလှုပ်ရှားပြီး ၊ ပတ်ဝန်းကျင်ရူခင်းတွေကို ငေးမောကာ ပျော်ရွှင်မြူးထူးနေမိပါတယ်။ နောက်မှ သိရတာက သူက တစ်ပတ်စ်ခါ စနေနေ့ညနေ ရုံးဆင်းတိုင်း အစ်မနှစ်ယောက်နဲ့ အတူ ဈေးဝယ်ထွက်တတ်ပြီး ၊ တခါတလေ ရုံးဖွင့်ရက် အလုပ်တွေပြီးရင်တောင် အပန်းဖြေရုံသက်သက် နဲ့ နာမည်ကြီးမောလ် တွေ ရှိရာ ဂျာကာတာသို့ ရုံးကား နဲ့ သွားရောက်လည်ပတ်တတ်တတ်တာတဲ့ အကြောင်းပါ။
                      ရုံးကနေ ဂျာကာတာကို ကားနဲ့ တစ်နာရီခွဲလောက်စီးရပြီး၊ နာမည်ကြီးမောလ်ဖြစ်တဲ့  Senayan city ကိုရောက်တော့ ကျွန်မအတွက် အရာရာတိုင်း ဆန်းပြားခမ်းနားလို့ နေပါတယ်။  မောလ်ထဲမှာတစ်ခန်းချင်း ခင်းကျဉ်းပြသထားတဲ့ ဆိုင်တွေရောက်တိုင်း ကျွန်မစိတ်ထဲ “ WOW “ လို့ အော်ဟစ် ကြည်နူးမိပါတယ်။ သူက ကျွန်မတို့စက်ရုံရဲ့ အားအကိုးရဆုံးနဲ့ ရာထူးအကြီးဆုံး ဒီဇိုင်နာကြီးမို့ အသစ်ရောက်တဲ့ပစ္စည်းမှန်သမျှ သူ့လေ့လာစိတ်ကူးပုံဖော်နိုင်ဖို့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်လံကြည့် ရူပါတယ်။ ကျွန်မတို့ကိုလည်း အလုပ်နဲ့သက်ဆိုင်တဲ့ underwear တွေသာမက outer wear အကျီင်္အသစ် အဆန်းလေးတွေ တွေ့တိုင်း  fitting room ထဲ နမူနာအဖြစ် တစ်ယောက်က၀တ်ပြရင်း ကျန်တဲ့လူတွေက ချုပ်ပုံချုပ်သားနဲ့ ပတ်တမ်ဘယ်နှစ်ခုပါသလဲ၊ ဘာတွေ ဆန်းပြားသစ်လွင်နေလဲဆိုတာမျိုးကို အမြဲ အကဲခတ်လေ့လာဖြစ်ကြတယ်။ မောလ် တွေရောက်တိုင်း လေ့လာဖြစ်တဲ့ ဆိုင်တွေက စက်ရုံမှာ ပုံမှန် ၀ယ်သူတွေဖြစ်ကြတဲ့ victoria secret ,  နဲ့ Maidenform  နဲ့   Warnaco  တွေပါ။ စန္ဒီပြောပြချက်အရ တခြားစက်ရုံမှာ အပ်ပြီး သူတို့ ဆိုင်တွေမှာတင်ရောင်းတဲ့ ဒီဇိုင်းအသစ်အဆန်းတွေကို အပတ်စဉ် စနေနေ့ ရုံးကပြန်တိုင်း ခုလို ခေတ်မီ မော်အကြီးကြီးက ဆိုင်ခန်းတွေမှာ ၀င်လေ့လာ ဖြစ်ကြောင်းပြောပြပါတယ်။ ကြီးမေလင်းက ပိုက်ဆံလည်းချမ်းသာပြီး လက်လည်းလွယ်သူမို့ သူနှစ်သက်တဲ့ပစ္စည်းတွေ့ရင်လည်း ဘယ်လောက်ဈေးကြီးကြီး ချက်ချင်းဝယ်ယူ ၀တ်ဆင်တတ်သူပါ။ သုံး၊လေးနာရီလောက်ဈေးပတ်အပြီးမှာတော့ ကျွန်မတို့ သုံးယောက်ကို သူက နာမည်ကြီး ဆိုင်ကောင်းကောင်းမှာ ညနေစာကျွေးပါတယ်။  အဲ့ဒီကနေ သူ့အိမ်ကို အရင်ဝင်ပို့ပြီးမှ ကျွန်မတို့ သုံးယောက်နေထိုင်တဲ့ အဆောင်လေးကို ပြန်ရောက် တော့ ညဆယ်နာရီထိုးနေပါပြီ။ အန်တီရှယ်လီက ကျွန်မတို့နဲ့ အလုပ်မတူတာမို့ အစောကြီးပြန်ရောက်ပြီး အိပ်မောကျနေပုံပါပဲ ။ သူ့အခန်းမီးတွေအားလုံး မှိတ်ထားပြီးပါပြီ။ ဖစ်လပင်းအခန်းတချို့ဆီက မနက်ဖြန်ရုံးပိတ်ရက်မို့ အားလုံးစုရုံးပြီး သီချင်းဆိုနေကြပုံပေါ်တဲ့ ကာရာအိုကေ သီချင်းသံလေးသဲ့သဲ့ကို ကြားရပါတယ်။
                   အခန်းထဲ ပြန်ရောက်ပြီး ရေချိုး၊ အ၀တ်လဲပြီးတာအခါ တနလာင်္နေ့မှာ မလွဲမသွေ ကြုံတွေ့ရမယ့် အလုပ်အခက်အခဲတွေကိုခဏမေ့ပြီး ခုတင်ပေါ် ခြေပစ်လက်ပစ်လှဲချ ရင်း ချက်ချင်းအိပ်ပျော်သွားပါတော့တယ်။
                                                                                                               (ဆက်လက်ဖော်ပြပါမည်….)
                                                                                                                     စုသဲမွန်
                                      
                                                                             (The Ladies’ News Journal အတွဲ(၁)၊ အမှတ်စဉ်(၂၂) )

2 comments:

  1. ခုမှရောက်လို့ ဖတ်နေပါတယ် အစ်မရေ စိတ်မော၇ပါတယ်ဗျာ

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ်ရှင့်၊ ၀တ္ထုတွေလည်း ဝေဖန်ပေးပါဦးနော်

      Delete