ရေကြည်သော်လည်း မြက်မနုရာ-၎
စက်ရုံဝင်းထဲကို ၀င်ဝင်လိုက်ချင်း
ကုန်တင်ကားကြီးတွေ သုံး၊လေးငါးစီးတွေ့လိုက်ရလို့ ကျွန်မ အံ့အား သင့်ကာ
တဒင်္ဂငေးမောနေမိပါတယ်။ တချို့ရက်တွေမှာ ပိတ်စလိပ်တွေ အထပ်လိုက်တင်ထားတဲ့ကားတွေကို
တစ်စီးတစ်လေ တွေ့ရလေ့ရှိတာပေမယ့် ၊ ဒီလို စက်ရုံဝင်း အပြည့် ကားကြီးတွေရပ်ထားတာမြင်တော့
အထူးအဆန်းလုပ်ပြီး ငေးမော ကြည့်မိ သွားတာပါ။ ကားဖယ်ရီပေါ်က ဆင်းဆင်းချင်း၊
ရှေ့ခန်းမှာပါလာတဲ့ အန်တီရှယ်လီက လှမ်းနှုတ်ဆက်တဲ့ စက်ရုံစောင့်ကို “ဒီနေ့
shipping ရှိလား၊ ပစ္စည်းပို့ရမဲ့နေ့လား” လို့ လှမ်းမေးတာကို တွေ့လိုက်ရပါတယ်။
အန်တီရှယ်လီက မြန်မာတစ်ဦးတည်းနဲ့ ဖစ်လပင်း(ဖီလစ်ပိုင်) ဆယ်ယောက်လောက် ၊ အင်ဒိုနီးရှား
ဝန်ထမ်း နှစ်ဆယ် သုံးဆယ် နဲ့ ထောင်ချီတဲ့ အလုပ်သမားသမား တွေ ကို အုပ်ချုပ်ရတဲ့
စက်ရုံ(၂)က မန်နေဂျာမှူးကြီးမို့ ၊သူဌေးမကြီးက ယုံကြည်ရလွန်းလို့ မျက်နှာလွဲ
ထားရသူပါ။ စက်ရုံ(၁)မှာတော့ အားလုံးကို သူဌေးမက တိုက်ရိုက်အုပ်ချုပ်ပါတယ်။
အန်တီရှယ်လီလို အရာရာယုံကြည်ပြီး အားကိုးရမဲ့လူယုံ မရှိလိုများလားလို့ တွေးမိ
လိုက်သေး တယ်။ ဒါကြောင့် အိမ်ကနေ ဖယ်ရီအတူတူ စီးခဲ့ပေမယ့် ရုံ:ရောက်တာနဲ့
အန်တီရှယ်လီနဲ့ ဖစ်လပင်းတချို့က စက်ရုံ(၂) ဘက် ကို လှမ်းပြီး ကျွန်မတို့
မြန်မာသုံးယောက်ကတော့ စက်ရုံ(၁) ဘက်ကို ခြေဦးလှည့်ခဲ့ပါတယ်။
သူဌေးမကြီးရဲ့ရုံးခန်းက
လှမ်းကြည့်လိုက်ရင် မှန်ချပ်တွေနဲ့သာခြားထားတဲ့ ကျွန်မအလုပ်လုပ်နေတဲ့ `နမူနာ ထည် အခန်း´
(Sample Room) ကို လှမ်းမြင်ရပါတယ်။ သူ့ရဲ့ နံဘေးမှာတော့ အင်ဒိုနီးရှား ဘွဲ့ရပညာတတ်တချို့ကို
ကွန်ပြူတာ ကိုင်ပြီး စာရင်းဇယား လုပ်နေကြတာကို လှမ်းတွေ့ရသလို၊ တချို့ကတော့
ကျွန်မနဲ့ တဆောင်တည်း အတူတူနေတဲ့ ဖစ်လပင်း လူမျိုးတွေ ကို merchandiser ဆိုတဲ့
အရောင်းအ၀ယ်ညှိနှိုင်းရေးတာဝန်ခံ ၊ purchaserဆိုတဲ့ ၀ယ်ယူရေးတာဝန်ခံ စတဲ့
ရာထူးတွေမှာ ညနက်သည်အထိတာဝန်ယူ အလုပ်လုပ်နေကြတာကို ကျွန်မလှမ့်းမြင်ရပါတယ်။
ကျွန်မရဲ့ ‘နမူနာထည် အခန်း’ မှာတော့ ဖစ်လပင်းတစ်ယောက်မှ မရှိပဲ အင်္ဂလိပ်လိုလုံးဝ
မပြောတတ်၊ အင်ဒိုစကားကိုလည်း ချစ်စရာ အဖွားကြီးလေသံနဲ့ ဗလုံးပထွေး ပြောတတ်တဲ့
တရုတ်အဖွားကြီး ‘ကြီးမေလင်း’ကိုသာ ရာထူးအကြီးဆုံးအဖြစ် တွေ့ရပါတယ်။ သူ့ကို
စက်ရုံ(၁) မှာရော၊ (၂) မှာပါ ကြီးမေလင်းဆိုရင် ကျွမ်းကျင်တဲ့ ဒီဇိုင်နာအဖွားကြီးအဖြစ်
အသိအမှတ်ပြုပြီးသားပါ်။ သူပြီးရင် ကျွန်မတို့ ‘နမူနာထည်အခန်းမှာ’ ရိုစီနဲ့ စန္ဒီကို
ရာထူးအကြီးဆုံးလို့ထင်ထားမိတဲ့ ကျွန်မအတွေးတွေ ဒီနေ့ရုံးရောက်တဲ့အခါ သူစိမ်း မြန်မာ အမျိုးသမီး တစ်ယောက်ကို ထပ်မံ
တွေ့လိုက်ရလို့် ပို့အံ့သြသွားမိပါတယ်။ တကယ်တော့ သူက ဆေးခွင့်နဲ့ ကလေးမီးဖွားဖို့
ခွင့်ယူ ထားတာမို့ ကျွန်မနဲ့ ခုမှဆုံကြရတာပါ။ သူ့နာမည်ကတော့ ဒေလီတဲ့။
အင်ဒိုနီးရှားရောက်တော့လည်း သူရော၊ကိုယ်ရော အဖေ အမေ ရွေးချယ်မှည့်ပေးထားတဲ့မြန်မာ
နာမည်လေးတွေပျောက်ပြီး၊ လူတိုင်းခေါ်ရလည်း လွယ်၊ မှတ်မိလည်း လွယ်နိုင်မယ့် ဘိုဆန်ဆန်
နာမည်တွေနဲ့ဘ၀သစ်စခဲ့ကြရတဲ့ ထဲမှာ ဒေလီလည်း တစ်ယောက်ပေါ့။
ဒေလီက နမူနာထည်အခန်းမှာ
costing လို့ခေါ်တဲ့ နမူနာချုပ်မယ့် အထည်တွေအတွက် ပိတ်နဲ့ တခြားပစ္စည်း တွေ
ဝယ်ယူဖို့ တွက်ချက်ရပါတယ်။ ဒါ့အပြင် တခြား စက်ရုံက ရောင်းသူ ၀ယ်သူ
အပြန်အလှန်မေးလ်နဲ့စကားပြောရင်း ဈေးညှိတဲ့ အပိုင်းကိုလည်း တာဝန်ယူရပါတယ်။ ဒီတော့မှ
ကျွန်မအရင်က တစ်ယောက်တည်း တွေးခဲ့ဖူးတဲ့ သူဌေးမကြီးက အစည်းအဝေး ခေါ်ရင် ကြီးမေလင်း
တစ်ယောက်တည်း အဆင်ပြေနိုင်ပါ့မလား၊ ကြီးမေလင်း အော်ကြီးလစ်ကျယ် ပြောဆိုတာတွေကို
အားလုံး က နားလည်လက်ခံရဲ့လား ဆိုတဲ့
အတွေးနဲ့၊ ၀ယ်သူတွေ တောင်းဆိုသမျှ အကြီးမေလင်းက အင်္ဂလိပ်လိုမတတ်ပဲ ဘယ်လိုလိုက်မှတ်ချုပ်လုပ်
နိုင်ပါလိမ့်ဆိုတဲ့ သံသယတွေကို ဒေလီကျွန်မရှေ့ရုတ်တရက်ပေါ်လာမှပဲ ရှင်းလင်းသွားပါတော့တယ်။
ဒီ ‘နမူနာထည်အခန်း ‘ထဲံမှာတော့ သူကကြီးမေလင်းပြီးရင်း ရာထူးအကြီးဆုံးပါပဲ။
သူကနေတဆင့် ဘာပိတ်အရောင်၊ အမျိုးအစားနဲ့ ချည်၊ သရေကြိုးနဲ့ ဖဲုကြိုး၊ဖဲပြားစတဲ့
accessories သုံးမလဲ ဆိုတာတွေကို ဒီဇိုင်းနာတွေက သိရတာဖြစ်ပါတယ်။ ကြီးမေလင်းတို့
ဒီဇိုင်း ဆွဲပြီးတာနဲ့ စက်ခန်းထဲက စက်ချုပ်သမ တွေ နဲ့ ညှိနှိုင်းပြီး သူက ၀ယ်သူ(buyer)
ကို ၊(တနည်းအားဖြင့် အော်ဒါအပ်သူကို ) နမူနာအထည်တွေ
ပြီးစီးနိုင်မယ့် နေ့ကို ကြိုတင်ခန့်မှန်းအကြောင်းကြားရတာ သေ်းတယ်။
ဒီနေ့တော့ သူတို့ချုပ်နေတဲ့
ရေကူးဝတ်စုံအတွက် ပခုံးမှာတပ်မယ့် ကြိုးနှစ်ဖက်ကို ညီညီညာညာ ကူဖြတ်ရင်း အရမ်း
ဆန်းပြားခေတ်မီတဲ့ ဖဲကြိုးတွေဗလပွနဲ့ ဖက်ရှင်ရေကူးဝတ်စုံနဲ့ ဘောင်းဘီဝမ်းဆက်လေး
ချုပ်နေတာကို တဆင့် ချင်းလိုက်ကြည့် မိပါတယ်။ ကျွန်မ မနီးမဝေးကနေ ကြည့်နေတာကို
ကြည်ဖြူသူလည်း ရှိသလို၊ သုန်မှုန်တဲ့ မျက်နှာပေးနဲ့ နှုတ် ခမ်းစူ ထားတဲ့လူတွေလည်း
ရှိပေမယ့်၊ ကျွန်မက ပညာလိုချင်သူမို့ ၊ သူတို့ကို အနှောင့်အယှက် မဖြစ်ရအောင်
ခပ်လှမ်းလှမ်းကနေ စာအုပ်တစ်အုပ်နဲ့ ကြည့်ရင်း လိုက်မှတ်မိပါတယ်။ ပထမတော့
စာအုပ်ကိုင်ရမှန်း နားမလည်တဲ့ ကျွန်မကို အန်တီရှယ်လီက သုံးလကျော်၊လေးလ ဆိုတာ လေ့လာတာတောင်မှ
ပြီးစလွယ် ယောင်ဝါးဝါး လုပ်လို့ မရတော့ဘူး၊ စာအုပ်နဲ့ ချုပ်လုပ်ပုံတဆင့်ချင်း၊
မြန်မာလို ဖြစ်ဖြစ် အင်္ဂလိပ်လိုဖြစ်ဖြစ် လိုက်မှတ်ထားသင့်ပြီ ဆိုတဲ့
အမှာစကားကြောင့် ခုလို လိုက်မှတ်ရခြင်းဖြစ်ပါတယ်။ အဲ့ဒီ လို လိုက်မှတ်ရင်း
ကိုယ်နဲ့ ရင်းနှီးနေပြီး မျက်နှာလည်းချိုတဲ့ စက်ချုပ်သမတွေ နားကပ်ပြီး ဘာကူညီရမလဲ
လို့ အင်ဒိုလို လိုက်မေးရ ပါသေးတယ်။ ဒါကလည်း နမူနာအထည်လှလှလေးတွေ အော်ဒါကျနေလို့
စက်တွေမအားတဲ့အခါ ၊ အလုပ်လုပ်ရင်း စက်ချုပ် လေ့ကျင့်ချင်တဲ့ ကျွန်မရဲ့ဆန္ဒလေးပါ။
တခါတလေလည်း အထည်ချုပ်လုပ်ငန်း (Textile) အသုံးအနှုန်းတွေ မသိသေးတဲ့ ကျွန်မက စာအုပ်ထဲမှာ
မြန်မာလိုရေးမှတ်တာကို မြင်တိုင်း အနားကို အင်ဒိုစက်ချုပ်သမ ခပ်ငယ်ငယ်တွေ
ဝိုင်းပြီး စပ်စုတတ် ကြသေးတယ် ။ မြန်မာစာ ဆိုတာအဲ့ဒါလားဆိုတာမျိုးပေါ့။ သူတို့အင်ဒိုနီးရှားစာကတော့ ABCD နဲ့သာရေးပြီး
အသံထွက်ကျမှ အင်္ဂလိပ် အသံထွက် နဲ့ကွဲပြီး A ကို “ အာ”၊ B ကို “ ဘေ” ၊ C ကို “ ကျေ”
ဆိုပြီး အသံထွက်ကြတယ်။ တခါတလေလည်း သူတို့က နေ့လည်ထမင်းစား ချိန်မျိုးမှာ မြန်မာလို
AကနေZ အထိရေးပြပါဆိုလို့ ကကြီးကနေ အ အထိရေးပြရသေးတယ်။ သူတို့လိုက် ရေးကြည့်တဲ့ အခါ
ဘယ်လိုမှ အဆင်မပြေကြဘူး။ အဲ့ဒီအခါ ကျွန်မတို့ကို “ သြော် သူတို့က ဒီလောက် ခက်တဲ့
စာတွေကို ငယ်ငယ်ကတည်းက ရေးခဲ့၊ သင်ခဲ့ကြတာ။ ဒါကြောင့် ငါတို့စာကျ အေးဆေးဖြစ်နေတာ”
လို့ မချိတင်ခဲ ပြောကြပါသေးတယ်။ အမှန်တော့ သူတို့စာကိုရေးတဲ့ အေဘီစီဒီဆိုတာလည်း
ကျွန်မတို့က ငယ်ငယ်ကတည်းက သင်ထားခဲ့တာကိုး။
ကျွန်မကိုယ်၌ကလည်း
အင်ဒိုစကားကိုလေ့လာပြောဆိုနေပေမယ့် မြန်မာတွေကလည်း ကိုယ့် ပတ်ဝန်း ကျင်မှာ
ရှိနေတာမို့ ကိုယ့် လူမျိုးအချင်းချင်းတော့ မြန်မာစကားကိုပဲ ပြောဆိုဖြစ်ပါတယ်။ အင်ဒိုတွေက
ကျွန်မကို သူတို့စကား နဲ့ဖြည်းဖြည်းပြောရင် အားလုံး နားလည်ပြီလို့ ဆိုရပေမယ့်
အရမ်းမြန်ရင်တော့ ဘာပြောမှန်း လုံးစေ့ပတ်စေ့ သေချာ မသိပဲ၊နီးစပ်ရာ
အဓိပ္မါယ်လောက်ကိုသာ ဆက်စပ် တွေးတောရပါတော့တယ်။ အင်ဒိုလူမျိုးတွေထဲမှာ
မြန်မာစကားကို တစ်လုံးချင်း လေ့လာရင်း ကျွန်မနဲ့တွေ့တိုင်း စကား
ပြောတတ်တဲ့သူရှိတယ်။ သူကတော့ ဒရိုင်ဘာလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဂိုနာ ဆိုတဲ့
လူကြီး။ တစ်ရက်တော့ နမူနာထည်အခန်းတစ်ခန်းလုံး အိုင်ဗာတိုင်ရှိတဲ့နေ့မှာ
ချောင်းတွေဆိုးပြီး နေသိပ်မကောင်းတဲ့ ကျွန်မကို အဆောင်ပြန်ဖို့ အကြီးမေလင်း က ဂိုနာကို
လိုက်ပို့ခိုင်းလိုက်ပါတယ်။ နှုတ်ခမ်းမွေး ထူထူနဲ့ အသားက မည်းရတဲ့ထဲ လူကလည်း
ထွားကျိုင်းသန်မာပြီး မျက်လုံးနှစ်လုံး က အပြင်ကို ပြူးထွက်နေတာမို့ သူ့ကို
မြင်မြင်ချင်း၊ ရုံးခန်းရှေ့မှာပဲ ကျွန်မ လန့်ဖြန့်သွားမိတယ်။
ညကလည်းခုနှစ်နာရီခွဲ၊ ရှစ်နာရီ လောက်ရှိပြီမို့ ရုံးနဲ့ အဆောင် ဘယ်လောက်နီးတယ်ပဲ
ဆိုဆို သူနဲ့ နှစ်ယောက်တည်း မှန်အလုံပိတ်ကားစီးပြီး ပြန်ရမယ့် အရေးကို
တွေးလိုက်မိတော့ ကျွန်မကျောချမ်းသွားမိပါတယ်။
သူက ကားရှေ့ခန်းမှာ
ထိုင်ဖို့ အလိုက်သတိကားတံခါးဖွင့်ပေးရင်း ကားပေါ်ရောက်တဲ့ အခါ သူဆီက ကြားလိုက် ရတဲ့
ပထမဆုံးစကားက “ မင်္ဂလာပါ” ။ နောက်ပြီး ပြောတဲ့စကားတွေက “ နာမည်ဘယ်လိုခေါ်လဲ “ “
ဒီမှာ နင်ပျော်လား “ “ လိမ်လိမ်မာမာ နေ “ စသဖြင့် အစုံပါပဲ။ ဒီလောက် ပြောတတ်တဲ့
အင်ဒိုလူမျိုးကို ပထမဆုံးတွေ့ဖူးတဲ့ ကျွန်မ လည်း ငြိမ်မနေနိုင်တော့ပဲ
သူဘယ်လိုလေ့လာထားသလဲ သိချင်စိတ်နဲ့ အင်တာဗျုးမိတော့တယ်။ ကျွန်မထင်ထားတဲ့ အတိုင်း
စန္ဒီ၊ ရိုစီနဲ့ အန်တီရှယ်လီတို့ကို မြို့ထဲသွား ဖို့ သူလိုက်ပို့တုန်းက
သင်ထားတာဖြစ်ပြီး တစ်ကနေတစ်ဆယ် အထိတောင် ရွတ်ပြလိုက်ပါသေးတယ်။ ဒါ့အပြင်သူက ဘာသာစကားလေ့လာလိုက်စားရတာကို
ဝါသနာပါသူမို့ သူသိတဲ့ ဖစ်လပင်း စကား တစ်ခွန်း နှစ်ခွန်းကို ပြောပြရင်း၊
အင်္ဂလိပ်လိုလည်း ကြားညှပ်မှုတ်လိုက်သေးတယ်။ သူ့ကြောင့် နေမကောင်းတဲ့ ကြားက ကျွန်မ ပြုံးနိုင်သွားပါတော့တယ်။ အဲ့ဒီနေ့ည
အအေးမိချောင်းဆိုရာကနေ အဖျားဝင်လာတဲ့ ကျွန်မကို ဆရာဝန်ပြတော့ ၊ အဆုတ် အအေးမိတာမျိုးဖြစ်ပြီး
နှာခေါင်းမှာလည်း နှာရည်တရွှဲရွှဲမို့ တစ်နေကုန် အဲယားကွန်း ခံတာမျိုး မလုပ်ဖို့
သတိပေး တားမြစ်ခဲ့ပါ တယ်။ တကယ်တော့ ကျွန်မတို့
‘နမူနာထည်အခန်း’ ရဲ့ ရုံးခန်းထဲမှာလည်း အဲယားကွန်းတပ်ထားသလို၊ စက်ခန်းမှာ
ဖုန်ဝင် တာမျိုး မဖြစ်အောင် အေးစိမ့်နေအောင် အဲယားကွန်း တပ်ထားရတာမို့ ဆရာဝန်ရဲ့
သတိပေးချက်ကို နားလည်ပေမယ့် ကျွန်မ မလိုက် နာနိုင်ခဲ့ပါဘူး။ ဒါပေမဲ့
ကံအားလျော်စွာဘဲ ချောင်းဆိုးအအေးမိတာ သုံး၊လေးရက်လောက်ကြာပြီးအချိန်မှာတော့
ဆိုးဆိုး ၀ါးဝါး မဖြစ်ပဲ ကျွန်မ
နေပြန်ကောင်းလြာ့ပီး အလုပ်တွေကို နိုင်သလောက် ကူနိုင်ခဲ့ပါတယ်။
ဒီနောက် မကြာမီရက်ပိုင်းကတော့
လကုန်ရက်ဖြစ်ပြီး ဟိုတစ်ခါကလိုပဲ ကုန်ကားကြီးတွေ စက်ရုံဝန်းထဲ အပြည့်
တွေ့ရပြန်ပါပြီ။ ကုန်ကား အမြင့်ကြီးတွေအောက်မှ ကားဝမ်းထဲ ပိုက်ပခက်လုပ်ပြီး
အိပ်နေတဲ့ ညစ်ထေးထေးလူတွေကိုလည်း တွေ့မြင်ရပါ တယ်။ သူတို့တွေက ဒရိုင်ဘာတွေလား၊ အလုပ်သမားတွေလား
ကျွန်မ မသိပေမယ့် သေချာတာကတော့ ထုတ်လုပ်မှု ပိုင်းက ဒီနေ့ ပစ္စည်းတွေအားလုံးကို အဲ့ဒီကားကြီးတွေနဲ့
အချိန်မီပို့နိုင်အောင် တာဝန်ယူကြရမှာပါ။ အထည်တွေ အားလုံးကို သက်ဆိုင်ရာ
ဝယ်သူတွေရှိရာ နိုင်ငံတွေကို သဘောင်္နဲ့ပို့ရမှာမို့ ပတ်ကင်ဌာန လို့ခေါ်တဲ့ ထုတ်ပိုးမူဌာနက
လူတွေအားလုံး အလုပ်ရှုပ်ရမယ့်နေ့ပါ။ နေ့လည်ထမင်းစားနားချိန်မို့် စက်ချုပ်သမတွေ
အားလုံး လိုလို စက်ခုံအောက်မှာပဲ ခေါင်းအုံး သေးသေး လေးတွေ ခုရင်း၊ တချို့လည်း
ဆွယ်တာအနွေးထည်တွေကို ခေါင်းခုရင်း တရေးတမော အိပ်နေကြပါပြီ။ ဒါကြောင့်
စက်ရုံတစ်ရုံလုံး လည်း မီးတွေမှိတ်ထားပြီး
အမှောင်အတိလွှမ်းနေတဲ့ အချိန်ပါ။ ဒီလို အားလုံး မှောင်မည်းနေတဲ့ အချိန်မှာ
ကျွန်မတို့ အခန်းနဲ့ မှန်ပဲ ကာထားတဲ့ သူဌေးမကြီးရဲ့ စားပွဲရှိရာ ရုံးခန်းကတော့
မီးလင်းနေပါတယ်။ ပုံမှန်အားဖြင့် သူက ထမင်း စားပြီး နေ့ခင်းလောက်မှ
ရုံးပြန်ဝင်တတ်ပေမယ့် ၊ဒီနေ့ပစ္စည်းပို့မယ့်နေမို့ စိတ်မအေးနိုင်ဖြစ်နေပုံရပါတယ်။
သူ့စားပွဲပေါ်မှာ ထပ်ထားတဲ့ ဘရာစီယာ အထည်ပုံကြီးကို တွေ့ရသလို၊ လက်တစ်ဖက်ကကတ်ကြေးနဲ့
ဘရာစီယာတွေဆီက မလိုအပ်တဲ့ ချည်ပိုတွေနဲ့ အထည်စတွေကို ညှပ်ရင်း
တစ်ထည်ပြီးတစ်ထည်စစ်ဆေးနေပါတယ်။ အားလုံး အိပ်မောကျနေချိန်မျက်မှန် တပ်ရင်း
ကတ်ကြေးတစ်လက်နဲ့ အလုပ်လုပ်နေတဲ့ သူ့အမူအယာက အေးဆေးတည်ငြိမ်လို့ နေပါတယ်။
ဒါကြောင့်လည်း အမျိုးသမီး တစ်ယောက် အနေနဲ့ ဒီစက်ရုံကြီးကို ပိုင်ဆိုင်သူအဖြစ်
လူတွေအများကြီးကို ဦးဆောင်အုပ်ချုပ်နိုင်တာလို့ ကျွန်မတွေး လိုက်မိ သေးးတယ်။
ညနေပိုင်းမှာတော့ အကြီးမေလင်းက စက်ရုံမှာ ပစ္စည်းပို့ရမှာမို့ နမူနာထည်အခန်းကလူတွေ
ညနေလေးနာရီ မှာ မပြန်ရပဲ ပတ်ကင်မှာ သွားကူလုပ်ရမယ်လို့ ဆိုပါတယ်။
စက်ခန်းထဲကလူတွေဆီက “ ဟင်း “ ဆိုတဲ့ သက်ပြင်းရှည်ချသံကြီး နဲ့အတူ ဇီးရွက် လောက်သာ
ရှိတဲ့ သူတို့ မျက်နှာလေးတွေကို တွေ့လိုက်ရတာမို့ လှမ်းစပ်စုမိလိုက်တယ်။
သူတို့ပြောပြတာက
“ တစ်လတစ်ခါ လကုန်ရက်တိုင်း ပစ္စည်းပို့ရတယ်လေ။ တစ်ခါတလေ ထုတ်လုပ်မူက
မပြီးရင် နမူနာအခန်းက ကိုယ်နဲ့ မဆိုင်ပေမယ့် အထည်တွေယူပြီး ကူချုပ်ပေးရတယ်။
သူတို့စံနဲ့ ချုပ်ရတာပေါ့။ နမူနာအထည်တွေလောက်တော့ ကောင်းဖို့ မလိုပါဘူး။ အခုတော့
ချုပ်တာကတော့ပြီးပြီတဲ့ ၊ ထုတ်ပိုးမူအပိုင်းက မပြီးတာမို့ တို့တွေက ပတ်ကင်ဌာနမှာ
သွားကူပေးရမှာ။ အဲ့ဒါ အမြဲလိုပါပဲ။ အခု ချယ်ရီရောက်တဲ့ နှစ်လ၊သုံးလလောက်က အော်ဒါကပုံမှန်လောက်ပဲ
ရှိလို့ ၊ ကြည့်နေ အော်ဒါများရင် များ သလောက်
ကူညီရ တာ။ ချုပ်တာလိုရင်လည်း လိုသလို၊ ထုတ်ပိုးတာ လိုရင်လည်း လိုသလိုပေါ့။ တစ်ခါတလေဆို ညသန်းခေါင်မှ အိမ်ပြန် ရောက်ကြ တာ။
အိုဗာတိုင်ရပေမယ့် ပင်ပန်းလို့ မလုပ်ချင်ကြဘူး။”
ကလေးလေးငယ်တစ်ဦးပုံကို သူ့ဖုန်းထဲမှာ ထည့်ထားတဲ့ စန္ဒြာ ဆိုတဲ့ စက်ချုပ်သမက
သူတို့ ပတ်ကင်ကူ ဖို့ မျက်နှာ ပျက်ရခြင်း အကြောင်းကို ကျွန်မနားလည်အောင်ပြောပြတယ်။
ကျွန်မရောက်စတုန်းကတော့ ပတ်ကင်ကူရရင် အထည်
တွေထည့်ဖို့ ဗူးကလေးတွေကို ပုံစံတကျခေါက်ပေးရတာမျိုး၊ ကပ်ခွာတံဆိပ်ကလေးတွေကို
ခွာပြီး တစ်ထည်ချင်း ထုတ်ပိုးပြီး သား တွေပေါ်မှာ ကပ်ရတာမျိုးကြုံရပေမယ့်
တစ်ခါမှတော့ ညနက်သန်းခေါင်းအထိ မကူပေးရဖူုးပါဘူး။
ကျွန်မစိတ်ထဲ ကျွန်မ မသိ သေးလို့
သူတမင်ချဲ့ကားပြီး ပြောဆိုတာလို့ ထင်မိပါတယ်။ မနက် ၈ နာရီကတည်းက အလုပ်ဝင်ခဲ့ရတာမို့
လွန်ရော ကျွံရော ကူရ ရင် ညရှစ်နာရီ ကိုးနာရီပေါ့။ ညသန်းခေါင်အထိ ဆိုတာကတော့
မဖြစ်နိုင်တဲ့ ကိစ္စမို့ သူတမင် ကျွန်မကို ချဲ့ကား ပြောဆို နေတာနဲ့ တူပါတယ်။
ညနေလေးနာရီ ရုံးဆင်းတော့ ပုံမှန်လစား သမားတွေနဲ့ အိမ်ဝေးတဲ့ သူ တွေကို
အကြီးမေလင်းက ပြန်လွှတ် လိုက်ပါတယ်။
ရုံးခန်းထဲက ကလေးငယ်လေးရှိတဲ့ ဒေလီနဲ့ စာရင်းဌာနက လူတွေ ကိုလည်း
ပြန်လွှတ်လိုက်တာမို့ ကျွန်မနဲ့အတူ မြန်မာအစ်မနှစ်ယောက်ရယ်၊ အကြီးမေလင်းရယ် တခြား
တောက်တိုမယ်ရ ခိုင်းရတဲ့ ခပ်ငယ်ငယ် ကောင်မလေး နှစ်ယောက်နဲ့ အပြင်စက်ခန်းထဲမှ
နေ့စားသမား တချို့သာ ကျန်ရစ်ခဲ့ တယ်။့ ကျွန်မ လည်း ဟိုအရင်အပတ်ကလို အကြီးက ဒရိုင်ဘာဂိုနာကြီးနဲ့
များ ကျွန်မကို အဆောင်ပြန်ဖို့ လွှတ်မလားလို့ တွေးမိ လိုက် သေး တယ်။
ဒါပေမယ့် မလွှတ်တဲ့ အပြင် ကျွန်မစားပွဲကိုပါ ဘုံစားပွဲအဖြစ် အသုံးပြုပြီး
စက်ခန်းထဲက နေ့စားကောင်မလေး တွေဖြစ်တဲ့ အဲလာ၊ အန်းသီး၊ ဇေဇေနဲ့ ရုံးခန်းထဲမှ
ရန်သီ၊ ဟန်နီဖာ တို့ ကျွန်မအနားကို ခုံလေးတွေဆွဲလာပြီး ထိုင်လိုက်ကြတယ်။ နောက်တော့
ပတ်ကင်ဌာနက ယောကျာ်း နှစ်ယောက် ကတ်ထူးဗုံးအကြီးကြီးနဲ့ အပြည့်ထည့်ထားတဲ့ အထည်တွေကို တွန်းပြီး ယူလာပါတယ်။ တစ်ပုံး၊ နှစ်ပုံး၊ သုံး၊လေးပုံးး….။ ကျွန်မတို့အလူမီနီယံစားပွဲခုံကြားနဲ့
အလယ်စင်္ကြန်တစ်လျှောက် ဘရာစီယွာ အရောင်စုံတွေ ထည့်ထားတဲ့ ပုံးအကြီးကြီးတွေနဲ့
ပြည့်နှက်သွားတော့ တယ်။ နောက်ထပ်ယောက်ျားး တစ်ယောက်ကတော့ ကော်အကျီချိတ်ပါးပါးလေးတွေကို
အထပ် လိုက်သယ်ဆောင်လာတယ်။ အဲ့ဒီချိတ်ကလေးတွေမှာ သက်ဆိုင်ရာ ၀ယ်သူတံဆိပ်နဲ့ size (
အထည်အရွယ်အစား) တံဆိပ်ကလေးတွေ ကပ်လျက်ပါလာပြီးသားပါ။
“ ဟေး…ပတ်ကင်က ကလေး မပြန်နဲ့အုန်း ၊ အထည်တွေ ဘယ်လို ချိတ်မှာ ချိတ်ရမလဲ၊ တပ်ရမလဲဆိုတာ
သူတို့ကို နားလည်အောင် ပြသွားအုန်း”
စကားပြောတိုင်း စိတ်ဆိုးသလို အော်ပြောတတ်တဲ့ အကြီးက သူ့အကျင့်အတိုင်း
ပတ်ကင်ကလူတွေကို လှမ်းပြောပါတယ်။ အဲ့ဒီလူက ကျွန်မတို့ကို နမူနာအဖြစ် အထည်သုံးလေးထည်
လုပ်ပြရင်း၊ နားမလည်မချင်း ပြန်ဖြုတ် ပြီး ပြန်လုပ် ပြပါတယ်။ ကျွန်မတို့
အားလုံးနားလည်သွားမှ လုပ်ပြီးသားအထည်အားလုံး ထည့်ဖို့ သီးသန့် ကတ်ထူသေတ္တာတွေကို ပေးတယ်။
သူပြန်ထွက်ဖို့ တံခါးချက် ကို အတွန်း အကြီးမေလင်းက လှမ်းအော်မေးပြန်တယ်။
“ ဟေး… ဒါအကုန်ပဲမလား
“
“ အများကြီး
ကျန်သေးတယ် အကြီး၊ ပြီးတာနဲ့ ထပ်လာပို့မယ်။ “
မျက်လုံးပြူးသွားတဲ့ ကျွန်မနဲ့
မျက်နှာချင်းဆိုင် စားပွဲမှာထိုင်ပြီး တစ်ယောက်တည်း တရုတ်လို ပွစိပွစိ တစ်ခုခု
ရေရွတ်လိုက်တဲ့ ကြီးမေလင်းနဲ့ မျက်လုံးချင်းဆုံသွားတဲ့ အခါ မှာတော့ကျွန်မအားတင်းပြီး
သူ့ကို ပြုံးပြလိုက်မိပါတော့တယ်။
(ဆက်လက်ဖော်ပြပါမည်…..)/ စုသဲမွန်
No comments:
Post a Comment