Monday, August 20, 2012

ရေကြည်သော်လည်း မြက်မနုရာ-၅



                         ကျွန်မတို့ရဲ့ နမူနာအခန်းလေးထဲမှာ ထုတ်ပိုးဌာန(packing)မှ ပို့ထည်ပစ္စည်းတွေကို တံဆိပ်တပ်ထားတဲ့ အင်္ကျီချိတ်ကလေး တွေမှာ ချိတ်သူချိတ်၊ ချိတ်ပြီးသားအထည်တွေကို ပလက်စတစ်အိတ်အကြည်ရောင်လေးတွေထဲထည့်ပြီး တိတ်နဲ့ ပြန်ကပ်တဲ့သူကပ်၊ အဲ့ဒီထုတ်ပြီးသား အထည်တစ်ထည်ချင်းစီကို သတ်မှတ်ထားတဲ့ အရောင်နဲ့အရွယ်အစားပါဝင်တဲ့ ကတ်ထူပုံး(ကတ်ထူးပုန်း) တွေထဲ စီကာရီကာ ထည့်သူထည့်နဲ့ အလုပ်ရှုပ်နေပါတော့တယ်။ မျက်နှာချင်းဆိုင် စားပွဲမှ အကြီး မေလင်း တစ်ယောက်က စန္ဒီ၊ ရိုစီတို့နဲ့ အတူထိုင်ပြီးအလုပ်လုပ်ရင်း စကားပြောနေသလို၊ ကျွန်မတို့ လူငယ်ဝိုင်းမှာလည်း အိပ်ပြန် ချင်ဇောနဲ့ အလုပ်တွေ ခပ်သွက်သွက် လုပ်နေရင်းမှ အင်ဒိုနီးရှားမလေးတစ်စုနဲ့ ကျွန်မနဲ့ တစ်ယောက်အကြောင်းတစ်ယောက် စပ်စုမိကြသေးတယ်။ အကြီးမေလင်း ကြားသွားမှာလည်း ကြောက်ရသေးတော့ တီတိုးတီတိုး သဖန်းပိုး လုပ်နေကြတာပေါ့။ သူတို့တွေကလည်း နေ့စားအလုပ်သမား ခပ်ငယ်ငယ် လေးတွေ ဆိုတော့  ရွယ်တူ ဖြစ်တဲ့ ကျွန်မနဲ့ နီးနီကပ်ကပ်နေရတုန်း သူတို့ သိချင်သမျှ အရာအားလုံး တစ်ယောက် တစ်ခွန်း မေးလို့ မဆုံး ဖြစ်နေကြတယ်။  အဲ့ဒီထဲမှာ ထူးထူးဆန်းဆန်းမေးတတ်တဲ့ ဇေဇေက
                       “ ချယ်ရီ တို့ မြန်မာလူမျိုးတွေအားလုံး ကိုယ်လုံးကိုယ်ပေါက် အရမ်းကြည်လို့ ကောင်းတယ်နော်၊ ဘာ တွေ စား လို့လဲဟင်” တဲ့။                        
                        ကျွန်မကလည်း စချင်တာနဲ့ နာဆီ(ထမင်း)နဲ့ သလာဆေး(ငပိ)လို့ ဖြေတော့ ဘယ်သူမှမယုံကြတဲ့ အပြင် သူတို့ ငပိစားတာကို မကြိုက်လို့ ကျွန်မကတမင်ရွဲ့ပြောနေတာလို့ ထင်နေကြသေးတယ်။ သူတို့စိတ်ထဲမှာ မြန်မာလူမျိုးတွေက သူတို့ မကြာခဏမြင်နေရတဲ့ ဖစ်လပင်းတွေစားနေကျ ပေါင်မုန့်၊ပူတင်း နဲ့ စပါကတီ(အီတလီ ခေါက်ဆွဲ) တို့စားရင်း အသက်ရှင်ကြ တယ် လို့ အောက်မေ့မိ ကြောင်း ပြောပြပါတယ်။ ညဆယ်နာရီထိုးလာတော့ အကြီးမေလင်းက အတူကူလုပ်နေတဲ့ ရုံးခန်းကကလေး တွေကို ပြန်လွှတ် လိုက်တာမို့ သူနဲ့ကျွန်မတို့ သုံးယောက်ပဲ နမူနာအခန်းမှာ ကျန်ခဲ့ပါတော့တယ်။ နောက်တော့ကျွန်မတို့လည်း နမူနာ အခန်းကို မီးပိတ်၊ တံခါးပိတ်ပြီး ကိုယ့်အိတ်ကလေးတွေ ကိုယ်လွယ်ကာ ထုတ်ပိုးဌာန(packing) ဘက်ကို၊ ကူးလာခဲ့တယ်။ ကျွန်မ စိတ်ထဲသူတို့ နှုတ်ဆက်ပြီး ပြန်ကြတော့မယ်လို့ ထင်လိုက်မိသေးရဲ့။ တကယ်တော့ အဲ့ဒီလိုမဟုတ်ပဲ ကျွန်မတို့အိတ်တွေကို ဗီရိုတစ်ခုထဲမှဲာ စုစည်းထည့်ထားပြီး ၊ ပစ္စည်းတွေ အားလုံးပို့တဲ့ ကားတွေထွက်ပြီးချိန်မှ ပြန်ကြရမှာမို့ ထုတ်ပိုးဌာန(packing) ဘက်မှာ လာကူရူခြင်း ဖြစ်ကြောင်း ရိုစီကပြောပြပါတယ်။
                        ပတ်ကင်ဌာနမှာ အင်နဲ့အားနဲ့ ထုတ်ပိုးရတာမျိုးမို့ ယောကျာ်းလေးအင်အားများသလို၊ မြန်မြန်သွက်သွက် လုပ်ရတဲ့ တချို့နေရာတွေကျမိန်းကလေးခပ်ငယ်ငယ်များ အိမ်မပြန်နိုင်သေးပဲ အလုပ်လုပ် လျှက် ရှိတာကိုတွေ့ရပါတယ်။ အကြီး မေလင်းမှ အစ ကျွန်မတို့လေးယောက်လည်း နမူနာအခန်းထဲမှာလို စားပွဲလေးမှာ ထိုင်ပြီး ချိတ်ကလေးတွေမှာ အထည်လေးတွေ ချိတ်ပြီး ထုတ်ပိုး ရတာမျိုးမဟုတ်ပဲ လိုအပ်တဲ့ ကောင်တာမှာ လိုအပ်သလိုကူညီပေးဖို့ အဆင်သင့် ဖြစ်နေကြတယ်။ ကျွန်မလည်း ကိုယ်နံဘေးကလူလုပ်သမျှ လိုက်ကြည့်ပြီး ၀ယ်သူ(buyer)အမျိုးမျိုးနဲ့ သူ့တံဆိပ်အလိုက်၊ညွှန်ကြားတဲ့အတိုင်း ကူညီထုတ်ပိုးပေး ရပါတယ်။ ၀ယ်သူ (buyer) အလိုက် ထုတ်ပိုးပုံတွေကလည်း မတူတော့ ညနက်သန်းခေါင် မှာတောင် အိပ်မငိုက်ရဲပဲ အမှားအယွင်း မရှိအောင် သူတို့ပြောသလို ကူညီထုတ်ပိုးပေးရတယ်။ ကျွန်မကလူသစ်ပေမယ့် နမူနာအခန်းကလာတာဖြစ်ပြီး  ကိုယ့်အခန်းက လူကြီးတွေဖြစ်တဲ့ အကြီးတို့ ကိုယ်တိုင် အလုပ်သမားတွေကို ကြီးကြပ်နေတာမို့ သူတို့ရှေ့မှာ အချောင်လုံးဝ မခိုဝံ့သလို  မှားလည်း မမှားရဲပါဘူး။ ဒါ့အပြင် ဦးနှောက်သုံးပြီး လုပ်ရတာမဟုတ်ပဲ လုပ်အားစိုက်ရတဲ့ အလုပ်ပေမဲ့ အရာရာကို သတိထားပြီး ခပ် သွက်သွက်လေး ကူညီရပါတယ်။ အကြီးမေလင်းနဲ့ ထုတ်လုပ်မူက ခေါင်းဆောင် အမျိုးသမီးတို့ တိုင်ပင်ပြီး ကျွန်မတို့အားလုံးကို ခဏနားဖို့အတွက် နာရီဝက် အချိန်ပေးလိုက်ပါတယ်။ အဲ့ဒီအချိန်မှာတော့ ကျွန်မရဲ့လက်ပတ်နာရီလေးရဲ့လက်တံက ညဆယ့်နာရီ ကို ညွှန်ပြနေပါပြီ။ ကြမ်းပြင်ပေါ်မှာ ပိတ်စခင်းပြီး လှဲသူကလှဲ၊ စားပွဲအရှည်ကြီးပေါ် ခြေဆင်းထိုင်သူထိုင်  တချို့ကလည်း နံရံမှာ ကျောမီပြီး ဖုန်းထဲမှ သီချင်းသံကို နားကြပ်လေးနဲ့ နားထောင်သူထောင်ရင်း ခဏနားကြပါတယ်။ အဲ့ဒီအချိန် စန္ဒီက ကျွန်မတို့ လေးယောက် အတွက် ကော်ဖီပူပူလေး ဖျော်တိုက်ရင်း ခဏအမောဖြေရပါတယ်။
                  နာရီဝက်ပြည့်သွားတဲ့အခါ ကျွန်မတို့ အလုပ်တွေပြန်စရပြန်ပါပြီ။ ညအိပ်ဝတ်အကျီ၊ ရေကူးဝတ်စုံ၊ ဘရာစီယာ အ ရွယ်စုံနှင့် ဇာတပ်ဘောင်းဘီလှလှလေးတွေကို ကျွန်မ စိတ်မသက်မသာနဲ့ လှမ်းကြည့်မိပါတယ်။ ဘယ်အချိန်ကျမှ ထုတ်ပိုးရမယ့် အထည် တွေကုန်သွားမှာပါလိမ့် ..။ အဲ့ဒီအချိန်မှာပဲ အကြီးမေလင်းရဲ့အသံစူးစူးဝါးဝါးကြီး ရုတ်တရက်ပေါ်ထွက် လာပါတယ်။
                       “ ကလေးတွေ မြန်မြန်လုပ်မယ်နော်။ ငါမနက်ဖြန်ရုံးတက်ဖို့အတွက် စက်ရုံမှာ မျက်နှာသစ် သွားမတိုက်ချင်ဘူး “
                       သဘောကတော့ အိပ်ပြန်မနားလိုက်ရပဲ စက်ရုံမှာပဲ မိုးလင်းသွားမှာ စိုးလို့ သတိပေးခြင်းပါ။ ခဏနေတော့ သူကိုယ်တိုင် ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချပြီး   ထုတ်ပိုးပြီးသား အထည်တစ်ထည်ချင်းစီကီု အရောင်နဲ့အရွယ်စုံလိုက်  တစ်ဒါဇင် ပြည့်အောင် ကတ်ထူးပုံးတွေထဲ ရွေးချယ်ထည့်ပေးပါတယ်။ အသက်အကြီးဆုံး ဖြစ်တဲ့ ကြီးမေလင်း တက်ကြွ နေတာ ကို မြင်ပေမဲ့ ၊ သူ့ကျန်းမာရေးအတွက် စိတ်ပူပြီး ကျွန်မလည်း မနေနိုင်ပဲ ရိုစီအနားကပ်ပြီး ပြောမိသေးတယ်။
                      “ အစ်မရယ်၊ သူ့ကိုတော့ နားခိုင်းလိုက်ပါတော့လား၊ အခုလိုမျိုးလုပ်နေရင် သူ့အသက်အရွယ်နဲ့ အရမ်းပန်းသွား လိမ့်မယ်”
          “ အောင်မလေး ဒါနင်ပထမဆုံးနေ့မို့ ၊ ဘာမှမဖြစ်ဘူး။ နောက်ဆို ရိုးသွားလိမ့်မယ်။ သူက ပက်ကင်(ထုတ်ပိုးမှု) အားလုံးပြီး လို့ တံခါးသော့ခတ်တာမြင်မှ အိမ်ပြန်ဖို့ စိတ်ဖြောင့်နိုင်တာ။ ဘယ်သူမှ သူ့ကို ပြောလို့မရဘူး။ ငါတို့လည်း သူ့ကိုခုထိ အမီ လိုက်နေရတုန်းပဲ။ လုပ်..လုပ် မြန်မြန်လုပ် နှေးရင်သူက တစက်မှကြိုက်တာမဟုတ်ဘူး”
             သူ့စကားကို ကြားတော့ အသက်ခြောက်ဆယ်နဲ့ခုနှစ်ဆယ်ကြား ကျွန်မတို့ ဒီဇိုင်နာကြီးအတွက် လက်ဖျားခါ သွားမိပါ တယ်။ ပါးစပ်ကလည်းအော် ၊လက်ကလည်း သွက်သွက်လက်လက်နဲ့ ကြမ်းပေါ်မှာ ထိုင်ပြီး ကူညီထုတ်ပိုးနေတဲ့ သူ့ကို ကြည့်ပြီး ကျွန်မတို့လည်း ဘယ်သူမှ မခိုကပ်ရဲပဲ တက်ညီလက်ညီနဲ့ လုပ်လိုက်ကြတာပတ်ကင်တွေ အားလုံးပြီးတော့ မနက်သုံးနာရီ တောင် ထိုးနေပါပြီ။ စက်ရုံနှင့် ကျွန်မတို့အဆောင်က အရမ်းနီးနေပေမယ့်၊  အကြီးမေလင်းအိမ်ကိုသာ အရင်လိုက်ပို့ဖြစ်ပြီး ကားပေါ်မှာပဲ အိပ်ပြီး လိုက်ပါသွားကြတယ်။ အိမ်ပြန်ရောက်တော့ မနက်လေးနာရီထိုးနေပြီမို့ ၊ အိပ်ယာပေါ် ခဏလှဲလိုက်တာနဲ့ ခြောက်နာရီခွဲ သွားပြီး အလုပ်သွားဖို့အတွက် တဖန် ပြင်ဆင်ရပြန်ပါတယ် ။ အလုပ်ရောက်တော့ မျက်လုံးတွေ နီရဲနေတဲ့ ကျွန်မကိုကြည့်ပြီး အလုပ် ထဲက ကလေးတွေအားလုံးကတောင် ပြုံးစိစိနဲ့ ကြည့်ကာ ၊ “ ချယ်ရီ၊ ဒီနေ့အလုပ်လုပ်ရင်တော့ အိပ်မငိုက်နဲ့နော် ”လို့ သတိ ပေးစကား ဆိုလာသေးတယ်။ ပထမတော့ သူ့တို့စကားသံမှာ ကျွန်မကို အထင်သေးလှောင်ပြောင်သလို ဖြစ်တာမို့ အခံရ ခက်ပြီး စိတ်ဆိုးမိသွားတယ်။ ဒါပေမဲ့လည်း ညကပင်ပန်းသွားတဲ့ အရှိန်ရယ်၊ အိပ်ရေးမ၀တာရယ်ကြောင့် ထမင်းစားပြီးချိန်မှာ တကယ် အိပ်ချင်လာတာမိှု့ တစ်နာရီခြားတစ်ခါလောက် အိပ်မငိုက်မိအောင် ကျွန်မရဲ့ မျက်လုံးတွေကို တစ်သျှူးနဲ့ ရေစွတ်ပြီး ခဏခဏ သုတ်နေရပါတယ်။
             ညနေပိုင်းမှာဆွန်းက ကျွန်မကို ဓါးစက် (over lock) ဘယ်လိုချုပ်ရမလဲဆိုတာ သင်ကြားပြသပေးတယ်။ စက်ချုပ်ဖူးသူ အားလုံးအတွက် စက်တွေထဲမှာတော့ ဓါးစက်ချုပ်ရတာ အလွယ်ကူဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အားလုံးအပြီးစီးဖြစ်သွားတဲ့ အထည်တွေမှာ ဓါးစက်နှင့် နောက်ဆုံး အချောသတ်လိုက် ရတဲ့အခါ ပိတ်ကိုဓါးမထိဖို့တော့ ဂရုစိုက်ရတာပေါ့။ သူက ကျွန်မ ချုပ်ဖို့ အတွက် ထုတ်လုပ်မှုဌာန(production)ဆီမှ ချုပ်လက်စအထည်တွေ အပြည့်အသိပ်ထည့်ထားတဲ့ အိတ်ကြီးဆွဲယူလာတယ်။ အဲ့ဒီအထည်တွေအားလုံးက ပြီးစီးလုနီးပါး ဖြစ်နေပြီး နောက်ဆုံးအဆင့်အဖြစ် ဓါးစက်လိုက်ဖို့ပဲ လိုတဲ့အဆင့်ဖြစ်ပုံပါပဲ။ အိတ်ကြီး ကြီးလွန်းလို့ ကျွန်မ မြင်ပြီးလန့်သွား မိပေမဲ့ မဖြုန်သလိုပဲ ဟန်ဆောင်နေလိုက်တယ်။ သူကဓားစက်အောက်နားမှာ အဲ့ဒီ အထုတ်ကြီး ကို ထောင်ထားလိုက်တယ်ဆိုရင်ပဲ သူ့ဘက်မှစကားမစခင် ကျွန်မ မေးခွန်း ထုတ်လိုက်မိပါတယ်။
             “ အဲ့ဒါတွေ အားလုံး ကျွန်မတစ်ယောက်တည်းချုပ်ရမှာလား”
             သူက ခုံပေါ်မှာထိုင်ပြီး နမူနာအဖြစ်အထည်တစ်ထည်ချုပ်ပြရင်း၊ ကျွန်မ မေးခွန်းကို မဖြေပဲ သူပြောချင်ရာ ပြောတယ်။
               “အခု ချုပ်ပြနေတာမြန်လား”
              တစ်ထည်ကို တစ်မိနစ်လောက်ပဲ ကြာတာမို့ ကျွန်မက သူချုပ်ပြတာမြန်ကြောင်း ခေါင်းညိတ်ပြလိုက်တယ်။
              “ ချယ်ရီကို ဟိုနေ့က ပြောထားတယ်လေ၊ စက်လည်း ကောင်းကောင်း မချုပ်တတ်ဘူးဆိုတော့ ထုတ်လုပ်မှုက အထည်တွေကို သူတို့တစ်နေ့ ဘယ်လောက်ပြီးသလဲဆိုတာ မှတ်ထားပြီး ကိုယ်ကအမီလိုက်ချုပ်ဖို့လေ ၊ ဒါမှ စက်ချုပ်လည်း တခါတည်း တတ်သွားပြီး သူတို့ကို ကူညီရာ ရောက်သွားမှာလို့ ပြောထားတာ မှတ်မိလား”
               “ မှတ်မိပါတယ်”
               “ အဲ့ဒါ ဒီနေ့စချုပ်ရမှာ၊ ဒါ စက်တွေအားလုံးထဲမှာ အလွယ်ဆုံးချုပ်ရတဲ့စက်၊ ပြီးတော့ မြန်လည်း မြန်တယ်၊ လာ ထိုင် ချုပ်ကြည့်ပါဦး”
               ညအိပ်ဝတ်အကျီခါးတိုပါးပါးလေးကို အောက်အနားတွေပဲ ပတ်ပတ်လည်ချုပ်ရတာမို့ အရမ်းလွယ်ကူမြန်ဆန်ပါတယ်။ ချုပ်ကြည့်ရတာ လွယ်ကူလွန်းလို့ ကျွန်မ အရမ်းပျော်သွားမိပါတယ်..။
              
“ သူတို့ကဒါကို တစ်နေ့ အထည်နှစ်ရာငါးဆယ်ပြီးအောင် ချုပ်တယ်။ အိတ်ထဲကိုတော့ လောလောဆယ် အထည် တစ်ရာ ပဲ ထည့် ယူလာတာ။အခု နေ့လယ်တစ်နာရီ ထိုးပြီဆိုတော့ ညနေအထိတော့ တစ်ဝက်လောက် ပြီးအောင် ချုပ်နိုင်မယ် မဟုတ်လား ၊ ပြီးတော့ ချယ်ရီက ကျွန်မတို့ ပြန်ပြီး နောက်ကျမှ ပြန်တာဆိုတော့ ပြီးမှာပါ။ ဟုတ်တယ်မဟုတ်လား”
                  ဆွန်းက ထုတ်လုပ်မှုဌာနက အထည်တွေအားလုံးက target (တစ်နေ့ဘယ်နှစ်ထည်ထွက်ရမယ်လို့ သတ်မှတ်ချက်) ရှိတဲ့အတိုင်း ကျွန်မ မပြီးမှာ စိတ်ပူပြီး ချော့မော့ခိုင်းသွားပါတယ်။ ညနေလေးနာရီ အလုပ်သမားတွေ ရုံးဆင်းချိန်အထိတော့ စက်နဲ့ ကျွန်မပြဿနာ မတတ်ပဲအတော် အဆင်ပြေနေပါသေးတယ်။ ဒါပေမဲ့ ညနေငါးနာရီထိုးတဲ့ အခါမှာတော့ စက်မှာ ရုတ်တရက် ချည် ချော်ပြီး ချည်ကြောင်းတွေ မလှတော့တာမို့ ချုပ်ရတာ အဆင်မပြေတော့ပါဘူး။ ချုပ်လိုက်တိုင်း အထည်တွေမှာ မီးရထား သံလမ်း သဏ္ဌာန် အပ်ချည်လေး တွေပေါ်နေရာက၊ ချည်တစ်ချည်မှ ချုပ်၍မလိုက်တော့ပဲ လုံးဝရပ်သွားတာပါ။ ကျွန်မလည်း ရုံးခန်းရှေ့ ထွက်ကြည့်တော့ ဒီဇိုင်းဆွဲနေတဲ့ ကြီးမေလင်းရဲ့အနားမှာ စကားပြောနေတဲ့ ရိုစီနဲ့ အလုပ်တွေလက်စသတ်နေတဲ့ စန္ဒီကို တွေ့ လိုက်ရတယ်။ ဒါကြောင့် စန္ဒီကို အကူအညီ တောင်းတဲ့အခါ စက်ခန်းထဲလိုက်လာပြီး ကျွန်မရဲ့ ဓားစက်ကို ကူညီပြင်ဆင် ပေးပါ တယ်။ ပြီးတော့ ကျွန်မကို ဓါးစက်မှာ ချည်ဘယ်လိုထိုးရသလဲကအစ ချည်အစိတ်နဲ့အကျဲ ဘယ်လိုညှိရမလဲ ဆိုတာတွေကို ပြောပြ ပေးသွားပါတယ်။ ကျွန်မအတွက်တော့ ဓါးစက်ကို ကိုင်တွယ်ရတာ လွယ်ကူပေမယ့် ချည်ထိုးတာ၊ ချည်ကြောင်းညှိရတာတွေကို တော့  လွယ်ကူတယ် မထင်ပါဘူး။ ရိုးရိုးမော်တာစက်တွေထက်တောင် ပိုခက်နေသလိုပါပဲ။ သူလည်း ကျွန်မကို သတိပေးသလိုနဲ့ စက်ချုပ်တဲ့သူဟာ စက်အကြောင်းတော့ နည်းနည်းသိဖို့လိုကြောင်း ပြောသွားသေးတယ်။ ကျွန်မရဲ့ဓါးစက်လေး ပြန်ကောင်းသွား တာမို့ ချုပ်မယ်ပြင်ဆင်ချိန်မှာပဲ မနေ့ညက မအိပ်ရသေးတဲ့အတွက် အကြီးမေလင်းကစောစောပြန်ဖို့ ကျွန်မတို့ သုံး ယောက်စလုံး ကို ပြောပါတယ်။ ဒါကြောင့် ကျွန်မလည်း ဒရိုင်ဘာအဆင်သင့်ရှိတုန်း အထည်တွေဘယ်လောက်ပြီးသလဲတောင် မရေတွက်အား ဘဲ ပစ္စည်းတွေသိမ်းပြီး သူတို့နဲ့အတူ အိမ်ပြန်လမ်းကို လှမ်းခဲ့ပါတော့တယ်။
                  အိမ်ပြန်ရောက်တဲ့အထိ ဘာလုပ်လုပ် စိတ်မဖြောင့်ပဲ အထည်တွေဘယ်လောက်ပြီးသလဲဆိုတဲ့ အတွေးတစ်ခုတည်း သာ ကျွန်မတွေးနေမိတယ်။ တကယ်လို့ ကျွန်မချုပ်တာ အထည်ငါးဆယ်မပြည့်ရင် နောက်တစ်ဆင့်မှာ ချုပ်ရမဲ့လူက ကျွန်မ မပြီး သေးတဲ့ အထည်တွေအတွက် ဘာမှမလုပ်ပဲ ထိုင်စောင့်နေရမှာလား။ အို…မဟုတ်သေးပါဘူး။ ကျွန်မ တစ်ယောက်တည်း အဲ့ဒီ အဆင့်ကို ချုပ်နေတာ မှမဟုတ်တာ။ တခြားလူတွေလည်း ချုပ်ကြမှာပဲ။ သူတို့ဖာသာအဆင်ပြေအောင် လုပ်နိုင်မှာပါ။ ကျွန်မ တစ်ယောက်တည်း အတွေးမျိုးစုံတွေးရင်း စိတ်သက်သာအောင်နေရာက မိုးမြန်မြန်လင်းစေချင်ပြီး ရုံးပဲမြန်မြန် သွားချင်ပါ တော့ တယ်။ မနက်ဖယ်ရီကားနဲ့ကျွန်မ ရုံးရောက်တော့ “ ဘာကူညီရမလဲ အစ်မလို့” ဒေလီတို့ကို မမေးတော့ပဲ စက်ခန်းထဲ သို့ပဲ  ပြေးဝင် သွားတယ်ဆိုရင်ပဲ ဆွန်းရဲ့ကြည်လင်နေတဲ့ မျက်နှာက ကျွန်မကိုဆီးကြိုနေတယ်။ ချုပ်ပြီးသား အထည်တွေကိုလည်း သေသေ သပ်သပ်စီး နှောင်ထားပြီးလို့ ကျန်ရှိနေတဲ့ အိတ်ထဲကအထည်တွေကိုပဲ ဆက်ချုပ်ဖို့လိုပါတော့တယ်။
                  “ ချယ်ရီက မဆိုးပါဘူး အထည်ခြောက်ဆယ်လောက်တော့ ရသားပဲ”
                  အထည်ခြောက်ဆယ်တဲ့ လှစ်ခနဲ ပျော်သွားမိတယ်။ ဒါပေမဲ့ သူက ထပ်ပြောလိုက်သေးတာက..
                   “တကယ့် target နဲ့ဆိုရင်တော့ တစ်ရာ ရရမှာလေ။ ဒါပေမဲ့ ကျွန်မကလည်း ငါးဆယ်လောက် ရရင်တော့ မဆိုးဘူး လို့ အောက်မေ့မိတာ။ အခုခြောက်ဆယ်ပြီးတယ်ဆိုတော့ တော်သေးတာပေါ့ “
                  ဘာပဲဖြစ်ဖြစ် ပထမဆုံးချုပ်ရတဲ့နေမှာပဲ ပြဿနာမတက်ပဲ  အဆင်ပြေသွားလို့ ကျွန်မ အသက်ရူချောင်သွားမိတယ်။ သူက ကျွန်မကိုအိတ်ထဲက လက်ကျန်အထည်တွေကို ရှင်းခိုင်းပြီးတော့  နောက်ထပ် ဓားစက်နဲ့ ချုပ်ရတဲ့ သင်ခန်းစာသစ် တစ်ခု တက်ပြန်တယ်။ အဲ့ဒါကတော့ ဘော်လီချုပ်ဖို့ အဓိကလိုအပ်တဲ့ foam cup တွေကို အနားပတ်ပတ်လည်မှာ ဓါးစက်နဲ့ လိုက်ချုပ် ရခြင်းပဲ ဖြစ်ပါတယ်။ သူ့အပြောအရ ဓါးစက်ချုပ်ရင် တည့်တည့်ချုပ်လို့မရပဲ ချုပ်ထည်ရဲ့ ပုံသဏ္ဌာန်အတိုင်းချုပ်မှ အဆင်ပြေမယ် အကြောင်းပြောပြပါတယ်။ ကျွန်မလက်ထဲ နှစ်ဒါဇင်၊ သုံးဒါဇင်လောက်ရှိတဲ့  foam cup တွေအားလုံးချုပ်အပြီးမှာတော့  ဓါးထိသွား တဲ့ အထည် နှစ်ထည်၊ သုံးထည်လောက် ရှိပါသေးတယ်။ အဲ့ဒါကတော့ ဓါးစက်လိုက်တဲ့အခါတိုင်း၊ သူ့ပုံသဏ္ဌာန်အတိုင်း မချူပ်ပဲ၊ အတည့်ကြီး စက်ထဲထည့်ချုပ်မိလို့ ဓါးထိရတာကို သင်ခန်းစာယူဖို့ ဆွန်းကပြောရင်း foam cup အသစ်တချို့နဲ့ လဲပေးတယ်။
“ အခုတော့ လဲစရာ ရှိနေလို့ ပြန်ချုပ်လို့ ရတယ်၊ လဲစရာ အပိုမရှိရင် ဘယ်လိုလုပ်မလဲ၊ နောက်ဆို သတိထားနော်”
            သူ့ သင်ကြားမှုတွေအောက်မှာ ထုတ်လုပ်မှုဌာနကိုကူညီရတဲ့ သင်ခန်းစာနံပါတ်(၁)က ပြဿနာ ကြီးကြီးမားမား မရှိပဲ ကျွန်မရဲ့ ရုံးဖွင့်ရက် တစ်နေ့တာအချိန်လေးတွေ ကုန်ဆုံးသွားခဲ့ရပါတယ်။          .။
                                                                                                     (ဆက်လက်ဖော်ပြပါမည်………..)/  စုသဲမွန်
         The Ladies' News Journal အတွဲ(၁)၊ အမှတ်စဉ်(၂၅) သြဂုတ် ၁၁-၂၇ ၊ ၂၀၁၂

No comments:

Post a Comment