လျောကျခရုလေးရဲ့ သောကအမှောင်
ဒီတစ်ခေါက် အိမ်ပြန်လမ်းဟာ
ကျွန်မတွက် ရင်ခုန်ဖွယ်ကောင်းသလို၊ စိတ်လှုပ်ရှား ကြည်နူးဖွယ်လည်း ကောင်းတယ်။
ဒါပေမဲ့ ငါးနှစ်လောက် အလုပ်လုပ်ခဲ့ဖူးတဲ့ အင်ဒိုနီးရှားနိုင်ငံကို
အပြီးအပိုင်စွန့် လွတ်ဖို့ ကျွန်မရဲ့ ဆုံးဖြတ်ချက် အတွက် အတူတူလက်ဖော်ကိုင်ဖက်တွေဆီကတော့
မတူညီတဲ့ မှတ်ချက်ပေးသံတွေ ကြားခဲ့ရပါတယ်။
“ဒီလောက် အကြာကြီးလုပ်ခဲ့
ပြီး ရာထူးတစ် နေရလည်း ရနေပြီးမှ ဘာလို့ ပြန်မှာလဲ ချိုရယ် နှမျောဖို့ ကောင်းလိုက်တာ။”
“ နောက် အလုပ်သစ်
တစ်ခုမှာအခုလို အသားကျဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ နင် ဒီရောက်စက အသက် နှစ်ဆယ်ဝန်းကျင် ၊
အခုဆိုအသက်အစိတ်မှာ ရာထူးတစ်ခုနဲ့ စက်ရုံကလည်း နင့်ကိုအားကိုးနေပြီ။ နောက်ထပ် ငါးနှစ်လောက်
ကြိုးစားလိုက်ရင် အသက် သုံးဆယ်လောက်ဆို ဘ၀မှာ အခြေကျနေပြီ။ ဘာလို့ပြန်မှာလဲ။”
“ အစ်မကတော့ ချို့ပြတ်သားမူကို
အားကျတယ်။ အစ်မဆို ဒီမှာ်လုပ် နေတာ ဆယ်နှစ်လောက် ရှိနေပြီ။ တစ်ခါတစ်လေလည်း စဉ်းစားမိတယ်။
သြော်…..လာတုန်းကတော့ တစ်နှစ် နှစ်နှစ်ဆိုပြီး အလုပ်လုပ်ဖို့ လာလိုက်တာ ။
ဘယ်လို လုပ်ပြီးများ ဆယ်နှစ်အထိနေသွားမိပါလိမ့်ပေါ့။ နောက်ထပ် တစ်နှစ်လောက်
တစ်နှစ်လောက်နဲ့ စိတ်က မပြတ်ဖြစ်နေတော့ ခုထိ တာဝန်တွေနဲ့ ပိတုန်း။”
ဘယ်လိုပဲ သူတို့ဆီက
ကွဲပြားတဲ့ မှတ်ချက်တွေရပါစေ။ တကယ်တမ်း သူတို့သိချင်နေကြတာက မြန်မာပြည်ပြန်ရောက်ရင်
ကျွန်မဘာဆက်လုပ်မလဲ ဆိုတဲ့ ကိစ္စပါပဲ။ ကျွန်မညီမလေး စကော်လား ရှစ်ရတာနဲ့ လေးနှစ်လောက် မိသားစုနဲ့
ခွဲပြီး ကျောင်းတက်ဖို့ ထွက်သွားရာက မကြာခင် အမေက ရက်ဆက်နေမကောင်းဖြစ်ပြီး
အိပ်ရာထဲလှဲသွားပါတယ်။ သမီးနှစ်ယောက်စလုံးကို လွမ်းတဲ့ စိတ်နဲ့ ဖြစ်မှာလို့
စသလိုနောက် သလို ပြောသူက လည်း ပြောကြ တာပေါ့။ မိသားစုနဲ့ခွဲပြီး
အင်ဒိုနီးရှားရောက်နေတဲ့ ငါးနှစ်ကာလအတွင်း တနှစ်ကို ခွင့်ဆယ်ရက်ပဲ ရပြီး
အဲ့ဒီရက်ကလေးပဲ မိဘနဲ့ အတူနေရတာမို့ မေမေက ညီမလေးမရှိတဲ့အချိန် ကျွန်မ ပြန်လာပြီး
သူတို့နဲ့အတူနေစေချင်ပါတယ်။ စာပေနယ်မှာ ကျင်လည်နေ တဲ့ ဖေဖေကတော့ ကျွန်မ မွေးမြူလက်စ ကလောင်နာမည်လေးကို ဆက်လက်ရှင်သန်သွားအောင်
ကြိုးစားစေချင်တယ်။ ကျွန်မနဲ့ အွန်လိုင်းမှာ စကားပြောဖြစ်တိုင်း
“ သမီးစာမူတွေ အရင်က မပါဘူးဆို တစ်နှစ်ကို
အနည်းဆုံး သုံး၊လေးပုဒ်တော့ ပါတယ်။ ဒီနှစ်ဆို တစ်ပုဒ်မှမပါဘူး။ သမီးကလည်း
စာရေးဖို့ အချိန်သိပ်မပေးနိုင်ဘူး။
ရေးသမျှ စာတွေလည်း မကြိုက်လို့ မပေးချင်ဘူးဆိုရင်တော့ တဖြည်းဖြည်း သမီး
ကလောင်နာမည်လေး ပျောက် သွားလိမ့်မယ်။ “
လို့ ခဏခဏ
ပြောလေ့ရှိတယ်။
ကျွန်မ ကိုယ်တိုင်ကလည်း
ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့ နာမည်လေး ပျောက်မှာ စိုးတာရော သမီ်းနဲ့ အတူနေချင်တယ်တဲ့
မေမေ့ဆန္ဒနဲ့ စာရေးနေတာကို အမြဲ မြင်ချင်တဲ့ ဖေဖေ့ ဆန္ဒကြောင့်ပါ အိမ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ မိဘနဲ့အတူနေဖြစ်တဲ့
အချိန်လေးမှာ မှေးမှိန်စပြုနေတဲ့ ကျွန်မရဲ့ကလောင်နာမည်လေးအတွက် စာရေးးတဲ့အလုပ်
ကို အလုပ် တစ်ခုလို အချိန်ပေးပြီး လေးလေးစားစားလုပ်ဖို့ ကျွန်မရည်ရွယ်ထားတယ်။
ဒါ့အပြင် ကျွန်မည ငါးနှစ်တာလုပ်ခဲ့တဲ့ ဒီဇိုင်နာ အလုပ်ကို ပိုမိုတောက်ပြောင်အောင်
မွမ်းမံဖို့ လိုအပ်မယ့် သင်တန်း တစ်ခုခု တက်တာမျိုး
လုပ်ရမလား၊ ဒါမှမဟုတ်ကျွန်မ စိတ်တိုင်းကျ ပျော်ရွှင်နိုင်မယ့် စာပေနဲ့ ပတ်သတ်တဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုခု
လုပ်ရင်ကောင်းမလား ၊ ဒါမှမဟုတ်လည်း သူငယ်ချင်းတစ်ယောက်နဲ့
အသေးစား ကိုယ်ပိုင်စီးပွားရေးလေးတစ်ခု လုပ်ရင် ကောင်းမလားလို့ မရေမရာ စဉ်းစားနေ မိတယ်။
နောက်ဆုံးတော့ ကျန်တာတွေကို နောက်မှာထားပြီး စာရေးတဲ့ အလုပ်ကိုပဲ
ဦးစားပေးလုပ်ဖို့ ဆုံးဖြတ်လိုက် ပါတယ်။
ဒါပေမယ့် အင်ဒိုနီးရှားက လုပ်ဖောက်ကိုင်ဖက်များအပါအ၀င် ကျွန်မပတ်ဝန်းကျင်က
ကျွန်မစာရေး တယ်ဆိုတာ ကို မသိကြတဲ့ လူတချို့နဲ့
စာရေးတဲ့ အကြောင်းကို ပြောပြဖြစ်တောင် ကျွန်မလိုမထင်မရှား ကလောင်နာမည် ကို လုံးဝသိမှာ
မဟုတ်တဲ့ ဒေါ်လာချစ် သူငယ်ချင်းတွေ အတွက်ကတော့ အသင့်တင့် လခကောင်းပြီး
ရာထူးလည်းရှိတဲ့ ဒီလိုအလုပ်မျိုးကို စွန့်ပြီး မြန်မာပြည်ကို စာရေးဖို့
ပြန်လာတယ်ဆိုတဲ့ ဆင်ခြေ ကို ပေးရရင် ရင်ဘတ်စည်တီးနဲ့ အတော်ရယ်စရာ ကောင်းတဲ့
ပျက်လုံး တစ်ခု ဖြစ်သွားလိမ့်မယ်နဲ့ တူတယ်။
ဒါကြောင့် အင်ဒိုနီးရှားမှာကတည်းက အလုပ်ထွက်စာတင်တဲ့နေ့ကနေ အိမ်ပြန်ဖြစ်တဲ့နေ့အထိ
သူတို့အရမ်း သိချင်နေတဲ့ ဘာလို့ အလုပ်ထွက်တာလဲဆိုတဲ့ မေးခွန်းနဲ့ ရန်ကုန်ရောက်ရင်
ဘာဆက်လုပ်မှာလဲ ဆိုတဲ့ မေးခွန်းတွေအတွက် ကျွန်မ အသင့်တော်ဆုံးအဖြေအဖြစ် မုသားလည်း
မဟုတ်တဲ့
“မေမေ ကျန်းမာရေး မကောင်းလို့ ”လို့ ပြောပြီး ဟိုရောက်မှ ကျွန်မဘ၀တွက်
သင့်တော်တဲ့ အလုပ် ရှာမယ်လို့ ပြောဖြစ်ခဲ့ပါတယ်။
“ ကျွန်မက စာရေးဆရာမလေ တစ်နှစ်မှာ အနည်းဆုံး ၀တ္ထုတို သုံးလေးပုဒ်တော့ မဂ္ဂဇင်းမှာ
ပါနေကျ၊ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ၀တ္ထုတိုပေါင်းချုပ် တစ်အုပ်တောင်
ထုတ်ဖြစ်ခဲ့သေးတာ၊ အခု ဒီရောက်မှ စာမရေးဖြစ်လို့ အစ်မရယ်၊ မနှစ်က တစ်နှစ်လုံး
တစ်ပုဒ်မှမရေးဖြစ်ဘူးလေ။ အဲ့ဒါနဲ့ မဖြစ်ချေဘူးဆြို့ပီး အိမ်ကို အပြီးပြန်ပြီး
စာပဲရေးတော့မယ်လို့ ဆုံးဖြတ်လိုက်တာ”
အဲ့ဒီလို ပြောလိုက်ရင်တော့ အကောင်းသား၊ ဒါပေမဲ့ ကျွန်မ မပြောရဲခဲ့တာ အမှန်ပါပဲ (ပြောများ
ပြောခဲ့ရင် လည်း မြန်မာပြည် ပြန်မရောက်ဘဲ အင်ဒိုနီးရှားက စိတ်ရောဂါကု ဆေးရုံတောင်
ရောက်ချင်ရောက်နေမှာ……)
ဒါနဲ့ပဲကျွန်မရန်ကုန်ရောက်ပြီး တစ်လ နှစ်လ စာရေးဖို့ အားယူတဲ့အချိန်မှာ ကျွန်မလေးစားအားကျရတဲ့
စာရေးဆရာတွေရဲ့စာတွေနဲ့
စာရေးအားကောင်းပြီး အတွေး လေးတွေနဲ့ အဆုံးသတ်တတ်တဲ့ ကလောင်နု လက်ရာရှင်တွေ ရဲ့စာတွေကို
ပိုဖတ်ဖြစ်ခဲ့တယ်။ အရင်တုန်းက ၀တ္ထုတိုတစ်ပုဒ်ကို
နှစ်ရက်လောက်နဲ့ အချောသတ် ရေးနိုင်တဲ့ ကျွန်မ အခု စာတစ်ကြောင်းနှစ်ကြောင်းနဲ့ တင်နေ့ဝက်ကုန်ပြီး
ရှေ့မဆက်နိုင်တော့ ကိုယ့်ကိုကိုယ် အားမလို အားမရဖြစ်ရတာအမှန်ပါ။ အဲ့ဒီအကြောင်းကို ကျွန်မနဲ့
ပြန်တွေ့တဲ့ စာရေးဆရာတချို့ကိုပြောပြတော့
“ ဒါတောင် စာရေးပြတ်သွားတာ
တစ်နှစ်၊နှစ်နှစ်လောက်ပဲ ရှိသေးတယ်မလား။ ဒီထက် စာရေးပြတ်ရင် သမီးစာရေးရတာ
ပိုခက်သွားမှာ။ ခုမှ အစက ပြန်စနေရတော့ အရင်လောက်တော့ မလွယ်သေးဘူးပေါ့။ နောက်တော့
အရှိန်ရသွားပါလိမ့်မယ်။”
ကျွန်မနဲ့ ခင်မင်ရင်းနှီးနေတဲ့ စာပေမိတ်ဆွေဆရာတွေရဲ့ အားပေးစကားကို ကြားရတဲ့အခါ
စာရေးဖို့ခွန်အားတွေ ပြန် ရခဲ့ပါတယ်။ ဒါပေမဲ့ စာရေးဖို့ ကြိုးစားနေတဲ့ အတောအတွင်း ကျွန်မကို
စာနဲ့လူနဲ့ တွဲပြီးသိတတ်တဲ့ ပရိသတ်ကလည်း စာပေနယ်ဝန်းကျင်ကလူတွေပဲ ဖြစ်နေပြီး
သူတို့ကကျွန်မစာတွေ မဂ္ဂဇင်းစာမျက်နှာမှာမတွေ့ရတော့တဲ့အခါ ကျွန်မဘာတွေ လုပ်နေလဲဆိုတာကို
သိချင်ကြပါတယ်။ ကျွန်မကလောင်ဖူသစ်စတုန်းက အဖေက အိမ်မှာ မရှိချိန်
ကိုယ့်စာလေးတွေကို တစ်ယောက်တည်း မရဲတရဲ လိုက်ပေးရချိန် ကျွန်မရေးတဲ့စာလေးတွေကို
ဂရုတစိုက်ဖတ်ပြီး မဂ္ဂဇင်း စာမျက်နှာပေါ်တင်ပေးတဲ့ ဆရာ အယ်ဒီတာ တချို့ကလည်း အခု ကျွန်မ
ဘာလုပ်နေလဲဆိုတာ ကျွန်မနဲ့ တွေ့တိုင်း အမေးချင် ဆုံး မေးခွန်းတစ်ခုဖြစ်မှာပါပဲ။
ဒါက သဘာဝကျပါတယ်။ ဒါပေမဲ့ သူတို့နဲ့ ကျွန်မတွေ့တဲ့အခါ “အခု ဘာလုပ်နေလဲ”
ဆိုတာကို ပြန်အဖြေရ အခက်ဆုံး မေးခွန်းဖြစ်နေပါတယ်။
“ကျွန်မ ၀တ္ထုတွေပြန်ရေးနေတယ်၊ ဒါပေမဲ့ စိတ်တိုင်းမကျလို့ ဘယ်မှမပေးဖြစ်သေးဘူး”
လို့ ခပ်တည်တည်နဲ့ အဲ့ဒီလိုပြောလိုက်ရမလား။
“စာ ကြိုးစားရေးရင်း အလုပ်တစ်ခုရှာလုပ်ရမလား စိတ်ကူးနေတာ ဆရာရယ်၊ ကိုယ်က
အရင်တုန်းက မိဘ ကို ပိုက်ဆံမှန်မှန်ပေးနိုင်ခဲ့ရာကနေ အခု လက်ပြန်ဖြန့်နေရရင်
သိပ်မဟုတ်သေးဘူးလေ”
လို့ ကျွန်မစိတ်ထဲ
မကြာခဏပေါ်လာတဲ့ အတွေးအတိုင်း ပြောလိုက်ရမလား။ဒါပေမဲ့ ကျွန်မတကယ် ပြောလိုက်
ဖြစ်တာကတော့
“ဘာမှတော့
မလုပ်ဖြစ်သေးပါဘူး၊ စာပြန်ရေးမလို့ ကြိုးစားနေတုန်းပါပဲ…ဆရာ” ရယ်လို့ အထစ်ထစ် အငေါ့ငေါ့
မပြေမပြစ် အဖြေပေးဖြစ်တာပါပဲ။
ကျွန်မကိုယ်တိုင်လည်း
ကိုယ့်ကို စင်တင်ပေးခဲ့တဲ့ မဂ္ဂဇင်း နဲ့ တခြား ရေးနေကျနေရာတွေမှာ အရင်ကထက် ကောင်းတဲ့
စာတွေ ဖော်ပြခွင့်ရအောင် ကြိုးစားချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့
စာတွေပြန်ကြိုးစားရေးရင်း စိတ်တိုင်းမကျတဲ့အခါ ကျွန်မဟာ စာပေဥယျာဉ်မှူးတွေ ပြုစုပျိုးထောင်သလောက် အောင်မြင်တဲ့
ပန်းတစ်ပွင့် ဖြစ်လာရဲ့လား ဆိုတာ ကျွန်မကိုယ်ကျွန်မ သံသယရှိနေမိတယ်။ ဒါကြောင့်
အများက အထူးသဖြင့် ကျွန်မကို ၀ိုင်းဝန်းပြုစု ပျိုးထောင် ပေးခဲ့သူများက ကျွန်မကို
အခုဘာလုပ်နေလဲလို့ မေးလာတဲ့အခါတိုင်းမှာ ကျွန်မရဲ့ အချိန်တွေကို စာပြန်ရေး ဖို့
ကြိုးစားခြင်းနဲ့ အသုံးချနေတယ်လို့ ပြန်ဖြေရမှာ ၀န်လေးနေမိတာပါ။ ဒါကြောင့် ကျွန်မကို “ အခု ဘာတွေလုပ်နေလဲ “ လို့
အမေးခံရမှာ ကို အကြောက်ဆုံးဖြစ်တဲ့ အကြောင်းကို ကျွန်မကလွဲပြီး ဘယ်သူက သိနိုင်မှာလဲ။
ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်ပြီး သုံးလေးလသာ
ကုန်သွားတယ်။ ကျွန်မ ဘယ်မဂ္ဂဇငိးကိုမှလည်း စာမူမပို့ဖြစ်ပဲ ရေးလိုက် ၊ ခြစ်လိုက်နဲ့
တကိုယ်တည်း ၀တ္ထုရေးပွဲကိုသာ တိတ်တဆိတ် ဆင်နွဲနေမိပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မရဲ့
သူငယ်ချင်း က အင်္ဂလပ်စကားပြောသင်တန်းတစ်ခုကို လိုက်တက်ဖို့ ခေါ်ပါတယ်။ အင်ဒိုနီးရှား
ဘာသာစကားကို အရေးရော၊ အပြောရော ငါးနှစ်လောက် ဌာနေတိုင်းရင်းသားတွေ ကြားမှာအချိန်တိုင်းသုံးလာခဲ့တာမို့
အင်္ဂလိပ်စာမှာ ပြန်အားနည်းသွားတာ ကိုယ့်ဖာသာ သိနေတဲ့ ကျွန်မတွက်တော့
လေ့လာသင်ယူသင့် တဲ့ သင်တန်းတစ်ခုပါ။
ဒါပေမယ့် ကြိုးစားပြီး ၀တ္ထုရေးမယ့်
အချိန်တွေကိုဖဲ့ ပေးလိုက်ရမှာ စိုးပြီး သူ့သင်တန်းကို စိတ်မ၀င်စားဟန်နဲ့ ငြင်းလိုက်ပါတယ်။
ကျွန်မအကြောင်းသိတဲ့ သူ ၊တနည်းအားဖြင့် ကျွန်မစာဖတ်ပရိသတ်လည်းဖြစ်တဲ့ သူငယ် ချင်းက
“အပိုတွေလုပ်မနေနဲ့။ နင်သင်တန်းမတက်ဖြစ်လည်း စိတ်မပါပဲရေးနေရင် ဘာဝတ္ထုမှ
ဖြစ်လာမှာမဟုတ်ဘူး။ ပြီးတော့ အခု သင်တန်းက နင်တို့လို စာရေးတဲ့
သူတွေတွက်အရမ်းသင့်တော်တယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကမ္ဘာ့ပြဿနာတွေအကြောင်းကို
အင်္ဂလိပ်လို ပရဲဇင့်တေးရှင်း လုပ်တဲ့သင်တန်း ၊ အဲ့ဒါ တစ်ခါတည်း နင်စကားပြော လည်းတတ်တယ်။
ကိုယ့်ကို ကိုယ်လည်း ယုံကြည်မူ ရှိလာမယ်။ ပြီးတော့ အပတ်စဉ် ဆရာမပေးတဲ့
ခေါင်းစဉ်အောက်မှာ ၊ သတင်းတွေ အချက်အလက်တွေကို
အင်တာနက်ကနေ ကိုယ့်ဖာသာ ရှာပြီး
မှတ်စုထုတ်ရလို့ ဗဟုသုတလည်း ရလာမယ်။ ဒီသင်တန်းမှမတက်ရင် ဘယ်သင်တန်းတက်အုန်းမှာလဲ။
”
သူပြောနေတာလည်း ဟုတ်နေတာပဲ။ ဒါ့အပြင်
တကယ်နိုင်ငံခြားသားအစစ်(native speaker) နဲ့သင်ပြီး အသိအမှတ်ပြုလက်မှတ်(certificate)
လည်းရအုန်းမယ့် ဒီအခွင့်အရေး ကို ကျွန်မလက်မလွတ်ချင်တာကြောင့် သူပြောသလိုပဲ သူနဲ့အတူ
သင်တန်းလိုက်တက်ဖြစ်ပါတယ်။ တကယ်တမ်း သင်တန်းမှာ လူတွေအားလုံးက အသက်ကန့်သတ်မ ထားလို့
ကျောင်းသားတွေရော၊ အလုပ်ခွင်ထဲက လူကြီးတွေရော အရွယ်စုံပါကြပေမယ့် အင်္ဂလိပ်စာ
အခြေခံကတော့ အတော်လေး ကောင်းကြတာမို့ အရည်အချင်းတွေအားလုံးက သူမသာ ကိုယ်မသာ။
အားလုံးထဲမှာ ကျွန်မကသာ အင်္ဂလိပ်စာ သဒ္ဒါ(ဂရမ္မာ) တွေမေ့ပြီး
စာကြောင်းတွေလည်းမဆက်တတ်တာမို့ လူတွေရှေ့မှာ စကားထွက်ပြောတိုင်း အရှက်မကွဲရအောင်
အိမ်မှာ ကတည်းက မှန်ရှေ့မှာအခါတစ်ရာလောက်ကြိုပြီးလေ့ကျင့်ရသူပါ။ သူများတွေ
ပရိုနမ်ဇေးရှင်းက အမေရိကန်လို အနောက်နိုင်ငံကြီး တစ်ခုခုကိုများ ရောက်နေသလားလို့
ထင်မှတ်မှားရလောက်အောင် ရွှတ်ရှက်ဒွက်ဒင်ကြတာကို အံ့သြငေးမောရတိုင်း ကျွန်မအလှည့်မှာတော့
ပုဇွန်တောင်ဈေးရှင်းအဆင့်နဲ့ လူတန်းစေ့အောင် မနည်းကြိုးစားရတယ်။ တစ်ပတ်မှာသုံးရက်တက်ရတဲ့
အဲ့ဒီသင်တန်းမှာ တစ်ယောက်တည်း ရွေးချယ်ပြီးပြောရတဲ့ ခေါင်းစဉ်အတွက် အိမ်ကနေ ကြိုတင်ပြင်ဆင်သွားခွင့်လည်းရသလို
အချိန်ကလည်း နှစ်မိနစ်မှ ငါးမိနစ်အတွင်းမှာပဲ
ပြောရတာမို့ ကျွန်မကြိုတင်စိုးရိမ်ခဲ့တဲ့
အခက်အခဲတော့ မရှိပါဘူး။ ဒါပေမယ့်
debate (ခေါ်)စကားရေလုပြိုင်ပွဲမှာတော့ အုပ်စုနှစ်စုခွဲ ထားတာမို့
ကိုယ့်တစ်ယောက်တည်းကြောင့် ကိုယ့်တစ်ဖွဲ့လုံးရှုံးမှာ ၊အမှတ်နည်းမှာ မလိုလားတဲ့
အတွက် ကြိုးစားအချိန်ပေး လေ့လာရပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါလုပ်တဲ့ အဲ့ဒီစကားရေ လုပြိုင်ပွဲမှာ
ပြိုင်ဖက်အဖွဲ့ကိုအနိုင်ရဖို့ အင်တာနက်ကနေတဆင့် သက်ဆိုင်ရာ ဆွေးနွေးလိုတဲ့
ခေါင်းစဉ်နဲ့ပတ်သတ်သမျှ အချက်အလက်တွေ ရှာဖွေလေ့လာကျက်မှတ်ရင်းနဲ့ သင်တန်းတက်တဲ့ သုံးလတာ
ကာလအတွင်း စာပြန်ရေးမယ်ဆိုတဲ့ ကျွန်မရဲ့အိပ်မက်ကလေးက ရေစုန်မျောသွားပါလေရော။
အဲ့ဒီကာလမှာလည်း လူတွေနဲ့ တွေ့ရင်
ကျွန်မအကြောက်ဆုံး မေးခွန်းက ပိုပြီးတော့တောင် အရှိန်မြင့်
ခြောက်လှန့်လာနေပါရောလား။
“စာတွေလည်း
မတွေ့ဘူးနော်၊ အပြီးပြန်လာတာဆို အခု ဘာလုပ်နေတာလဲ”
ဆိုတဲ့ မေးခွန်းမျိုးပေါ့ ၊ ဒီလိုနဲ့
ကျွန်မအိမ်ပြန်ရောက်တာ ငါးလသာကြာသွားတယ်။ ဟိုတစ်စ ၊ ဒီတစ်စ မပြီးမပြတ်တဲ့ ၀တ္ထုတွေကို
အဆုံးမသတ်ရသေးသလို၊ သင်တန်းတက်လိုက်တော့လည်း ထင်တဲ့အတိုင်း စာရေးဖို့
ကြိုးစားအားယူနေတဲ့ ကျွန်မ ရဲ့ အချိန်လေးတွေကို မဖြစ်မနေဖဲ့ပေးလိုက်ရတာပါပဲ။ စာရေးခြင်း
အတတ်ပညာက သင်တန်း ဖွင့်ပြီး ကျွမ်းကျင်တတ်မြောက်ပါကြောင်း certificate (သင်တန်းဆင်း လက်မှတ်) နဲ့
သင်ကြားပို့ချပေးလို့ ရတာမျိုးမဟုတ်သလို၊ စာပေနဲ့ ပတ်သတ်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို
လည်း “ရော.အင့် “ ဆိုပြီး လက်ထဲ အတင်းထည့် ရာထူးလွဲလို့ ရတာမျိုးမဟုတ်ပါဘူး။
ဒါကြောင့် စာပေကို မချစ်တတ်သူတွေ၊ စာဖတ်ခြင်းကို မနှစ်သက်သူတွေနဲ့ တွေ့တိုင်း
ကျွန်မဘ၀ ရဲ့လက်ရှိအနေအထား အတွက် သူတို့မေးတဲ့မေးခွန်းတစ်ချို့မှာ နှုတ်ဆွံအနေရဆဲပါ။
“သင်တန်းမှာ ယူက
အင်ဒိုမှာ အလုပ်လုပ်ဖူးတယ်လို့ မိတ်ဆက်သွားတယ်နော်။ ဘာအလုပ်ခဲ့ တာလဲ။ ”
သင်တန်းတက်ဖက် သူငယ်ချင်းအသစ်လေးက ကျွန်မကို စိတ်ဝင်စားစွာ အင်တာဗျူးပါတယ်။
“ဒီဇိုင်နာပါ”
“ ဟယ် မိုက်တယ်”
“ဒါပေမယ့် တို့က
underwear ဒီဇိုင်နာ။ outwear ဆို မကျွမ်းလှတော့ ပြန်လုပ်စားဖို့ မလွယ်ပါ ဘူး“
“ဟုတ်လား။
ဒါဆို ယူအခု ဘာလုပ်နေလဲ”
“ အခု လောလောဆယ်တော့ စာရေးဖို့
စိတ်ကူးထားတယ် ”
“
စာရေးတယ်ဟုတ်လား။ နာမည်အရင်းနဲ့ပဲ ရေးတာလား။ ဘာတွေရေးတာလဲ“
ကျွန်မက
ကလောင်နာမည်ကို ပြောပြပြီး၊ ဘ၀ထဲက ဖြစ်ပျက်လေ့ရှိတဲ့အကြောင်းတွေကို စိတ်ကူးနဲ့ ပုံဖော်ပြီးရေတဲ့
အကြောင်းပြောတော့ သူက နှုတ်ခမ်းလေးဆူရင်း။
“ယူ့ကလောင်နာမည်ကလည်း ရိုးလိုက်တာ။ တို့တော့တစ်ခါမှ မကြားဖူးဘူး။ ဟီဟီ
။တကယ်ဆို နာမည်ရင်းလေးကမှ ပိုလှသေးတယ်။ ပြီးတော့ ဘ၀သရုပ်ဖော်ဆိုတာ ဘာကို ပြောတာလဲ။
တို့ကို ရှင်းပြပါအုန်း။ နားမလည်လို့“
သူနားလည်အောင် ဘယ်လိုထပ်ရှင်းရမှန်းမသိတာနဲ့ နာမည်ကြီး
ဘ၀သရုပ်ဖော်စားရေးဆရာ သုံးလေးယောက်နာမည်ကို ရွတ်ပြရင်း ၊သူတို့ရေးတဲ့ ၀တ္ထုဇာတ်လမ်းတွေကို အကျဉ်းချုန်းပြီးပြောပြလိုက်တော့ သူထပ်ပြောလာတဲ့ စကားကြောင့်
ကျွန်မကိုယ့်နဖူးကိုသာ ရိုက်ချလိုက်ချင်ပါတော့တယ်။
“
သူတို့ကိုလည်း တစ်ခါမှ မကြားဖူးလို့၊ သူတို့ ဘာတွေရေးမှန်း မသိဘူး။ ဖတ်လည်း
မဖတ်ဖူးဘူး”တဲ့လေ
ကျွန်မသင်တန်းတက်တဲ့ ကာလမှာ တွေ့တဲ့လူတွေက တော်ကြပါတယ်။ ထက်မြက်တဲ့
အရည်အချင်းနဲ့ ခေါင်းဆောင်နိုင်ကြပါတယ်။ နူကလီးယားအကြောင်း ၊ နူကလီးယား
ဘယ်လိုဖြစ်လာတယ်။ နူးကလီးယားကို သုံးခြင်းဖြင့် ဘယ်လို အကျိုးဆက်ကောင်းနဲ့
ဆိုးတွေဖြစ်လာနိုင်သလဲဆိုတာ ချက်နဲ့လက်နဲ့ ပြောပြနိုင်တဲ့ သူတွေဖြစ်ပါတယ်။
(နူကလီးယားကို ဘယ်လို ဖန်တီးထုတ်လုပ်တယ်ဆိုတာတောင် သိချင်သိမယ့်သူတွေ) ဒါ့အပြင်
ဓါတ်မြေသြဇာသုံးခြင်းဖြင့် အပင်တွေ ကြီးထွားမူနှုန်းမြန်ဆန်ပြီး ၊သီးနှံတွေ
အထွက်နှုန်းတိုးပေမယ့် လူတွေအတွက် ဘေးဥပါဒ်အန္တရာယ် နဲ့ မမြင်ရတဲ့
ရောပါကပ်ဆိုးတွေကို အပင်တွေကတဆင့် ရလာနိုင်ကြောင်းပြောတဲ့ အစီရင်ခံ တင်ပြချက်တွေ က
တကယ့် အံ့မခန်းပါပဲ ။ ဒါပေမယ့်
အမျိုးသာစာပေဆုရ နာမည်ကြီးစာရေးဆရာမရဲ့နာမည်အပြင်၊လက်ရှိ ဘ၀သရုပ်ဖော် လိုင်း
မှာအောင်မြင်နေဆဲ ဖြစ်တဲ့ စာရေးဆရာ၊ ဆရာမတွေရဲ့ စာတွေနာမည်တွေ ကို
မကြားဖူးဘူးဆိုတာကတော့ ကျွန်မသူတို့ကို အလွန် စိတ်ပျက်သွားမိ ပါတယ်။ ဒီလိုဆိုတော့လည်း ကျွန်မကို သူတို့မသိလည်းအရေးမကြီးတော့ပါဘူး။
ကျွန်မစာတွေ မဖတ်ဖူးလည်း အထူးအဆန်း ဖြစ်မနေတော့ပါဘူး။ ကျွန်မလေးစားအားကျ ရတဲ့
စာရေးဆရာတွေရဲ့နာမည်တွေကိုတောင် ရိုးရိုးမကြားဖူး တာတောင်မဟုတ်၊ တခါမှကို
မကြားဖူးတာတဲ့။ သူတိွု့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ကြားဖူးသည် ဖြစ်စေ၊
မကြားဖူး သည်ဖြစ်စေ။ စာရေးဆရာ ဆိုတာ ကတော့ ကိုယ်မွေးမြူခဲ့တဲ့ ကလောင်နာမည်လေး
ဆက်လက်ရှင်သန်ဖို့အတွက် ကိုယ့်မှာ တာဝန်အရှိဆုံး။ ဒီလိုပဲခံ ယူခဲ့လို့
ရှေ့ကဆရာ၊ဆရာမတွေက လည်း ကျွန်မတို့လေ့လာနိုင်မယ့် အတုယူနိုင်မယ့် စာတွေ အများကြီး ချန်ထား ပေးခဲ့တာ ပါ။ စာရေးဆရာ ချပြတဲ့
စေတနာကို မြင်နိုင်ဖို့ဆိုတာ ရေးသူမှာ အစွမ်းအစရှိဖို့ လိုသလို၊ ဖတ်သူမှာလည်း
စိတ်ဝင်စား မူလိုပါတယ်။ ကရားအိုးထဲ ဘယ်လောက်ပြည့်ပြည့် ခံတဲ့ခွက်က
သေးလွန်းနေရင်လည်း ဘယ်လို ဖြည့်ပေးလို့ ရမလဲနော်။
“ ဘာကြောင့် စာရေးဆရာလုပ်တာလဲ
လို့မေးရင် ငါတို့ကအများနဲ့ မတူပဲစိတ်ထားနူးညံ့လို့ကွ ၊ ပြီးတော့ ငါတို့မှာ
စိတ်ကူးတွေကို ပုံဖော်နိုင်တဲံ့ အစွမ်းသတ္တိရှိလို့ ပေါ့လို့
ခပ်ရဲရဲကြီးဖြေလိုက်စမ်းပါ။ ငါတို့တွေ က အောင်မြင်အောင် ရေးနေတာမဟုတ်ဘူး။
ပိုက်ဆံရအောင်လည်း ရေးနေတာမဟုတ်ဘူး။ မရေးပဲ မနေနိုင် လို့ ရေးနေရ တာလို့
ပြောလိုက်စမ်းပါကွာ”
တက္ကသိုလ်မှာကျောင်းတက်တုန်းက
ကျွန်မ ၀တ္ထုလေးတွေ တစ်ပုဒ်စ ၊နှစ်ပုဒ်စ မဂ္ဂဇင်းမှာ ဖော်ပြခံရစဉ် ၊ စာရေးတဲ့
နေရာမှာရော၊ အတန်းမှာပါ စီနီယာကျသူ အစ်ကို တစ်ယောက် သူ့ကောင်မလေးနဲ့
စကားများစဉ်မှာ အားပေးခဲ့တဲ့ သူငယ်ချင်းအစ်ကို ကြီးရဲ့ စကားက ခုထိ ကျွန်မနားထဲမှာ
ကြားမိနေဆဲပါ။ သူပြောတဲ့ စကားတိုင်းက မှန်လွန်းလှပါတယ် ။ ဒါကြောင့်လည်း ကျွန်မနားထဲ
စွဲနေခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သူတို့ကို စာပေနယ်မှာ မတွေ့ရတော့လို့ တခြား
ကလောင်နာမည် သစ် တွေနဲ့များ စာတွေဆက်ရေးနေသေလားလို့ တွေးမိပါသေးတယ်။ ဘယ်လိုပဲ
ဖြစ်ဖြစ် စာရေးဆရာ ဆိုတာ သူပြောသလိုပဲ စာမရေးပဲ မနေနိုင်လို့၊ စာရေးချင်လွန်းလို့
ရေးနေကြတဲ့လူတွေမဟုတ်လား။ ဒါဆို စာရေးဆရာလို့ ခံယူထားတဲ့ ကျွန်မကရော “ ဘာလုပ်နေလဲ”
လို့မေးခံရရင် “ စာရေးနေတယ်” လို့ ပြန်ဖြေရမှာ ဘာကိုမှ အားငယ်စရာ။ သိမ်ငယ်စရာ၊
ရှက်ရွံစရာမလိုဘူး လို့ ထင်ပါတယ်လေ။
တစ်ရက်တော့ အသိတစ်ယောက်ရဲ့အလှူကိုသွားရင် တစ်ခါမှ မမြင်ဖူး
၊မဆုံဖူးတဲ့ လူတွေနဲ့ အတူတူ တစ်ဝိုင်းတည်း ထိုင်ဖြစ်တယ်။ သူတို့က ထိုင်ဝမ်
(တရုတ်-တိုင်ပေ)ကို သွားလိုက်၊လာလိုက် အလုပ်လုပ်နေသူမို့ အလှူရှင်က နိုင်ငံခြား
အတွေ့အကြုံရှိတဲ့ ကျွန်မနဲ့ မိတ်ဆက်ပေးပါတယ်။ ထိုသူက
“ အဲ့ဒီလို
ပြန်လာတဲ့သူတွေက လခစားလည်းမလုပ်နိုင်ဘူး။ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့လည်းအဆင်မပြေ
တော့ နောက်ဆုံး အရင်အလုပ်ရှိရာ ကို ပဲ ပြန်ထွက်ကြရတာပါပဲ။ ကျုပ်တို့ အသိတွေထဲမှာလည်း အဲ့လိုကြီးပဲ ။
မဟုတ်ရင် ဒီမှာ ဘာလုပ်ရမှန်းမသိပဲ ယောင်တောင်တောင် ဖြစ်နေမှာလေ.။
ဟုတ်တယ် မဟုတ်လားဗျာ။ ”
တစ်ခါမှမတွေ့ဖူးတဲ့ သူရဲ့ မိတ်ဖြစ်ဆွေဖြစ် စကားက ကျွန်မကို ရေလိုက်ငါးလိုက် ပြောစေချင်တာကို
မသိကျိုးကျွံပြုရင်း
“
ပြန်ထွက်ဖြစ်တယ်၊မထွက်ဖြစ်ဘူး ဆိုတာတော့ ကျိန်းသေပြောလို့ မရသေးပါဘူး။ ဒါပေမယ့်
သွားဖြစ်ရင်တော့ အရင်အလုပ်ရှိရာကိုတော့ ပြန်သွားဖြစ်မယ်မထင်တော့ပါဘူး။
ခုလောလောဆယ်တော့ စာတွေရေးနေလို့ ကျွန်မ ယောင်တောင်တောင် ဖြစ်ဖို့
အချိန်တောင်မရှိပါဘူးရှင်။ ’
ကျွန်မစကားကို
ကြားတော့ သူတို့လည်းအနည်းငယ်အံ့အားသင့်သယောင်၊ အိမ်ရှင်ကလည်း အားနာပါးနာနဲ့
ကျွန်မရဲ့မှုန်ဝါးဝါးကလောင်နဲ့ မိတ်ဆက်ပေးတာကို တ၀ိုင်းလုံးက လူတွေရဲ့ မျက်လုံးက
အကဲခတ်သလို ကျွန်မဆီ စုပြုံရောက်လာတယ်။ ကျွန်မ မသိကျိုးကျွံပြုလိုက်တယ်။
ဒီတစ်ခါတော့ ကျွန်မစာရေးဆရာမတကယ်ပီသသွားပြီနဲ့ တူတယ်။ နောက်ဆုံးတော့
အိမ်ပြန်ရောက်တဲ့အခါ
ကျွန်မရဲ့အပြီးမသတ်နိုင်တဲ့ ၀တ္ထုတွေကို ခဏဘေးချထားပြီး ရင်ထဲမှာ ရှိတဲ့
အတိုင်း ခုဝတ္ထုကို ရေးချပစ်လိုက်ပါတယ်။
တကယ်လို့
ဒီဝတ္ထုလေး မဂ္ဂဇင်းစာမျက်နှာပေါ်မှာ ပါလာခဲ့ရင် ပထမဆုံး အယ်ဒီတာကို
ကျွန်မကျေးဇူးတင်ရမှာပါ။ ပြီးတော့ ကျွန်မကို စာရေးဖို့ အမြဲ အားပေးနေတဲ့ ဖေဖေနဲ့
ကျွန်မလေးစားရတဲ့ စာရေးဆရာတွေအပြင်၊ စာတွေဆက်ရေးဖို့ အမြဲ သတိပေးနေတဲ့ စာရေးဖော်
မိတ်ဆွေမောင်နှမတွေကို ကျေးဇူးတင်ရမှာပါ။ သြော် ..ပြီးတော့ အရေးကြီးဆုံးလူကတော့
ကျွန်မနဲ့ တွေတိုင်း ဘာတွေလုပ်နေလဲ လို့ မေး နေတဲ့သူတွေအတွက် ဒီဝတ္ထုလေးတစ်ပုဒ်
ဖြစ်အောင် ကူညီသူ များ အဖြစ် ကျေးဇူးတင် ကြောင်း ကြုံတိုင်း
ပြောလိုက်ပါရစေရှင်။ ။
(ကလျာ မဂ္ဂဇင်း သြဂုတ်လ ၂၀၁၂)
Dear Sis, I have been reading your short stories in your blog. I really like your work and let me congratulate you for your writings! i also want to thank you for sharing with me. you are successful and you fully deserve it, congratulations again !
ReplyDeleteThank you so much bro.All of your words give me as courage to write stories continuously.Have a nice day to you.Thanks for visiting my blog.
ReplyDeleteချိုရေ လာလည်သွားတယ်နော်။ အားပေးနေမယ်၊ ၀တ္တုတိုအပြင်၊ ၀တ္တုရှည်လေးတွေပါ ရေးပေးပါနော်..
ReplyDeleteခင်တဲ့
ဝတ်ရည်
ကျေးဇူးတင်ပါတယ် ချစ်သူငယ်ချင်းရေ... ဆုံဦးမယ်နော် :)
Deleteစာတွေအများကြီးရေးနိုင်ပါစေညီမရေ အားပေးနေမယ်နော်...
ReplyDeleteကျေးဇူးတင်ပါတယ် အစ်မရေ...အားတဲ့အချိန်လေးတွေမှာ စာတွေလာဖတ်ပေးလို့
ReplyDelete