Monday, September 10, 2012

သူတို့ချစ်ခြင်း ကိုယ့်အလင်းနဲ့ ကူပါရစေ



                              ကျွန်တော်နာမည်က “love chat”။ လမ်းမကြီးတစ်ခုကို ချိုးထွက်နိုင်မယ့် လမ်းသွယ်လေး ရဲ့ ဒေါင့်ကျကျနေရာမှာ တည်ရှိတဲု့ အင်တာနက်ဆိုင်လေးပါ။ ။ ဒါပေမယ့် ဆိုင်ရှင်က ကျွန်တော်နာမည် ကို ကဗျာ ဆန်ဆန်လေးနဲ့ စွဲဆောင်မူရှိအောင် ဆိုင်းဘုတ်အောက်နားလေးမှာ “ချစ်တင်းနှော” ဆိုပြီး မြန်မာလို ခပ်သေးသေးလေး အဓိပ္မါယ်ဖွင့် ဆို ပေးထား တယ်။
                             ချစ်တင်းနှောဆိုတဲ့ နာမည်လေးနဲ့ လိုက်အောင် ချစ်တင်းနှောချင်တဲ့ သူတွေပဲ ကျွန်တော့် ဆီကို လာတယ်လို့ မထင်လိုက်ပါနဲ့။ ကျောင်းကိစ္စ၊ အလုပ်ကိစ္စနဲ့ လာတဲ့သူတွေရှိသလို၊ တခြား လူမူရေး၊ ကမ္ဘာ့အရေး မြန်မာအရေး ကိစ္စတွေနဲ့ စကားပြောဖို့ လာကြတဲ့လူတွေ အမျိုးမျိုးကို ကျွန်တော်ဆီမှာ နေ့စဉ်၊ နေ့တိုင်း တွေ့မြင်ရတတ်တယ်။ သူတို့ထဲက တချို့က အပျင်းဖြေရုံ ၊ အပျော်သက်သက် အချိန်ဖြုန်းဖို့ ကျွန်တော် ဆီ လာတဲ့သူတွေ ရှိသလို၊ တချို့ကလည်း ကိုယ်ရဲ့ပြသာနာ တချို့နဲ့ လူမူရေးကိစ္စလေးတွေကို အဝေးမှာရှိတဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တိုင်ပင်ဆွေးနွေး ဖြေရှင်းနိုင်ဖို့ ကျွန်တော့်ဆီလာ တတ်ကြတယ်။ ပျော်ရွင်လန်းဆန်း တဲ့ ခြေလှမ်း တွေနဲ့ လာတဲ့ သူတွေရှိသလို၊ တချို့ကလည်း စိတ်မပါ၊ တက်ကြွမှူ မရှိတဲ့ လေးလံ ခြေလှမ်းတွေ နဲ့ ကျွန်တော့်ဆီ ရောက်လာတတ်ကြတယ်။
                               တချို့ လူငယ်လေးတွေကတော့ သူတို့ အချိန်တွေကို ကျွန်တော့်ဆီမှာပဲ သူငယ်ချင်း တချို့နဲ့ အချိန်းအဆက်ပြုရင်းအချိန်ဖြုန်းတတ်သေးတယ်။ သူတို့တွေက ဆယ်ကျော်သက် လူငယ်တွေများပြီး၊ ကမ္ဘာပေါ်မှာ လက်ရှိဖြစ်နေ တဲ့ စစ်ဘေး ၊ မတရားမူနဲ့ ညည်းပန်းနှိပ်စက် လူသတ် တာတွေကို မကြားဖူး၊ မခံစား ရဖူးတဲ့သူတွေလို အချင်းချင်း အပြန် အလှန် သေနတ်နဲ့ပစ်ခတ်ရတဲ့ (counter strike) ဂိမ်းနဲ့ သူ့ထက်ငါ လက်ဦး အောင်ဓါးနဲ့ခုတ်ရတဲ့ အ နီရောင်  သွေးတွေ ဖြာဖြာထွက်သွားသော လူသတ်ဂိမ်း တွေကို စွဲစွဲလမ်းလမ်းနဲ့ ဆော့ တတ်တာ ကျွန်တော် အမြဲ လိုလို တွေ့နေ ရတယ်။ သူတို့ပါးစပ်မှ လည်း
                     “ သေစမ်းကွာ၊မသေသေးဘူးလား။ ဟေ့ကောင် ငါပစ်လိုက်တာ. မင်းဆီမှာ ၃ယောက်ကျ သွား ပြီလေ၊ ဘာလို့နောက်ထပ် လူတွေ အများကြီးတွေ ဖြစ်နေတာလဲကွ ။“
                          “မင်း လူသတ်နိုင်တိုင်း နိုင်တယ်မထင်ပါနဲ့ကွာ၊ ငါ့ဆီမှာ နောက်ထပ် လူတွေ အများကြီး ကျန်သေးတယ်၊ မင်းကိုသာ ငါကသေအောင် ဖြိုပစ်မှာ”
                     ဆိုတဲ့ အသံတွေကို သူတို့အုပ်စု အလည်လာတိုင်းအမြဲလို ကြားရတတ်တယ်။ တခါတလေ  ဆိုင်ပိတ်တဲ့အထိ သူတို့တွေရဲ့ စစ်တိုက်တဲ့ ကစားပွဲက မပြီးပြတ်နိုင်သေးတော့ ကျွန်တော့်ဆိုင်ရှင်တောင် လည် ဂုတ်ကနေ ဆွဲမထုတ်ရုံ တမယ်၊လေသံခပ်မာမာနဲ့ အတင်း ပြန်လွတ်တတ်ရတယ်။ ဒါကိုလည်း သူတို့က မမူပါဘူး။ အဲ့ဒီလို ဆိုင်ရှင်က မကြည်သာသလို ဆက်ဆံလို့ ကျွန်တော့်ကိုခွဲသွားလိမ့်မယ်၊ စိတ်နာသွားမယ်လို့ မထင် လိုက်ပါနဲ့ ။  သူတို့လာနေကြ အချိန်မှန် ကျွန်တော်ဆီ အုပ်စုနဲ့ ရောက်လာပြီး တစ်ခါတလေလည်း သူတို့ရဲ့ အားပါးတရ လူသတ်ကစားပွဲမှာတောင် ထပ်ဆင့်ပြီး ဘယ်သူနိုင်မလဲ၊ ဘယ်သူရှံးမလဲ ဆိုတာကို ပိုက်ဆံနဲ့ လောင်းကြေးထပ်တာမိျုးလည်း ကျွန်တော် မြင်ဖူးတွေ့ဖူးလိုက်သေးတယ်။ ဒါကကျွန်တော်ဆီ လာနေကြ အငယ် တန်း ဖောက်သည် ဂိမ်းသရဲတွေပါ။
                       ကောင်မလေး ခပ်ငယ်ငယ် တွေကတော့ ကျွန်တော့်ဆီမှာ ငြိမ်ငြိမ်လေးနဲ့ အင်တာနက် ကြည့်တတ်ကြတယ်။ တဖက်ခုံ ဂိမ်းသရဲတွေဆီက တစ်ချက်တစ်ချက် ထဖောက်လာတဲ့ အသံတွေကို  သူတို့ ခေါင်းလေးတစ်ချက် စောင်းငဲ့ကြည့် ရုံကလွဲလို့ သူတို့ရဲ့ အရေးကိစ္စတွေကိုပဲ ဦးစားပေးဆောင်ရွက်လ့ ရှိတာ ကျွန်တော်သတိထားမိတယ်။သူတို့တွေထဲကမှ ဆံပင်တိုတို၊ ဂါဝန်တိုတို၊ နဲ့ကောင်မလေးတစ်ယောက်ကို တော့ အားလုံးထဲမှ်သူ့ကို ကျွန်တော် ပိုပြီး  သတိထားနေမိတယ်။ သူက သောကြာနေ့ညနေဆို ပုံမှန်လာတတ်ပြီး အဝေးမှာရှိတဲ့ သူ့ချစ်သူဖြစ်သူနဲ့ အွန်လိုင်းမှာပုံမှန် စကားပြောတက်တယ်။ ကျွန်တော့်နာမည်လေးနဲ့ ပြောရရင် တော့ ချစ်တင်းနှောတာ ပေါ့ဗျာ။ သူလိုမျိုး ကိုယ့်ချစ်သူနဲ့ အွန်လိုင်းမှာဆုံပြီးစကားပြောကြ လွမ်းတဲ့သူတွေ ရှိသလိုပဲ  တခ်ခါမှ မမြင်ဖူးပဲ အွန်လိုင်းမှာ ဆုံဆည်းကြ ၊ ခင်မင်တွယ်တာကြပြီး နောက် ချစ်ခင်သွားတဲ့ သူတွေလည်း ကျွန်တော့်ဆီမှ ဒုနဲ့ဒေးပါပဲ။ ဒါကြောင့် ဒီခေတ်ကြီးထဲမှာ ကိုယ့်ချစ်သူ တစ်ယောက်တည်းကို ပဲ
“ ချစ်တင်းနှော” ခွင့်ရှိတာမဟုတ်ပဲ မမြင်ဖူးတဲ့ သူတွေကိုလည်း လွတ်လပ်စွာ ချစ်တင်းနှောခွင့် ရှိတဲ့ အိုင်တီ ခေတ်ကြီးပါ။
                     အဲ့ဒီ ဆံပင်တိုတိုနဲ့ ကောင်မလေးက  စကပ်ပဲ ၀တ်ဝတ် ၊ဘောင်းဘီပဲ ၀တ်ဝတ် ဂါဝန်ပဲ ၀တ်ဝတ် အတိုလေးတွေ အမြဲဝတ်တတ်တော့ ကျွန်တော့ ပိုင်ရှင်ဆရာတောင် သူ ဆိုင်ထဲဝင်လာပြီဆိုရင် မျက်လုံးကြီးနှစ် လုံးအပြင် ကို ပြူးပြုတ် ထွက်ကျချင်စရာ ကောင်းအောင် ငေးမောရတတ်သူပါ။ သူက ချစ်စရာ ကောင်းတဲ့ မျက်နှာ ပေးလေးနဲ ချစ်သူနဲ့ အွန်လိုင်းမှာ အားရပါးရ စကားတွေ ပြောပြီးတာတောင်မှ ပြန်ခါနီးမှာ တစ်ရက်တလေ ပီဖင်းဂိုးနဲ့ ဖုန်းခေါ် တတ်တာမို့ သူ့ကို ကျွန်တော် ပိုပြီး ရင်းနှီးနေမိတာ။ သူ့အတွက်တော့ ကျွန်တော်ဟာ သူ့ချစ်သူနဲ့ ဆက်သွယ် ခွင့် ရတဲ့ တစ်ခုတည်းသော သီးသန့် ကမ္ဘာလေးလို့ ထင်နေပုံပါပဲ။  ကျွန်တော့်ဆီ လာတိုင်းသူက အမြဲ ရွင်မြူး တက်ကြွနေတတ်တယ်။ သူ့တွက်တော့ တစ်ပတ်တစ်ခါ သူ့ချစ်သူနဲ့ တွေ့နိုင်မယ့် ဒီနေ့ကို ကျွန်တော် ဆီလာဖို့ အမြဲ မျှော်လင့်စောင့်စားနေသူလို့ ထင်တယ်။
                  သူက သူငယ်ချင်းတွေနဲ့ သုံးတဲ့ ဂျီမေလ်အကောင့်အပြင် နောက်ထပ် သီးသန့်အကောင့်တစ်ခု ထပ်ဖွင့်ပြီး သူ့ချစ်သူကို အဲ့ဒီအကောင့်နဲ့သာဆက်သွယ်တယ်။ ကျွန်တော်ကစိတ်ဝင်စားစွာနဲ့ သူ့ကောင်လေး ဘက်ကို လှမ်းစပ်စုမိတော့ သူ့ကောင်လေးကလည်း သူလို့ပါပဲ။ သူ့ရဲ့အကောင့်ထဲမှာ ကောင်မလေးနာမည် တစ်ခုထဲကိုပဲ မြင်လိုက်မိတယ်။ သူတို့နှစ်ယောက် ရဲ့ စကားဝိုင်းထဲကို တခြားတစ်ဦးတစ်ယောက်က ၀င်ပြောမှာ ၊ နှောင့်ယှက်မှာ စိုးပုံနဲ့ အကောင့်တစ်ခုဆီမှာ ကိုယ့်ချစ်သူ နာမည်လေး တစ်ခုသာ စကားပြောလက်ခံတဲ့ အစိမ်း ရောင် သင်္ကေတလေးနဲ့ ယှဉ်တွဲ မြင်နေရတယ်။ ဟို ကျွန်တော်ကြားဖူးတဲ့ သီချင်းထဲလို “’ချစ်တဲ့ တို့နှစ်ယောက် သီးခြား ချစ်ကမ္ဘာငယ်..” ဆိုတာ ဒါမျိုးနဲ့ တူတယ်။
                       ကောင်မလေးက သူ့ကောင်လေးကို စကားပြော၊ စာပို့လို့ ရတဲ့ ဂျီမေလ်း၊ ဂျီတော့နဲ့ တင် မကဘူး။ ရုပ်ပါမြင်ပြီး စကားပြောလို့ရတဲ့ ဗီဇက်အိုတို့ စကိုက်ပ်တို့ကိုလည်းဖွင့်ပြီး စကားပြောသေးတာ။ လိုင်း ကျရင်တော့ စကားပြောရတာ အ-ထစ် အ-ထစ် ၊ ပြတ်တောက် ပြတ်တောက်ပေါ့။ ပြီးတော့ ကောင်မလေးက ဒီနေ့ လူ တွေ ပါးစပ်ဖျား မှာ ရေပန်း စားနေ တဲ့ ဖေ့ဘွတ်ဆိုတာကိုသုံးပြီး သူ့ကောင်လေးနဲ့ ဆက်သွယ်ဖို့ သူငယ်ချင်းဖြစ်သူက သင်ပေး ထားကြောင်း ကောင်လေး ကို ပျော်ရွှင်စွာ ပြောပြတယ်။ ဖေ့ဘွတ်ကလည်း မသုံးဖူးရင် မသိတာကြောင့် တချို့လူတွေဆို facebook guideline book (ဖေ့ဘွတ်သုံးနည်းလမ်းညွှန်စာအုပ်) တောင် နံဘေးချပြီးမှ အင်တာနက် သုံးကြတာလေ။ အဲ့ဒီစာအုပ်ထဲမှာ ကိုယ်စိတ်ကြိုက် ဓါတ်ပုံတွေကို အင်တာနက်မှာ ဘယ်လိုတင်ရသလဲဆိုတာရယ်  ၊ ကိုယ်သဘောကျတဲ့ ပုံအောက်မှာလည်း မှတ်ချက် ဘယ်လိုရေးရသလိုဆိုတာအပြင်  ဖေ့ဘွတ်ကနေတဆင့် ဝေးကွာနေတဲ့သူအချင်းချင်း ပိုမို ရင်းနှီးကျွမ်းဝင်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။
                             ဒါပေမယ့် ဒီတစ်ခါ ကောင်လေးက ကောင်မလေးဖေ့ဘွတ်သုံးမှာကိုသဘောမတူ ရုံမက ကောင်မလေး ဖေ့ဘွတ်အကောင့်ဖွင့်လိုက်တာ ကို လည်း သိပ်ဝမ်းမသာသလိုပါပဲ။ ပြီးတော့ ကောင်မလေး ကိုလည်း တချိန်လုံးဖေ့ဘွတ်သုံးပြီး အချိန်မကုန်နေဖို့နဲ့ ကောင်မလေးရဲ့ဓါတ်ပုံတင်မက သူတို့နှစ်ယောက်ဓါတ်ပုံ ဘယ်ပုံမှ အွန်လိုင်းမှာ မတင်ရဘူးလို့ တခါတည်း တားမြစ်လိုက်ပါတယ်။ အကြောင်းရင်းကို ကောင်မလေးက မေးတော့ ဘာမှမဟုတ်သလိုနဲ့ ဝေးနေတဲ့ အချိန်မှာသူတို့ ဓါတ်ပုံတွေ ဟိုရောက်ဒီရောက်ဖြစ်မှာ စိုးလို့၊ သူလည်းမတင်ဘူး ကောင်မလေးလည်း မတင်ရဘူးလို့ မယုတ်မလွန်ဖြေတယ်။   ဒ်ီတော့ ကောင်မလေးက သူ့ရဲ့ အကောင့်မှာ ချစ်စရာကောင်းတဲ့ ခွေးနဲ့ ကြောင်ပုံလေး တွေ အပြင်၊ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို တမျိုးအဓိပ္မါယ် ဖော်ထားပုံ ရတဲ့ inspiration ပုံလေး တွေကို ရှာပြီး သူ့အကောင့်ထဲမှာ  အားပါးတရ တင်လိုက်တယ်။ သူ့ချစ်သူ အလွမ်း ပြေအောင်လို့  ပြောတဲ့ စကားသံလေးတွေကိုလည်း ကျွန်တော်ကြား လိုက်ပါ သေးတယ်။ ကောင်မလေးက အတော်ကို စိတ်ကူးယဉ်သလို၊ ကောင်လေးကို လည်းတွယ်တာပုံရတယ်။
                    ဒီနေ့လည်း ထုံးစံအတိုင်း ကျွန်တော့် ပိုင်ရှင်နံဘေးမှာပဲ ချိုအီတဲ့အသံ လွင်လွင်လေးနဲ့ သူ့ကောင်လေး ရှိရာ နိုင်ငံခြားကို ဖုန်းခေါ်သွားတယ်။ သူ့ အိတ်ထဲက အနီရောင် ဆင်ဖြူတစ်ရွက် ခုန်ထွက် သွားတာကိုလည်း ကျွန်တော်မြင်လိုက်ရ တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆီမှာ သူ့လိုမိန်းကလေး တွေ များစွာရဲ့ ရီသံလွင်လွင်လေးတွေ ၊ ကြည်နူးပျော်ရွင်ဖွယ် စကားလေး တွေကို ကြားရတော့ ကျွန်တော်ပါ ပီတီဖြစ်မိတာ အမှန်ပဲ။ မိန်းကလေး ဆိုတာမျိုးက တကယ် ချစ်ပြီဆို ကိုယ်ချစ်ရသူနဲ့ ဘယ်လောက်ဝေးဝေး လေလိုင်း ထဲမှာတောင် ချစ်သူကို  စွဲစွဲလန်းလန်းရူးသွပ် တတ်တာမျိုးကို။
                      ကျွန်တော့်ဘ၀ထဲမှာ အချစ်ဇာတ်လမ်းတွေ၊ ဘ၀ သရုပ်ဖော်ဇာတ်လမ်းတွေကို ကိုယ်တိုင် ကိုယ်ကျ ဖန်တီးသွားကြတဲ့ လူတွေကို ငေးမောကြည့်ရင်း ကျွန်တော့် ဘ၀နေ့ရက်တွေဟာ လူသားတွေ ရဲ့ဘ၀ တစ်ခုထပ်ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်နေမိတယ်။ အခုပဲ ကြည့်လေး.။ကျွန်တော့်ရှေ့မှာ ခပ်ဖြောင့်ဖြောင့် ဘဲတစ်ကောင် ၊ နေ့စဉ် အွန်လိုင်းတက်ပြီး ကောင်မလေးတွေကို ကြောင်စီစီလုပ်နေတာ။ ကြောင်စီစီ လုပ်တယ်ဆိုတာ အီစီကလီလုပ်ပြီးဖွန်ကြောင်တာ ကို ပြောတာပါ။ သူက ကောင်မလေးတွေကို အွန်လိုင်းကနေ အရင်ဆုံးသူငယ်ချင်းလုပ်၊ ခင်အောင်ပေါင်းပြီးမှ ၊ချစ်သူဖြစ်အောင် ကြိုးစားတဲ့နေရာမှာ အတော် အတွေ့အကြုံ ရင့်ကျက်နေပုံပါပဲ။ သူ့ရဲ့ ဂျီမေးလ်ဘောက်စ်ထဲမှာ ရင်ဖွင့်ထားတဲ့ မျက်ရည် စပေါင်းများစွာကို မေးလ် အဖြစ်တွေ့ရတတ်သလို သူ့ရဲ့ ဖေ့ဘွတ်အကောင့်ထဲမှာလည်း ဆွေမျိုးတော်သူ စာရင်းထဲ တန်းစီပြီး အွန်လိုင်းကနေ ညီအစ်မ အဖြစ်တော်ထားတဲ့ ချစ်စရာမိန်းကလေး မျက်နှာလေးတွေကို တွေ့မြင်နေရတတ် တယ်။ ဒီဆိုင်ထဲကို လာတဲ့သူတွေထဲမှာဆို သူဟာ ကျွန်တော်ကြည့်မရဆုံး လူသားပါ။ သူ့ဆိုင်ထဲကို ၀င်လာပြီ ဆိုရင် အခန်းထောင့် တစ်နေရာ ကခုံမှာ လျော့တိလျော့ရဲ နဲ့ ပျင်းရိပျင်းချောက်ထိုင်ပြီး တစ်နေ့တာ မြန်းဂလစ်ခ်ျလို့ ခေါ်ခေါ် နေကြတဲ့ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးတွေနဲ့ ရေးသားပြီး ချက်တင်ဝင် အချိန်ဖြုန်းလေ့ရှိသူပါ။
                        အခုသူ အွန်လိုင်းပေါ်မှာ ရှိနေတဲ့ အချိန်မှာလည်း သူငယ်ချင်းလိုပတ်သတ်မူမျိုးမဟုတ်တဲ့ မိန်းကလေး သုံးယောက်ကို တပြိုင်နက်တည်း စကားပြောနေတာတွေ့ရတယ်။ တစ်ယောက်ကတော့ သူ့နဲ့ မပြတ်သေးတဲ့ (ရန်ဖြစ်လိုက် ပြန်ချစ်လိုက်) ရည်စားဟောင်း၊ နောက်တစ်ယောက်ကတာ့မကြာသေးခင်က အဖြေရထားတဲ့ သူ့ချစ်သူဖြစ်ပြီး ၊ တစ်ယောက်ကတော့ သူတောင်းတဲ့ ဖုန်းနံပါတ်ကို ချက်ချင်းပေးလိုက်ပြီး ညနေ ကျရင်သူ့နဲ့ဖုန်း ဆက်ဖို့ အချိန်းအချက်ပြုနေတဲ့ အသစ်ဆက်ဆက်ရည်းစားလောင်းလေး။ မမြင်ရတဲ့ မိန်းကလေး တွေကို အွန်လိုင်းကနေ လိမ်ညာပြောဆိုနေတတ် တဲ့ သူ့စကား လုံးတွေဟာကျွန်တော့်ကို အော်ဂလီဆန်စေတာအမှန်ပဲ။ ဒီလိုဆိုတော့ ကျွန်တော့်ဘ၀ဟာအချစ်စစ် တွေရဲ့ကြားခံ နယ် မြေတစ်ခု လို့ ခံယူခဲ့မိတာ ဟုတ်မယ် မထင်ဘူး။ သစ္စာဆိုတာ တန်ဖိုးထား ရကောင်းမှန်း မသိ တဲ့ ယောကျာ်းတွေကို  လွယ်လွယ် နဲ့ ဖောက်ပြန်ဖို့ အခွင့်အရေး တွေပေးတဲ့ထဲမှာ ကျွန်တော်လည်း ထိပ်ဆုံးက ပါနေတာပါပဲ။ သူကို ကျွန်တော် စိတ်ပျက်စွာ နဲ့ မျက်နှာ လွှဲ   လိုက်ပြီး ဆိုင်အတွင်းကို တဒင်္ဂဂဝေ့၀ဲကြည့်လိုက်ပါတယ်။
                             ကျွန်တော့်ဆီမှာ နိုင်ငံခြားပညာတော်သင်အတွက် ကျောင်းပညာသင်ဆုကြေး ရနိုင်ဖို့  လိုအပ်တာတွေ တချို့ကိုအင်တာနက်မှာပြေးပြေးလွှားလွှား ရှာဖွေနေသူတွေရှိတယ်။ အလုပ်ကိစ္စ အင်တာဗျူး အတွက် လေ့လာ နေတဲ့ လူငယ်တွေရှိတယ်။ အဝေးရောက် သားသမီးတွေ အတွက် နားကြပ် (ear phone) တပ်ထားတဲ့ အဖေအို၊မအေအိုကြီး တွေရဲ့ ကျယ်ကျယ်လောင်လောင် ဆုံးမသံတွေရှိတယ်။ မဟုတ်မခံတတ်တဲ့ လူတချို့ရဲ့ အမှန်တရားနဲ့တရားမျှတမူကို လူသားအားလုံး အပြည့်အ၀ထောက်ခံတတ်စေဖို့ ဂျီမေးလ်နဲ့ ဖေ့ဘွတ်ကနေ တဆင့် သတင်းလာလာ ဖြန့်တတ်တဲ့ သူတွေရှိတယ်။ မိုင်ပေါင်း များစွာ ဝေးနေတဲ့ အရပ်ကနေ တစ်ဦးကို တစ်ဦင်္း မမြင်ဖူးပဲ၊ သံယောဇဉ်တစ်ခုတည်းနဲ့ ခိုင်မြဲတဲ့ မေတ္တာကို တန်ဖိုးထားမြတ်နိုးတတ် တဲံ့သူတွေရှိတယ်။ ကင်မရာမဖွင့် ရင် မမြင်ဖူးတဲ့ သူစိမ်းတွေမို့  တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင်စကားပြောခွင့် မရှိတဲ့အခွင့်အရေး ကို အသုံးချပြီး အင်တာနက်ကနေ ရည်းစားလာရှာတဲ့ လူရှုပ်လူပွေတွေ ရှိတယ်။  ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆီကို လာ တဲ့ လူတွေ က ရည်ရွယ်ချက်မျိုးစုံ ၊ခံစားချက်မျိုးစုံနဲ့ သူတို့ရဲ့လက်ရှိ အချိန် တွေကို အသုံးချနေတာ မြင်ရလို့ လူ တစ်ဦး ချင်းရဲ့ဘ၀နဲ့ အသက်ရှင်ရပ်တည်တာတွေကို ကျွန်တော်ရဲ့နေ့ရက်တွေမှာ အမြဲလိုလို  မြင်တွေ့နေ ရတာပါ်။
                           ဒီနေ့တော့ ကျွန်တော့်ဆီမှာ လူအတော်စုံနေတယ်။ ဆိုင်ရှင်က နေရာအခက်အခဲရှိမှာစိုးလို့ တောင် အနည်းငယ်စိတ်ပူနေသယောင်ပါပဲ။ အချိန်ကလည်း ညနေ သုံးနာရီခွဲလေးနာရီဆိုတော့ အင်တာနက် ဆိုင်တိုင်း လူကျချိန်မို့ ကွန်ပြူတာ ကီးဘုတ်ကနေ ထွက်ပေါ်လာတဲ့ တဖျောက်ဖျောက် စာရိုက်သံ၊ အင်တာနက် သုံးရင်း အဆာပြေစားဖို့ ယံယံ ခေါက်ဆွဲပြုတ်မှာသံ ၊ ကော်ဖီနဲ့ အအေးမှာသံတွေနဲ့ ဆူညံပွက်လော ရိုက် နေတယ်။ ဒီထပ် ပိုဆိုးတာက တက်တလှည့်၊ ကျ တလှည့် ကွန်နက်ရှင်မှာ အမိအရ ဖမ်းပြီးပြောနေတဲ့ စကားပြောသံတွေ။ 
                     “ဟယ်လို ဟယ်လို ကြားရလား ၊ သမီးလေးလား အေး  မေမေ လေ။ နေကောင်းရဲ့လား သမီးရေ၊ မေမေလည်း ကောင်းပါတယ်။ အလုပ်မှာရော အစစ အဆင်ပြေရဲ့လား၊ ပြောပါအုန်း။ မေမေနဲ့ ဖေဖေ လည်း အမြဲဆုတောင်းပေးထားပါတယ်။“
                      “ဟဲ့ ငါပြောတာနင်ကြားရလားလို့ မေးနေတာ။ ဒီမှာလိုင်းက ခဏခဏကျနေတယ်။ စိတ်ညစ် လိုက်တာဟယ်။ ငါ့စီဗီဖောင်ကို နင့် သူဌေးဆီကို တင်ပြီးပြီလားလို့ မေးနေတာ ၊ အေး မကြားရလဲ ဇွတ် အော်မနေနဲ့ ၊ စာရိုက်လိုက်လေ။ တကယ်ပဲ စိတ်ညစ်ပါတယ်။”
                      “အဲ့ဒီမှာ အခုရာသီဥတု ဘယ်လိုနေလဲ သူငယ်ချင်း။ ကျန်းမာရေးတော့ ဂရုစိုက်နော်။ အရင်လိုပဲ ဒီမှာက ဘာမှ သိပ်မထူးဘူး။ မီးပျက်တယ်၊ ဘတ်စ်ကားကြပ်တယ်၊ မိုးရွာရင် လမ်းတွေပိတ်တယ်။ အင်း….အင်း .။ ခု တော့ ကောင်းကောင်းကြား ရပြီ ။ ဘာဖြစ်တယ်…ဆက်ပြောပါအုန်း။”
                       “ကိုကြီး စိတ်ချနော်။ ကိုကြီ့းပြန်လာရင် သက်ကိုယ်တိုင် လေဆိပ်မှာ လာကြိုမှာ။ ဒါပဲနော် ယီးတီးယားတားတော့ မလုပ်နဲ့ ။ ဒီကဖြင့် သူ့ကို အမြဲစိတ်ပူစိုးရိမ်နေရတာ။ တစ်ခုခု ပေါက်ကရကြား လို့က တော့ ချက်ချင်းလိုက်လာမှတ် ၊ လူကို သူကမသွားတတ် မလာတတ်ဘူး ထင်နေတယ်မလား။ “

                         တစ်ခန်းရပ်ပြဇာတ်တွေ များစွာကိုတပြိုင်နက်တည်း ကြည့်နေရသလို တခန်းလုံးက  လူတွေရဲ့ အသံတွေနဲ့ အမူအယာတွေကို ကျွန်တော် အကဲခတ်နေမိပါတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော်ပိုင်ရှင် ထိုင်နေကျ ပီဖင်းဂိုးခေါ်ပေးတဲ့ ကွန်ပြူတာရှိရာ ငွေရှင်းကောင်တာသို့ လာနေတဲ့ချစ်စရာ့ဆံတို ကောင်မလေးကို တွေ့လိုက်မိတော့မှ ဒီနေ့ ဟာ သောကြာနေ့ ဖြစ်မှန်းသတိရမိတော့တယ်.။ သူ့ကောင်လေးနဲ့ ဒီနေ့ဘာတွေ စိတ် မကြည်လင်သည်လည်း မပြောတတ်၊ ခါတိုင်း ဖုန်းခေါ်ခါနီးကြည်လင်နေတဲ့ မျက်နှာလေးမှာ ပြိုတော့မယ့် မိုးကောင်းကင် တစ်ခုလို ရီဝေအုံ့မှိုင်းလို့နေတာကို ကျွန်တော်သတိပြုမိရင်း သူ့ ဆီက ထွက်ပေါ် လာမယ့် စကားသံ တချို့ကို စိတ်ဝင်စားစွာ နားစွင့်မိလိုက်တော့။
                         “ဟယ်လို ကို။ နွယ်လေးပါ။ ဘာလို့ နွယ်လေးကို လိမ်ချင်၊ ညာချင် လှည့်စားချင်နေတာလဲ။ ပြောပါအုန်း။ နွယ်လေး ရှင်းရှင်းလေးပဲ သိချင်တယ်။ ကို ဆုံးဖြတ်ပါ။ ကိုဆုံးဖြတ်ချက်ကို နွယ်လက်ခံမှာပါ။
                          “…………………………..”
                          “ဘာကို မသိချင်ယောင် ဆောင်နေတာလဲ၊ ဒီမှာ ကို တစ်ကမ္ဘာလုံးက မြင်နေတွေ့နေရတဲ့ ဖေ့ဘွတ်ရဲ့ relationship status မှာ ရှိနေတဲ့ မိန်းကလေးနာမည်ဟာ နွယ်နီချို မဟုတ်တာ ကို မြင်လျှက်၊ ကို ပြောနေတဲ့ စကားကို ယုံရလောက်အောင် နွယ်အရူးမဟုတ်ဘူး သိရဲ့လား။ ပြီးတော့ ဒီနေ့လည်း ကိုအွန်လိုင်းမလာဘူး။ နွယ်ကို ရှောင်နေတယ်။ ကိုမှားနေလို့ နွယ့်ကိုရှောင်နေတာမဟုတ်လား.. နွယ်မှာတော့….”
                            ကောင်မလေး၏ စကားသံတချို့တိမ်မြုပ်ပျောက်ကွယ်သွားတာကို ကြေကွဲမှာကြည့်ရင်း တဖက် က ဖြေရှင်းချက်တွေကို ကျွန်တော်သိချင်နေမိပါတယ်။ ကောင်မလေးက အောက် နှုတ်ခမ်းလေးကို မသိမသာ ကိုက်ရင်း စိတ်လှုပ်ရှားစွာနဲ့ ဖုန်းကိုင်ထားတဲ့ လက်ချောင်းလေးတွေတောင် မသိမသာတုန်ရီနေတာကို တွေ့နေရတယ်။ တဖက်က ဘာတွေဖြေရှင်းနေ၊ ပြောနေတာပါလိမ့် ကျွန်တော် တကယ်ကို သိချင်နေမိပါတယ်။
                           “…………………………………..”
                           “အေးပေါ့ ၊နွယ်က ဘယ်သိပါ့မလဲ ။သူများမေးမှ ပြောမှ သိရတဲ့ဘ၀၊ နွယ်က ဖေ့ဘွတ်ကို မှ ကောင်းကောင်းမသုံးတတ်တာ ၊ အဲ့ဒါကြောင့် ကိုက ကိုယ်ပျော်ပိုက်နေတဲ့ ဖေ့ဘွတ်ရှိရာကို နွယ့်ကို မလာ စေချင် တာမလား ၊ နွယ်ကတော့ ကိုနဲ့ အဆက်သွယ်ရမယ့် အရာအားလုံးဆို ဘာမဆို လုပ်ချင်တယ်။”
                           “……………………………….”
                 “တော်ပြီ တော်ပြီ နွယ် ဘာမှမကြားချင်တော့ဘူး၊ ကို့အကောင့်ထဲမှာ ကိုယ်နဲ့ ချစ်သူဖြစ်နေကြောင်း ရေးထားတဲ့ အဲ့ဒီ relationship status မှာရှိနေတဲ့နာမည်က ကိုရေးတာမဟုတ်လို့ ဘယ်သူရေးရမှာလဲ နွယ်အဲ့လောက် တော့ မတုံး၊ မအပါဘူး ကိုရယ်။ တော်ပြီ စိတ်ပျက်တယ်၊ အရမ်းကို စိတ်ပျက်တယ်။ နွယ်ဖေ့ဘွတ်လုံးဝမသုံးတော့ဘူး၊ ဂျီတော့လည်းည မသုံးတော့ဘူး၊ အင်တာနက် ဆိုတာကြီးကိုမုန်းတယ်။ အရမ်းကို မုန်း တယ်။ ကို့ဘက် က သေချာမဖြေရှင်းနိုင် သရွေ့ နွယ်လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူးနော် ကို ။ဒါပဲ.”
                      ကောင်မလေးက ဖုန်းကို ဂွတ်ခနဲမည်အောင် ချလိုက်ပြီးမှ၊ ပတ်ဝန်းကျင်ကို ပြန်ပြီး သတိရ မိကာ အနည်းငယ်ရှက်သွားပုံရ ပါတယ်။ ပါးစပ် အဟောင်းသားငေးနေတဲ့ ကျွန်တော့်ဆရာကို ဖုန်းခပိုက်ဆံ ပေးပြီး ခပ်သုတ်သုတ်လေးပဲ ကျွန်တော့်ဆီကနေ ထွက်ခွာသွားတယ်။ အော် ..ကောင်မလေးရယ်၊ လှည့်စား သစ္စာမဲ့ပုံရ တဲ့ အဝေးက ချစ်သူကိုမမုန်းပဲ အင်တာနက်ဆိုတ်ာကြီးကို မုန်းရသလား။ ကျွန်တော်စိတ်မကောင်း တော် တော်ဖြစ်သွားမိတယ်။ သူတို့နှစ်ယောက် ပြန်ပြီး အဆင်ပြေတဲ့အချိန်မှ ကောင်မလေးကို ပြန်တွေ့နိုင်တော့ မယ်နဲ့ တူတယ်။ ဒီလိုမဟုတ်လည်း ကောင်မလေး စိတ်ပြေပြီး ကျွန်တော်ဆီနောက်တစ်ပတ်ထဲမှာ ပြန်လာနိုင် မလား သိချင်မိသေးတယ်။ တကယ်ပါ။ ရက်စက်တတ်တဲ့ သူ့ကောင်လေးကိုလည်း ဘာမှန်းမသိ ကျွန်တော် ဒေါသတွေ ထွက်နေမိသေးတယ်။ ကျွန်တော်သာ စကားပြောတတ်ရင် ကောင်မလေးနဲ့ ပတ်သတ်ပြီး အတွေး တချို့တွေးနေပုံရတဲ့ ကျွန်တော့်ဆရာနဲ့ စကားလက်ဆုံကျမိမလားမပြောတတ်ဘူး။ သူတွေးတဲ့ အတွေးကတော့ ချစ်စရာကောင်းတဲ့ကောင်မလေးကို မတွေ့ရတော့မှာထက် တစ်ပတ်တစ်ခါ မြိုးမြိုးမြတ်မြတ် လေးရတတ်တဲ့ အင်တာနက်သုံးခနဲ့ ပီဖင်းဂိုးဖုန်းခတွေ မရတော့မှာကို နှမျောတသနေတာလည်း ဖြစ်နိုင်ပါ တယ်။
                        ကျွန်တော့်ဆီမှာ ကောင်မလေးလိုမျိုး စိတ်ဝင်စားထူးခြားတဲ့ နောက်ထပ်စကားသံတွေ ရှိနေ ပါသေးတယ်။ ဒီတစ်ခါတော့ (ear phone) နားကြပ်တပ်ပြီး၊ ကွန်ပြူတာထဲကို ခေါင်းဝင်သွားတော့မတတ်၊ သမီးဖြစ်သူနဲ့ စကားပြောနေပုံရတဲ့ အသက်ခြောက်ဆယ်ကျော် အမျိုးသမီးကြီးတစ်ယောက်ရဲ့ အသံပါ။
                      “ အမေကတော့  အဲ့ဒီမှာဖြစ်အောင် နေစေချင်တယ်။ သမီး ရန်ကုန်ပြန်လာရင်လည်း  ဘာလုပ်မှာလဲ ။ခုဆို သမီးအဲ့ဒီမှာ ဘာအလုပ်တွေ လုပ်နေတယ်၊ ဘယ်လိုနေနေရတယ်ဆိုတာကို ဘယ်သူမှ သိတာမဟုတ်ဘူး။ သမီးလို ဘွဲ့ရပြီး သားတွေလည်း အပြင်မှာ ဒီလိုပဲ ရုန်းကန်နေရတာပဲ၊သမီးတစ်ယောက် တည်း မဟုတ်ပါဘူး။ အင်းပေါ့ ……အမေသိပါတယ် ။သမီးကတော့  မြန်မာတွေ ပေါတဲ့ နေရာမှာ လမ်းးဘေးဆိုင် အကူ လုပ်နေရတာ လူတိုင်းမြင် နေတော့  ဘယ်လိုမှစိတ်ချမ်းသာမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် သမီးရယ် အမေကတော့  ဘယ်သူမေးမေး သမီးက နိုင်ငံခြားမှာလို့ ပြောရတာ ဘယ်လို  ပျော်မှန်းမသိဘူး။ တခါတလေ သမီးအကြောင်း ကြွားချင်လို့ ရပ်ကွက်ထဲ လမ်းသလားပြ ရသေး တယ်။ အမေ့ကို  မြင်တာနဲ့ တခါတည်း အားကျသွား အောင်လို့လေ။ ဒါကြောင့်မို့ သမီးရေ   ပြန်လာဖို့တော့ ဘယ်နည်းနဲ့ မှစိတ်မကူးနဲ့နော် ။“
                        တဖက်က အမျိုးသမီးက အမေလွမ်းလို့လား၊ နိုင်ငံလွမ်းလို့လား၊ အသက်ရှင်ရပ်တည်ဖို့ ခက်ခဲလွန်းလို့လား၊ ကိုယ့်နိုင်ငံကို ပြန်လာနိုင်ဖို့ အမေ့နဲ့ တိုင်ပင်တဲ့ အခါ၊ အမေ့ဆီမှ ပြန်ကြားရတဲ့ စကားသံက ကျွန်တော် ကြားလေ့ကြားထမရှိတဲ့ စကားသံမျိုးမို့ ၊ သေချာနားစိုက်ထောင်မိခဲ့တာပါ။ဘာတဲ့ “သမီးရေ   ပြန်လာဖို့တော့ ဘယ်နည်းနဲ့ မှစိတ်မကူးနဲ့နော် ။“ တဲ့ စံပြုချင်စရာကောင်းတဲ့ မေမေပါပဲ။ တဖက်က သမီးဖြစ်သူ ရဲ့ရင်ထဲကို လှမ်းပြီး ကြည့်လိုက်ချင်စမ်းပါတယ်။ ဟော ..အခုဒ်ီအခန်း ထဲက  စကားသံအားလုံးကိုလွှမ်းသွားတဲံ့ နောက်ထပ် အသံ တစ်သံ။ံ
                        “ဖေဖေ ၊ သမီးတို့ ကျူရှင်စရိတ်ကို ဖေကြီးဆီကနေ လှမ်းတောင်းရတာက အန်တီက ဖေဖေ ပို့ ပေးတဲ့ ပိုက်ဆံနဲ့ ဆန်တစ်အိတ်နဲ့ ဆီဝယ်လိုက်တာ သမီးတွေ့လိုက်တယ်။အ၀တ်အစား တွေလည်း ၀ယ်တော့ ၀ယ်ပေးပါတယ်။ ဒါပေမယ့် ဆရာမ ဆီမှာ ကျူရှင်တက်ဖို့ ကျတော့ နင်တို့ ဒီလောက် ကျူရှင်တက် ချင်နေကြရင် နင့်အဖေကို သွားပြောကြ၊ ပိုက်ဆံတောင်းချေ ကြ ၊ ငါမှာတော့ စိုက်ပေးစရာ တစ်ပြားမှ မရှိဘူးတဲ့ဖေဖေ။ ဒါကြောင့်ပါ။ ဒီမှာ ဖေဖေကို  ညီမလေးကလည်း  ပြောချင်လို့တဲ့”
                          “ ဖေကြီး အီး..သမီးဖေကြီးကို အရမ်းသတိရတယ်။ သမီးနဲ့ မမလည်း သူငယ်ချင်းတွေလို ဆရာမဆီမှာ ကျူရှင်တက်ချင်လို့ ဖေကြီး ပိုက်ဆံပို့ပေးလိုက်ပါအုန်း။ အန်တီက သမီးတို့ကိုဆို အမြဲ ဆူဟောက်ချင်နေ တာ၊ အခု သမီး ဖေကြီး ကို အရမ်းသတိရတာပဲ အီးဟီဟီး။ “
                            ငါးတန်း ခြောက်တန်းအရွယ် ကလေးလေးနဲ့ ရှစ်တန်း၊ ကိုးတန်းအထက်တန်း ကျောင်းသူ အရွယ် ကလေးနှစ်ယောက်ရဲ့ငိုသံတွေကြောင့် ကျွန်တော် တင်မက ဆိုင်တစ်ခုလုံး လှုပ်လှုပ်ရှားရှားနဲ့ သူတို့ကို အကဲခတ်မိသွားတယ်။ ညီအစ်မလေးနှစ်ယောက်က စကာင်္ပူမှာလား၊မလေးမှာလားမသိတဲ့ အဖေဖြစ်သူထံကို ကျုရှင်စရိတ်အဖြစ် ပိုက်ဆံ လှမ်းတောင်းနေ တာလို့ ကျွန်တော်အကြမ်းဖျဉ်းနားလည်လိုက်တယ်။ ကလေးတွေရဲ့ တုန်ရီနေတဲ့ ငိုသံယှက်အသံလေးတွေကြောင့် ဆိုင်ထဲ မှာ အော်ကြီးဟစ်ကျယ် ပြောဆိုနေတဲ့ လူတစ်ချို့တောင် သူတို့ရဲ့ အသံ ကို လျှော့ပြီး လေ သံလောက် သာ ပြောဖြစ် ပုံထောက် ရင် ကလေးတွေအကြောင်းကို ကိုယ့်ကိစ္စ၊ ကိုယ့်ပြသာနာထက် ပိုပြီးစိတ်ဝင် စား မိကြ ပုံပေါ် တယ်။ အငယ်မလေးက ဆက်ပြီး
                          “ ဆရာမက သူ့ဆီကျူရှင်မတက်တဲ့သူဆို မျက်ခုံးကြီးရှံ့ပြီး မျက်နှာတင်းတင်းကြီးနဲ့ စကားပြောတာ။ သချာင်္တွေမမှန်လို့ ရိုက်ရင်လည်း တအားရိုက်တာ။ အဲ့ဒါသမီးကြောက်လို့ ဖေကြီးဆီက ပိုက်ဆံလှမ်းတောင်းရတာပါ။”’
                          “ ဖေဖေ အဆင်ပြေရဲ့လားတော့ မသိဘူး၊ သမီးတို့ကလည်း တကယ်လိုနေလို့ပါ ဖေဖေ ရယ်။  သမီး တို့ကို စိတ်မပူပါနဲ့နော် ။စာလည်းလိုက်နိုင်တယ်။ ကျန်တာတော့ အားလုံး အဆင်ပြေပါတယ် ဖေဖေလည်း ကျန်းမာရေး ဂရုစိုက်နော်။..ဟီးဟီး။”အစ်မဖြစ်သူက စိတ်မထိန်းနိုင်သလို မျက်ရည်ကျငိုရင်း ပြောတော့ အငယ်ဖြစ်သူလေးကပါ အားကျမခံ။
                          ‘’ အီး ဟီးဟီး… သမီးလည်း ဖေကြီးကိုအရမ်းသတိရတယ်။ သမီးတို့ ဖေကြီးကို အရမ်းချစ်တယ်နော်။ ဟီးဟီး”
                          ကလေးတွေမို့လား ဟန်ဆောင်ခြင်းမရှိ၊ပတ်ဝန်းကျင်လည်း ဂရုမပြုကြ၊ အင်တာနက်ဆိုင် ကို ကိုယ့်အိမ်ယာ လိုပင် သဘောထားကာ အသံထွက် ငိုရင်းနဲ့ပင် အဖေဖြစ်သူထံမှ ကျူရှင်လခ ပို့ပေးဖို့ ပြောဆိုနေတဲ့ သူတို့စကားသံတွေဟာ ကျွန်တော် တင်မက ၊ တခြားသော ဆိုင်ထဲရှိလူတွေ အားလုံးကို အာရုံစိုက် နားစွင့် ရင်း တစုံတရာ ခံစားမိ ကြမှာ အမှန်ပါပဲ။ ကျွန်တော့်ဘ၀ ရဲ့နေ့စဉ်ဖြတ်သန်းမူတွေဟာ လူသားတွေ ရဲ့လူမူပြသာနာအားလုံးနဲ့ အတူ ဆက်စပ်နေပါတယ်။ သူတို့ပျော်ရွင်ရင် ကျွန်တော်ကိုယ်ကျွန်တော် ကျေနပ်တယ်။ သူတို့ငိုရင် ကျွန်တော်လည်း စိတ်ထိခိုက်တယ်။ ဒါကြောင့်  သူ့တို့ရဲ့ အသံတွေကိုလည်း ကျွန်တော် အမြဲ စိတ်ဝင်တစား နားစွင့်နေမိပါတယ် ။ ကျွန်တော်က သူတို့ပြသာနာတွေကို ကူညီဖြေရှင်းနိုင်သူ မဟုတ်လို့
သူတို့ကတော့ ကျွန်တော့်ကို စိတ်မ၀င်စားကြပါဘူး။ ကျွန်တော်ကတော့ သူတို့တွေရဲ့ ဘ၀အမောပြသာနာတွေ ခံစားမူတွေကို မိုင်ထောင်ချီ ဝေးကွာနေတဲ့ သူတွေနဲ့ စိတ်ချင်း ၊စကားလုံးချင်း၊ နှလုံးသားချင်း ဖလှယ်ခွင့်ရ စေအောင် တဖက်တလှမ်းက ကူညီနိုင်သူ အဖြစ် ကိုယ့်ကိုကိုယ်ကျေနပ်မိတာ အမှန်ပဲ။
                     ဒါပေမယ့်လည်း လေ အသည်းကွဲသွားတဲ့ မိန်းကလေး၊ အဖေနဲ့ဝေးနေတဲ့ ကလေးနှစ်ယောက် တို့ရဲ့အသံတွေကို ကြားရတော့ ကိုယ်လည်းဘာမှမလုပ်ပေးနိုင်တော့ စိတ်တော့ အတော် မချမ်းသာဘူး။ အင်းလေ…ဘယ်တတ်နိုင်မလဲ။ ဘယ်သူမဆို ကိုယ့်ဒုက္ခနဲ့ကိုယ် ၊ တောင်မင်းမြောက်မင်း မကယ်နိုင်ဆိုသိလို ပြသာနာကိုယ်စီ ရှိတတ်ကြတာပါပဲဗျာ။ ကျွန်တော်ဆိုရင် လည်း ………………..။
                    ဟောဗျာ ပြောရင်းဆိုရင်း မီးပျက်သွားပြန်ပြီ ။မကြာခင် မီးစက်သံ တဒုန်းဒုန်းကြားရရင်း  သက်ပြင်းချကာ ကျွန်တော် ခဏနားလိုက် အုန်းမယ် ဗျာ။           ။
                                                                     (Beauty Magazine . September 2012)

5 comments:

  1. ကူးကူးလှိုင်October 3, 2012 at 10:28 AM

    လက်တွေ့ဘ၀တွေကို သရုပ်ဖော်ထားတာ ကောင်းတယ်ညီမလေးရေ...

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ်ရှင်

      Delete
  2. အမကောင်းတယ်...ညီမကိုယ်တိုင်လည်းအဲလိုပါပဲ... ဟီးးးး.. :D

    ReplyDelete
    Replies
    1. ကျေးဇူးပါ ညီမလေးရေ

      Delete
  3. အမအရမ်းကောင်းတယ်သိလား........ညီမအမြဲဝင်ဖတ်ပါတယ်နော်.... :D

    u r fr Moe Thae Ko Ko

    ReplyDelete