ရေကြည်သော်လည်း မြက်မနုရာ-၆
ဒီနေ့တော့
ကျွန်မတို့ဆီကို နောက်ထပ် မြန်မာယောက်ျားလေး အသစ်တစ်ယောက် ရောက်လာလို့ အန်တီ ရှယ်လီ့
အခန်းမှာ အမှတ်တရ တွေ့ဆုံပွဲလေး လုပ်ဖြစ်ကြတယ်။ ကျွန်မတို့ အဆောင်က
မြန်မာတွေအားလုံးဆုံပြီး သူ့ကို ကြိုဆိုချိန် မှာ ကျွန်မတို့နဲ့
စက်ရုံချင်းမတူပေမဲ့၊ ပိုင်ရှင်သူဌေးကြီးရဲ့ ရှယ်ယာတွေ အများကြီးပါတဲ့ နောက်ထပ်
စက်ရုံတစ်ရုံမှာ အလုပ်လုပ်တဲ့ မြန်မာ အစ်ကို တွေပါ လာကြတယ်။ အဲ့ဒီအစ်ကိုတွေက
ကျွန်မတို့နဲ့ တစ်ဆောင်တည်း အတူတူနေတာဖြစ်ပြီး အလုပ်ချင်းတော့ မတူကြပါဘူး။
ဒါကြောင့် အလုပ်သွား၊ အလုပ်ပြန်ချိန်တောင် မျက်နှာချင်းဆိုင် နှုတ်ဆက်ဖို့
ခက်ခဲလှတဲ့ သူတို့တွေကို ဒီနေ့ လူသစ် ရောက်ချိန်မှာ ထမင်း အတူတူစားဖို့ အန်တီရှယ်လီက ဖိတ်လိုက်တာပါ။
လူသစ်က ယောကျာ်းလေးမို့ သူတို့နဲ့ အဖော်လည်း ရအောင်၊ အကူအညီလည်းရအောင် တစ်နည်းအားဖြင့်
သူတို့ဆီမှာ တပည့်ခံစရာရှိရင်လည်း ခံရင်း လိုအပ်တာတွေသင်ယူဖို့ တစ်ခါတည်း
မိတ်ဆက်ပေး လိုက်ခြင်း ဆိုလည်း မမှားဘူးပေါ့။
လူသစ်လေး နာမည်က
ကျော်ဇင်အောင်တဲ့ ၊ ခဏတွင်းမှာပဲ သူ့ကို အင်္ဂလိပ် နာမည်တစ်ခုပေးဖို့ စဉ်းစား လိုက်ကြတာ၊
ကျော်ဇင်အောင်ကနေ ကယ်ဗင် ဖြစ်သွားတယ်။ ဘာမှတော့ မဆိုင်ပေမဲ့၊ တရုတ်၊ အင်ဒိုနီးရှားနဲ့ ဖစ်လပင်း တွေများ တဲ့
ဒီနိုင်ငံမှာ ကျွန်မတို့တွေ အားလုံး နာမည်ရင်းတွေ မေ့ထားပြီး ခေါ်ရ၊ မှတ်ရလွယ်မယ့် နာမည်သစ်တွေ ချက်ချင်း
ကင်ပွန်း တပ် ရ တာ ထုံးစံတစ်ခုပဲလေ။ ကျွန်မနဲ့ ကယ်ဗင်က အသက်အတူတူမို့ သူသာ
မိန်းကလေး ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ၊ သက်ရွယ်တူ သူငယ်ချင်းမရှိတဲ့ ကျွန်မအတွက်
အဖော်ရမှာ လို့ စိတ်ကူးယဉ်မိသေးတယ်။ သူကို အန်တီရှယ်လီက သူဌေးနဲ့ မဆုံရ သေး လို့
ဘယ်ဌာနမှာ အလုပ်လုပ်ရမှန်း သေချာမသိသေးပေမဲ့ ၊ ကျရာနေရာမှာ သက်ဆိုင်ရာအလုပ်တွေကို
တာဝန်ကျေအောင် လုပ်ဖို့ ၊ ကျွန်မတုန်းက လိုပဲ မှာတမ်းတွေ မရပ်မနား ချွေနေတယ်။ ပြီးတော့ ကယ်ဗင်ကိုလည်း
ကျွန်မတို့အလုပ်လုပ်နေတဲ့ သူဌေး မကြီးပိုင် အထည်ချုပ် စက်ရုံအပြင် ၊ သူတို့ ရှယ်ယာ
အများဆုံးထည့်ဝင်ထားတဲ့ စက်ရုံနဲ့လည်း မိတ်ဆက်ပေးတော့ အဲ့ဒီ ကောင်လေးက
မျက်စိသူငယ်၊ နားသူငယ်နဲ့ နားထောင်နေတယ်။ ပြီးတော့မှ
“ ကျွန်တော်က နိုင်ငံခြားထွက်ရမယ်ဆိုလို့ လာလုပ်တာ။ စက်ချုပ်တာတွေလည်း
မလေ့လာဖူးသလို၊ စက် အကြောင်းလည်း တကယ် လုံးဝ မသိဘူး အန်တီ၊ ဒါကြောင့် အစ်ကိုတို့လုပ်တဲ့ ပိတ်စက်ရုံမှာပဲ
အလုပ်တစ်နေရာရဖို့ ပြောပေး ပါလား” လို့ ဆိုတယ်။ သူက အဲ့ဒီလိုပြောတော့ အန်တီရှယ်လီက
ပြုံးရင်းဆိုတယ်။
“နင့်ကို ဒီမှာအလုပ်လုပ်ဖို့ ခေါ်ကတည်းက လွတ်နေတဲ့ နေရာတစ်နေရာ အတွက် ခေါ်တာလေ။
ဘာလုပ်ချင် တယ် ၊ ညာလုပ်ချင်တယ် ဆိုပြီး တောင်းဆိုလို့ ရတာမျိုးမှမဟုတ်တာ၊ ငါတို့အခုလုပ်နေတဲ့
သူတို့ပိုင် အထည်ချုပ်မှာပဲ ဖြစ်ဖြစ်၊ သူတို့ ရှယ်ယာ တွေပါတဲ့ ပိတ်စက်ရုံမှာပဲ
ဖြစ်ဖြစ် ခိုင်းသမျှ လုပ်ရမှာပဲ။ ဘာမှ တွေးပြီး ပူမနေနဲ့၊ ဒီကို လာတာ ဘယ်သူမှ အထည်
ချုပ် စက်ရုံ လုပ်ဖူးတဲ့ အတွေ့အကြုံ ရှိတာမဟုတ်ဘူး။ အားလုံးအတူတူပဲ ။ ဒီလိုပဲ
စခဲ့ကြတာပဲ။ ဒါနဲ့ မိတ်ဆက် ပေးရဦးမယ်။ သူ့နာမည်က ပီတာတဲ့၊ သူ့နာမည်က ဇိုး ။
သူတို့က အပေါ်ထပ်မှာ နေတယ်။ ပီတာနဲ့ နင့်အခန်းက တစ်ခန်းကျော်ပဲမို့၊ လိုအပ်တာ ရှိရင်
သူတို့ကို ပြောလို့ရတယ်။ သူကတော့
ချယ်ရီတဲ့၊ ဒီကိုရောက်လာတာ ဘာမှ
မကြာသေးဘူး၊ သူလည်း လူသစ်ပဲ “
အန်တီက ပြောရင်းနဲ့ လူတွေအားလုံးနဲ့ မိတ်ဆက်ပေးလိုက်တယ်။ ကိုဇိုးရော
ကိုပီတာရော ရုပ်ရည်ချောမောပြီး သဘောကောင်းပုံရတာကို ကျွန်မ သတိပြုမိချိန်၊ အသားပိုဖြူတဲ့ ကိုဇိုးက
“မြန်မာ လူမျိုး အသစ်တစ်ယောက် ရောက်လာရင် ကျွန်တော်ကတော့အလုပ်လုပ်ရတဲ့
နေရာမတူတောင် အဆောင် မှာ နေတဲ့ လူတွေထဲ ကျွန်တော်တို့ဘက်က အင်အား နည်းနည်း ပိုတောင့်လာတယ်လို့
ခံစားရတယ်၊ ဘာပဲ ဖြစ်ဖြစ် လိုတာရှိရင် လည်း ပြောပေါ့” အားလုံးကို ခြုံကြည့်ရင်း
ပြောလိုက်တဲ့ သူ့စကားမှာ ကျွန်မတို့ လူသစ်နှစ်ယောက်ကို နွေးနွေးထွေးထွေး
ကြိုဆိုမှန်း သိသာလှလို့ ၀မ်းသာသွားမိတယ်။
သူ့က သူ့ကိုယ်သူ ဇိုးရီးရပ်(zodiac) ဆိုတဲ့ နာမည် အဆန်း လေး
ပေးထားတာကြောင့် အားလုံးကလည်း သူ့ကို
ကိုဇိုး လို့ပဲ အဖျားဆွတ်ခေါ်ကြတယ်တဲ့။ ကိုဇိုးနဲ့ ကိုပီတာ က ကျွန်မထက် လုပ်သက်
သုံးနှစ်လောက် ကြီးပြီး၊ လက်ထောက် မန်နေဂျာ ရာထူး နဲ့ စက်ရုံမှာ တာဝန်ယူရတဲ့
ပိုင်းတွေလည်း များတာကြောင့် သူကြုံတွေ့ခဲ့ရတဲ့ ပိတ်စက်ရုံမှ တစ်ပတ် စာ
ပြဿနာတွေကို အန်တီ ရှယ်လီတို့ နဲ့ အပြန်အလှန်ညှိနှိုင်း ပြောနေကြတယ်။
သူတို့နှစ်ယောက်က စက်ရုံချင်း တူပေမဲ့၊ ဌာနချင်းမတူတာမို့ သူတို့ဆီက ကြားရတဲ့ ပြဿာနာတွေ
ကလည်း အထူးအဆန်းတွေချည်းပါပဲ။ နဂိုတည်းကမှ စက်ချုပ် မကျွမ်း ကျင်သေးလို့ ယက်ကန်
ယက်ကန်နဲ့ ကြိုးစား ရပ်တည် နေရတဲ့ ကျွန်မနဲ့ ဒီနေ့မှ အင်ဒိုမြေကို ခြေချခဲ့တဲ့
ကယ်ဗင် တို့နှစ်ယောက် ကတော့ သူတို့ပြော သမျှတွေ နားထောင်ရင်း အဆင့်ဆင့် ရှုပ်ထွေးပွေလီလှတဲ့
ဒီ အထည်ချုပ်( textile) လောကထဲ ဦးတည်မိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ချင်သလို
ဖြစ်လာတော့တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ နေ့စဉ်ချုပ်နေတဲ့ အထည်တွေ မှာ နိုင်ငံခြားက
input (သွင်းကုန်) ပိတ်စ တွေကလွဲလို့ ၊ ပိတ်တွေ ဇာတွေ သုံးချင်လို့် အော်ဒါမှာရင် ကိုပီတာတို့ ပိတ်စက်ရုံမှ အများဆုံးပဲ တဲ့ ။
ဒါကြောင့် ဒီစက်ရုံနှစ်ခုရဲ့ နေ့စဉ်အလုပ်တွေက အမြဲလိုဆက်စပ် ပတ်သတ်နေတာချည်းပါပဲ
။ ကိုပီတာတို့ စက်ရုံကလည်း ကျွန်မ တို့ သူဌေးက ရှယ်ယာငွေ အများဆုံး ထည့်ထားတာမို့
၊ ကျွန်မတို့ စက်ရုံက ပိတ်ဝယ်တိုင်း ပိတ်စအများစုမှာ ကိုပီတာတို့စက်ရုံမှ မှာပြီး
ကျွန်မတို့ စက်ရုံမှာ ချုပ်ရပါသတဲ့။ ဒါကြောင့် အန်တီရှယ်လီတို့ဘက်က ပိတ်စနဲ့
ပတ်သတ်ပြီး အပြစ်တင် ချင်တာမျိုးရှိရင် ကိုယ့်အချင်းချင်းမို့ မျက်နှာ
နာရမှာဖြစ်ပြီး ၊ ကိုပီတာတို့ဘက်ကျတော့လည်း တခြားစက်ရုံမှာ ချုပ်ဖို့လက်မခံတဲ့
ပိတ်စတွေကို အထက်လူကြီးအမိန့်နဲ့ ကိုယ့်စက်ရုံဖြစ်တဲ့ အန်တီရှယ်လီတို့ဆီကိုပဲ
ကြားညပ်ပြီးပို့သတဲ့။ ဒီတော့ သူတို့ အဖြစ် အပျက် တွေကို နားထောင်ရင်းနဲ့ အလုပ်သင်ဘဝ
မှာသာရှိသေးတဲ့ ကျွန်မအတွက် ကြားရုံနဲ့တင် ပြဿနာပေါင်း တစ်သိန်း တစ်သောင်း လောက်အာရုံထဲ
ချက်ချင်း ပြေး မြင်သွားပါတယ်။
ဒီကြားထဲမှာ ထမင်းစားရင်း ကျွန်မနဲ တစ်ဌာနထဲ ဖြစ်တဲ့ စန္ဒီနဲ့
ရိုစီတို့ကလည်း အလုပ်ထဲမှာ ဖစ်လပင်းတချို့ လူလည်ကျ ပြီး အလုပ်ခိုတဲ့ အကြောင်းတွေ
ပြောနေသေးတယ်။ ကျွန်မသိပြီးသားကိစ္စဖြစ်တဲ့ နေ့စဉ် အလုပ်များသည် ဖြစ်စေ၊ နည်းသည်ဖြစ်စေ
ဒီဇိုင်နာ အဖွားကြီး ပြန်ချင်တဲ့ အချိန်မှ သူတို့ ပြန်ရတာဖြစ်ပြီး၊ တခြား ဖစ်လပင်း
တွေကတော့ လခလည်း ပိုများလျက်နဲ့ ၊ တခြား
ပတ်ကင်ကိစ္စတွေဘာတွေကို ကူလေ့မရှိပဲ ညနေငါးနာရီ လောက် အိမ်ပြန်ပြီး နှပ်နေတဲ့
အကြောင်း တွေ ကို အန်တီရှယ်လီကို ပြောပြနေကြတာပေါ့။ ပြီးတော့ ကွန်ပြူတာထဲ ၀င်လာတဲ့ အီးမေလ်တွေကို မဒေလီက
သေချာမဖတ်ပဲ ၊ ပစ္စည်းပို့ရမဲ့ ၀ယ်သူ့လိပ်စာကို မှားပြောလို့ နမူနာပစ္စည်းတွေ
ဝယ်သူ့ဆီမရောက်ပဲ လမ်းမှာ ပျောက်သွားတဲ့ အကြောင်းတွေ လည်း ပါတယ်။ ထမင်းစားပြီးချိန် အထိ သူ့အလုပ် ကိုယ့်အလုပ် ဆွေးနွေး ပြောနေ တာတွေက
ကျွန်မအတွက်တော့ ပညာရ စရာ တွေလည်း ပါသလို၊ စိတ်ညစ်စရာတွေလည်းပါတာပေါ့။
ညနေစောင်းတော့ ကိုပီတာတို့နဲ့အတူ ကျွန်မတို့အားလုံး ပိတ်စတွေ အကြောင်း လေ့လာဖို့
သူတို့စက်ရုံကို ရောက်ခဲ့ကြပါတယ်။ သူတို့ စက်ရုံကိုလည်း ကျွန်မတို့အဆောင်နဲ့
နီးတာမို့ လမ်းလျှောက် ပြီးသွားလို့ ရပါတယ်။ သူတို့စက်ရုံဝင်းကကျွန်မတို့ စက်ရုံ
ထက်ပိုကြီးပြီး၊ ခြံဝန်းထဲဝင်လိုက်တာနဲ့ စက်လည်သံ တညံညံကို ကြား နေ ရသလို၊ မီးခိုးငွေ့တလူလူတက်နေတဲ့ ခေါင်းတိုင်အမြင့်တွေကိုလည်း
မြင်ရတယ်။ စက်ရုံထဲမှာ ရုံးပိတ်ရက်မို့ အိုဗာတိုင် ဆင်းတဲ့သူတချို့နဲ့
စက်ရုံစောင့် လုံခြုံရေးတွေပဲ ရှိတယ်။ သူတို့နှစ်ယောက်မှာ ကိုပီတာက ပိတ်တွေကို
အရောင်ဆေး ဆိုးတဲ့ ဘက်က ဖြစ်ပြီး၊ ကိုဇိုး ကတော့ ပိတ်စ တစ်ခုကို ယက်လုပ်ရာကနေ
နောက်ဆုံးအချောသပ်တဲ့ အထိ လုပ်ရတဲ့ အဆင့်တွေမှာ ကြီးကြပ်ရသူ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ လုပ်ငန်းတာဝန်တွေကို နားထောင်ပြီးတဲ့ အခါ ကိုဇိုးရဲ့
အလုပ်တွေက ကိုပီတာလို ပိတ်တွေ အရောင် ဆေးဆိုးတဲ့ နေရာမှာပဲ မဟုတ်လို့ ပိုပြီး တာဝန်ယူ
မှုများမယ်လို့ ထင်ခဲ့ပေမဲ့၊ တကယ်တန်းတော့ ပိတ်တွေ အရောင် ဆေးဆိုးတဲ့ နေရာမှာလည်း
ပညာပါတာမို့ ကျွန်မတို့ ထင်သလောက်
ကိုပီတာအလုပ်တွေက မလွယ်ကူလှပါဘူး။ ကို ပီတာရော၊ ကိုဇိုးရော နှစ်ယောက်စလုံးက
စက်ရုံကို အတူတူရောက်ကြတာဖြစ်ပြီး၊
ဒေစီနဲ့စန္ဒီတို့လို ရာထူးရော၊ လစာရော အတူတူ ဖြစ်မလား လို့ ကျွန်မစပ်စုချင်နေပါတယ်။
သူတို့လက်အောက်မှာ နောက်ထပ် အင်ဒိုနီးရှား အလုပ်သမတွေ အများကြီး ရှိတာမို့ ၊
သုံးနှစ် အတွင်း ကြီးကြပ်သူ ရာထူးနေရာ ခိုင်ခိုင်မာမာနဲ့ အလုပ်လုပ်နိုင်တဲ့
သူတို့နှစ်ယောက်လုံးကို ကျွန်မ တကယ်ချီး ကျုး မိသွားတယ်။ ကိုပီတာ က ပိတ်စတွေ အရောင်ဆိုးဖို့ ဘာတွေဘယ်လို လုပ်ရသလဲဆိုတာနဲ့ ၊ လိုချင်တဲ့
အရောင်ရဖို့ အဲ့ဒီဆေးတွေတစ်ခုနဲ့ တစ်ခု
ဘယ်လိုစပ်ရမလဲ ဆိုတာပြောပြတယ်။ နောက်တော့ သူ့ရုံးခန်းထဲမှာပဲ လိုက်ကာအနီရောင်လေး တပ်ထားတဲ့ လူတကိုယ် စာ သာ
ဝင်နိုင်မဲ့ အခန်းကျဉ်း ကျဉ်းလေးထဲ ၀င်လိုက်ပြီဆိုရင်ပဲ မှောင်မည်းနေတဲ့ အခန်းလေး တစ်ခုကို
တွေ့ရတယ်။ အဲ့ဒီထဲမှာ မီးချောင်း အဖြူ နဲ့ အ၀ါရောင်ကို တပ်ထားတယ်။ ကိုပီတာက ပိတ်စ
အညိုရောင် နှစ်စကိုယူလာပြီး ကျွန်မတို့ကိုပါ အခန်းထဲဝင် စေကာ အဖြူမီးချောင်း
လေးဖွင့်ပြီး ပိတ်စကိုကပ်ကြည့်ခိုင်းလိုက်၊ ပီးချောင်း အ၀ါရောင်လေးဖွင့်ပြီး
ပိတ်စကို ကပ်ကြည့်ခိုင်း လိုက်နဲ့ ပြီးတော့ ဘာထူးခြားလဲ လို့ မေးလာပါတယ်။
ကျွန်မအမြင် မှာတော့ ပိတ်စနှစ်စလုံးကို အညိုရောင်တွေကိုပဲ တွေ့ရတာမို့ ဘာမှ မထူးဘူးလို့
ဖြေမိတဲ့အခါ၊ ကယ်ဗင်ကလည်း အားကျမခံ ကျွန်တော်လည်း အတူတူပဲတဲ့။ ဒီတော့မှ ကိုပီတာက
ပိတ်စတစ်ခု က အညိုရောင် ရင့်ရင့် ဖြစ်ပြီး၊ နောက်တစ်စမှာတော့ အ၀ါရောင်နည်းနည်း
ရောနေလို့ အညိုရောင်အဖျော့ဖြစ်နေတာ မှန်မမှန် ဒီလိုအမှောင်ခန်းမှာ
မီးချောင်းနှစ်ရောင်နဲ့ စစ်ဆေး ကြည့်တဲ့ အကြောင်း ရှင်းလင်းပြောပြတယ်။
ကိုပီတာပြီးတော့ ကိုဇိုးကပါ သူ့ရုံးခန်းရှိရာ စက်ရုံဘေးဘက်သို့
ကျွန်မတို့အားလုံးကို ဦးဆောင်ခေါ်လာပါတယ်။ သူ့ရုံးခန်းရဲ့ မနီး မဝေးမှာတော့
စက်အကြီးကြီးတွေ အမျိုးစုံလင်အောင်ရှိတယ်။ အဲ့ဒီထဲမှာ စက်နဲ့ ယက္ကန်းးယက်ရတဲ့
စက်ကြီး တွေရှိသလို၊ ဖုန်ခါတဲ့စက်၊
ပိတ်စအရှည်ကြီးတွေ ဆန့်ခင်း ဖြန့်ရတဲ့ စက်၊ နောက်ပြီး အ၀တ်လျှော်စက် အကြီးကြီးတွေ အပြင်
နောက်ဆုံးအဆင့်ဖြစ်တဲ့၊ လျော်ပြီးသား ပိတ်စအရှည်ကြီးတွေကို ပေါင်မုန့်မီးကင်စက်အကြီးကြီးလို
စက်ကြီးထဲထည့်ပြီး အခြောက် လှမ်းရတဲ့ စက်တွေဖြစ်ပါတယ်။ အဲ့ဒီစက်ကြီးတွေကို
တစ်ခါမှမမြင်ဖူးတဲ့ ကျွန်မတို့တွေအတွက်တော့ အထူး အဆန်း ဖြစ်လို့နေ ပါတယ်။ အခြောက်လှန်းတဲ့
စက်အဖုံးပြင်ကြီးပေါ်ကခလုတ်တွေကို လက်ကလေးနဲ့တို့ထိတာနဲ့ စက်ကြီး အတွင်း ပိုင်း ဘယ်လောက်
ပူမလဲ ဆိုတာ တွေးကြည့် သိနိုင်တယ်။
“
အန်တီရှယ်လီ ၊ ဒီမရောက်ခင် အန်တီပြောခဲ့တဲ့ ကျွန်တော်ကို သူဌေးက မီးပူတိုက်တဲ့
နေရာမှာ ထားမလို့ ဆိုတာ ဒီနေရာ မဟုတ်လား”
သူက ကျွန်မနဲ့ ကယ်ဗင်စပ်စုနေတဲ့ အဲ့ဒီ
ပိတ်အခြောက်ခံတဲ့စက်နားကနေ အန်တီရှယ်လီကို လှမ်းခေါ်လိုက်တယ်။
“ အဲ့ဒီတုန်းက
ကျွန်တော့် စိတ်ထဲမှာ မီးပူတိုက်ရမယ်ဆိုလို့ အလုပ်သမားတွေအားလုံး မီးပူလေးတွေ
ကိုယ်စီ ကိုင်ပြီး ပိတ်စတွေလိုက်တိုက်ရမယ်လို့ထင်နေခဲ့တာ၊ ဒီရောက်တော့မှ
ဘယ်ဟုတ်မလဲ နဲတဲ့စက်ကြီးတွေမဟုတ်ဘူး။ အဲ့ဒီစက်တွေကို ဘယ်လို ကိုင်ရမလဲ ဆိုတာ
အလုပ်သမားတွေဆီက သင်ပြီး ကျန်တဲ့ quality(အရည်အသွေး) နဲ့ quantity (အရည်အတွက်) တွေကိုတော့
ကိုယ့်အရည်အချင်းနဲ့ ကြိုးစားထိန်းချုပ်ရခဲ့ ရတာ”
စက်ရုံကနေပြန်ခါနီး အန်တီရှယ်လီက ကိုပီတာတို့ နှစ်ယောက်နဲ့အတူ ၀ယ်သူတချို့ရဲ့ ချုပ်လက်စ အထည်တွေရဲ့ ပိတ်စ တွေနဲ့
ပတ်သတ်ပြီး လိုအပ်တာတွေ ပြောနေသလို၊ ကျွန်မတို့ကိုလည်း ဘာသာစကားရော၊ ပိတ်စတွေနဲ့
ပတ်သတ်တဲ့ အတွေအကြုံ ဗဟုသုတတွေကိုပါ သိချင်တာရှိရင်
သူတို့နှစ်ယောက်ကို အားမနာစတမ်း ချက်ချင်းဆရာတင်မေးဖို့ မှာထား ပါတယ်။ သူတို့ကလည်း အချိန်မရွေး သိချင်တာမှန်သမျှ မေးဖို့နဲ့ သူတို့ဖြတ်သန်းဖူး
ခဲ့တဲ့ အလုပ်အတွေ့အကြုံတွေ အကြောင်း ကြုံရင် ကြုံသလို ပြောပြမယ်တဲ့။ ဒီလိုနဲ့
အဆောင်မှာရော ရုံးမှာပါ ကျွန်မလို အန်တီရှယ်လီမျက်နှာနဲ့ မဖြစ်မနေ စာမေးပွဲ အောင် ရမဲ့
ကယ်ဗင်ဆိုတဲ့ အလုပ်သင်ကျောင်းသား တစ်ယောက် တိုးလာခဲ့တယ်။ နောက်နေ့ ရုံးတက်တော့
ကျွန်မတို့စက်ရုံကို သူပါ အတူ ပါလာတယ်။ အန်တီရှယ်လီက သူ့ကို သူဌေးမကြီးနဲ့
မိတ်ဆက်ပေးပြီး နည်းနည်းပါးပါး အင်တာဗျုးပြီးတဲ့အခါ ထုတ်လုပ်မှု ဌာန (production) ရဲ့
အနောက်ဘက်အကျဆုံးအခန်းလေးထဲမှာ မက်ကဲနစ် (ခေါ်) စက်ပြင်ဆရာတချို့နဲ့
အတူထားခဲ့ပါတယ်။ အန်တီ ရှယ်လီက ဒီနိုင်ငံမှာဆိုရင် ကျွန်မတို့အားလုံးရဲ့
အုပ်ထိန်းသူတစ်ဦးလို ဖြစ်နေပေမယ် အလုပ်နဲ့ ပတ်သတ်ရင်တော့ သိပ်ပြီး အဆက်စပ်
မရှိလှပါဘူး။ ဘာလို့လဲဆိုတော့ နမူနာအခန်းက
ကျွန်မတို့မြန်မာအားလုံး ကယ်ဗင်အပါအ၀င် သူဌေးမကြီးရဲ့ အုပ်ချုပ် မှုနဲ့ စက်ရုံ(၁)
မှာ အလုပ်လုပ်ရတဲ့ ၀န်ထမ်းတွေဖြစ်ပြီး အန်တီရှယ်လီကတော့ စက်ရုံ(၂) ကို
အုပ်ချုပ်ရတဲ့ စက်ရုံ မန်နေဂျာချုပ်ကြီးပါ။ စက်ရုံတစ်ရော၊နှစ်ရောက
ဝင်းတစ်ဝင်းထဲမှာပဲ အတူရှိတဲ့ သီးခြား အဆောက်အဦးတွေမို့ သူ စိတ်ကူး ပေါက်လို့
ကျွန်မတို့ အလုပ်သင်နေတာကို လာကြည့်ချင်ရင် သူ့အလုပ်တွေကို ခဏပစ်ထားပြီး
ရုံးချိန်မှာပဲ လာကြည့်လို့ ရမှာပါ။ ဒါကြောင့် သူက ကျွန်မတို့ နေ့စဉ်ဘာတွေ
သင်ကြားလေ့လာနေတယ်ဆိုတာ ကျွန်မရဲ့ဆရာမကြီးဖြစ်တဲ့ ဆွန်းကို ပဲဖြစ်ဖြစ်၊
မစန္ဒီတို့ကိုပဲ ဖြစ်ဖြစ် မမေးပဲ နဲ့ မသိနိုင်ပါဘူး။
ဒါပေမဲ့ အရာရာမှာ စည်းစနစ်ကျလှတဲ့ အန်တီရှယ်လီက ကျွန်မတို့ဘာတွေသင်နေတယ်၊
ဘာတွေ လုပ်နေတယ်။ ဘယ်အခြေအနေထိ ရောက်နေပြီလဲဆိုတာတွေကို အလုပ်တွေ မအားတဲ့ကြားကပဲ
အမြဲလေ့လာနေပါတယ်။ ကျွန်မလည်း သူ မေး တဲ့အခါ၊
ကျွန်မနဲ့ ပတ်သတ်ပြီးဆွန်းတို့ဆီမှ မှတ်ချက်ကောင်းကောင်းလေးရအောင် ကြိုးစားပေမဲ့၊
အခက်အခဲတွေရှိစမြဲပေါ့။ တစ်ရက်တော့ သူဖုန်းဆက်ခေါ်လို့ အဆောင်က သူ့အခန်းမှာ
တွေ့ရင်း စကားပြောဖြစ်တဲ့အခါ၊ အလုပ်သင်တာ တစ်ပတ ကျော်လောက် ရှိနေပြီ ဖြစ်တဲ့
ကယ်ဗင်အကြောင်းကိုလည်း ကြားရပါတယ်။
“ ချယ်ရီ အခု အလုပ်အခြေအနေဘယ်လို ရှိပြီလဲ။ ဘယာစီယာတစ်ထည်လုံးချုပ်တတ်တဲ့
အထိကြိုးစားရမှာနော်၊ ဘောင်းဘီပဲ ချုပ်တတ်နေလို့ မရဘူး”
“ ဟုတ်ကဲ့ အန်တီ၊ သမီး အခုဘောင်းဘီတော့ ကောင်းကောင်းချုပ်တတ်ပါပြီ။
ဘရာစီယာတော့ မရသေးဘူး။ အခု လည်း ထုတ်လုပ်မှု ပိုင်းက အထည်တွေ ကူနေပါတယ်”
“ ဆွန်းဒါလိ ကတော့ ပြောပါတယ်။ ချယ်ရီက နမူနာတွေမကိုင်သေးပေမဲ့၊
ထုတ်လုပ်မှုပိုင်းက အထည်တွေတော့ ကောင်းကောင်းချုပ်နေပြီလို့။ တို့အခုစိတ်ညစ်နေတာ။
ကယ်ဗင်တစ်ယောက်ကို စက်ပြင်တာသင်ခိုင်းတာ အခု ထိ ကောင်း ကောင်းမလုပ်ဘူး။ သူ့ဆရာကို
မေးတော့ သူ့ကိုလည်း အခြေခံအဖြစ် စက်ချုပ်တာတော့ နည်းနည်း သင်ရဦး မတဲ့။ ဒီကောင်က
ချုပ်ချင်ပါ့မလား မသိဘူး။ ”
သူချုပ်မယ်ဆိုရင်
ထုတ်လုပ်မှုအခန်း (Production)ထဲမှာ ချုပ်ရမှာမို့…
“ အန်တီကလဲ၊ သူက အင်ဒို ခေါင်းပေါင်းမလေးတွေ
အများကြီးကြားထဲ အတူထိုင်ပြီး ချုပ်ချင်ပါ့မလား။ သမီးတော့ မပြောတတ်ဘူး။
မချုပ်ချင်ဘူးထင်တာပဲ”
ကျွန်မ ဇက်လေးပုရင်း ပြုံးပြီး ပြောလိုက်မိတယ်။
(ဆက်လက်ဖော်ပြပါမည်)
စုသဲမွန်
The Ladies’ New Journal Aug 25-31-2012
No comments:
Post a Comment