Thursday, October 18, 2012

ဖဦးထုပ် နှင့် ရွှေဖိနပ်များ


 ဖဦးထုပ် နှင့် ရွှေဖိနပ်များ    

         
                သူ့နာမည်ရင်းက နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ နာမည်။ ဒါပေမဲ့ အင်ဒိုနီးရှားက ဒီ အထည် ချုပ်စက်ရုံမှာ လုပ် သူတိုင်း အင်ဒိုတွေခေါ်ရလွယ်တဲ့ နာမည်တစ်ခုခုမပေးမဖြစ်မို့ သူက twilight ဇာတ်ကားကမင်းသားကို သဘောကျလို့ထင်ရဲ့။ သူ့ကိုယ်သူ ရောဘတ် တဲ့။ ဒါပေမဲ့် သူ့ကိုချိုတို့ အားလုံးက ထောပတ်လို့ပဲ ခေါ်ကြတယ်။ ချို့နဲ့ဘိုဘိုထွန်းဆို နာမည်ပေးဖို့ကို သူ့လို ထွေလီကာလီ မစဉ်းစားပဲ အင်ဒိုတွေ ခေါ်လို့လွယ်မယ့်ဟာပဲပေးလိုက်တာ။ ချိုချိုနဲ့ဘိုဘိုလို့ပဲလေ။ နောက်ထပ် ချို့သူငယ်ချင်း ရွှေစင်ကတော့ ရောဘတ် လို အင်္ဂလိပ်နာမည်နဲ့..  ကက်သရင်းဆိုတော့ သူ့ကိုလည်း ကြက်သဟင်း လို့ပဲ စနောက်ပြီး ခေါ်ကြတယ်။ ကြက်သဟင်းဆိုတာ တချို့ နယ်ဘက်တွေမှာ “ဒန့်သလွန်ရွက်”ကို ခေါ်တာပါ။ ချို့တို့အချင်းချင်း စနောက်ခေါ်တဲ့ အဲ့ဒီနာမည်ပြောင်တွေကို တခြားသူတွေပါ လိုက်ခေါ် ကြ ပေမယ့် သူတို့က စိတ်ဆိုးပုံမရပါဘူး။ ချိုတို့တွေက ဒီရောက်မှ  စသိကြပေမယ့် ငယ်ပေါင်း ကြီးဖော် မောင်နှမတွေလို ခင်ကြတာပါ။
                 ချိုနဲ့ ကြက်သဟင်းက မိန်းမဖော်ချင်းမို့ တစ်တွဲတွဲ ပေမယ့် ထောပတ်နဲ့ဘိုဘိုကတော့ type သိပ်မတူကြတဲ့ မတည့် အတူ နေတွေပါ။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ ချစ်စရာတစ်ကွက်က လူတိုင်းကို လှိုက်လှိုက်လှဲလှဲ ကူညီတတ်တာ ပါပဲ။ စက်ရုံ ကို ချိုကအရင်ဆုံးရောက်ပြီး ဖစ်လပင်း(ဖ်ီလစ်ပိုင်သူ) တစ်ယောက်နဲ့အတူ တစ်ခန်းထဲ နေရတယ်။ အတူနေတယ်ဆို တာ အိပ်ခန်း တစ်ခန်းစီနဲ့  မီးဖိုခန်း၊ ဧည့်ခန်းနဲ့ ရေချိုးအိမ်သာတို့ကိုသာ အတူတူတွဲသုံးကြရတာပါ။ ဒီလိုပဲ နောက်ရောက် လာတဲ့ ကြက်သဟင်းလည်း ဘိုဘို တို့ ဌာနးက ဖစ်လပင်းမတစ်ယောက်နဲ့ တစ်ခန်းတည်း အတူနေရတယ်။   ကျန်တဲ့ ရာထူး ကြီး မြန်မာနဲ့ ဖစ်လပင်းတွေအပြင် ယောကျာ်းလေးတွေ အားလုံးကတော့ တစ်ယောက်တစ်ခန်းစီ သီးသန့်နေခွင့်ရကြပါတယ်။
ထောပတ်နဲ့ဘိုဘိုက တစ်ခန်းစီဆိုပေမယ့်  အဖော်မရှိရင်မနေတတ်တဲ့ ဘိုဘိုတစ်ယောက်  ရုံးဆင်းတာနဲ့တန်းပြီး ထောပတ် အခန်း ကို ရောက်သွားတော့ တာပဲ။              
                     “ဘာကောင်လည်းမသိဘူးကွာ၊ ပြန်လည်းမပြန်။ အတူတူအိပ်ဆိုလည်း မအိပ်ပဲ  ဘေးနား ငုတ်တုတ်ကြီး ထိုင်ပြီး  ငါ စာဖတ်နေ တာကို စကားတွေ လာလာများနေတာ ။ ကြာရင် ဒီကောင်ကို ငါ ဆွဲထိုးမိ တော့မှာပဲ။“
            “နင်ကလည်းဟယ်၊ သည်းခံလိုက်ပါ။ နင်မရောက်ခင်ကဆို သူ့မှာပေါင်းစရာ ရွယ်တုယောက်ျားလေး ရှိတာမှမဟုတ်တာ´
                 “ငါကလည်း ခင်ပါတယ်။ ဒါပေမဲ့ ဒီကောင့်အကျင့်က အလုပ်ကပြန်လာတာနဲ့ ငါ့အခန်းထဲလာပြီး သူ့ဝန်ထမ်းတွေ  အကြောင်း လာလာပြောတာ။ တစ်ပတ် ခြောက် ရက် မကဘူး။ တစ်ရက်တစ်လေဆို တော်သေးတယ်။ ခုတော့ တစ်နေ့တစ်နေ့  ဒီ ဓာတ်ပြား ဟောင်းကြီးပဲလာလာဖွင့်နေ ရင်  ကြာရင် ငါ တော့မလွယ်ဘူး။ တစ်ခုခု ဆုံးဖြတ်မှ ဖြစ်တော့မယ် ”
          ဒီလိုပြောပြီး မကြာခင် တနင်္ဂနွေတစ်မနက်မှာ ချို့အခန်းရှေ့လာအော်နေတဲ့အသံကြောင့် ရုတ်တရက် လန့်နိုးသွားခဲ့ပါတယ်။
               “ဒေါက်..ဒေါက်၊ ဟဲ့..အခန်းတစ်က အကျဉ်းသား။ မထသေးဘူးလား။ ဒီမှာထောင်ဝင်စာ လာတွေ့တယ်။ ထတော့ “
               ချိုတို့ အဆောင်က စက်ရုံဝန်းကြီးထဲမှာမို့ ရှားရှားပါးပါးရတဲ့ တနင်္ဂနွေပိတ်ရက်ကလေးတောင် အပြင်မသွားဖြစ်ကြပဲ အနီးနား ဈေး လောက်ပဲ သွားပြီး ချက်ပြုတ်ကြ၊ တစ်ပတ်စာရုံးဝတ်စုံတွေ လျှော်ဖွတ်မီးပူတိုက်ပြီး အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ အချိန်ကုန် တတ်တာမို့ ထောပတ်က ထောင်ကျနေသလိုပဲလို့ ခဏခဏ ပြောတတ်တာပါ။ အခုလည်း တံခါးဖွင့်ကြည့်တော့ ငပိကြော်တစ်ပန်းကန်နဲ့ ထောပတ်..။
              “ဘာအော်နေတာလဲ။ သူများအိပ်ကောင်းတုန်း။ နင့်အသံပြဲကြီးနဲ့ ငါ့အခန်းဖော်ပါ နိုးတော့မှာပဲ။ နင်အားမနာတတ်တဲ့ကောင်´
          “အောင်မလေး သူ့တို့အလှည့်ကျ သိပ်ကြီးကျယ်တာဘဲ၊ ဒီမှာ.. ငါမနေ့ညက  ဟိုကောင့် အခန်း ပြောင်းနေပြီ။ သိလား။ အဲ့ဒါ ငါ့ငပိကြော်ထုပ်တွေ ဖောက်လို့လာပေးတာ။“
             သူ့စကားကြားတော့ အမှားအမှန်မဆုံးဖြတ်ဖြစ်ပဲ ရုတ်တရက် ချို အံ့သြမင်သက်မိတာအမှန်ပါပဲ။ တစ်ခန်းစီရှိလျက်နဲ့၊ အခန်း ပေါင်းနေတာက အမြဲတန်းမကောင်းနိုင်ဘူးဆိုတာ သူ့သိအောင် ဘယ်လို ပြောရပါ့မလဲ။ ပြီးတော့ အခန့်မသင့်လို့ တစ်ခုခု ပြဿနာ ဖြစ်ရင် ဖစ်လပင်းတွေကြားမှာ မြန်မာတွေ အချင်းချင်းမတည့်ဘူးလို့ ချို တို့အားလုံး အရှက်ကွဲမယ်ဆိုတဲ့ စိုးရိမ်စိတ်လည်း ချက်ချင်ဲး ဖြစ် သွားပါ တယ်။ ဒါပေမဲ့ တကယ်တန်းက ချိုထင်သလို မဖြစ်ပါဘူး။ ဖစ်လပင်းတွေမှာသာ  ခရစ်ဆိုတဲ့မိန်းမက အွန်လိုင်းကနေ နောက် ရည်းစား ထားလို့ သူ့ အချစ်တော်ယောက်ျားလျာ ဖစ်လပင်းမ နဲ့ပြဿနာဖြစ်ပြီး အော်ကြီးဟစ်ကျယ် ရန်ဖြစ်သတ်ပုတ်ကြတာတွေ ရှိဖူးပေမယ့် ချိုတို့တွေကြားမှာတော့ စကားရည်လု နောက်ပြောင်၊ ခဏတဖြုတ် စိတ်ကောက်တာ ကလွဲလို့ တခြားပြဿနာ အကြီးအမား မရှိပါဘူး။
                                                                    +++
တနင်္ဂနွေရုံးပိတ်ရက် ဆိုရင်တော့ ရုံးကကားနဲ့ ဒရိုင်ဘာ ခေါ်ပြီး တစ်ပတ်စာအတွက် ၀ယ်ခြမ်းဖို့ အဆောင်နဲ့ မနီးမဝေး ဈေးကို ချို တို့ သွားလေ့ရှိကြတယ်။  အဲ့ဒီဈေးကအဆောင်ကနေ လမ်းလျှောက်သွားဖို့ အဆင်မပြေတော့ ရုံးကားနဲ့ ဒရိုင်ဘာကို အကူအညီ တောင်း ရတာပါ။ ဈေးအသွားအပြန်နဲ့ ဈေးဝယ်တုန်း စောင့်ရချိန်တွေအတွက် ဒရိုင်ဘာကို မြန်မာငွေ ၃၅၀၀၊ ၄၀၀၀ လောက် ပေးလေ့ရှိ ပါတယ်။ အင်ဒိုနီးရှားရူပီနဲ့ဆို သုံးသောင်းခွဲလောက်ပေါ့ ။ ချိုတို့ သူငယ်ချင်း လေးယောက် တည်း ဈေးသွားတဲ့အခါ တစ်ယောက်ကို တစ်သောင်း ပေး၊ ငါးထောင်ပေး စုပေးလို့ရပေမယ့် ချိုတို့က `ဖဦးထုပ်´လို့ ခေါ်တဲ့ ဖစ်လပင်းတွေပါ အတူလိုက်တဲ့ အခါမျိုးဆိုရင်တော့ ချိုတို့ စိတ် အနှောင့်အယှက် ဖြစ်ကြရတယ်။ ဒရိုင်ဘာကို ဖုန်းနဲ့လှမ်းခေါ်တာက ချိုတို့ဖြစ်ပြီး ဈေးမှာအချိန်ဆွဲပြီး ၀ယ်တာက သူတို့ ဖဦးထုပ် အုပ်စု ဖြစ်နေလို့ပါ။ ဈေးကို ကားကြုံလိုက်ချင်တာအပြစ် မပြောပေမယ့် အများနဲ့သွားရာမှာတောင် ကိုယ့်ကားနဲ့ စိတ်ကြိုက်သွား သလို အရမ်း အချိန်ယူ တတ်တဲ့ သူတို့တွေကို အားနာ စိတ်နဲ့ အမြဲနား လည်ပေးခဲ့ ပေမယ့် သူတို့ပါရင် အိမ်က ထွက်ကတည်းက အဲ့ဒီနေ့ နောက်ကျ နေတတ်ပြီ ။ မနက် ရှစ်နာရီလောက် ဈေးသွား ဖို့ချိန်းပေမယ့် သူတို့ကို စောင့်နေရတာနဲ့ပဲ  ရှစ်နာရီခွဲ ကိုးနာရီ် ဈေးသိမ်း ချိန်လောက်မှ  ထွက်ဖြစ် ကြရတာပါ။ ကပ်စီးနဲတဲ့နေရာမှာ ပြိုင်စံရှားတဲ့သူတို့တွေက ဈေးသိမ်းချိန်မှာ အသီးအရွက် အကျန်တွေကို ဈေးပေါပေါနဲ့ သိမ်း ကျုံးဝယ်ရတာကို သဘောကျ လို့ထင်ပါရဲ့။ နီးနီးနားနားခရီးတိုလေးမို့ မြို့ထဲလောက်လည်း ပိုက်ဆံမပေးနိုင်တာမို့ ဒရိုင်ဘာကိုမျက်နှာပူပူနဲ့ ကားခပေးကြစို့ ဆိုရင် ထောပတ်နဲ့ဘိုဘိုတို့ကသာ လက်လွယ်ကြစမြဲပါ။ သူတို့ကတော့မဆိုင်သလိုနဲ့ တကယ် မသိကျိုးကျွံ နေမြဲပေါ့။
                      တစ်ပတ်စာလောက် ဈေးဝယ် ကြတာခြင်းအတူတူ၊ လိုအပ်တာဝယ်ပြီး မနက်စာ (breakfast) ပါ ဈေးထဲက ဆိုင်မှာ စားပြီးတောင် သူတို့ ဖဦးထုပ်တွေကို ကားထဲမှာ ထပ်စောင့်ရတာလည်း  ချိုတို့အုပ်စုပဲ ။ အဆောင်ရောက်လို့ ဒရိုင်ဘာကို ကားခ ပေးတိုင်း တစ်ယောက်နည်းနည်းစီ လိုက်ကောက် ရလောက်အောင်လည်း မများလှတာမို့ အလိုက်သတိ နားလည်စွာ ထည့်ဝင်မှု မရှိတတ် တဲ့ သူတို့လူမျိုးတွေအပါ် ချိုတို့ကလည်းသိပ် တွက်ကပ်မနေချင်ပါဘူး။ ဒါပေမယ့် သူတို့တွေဟာ ချိုတို့ထက် ပိုပြီး အတွေ့အကြုံ ရှိသူတွေမို့၊ ဒီစက်ရုံ မှာ ဖစ်လပင်းတွေက မြန်မာတွေနဲ့ ရာထူးချင်းမကွာရင်တောင် ရတဲ့ လခတော့ ကွာခြားလွန်း လှပါတယ်။ ချိုတို့မြန်မာနိုင်ငံမှာ  အထည်ချုပ်စက်ရုံ တွေက တခြားအာရှနိုင်ငံတွေထက် များစွာနောက်ကျနေတာကို ဒီကို ရောက်တော့မှ ချိုပိုမို သိနားလည်ခဲ့ရတာပါ။ ချို တို့ လူမျိုးတွေ အားလုံးက ဘယ်လောက်ပဲ စက်ချုပ်တတ်တတ်၊ ဘယ်လောက်ပဲ အထည်ချုပ်လုပ်ငန်း အတွေ့အကြုံရှိရှိ  Maidenform , Marks & spencer, Warnaco တို့လို နာမည်ကြီး တံဆိပ်တွေနဲ့ ပတ်သတ်ဖုူးတဲ့ အတွေ့အကြုံကျ တကယ့်သုည လောက်သာ ရှိတာမို့ ဖစ်လပင်းတွေရဲ့ လခနဲ့ယှဉ်ရင် ကွာခြားနေ တာဖြစ်ပါတယ်။ ဒါပေမဲ့ ချိုတို့မြန်မာလူမျိုးတွေရဲ့ အင်ဒိုအလုပ်သမားတွေနဲ့ စက်ရုံပေါ်မှာ ထားရှိတဲ့ စိတ်ထား နဲ့ စေတနာ ကတော့ဖဦးထုပ်တွေ့ရဲ့ ၀တ္တရားကျေ သဘောထားနဲ့ တကယ့် ဆီနဲ့ရေလို ကွာခြားလှပါတယ်။
                      တစ်ရက်တော့ ချိုတို့လေးယောက် စက်ရုံအပြင်ဘက်မှာ ရောင်းတဲ့ ‘’ဂါတိုဂါတို”လို့ အင်ဒိုလို ခေါ်တဲ့ ကန်စွန်းရွက်ကို မြေပဲ၊ ဂေါ်ဖီ ငရုတ်သီးအနှစ်တို့နဲ့ ရောမွေသုတ်ထားတဲ့ အသုတ်စုံစားပြီး အပြန် ဘိုဘို့အလုပ်ရုံက ကောင်လေးနဲ့ လမ်းမှာတွေ့ပါတယ်။ ဘိုဘိုကို လည်း ရိုရိုသေသေ နှူတ်ဆက်စကားပြောသွားတဲ့ ကောင်လေးကိုကြည့်ပြီး ကြက်သဟင်းက..
                      “သူအခု နေ့စားကနေ ပုံမှန်ပါမစ်နန့်ဝန်ထမ်း ဖြစ်သွားပြီဆို။ ငါတို့ဘက်မှာ အဲဒီလို ၀န်ထမ်းကို နေ့စားကနေ လစားအဖြစ် ပြောင်းရင် အထက်ကို ပြောရတာအတော် လက်ဝင်တာ ။ နင်ရော တော်တော် ဖိုက်လိုက်ရလား။ “
                      “ အင်းဆိုပါတော့။ မစ္စလူစီက အမုန်းမခံချင်တော့ ငါတစ်ယောက်တည်းပဲ တာဝန်ယူပြီး သူ့ကိုတင်ပေးလိုက်တယ်။ သူက အလုပ်လည်း တော်ပါတယ်။ နောက်ပြီး သူ့မိန်းမက မနေ့တစ်နေ့ကမှ ကလေးမွေးတာဆိုတော့၊ ငွေ လိုမှာပဲ ။ သူလည်း အလုပ်ထဲ  ပိုပြီး စိတ် ၀င်စား အောင် သူဌေးဆီ ငါဝင်ပြီး သူ့အတွက် ပြောပေးလိုက်တာ။ ဘာဖြစ်လို့လဲ။ “
        “သူတော်တာကို ငါသိပါတယ်။ သူ့အလုပ်က ငါ့ဆီလည်း လာနေရတာပဲလေ။ ဒါပေမယ့် မစ္စလူစီနဲ့ ငါကတစ်ခန်းတည်း နေတာဆိုတော့ မနေ့တုန်းက သူအဲ့ဒီ ဖဦးထုတ်မကို လက်ဆောင်ပေးတယ် ဆိုတာ ငါကို ပြောပြလို့ သိရတာ။ အခန်းထဲမှာမစ္စလူစီက အဲ့ဒီ အင်ဒိုပါတိတ် ဖဲပုဝါလေး ဖြန့်ဖြန့်ကြည့်နေတာ မြင်တော့ ငါလည်း လှလို့ သွားစပ်စုကြည့်လို့ သိရတာ။ နင့်ကလေးက နင်လုပ်ပေးတာ တောင် သိရဲ့လားမသိဘူး။ နင်ကိုလည်း ဘာမှမပေးဘူးလား။”
                      ဘိုဘိုကပြုံးလျှက် ..
                      “သိတော့ သိမှာပါဟာ။ ဟိုလကတည်းက ခိုသံပါအောင်ငြီးလွန်းလို့ ၊ မင်းအလုပ်သာ ကောင်းအောင်လုပ်၊ ပို့စ်(ရာထူး) အတွက် ငါ့တာဝန်ထားလို့ ပြောပြီးသားပါ။”
                      “ဟယ် ဒါဆို နင့်ကလေးက ကျေးဇူးမသိတတ်တာပဲ။ ကြည့်ပါဦး၊ မစ္စလူစီက ဘာတွေလုပ်ပေးလို့ လက်ဆောင်ပေးပြီး မျက်နှာလုပ်ရတာလဲ။ တကယ်ကို နားမလည်တော့ဘူး ”
                      ကြက်သဟင်းရဲ့မကျေမနပ်ပြောသံမှာ ချိုကတော့ ဘာမှတ်ချက်မှထပ်မပေးဖြစ်သေးခင် ထောပတ်က ၀င်ပြီး ..
                  “လူ ဆိုတာဒီလိုပဲပေါ့ဟ။ တကယ်လို့ နင့်လက်ထဲမှာ ပစ္စည်းတစ်ခုပဲရှိပြီး နင့်မှာ သဘောကောင်းတဲ့ အရာရှိနဲ့ သဘော မကောင်းတဲ့ အရာရှိ နှစ်ယောက်ရှိရင် နင်ဘယ်သူ့ကိုပေးမလဲ”                 
                  ချိုရော ကြက်သဟင်းပါ သံပြိုင်ထွက်မိတာက..
                  “ သဘောကောင်းတဲ့သူကိုပဲ ပေါ့။ ဘာလို့ ငါကသဘောမကောင်းသူကို ပေးရမှာလဲ”
                 “ ဒါက နင်တို့ခေါင်းထဲက ပေါ်လာတဲ့အတွေးနဲ့ ရုတ်တရက် ဆုံးဖြတ်တာကိုး။ တကယ့်လက်တွေ့မှာတော့ ဘယ်သူမဆို ကိုယ့် အတွက် တစ်ခုခုပေးရင် တစ်ခုခု ပြန်ရချင်တဲ့ သူတွေကြီးပဲ၊ မရချင်ဘူးလို့ ပြောရင် အဲ့ဒါညာတာပဲ။ သဘောကောင်းတဲ့ သူက လက်ဆောင် ပေးပေး၊ မပေးပေး သူ့သဘောထားကတော့ နင်တို့အပေါ် ပြောင်းလဲမှာမဟုတ်ဘူး။ အေး၊ သဘောမကောင်းတဲ့သူကတော့ လက်ဆောင် ရတာနဲ့ နင့်တို့အပေါ် ဆက်ဆံရေးက အကောင်း ဘက်ပြောင်းလဲ သွား နိုင်တယ်လေ ကွာ။ ဒါကြောင့် ဒီကောင်လေး ဆုံးဖြတ်တာ မှန်တယ်လို့ ငါကတော့ထင်တယ်။ နောက်ဆို အလုပ်ထဲ မှာ မစ္စလူစီက သူ့အပေါ် အရင်ကထက် ပိုအကောင်းမြင်လာတာ နင်တို့ တွေ့ရလိမ့်မယ်“
                  ထောပတ်စကားကို မကျေနပ်လှပေမယ့် ချိုတို့အားလုံး အထွန့်မတက်ဖြစ်ကြပါ။ သူလည်း ဘိုဘိုလိုဟာမျိုးဘဲလေ။ ဆိုးတာ လေးတွေ ရှိပေမယ့် သူများအတွက်ဆို အနစ်နာခံကူညီရာမှာတော့ ဘယ်ဘ၀က ပါရမီ ထူးတွေ ပါလာလည်း မပြော တတ်တော့ဘူး။ မနေ့တစ်နေ့ကပဲ မြန်မာတွေအားလုံးမုန့်ဟင်းခါး ချက်စာရင်းဆုံကြတော့ ရာထူးကြီးတဲ့ အစ်မတွေက သူ့ကို ပိုက်ဆံစုဖို့နဲ့ မလိုအပ်ပဲ ရုံး ကိစ္စ တွေမှာ ကိုယ့်ပိုက်ဆံကို သုံးဖို့မသင့်ကြောင်း ပြောဖူးတာကို ချို ပြန်အမှတ်ရ မိပါတယ်။ သူက အလုပ်သမားတွေ ပူတယ်ဆို မတ်တပ် ပန်ကာဝယ်ပေးရတာနဲ့ ၊ water dispenser (အပူရော အအေးရော ပြုလုပ်နိုင် သည့် သောက်ရေသန့်စက်) ၀ယ်ပေးရတာနဲ့ ၊ အလုပ်မပြီးလို့ သူ့ဖာသာ ညဉ့်နက်ထိ အလုပ်လုပ်ရသူကို အိုဗာတိုင်ကြေး မရလို့ သနားပြီး လမ်းစရိတ်ပေးလိုက်ရတာနဲ့.. ရတဲ့လခ နည်းနည်းလေး မှာ စားစရိတ်၊သုံးစရိတ် နုတ်လိုက်တိုင်း လစဉ်ငွေစုဖို့ ဘယ်တော့မှ မကျန်တဲ့သူပါ။ ဘိုဘိုနဲ့ထောပတ်ကို တခါတလေ ချိုတို့ ကိုယ်တိုင် လည်း  ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောဖြစ် ကြပါသေးတယ်။
                  “ ငါတို့လည်း လူတွေကို ကူညီကြတာပါပဲ၊ ဒါပေမယ့်လူတွေက အားနာရင်ခါးပါတတ်တယ်၊ သဘောကောင်း တဲ့သူ ဆိုရင် ဘယ် နေရာမှာပဲ ဖြစ်ဖြစ် အခွင့်အရေးယူချင်သူပေါတယ်။ ဒီလိုနိုင်ငံမှာဆို ပိုတောင်ဆိုးသေးတယ်။ ဒါကြောင့် ငါတို့ကတော့ ကူညီစရာ ရှိရင် ကူညီ လိုက်မယ်။ မလိမ့်တပတ် အခွင့်အရေးယူတာမျိုးတော့ လာမလုပ်နဲ့။ တာ့တာပဲ ။ သည်းညည်း ခံမှာမဟုတ် ဘူး။ “
                   အဲဒီတော့လည်း သူတို့နှစ်ယောက်က ချို့စကားကို လှောင်သလို ရယ်မောနေခဲ့သေးတယ်။ ချိုတို့ တတွေ အားလုံးကို စက်ရုံက နေစရာ စားစရာအပြင်၊ လိုအပ်တဲ့ ပရိဘောဂ ပစ္စည်းတချို့နဲ့ အသုံးအဆောင် တွေပါ ၀ယ်ပေးထားတာမို့ အဆောင်နေ ၀န်ထမ်းအားလုံးတွက် အဆင်ပြေလှပါတယ်။ တခြား ကိုယ်လိုချင်တဲ့ ဖိနပ်စင်၊ ပန်းကန်စင်၊အပြင် မီးပူ နှင့် မှန်တင်ခုံတွေကျ ကိုယ်ပိုင်ငွေနဲ့ ဖြည့်စွက်ဝယ်ရတာမျိုးမို့ တချို့ဝန်ထမ်းတွေကတော့ ကိုယ့်နိုင်ငံကိုယ် ပြန်တဲ့အခါ ဘာမှမသယ်နိုင်ပဲ ထားခဲ့ရတာမို့ ဘာပစ္စည်းမှ ထပ်မ၀ယ်တော့ပဲ စက်ရုံကပေးတဲ့ ခုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ ဗီရုံတစ်လုံး ၊ဂက်စ်မီးဖို တစ်ခု ၊ ပန်းကန် သုံးလေးချပ်နဲ့သာ နေထိုင်အသက်ရှင်ကြတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒီလူတွေထဲမှာ ချိုနဲ့အတူနေ မစ္စနီနာလည်း တစ်ယောက် အပါအ၀င်ပဲပေါ့။ သူရဲ့ နှုတ်ခမ်းမှာ အပြုံးတစ်ပွင့်ကို  အမြဲဆောင်ထားပြီး ညီအစ်မ ၀မ်းကွဲ၊ ရာထူးကြီးမန်နေဂျာ မစ္စတီနာ ရဲ့ထောက်ခံမုနဲ့ စက်ရုံကို ရောက်လာ တာမို့ ၊ အချိန်တိုလေးမှာ အစ်မရာထူးအရှိန်နဲ့ရော သူရဲ့ကြိုးစားမူ နဲ့ပါ အလုပ်တော်သူ တစ်ဦးအဖြစ် အသိအမှတ်ပြုခံရသူပါ။ သူကဟင်းချက်တော်ပြီး အသန့်အပြန့်လည်း ကြိုက်သူမို့ ချိုတို့ နှစ်ဦးပိုင် ဖြစ်တဲ့ ဧည့်ခန်း၊ အလယ်စင်္ကြံနဲ့ နောက်ဖေးအ၀တ်လှမ်းတဲ့ ခြံဝန်း တွေပါ ပိတ်ရက်ရောက်တိုင်း အငယ်ဖြစ်တဲ့ ချိုနဲ့ အလုအယက် ရှင်းစမြဲမို့ အခန်းဖော်ကောင်း အဖြစ် အသိမှတ်ပြုထားမိပါတယ်။ ဒါပေမယ့်လည်း သူရဲ့အားနည်းချက်ကတော့ ကပ်စေးနှဲ တာလား၊ နေနိုင်လွန်းတာလား ၊ တကယ်ပဲ အလိုက်ကန်းဆိုးမသိတာလား ဆိုတာ နားလည်ခက်လောက်အောင် ဆီ၊ဆား၊ ငရုတ်ကြက်သွန် တွေဝယ် လေ့မရှိပဲ ချို့ဆီက အလွယ်တကူ သုံးတာမျိုး၊ ရေချိုးခန်းနဲ့အိပ်သာဆေး ဆပ်ပြာရည် ၀ယ်ဖို့ လခနည်းတဲ့ ချိုတစ်ယောက် တည်း တာဝန်လို့ ထင်မြင်တတ်ပုံ၊ နောက်ပြီး  သူ့အိပ်ခန်းကလွဲလို့ အိမ်ရှေ့ခန်း၊ အလယ်စင်္ကြနဲ့ မီးဖိုချောင်မှ မီးလုံးများကျွမ်းတိုင်း သူ့မှာ တာဝန်မရှိသူလို တစ်ခန်းလုံး အမှောင်ချ ပြီး ခပ်တည်တည်နေတတ်ပုံကို မြင်တိုင်း ချိုတကယ်ကို ရင်ဘတ်ဖိ အံ့သြရတော့တယ်။
            ကြက်သဟင်းနဲ့ နှစ်ယောက်ဆုံလို့ ဟိုအကြောင်း၊ ဒီအကြာင်း ပြောရင်း သူ့အကြောင်း စကားစပ်မိတော့..
            “ ဟယ် နင်အဖြစ်ကလည်း မလွယ်ပါလား ချိုရာ။ နင်ပါးစပ်ပိတ်ပြီး အားနာမနေနဲ့ ပြောလိုက်ပါလား။ သူက ရရင်ရသလောက် ကပ် နေမှာပေါ့။ ငါ့အခန်းကဘွားတော်ကတော့ အဲ့လို ပြသာနာမရှိဘူး။ ဘာဝယ်ဝယ် သူကအမြဲတစ်ယောက် တစ်ဝက်ပဲဆိုတာ ပြောစရာ တောင်မလိုဘူး။ အင်း…သူက အသံနဲ့တော့နှိပ်စက်တယ်။  ဘေးခန်းက ဖဦးထုပ်တွေနဲ့ ကာရာအိုကေ ဟဲတာတော့ ဘာ ခံရသလဲ မမေးနဲ့“
           ကြက်သဟင်းက ရှံ့မဲ့လို့ဆိုတော့ တစ်ယောက်တစ်မျိုး မရိုးတဲ့ဒုက္ခလို့ စဉ်းစားမိရင်းမှ သူပြောတဲ့ အသံနဲ့ နှိပ်စက် တယ်ဆိုတဲ့ အဖြစ် ကို သိပ်နားမလည်တဲ့ ချို့အတွက် ကြက်သဟင်းကို ကိုယ်ချင်းစာစေတဲ့ နေ့တစ်နေ့ကို အမှန် တကယ် ရောက်လာခဲ့ပါတယ်။ အဲ့ဒီနေ့က ချိုတို့ သူငယ်ချင်းလေးယောက် အမွေရတဲ့နေ့။ အစ်မလိုချစ်ရတဲ့ စီနီယာမြန်မာ အစ်မက အိမ်ထောင်ပြုဖို့ အလုပ်ထွက်ရမှာမို့ သူရဲ့ ပစ္စည်းတွေကို ချိုတို့လေးယောက်ကို မရောင်းပဲ အမှတ်တရ ခွဲဝေပေးခဲ့တာပါ။ ချိုက ၁၄လက်မ ရောင်စုံတီဗီလေးယူပြီး  ကြက်သဟင်းကတော့ တံခါးပေါက် တစ်ပေါက်တည်း (၀မ်းဒိုး) ရေခဲ သတ္တာ ပုပုလေး ကိုယူပါ တယ်။ ဟိုနှစ်ယောက်ကတော့ နဂိုတည်းက ဘာပစ္စည်းမှမမက်တဲ့အပြင် တီဗီနဲ့ ရေခဲသတ္တာ ၀ယ်ပြီးသား ဘိုဘိုဆီမှာ ပဲ နှစ်ယောက် ပေါင်းနေတာမို့ ချိုတို့မလိုချင်တဲ့လက်ကျန် တိုလီမိုလီ ပစ္စည်းအားလုံးကိုပဲ ယူသွားပါတယ်။ တီဗီစင်လေး ကိုတော့ ပိုင်ရှင် အစ်မရဲ့ အလုပ်က တပည့်မလေးက လာသယ်သွားလေရဲ့။
             “ဟဲ့ ဖြေးဖြေး ၊ ဖြေးဖြေး။ အောင်မလေး နင်တို့ကလည်း ယောက်ျားလေးတွေ ဖြစ်ပြီး ဒါလေးတောင် မနိုင်ဘူးလား။“
              ချို့အခန်းထဲကို သူတို့နှစ်ယောက် အကုအညီနဲ့ တီဗီသွင်းစဉ်မှာ ဧည့်ခန်းမှာထိုင်ပြီးစာဖတ်နေတဲ့ မစ္စနီနာကိုမြင်တော့ သူတို့ ခြေလှမ်း တွေ တုံ့သွားကြတယ်။
             “ တီဗီဝယ်လာတာလား ”
              အပြုံးနဲ့ နှုတ်ဆက်ရင်းမေးတဲ့ သူ့စကားကို ထောပတ်ကပြုံးပြီး ခပ်လွယ်လွယ် ခေါင်းညိတ်ပြရင်း ချိုကို..
               “ တီဗီကို နင် ဘယ်မှာထားမှာလဲ။ နင့်အိပ်ခန်းထဲမှာလား။ အပြင်မှာလား။ အိပ်ခန်းထဲ ဆိုရင်တော့ တီဗီစင်လည်း မရှိသေးတော့ နင့် စာရေးစားပွဲပေါ် တင်ထားရမှာ။ နင်ပြန်လာလို့ အလုပ်ပါလာရင် စားပွဲသုံးဖို့ အဆင်ပြေမှာ မဟုတ်ဘူး။”
               အပြင်မှာပဲ ထားလိုက်ပါဟာ။ နင့်အခန်းဘက်မှာပဲ ဆက်တီစားပွဲယူပြီး တင်ထားလိုက်။ ဟိုတစ်ယောက်လည်း ဧည့်ခန်းမှာ ထိုင် ရင်းနဲ့ ကြည့်လို့ရတာပေါ့။ မဟုတ်ဘူးလား။”
              ချိုရဲ့တွေဝေမှုကို ဘိုဘိုက အဆုံးအဖြတ်ပေးလာတော့ အားလုံးကလည်း ထောက်ခံကြတာမို့ မစ္စနီနာကို ကြည့်ချင်တဲ့ အချိန် တီဗီ ဖွင့်ကြည့်ပါလို့ ချိုအပါအ၀င် သူငယ်ချင်းအားလုံးက ဖိတ်ခေါ်လိုက်ကြတယ်။ ချို့စိတ်ထဲမှာလည်း “ငါပိုင်ပစ္စည်းမှ မဟုတ်တာ၊ အစ်မပေး လို့ ရတာပဲ၊ သူလည်း ကြည့်ပါစေ ”လို့ မျှမျှတတပဲ တွေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရုံးပြန်ရောက်တိုင်း မစ္စနီနာနဲ့ စကားထိုင် ပြောရင်း တီဗီကြည့်တဲ့ ညတွေ ရှိခဲ့ဖူးပါပေမဲ့ တကယ်တမ်း အိပ်ချိန်ရောက်တဲ့ အထိ မအိပ်ပဲ ဇွဲကြီးလွန်းတဲ့ သူ့ရဲ့တီဗီ ၀ါသနာကြီး မှုကြောင့် ချို့မှာ အိပ်ပျက်ညတွေ မထင်မှတ်ပဲ များလာခဲ့တယ်။ တီဗီပိုင်ရှင်အဖြစ်နဲ့ သူငယ်ချင်းတွေက ကိုယ့်အခန်းကပ်လျက် ဧည့်ခန်းနံရံမှာ နေရာချခဲ့ တာကြောင့်လည်း တီဗီထဲကအသံတွေနဲ့ရောထွေးပြီး သူရဲ့ သဘောကျရယ်မော သံတွေရဲ့ အနှောင့်အယှက် ပေးမှုကနေ ဘယ်လိုမှ ပြေး မလွတ်တော့တာ အမှန်ပါပဲ။ စနေနေ့ညတိုင်း လာနေကျ ဘောလုံးပွဲကို မိန်းကလေးဖြစ်ပြီး အားရပါးရ အားပေးတတ်တဲ့ သူ့လက်ခုပ်သံနှင့် အော်ဟစ်သံတွေကို ခေါင်းအုံးနဲ့ နားနှစ်ဖက် ကို ပိတ်ထားတောင် ၊ နားစည်ထဲထိုးဖောက် ၀င်ရောက်တာမို့ ဒီတစ်ခါလည်း ချိုစေတနာတွက် `ဘယ်သူမပြု မိမိမှု´လို့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်ရပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေကို ဒီအကြောင်း ပြောပြတော့လည်း  ချို့အဖြစ်ကို ကိုယ်ချင်းစာကြပေမယ့် တီဗီကို ချို့အခန်းထဲသွင်းဖို့ကို ဘယ်သူမှ သဘောမတူကြပါဘူး။ တကယ်တော့ အမှန်တိုင်းဝန်ခံရရင် သူတို့သဘောတူလို့ တီဗီကို ချို့အခန်းထဲ သွင်းလိုက်ပါပြီတဲ့ ။ အလုပ်ကပြန်လာတိုင်း ရေချိုးအ၀တ်လဲပြီးတာနဲ့ တီဗီရှေ့ မှာ ထမင်းစားရင်း ဖြစ်စေ၊ မုန့်စား ရင်းဖြစ်စေ အချိန်ကုန်တတ်တဲ့ မစ္စနီနာမျက်နှာကို ကြည့်ဖို့ ချို့မှာတကယ်သတ္တိမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်လို့မရလို့ တီဗီ အသံနည်းနည်း တိုးပေးပါ ဆိုတာမျိုး ပိုင်ရှင်ဖြစ်တဲ့ချိုကပဲ ပြန်တောင်းပန်ပြီး  အိပ်ပျက်ညတချို့ ကိုခဲယဉ်း စွာ ကျော်ဖြတ်ခဲ့ရ ပါတော့တယ်။
                                                               +++
                ကြက်သဟင်းနဲ့ အတူသွားခဲ့တဲ့ ဘောရောဘူရူ ဘုရားဖူးသုံးညအိပ်ခရီးက ပင်ပန်းပေမယ့် ပျော်စရာ ကောင်းလှပါတယ်။ တစ်ခါမှမရောက်ဖူးတဲ့ နေရာ ဖြစ်တာရော၊ တချိန်က ဗုဒ္ဒဘာသာ ထွန်းကားတဲ့ အထောက်အထားအဖြစ် ဘောရောဘူရူ စေတီကြီးကို ဖူးခွင့် ရတော့ ဘာကို လွမ်းမှန်းမသိ လွမ်းလိုက်မိသေးတယ်။ တစ်ခေါက်ဖူး တာနဲ့ အားမရပဲ နောက် အခွင့်ရရင်ထပ် ဖူး ဖို့ နှစ်ယောက်သား တိုင်ပင်လာကြရုံတင်မကပဲ ၊ စိတ်ကူးနဲ့တောင် ခရီးတွေ ထပ်ထွက် လိုက်သေး တယ်။  
                “ပျော်စရာကြီးနော် သူငယ်ချင်း၊ ပိုက်ဆံစုထား။ နောက်တစ်ခါ ရုံးပိတ်ရက်ရှိရင် ငါတို့ ပါဒန်ဘက် လစ်ကြမယ်။ အဲ့ဒီမှာ တောင်တွေ သိပ်လှတာပဲတဲ့။ ရေပူစမ်းတွေလည်း ရှိတယ်။”
              “အေး သွားကြမယ်။ ငါတို့ ဒီမှာ အကြာကြီးအလုပ်လုပ်ပြီးမှ ဘယ်မှမရောက်ပဲ မြန်မာပြည် ပြန်ရရင်တော့  မဟုတ်သေးပါဘူး”
               စကားပြောရင်းနှင့် စက်ရုံဝန်းထဲသို့ ကားဝင်လာပြီး အဆောင်ဘက်သို့ ကွေ့လိုက်မှန်းတောင် မသိလိုက်ကြပါဘူးး။ အဆောင် ရှေ့ရောက်မှ အပြင်ထွက်ဖို့ဟန် ပြင်နေတဲ့  ဟိုနှစ်ယောက်ကို တွေ့လို့ လှမ်းခေါ်လိုက်ရပါတယ်။
               “ ဟဲ့ နင်တို့ ဘယ်သွားမလို့လဲ”
               “ ထမင်းသွားစားမလို့ ”
               “ ငါတို့ အိတ်ကလေးတွေ အထဲကို သယ်ပေးပါလား သူငယ်ချင်းရယ်။ လိမ္မာပါတယ်”
                သူတို့နှစ်ယောက်ကို လေပြေလေးနဲ့ ချော့ခိုင်းနေကျမို့ ကားပေါ်မှာ ပါလာတဲ့ အထုပ်တွေအားလုံးကို သူတို့သယ်ပြီး  ချို့အခန်း ထဲကို အားလုံး စုံပြုံ ထည့်လိုက်ကြပါတယ်။
                “ကြက်သဟင်း၊ နင့်အိတ်တွေကို ငါတို့ ထမင်းစားပြန်လာမှ နင့်အခန်းကိုတင်ပေးမယ်။ ခု ချိုချို အခန်း ထဲမှာပဲ ခဏထားလိုက်ဦး“
                သူတို့ အထုပ်တွေချပြီး ကြက်သဟင်းနဲ့ စကားပြောနေတာကို အာရုံမစိုက်နိုင်ပဲ အခန်းတစ်ခုလုံး မှောင်မည်းနေတာမို့ ၊ ဧည့်ခန်း နှင့် စကြံလမ်းမီးတွေကို ဖွင့်ပေမယ့် မလင်းလာပဲ အခန်းတစ်ခုလုံး မှောင်မည်းနေတာကို အံ့သြနေမိပါတယ်။
                  “ ဟယ် မီးခလုတ်တွေကလည်း ဘာဖြစ်တာလဲမသိဘူး။ ဖွင့်တာ တစ်ခုမှလည်းဖွင့်လို့ မရဘူး။ တကယ် အံ့သြသွားပြီ ၊ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကမှ ငါ ဖစ်လစ် မီးသီးတွေ လဲထားတာ”
                 မီးခလုတ်တွေ ဖွင့်လိုက်ပိတ်လိုက်နဲ့ ချိုတစ်ယောက်တည်း အော်ဟစ်နေသံကြားတော့ ထောပတ်နဲ့ဘိုဘို မျက်နှာ ခပ်ပျက်ပျက်နဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။
                 “ အဲ့ဒါ နင့် မီးလုံးတွေလား”
                 “ ငါ့မီးလုံး မဟုတ်လို့ ဘယ်သူ့မီးလုံးဖြစ်ရမှာလဲ။ ဒီအခန်းမှာ လူနှစ်ယောက် နေပေမယ့် သူ့အိပ်ခန်းကလွဲလို့ ကျန်တဲ့ ရှိသမျှ မီးလုံးတွေ အားလုံး ငါပဲတပ်ထားတာ။ မီးလုံးကျွမ်းရင်လည်း ငါပဲ လဲထားတာဟေ့ ။သိပြီလား။”
                  “ ဟုတ်လား။ ငါတို့က မသိပါဘူး ချိုချိုရာ ဒီလိုဟ။ နင်လည်းခရီးထွက်သွားရော မစ္စနီနာလည်း ဒီအခန်းမှာ မနေချင်လို့လား မနေရဲလို့လား မသိဘူး။ သူ့အစ်မ အခန်းမှာချည်းပဲ ။ ခုတောင် ဒီမှာမရှိတာ ကြည့်ပါလား။ ဒါနဲ့ ဟိုနေ့က အဆောင် ရှေ့မှာ ငါတို့ ကြက်တောင် ရိုက်နေတော့ သူကလှမ်းခေါ်ပြီး အကူအညီတောင်းတယ်။ သူ့အစ်မအခန်းမှာ မီးသီးတွေ ကျွမ်းနေလို့ ဒီအခန်း က မီးသီးနှစ်လုံးနဲ့ လဲတပ်ချင်လို့ သူ့ကို ဖြုတ်ပေးပါတဲ့။ ငါတို့လည်း သူ့ထက်အရပ်ရှည်ပေမယ့် မမီတော့  စားပွဲနဲ့ ခုံရှည်ဆင့် ပြီး ဖြုတ် ပေးလိုက်ပါတယ်။ ပြီးတော့မှ ဟောင်းလောင်းပေါက်ကြီး မထားချင်တာနဲ့  သူခိုင်းသလိုပဲ မီးသီး အကျွမ်းတွေ ပြန်ထည့်ခဲ့ကြတာ “
                      မျက်နှာငယ်လေးနဲ့ ရှင်းပြနေတဲ့ ထောပတ်စကားက ကျွန်မလုံးဝမမျှော်လင့်တဲ့စကားမို့ ရုတ်တရက် ဘာပြန်ပြောရမှန်း မသိပဲ ကြက်သေ သေနေမိပါတယ်။
                      “အောင်မလေး ကောင်းလိုက်တာ၊ ကောင်းလိုက်တာ။ သုံးရက်ထဲ ခရီးထွက်လိုက်မိပါတယ်။ ငါ့ သူငယ်ချင်း အခန်းက မီးလုံးနှစ်လုံးပြောင်သွားတာပဲ ။ တစ်လလောက်များဆိုရင်တော့ ဒုက္ခပဲ ။”
                   ကြက်သဟင်းက မဲ့ရွဲ့ က ပြောလာတော့  လည်း သူတို့ နှစ်ယောက်မခံနိုင်ဘူး။
                      “ ဟ မသိလို့ပေါ့ကွာ သိရင် ငါတို့က အဲ့လို လုပ်ပါ့မလား ။  
                      “ အေးလေ ၊ ငါတို့ကသူ အကူအညီတောင်းလို့ လုပ်ပေးရတာကို။  ဒီ မီးသီးတွေဖြုတ်ပြီးတော့လည်း ဟိုဘက်မှာ ပြန်တပ်ဖို့က ၊ အရပ်မမီလို့ လိုက်တပ်ပေးပါဦး ဆိုလို့ တောင် လိုက်တပ်ပေးရသေးတယ်။ ငါတို့က ဘယ်လိုလုပ် သိမှာလဲ ”
                        သူတို့နှစ်ယောက်ရဲ့တစ်ယောက် တစ်ပေါက်ပြောသံတွေ နားထောင်နေရင်းမှ သူငယ်ချင်းအခန်းက မီးလုံးကိုဖြုတ်ပြီး သူများအခန်းမှာ သွားတပ်ပေးရလောက်အောင် သဘောကောင်းလွန်နေတဲ့ ဒီနှစ်ကောင်ရဲ့ကျောတွေကို စိတ်ရှိ လက်ရှိ နဲ့ ထုရိုက် ပစ်ချင် ပါတော့တယ်။
                    “ ဒီမှာ ဒီမှာ နင်တို့ဘာမှပြောမနေနဲ့ ။ ငါ့သူငယ်ချင်း မီးလုံးတွေကို ပြန် ဖြုတ်ပြီး ဒီအခန်းကိုခုပြန်ယူလာခဲ့။ ဒါပဲ။ “
                     မဖြစ်နိုင်မှန်းသိပေမယ့် နေရာတကာ သဒ္ဒါလွန်ပြီး ကူညီချင်လွန်းတဲ့ သူတို့ကို အမြင်ကတ်ကတ်နဲ့ ကြက်သဟင်း စကားကို ဘာမှဝင်မပြောပဲ နှုတ်ဆိတ်နေလိုက်ပါတယ်။ ဒီတော့မှ ထောပတ်က
                      “ တကယ်တော့ နင့်မီးလုံးက သူ့တို့ဆီမှာ အခု တစ်လုံးတည်းဖြစ်သွားပြီဟ။  ပြန်လည်း တောင်းမနေပါနဲ့တော့ ငါပဲ ပြန်ဝယ် ပေးပါ့မယ်။ နောက်မီးလုံးတစ်လုံးကတော့ ငါ့မီးလုံး ။ သူတို့အခန်းက မီးခေါင်းက ချောင်နေတော့  မီးလုံးလဲရင်း ကျကွဲ သွားလို့ သူပစ္စည်းထင်ပြီး အားနာနာနဲ့  ပြန်ဝယ်ပေးထားတာ။ ဒါကြောင့် အလျော်ပေးရရင်တော့ ငါ တစ်လုံးစာပဲ ထပ်လျော်နိုင် တော့မယ်။ နော်..ချိုချို. ”
                မမျှော်လင့်ပဲ  ထပ်ပြီးကြားလိုက်ရပြန်တဲ့ ထောပတ်စကားကြောင့်ချိုရော၊ ကြက်သရင်းပါ ရုတ်တရက် မျက်ခုံး နှစ်ဖက်လုံး အထက်သို့ မြင့်တက်သွားမိတယ်။
                       “ ဘာ….”
                        “တကယ်လို့ မီးလုံးနှစ်လုံးဖိုး လျော်ရမယ်ဆိုရင်လည်း ငါ့လစာ လောက်မှာမဟုတ်တော့လို့ နင်တို့ပဲ ကျွေးမွေး ထားရမှာလေ။ ဒါကြောင့်  မထူးပါ ဘူးဟာ၊ တစ်လုံးဖိုးလည်း ယူမနေပါနဲ့တော့။.”
            ရူးသလိုပေါသလိုနဲ့ မျက်နှာချိုသွေးနေတဲ့ ထောပတ်ကို ကြည့်ပြီး ဘာမှပြန်မပြောချင်အောင် စိတ်ပျက်သွား တယ်။  ဒီ တစ်ညတော့ ဧည့်ခန်းမှာထိုင်နေရင် မွေးရပ်မြေက အလားတူညတွေကို ပြန်လွမ်းတမ်းတ နေရမှာမို့ တစ်ခု တည်းသော အလင်းရောင် ရှိရာ အိပ်ခန်းထဲပဲ အောင်းနေရတော့မှာပဲ။ အပေါ်ထပ် ဖဦးထုပ်မရဲ့အခန်းမှာ တပ်ထားတဲ့ ချို့မီးသီး အရောင် က လမ်းပေါ်ထိုးကျနေပါတယ်။
        သင်းတို့တစ်တွေက ဖဦးထုပ်ဆိုတဲ့အတိုင်း ခေါင်းပေါ်တက် တင်စီးသွားတာပါဘဲ လို့ စဉ်းစားမိလိုက်ပါရဲ့။ ဟိုနှစ်ကောင် ကတော့ မြန်မာဆိုတဲ့ အတိုင်း `ရွှေ´တော့ `ရွှေ´ပါဘဲ။ ဒါပေမဲ့ သူများနင်းလို့နင်းမှန်း မသိပဲ ဂုဏ်ယူနေ တဲ့ ရွှေဖိနပ်လေးတွေ နဲ့ တူ နေတယ်။  ဂုဏ်ယူမယ်ဆိုလည်း ယူထိုက်တဲ့ ရွှေဖိနပ်တွေကို ကြည့်ပြီး ချို ဒီတစ်ခါတော့ စိတ်ပျက်မိ ပါရဲ့။
အင်းလေ.. ချိုရော ကြက်သဟင်းပါ  `ရွှေဖိနပ်´တွေရဲ့ပိုင်ရှင်တော့ ဖြစ်မှာမဟုတ်ပါဘူး။  ချိုတို့ကလည်း စင်ဒရဲလားမှ မဟုတ်နိုင် ကြပဲကိုး..နော်။                                                                                                           
                                                 (ရနံ့သစ်မဂ္ဂဇင်း ၊ အောက်တိုဘာလ၊ ၂၀၁၂)
                                                                                                                                         (စုသဲမွန်)

3 comments:

  1. ကူးကူးလှိုင်October 22, 2012 at 10:56 AM

    ကိုယ့် တီဗွီနဲ့ကိုယ် ပြန်ပြီး စိတ်ညစ်နေရတဲ့ ညီမလေးအဖြစ်ကို မျက်စိထဲမြင်ယောင်မိတယ်

    ReplyDelete
  2. တကယ်ကောင်းတယ်ဗျာ
    ဖတ်တဲ့သူကို လွတ်ထွက်မသွားအောင် ဆွဲဆောင်နိုငလိုက်တာ

    ReplyDelete
  3. ကျေးဇူးအများကြီးတင်ပါတယ်ရှင်

    ReplyDelete